Sunday, August 23, 2020

ကမ္ဘာ့မြောက်ဖျားအငူ North Cape သို့ခရီးသွားခြင်း (၂)

Nord Norge နှင့် Arctic Circle 66.33 N များဆီသို့


မိုးဖွဲဖွဲအောက်က ပလစတစ်တဲထဲ ကွေးလိုက်တာ မနက် ၆ နာရီအထိ တရေးပဲရပါတယ်။ တော်သေးတယ် ၃ ယောက်စလုံး ဘယ်သူမှ အကျယ်ကြီးမဟောက်တတ်လို့၊ ဒါမှမဟုတ် ဟောက်တဲ့သူက သူတို့ထက်အရင်စောပြီး အိပ်ပျော်သွားတာကြောင့် ဘာအသံမှမကြားရတာလဲဖြစ်နိုင်ပါတယ်။ ပြသာနာက အိပ်ယာနိုးနိုးခြင်း အိမ်သာသွားလေ့ရှိတဲ့အကျင့်။ ကိုယ့်အိမ်မှာကိုယ်နေတဲ့အချိန် ပြသာနာမရှိပေမယ့် အခုလို အများသုံးအိမ်သာဆီပြေးရမယ်၊ တဲ ထိုးထားတဲ့နေရာနဲ့ အိမ်သာက ၂ မီနစ်လောက် လမ်းလျောက်ရမယ်။ အနောက်တိုင်းဆန်ဆန် အိပ်ထားတာဆိုတော့ အပြင်မထွက်ခင် အ၀တ်ဝတ်-ဖိနပ်စီးချိန်က ကြာအူးမယ်။




ကံ ကဆိုးချင်တော့ အိမ်သာရောက်ချိန်မှာ ညက ဘယ်သူတွေများပြီ အားပေးသွားလဲမသိပါ။ အိမ်သာ ၂ လုံးမှာ တလုံးက သုံးလို့မရတော့ဘူး။ အံဖတ်တွေ၊ တစ်ရှုးစတွေ၊ မစင်တွေနဲ့ပိတ်နေလို့ မနေ့ကပြောခဲ့တဲ့ ကောင်တာမှာထိုင်တဲ့ ဆယ်ကျော်သက်ကောင်မလေးနဲ့ သန့ှ်ရှင်းရေးလာလုပ်တဲ့ ကောင်မလေးတယောက်က စွယ်တာ အင်ကျီကို နခေါင်းအပေါ်အထိဆွဲတင်ပြီး အိမ်သာရှင်းဖို့ကြိုးစားနေပါတယ်။ ကိုယ်ကလည်း ဒီမှာ မအောင့်နိုင်တော့ဘူး။ သူ့တို့ကို ၀င်မကူနိုင်ပဲ ဘေးခန်းဝင်လို့ရလားလို့မေးပြီး ချီးစော်နံနေတဲ့ကြားကပဲ မလွယ်ထားနိုင်တဲ့ကိစ္စကို မျက်နှာပူပူနဲ့ အမြန်ရှင်းခဲ့ရပေါ့။

မနက်စောစော အိမ်သာအကြောင်းပြောနေတယ်ဆိုပြီး အပြစ်တင်မစောပါနဲ့။ မြန်မာပြည်က ကလေးတွေဆို ဒီလိုလုပ်ပါ့မလား၊ ဒီလိုတာဝန်ယူပါ့မလားဆိုတာ စဉ်းစားမိလို့ပါ။ သူတို့မှာ မလုပ်ပဲနေလည်း နေပိုင်ခွင့်ရှိတာပဲလေ။ ခုနက နွေရာသီအလုပ်ဆင်းတဲ့ ကျောင်းသူလေးတွေအကြောင်း နည်းနည်းထပ်ပြောရမယ်ဆိုရင် ဒီမှာက ဇွန်-ဇူလိုင်-သြဂုတ် နွေရာသီ ၃ လအတွင်း အလုပ်သမားအတော်များများက ဟောလီးဒေးယူပြီး ခရီး ထွက်ကြပါတယ်။ ဒီတော့ အဲဒီနေရာတွေမှာ (ကျောင်းပိတ်ချိန်လည်းဖြစ်တော့) ကျောင်းသား-ကျောင်းသူတွေက အချိန်ပိုင်း အလုပ် ၀င်လုပ်ကြပါတယ်။ နွေရာသီ ယာယီအလုပ်ဆိုတော့ အခွန်ပေးစရာမလိုဘူး။ တလ- ၄၅ ရက်လေက်လုပ်ထားတဲ့ လုပ်အားခက ကျောင်း သားတွေအတွက် အများကြီးအထောက်အကူဖြစ်ပါတယ်။

ငွေရတာအပြင် စိတ်ဓာတ်အရလည်း မိဘကိုအားမကိုးဘူး၊ ကိုယ်ဘာသာ ၀င်ငွေရှာနိုင်တယ်ပေါ့...။ (ကျောင်းလခနဲ့ အသုံးစရိတ် အတွက်လည်း အစိုးရ ကချေးပေးတဲ့ ကျောင်းချေးငွေရှိပါတယ်။ အလုပ်ရမှ ပြန်ဆပ်နိုင်တဲ့အတွက် မိဘကို သိပ်အားကိုးစရာမလိုပါ)။ အနောက်တိုင်းမှာ ဒီလိုအစဉ်အလာ ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ လူငယ်အတော်များများက မိဘတွေဆီကနေပဲ လက်ဖြန့်တောင်းနေကြဆဲဖြစ်ပုံရပါတယ်။ -အလုပ်ဟူသမျှ ဂုဏ်ရှိစွ- ဆိုတာ စာရွက်ပေါ်မှာပဲရှိပြီး လက်တွေ့မှာတော့ ဒီလို အောက်ခြေသိမ်းအလုပ်ကို ကျောင်းသား လူငယ်တွေ လုပ်နေတာမျိုး မတွေ့မိသေးပါဘူး။

အဲ…မနက် စောစော အိမ်သာအရှုပ်တော်ပုံအပြီးမှာတော့ ကော်ဖီသောက်-မနက်စာ စားပေါ့။ အဲ- မနက်စာက ဘာမှရှိတာမဟုတ်ဘူး။ နီးနီးနားနား လဖက်ရည်ဆိုင်တွေ၊ မုန့်ဟင်းခါးဆိုင်တွေလည်း မရှိဘူးဆိုတော့ ခုနကကောင်တာမှာ နော်ဝေ ခေါက်ဆွဲဗူးကိုမှာပြီး ရေနွေးနဲ့ပြုတ်သောက်ပေါ့။ နော်ဝေ ခေါက်ဆွဲက ချိစ်ပါတဲ့အတွက် ထိုင်းကလာတဲ့ မားမားခေါက်ဆွဲထက် ပိုအဟာရရှိတယ်ဆိုပါတယ်။ ဒါပေမယ့် မြန်မာအများစုကတော့ အာဟာရထက် လျှာအရသာနောက်ပဲလိုက်ပြီး စားကြတယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။

ဒါပေမယ့် ကိုမင်းမင်းကတော့ မရဘူး။ ထမင်းစားရမှ ကားမောင်းနိုင်မှာတဲ့။ မနေ့ညက ကျန်နေတဲ့ ထမင်းကိုနွေးပြီး အမြန်စား။ ညက အိပ်ထားတဲ့ တဲကို အမြန်သိမ်း၊ တဲ သိမ်းတာမြန်ပေမယ့် အိပ်ယာလိပ် Sovepose ကို ပုံစံဝင်အောင်ခေါက်ပြီး အိတ်ထဲပြန်ထည့်ရတာ အတော် လက်ဝင်ပါတယ်။ အားလုံးပြီးတော့ မနက် ၉ နာရီ။ ဒီနေ့အတွက် ကီလို ၄၆၀ ၀န်းကျင်ရှိ နော်ဗစ် Narvik မြို့ဆီ အရောက်မောင်း ရမယ်တဲ့။ ကိုမင်းမင်းနဲ့ ကိုကျော်သူကင်းတို့က GPS ထောက်ပြီးပြောနေပါတယ်။ ကိုယ်က နောက်ခန်းက ထိုင်လိုက်တဲ့ ခရီးသည်လိုဖြစ် နေတယ်ဆိုတော့ အင်း- အင်း ပေါ့...။

လမ်းတလျောက်မှာ ဘယ်လိုစိတ်ဝင်စားစရာနေရာရှိလဲ.ဆိုတော့..၊ ဘာမှကြိုကြည့်ထားတာ မရှိဘူး။ စိတ်ဝင်စားမယ်ထင်ရတဲ့နေရာမှာ ကားထိုး ရပ်ပြီးဝင်ကြည့်ကြတာပေါ့တဲ့။ အင်း...ဒီလူတွေအကြောင်း နည်းနည်းမိတ်ဆက်ပေးရအူးမယ်။ တကယ်ဆို တခါမှ အတူခရီးမသွားဖူးတဲ့ လူ ၃ ဦးပေါင်းပြီး အတူသွား-အတူစား-အတူအိပ် ၁၀ ရက်လောက်ခရီးအတူသွားဖို့ဆိုတာ သိပ်လွယ်တာမဟုတ်။ ကိုမင်းမင်းက ကရင်ပြည်နယ် ဖက်က။ အရင်က နှစ်ခါလောက်ပဲတွေ့ဖူးပြီး ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံခရီးစဉ်မှာမှ အတူသွားဖူးတာ။

တခါ ကိုကျော်သူကင်းကိုလည်း တနယ်တည်းသား ပုလောမြို့က လွှတ်တော်အမတ်ရဲ့သားမှန်း သိပေမယ့် အော်စလိုမှာ နှစ်ခါလားမသိဘူး၊ ဒီလောက်ပဲတွေ့ဖူးပါတယ်။ အဲလို အချင်းချင်း သိပ်မသိကြသေးတဲ့သူ ၃ ဦးပေါင်းပြီး ခရီးထွက်လာတော့ အခုမှ တဦးအကြောင်း တဦးလေ့လာနေရတာ...။

ထူးတာကတော့ သူတို့ နှစ်ယောက်စလုံးက ဆံပင်ရှည်ကိုစည်းထားတဲ့ လူငယ်စတိုင်ဖမ်းထားသူတွေပေါ့။ အသက်ကွာတာက ပြသာနာမရှိဘူး။ သွားချင်တဲ့နေရာ၊ နားချင်တဲ့နေရာတူနေရင် ပြီးတာပဲမဟုတ်လား။ သူတို့ကတော့ ပြောပါတယ်၊ စိတ်တူကိုယ်တူမဟုတ်ရင် ခရီးသွားဖို့မလွယ်ဘူး။ မနက် ကားပေါ်တက်တာနဲ့ သွားချင်တဲ့နေရာကို တယောက်မျိုးပြော၊ အထူးသဖြင့် အခုလို ၁၀ ရက်လောက်သွားရမယ့် မြောက်ပိုင်းခရီးဆိုရင် ပိုဆိုးပေါ့။ ကြားဖူးသလောက်ဆိုရင် အဲဒီမြောက်ပိုင်းကိုသွားရင်းနဲ့ ဝေးလွန်းလို့ဆိုပြီး Nordkapp အထိ မသွား တော့ပဲ လမ်းတ၀က်ရှိ ကျွန်းတွေမှာလည်း နေမ၀င်တဲ့ညကို ကြည့်နိုင်သားပဲဆိုပြီး ၃ ရက်မောင်းခရီးလောက်ကနေ လှည့်ပြန်လာကြသူ တွေရှိတယ်ဆိုပါတယ်။

ကိုယ်တွေထဲမှာတော့ လှည့်ပြန်ချင်တဲ့သူ မရှိလောက်ပါဘူး။ ကျနော်နဲ့ ကိုကျော်သူကင်းက ဒီဖက်ကို ကားနဲ့တခါမှ မရောက်ဖူးသေးပေမယ့် ကိုမင်းမင်းက ဒီခရီးကို လွန်ခဲ့တဲ့ ၁၀ နှစ်က ကားမောင်းပြီး တခေါက်သွားဖူးထားတယ်ဆိုပါတယ်။ ဒါပေမယ့် ဆယ်နှစ်ဆိုတော့ လမ်းကအများကြီးပြောင်းသွားပြီ။ သူလည်း GPS နဲ့ ဂိုဂယ်ကိုပဲ အားကိုးနေရပုံရပါတယ်။ သူက ကျနော်တို့ထက် အသက် ၁၀ နှစ်ကျော်ငယ်တဲ့အပြင် နော်ဝေစကားကလည်း အတော်ကောင်းပါတယ်။ ဒီမှာက နော်ဝေလိုပြောမှ ပိုအဆင်ပြေပါတယ်။ အင်္ဂလိပ်လိုပြောနေရင် တော်ရုံနဲ့လိုရင်းမရောက်ဘူး။ ပြီးတော့ သူက ထိုင်းလိုလည်း အတော် -ကိန်- ပါတယ်။ ကရင်လိုလည်း ရတယ်။ သွက်သွက်လက်လက်လည်း ရှိတယ်ဆိုတော့- ခရီးစဉ်တလျောက် သူ့ကိုပဲ အဓိက ရှေ့တန်းတင်ထားရတယ်ပေါ့။


ဒီလူတွေက လမ်းတလျောက်က စိတ်ဝင်စားဘွယ်လေ့လာစရာနေရာကို ကြိုကြည့်မထားဘူးလို့သာဆိုတယ်။ သဘာဝပတ်ဝန်းကျင် နည်းနည်းလှတာမြင်တာနဲ့ တယ်လီဖုန်းထုတ်- တခါတည်း ဖေ့စ်ဘုတ်ကနေ လိုက်ဖ် တင်တော့တာပါပဲ။ အဲလိုလုပ်နေတုန်း Wow ဆိုပြီး Nord Norge ဆိုတဲ့ ဆိုင်းဘုတ်အကြီးကြီးတခု လမ်းမကြီးကိုဖြတ်ပြီး တင်ထားတာတွေ့လိုက်ရပါတယ်။ ဘေးနား ကြည့်လိုက်တော့ ကားရပ်တဲ့နေရာနဲ့ အိမ်သာ၊ ပြီးတော့ အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်။ ဒါဆို ကားရပ်ပြီး လေ့လာရေးဝင်သင့်တာပေါ့...။

မြောက်ပိုင်းခရီးထွက်လာတာ ၃ ရက်ရှိနေပြီ၊ အခုမှ နော်ဝေမြောက်ပိုင်း ဧရိယာကို စတင်ဝင်ရောက်တာတဲ့။ နော်ဝေကလည်း မြန်မာပြည် မြေပုံလိုပါပဲ။ အရှေ့နဲ့အနောက်ကိုဖြတ်သွားရင် နီးနီးလေး၊ အခုက တောင်နဲ့မြောက်ကိုဖြတ်သွားနေတာဆိုတော့ ဧရာဝတီမြစ်ကို အလျားလိုက် ကူးသလိုကြီးဖြစ်နေလေမလား...။ ရန်ကုန်ကနေ ထွက်လာတာ အခုမှ မန္တလေးကျော်ရုံလေး၊ သွားရမယ့်ခရီးက ပူတာအိုအထိ ဆိုပါတော့...။

ကျန်တာ နောက်မှစဉ်းစား၊ လောလောဆယ် အိမ်သာတက်၊ ကော်ဖီသောက်၊ အမှတ်တရပစ္စည်းဆိုင်ထဲ ဟိုငေး-ဒီငေး လုပ်ပြီး ခရီးဆက်ရဦးမယ်။ မြောက်ပိုင်းရောက်လေ- ခုနကပြောတဲ့ ဟိုတယ်ကားတွေက ပိုများလာလေ။ ဒီကလူတွေအားလုံး အလုပ်မလုပ်ပဲ ဟောလီးဒေးချည်း ထွက်နေကြလား မသိပါဘူး။ သတင်းတွေထဲဖတ်မိသလောက်ဆိုရင်တော့ ဒီနှစ်ကွန်ဗစ်ဖြစ်နေလို့ နော်ဝေအတော်များများ အပြင်ကို (ပြည်ပခရီး) ခရီးမသွားပဲ ပြည်တွင်းမှာပဲ၊ အထူးသဖြင့် အခုကျနော်တို့သွားနေတဲ့ မြောက်ပိုင်းအရပ်ဆီ သောင်းနဲ့ချီ သွားနေကြတယ်လို့ဆိုပါတယ်။ ကျနော်တို့လိုပဲ အိမ်စီးကားတွေနဲ့ ၃-၄ ဦးသွားနေကြသလို ဟိုတယ်ကားတွေနဲ့သွားနေသူတွေကလည်း မနည်းလှပါဘူး။

အဲကားတွေက ဈေးကြီးတယ်။ ခရိုနာ ၇ သိန်း (အမေရိကန်ဒေါ်လာ တသိန်းဝန်းကျင်) နီးပါးရှိတယ်။ ငှားမယ်ဆိုရင်တော့ တရက် နှစ်ထောင်ထက် မပိုဘူးတဲ့... ကားအကြောင်းကျွမ်းကျင်တဲ့ ဆ၇ာသမား နှစ်ဦးကပြောပါတယ်။ အာ့ဆို မဆိုးဘူး... ဟိုတယ်ခကလည်း တရက် ၂၀၀၀-လောက်ကျတယ်ဆိုတော့ နောက်တခါသွားရင် ဟိုတယ်ကားတွေကိုပဲ ငှားစီးရအောင်လို့.. ပြောဖြစ်ကြပါသေးတယ်။ အခု တော့ မငှားနိုင်သေး၊ ကိုယ့်ကားကိုယ်မောင်း... Narvik ရောက်အောင် သွားရအူးမယ်။

လာပြန်ပြီ- နောက်တနေရာ။ တနာရီကျော်ထပ်မောင်းပြီးချိန် သစ်ပင်တွေမရှိတဲ့တောင်ကုန်းပေါ်မှာ ရေခဲတွေကျန်နေပြီး လှလှပပ ဖြစ်နေတဲ့အတွက် ကားခနရပ်- ဓာတ်ပုံရိုက်- လိုက်ဖ်လွှင့်ပေါ့။ ကားရပ်မယ့်နေရာက ကျဉ်းကျဉ်းလေးဆိုတော့ ဖြတ်သွားတဲ့ ကားတွေက ကိုယ်တွေကို ကွက်ကြည့်ကွက်ကြည့်လုပ်သွားလေရဲ့။ ကားပေါ်ပြန်တက်ပြီး ၅ မီနစ်မောင်းလိုက်တာနဲ့ Wow ဆိုပြီး အာတိတ်စက်ဝိုင်း ယာဉ်ရပ်နားစခန်း Arctic Circle 66.33 N ဆိုတာကိုတွေ့တော့မှ ဒီလူတွေ အာတိတ်စက်ဝိုင်းမှာမရပ်ပဲ ဘာလို့ လမ်းဘေးမှာရပ်နေသလဲဆိုပြီး ခုနကလူတွေ ကွက်ကြည့်၊ ကွက်ကြည့်လုပ်သွားတာဖြစ်မှာပေါ့။ ပြီးတော့ ၃ ဦးစလုံးက အာရှကလာတဲ့ ခေါင်းမဲတွေ။ အဖြူလည်းမပါ- အမည်းလည်းမပါ၊ အမျိုးသမီးနဲ့ကလေးလည်းမပါဘူးဆိုတော့ အများအမြင်မှာ နည်းနည်းထူးနေတဲ့ ခရီးသွားတွေ ဖြစ်နေပုံရပါတယ်။

မြောက်ပိုင်းခရီးစဉ်အတွင်း တွေ့သမျှနေရာထဲမှာ ဒီနေရာက အစည်ကားဆုံး နေရာတခုပါပဲ။ ကားတွေ ဒါဇင်နဲ့ချီ ရပ်ထားတာတွေ့ရပြီး အဝေးပြေး အကောင်းစား မော်တော်ဆိုင်ကယ်တွေကိုလည်း တွေ့ရပါတယ်။ လိပ်ခုံးပုံ (ဆောင်းတွင်း ခေါင်မိုးပေါ် ရေခဲတင်နေမှာ စိုးလို့ထင်) စားသောက်ဆိုင်နဲ့ပြတိုက်ထဲမှာလည်း လူတွေက အပြည့်။ တဦးနဲ့တဦး တမီတာ ကွာရဲ့လားတောင် သတိမထားမိတော့ပါဘူး။ ဗိုက်ဆာပြီဆိုတော့ ဟော့ဒွတ်နဲ့ ကော်ဖီကို အားပေးရပြန်ပေါ့။ ပြီးတော့မှ စားသောက်ဆိုင်နောက်က တောင်ကုန်းပေါ်တက်ပြီး ဓာတ်ပုံရိုက်ရပါတယ်။ 




ဒီကလူတွေလည်း တောင်ပေါ်မှာ စေတီတည်တာ စိတ်ဝင်စားလား မသိဘူး။ တောင်အမြင့်တွေ (တောင်ကတုံးတွေ) တိုင်းမှာ ကျောက်တုံးငယ်လေးတွေကို စေတီပုံစံလိုမျိုး တလုံးပေါ်တလုံး ထပ်တင်ထား ကြာတာကို တောင်အမြင့်တွေတိုင်းလိုလိုမှာတွေ့ရပါတယ်။ ဒီဒေသကို မြန်မာဘယ်နှစ်ဦးရောက်ဖူးသလဲ... ခုနက စားသောက်ဆိုင်ထဲရှိ ဧည့်မှတ်တမ်းထဲ ရှာကြည့်တော့ မတွေ့မိဘူး။ 

ဒီတော့ ကိုယ်တို့ ၃ ဦးရဲ့အမည်တွေကိုရေးပြီး မြန်မာနိုင်ငံကနေ ဒီအထိ ဒါရိုက်လာပြီး လေ့လာရေးဆင်းတဲ့ သူဌေးတွေလိုလို၊ ခရိုနီတွေလိုလိုနဲ့ နေရပ်မှာ ရန်ကုန်-မြန်မာဆိုပြီး ခပ်တည်တည် ဖြည့်ထားခဲ့ပေါ့။ ဘာပြောပြော မနေ့ကနဲ့စာရင်တော့ ခရီးက အတော်ပေါက်လာပြီ။ နော်ဝေမြောက်ပိုင်းဆိုတဲ့ ဆိုင်းဘုတ်လည်းတွေ့ပြီ၊ အာတိတ်စက်ဝိုင်း Arctic Circle 66.33 N ဆိုတာကိုလည်းတွေ့ပြီဆိုတော့ ကျနော်တို့ရဲ့ အဓိကပစ်မှတ် မြောက်ပိုင်းအငူ Nordkapp 71-N ကိုရောက်ဖို့ ၅ ဒီဂရီလောက်ပဲ လိုတော့တယ်ပေါ့...။
……………………

ချောင်းတွေ့ရင် ဇက်နဲ့ကူး၊ တောင်တွေ့ရင် ဂူဖောက်....
…..

၅ ဒီဂရီက စာရွက်ပေါ်မှာ သိပ်မဝေးပေမယ့် မြေပြင်မှာကတော့ နောက်ထပ် ကီလို ၈၀၀ လောက်သွားရဦးမယ်လို့ GPS မှာ ပေါ်နေပါတယ်။ ကျနော်တို့နောက်ထပ်သွားချင်နေတဲ့ ရုရှား-ဖင်လန်နယ်စပ်က ရှိကနက်စ် Kirkenes မြို့ကိုဆိုရင် ကီလို ၁၁၀၀ ကျော်ဆိုပြီး ပေါ်နေပါတယ်။ အင်း..မဖြစ်ချေဘူး။ မိုးကလည်းရွာနေဆဲဆိုတာ့ ဒီညပစ်မှတ် Norvik ကို ရောက်အောင် အမြန်မောင်းမှဖြစ်မယ်။ အမြန်မောင်းပါတယ်ဆိုမှ တနာရီ တောင်မကြာလိုက်ဘူး။ Skarberget မြို့မှာ လမ်းဆုံးသွားပြီ။ ကားတွေအားလုံး လှေ (ဇက်) နဲ့ ဟိုဖက်ကမ်းကို ကူးရမယ်တဲ့။ ဒီက ဇက်တွေက ရန်ကုန်-ဒလ ကူးတဲ့ ဇက်တွေနဲ့တခြားစီ။ မသိရင် သဘောင်္ကြီးပေါ် ကားတွေမောင်းဝင်သွားတဲ့အတိုင်း။ ရေထဲပြုတ်ကျမလားဆိုပြီး စိုးရိမ်စိတ် လုံးဝမဖြစ်မိ။ (ရန်ကုန်-ဒလ ကားတင်ပြီးကူးတဲ့ ဇက်တွေကိုလည်း ဒီလို အဆင့်မြှင့်နိုင်ရင် ကောင်းမယ်)





ရန်ကုန်-ဒလ ဇက်အကြောင်းစဉ်းစားရင်းနဲ့ ဇက် မှားစီးမိတော့မလို့...။ တကယ်က E6 လမ်းအတိုင်းမောင်းလာတဲ့ ကားတွေရော၊ E10 လမ်းအတိုင်းမောင်းလာတဲ့ကားတွေရော ဒီမှာလာဆုံကြတာ။ ဒါကိုကြိုမသိတော့ ပထမ တွေ့တဲ့ ဇက်ဆိပ်မှာပဲ ကားကိုထိုးရပ်လိုက်တာ ပေါ့။ ဇက်ပေါ်တက်ခါနီး အသေချာမေးကြည့်တော့မှ E6 ဆိုရင် ဟိုရှေ့က ဆိပ်ကမ်းကိုသွားပါ။ ဒါက E10-လမ်း၊ Lofoten ကျွန်းတွေဖက် ရောက်မယ်တဲ့။ ကိုယ်တွေက အဲဒီအချိန်အထိ Lofoten ကျွန်းတွေဆိုတာ ဘာမှန်းမသိသေး။ Nordkapp မှတပါး အခြားမသိဖြစ်နေဆဲ ပေါ့။ (တကယ်က အဲဒီ Lofoten ဖက်ကိုလည်း အတော်များများသွားလယ်ကြတယ်လို့ သိရပါတယ်)။

ဇက်က တနာရီနီးပါး စီးရပါတယ်။ ဒါပေမယ့် ပျင်းစရာမရှိပါဘူး- အပေါ်ထပ်တက်ပြီး သဘာဝအလှတွေကိုငေးမလား၊ ဒုတိယ ထပ်က စားသောက်ခန်းထဲဝင်ပြီး အဆာပြောတခုခုခုစားမလား။ နှစ်ခုစလုံးလုပ်မလား- ရတယ်လေ၊ ကို်ယ့်စိတ်ထဲမှာတော့ ရန်ကုန်မှာတုန်းကစီးဖူးတဲ့ ဒလ-ရန်ကုန် ကားတင်တဲ့ဇက်ကိုပဲ ပြေးမြင် မြင်နေမိပါတယ်။ အဲဒီဇက်မောင်းသူတွေက ခရီးသည်တွေကို အလေးမထားဘူး။ ခရီးသည်ပါတဲ့ကားတွေကို ကွန်တိန်ကားတွေများထင်နေလားမသိဘူး။ တစီးနဲ့တစီး ပူးကပ်ထားခိုင်းတာ ကားတံခါးတောင် ဖွင့်မရဘူး။ အတက်- အဆင်းလုပ်ရတဲ့နေရာကလည်း အနိမ့်အမြင့်မညီတော့ အတော်ဒုက္ခများပါတယ်။ စိတ်ထဲမှာ လိုက်လာမိတာမှားပြီ။ လှိုင်သာဖက် ပြန်ပတ်မောင်းရင်တောင် ဟုတ်ဦးမယ်ပေါ့။ ဒီမှာကတော့ စိတ်ထဲ အဲလိုမဖြစ်မိ။ တနာရီလောက် ကားမောင်းသူ အနားယူနိုင်ပြီး သက်တောင့်သက်သာပါပဲ။

ဟိုဖက်ကမ်းကို ဇက်ဆိုက်ပြီး တနာရီလောက် ထပ်မောင်းပြီးတဲ့အခါမှာတော့ ဒီည စခန်းချမယ့် နော်ဗစ်မြို့ကိုရောက်ပါပြီ။ ဒီဒေသမှာ အတော်စည်ကားတဲ့ ဆိပ်ကမ်းမြို့ကြီးဖြစ်ပါတယ်။ အချိန်က ည ၈ နာရီလောက်ရှိပြီဆိုတော့ ဗိုက်က တကွိကွိ အော်နေပြီ။ ဘယ်နား စခန်းချရမှန်း မသိသေး။ ဂိုဂယ်ခေါက်ပြီး ဟီတာ ရှာတော့ မြို့နဲ့ မီနစ် ၂၀ ကျော်မောင်းရတဲ့နေရာမှာ စခန်းတခုတွေ့ပါတယ်။ အင်း- အဲဒီအထိမောင်းပြီမှ ထမင်းချက်မယ်ဆိုရင်တော့ ငါတို့ ဒီညမလွယ်ဘူး။ ဒီမြို့မှာပဲ အာရှဆိုင်တခုခု ရှာပြီး အရင်ဗိုက်ဖြည့်မှဖြစ်မယ်ပေါ့။ လမ်းတလျောက်မြို့တော်အတော်များများမှာ တရုတ်ဆိုင်၊ ထိုင်းဆိုင်တွေ တွေ့မိပေမယ့် မြန်မာထမင်းဆိုင်တော့ မတွေ့မိသေးပါဘူး။ မြန်မာနိုင်ငံဆီ နော်ဝေတွေ သိပ်မရောက်ဖူးသေးလို့ မြန်မာ အစားအစာဆိုင်တွေ နော်ဝေမှာ မပေါက်သေးတာလား၊ မြန်မာအစားအစာကိုယ်တိုင်က အဆီတွေများလွန်းလို့ အနောက်တိုင်းအကြိုက် မဖြစ်သေးတာလား...။ အင်း... နောက်မှ ဆက်ဆွေးနွေးရအောင်၊ ... လောလောဆယ်တော့ တရုတ်ဆိုင်ကိုသာမောင်းပေတော့ ဆရာရေ။

တရုတ်ဆိုင်ဆိုလို့- အခုနောက်ပိုင်း ဂျက်မတို့လို ကမ္ဘာကျော် တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေပေါ်နေချိန်မှာတောင် နော်ဝေရှိ တရုတ်ဆိုင်တွေက ပေသီးတွက်နည်းနဲ့သွားနေတုန်း။ ဟုတ်တယ်လေ- ဘယ်ဆိုင်ဝင်ဝင် အင်တာနက် ဖရီးဖွင့်ပေးထားတဲ့ခေတ်မှာ ဒီဆိုင်က အင် တာနက်မရှိဘူး။ ဖွင့်ပေးထားရင် ဘယ်လောက်ထပ်ကုန်မှာမို့လဲ။ ၀င်စားတဲ့ခရီးသည်တွေလည်း စိတ်ချမ်းသာပြီး နောက်တခါ ထပ်လာ မှာပေါ့။ အခုတော့ ဒီဆိုင်တော့ပြီ- နောက်တခါမလာတော့ဘူး- စိတ်ထဲ ဒီလိုဖြစ်သွားပါတယ်။ ဂျက်မနဲ့တွေ့မှ တရုတ်တွေ ပေသီးတွက် ခေတ်ကနေ ကွန်ပြူတာခေတ်စဉ်းစားပုံဆီပြောင်းပေးပါဆိုပြီး ပြောရအူးမယ်။

ထမင်းစားပြီးထွက်လာတော့ အဲဒီဆိုင်ရှေ့နားမှာတင်ရှိတဲ့ ဒီမြို့မှာ အကြီဆုံးဟိုတယ်ဖြစ်ပုံရတဲ့ ၁၂ ထပ်ရှိ Scandic ဟိုတယ်ရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်။ ပြီးတော့- ခရီးသည်များပြီး ဟိုတယ်ခန်းတွေ အလွတ်မရှိတော့လို့ မတည်းလိုက်ရသောဟိုတယ်- ဆိုပြီး FB တင်။ မရယ်နဲ့လေ- သတင်းလိုက်နေတာမဟုတ်ဘူး။ ဟောလီးဒေးသွားနေတာဆိုတော့ ဒီလိုလည်း တခါတလေ စိတ်လွတ်ကိုယ်လွတ် လျောက်လုပ်အူးမှပေါ့...။

အဲလို ၂၀၀၀ ကျော်တန် ဟိုတယ်ရှေ့မှာ ဓာတ်ပုံရိုက်ပြီး တကယ်လာတည်းတဲ့ ဟီတာက ၇၀၀ တန်။ (၇၀၀ လည်း ဒေါ်လာ ၁၀၀ လောက်ရှိပါတယ်) အာရှအစာ စားလာပြီးပြီဆိုတော့ ထမင်းချက်စရာမလိုတော့ဘူး။ ဒါပေမယ့် မနက်ဖန်အတွက် ရက်ဒီဖြစ်နေအောင် မီးဖိုရတုန်း ချက်ထား မယ်တဲ့- ကိုမင်းမင်းကပြောပါတယ်။ ကိုယ်ကတော့ ရေချိုးခန်းရတုန်း နံနေတဲ့ အတွင်းခံဘောင်းဘီနဲ့ တီရှပ် တချို့ကို အမြန်လျှော်မှ ဆိုပြီး ရေချိုးခန်းထဲဝင်ပါတယ်။ ပြီးတော့ ရေချိုးခန်း နံရံတွေနဲ့ ကုတင်ခြေရင်းမှာ တိုးလိုးတွဲလောင်းလှန်းပေါ့။ တကယ်က ဒီလို လုပ်ခွင့်မရှိဘူးဆိုပါတယ်။ နော်ဝေလိုဆို အီကယ်-လော (Ikke Lov) ပေါ့။ လျှော်ချင်ရင် မနေ့ကတွေ့ခဲ့တဲ့ အ၀တ်လျှော်စက်တွေထဲ ထည့်လျှော်ခဲ့ရမှာတဲ့၊ အဲမှာ အခြောက်လှန်းစက်ပါ ပါတယ်ဆိုပါတယ်။ ကိုယ်ကတော့ မြန်မာဆန်ဆန်လေး- ဖြစ်သလိုတွေးပေါ့...။



(ဟီတာ အကြောင်းနည်းနည်းပြောရဦးမယ်။ Hytter ကို မြန်မာလို တဲ လို့အလွယ် ဘာသာပြန်ပေမယ့် တကယ်က မြန်မာပြည်က တဲလိုမျိုးတော့ မဟုတ်ပါ။ ဟိုတယ်၊ မိုတယ်တွေလို ၀န်ဆောင်မှုမပါ၊ စားသောက်စရာမပါတဲ့ သာမန်တည်းခိုဆောင်လို့ ပြောသင့်ပါတယ်။ ဘန်ဂလိုပုံစံ မြေစိုက်ဆောက်ထားတဲ့ တဲတလုံးစီမှာ ကုတင်၊ မီးဖိုချောင်၊ အိမ်သာ၊ ရေချိုးခန်းပါ ပါတယ်။ တချို့အဆောင်တွေက အိပ်စရာ ကုတင်ပဲပါပြီး ရေချိုးခန်း- အိမ်သာကို အများသုံးနေရာမှာ သွားသုံးရပါတယ်။ ဒီ ဟီတာတွေက ဟိုတယ်၊ မိုတယ်တွေလို အမြဲတန်းဖွင့်ထားတာမဟုတ်ပဲ အခုလို ဟောလီးဒေးရာသီမှာ ခုနက Camping Car နဲ့လာသူတွေ၊ ကိုယ်ပိုင်ကားနဲ့လာပြီး လမ်းကြုံလို့ ၀င်တည်းသူတွေအတွက် အဓိကထားတာ ဖြစ်ပါတယ်။)

အခု ကျနော်တို့ရတဲ့အခန်းက ၄ ယောက်အိပ်အခန်း။ နေရာက သိပ်မကောင်းဘူး (မနေ့ကလို ကန်စပ်တွေ၊ ချောင်းစပ်တွေလို ရှုခင်းမကောင်းဘူး)။ သစ်ပင်တွေကြားက ကွင်းပြင်တခုမှာ။ ၁၅ ပေလောက်ကျယ်တဲ့အခန်းထဲမှာ ၂ ထပ်ပါတဲ့ ကုတင်နှစ်လုံးရှိပါတယ်။ ပြီးတော့ တီဗွီ၊ ဆက်တီတစုံ၊ ထမင်းစား စားပွဲတစုံ၊ လျှပ်စစ်မီးဖိုနဲ့ အံဆွဲထဲမှာ အိုး-ခွက်-ပန်းကန် အစုံပါ ပါတယ်။ ဒီနောက်ဖက်မှာတော့ ရေချိုးခန်းနဲ့ အိမ်သာပါတဲ့အခန်းကလည်း ၈ ပေလောက်ရှိပါတယ်။ ကုတင်ပေါ်မှာ စောင်နဲ့ ခေါင်းအုံးလည်းထားပေးထားပါတယ်။

ဒါပေမယ့် အစွပ်တွေမပါဘူး။ ဒီမှာတည်းတဲ့လူတွေမှာ အစွပ်တွေပါတယ်။ ဒါမှမဟုတ် ဒီကဟာတွေကိုမသုံးပဲ ကိုယ်မှာပါလာတာတွေပဲသုံးတယ်။ ဒီကပစည်းတွေကို လက်ယာမပျက် ဒီတိုင်းပြန်ထားပေးရတယ်ဆိုပါတယ်။ ကိုယ်တွေမှာက အိပ်ယာလိပ်တခုပဲပါတာ။ ဒီတော့ ခေါင်းအုံးပေါ် မျက်နှာသုတ်ပုဝါတင်ပြီး အိပ်ပေါ့။ နောက်နေ့မနက် အခန်းပြန်အပ်ချိန်မှာ သန့်ရှင်းရေးလုပ်ရမယ်။ ကိုယ် အခန်းထဲ စ၀င်တဲ့အချိန်က ရှိတဲ့အတိုင်း ပြန်လုပ်ပေးခဲ့ရမယ်တဲ့...။

ဒါပေမယ့် ဘယ်သူကမှ လာစစ်တာမဟုတ်ဘူး။ ကောင်တာမှာထိုင်တဲ့လူက ညနေက တချက်ပဲလာပြီး ပြန်သွားပြီ။ ဒီမှာ အားလုံး ဧည့် သည်တွေချည်းပဲ။ ကိုယ့်ပြန်ထွက်တဲ့အချိန်မှာ အခန်းသော့ကို ကောင်တာက စာတိုက်ပုံးထဲ ထည့်ထားခဲ့ရမှာ။ ဒီတော့ အခန်းမရှင်းပဲ ထွက်သွားရင် ဘယ်သူကသိမှာလဲ။ အိုး-ခွက်-ပန်းကန်တွေ မဆေးပဲထားခဲ့ရင် ဘယ်သူက သိမှာလည်း။ ကိုယ်လည်း နောက်တခေါက် ဘယ်တော့ရောက်မယ်မှန်းမသိ။ သူ့လည်း ကိုယ်ကိုမှတ်မိတာမဟုတ်။ ငွေချေတာလည်း ခရက်ဒစ်နဲ့မဟုတ်ပဲ ငွေသားပေးထားတာပဲဟာ -သူဘယ်လိုက်ရှာမလဲပေါ့...။

တခါစားမလုပ်နဲ့ အူးလေး။ နိုင်ငံကြီးသား ပီသပါ။ ဒီလို အခကြေးငွေနဲ့ငှားတဲ့ ဟီတာကို မပြောနဲ့။ လူသူအရောက်နည်းတဲ့ တောတောင် တွေထဲက ဟီတာတွေမှာလည်း ဒီလိုပဲ ပစည်းတွေထားပေးထားတယ်။ စနစ်တကျသာ လုပ်သွားပါ။ သင်က မလုပ်ဘူးဆိုရင် နောက်လူတွေ ဒုက္ခရောက်မယ်။ ကိုယ့်ကြောင့် တခြားသူ ဒုက္ခမရောက်ပါစေနဲ့ပေါ့...။ ကိုယ့်တာဝန်ကိုယ်ယူတဲ့ စနစ်လေးက ဒီမှာ မူကြိုကတည်းက ပါလာကြတယ်ဆိုပါတယ်။ ကိုယ်တွေဆီမှာတော့ ဒီလို အပျော်သွားတည်းတဲ့နေရာ ထားလိုက်တော့။ ဒုက္ခရောက်လို့ အလားကား ပေးတည်းတဲ့ ဘုန်းကြီးကျောင်းက ကွာရင်တင်းစခန်းတွေမှာတောင် ဖြစ်သလိုလုပ်ထားခဲ့တဲ့ ဓာတ်ပုံတွေကို မကြာခဏ မြင်နေရဆဲ မဟုတ်ပါလား...။
………………

Fjord ရေလက်ကြားက နော်ဝေမှာပဲ ရှိတာလား...
------------------------

မြန်မာပြည်အကြောင်း ယှဉ်ယှဉ်ပြီး စဉ်းစားရင်းနဲ့ ခရီးက ရှေ့ကိုသိပ်မရောက်ဘူးဖြစ်နေပြီ။ မင်းမြောက်ပိုင်းအငူကလည်း အခုထိ မရောက်နိုင်သေးဘူးလားဆိုပြီး ပရိသတ်က ထအော်တော့မယ်။ ခဏတော့ သီးခံပါ အူးလေး...။ (၉ ရက်တောင် ကားမောင်းပြီးသွားထားရတယ်ဆိုတော့ ၃ ရက်တပုဒ်နှုန်းနဲ့ ၃ ပိုင်းတော့ သီးခံပြီးဖတ်ပေါ့...)။ ဒီနေ့ Narvik-နားဗစ် နဲ့ Alta -အာလ်တာ- ကြားခရီးစဉ်ကိုတော့ ခပ်ကျဉ်းကျဉ်းရေးမှဖြစ်တော့မယ်။ ဒီနေ့ ၄ ရက်မြောက်ခရီးစဉ်က နောက်ထပ် ကီလို ၆၂၀ ကျော်ထပ်မောင်းရမယ့် Alta -အာလ်တာမြို့ဆီ။ အဲဒီရောက်ပြီးမှ မြောက်ပိုင်းအငူကို တခါတည်းတက်မလား၊ ရုရှားနယ်စပ်ဖက်သွားမလား... ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာ...။






ဒီနေ့ကမဆိုးဘူး။ မိုးနည်းနည်းပါးသွားပြီး နေရောင်ပြပြလေး မြင်လာနေရပြီ။ အခြေအနေက ကိုယ်ဖက်ပါလာနေပြီပေါ့။ ဒီဖက်မှာ သမင်လေးတွေကို စတွေ့ရတယ်လို့ထင်ပါတယ်။ နော်ဝေနိုင်ငံက အဝေးပြေးလမ်းအတော်များများမှာ -သမင်တွေ လမ်းဖြတ်ကူးတဲ့နေရာရှိသည်- သတိထားမောင်းပါ- ဆိုတဲ့ သမင်ပုံပါတဲ့ ဆိုင်းဘုတ်တွေ တွေ့ရလေ့ရှိပါတယ်။ ဒီဖက်မှာတော့ ဆိုင်းဘုတ်အပြင် သမင်အရှင်လတ်လတ်တွေ လမ်းကူးနေတာကိုပါ တွေ့လာရပါတယ်။ မြောက်ဖက်ကျလေ ပိုတွေ့ရလေလို့ ဆိုပါတယ်။ ဘာကြောင့်လဲဆို တော- တောင်တွေက သစ်ပင်နည်းပြီး မြက်ခင်းတွေချည်းများနေလို့လို့ ထင်ရတာပါပဲ။

တကောင်လောက် ကားနဲ့ဝင်တိုက်ပြီး သမင်သား မျည်းကြည့်မလား.ဆိုတော့.. သွားမလုပ်နဲ့အူးလေး... အဲဒါ ပြစ်မှုအတော်ကြီးတယ်တဲ့...။ ရေကန်ဘေးမှာတွေ့နေရတဲ့ ဘဲလေးတွေကိုတောင်မှ ဘာမှလုပ်လို့မရတာ- ဒီလိုဘေးမဲ့ပေးထားတဲ့ အကောင်ကြီးဆိုရင်တော့ အင်း- ထောင်ဘယ်လောက်ချခံရမလဲ မသိဘူး။ နော်ဝေရောက်ရင် နော်ဝေလိုတွေးလေ... မြန်မာလိုချည်းပဲတွေး-တွေးနေတော့ သမင်တွေ လည်း ကိုယ်တွေကိုကြောက်လို့ ထွက်ပြေးကုန်ပြီနဲ့တူပါတယ်။

မြန်မာလိုမတွေးနဲ့ဆိုပါမှ မြန်မာနဲ့နိုင်းယှဉ်ပြောစရာတွေကလည်း တခုပြီးတခုပေါ် ပေါ်လာနေပြန်ပါတယ်။ ခုနက ထရိုးဟိန်းမြို့အလွန် မြောက်ပိုင်းခရီးစဉ်စတင်ကတည်းက လမ်းအသစ်တွေပြင်ထားတာတွေ့ရပါတယ်။ ကျနော်တို့ ရေး-ထားဝယ် ကားလမ်းက မလွဲတောင်ကို ဖြိုပြီး လမ်းအကွေ့အကောက်တွေကို အဖြောင့်ပြန်လုပ်ထားတဲ့ ပုံစံမျိုးပေါ့။ ဒါပေမယ့် ဒီမှာက နည်းပညာမြင့်လို့လား မသိဘူး။ တောင်ကို မဖြိုပဲ ဂူဖောက်လိုက်တာ အတော်များပါတယ်။ အခု ဒီနေ့သွားမယ့်ခရီးစဉ်မှာဆိုရင် ဒီလမ်းတလျောက် ဂူတွေအများဆုံး ဒေသလို့ဆိုပါတယ်။

မြန်မာပြည်မှာတော့ ကျောက်တွေက နော်ဝေလို သက်တန်းမရင့်သေးတဲ့အတွက် ဂူဖောက်ရခက်တယ်။ ပြိုကျ နိုင်ခြေများတယ်လို့ ကြားဖူးပါတယ်။ (နေပြည်တော်-မြိုင် ၀န်းကျင်းရှိ စစ်သုံးလိုင်ဂူတွေက လွဲရင်ပေါ့)။ ဒီက လှိုင်ဂူတွေက အချို့နေရမှာဆို ၈ ကီလိုလောက်အထိရှည်တယ်။ ဂူ ထဲရောက်နေတုန်း မီးပျက်သွားရင် ဘယ်လိုလုပ်မတုန်းတဲ့...။ ကိုမင်း မင်းက ကားမောင်းရင်းနဲ့ နောက်ပါတယ်။ နွေရာသီဆိုတော့ တချို့ဂူတွေက ပြန်ပြင်နေတာတွေရှိတယ်။ ဂူတခုဆိုရင် လမ်းအတော်ဆိုးပါတယ်။ မြန်မာပြည်မှာဆို လျှပ်စစ်မီးက ခဏခဏပျက်နေတော့ ဒီလိုဂူတွေနဲ့ဖြစ်ပါ့မလားပေါ့...။

နော်ဝေဟာ ဂူတွေများတဲ့အပြင် ကမ္ဘာ့အရှည်ဆုံလှိုင်ဂူဆိုပြီး ၂၄.၅၁ ကီလိုကျော်နဲ့ စံချိန်ချိုးထားတဲ့ Lærdal Tunnel ဆိုတဲ့ လှိုင်ဂူတခု တောင်ပိုင်းက ဒုတိယမြို့တော် ဘာဂင်ဆီသွားတဲ့လမ်းပေါ်က Aurland ဒေသမှာရှိပါတယ်။


ဓာတ်ပုံ- (https://www.oglaend-system.com/news/latest-news/top-10-world-s-longest-road-tunnels-article25715-832.html)
သီချင်းတွေဖက် လှည့်ရအောင်။ ကားမောင်းလာတာ ၄ ရက်ရှိပြီဆိုတော့ သီချင်းတွေကလည်း ထပ်နေပြီ။ စိုင်းထီးဆိုင်၊ ခိုင်ထူး၊ ခင်မောင်တိုး၊ ထူးအိမ်သင်၊ ဇော်ဝင်းထွတ်၊ လေးဖြူ၊ အာဇာနည်၊ ၀ိုင်းဝိုင်း၊ မျိုးကြီး၊ ဇော်ပိုင်၊ ဝေလ၊ စိုင်းစိုင်း- အတော်စုံနေပြီ။ တနေ့ ၈ နာရီလောက် ကားပေါ်ထိုင်နေတယ်ဆိုတော့ တနာရီတယောက်နှုန်းနဲ့တောင် အဆိုတော်က တရက် ၈ ယောက်ရှိနေပြီ။ အထူးသဖြင့် ကားမောင်းနေစဉ် အိပ်မငိုက်အောင် သီးချင်းနားထောင်ပါတယ်ဆိုမှ တချို့သီချင်းတွေက ခံစားချက်ကို ဆွဲခေါ်သွားပြီး ငိုက်သလိုလို ဖြစ်သွားလေရဲ့။ နောက်ဆုံးတော့ ကိုမင်းမင်း ဘယ်ကရှာလာလဲ မသိဘူး။ (အားလုံးက စီဒီတွေ၊ ယူအက်စ်ဘီတွေနဲ့ဖွင့်တာမဟုတ်ဘူး။ အွန်လိုင်း ကနေ တိုက်ရိုက်ရှာဖွင့်တာ) နေ၀င်းရဲ့ -ဆွေမျိုးပါမေ့- ဆိုတဲ့ ဟစ်ဟွတ်နဲ့တွေ့မှ နည်းနည်း အိပ်ငိုက်ပြေသွားပါတယ်။

အိပ်ငိုက်ပြေချိန်မှ ဖုန်းက ၀င်လာပါတယ်။ ကိုဇော်ဝင်းလွင်ဆီက (သူပုန်ကျောင်းသား စာအုပ်ထဲက ABSDF ဗဟိုကော်မီတီဝင်ဟောင်း၊ အခု ရောင်ချည်ဦး အလုပ်သမားရေး ဆောင်ရွက်နေသူ) သူတို့လည်း မြောက်ပိုင်းကိုသွားနေတယ်။ အခု Lofoten ကျွန်းတွေဆီ ရောက်ခါနီးပြီတဲ့။ ဟ- ဘယ်နားလဲ လိုဖိုတယ်၊ ခင်ဗျားတို့က Nordkapp မလာဘူးလားဆိုတာ့... ဝေးလွန်းလို့တဲ့။ မိသားစုလည်းပါလို့၊ ကားမောင်းတဲ့သူကလည်း တယောက်တည်းဆိုတော့ ကျနော်တို့လို တရက် ကီလို ၆၀၀ မမောင်းပဲ ၃၀၀ လောက်ပဲ မောင်းနိုင်တယ်တဲ့...။

အင်း- တကယ်က သူတို့မိသားစု မြောက်ပိုင်းသွားနေမှန်း ကြိုမသိဘူး။ FB တင်ထားတဲ့ပုံတွေအရ ကျနော်တို့ အာတိတ်စက်ဝိုင်းက ထွက်လာပြီး မကြာခင်မှာ သူတို့က အဲဒီမှာ ရိုက်ထားတဲ့ပုံတွေ တင်ထားတာတွေ့လိုက်လို့ မက်ဆင်ဂျာကနေ လှမ်းမေးထားလို့ သူက ဖုန်း ပြန်ခေါ်လာတာ။ သိတယ်မို့လား ခေတ်ကိုက။ ဘယ်သူ ဘာလုပ်နေလဲ ဆိုတာ စစ်မေးရင်ဖြေချင်မှဖြေမယ်။ ဒါပေမယ့် FB မှာ ပုံမတင်ရ ရင် မနေနိုင်တဲ့ခေတ်ဆိုတော့ စစ်မေးစရာမလိုဘူး။ နော်ဝေက အခြားမြန်မာအတော်များများလည်း အော်လီစွန်း၊ ဘာဂင်နဲ့ တောင်ပိုင်းက သိပ်လှတဲ့တောင်တန်းတွေ၊ ရေလက်ကြားတွေဆီ သွားလယ်နေကြတဲ့ပုံတွေ FB ပေါ်မှာ အများကြီး။

သူတို့လည်း နော်ဝေတွေလိုပဲ။ ပြည်ပ ထွက်မရလို့ ပြည်တွင်းမှာ ဟောလီးဒေးသွားနေသူတွေ။ အရင်နှစ်တွေကဆိုရင်တော့ ဒီရာသီမှာ မြန်မာနိုင်ငံက အမျိုးတွေဆီ ပြန်ရောက်နေချိန်ပေါ့။ မြန်မာပြည်အကြောင်း မတွေးဘူးဆိုပါမှ မြန်မာအကြောင်းက ပြန်ပြန်ပေါ်လာနေတယ်။ ဒီလိုပြောရင်းနဲ့ ကားက အတော်ခရီးပေါက်လာပြီ။ လမ်းတလျောက်မြင်ရတဲ့အကြောင်းတော့ သိပ်မပြောတော့ပါဘူး။ Alta -အာလ်တာမြို့ကို ၀င်ခိုင်းလိုက်ပါတော့မယ်။

ကံကောင်းထောက်မစွာနဲ့ ဒီမြို့မှာလည်း ဟီတာ အခန်းရပါတယ်။ နေရာက ပင်လယ်ကမ်းစပ်လေးမှာ။ ရောက်တဲ့အချိန်က ၇ နာရီဆိုတော့ နေသာနေတုန်း။ မြောက်ပိုင်းအတော်ရောက်လာပြီဆိုတော့ ဒီည နေမ၀င်လောက်တော့ဘူးထင်ပါတယ်။ အချိန်ရတုန်း ထမင်းချက် မလားဆိုတော့... မဟုတ်ဘူး။ ဒီနေ့ငှားမျှားမယ်တဲ့- ဆရာသမားနှစ်ဦးကဆိုပါတယ်။ ကောင်တာမှာမေးကြည့်တော့ ဒီနားမျှားလို့မရဘူး။ ဟိုး..မှာမြင်နေရတဲ့ အငူဖက်ကားမောင်းသွားပြီး အဲဒီမှာ မျှားပါတဲ့။ အင်း- ဒီဆရာသမားနှစ်ဦးကလည်း ငါးမျှားဝါသနာပါတာ အုံးမလီက ကရင်တိုင်းရင်းသားတွေအတိုင်းပဲ။ ကွာတာက ဟိုလူတွေက ငါးမျှားတိုင်း မိပြီး အိမ်က ရေခဲသေတ္တာထဲမှာ ငါးတွေအပြည့်။ ဒီ နှစ်ယောက်က ငါးမျှားတန်တကားကားနဲ့ အသေချာမျှားနေပေမယ့် အခုထိ တကောင်မှ မမိသေး။


ဟိုမှာ ငါးကင်ဖို့ မီးဖိုကအသင့်၊ ဘီယာကလည်း အသင့်။ ဒါပေမယ့် ငါးက မမိဘူးဆိုတော့ ကားနောက်ခန်းထဲက ဘလောင်ချောင်ဘူးတွေကိုပဲ ယူပြီး မြည်းခဲ့ရပေါ့။ -ငါးမမိလည်း ရေချိုးပြန်ပေါ့- ဆိုပြီး မြန်မာစကားပုံရှိပေမယ့် ဒီမှာတော့ အဲတိုင်း သွားလုပ်လို့မဖြစ်။ ရေက အတော်အေးတာ၊ လေကလည်း တိုက်နေသေး။ ဒီတော့ ဟီတာဘေးက ဆောင်နာကို (Sauna- ချွေးထုတ်ခန်း) ၀င်မှဖြစ်မယ်။ ဒီက ဟီတာက မနေ့ကလို မီးဖိုးချောင်နဲ့ ရေချိုးခန်းတွဲပြီးမပါဘူး။ ကောင်တာဘေးရှိ မီးဖိုချောင်ဘေးမှာ ရေချိုးခန်းရှိပြီး အမျိုးသား- အမျိုးသမီး ရေချိုးခန်းကြားမှာ ဆောင်နာရှိပါတယ်။

သူတို့ နှစ်ယောက်က ဆောင်နာထဲ ပူလွန်းလို့ မ၀င်ချင်ဘူးတဲ့။ ကိုယ်ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဖင်လန်နိုင်ငံဆီ သွားလည်ပြီး ကတည်းက ဆောင်နာကိုကြိုက်နေတာ။ ဖင်လန်က အိမ်တိုင်းလိုလိုမှာ ဆောင်နာရှိပေမယ့် နော်ဝေမှာက မရှိဘူး။ ဒီလို ဟီတာတွေ၊ ရေကူးကန်တွေ၊ ဟိုတယ်တွေမှာပဲရှိတာ။ (နော်ဝေ-ဒိန်းမတ်-ဂျာမဏီသွားတဲ့ သဘောင်္တွေပေါ်မှာလည်း ရှိပါတယ်)။ အလကားရတုန်း ၀င်ထားအူးမှ ဆိုပြီး ၀င်လိုက်တာ...။ အန်- အထဲမှာ စုံတွဲတတွဲက အ၀တ်ဗလာ သူ့ချည်းသာ...။



ဆောင်နာဝင်ပါတယ်ဆိုမှ ဘယ်သူက အ၀တ်ပါမှာလဲ...။ အားလုံး ကိုယ်တုံးလုံးဝင်ရတာမျိုး။ ဒါပေမယ့် သိတယ်မို့လား... အာရှက လာတဲ့လူတွေဆိုတော့ အတွင်းခံလေးတော့ ၀တ်ထားအူးမှပေါ့...။ အဲဒီ အသက်ကြီးစုံတွဲက အေးဆေးပဲ၊ လွတ်တဲ့နေရာမှာ ၀င်ထိုင်ပါပေါ့။ ကိုယ်က ရှက်ပြီး ကြောင်အန်းအန်း၊ ရပါတယ်- ခင်ဗျားတို့ ပြီးမှ ၀င်မယ်- ရေအရင်ချိုးလိုက်အူးမယ်ပေါ့။ (ဆောင်နာက ရေချိုး- ကိုယ်လက် သန့်စင်ပြီးမှ ၀င်ရတာ)

ခဏနေတော့ အဲဒီထဲက အမျိုးသားက ပြန်ထွက်လာပါတယ်။ ကျနော် ၀င်လို့ရပြီးလား ဆိုတော့- ရပြီ- ဒါပေမယ့် ငါ့ အမျိုးသမီးတော့ ကျန်နေသေးတယ်-တဲ့။ - ဟာ မလုပ်ပါနဲ့ အူးလေးရယ်-လို့ပြောပြီး သူ့အမျိုးသမီးမထွက်ခင်အထိ ရေချိုးခန်းဘေးမှာရပ်ပြီး စကားမရှိ စကားရှာပြောနေရပါတယ်။ တကယ်က သူတို့ဟာ နော်ဝေတွေ မဟုတ်ဘူး။ ဆွင်ဇလန်ကနေ Nordkapp အထိ တကူးတကာ့ လာလည်တာတဲ့။ အိမ်ထောင်သက် ၅ နှစ်ပြည့် ဟန်းနီးမွန်းလို့ ဆိုပါတယ်။

လေယာဉ်တွေမပြေးသေးလို့ ဟိုး…ဆွင်ဇလန်ကနေ Camping car တစီးနဲ့ ဂျာမဏီကိုဖြတ်၊ ဒိန်းမတ်ကိုဖြတ်ပြီး (ရှေ့မှာ တင်ပြခဲ့ဖူးသလို ဆွီဒင်က ပိတ်ထားဆဲဆိုတော့ ဒိန်းမတ်ကနေ နော်ဝေတောင်ပိုင်းဆိပ်ကမ်းကို ဇက်နဲ့ဖြတ်ကူး) စခရစ်စတာဆန်း ဆိပ်ကမ်းကနေ ဒီကိုမောင်းလာတာတဲ့။ WoW. ကိုယ်တွေက အော်စလိုနဲ့ Nordkapp အတော်ဝေးနေပြီဆိုပြီး ညီးနေတာ။ သူတို့က ဟိုး…ဆွိဇလန်ကနေတောင် ဒီအထိ ကားမောင်းပြီးလာတယ်တဲ့...။

ထွက်လာတာ ဘယ်လောက်ကြာပြီလဲ၊ ဆွင်ဇလန်မှာလည်း လှပတဲ့ တောတောင်တွေရှိတာပဲ မို့လားဆိုပြီး (စာရေးသူက လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ဂျီနီဗာကို တခေါက် ရောက်ဖူးပါတယ်) အတွန့်တက်မိပါတယ်။ ၁၀ ရက်လောက်ရှိနေပြီ၊ ခွင့်က ၆ ပတ် (၄၅ ရက်) ယူထားတာတဲ့၊ သေပြီ ဆရာ။ ကိုယ်တွေက ၁၀ ရက်ကို အတော်များနေပြီထင်တာ။

ပြီးတော့ သူကပြောပါတယ်။ -တောတောင် သဘာဝ အလှတွေ၊ ရေခဲလျှောစီးတဲ့ တောင်တန်းတွေ ဆွင်ဇလန်မှာနာမည်ကြီးပေမယ့် ပင်လယ်မရှိဘူး။ ကမ်းခြေမရှိဘူး။ အထူးသဖြင့် နော်ဝေမှာနာမည်ကြီးတဲ့ ရေလက်ကြား Fjord တွေ မရှိဘူးတဲ့...။ ကိုယ်လည်း သူပြောမှပဲ အသေချာ စဉ်းစားမိပါတယ်။ Fjord ဆိုတဲ့စကားလုံးက နော်ဝေမှာပဲရှိတယ်။ ရေလက်ကြားလို့ အလွယ်ဘာသာပြန်ပေမယ့် မြန်မာနိုင်ငံက ရေလက်ကြားတွေလိုမဟုတ်ဘူး။ ကျောက်တောင်ပေါ်ကနေ သဘာဝအတိုင်း စိမ့်ထွက်လာတဲ့ရေတွေက ချောင်းငယ်သဘောမျိုး စီးဆင်းရာကနေ ကျောက်တောင်တွေကြားမှာ ရှိနေတဲ့၊ စိတ်ကူးယဉ်ဆန်လှတဲ့ တောင်ပေါ်မြစ်-လို့ ခေါ်ရမယ်ထင်ပါတယ်။


(ဓာတ်ပုံ- https://authentic-scandinavia.com/themes/fjord-tours)


ကျောက်စိမ့်ရေဆိုပေမယ့် တကယ်ကတော့ ကျောက်တောင်တွေပေါ်က ရေခဲတွေအရည်ပျော်ပြီးဆင်းလာတဲ့ ရေတွေဖြစ်ဖို့များပါတယ်။ ဒီတော့ ချောင်းက စမ်းချောင်းသဘောမျိုးမဟုတ်ပဲ ပင်လယ်ကူးသဘောင်္တွေသွားနိုင်တဲ့အထိ ကြီးမား-ကျယ်ပြန့်တဲ့ ကျောက်တောင်တွေကြားက လှို့ဝှက်မြစ်များလို့ ခေါ်သင့်တယ်ထင်ပါတယ်။

ဒီလိုထူးခြားတဲ့ သဘာဝအလှတွေရှိတာကြောင့် ဥရောပတလွှားကလူတွေ (အခုချိန်မှာ ဥရောပပြင်ကိုလည် သွားခွင့်မရှိ၊ ဥရောပထဲမှာတောင် ဖွင့်လိုက်-ပိတ်လိုက်ဖြစ်နေ) နော်ဝေမြောက်ပိုင်းကို လာလယ်နေကြတာဖြစ်ပါတယ်။. ။

(ရုရှား-ဖင်လန် နယ်စပ်နဲ့ နေမ၀င်ညများရှိတဲ့ Nordkapp အကြောင်းကိုတော့ ရှေ့တပတ် စောင့်မျှော်တော်မူပါရန်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More