Sunday, August 30, 2020

ကမ္ဘာ့မြောက်ဖျားအငူ North Cape သို့ ခရီးသွားခြင်း (၃)

နော်ဝေ-ဖင်လန်-ရုရှား ၃ နိုင်ငံနယ်စပ် တြိဂံဒေသသို့...


ဒီနေ့ ဇူလိုင် ၂၃- ကြာသပတေးဆိုတော့ ခရီးထွက်လာတာ ၅ ရက်ထဲဝင်လာပြီ။ အဓိက ဦးတည်ချက်ဖြစ်တဲ့ Nordkapp ကို ဒီနေ့ တက်မလား၊ ဒါမှမဟုတ် နော်ဝေ-ဖင်လန်-ရုရှား ၃ နိုင်ငံနယ်စပ် တြိဂံဒေသကို အရင်သွားပြီးမှ တက်မလားပေါ့။ လမ်းတလျောက်လုံး ကျနော်တို့ ၃ ဦးကြား အငြင်းပွားမှုမရှိပေမယ့် ဒီကိစ္စမှာတော့ နည်းနည်းသဘောထားကွဲပါတယ်။ အဓိက ဦးတည်လာတာကိုပဲ ဦးစားပေးပါ။ ရုရှား နယ်စပ်မှာ ဘာတွေထူးတာရှိလို့လဲ၊ အဲမှာ မတော်တဆ တခုခုဖြစ်ရင် (ကားပျက်-တာယာပေါက် စသဖြင့်) ခရီးစဉ်တခုလုံး လွဲကုန်မယ်ဆိုပြီး တဦးက ကန့်ကွက်ပါတယ်။ 



ဒါပေမယ့် အားလုံး မငြင်းနိုင်တာက ရာသီဥတုအခြေအနေ။ မနေ့ညနေပိုင်းက စပြီး နေနည်းနည်းသာနေတယ်ဆိုပေမယ့် တိမ်တွေက အများကြီး။ Nordkapp မှာ သောကြာနေ့မှ နေက အလုံးလိုက်သာမယ်ဆိုပြီး Yr.no က အသေချာဆိုထားပါတယ်။ တခါ မနေ့ညက ဆောင်နာမှာတွေ့တဲ့ ဆွင်ဇလန်က ပုဂ္ဂိုလ်ကလည်း တောင်ပေါ်မှာနေမသာသေးလို့ ဒီ ဟီတာမှာ အနားယူပြီးစောင့်နေတာ ၂ ရက်ရှိပြီတဲ့။ သောကြာနေ့မှာ တက်ကြပါဆိုပြီး တိုက်တွန်းထားပါတယ်။ ဒီတော့ သူတို့လိုပဲ တရက်စာကို ဘယ်မှာမသွားပဲ ဟီတာမှာ ထိုင်နေမလား...။ ရုရှားနယ်စပ်ဖက် ရသမျှ စမ်းသွားကြည့်မလားပေါ့...။

ရာသီဥတုကို အပြစ်ပုံချရင်း ရုရှားနယ်စပ်သွားရေး အဆိုက အနိုင်ရသွားပါတယ်။ ဒါပေမယ့် ခရီးက အဝေးကြီး- ကီလို ၄၆၀ ကျော်ကို အသွား-အပြန်မောင်းရမှာ။ ဒါတောင် Kirkenes မြို့အထိပဲရှိသေးတယ်။ အဲဒီမြို့ကနေ နယ်စပ်ကို ကီလို ၆၀ ကျော်၊ ခရီးကြမ်တး နာရီခွဲလောက် ထပ်မောင်းရအူးမယ်ဆိုပါတယ်။ လမ်းကလည်း ဒီဖက်လိုမကောင်းတော့ဘူး။ ကျဉ်းလည်းကျဉ်- အကွေ့အကောက်နဲ့တောင်တွေကများ တယ်လို့ဆိုပါတယ်။ ဒီတော့ တနာရီ ၇၀ ထက်ပိုမောင်းလို့မရဘူး။ ကီလိုမီတာ ၆၀၀ နီးပါးဆိုတော့ အသွား-အပြန် အနည်းဆုံး ၁၅ နာရီ ကြာမယ်။ ဒါတောင် လမ်းမှာနားတာ၊ ကားဆီဖြည့်တာ၊ လူအစာစားတဲ့အချိန်တွေ မပါသေးဘူး။

အဲတော့- မနက်ဖန် သောကြာညနေအမီ Nordkapp ကို ပြန်ရောက်ပါ့မလား။ တခါ စနေနေ့ကို တောင်ပေါ်က ပြန်ဆင်းပြီး တနလာၤနေ့ည လီးလီးဟားမားကို အရောက်ပြန်မောင်းရမယ်တဲ့...(အလာတုန်းက ၆ ရက်ခရီးကို ၃ ရက်နဲ့ အရောက်ပြန်ရမယ်) ခရီးစဉ်က အဲဒီလို လုံးဝ- နားချိန်မရှိ၊ ကားပျက်ချိန်မရှိ၊ တခုခု ဖြစ်ရင် တကယ့်ကို တခုခုဖြစ်မှာ...။

-စိတ်မပူပါနဲ့ အူးလေးဒေ- ကျနော်မောင်းပြပါ့မယ်-တဲ့။ ကိုမင်းမင်းက အာမခံတော့ ဆက် ဒိုးပေါ့။ ထင်ထားတဲ့အတိုင်းပါပဲ။ လမ်းကကျဉ်း ပြီး အကွေ့အကောက်က အတော်များပါတယ်။ ၂ နာရီလောက်မောင်းပြီးချိန်မှာ Nordkapp နဲ့ Kirkenes လမ်းခွဲနေရာ၊ တနည်းအားဖြင့် E69 နဲ့ E6 လမ်းခွဲနေရာ Olderfjord ကို ရောက်ပါတယ်။ ရည်ရွယ်ချက်နဲ့ အတော်နီးလာပြီဆိုတော့ အားလုံး ကားပေါ်ကဆင်းပြီး အမှတ်တရ ဓာတ်ပုံရိုက်ပေါ့။ တခြားကားတွေကတော့ ကွက်ကြည့်-ကွက်ကြည့်။ ဘာကြောင့်လဲဆို အနောက်တိုင်းသားတွေက သိပ်မရိုက်ဘူး၊ အာရှကလူတွေပဲ ဓာတ်ပုံအရိုက်များတယ် မဟုတ်ပါလား။


လမ်းဆုံနားက ဓာတ်ဆီဆိုင်မှာ ကားဆီဖြည့်၊ လူ ဗိုက်ဖြည့် ပြီးတော့ ပင်လယ်ကမ်းနားတလျောက် တနာရီလောက်မောင်း။ ပြီးတော့ မြစ်ကြောင်း (တောင်ပေါ်ချောင်းထင်ပါတယ်) တလျောက် တနာရီကျော်လောက်မောင်းပြီးချိန်မှာ ဆာမိ ပြတိုက်ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ပါတယ်။ ဆိုင်းဘုတ်ပြထားတဲ့အတိုင်း ကားကိုကွေ့ဝင်သွားတော့ NRK ဆာမိ တွီဗွီ စတေရှင်ဆိုတာကို မထင်ပဲနဲ့ တွေ့လိုက်ရ ပါတယ်။ NRK နော်ေ၀ အစိုးပိုင် အသံလွှင့်ဌာနမှာ ဆာမီလို ရုပ်သံနဲ့ ရေဒီယို အစီစဉ်ရှိပါတယ်။ (မြေပုံမှာတော့ RiddoDuottar Muse- Karasjok မြို့လို့ဖေါ်ပြထားပါတယ်)။



ဆာမိဆိုလို့... နော်ဝေမြောက်ပိုင်းကို ဝင်လာပြီးကတည်းက လမ်းဘေးနေရာအချို့မှာ ဆာမိး အမှတ်တရပစ္စည်းရောင်းတဲ့ ဆိုင်တွေကို တွေ့ရပါတယ်။ အထူးသဖြင့် မြောက်ပိုင်းက သမင်းကြီးတွေ၊ ဝက်ဝံတွေကိုဖမ်းပြီး သရေတွေကိုပြန်ရောင်းတာ၊ ဆောင်းတွင်းဆို အဲအမွေးပွ သရေတွေနဲ့မှ အအေးဒဏ်ကို ခံနိုင်တာမဟုတ်လား။ ဒါပေမယ့် ဈေးက အတော်ကြီးပါတယ်။ တခုကို တထောင်ကျော်ဆိုတော့ ဒေါ်လာ ၂၀၀ လောက်ရှိနေပြီ။

အခုကတော့ ပြတိုက်၊ အထဲဝင်ရင် ၇၀ ပေးရမယ်၊ အပြင်မှာလျောက်ကြည့်ရင်တော့ အခမဲ့ပေါ့။ အဲတော့ အခမဲ့ရတုန်း အိမ်သာခန်းကို အရင်ပြေး၊ ပြီးတော့ ကော်ဖီတခွက်ဝယ်၊ ဓာတ်ပုံတွေကို လျောက်ငေးပေါ့။ ဆာမိလူမျိုးတွေက ဒီတိုင်းကြည့်လိုက်ရင် နော်ဝေနဲ့ သိပ်မကွာဘူး။ နည်းနည်းတော့ ခန္တာကိုယ်သေးတယ်လို့ထင်ရပြီး ဘာသာစကားက မတူဘူး။ ဆာမီးစကား သီးခြားရှိပါတယ်။ အခု မြောက်ပိုင်းနယ်စပ်နဲ့နီးလာတဲ့အခါ လမ်းညွန်ဆိုင်းဘုတ်တွေကိုတောင် ဘာသာစကား ၄ မျိုးနဲ့ရေးထားတာတွေ့ရပါတယ်။ နော်ဝေ-ဆာမိ-ရုရှား-ဖင်လန် ၄ မျိုးနဲ့ (အင်္ဂလိပ်ဘာသာ မပါဘူး)။

ဝတ်စား ဆင်ရင်မှုလည်း သီးခြားရှိပေမယ့် အဲဒီအဝတ်တွေက ပွဲလမ်းသဘင်ရှိမှ ဝတ်တယ်နဲ့တူပါတယ်။ အခုပြတိုက်မှာရှိတဲ့လူတွေက သာမန် နော်ေ၀ တွေလိုပါပဲ၊ ဘာမှထူးမနေပါဘူး။ -ခင်ဗျားတို့က ဆာမီးတွေလား-လို့ မရဲတရဲ မေးကြည့်တော့ ဟုတ်ပါတယ်တဲ့။ မရဲတရဲဆိုတာက ခွဲခြားဆက်ဆံတယ် အထင်ခံရမှာစိုးလို့။ ဒါပေမယ့် သူတို့ကတော့ သူတို့ဆာမိးဖြစ်တယ်ဆိုတာကို ဂုဏ်ယူစွာနဲ့ပြောနေကြတာပါ။


နော်ဝေမြောက်ပိုင်း၊ အခုသွားမယ့် ဖင်လန်၊ ရုရှားမြောက်ပိုင်းမှာ ဆာမီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆာမီလွှတ်တော်ရှိတယ်လို့ သိရပေမယ့် အသေးစိပ် မလေ့လာဖြစ်သေးပါ။ သေချာတာကတော့ ကျနော်တို့ ငယ်ငယ်တုန်းက စာအုပ်တွေထဲဖတ်ဖူးတဲ့ အက်စကီမိုးဆိုတာနဲ့ အခုတွေ့နေတဲ့ ဆာမီးလူမျိုး မတူပါဘူး။ (အရင်က အတူတူလို့ထင်ခဲ့မိပါတယ်။ အသေးစိပ် မလေ့လာရသေးပါ)။

ထားတော့၊ အခုက ပြေးရင်းလွှားရင်းနဲ့လမ်းကြုံဝင်လေ့လာတာဆိုတော့ သာမန် မြင်ရသလောက်ကိုပဲ ပြန်ပြောပြနိုင်မှာပါ။ အဲဒီက ပြန်ထွက်ပြီး နောက်ထပ် တနာရီလောက်ထပ်မောင်းတော့ လမ်းပြင်နေလို့ တောထဲကဖြတ်မောင်းရတဲ့နေရာနဲ့ လေယဉ်ကွင်းကြီးတခုကို တွေ့ရပါတယ်။ နော်ဝေမြောက်ပိုင်းက မြို့အတော်များများမှာ လေယာဉ်ကွင်းရှိတာကို သတိထားမိပါတယ်။ မရှိလို့မဖြစ်ဘူးလေ။ ရထား လမ်းကလည်းမရှိ၊ (ရထားလမ်းက Mo i Rana အထိပဲရှိပြီး ဘိုဒိုနဲ့ ထရိုးဟိန်းကြား ရထားလမ်းက အတော်လှတယ်ဆိုပါတယ်) ကားနဲ့မောင်းမယ်ဆိုရင်လည်း အခု ကျနော်တို့သွားနေသလို ၅ ရက်လောက်မောင်းမှ ရောက်မယ်ဆိုတော့ လေယဉ် ရှိမှဖြစ်မှာပေါ့။


အဲဒီလေယဉ်ကွင်းအကျော် ကုန်းဆင်းတခုမှာတော့ လှပတဲ့ တံတားဖြူတစင်းနဲ့ ကြည်လင်နေတဲ့ မြစ်တခုကို ဝိုး ကနည်း မြင်လိုက်ရပါတယ်။ အားလုံးဆင်းပြီး ဓာတ်ပုံရိုက်ပေါ့။ အချိန်က ၃ နာရီလောက်ရှိနေပြီဆိုတော့ ဗိုက်ကလည်း အတော်ဆာနေပြီ။ လမ်းတလျောက်မှာ အာရှဆိုင်ကလည်း တဆိုင်မှမတွေ့ဘူး။ ရှေ့မှာမြင်နေရတဲ့ အဲဒီတံတားရှေ့ကဆိုင်မှာ တခုခုစားမှဖြစ်တော့မယ်ဆိုပြီး ဝင်လိုက်တော့ ဟိုတယ်နဲ့တွဲထားတဲ့ ဆိုင်ကြီးဖြစ်နေပါတယ်။ အာရှစာ (ထမင်း-ခေါက်ဆွဲ) မရတဲ့အပြင် ဈေးကလည်း မြောက်သလားမမေးနဲ့။ ဒါပေမယ့် တခြားဆိုင်လည်း မတွေ့ဘူး။ ဗိုက်ကလည်းအတော်ဆာနေပြီဆိုတော့ ဘိုစာ စားမှဖြစ်တော့မယ်ပေါ့။




မြေပုံမှာထောက်ကြည့်တော့ Tana မြစ်ဘေးမှာ။ ခုနက တံတားက တာနာမြစ်ပေါ်ရှိ တံတားဟောင်းဘေးမှာ တံတားအသစ် ဆောက်နေတာ။ အဖြူရောင်တိုင်အမြင့်ကြီးတလုံးနဲ့ ကြိုးဆိုင်းပြီးဆောက်ထားတာဆိုတော့ မြင်ကွင်းက အတော်လှပ ထူးခြားနေပါတယ်။ တံတားနဲ့ အနီးဆုံးမြို့က Tana Bru တဲ့။ ဒီနေ့ရာသီဥတုကကောင်းပြီး နေသာနေတော့ အဲဒီဆိုင်မှာ လူတွေက မနည်းဘူး။ ဥရောပသားတွေဆိုတော့ ဆိုင်ထဲမှာမထိုင်ပဲ အပြင်က နေရောင်အောက်က စားပွဲမှာ နေရာရဖို့အရေး အလုအရက်။ 

ဟန်ဘာဂါစာရင်း ဘေးကလူတွေနဲ့စကားစပ်ပြီး ရုရှား-ဖင်လန် နယ်စပ်ကို သွားလယ်မလို့... လမ်းဆိုးသလား- ဘယ်လိုရှိလဲ.. စသဖြင့် တီးခေါက်ကြည့်မိပါတယ်။ ဒီကလူတွေက ရုရှားကို သိပ်အကောင်းမမြင်ကြဘူးထင်ပါတယ်။ ဘာသွားလုပ်မှာလဲ ဒီလောက်အဝေးကြီး- လမ်းကလည်း ဆိုးသေး၊ မတော်ရင် မင်းတို့ကို ရုရှားတွေက ခေါ်ပြီး ကွာရင်တင်း ၁၄ ရက် ဝင်ခိုင်းထားမှာတဲ့...၊ အင်း- ဒုက္ခ။

ဟန်ဘာဂါစာရင်း ဘေးကလူတွေနဲ့စကားစပ်ပြီး ရုရှား-ဖင်လန် နယ်စပ်ကို သွားလယ်မလို့... လမ်းဆိုးသလား- ဘယ်လိုရှိလဲ.. စသဖြင့် တီးခေါက်ကြည့်မိပါတယ်။ ဒီကလူတွေက ရုရှားကို သိပ်အကောင်းမမြင်ကြဘူးထင်ပါတယ်။ ဘာသွားလုပ်မှာလဲ ဒီလောက်အဝေးကြီး- လမ်းကလည်း ဆိုးသေး၊ မတော်ရင် မင်းတို့ကို ရုရှားတွေက ခေါ်ပြီး ကွာရင်တင်း ၁၄ ရက် ဝင်ခိုင်းထားမှာတဲ့...၊ အင်း- ဒုက္ခ။



ဒီတော့ GPS အားကိုးနဲ့ပဲ ဆက်မောင်းရမှာပေါ့။ တကယ်ဆို ရုရှားနယ်စပ်သွားမယ်ဆို ဒီမြို့ထဲအထိ ဝင်လာစရာမလိုဘူး။ မြို့ပြင် လမ်းခွဲကနေ E105 (E6-ကနေ 105 သို့) ဖက် ဆက်မောင်းသွားရမှာ။ လမ်းကကျဉ်းပြီး သိပ်မကောင်းတဲ့အပြင် အသွားအလား ကားတွေလည်း သိပ်မတွေ့ရဘူး။ အချိန်ကလည်း ညနေ ၇ နာရီကျော်နေပြီ။ နေသာနေဆဲဖြစ်တယ်ဆိုပေမယ့် နယ်စပ်မှာ တဲထိုးအိပ်ခွင့်မရှိဘူးဆိုထားတော့ ဟိုရောက်ရင် ဟိုတယ်အခန်းရပါ့မလား။ ညမအိပ်ပဲ ပြန်ဆင်းလို့မီပါ့မလား...။ နယ်စပ်ကရွာရောက်ရင် ၃ နိုင်ငံ နယ်စပ်က ကျောက်တုံးဆီရောက်ဖို့ မီနစ် ၃၀ ခန့် တောလမ်းကိုလျောက်ရသေးတယ်လို့ မြေပုံညွန်းကဆိုထားတော့ …အင်း ဖြစ်ပါ့မလားပေါ့။

အဲလို တွေးလို့ကောင်းတုန်း ကားလမ်းက ချက်ချင်းကြီး ကတ္တရာလမ်းကနေ မြေနီလမ်းကြမ်းဖြစ်သွားပါတယ်။ -ဟ မဖြစ်ဘူးထင်တယ်နော်၊ လမ်းပေါ်မှာ ကျောက်စရစ်ခဲလေးတွေရှိတယ်။ အဲဒါနဲ့ထိမိပြီး ကားတာယာပေါက်သွားရင် ကျနော်တို့ခရီးစဉ်တွေ အကုန် လွဲကုန်နိုင်တယ်- ဆိုပြီး ကားမောင်းနေတဲ့ ကိုမင်းမင်းက ပြောပါတယ်။ အဲဒါမှ ဒုက္ခ... ဒီအထိ လာပြီးမှ လှည့်ပြန်စရာလား...။

-မပြန်လို့မဖြစ်ဘူးလေ၊ ကားက တလျောက်လုံး ကတ္တရာလမ်းပေါ် မနားတမ်းမောင်းထားတာဆိုတော့ ကျောက်တုံးလေးတွေနဲ့ညှိပြီး တာယာပေါက်နိုင်တာပေါ့။ အဲလို တခုခုဖြစ်ရင် ခရီးစဉ်က အကုန်လွဲမှာ သေချာတယ်။ ဒီတော့ - စိတ်လျော့- အူးလေးဒေ၊ ရုရှားနယ်စပ် ရောက်ဖို့ထက် မြောက်ပိုင်းအငူရောက်ဖို့က ပိုအရေးကြီးတယ်- ဆိုပြီး နယ်စပ်မရောက်ခင် တနာရီခန့်အလိုကနေ အောင်မြင်စွာ ဆုတ်ခွာခဲ့ ပြန်ပေါ့။ အင်း... ကိုယ့်အတွက်တော့ ၂ ခါရှိပြီ။ တောင်ပိုင်း ကျောက်ညှပ်တောင်တုန်းက တခါ၊ အခုတခါဆိုတော့ ၃ ခါတော့ အဖြစ်မခံနိုင်ဘူး။ မြောက်ပိုင်းအငူကိုတော့ တွက်တိရောက်မှ ဖြစ်မယ်...။
……………………

မြောက်ပိုင်း အငူ Nordkapp ကို တကယ်သွားပါပြီ
......................

ရုရှားနယ်စပ်ကနေ အောင်မြင်စွာဆုတ်ခွာလာသူ ၃ ဦးဟာ အချင်းချင်း အပြန်အလှန်အားပေးရင်းနဲ့ လာလမ်းအတိုင်း ပြန်လှည့်လာခဲ့ပေါ့။ အဆင်မပြေမှုနဲ့တွေ့မှ ဗိုက်ကလည်း ပိုဆာလာသလိုလို။ ရှိကနဲမြို့အဝင်က ပီဇာ ဆိုင်မှာ ညစာ စားမလားဆိုတော့ မဖြစ်ဘူး။ ထမင်းပဲစားချင်တာတဲ့- ဆရာသမား ၂ ယောက်ကဆိုပါတယ်။ အဲတော့ ဓာတ်ဆီဆိုင်မှာ ကားဆီဖြည့်ရင်းနဲ့ မီးပလပ်ပေါက်ရှာပြီး ထမင်းအိုးတည်ရအောင်တဲ့... အန်- သူများတွေက အထူးအဆန်းအဖြစ် အကြည့်ခံရတော့မှာပဲ။

ကံကောင်းတယ်ပြောရမလား... ပလပ်ပေါက်က အပြင်မှာမရှိဘူး။ ဆိုင်ထဲက စားပွဲအောက်မှာပဲရှိတာ။ အဲဒါက အစာစားရင်း ကွန်ပြူတာ သုံးဖို့ဖြစ်မှာပေါ့...။ ဒီနေရာမှာ ထမင်းချက်ဖို့တော့ ဘယ်သူမှ စဉ်းစားထားပုံမရဘူး...။ အာ့ဆိုရင် ၅ ဂါလံဝင်တဲ့ ရေပုံးကို ရေအပြည့်ဖြည့် (ဒီမှာက ကားရေးဆေးတဲ့ ပိုက်ရေက သုံးလို့ သောက်လို့ရတယ်)။ တခါသုံး မီးဖိုကိုဝယ်၊ မီးကင်ဖို့ ဝက်အူချောင်း၊ အသားပြားတွေဝယ်ပြီး ကားပေါ်ပြန်တက်။ အလာတုန်းက တွေ့ထားတဲ့ လမ်းဘေးစခန်းတခုဆီ အရောက်ပြန်မောင်းမယ်၊ အဲဒီမှာ ဒီည စခန်းချမယ်ပေါ့...။

ည ၁၀ နာရီလောက်မှ အဲ နေရာကိုရောက်တယ်။ အသွားတုန်းက အတိုင်း ဟိုတယ်ကား ၃ ဦးစီးလောက်ရပ်ထားတာကလွဲရင် တခြား ပြောင်းလဲမှု ဘာမှမရှိ။ တောင်ပေါ်တောလမ်းဘေးမှာဆိုတော့ ဒီနေရာမှာ လျှပ်စစ်မီးမရှိဘူး။ ရေလောင်းအိမ်သာ မရှိဘူး။ ရေချိုမရှိဘူး။ ကုန်းပေါ်ကဆင်းရင်တော့ ပင်လယ်ကမ်းခြေရှိတယ်။ ငါးမျှားလို့ရတယ်ပေါ့။ ဆရာသမားတွေက ငါးမျှားချင်နေတာ...။ ခက်တာက ထမင်း ဘယ်လိုချက်မလဲ...။ လွယ်ပါတယ်ဆိုပြီး ဂစ်မီးဖိုပေါ် ထမင်းအိုးကြီးကို ဒီတိုင်းတင်ပြီးချက်လိုက်တာ... အိုးပါ ပျက်ရော...။ 




အိုးပျက်တာ ပြသာနာမရှိ- ထမင်းတော့ ကောင်းတယ်မို့လား...။ တခါသုံးမီးသွေးဖိုပေါ်မှာ ဝက်အူချောင်းနဲ့ အသားပြားတွေကို ဘာဘီကျုး ကင်ပြီး ညစာလွေးပေါ့။ … ငါးကင်လား...၊ အင်း အခုထိ တကောင်မှ မမိသေးဘူးလေ...။ ည ၁၀ နာရီကျော်နေပြီဆိုတော့ ဘေးက ဟိုတယ်ကားတွေပေါ်ကလူတွေ အိပ်ကုန်ကြပြီထင်တယ်။ ဘာအသံမှမကြားရဘူး။ ကိုယ်တို့ ၃ ဦးပဲ အလုပ်ရှုတ်နေတာ။ 

လျှပ်စစ်မီးမရှိဘူးဆိုမှ တယ်လီဖုန်းက အားကုန်၊ လက်နှိပ်ဓာတ်မီးကလည်း ပါမလာဘူး။ ရန်ကုန်မှာတုန်းက အမြဲဆောင်ထားတဲ့ ပါဝါဘဏ်နဲ့ လက်နှိပ်ဓာတ်မီးက အော်စလိုရောက်မှ ချန်ထားခဲ့တာ။ နော်ဝေမှာခရီးသွားတယ်ဆိုတော့ ဒါတွေ မလိုလောက်ဘူးပေါ့။ အင်း...လူတွေကလည်း လျှပ်စစ်မရှိ၊ အင်တာနက်မရှိရင် မနေတတ်တော့အောင် ဖြစ်နေပါရော့လား...။ အရင် ၁၉၉၀ ပြည်လွန်နှစ်တွေက ထိုင်း-မြန်မာနယ်စပ် တောထဲမှာ ဆယ်နှစ်ကျော်နေခဲ့တာ ဘာလျှပ်စစ်မှမရှိ၊ တယ်လီဖုန်းမရှိ၊ အင်တာနက်မရှိ။ လိုင်းတိုရေဒီယိုလေးတလုံးနဲ့ အိုကေ နေတာပဲ။ အခုတော့ မရတော့ဘူး၊ တောထဲက တော်လှန်ရေးသမားတွေတောင် FB ပေါ်ပုံတွေတင်နေမှတော့ ဥရောပမှာ ရောက်နေသူက မီးမရှိ၊ အင်တာနက်မရှိရင် ဘယ်နေတတ်တော့မလဲ...။

မြောက်ပိုင်းအတော်ရောက်သွားလို့ဖြစ်မယ်၊ ၁၁ နာရီကျော်တဲ့အထိ နေက မဝင်ဘူး။ ဒါပေမယ့် တိမ်နည်းနည်းရှိနေတဲ့အတွက် မြင်ကွင်းက သိပ်မရှင်းလှ။ ၁၂ အထိစောင့်ကြည့်ပြီးရင်တော့ အိပ်မှဖြစ်မယ်။ မနက်ဖန် တောင်ပေါ်ရောက်မှ တညလုံး မအိပ်ပဲ ကြည့်ကြပေါ့- ဆို ပြီး တဲ ထိုးဖို့ပြင်ပါတယ်။ တဲထိုးရင် ကြာတယ်၊ လေလည်းတိုက်နေတယ်ဆိုတော့ ဟိုမှာရှိပြီးသား (ဘတ်စ်ကားမှတ်တိုင်လို ဟာမျီုး) အဆောင်ထဲ ဝင်အိပ်လိုက်ရအောင်တဲ့...။


အင်း- ကိုမင်းမင်းရဲ့ အကြံပြုချက်အရ တဲမထိုးတော့ပဲ တဲကိုအခင်းလုပ်ပြီး လမ်းဘေးက ဘတ်စ်ကားဂိတ်လိုနေရာမှာ ပထမ ဆုံးအကြိမ် အိပ်ခဲ့ဖူးပြီပေါ့။ လူ့စိတ်ဆိုတာကလည်း ခက်သား။ တဲထိုးအိပ်လည်း ဒီမြေကြီးပေါ်မှာပါပဲ။ ဒါပေမယ့် တဲထဲမှာ အိပ်တယ်ဆိုရင် ဒါမဆိုးဘူး။ အခုတော့ အများသုံး ဘတ်စ်ကားဂိတ်လိုနေရာမှာ ဒီတိုင်းအိပ်ရတယ်ဆိုပြီး စိတ်ထဲမှာ သိပ်မသန့်လှ။ မကြာပါဘူး- Sovepose တန်ဂိုးနဲ့ အိပ်ပျော်သွားတာ မနက် ၇ နာရီအထိ တရေးပဲရပါတယ်။

အိပ်ယာနိုးတော့ ထုံးစံအတိုင်း အိမ်သာပြေးရ။ ဒီမှာရှိတဲ့ အိမ်သာက ရေလောင်းအိမ်သာ မဟုတ်ပဲ နွေရာသီ လမ်းဘေး အိမ်သာ။ အနံက နည်းနည်းဆိုးတယ်။ စွယ်တာကို နှာခေါင်းပေါ်အထိတင်ပြီး သွားရင် အဆင်ပြေတယ်လို့ ကိုကျော်သူကင်းကတော့ ပြောပါတယ်။ ဒါပေမယ့် ကိုယ်က မရဘူး။ အရင် ရွာမှာနေတုန်း၊ တောထဲမှာနေတုန်းက ဒီလိုအိမ်သာပဲ တသက်လုံးသုံးလာတာ အခုတော့ ဖင်ခေါင်းကျယ်ပြီ။ အဲအိမ်သာပေါ်ထိုင်လိုက်တာနဲ့ အနံဆိုးကိုခံရတာအပြင် အောက်ကနေ အပူငွေ့တခုက ကိုယ့်ကို လာဟပ်သလိုမျိုးခံစားရ။

အင်း...မဖြစ်ချေဘူး။ ရဲဖမ်းလည်းဖမ်းတော့ဆိုပြီး လမ်းတဖက်ကမ်းက တောအုပ်ထဲဝင်ပြေးပြီး မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ဖြေရှင်းခဲ့ရပေါ့။ တော်သေးတယ်။ ဘယ်သူကမှ ကိုယ့်ကို လိုက်ပြီးကြည့်မနေလို့...။ တောထဲမှာဆိုတော့ CCTV လည်း မရှိလောက်ဘူးထင်ပါတယ်။ တော်ကြာ အိမ်ရောက်မှ ရဲကနေ မှတ်တမ်းဓာတ်ပုံပို့ပြီး ဒဏ်ကြေးဆောင်ခိုင်းရင်တော့... အင်း. ရှက်စရာကြီး...။

ဒီလိုမျီးလည်းရှိခဲ့ပါတယ်ပေါ့။ ခုနကပြောတဲ့ ဟိုတယ်ကားနဲ့ဆိုရင်တော့ အဲကားပေါ်မှာ အိမ်သာပါ ပါတဲ့အတွက် ဘာပူစရာလိုမလဲ...။ အင်း... ပင်လယ်မှာလည်း ရေငံတွေပဲရှိတယ်ဆိုသလို... မနေ့ကတည်းက ရေမချိုးရသေးပေမယ့် ပင်လယ်ရေလည်း ဆင်းချိုးလို့မဖြစ်သေး။ ရေချို မရှိဘူးဆိုရင် ကပ်စေးစေးဖြစ်နေမှာပေါ့။ အရင်နေ့တွေက မိုးရွာနေလို့ ရေချိုးချင်စိတ်မရှိပေမယ့် ဒီနေ့က နေသာပြီး အပူချိန်က ၂၀ ကျော်နေတော့ ရေချိုးချင်စိတ်က တဖွားဖွားပေါ်နေ။


လမ်းမှာ ရေချိုကန်တွေ့ရင် ကားရပ်ပြီး ဆင်းကူးရအောင်ဆိုပြီး မနက် ၈ နာရီလောက်မှာ ခရီးစတင်။ ဒီညနေတော့ မြောက်ပိုင်းအငူ Nordkapp ဆီ အရောက်ချီမည်ပေါ့။ ရေချိုကလည်း ရှာမှရှားလိုက်တာ၊ ဘာကန်မှမတွေ့ပဲနဲ့ မနေ့ညနေက နေ့လည်စာစားခဲ့တဲ့ Tara မြစ်ဘေးက ဆိုင်ကိုတောင် ပြန်ရောက်လာခဲ့။ တခြားနေရာကလည်း မရှိတော့ ဈေးကြီးပါတယ်ဆိုတဲ့ အဲဆိုင်မှာပဲ မနက်စာ စားဖြစ်ပြန်ပေါ့။ 

တောင်ပေါ်ကပြန်အဆင်း ပင်လမ်းကမ်းစပ်ဖက်ရောက်ချိန်မှာတော့ ရှေ့မှာတင်ပြဖူးတဲ့ သမင်တွေကို လမ်းဘေးမှာ အတော်များများ တွေ့လာရပါတယ်။ ရေကန်လား- ပင်လယ်အစပ်ကမ်းခြေလား သိပ်မကွဲပြားတဲ့တနေရာမှာတော့ ကားတွေ အများကြီးရပ်ထားတာ တွေ့တာနဲ့ ကိုယ်တွေကားကိုလည်း အဲမှာ ထိုးရပ်လိုက်ပါတယ်။ ၂ နာရီလောက်မောင်းပြီးတိုင်း တခါလောက်တော့ နားဦးမှပေါ့...။ အဲ…တကယ်က အဲ-ကားတွေက ဒီတိုင်းနားနေတာမဟုတ်။ ချောင်းထဲ ရေဆင်းသောက်နေတဲ့ သမင်တွေကို ဓာတ်ပုံရိုက်နေကြတာ။




W0W- ဒီလောက်ကြီးတဲ့ သမင်းအရှင်လတ်လတ်တွေကို အခုမှ အနီးကပ်တွေ့ဖူးပါတယ်။ အနီးကပ်ဆိုပေမယ့် သိပ်ကပ်သွားလို့မရဘူး။ သမင်အရိုင်းတွေဆိုတော့ ချိုနဲ့ခတ်ထည့်လိုက်မှ ဒုက္ခရောက်နေဦးမယ်။ ဒါပေမယ့် သမင်တွေကိုယ်တိုင်ကလည်း အကပ်မခံဘူး။ ကိုရိုနာ ဗိုင်းရပ်အကြောင်း သူတို့သိပုံမရပေမယ့် ၆ ပေအထိတောင် အကပ်မခံကြပါဘူး။ တကယ်က ဒီရေကျချိန်မှာ ကမ်းစပ်ကိုဆင်းပြီး ဆားဓာတ်ယူကြတာတဲ့။ ကြားဖူးသလိုလို ရှိပေမယ့် အခုမှ တကယ်မြင်ဖူးတာ...။ ဒါဇင်နဲ့ချီတဲ့ သမင်တွေဟာ ကမ်းစပ်က သောင်ပြင်ပေါ် ဟိုပြေး ဒီပြေး..။ နှစ်ကောင်လောက်က ကားလမ်းမကိုဖြတ်ပြီး တောင်ပေါ်ပြန်တက်တော့ ကားတွေအားလုံးက ရပ်ပေးထားကြရ...။

အင်း... မြန်မာပြည်မှာဆို ဘယ်လိုနေမလဲ...။ ငယ်ငယ်တုန်းက ရွာက ဘောလုံးကွင်းဘေးရောက်လာတဲ့ သမင်းငယ် (ဂျေ) တကောင်ကို ဝိုင်းဖမ်းပြီး အားပေးလိုက်တာကို ပြန်မြင်ရောင်မိ။ အခုတော့ အဲလို လုပ်လို့မရတော့ဘူး။ ပြစ်မှုကြီးတယ်တဲ့- ဒီမှာက..။ ပြီးတော့ သဘာ၀ ပတ်ဝန်ကျင်ထိမ်းသိမ်းရေးအကြောင်း မကြာခဏပြောနေပြီး အဲလို သွားလုပ်လို့ဖြစ်မလား...။

သမင်လိုက်ပွဲကနေ ငါးဖမ်းပွဲဖက်လှည့်ရအောင်။ အဲဒီနေရာကနေ နောက်ထပ် တနာရီနီးပါးထပ်မောင်းတော့ တောင်ကုန်းလေးတခုရဲ့ ဘေးနားမှာ ဆာမီးပြတိုက်ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူ ဟိုး…ပင်လယ်ထဲမှာ ဆော်လမွန်ငါးမွေးမြူရေးကန်တွေကို လှမ်းမြင်ရပါတယ်။ ဒီမြောက်ပိုင်းခရီးစဉ်တခုလုံးမှာ ခုနက သမင်တွေကို မကြာခဏလမ်းဘေးမှာ တွေ့ရသလို ဆော်လမွန်ငါးမွေးကန်တွေကိုလည်း ပင်လယ်ကမ်းစပ် လမ်းတလျောက်ကနေ မကြာခဏ လှမ်းမြင်ရလေ့ရှိပါတယ်။

ပင်လယ်ထဲမှာဆိုတော့ သွားကြည့်ဖို့မလွယ်ဘူး။ ဒါပေမယ့် ကမ်းစပ်ကျောက်တောင်နဲ့ အနီးဆုံးနေရာအထိ သွားကြည့်ကြမယ်ပေါ့။ အဝေးကနေ မြင်ရတဲ့မြင်ကွင်းကတော့ အကျယ် ပေ ၂၀ လောက်ရှိတဲ့ အစိမ်းရောင် မွေးမြူရေကန် ၁၀ ခု သို့မဟုတ် တဒါဇင်လောက် ရှိမယ်။ အဲဒီဘေးမှာ သဘောၤငယ်တစီးရှိမယ်။ -အဲသဘောၤပေါ်က လူကတော့ ဘယ်မှာမသွားပဲ ဒီတိုင်းနေရတာ မချောင်ဘူး- ဆိုပြီး တွေးမိပါတယ်။

ကိုယ်ကတော့ ဆော်လမွန်ငါးဆိုတာကို နော်ဝေမရောက်ခင်အထိ တခါမှ မတွေ့ဖူး၊ မစားဖူးဘူး။ ငါး-အမည်ကိုတောင် -ခင်ဝမ်း- သီချင်းထဲမှာပဲ ကြားဖူးတာ။ -ဆော်လမွန်-ငါးတို့အပြန်-တဲ့။ သူက ပင်လယ်မှာ သန္တေတည်ပြီး သားမွေးခါနီးရင် မြစ်ရေကိုဆန်ကာ ချောင်းဖျားမှာတက်မွေးတယ်ဆိုပါတယ်။ ဒါက သဘာဝဖြစ်စဉ်ပေါ့။ အခုကတော့ ပင်လယ်ထဲမှာ မွေးထားတယ်ဆိုတော့ သဘာဝအလွန်၊ ဆော်လမွန်ငါးကို Mass production လုပ်တဲ့သဘောလို့ယူဆရပါတယ်။

ဒါက ဘာမှအသေချာမသိသေးသူတဦးက ငါးမွေးကန်ဆီလည်း ရောက်ခွင့်မရသေးပဲနဲ့ ခန့်မှန်းယူဆချက်သာဖြစ်ပါတယ်။ Laks လို့ နော်ဝေလို ခေါ်ကြတဲ့ ဒီငါးဖမ်းလုပ်ငန်းဟာ နော်ဝေရဲ့ အဓိက စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့အတွက် အသေချာလေ့လာသင့်ပါတယ်။ ကိုယ်ကတော့ သာမန် ငါးကန်ရှေ့ဖြတ်သွားတဲ့ ခရီးသွားတဦးရဲ့အမြင်ကို မျှဝေခြင်းမျှသာဖြစ်ပါတယ်။ 

ကိုယ့်စိတ်ကူးထဲ မြင်နေတဲ့ ဆော်လမွန်ငါးဆိုတာက -ဆော်လမွန်ငါးကို ပါးပါးလေးလှီးပြီး (စူရှီနဲ့တို့စားတဲ့) ဝါဆာဘီ-နဲ့ အစိမ်းလိုက် တို့စား- ယာမကာလေးနဲ့ မြည်းလိုက်ရရင်တော့- ဆိုတဲ့အဆင့်ထက် သိပ်ပိုတာ မဟုတ်ပါဘူး။ မဖြစ်ပါဘူး။ ငါးတွေ့လည်း အမြည်း၊ သမင်းတွေ့လည်းအမြည်းချည်းစဉ်းစားနေလို့မဖြစ်ဘူး။ အာဂျင်ဒါ မြန်မြန်ပြောင်းမှဖြစ်မယ်။



အဲနေရာကနေ နောက်ထပ် တနာရီကျော်ထပ်မောင်းပြီးတဲ့အခါမှာတော့ မနေ့ကတွေ့ထားတဲ့ E6 နဲ့ E69 လမ်းခွဲ Oldfjord ကိုပြန်ရောက်ပါတယ်။ အချိန်က နေ့လည် ၂ နာရီဆိုတော့ ဒီအချိန်တောင်ပေါ်သွားလို့မကောင်းသေး။ နေကလည်းအတော်ပူနေတော့ လူတွေက ရေချိုးချင်စိတ် အတော်ပြင်းပြနေပြီ။ အနီးနားဝန်းကျင်မှာ ဟီတာတခုလောက်ရှာပြီး ရေချိုး-ထမင်းချက် လုပ်မယ်ဆိုပြီး ဂိုဂယ်ခေါက်လိုက်တာ လမ်းဆုံနဲ့နီးနီးလေးမှာပဲ ဟီတာတခုတွေ့ပါတယ်။ 

ကားရပ်ပြီး ဈေးဝင်မေးတော့ မီးဖိုချောင်သုံးမယ်၊ ရေချိုးမယ်ဆိုရင် ၄၀ ခရိုနာပေးရမယ်တဲ့။ တယောက်ကို ၄၀ လားဆိုတော့ မဟုတ်ဘူး။ အားလုံးမှ ၄၀ တဲ့။ WoW ဒီလောက်ဈေးသက်သာတဲ့ ဟီတာ တခါမှမတွေ့သေး။ ဟီတာတွေက လမ်းတဖက်ခြမ်း ပင်လယ်ကမ်းစပ်မှာ။ တောင်ပေါ်မတက်သေးပဲ ဒီဟီတာတွေမှာ ရပ်ထားတဲ့ ဟိုတယ်ကားတွေက အများကြီး။ ဒီကလူတွေကလည်း ဟိုတယ်ကားရှိရဲ့သားနဲ့ ဘာလို့ ဟီတာတွေမှာ လာတည်းနေမှန်းကို မသိဘူး။

ကိုယ်တွေကတော့ မီးဖိုချောင်ရှေ့မှာ ကားရပ်။ ထမင်းအိုးတွေ၊ ချက်စရာပစ္စည်းတွေ အကုန်သယ်ပြီး အားလုံးအတွက် မီးဖိုချောင်ကို ကိုယ်ပိုင်လိုသဘောထားပြီး ချက်ပြုတ်ရေးစတင်။ အခန်းက ကျယ်တဲ့အပြင် စားပွဲတွေလည်းရှိတယ်၊ အင်တာနက်လည်း ဖရီးပေးထားတယ်ဆိုတော့ မီးဖိုချောင်ကို ရုံးခန်းလိုသဘောထားပြီး ကွန်ပြူတာတွေဖွင့်- အီးမေးလ်ချက်၊ FB ချက်၊ ဖုန်းပြောနဲ့ ကိုယ့်အိမ်ကိုယ့်ယာ ရောက်နေသလားမှတ်ရတယ်။ ဒီမှာတည်းနေတဲ့လူတွေ ဟင်းချက်ဖို့ ခဏဝင်လာတာတောင် ကိုယ်တွေကိုကြည့်ပြီး ပြန်ထွက်သွားလေရဲ့။

ပြီးတော့ ဘေးနားက ရေချိုးခန်းကလည်း ကောင်းသလားမမေးနဲ့။ ကောင်းဆို သူက ဆောက်လက်စ အသစ်စက်စက်၊ အချောတောင် မသတ်ရသေးဘူး။ တခြားနေရာတွေမှာ အကြွေတဆယ်စေ့ထည့်မှ ရေထွက်လာပေမယ့် ဒီမှာက ဒီတိုင်းထွက်နေတာ။ ရေပူလိုမှ အကြွေ ထည့်ဖို့လိုပါတယ်။ အဲ…ဒီဒေသမှာ ရေအေးနဲ့ချီုးလို့တော့ ဘယ်ဖြစ်မလဲ... သိတယ်မို့လား...။ အေးပါတယ်ဆိုမှ...။

အဲဒီမှာ ရေချိုး-ထမင်းစား-အနားယူပြီး ညနေ ၅ နာရီလောက်မှ တောင်ပေါ်ခရီးစပါတယ်။ ဒီကနေ တောင်ထိပ်ကို ကီလို ၁၂၀ ကျော်ရှိပြီး ၂ နာရီကျော် မောင်းရမယ်လို့ GPS မှာ ပြနေပါတယ်။ လမ်းတလျောက် ဟိုနား ဒီနားနဲ့ဆို ည ၉ နာရီလောက်ရောက်ရင် အတော်ပဲပေါ့။ E69 က E6 ထက်ပိုကျည်းပြီး ပိုအကွေ့အကောက်များပါတယ်။ ကမ်းနားတလျောက်မောင်းရင်းနဲ့ တောင်ပေါ်တက်ရတဲ့လမ်း။ တနာရီလောက်မောင်းပြီးတဲ့အခါမှာတော့ Nordkapp Kommune (မြောက်ပိုင်းအငူ မြူနီစပယ်ဒေသ) ဆိုတဲ့ ဆိုင်းဘုတ်တခုကို ကားလမ်းဘေး ပင်လယ်ကမ်းစပ်မှာ တွေ့ရပါတယ်။ 


အားလုံးဆင်းပြီး ဓာတ်ပုံရိုက်ပြန်ပေါ့။ အဲဒီနေရာကနေ တနာရီလောက် ထပ်မောင်းပြီးတဲ့အခါမှာတော့ တောင်ကုန်းတခုထိပ်မှာ ကျောက်တုံးကြီးတခုကိုတွေ့ရပါတယ်။ မြင်ကွင်းက လှပထူးခြားနေလို့ ကားကို လမ်းဘေးမြေနီလမ်းလေးထဲထိုးရပ်၊ အဲဒီကျောက်တုံးဆီ လမ်း လျောက်သွားကြည့်ကြ။ ဒီနေ့ နေကလည်းသာနေတယ်ဆိုတော့ လူတွေက နည်းနည်းတက်ကြွနေပုံရပါတယ်။ ခရီးထွက်လာတာ ၆ ရက်ရှိနေပြီဆိုပေမယ့် တချိန်လုံး ကားပေါ်ထိုင်နေတာပဲများပြီး ဒီလို ကျောက်ဆောင်ပေါ်တက်တာ အခုမှ ပထမ ဆုံးအကြိမ်။



နေရာကလှပနေပေမယ့် လူသွားလမ်းရှိတာမဟုတ်။ ကျောက်နံရံကို ဒီလိုပဲ ကုပ်ကပ်တက်ရတာ။ အဓိက အလုပ်က ဓာတ်ပုံရိုက်ဖို့။ ကြိုလည်းကြည့်ထားတာ မဟုတ်တော့ ဘယ်နေရာမှန်းလဲ မပြောတတ်။ အဲဒီကပြန်ဆင်းပြီး တောင်ကတုံးတွေပေါ် နည်းနည်း ထပ်မောင်း လိုက်တော့ ဒီဒေသရဲ့မြို့တော် Honningsvag ကိုရောက်ပါတယ်။ ဒါ မြောက်ပိုင်းအကျဆုံးမြို့ပေါ့။ အချိန်မပေးနိုင်လို့ ကားမစီးပဲ လေယာဉ်နဲ့လာမယ်ဆိုရင် ဒီမြို့မှာ လေယာဉ်ကွင်းရှိပါတယ်။ ဟိုတယ်ရှိပါတယ်။ ဒီမြို့မှာတည်းပြီး တောင်ထိပ်ကို သွားလယ်နိုင်ပါတယ်။

ကိုယ်တွေကတော့ ခဏဝင်ကြည့်ရုံမျှသာ၊ ဓာတ်ဆီဆိုင်မှာ ကားခနရပ်ပြီး ပြန်ထွက်လာခဲ့။ နာရီဝက်လောက် မောင်းပြီးချိန်မှာတော့ ဟိုတယ်တခုနဲ့ Nordkapp Camping ယဉ်ရပ်နားစခန်းဆိုတာကိုတွေ့ရပါတယ်။ ဆိုလိုတာက ဒီနေရာဟာ နောက်ဆုံးဟိုတယ်နဲ့ ယာဉ်ရပ်နားနိုင်တဲ့ နေရာပါပဲ။ ရှေ့မှာ ဟိုတယ်မရှိတော့ဘူး။ အားလုံးသဘာဝအတိုင်း ကျောက်တောင်တွေပဲရှိတော့မယ်ဆိုတဲ့ သဘောပါ။ 

ဆိုင်းဘုတ်တွေကြည့်ပြီး ဆက်မောင်းတော့ တောင်ထိပ်မရောက်ခင် ၁၀ ကီလိုအလိုလောက်မှာလို့ထင်ပါတယ်။ လမ်းခွဲတခုကိုတွေ့ရပြီး အဲဒီကနေ တောင်ပေါ်တက်တဲ့လမ်းကတော့ တကယ်ကို တောင်နံရံမှာ ကပ်ဖောက်ထားတဲ့ ရင်ခုန်စရာ လမ်းကလေးပါပဲ။ တဖက်မှာ တောင်၊ တဖက်မှာ ပင်လယ်ကြီး။ လမ်းကောင်းလို့သာပေါ့။ မကောင်းရင် ဟိုဖက်ထဲ ကျသွားနိုင်တယ်။ ကိုယ်ကသာ အဲလိုတွေးနေတာ။ ဒီလောက်မြင့်တဲ့တောင်ကို စက်ဘီးစီးပြီး တက်လာနေသူတွေကလည်း အများကြီး။ အော်စလိုကနေ နင်းလာတာတော့ မဖြစ်လောက်ဘူး။ ဟိုအောက်တောင်ခြေ ဟိုတယ်ကနေ တက်လာသူတွေဖြစ်မှာပေါ့။

……

မြောက်ဖျားအငူက သန်းခေါင်ယံနေကို ဖမ်းချုပ်ခြင်း

....................

ဟော…ဟိုမှာ ရောက်ပါပြီ။ မြောက်ပိုင်းအငူ Nordkapp (Nord Cape)။ ဂိတ်ဝင်ကြေး ၂၀၀ လားမသိဘူး ပေးလိုက်ရတယ်။ ဒါတောင် ပြတိုက်ဝင်ခွင့်မပါဘူး။ ပြတိုက်ပါဝင်မယ်ဆို ၇၀၀ ထင်ပါတယ်။ နေရာတိုင်း မြန်မာလိုတွေးတွေးနေမိတော့ ခက်တယ်။ အဲဒီဂိတ်က ကျနော်တို့ဝင်လာတဲ့ ည ၁၀ နာရီလောက်မှာပဲ ဝင်ကြေးကောက်ပြီး ည ၁ နာရီနောက်ပိုင်း ဂိတ်မှာ လူမရှိတော့ဘူး။ ဒီတိုင်း ဝင်လာလို့ရတယ်။ အင်း...လူတွေကလည်း ည ၁၂ နာရီ သန်းခေါင်ချိန် နေမဝင်ညကို ကြည့်ချင်ကြတယ် မဟုတ်ပါလား... တနာရီမှလာပြီး ဘာသွားလုပ်မှာလဲ...။



ကိုယ်ကသာ ဈေးကြီးတယ်ထင်နေတာ။ တောင်ပေါ်မှာ ကားရပ်စရာ နေရာတောင် မကျန်သလောက်ပဲ။ ဟိုတယ်ကားတွေက အများဆုံးပေါ့။ ကားရပ်ပြီးတာနဲ့ တဲ မထိုးအားသေးဘူး။ နေရောင်ရှိတုန်း တောင်ထိပ်သွားပြီး (ဓာတ်ပုံတွေထဲ မကြာခနမြင်ဖူးနေတဲ့) ကမ္ဘာလုံးရှေ့မှာ ဓာတ်ပုံသွားရိုက်ရဦးမယ်။ အချိန်က ည ၁၀ နာရီခွဲလောက်ဆိုတော့ လူတွေက တဖြေးဖြေးနည်းများလာနေပါတယ်။ ကံကောင်းတယ်ပြောရမယ်၊ နေက ဒီနေ့မှာ သာတာတဲ့။ အရင်နေ့တွေက ဒီကိုရောက်ခဲ့တဲ့ လူတွေဟာ နေမသာ မိုးရွာထဲမှာ ဘာမှမမြင်ရပဲ ဒီတိုင်း ပြန်သွားကြရတယ်တဲ့။

နေသာတယ်ဆိုပေမယ့် လေက တိုက်သလားမမေးနဲ့။ ကျောက်တောင်ထိပ်ဆိုတော့ သစ်ပင်ကလည်း တပင်မှမရှိဘူး။ တောင်အောက်မှာတုန်းက နေပူလို့ ချွေးပြန်နေပေမယ့် အခုတော့ အနွေးထည်ပြန်ဝတ်ရတဲ့အပြင် ခေါင်းစွပ်ပါ စွပ်ထားလိုက်ရပါတယ်။ ကားပါကင်မှာ ကားရပ်တော့ ကိုယ့်ရှေ့မှာ ဟိုတယ်ကားတွေကအများကြီး။ တချို့က အမိုးတွေချ- ထိုင်ခုံတွေချပြီး နေရောင်အောက်မှာ အေးဆေး ဇိမ်ယူနေလေရဲ့။ အစီး တရာနီးပါးရှိတဲ့ ကားပါကင်ကိုကျော်ပြီးတဲ့နောက် ဓာတ်ပုံတွေထဲ မကြာခဏတွေ့ဖူးတဲ့ ကမ္ဘာလုံးပုံကို ဟိုဖက်နားမှာ လှမ်းမြင်ရပါတယ်။ 

ကားပါကင်ရဲ့ ဒီဖက်မှာတော့ အဆောက်ဦ အကြီးကြီးတခု။ အဲဒီထဲမှာ ပြတိုက်၊ စားသောက်ဆိုင်နဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေ ရှိပါတယ်။ မြေအောက်ထပ်လည်း ရှိသေးတယ်လို့ သိရပေမယ့် အထဲမဝင်ဖြစ်လိုက်ပါ။ လောလောဆယ်တော့ ရသမျှနေရာကနေ ဓာတ်ပုံတွေလှမ်းရိုက်၊ ဆယ်ဖီဆွဲပေါ့။ ဒီနေရာကို ရောက်အောင်လာဖို့ဆိုတာ တသက်မှာတခါ- သိပ်မလွယ်ဘူးမဟုတ်လား။

သဘာဝကို သဘာဝအတိုင်းထားပါတယ်ဆိုတဲ့ နော်ဝေမှာလည်း ဒီအငူမှာကျတော့ ချောက်က မြင့်လွန်းလို့ဖြစ်မယ်... သဘာဝအတိုင်း မထားဘူး။ အငူရဲ့ ကမ်းနားတလျောက်လုံးကို သံဇကာတွေနဲ့ အသေချာကာပေးထားပါတယ်။ မကာလို့မဖြစ်ဘူး။ ကျောက်ဆောင်က မြင့်တဲ့အပြင် ဘာသစ်ပင်မှာလဲမရှိ၊ ပြုတ်ကျသွားရင် ဟိုး…ပင်လယ်ထဲ တခါတည်းရောက်သွားမှာ။ အနက်က ပေ ၃၀၀ လောက်ရှိမလားပဲ။ ဒီတော့ မြောက်စွန်းအငူရဲ့ ကမ်းနားတလျောက်လုံးကို သံဇကာနဲ့ ကာထားရမှာပေါ့။

ည ၁၂ နာရီနီးလေ၊ လူတွေက ပိုများလာလေပါပဲ။ တောင်စောင်းတလျောက် ရိုက်သူ၊ ကမ္ဘာလုံးနောက်ခံနဲ့ရိုက်သူ၊ သန်းခေါင်းယံနေ နောက်ခံနဲ့ရိုက်သူ စသဖြင့် တိုးမပေါက်ဘူး။ ဒီကြားထဲ ကလေးတယောက်ဆိုရင် ကမ္ဘာလုံးပေါ်တက်ပြီး ရိုက်နေလို့ အားလုံးက တအံ့တသြ ဝိုင်းကြည့်နေကြပါတယ်။ သန်းခေါင်ယံနေရောင်က ဘယ်လိုရှိတယ်ပြောရမလဲ...။ မနက်စောစောနေရာင်နဲ့လည်းမတူ၊ ညနေ ဆည်းဆာနေရောင် နဲ့လည်းမတူ..။ သန်းခေါင်ယံနေပါဆိုမှ အခြားအချိန်နေရောင်တွေနဲ့ ဘယ်တူပါ့မလဲ...။ လ ၁၀ လုံးစာအလင်းရှိနေတယ်လို့ ပြောသင့်သလား...။ အတော် ရိုမက်တစ် ဆန်တယ်လို့ပဲပြောရမယ်ထင်ပါတယ်။



ကျနော်က ၂၀၀၉ ခုနှစ် ဇွန်လတုန်းက ထရိုစွန်း tromsø မြို့ကို သွားပြီး နေမဝင်ညကို မှတ်တမ်းရိုက်ဖူးထားတယ်ဆိုတော့ အဲဒါနဲ့ ယှဉ်ပြောရင် ပိုကောင်းမယ်ထင်ပါတယ်။ သန်းခေါင်းယံနေကို တခါမြင်ဖူးထားပြီးသားဆိုတော့ ဒီတခါမှာ အဲလောက် ရင်မခုန်တော့ပါဘူး။ ကွာ တာက ထရိုစွန်းမှာတုန်းက ဘုရားကျောင်းနားကနေ ရေလက်ကားကိုကျော်ပြီး တောတန်းနောက်ခံနဲ့ ရိုက်တာဆိုတော့ တောင်စွယ်မှာ နေကွယ် မကွယ်ကိုပြောလို့ကောင်းတယ်။ ဒီမှာက ဟိုဖက်မှာ ဘာတောင်မှမရှိဘူး။ ပင်လယ်သက်သက်။ ကမ္ဘာဆုံးအထိရောက်နေတာ။ ဒီတော့ မောင်းမကန်ကမ်းခြေမှာ နေဝင်သလိုမျိုးဖြစ်နေလေမလား...။ဒါလည်းမဟုတ်သေးဘူး။ ဟိုဖက်မှာ ဘာကျွန်းမှမရှိတော့ဘူး။ ကမ္ဘာမြေကြီးတောင် မရှိတော့ပါဘူးဆိုမှ...။

ဒါပေမယ့် ည ၁၂ နာရီနီးတဲ့အထိ နေလုံးနဲ့ ပင်လယ်ရေပြင်က အဝေးကြီးကျန်နေသေးတယ်။ ဝိုင်းဝိုင်းနဲ့ မျိုးကြီးတို့သီဆိုထားတဲ့ လမင်းနဲ့ ပင်လယ်သီချင်းကိုတောင် ပြန်ကြားရောင်မိ။ ဒီညအတွက်တော့ လမင်းဟာ ပင်လယ်ဆီ ရောက်လာမယ့် ပုံမရှိတော့ပါ။ ဒီညအဖို့ နေမဝင်တော့တာကတော့ သေချာတယ်။ နေလုံးက အောက်ဖက် နည်းနည်ချင်းဆီ နိမ့်ဆင်းရာကနေ ခနရပ်ပြီး အလျားလိုက် နည်းနည်းရွေ့သွားသလား ... သိပ်မသေချာဘူး။ ပြီးတော့ နည်းနည်ချင်းစီ ပြန်ထောင် တက်လာတယ်ပေါ့...။ တောင်စွယ်မရှိတာကလွဲရင် အရင်တခါ ထရိုစွန်းမှာတုန်းက မြင်ဖူးထားတာနဲ့အတူတူပါပဲ။

လူတွေကလည်း အဲဒီတုန်းက အတိုင်းပဲ။ မေးမိတဲ့လူအတော်များများ ဟန်းနီမွန်းလာသူတွေ၊ တခါမှ မရောက်ဖူးလို့ တသက်တခါ ရောက်ဖူး အောင်ဆိုပြီး လာကြည့်သူတွေအတော်များပါတယ်။ နော်ဝေအပြင် ဖင်လန်၊ ဆွင်ဇလန်၊ နယ်သာလန်၊ ဂျာမဏီ၊ ပြင်သစ်၊ အီတလီ. အတော်စုံပါတယ်။ ဥရောပတိုက်ထဲကလူတွေများပါတယ်။ အမေရိကားနဲ့ အာရှဖက်ကလူတွေကို သိပ်မတွေ့မိပါဘူး။ လေယဉ်တွေ မပြေးသေးလို့လည်းဖြစ်နိုင်ပါတယ်။ 



အရင်တခါတုန်းကတော့ ရုံးက ကင်မရာအကြီးစားနဲ့ရိုက်တာ၊ အခုက ကင်မရာအသေးနဲ့၊ ထရိုင်ပွတ်လည်း မပါဘူးဆိုတော့ ရိုက်ရတာ သိပ်အားမရ။ တချိန်လုံး ဓာတ်ပုံပဲရိုက်နေပြီး အခုမှ ဗွီဒီယို ရိုက်တာဆိုတော့ လက်က သိပ်မသွက်။ ပုံသက်သက်နဲ့မဖြစ်သေး။ အင်တာဗျုးကလည်း လိုက်မေးရသေးတယ်။ တာဝန်အရမဟုတ်ပေမယ့် ဝါသနာက မနေနိုင်ဘူး။ ဒါပေမယ့် ကိုယ်ကသာ အဲလိုမှတ်တမ်းရိုက်ပြီး ပြန်လွှင့်ဖို့စိတ်ကူးနေတာ၊ ဟို ဆရာနှစ်ယောက်က FB ကနေ လိုက်ဖ် လွှင့်နေလို့ စကားတောင်ပြောမအားဘူး။

အဲဒီလို သန်းခေါင်းယံရောက်တဲ့အချိန်ကျမှ ပင်လယ်ထဲမှာ အပျော်စီးလှေ ၃-၄ စီး ဘယ်ကနေ ရောက်လာမှန်းမသိ။ ဟိုး…အောက်ကနေ လက်ပြ နှုတ်ဆက်နေလေရဲ့...။ နေမဝင်ညရဲ့ သဘာဝတရားကတော့ အတော်ကိုလှပါတယ်။ မပြောပြတတ်အောင်လှပပြီး မရေးပြတတ်အောင် ရိုမက်တစ် ဆန်နေပါတယ်။

ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ ပြဇတ်ထဲက စကားလုံးတွေလည်း ဒီနေရာမှာ သုံးစားမရတော့ဘူးနဲ့တူပါတယ်။ -တောင်စွယ်မှာ နေကွယ်ရင် ဒီလူကို သတ်စေ...၊ တောင်ထိပ်ကြာပေါက်ပြီး အနောက်က နေထွက်မှ ငါ့ကို မင်းတို့ဖမ်းနိုင်မယ်...ဆိုတာတွေ ဒီနေရာမှာ ဘယ်သုံးစားလို့ ရတော့မလဲ။

ပြီးတော့ ကျောင်းစာအုပ်တွေထဲမှာပါတယ်မို့လား... နေထွက်ရာအရပ်သည် အရှေ့၊ နေဝင်ရာအရပ်သည် အနောက်။ အခုတော့... နေက မဝင်ပဲနဲ့ ပြန်ထောင်တက်လာတယ်ဆိုတော့ အဲဒီနေရာကို အနောက်လို့ခေါ်မလား၊ အရှေ့လို့ ခေါ်သင့်သလား...။ နေဟာ အရှေ့ကထွက်ပြီး အနောက်မှာဝင်တယ်ဆိုတာကို ထာဝရ အမှန်တရားလို့ထင်ထားပေမယ့် အခု တော့ ဘာတွေမှန်းမသိတော့ဘူး။ ကိုယ်နေတဲ့နေရာ၊ နိုင်ငံ၊ တိုက်လောက်ကိုပဲ ကြည့်ပြီး အမှားအမှန်ဆိုတာကို သတ်မှတ် လို့မဖြစ်ဘူး။ ကိုယ်နေရာမှာ အမြဲမှန်နေတယ်ထင်ရတဲ့ အရာတခုဟာ အခြေားနေရာမှာ မှန်ချင်မှ မှန်မယ်ဆိုတာကို စဉ်းစားမိလာစေပါတယ်။




အင်း... သန်းခေါင်းယံမှာ အတွေးချော်ရင်းနဲ့ အရုဏ် တက်တော့မယ်။ အရုဏ်တက်ဆိုမှ... အရုဏ်တက်ချိန်မှာ ဆွမ်းခံကြွတဲ့ ကိုရင်လေးတွေ၊ အရုဏ်တက်ချိန်မှာ ဆွမ်းဘုန်းပေးတဲ့ ဘုန်းတော်ကြီးတွေလည်း ဒီနေရာမှာဆို ဘယ်လိုလုပ်ကြမလဲ...။ နေမွန်းမတည့်ခင် ဆွမ်းကပ်ရမယ်၊ နေလွဲညစာ မစားရဆိုတာတွေကော နေမဝင်တဲ့နေရာ၊ နေမထွက်တဲ့နေရာတွေမှာ ဘယ်သုံးလို့ဖြစ်တော့မလဲ...။

နေ ထန်းတဖျားလောက်ရောက်မှ အိပ်ယာထကြတာပေါ့ ဆိုပြီး သွားလုပ်နေလို့လည်း မဖြစ်သေး။ သစ်ပင်တောင် မရှိဘူးဆိုမှ ထန်းပင်က ဘယ်လိုရှိမလဲ။ (အအေးပိုင်းဒေသမှာ ထန်းပင်၊ အုန်းပင်တွေ မရှိပါ)။ နေမဝင်ဘူးဆိုတော့ မအိပ်ကြတော့ဘူးလား။ ဒီလိုလည်း ဘယ်ဖြစ် မလဲ။ ၁၂ နာရီခွဲလောက်ကြတော့ ဒီနေရာမှာ လူသိပ်မကျန်တော့ဘူး။ တောင်အောက်ပြန်ဆင်းသူ၊ ဟိုတယ်ကားတွေဆီပြန်ပြီး ဝင်အိပ်သူ စသဖြင့်ပေါ့။ 

ကိုယ်တွေက ဘာလုပ်မှာလဲ... ည ၁ နာရီလောက်မှ တဲ ထိုးရအူးမယ်။ လေကလည်း တိုက်သမလားမမေးနဲ့။ တဲ ပစ္စည်းတွေ လေနဲ့အတူ လွှင့်ပါမသွားအောင် မနည်းထိမ်းနေရတယ်။ တောင်ထိပ်က ကွင်းပြင်မှာ သစ်ပင်မရှိသလို မြက်ခင်းလည်းမရှိဘူး။ ကျောက်စရစ်ခဲတွေပဲ ရှိနေပါတယ်။ တဲထိုးပြီး ကြိုးဆိုင်းတဲ့အခါ သံငုတ်တွေကို အဲဒီကျောက်တုံးတွေကြား ဝင်အောင် စိုက်ရတာ သိပ်မလွယ်ဘူး။ ဒီလောက် သာယာနေတာကို တညလုံး ထိုင်ငေးနေသင့်တာပေါ့။ ဒီတည မအိပ်လို့ ဘာဖြစ်မှာလဲ...၊ မွေးကတည်းက ညစဉ် အိပ်လာတာ ဘယ်နှစ်ညရှိနေပြီလဲ..။

-မလုပ်နဲ့ အူးလေး...မနက်ဖန် မနက်စောစောထပြီး ကားမောင်းရအူးမယ်-။ …အင်း...  ဒီလိုနဲ့ ၆ ရက်တာ ခရီးစဉ်ဟာ (ကီလိုမီတာ ၂၀၀၀ ကျော်၊ အပြန်ပါပေါင်းရင် ကီလို ၄၅၀၀-ခန့်) မြောက်ပိုင်းအငူမှာ အောင်မြင်စွာ ပန်းဝင်။ ရာသီဥတုကလည်း လုံး၀ ကွက်တိ။ နေရောင်အပြည့်နဲ့ သန်းခေါင်ယံနေကို မြင်လိုက်ရပြီ မဟုတ်ပါလား။ အရင် နှစ်ကြိမ် အောင်မြင်စွာဆုတ်ခွာခဲ့ရဖူးလို့ ဒီတကြိမ်မအောင်မြင်ရင်ဒုက္ခ ...ဆိုတဲ့ စိတ်ပူမှုလည်း အခုမှ တကယ်ပျောက်သွားပါတော့တယ်။ 

လူ အဟာရရှိဖို့အပြင် စိတ်အဟာရရှိဖို့အတွက်လည်း ဒီလို စိတ်ကူးတည့်ရာတွေ လျောက်လုပ်ကြည့်အူးမှပေါ့...။ စိတ် လွတ်ကိုယ်လွတ် ခရီးသွားခြင်းဆိုတာ ဒါမျိုးကိုခေါ်တာဖြစ်မယ်။ ၆ ရက်လုံးလုံး အအိပ်ပျက်- အစားပျက် ပင်ပမ်းခဲ့ပေမယ့် အခုတော့ အဲဒါတွေ အားလုံး ပျောက်သွားပြီ။

တသက်မှာတခါ ရောက်ဖို့မလွယ်တဲ့နေရာကို အခု တကယ်ရောက်ခဲ့ပြီပေါ့။ အောင်မြင်ခြင်း အထိမ်းအမှတ်အနေနဲ့ လက်ကျန် ယာမကာ အကုန်လုံးကို အပြောင်ရှင်းပြီး အောင်ပွဲခံ-အော်ဟစ်။ သဘာဝတရားကြီး လှချက်ကတော့ တကယ်ရက်စက်တယ်။ စာနဲ့ရေးပြ၊ ပုံနဲ့ ရိုက်ပြဖို့ မလွယ်လောက်အောင်ကို လှလွန်းနေတဲ့ မြင်ကွင်းတခုပါလို့စဉ်းစားရင်း နေမဝင် ညရဲ့ ရိုမင့်တင့် နေရောင်အောက်က တဲငယ် ထဲမှာ အိပ်ပျော်သွားပါတယ်။.    ။
..............................................


......................



..........................................





.........................



...............

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More