Wednesday, August 19, 2020

ကမ္ဘာ့မြောက်ဖျားအငူ North Cape သို့ ခရီးသွားခြင်း (၁)

 ကမ္ဘာ့မြောက်ဖျားအငူ North Cape သို့ ခရီးသွားခြင်း (၁)


Kjeragbolten ကျောက်ညှပ်တောင်ခြေကနေ အောင်မြင်စွာ ဆုတ်ခွာလာရလို့ စိတ်ပျက်နေစဉ်မှာ (ရှေ့ပိုင်း ဒေါ်အောင်ဆန်းစုကြည်ပန်းခြံသို့အသွား ဆောင်းပါးမှာ ပါခဲ့သူ) ကိုမင်းမင်းဆီက ဖုန်းဝင်လာပါတယ်။ ‘'နေမ၀င်အရပ် Nordkapp ကိုသွားမယ်၊ လိုက်မလား၊ ကျနော်တို့က ကားတစီးနဲ့ လူနှစ်ယောက်တည်းဖြစ်နေလို့ လိုက်ချင်လိုက်လို့ရတယ်’’ တဲ့။ အင်း... ဘယ်ငြင်းလို့ ကောင်းပါ့မလဲ...။ တကယ်ဆို ကိုယ်က မြောက်ပိုင်းက ထရိုစွန်းမြို့ကို လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က တခါရောက်ဖူးပြီးသား။ ဒီတော့ နွေရာသီ နေမ၀င်ညနဲ့စာရင် ဆောင်းရာသီ မြောက်ပိုင်းရောင်ခြည် Northing light (ဦးဝင်းတင်ကတော့ ဥတ္တရအလင်းလို့ ဘာသာပြန်ပါတယ်) ကို ပိုမြင်ချင်နေတာ။


ဒါပေမယ့် Nordkapp ဆိုတာ ယူနက်စကိုကသတ်မှတ်ထားတဲ့ သမိုင်းဝင်နေရာပဲ၊ ကိုယ်တယောက်တည်းသွားဖို့ဆိုတာ (လေယာဉ်နဲ့ မဟုတ်ပဲ ကားမောင်းပြီး လမ်းတလျောက်လေ့လာရေးသွားဖို့ဆိုတာ) သိပ်မလွယ်ဘူးဆိုတော့ အဖေါ်ရှိတုန်း လိုက်ရမှာပေါ့။ သူတို့ကလည်း ချက်ချင်းကြီး၊ မနက်ဖန် နေ့လည် ခရီးစမယ်။ ခင်ဗျားလိုက်ချင်ရင် နေ့လည် တနာရီအရောက် လီလီဟားမား Lillehammer ကို လာခဲ့ပါတဲ့။ ခရီးစဉ်က ချက်ချင်းကြီးဆိုသလို တောင်ဖက်စွန်းကနေ မြောက်ဖက်စွန်းကို ဦးတည်သွားပြီ။

လီလီဟားမားသွားဖို့ အင်တာနက်မှာ ရထားလက်မှတ်ရှာတော့ မရဘူး။ ထုံးစံအတိုင်း ရောင်းလို့ကုန်နေပြီတဲ့။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ဘတ်စ်ကား လက်မှတ်ရပါတယ်။ မနက်အစောကြီး အိပ်ယာထ၊ မထလို့မဖြစ်ဘူး။ အော်စလိုသွားတဲ့ အနီးဆုံး ဘတ်စ်ကားဂိတ်ကို အုံးမလီကနေ တနာရီလောက်ကားမောင်းရတယ်။ မနက် ၈ နာရီကားနဲ့လာတာ အော်စလိုရောက်တော့ ၁၁ နာရီကျော်ကျော်လေး။ ကံကဆိုးချင်တော့ ၁၁ နာရီ ၁၅ မှာ လီလီဟားမားသွားတဲ့ ရထားကို ကပ်လွတ်သွားပါတယ်။ မတတ်နိုင်ဘူး၊ တနာရီခွဲရထားကိုစောင့်ပေါ့။

ဒီလိုနဲ့ တနာရီကျော်ကျော်ရောက်မယ်ပြောထားတဲ့ခရီးက ၄ နာရီလောက်မှ ရောက်ပါတယ်။ ကိုမင်းမင်းနဲ့ ကိုကျော်သူကင်းတို့က သူတို့ကားပေါ် လိုအပ်တာတွေအကုန်တင်ထားပြီး ဘူတာမှာလာစောင့်နေပါတယ်။ ရထားဆိုက်တာနဲ့ မြောက်ပိုင်းခရီးစဉ် စပြီပေါ့။ နွေရာသီဆိုတော့ ည ၁၁ နာရီလောက်အထိ အလင်းရောင်ရှိနေသေးတယ်မဟုတ်လား။ ၂ နာရီလောက်မောင်းပြီးတာနဲ့ ဗိုက်ဆာပြီ- ကားခနရပ်ပြီး ထမင်းစားရအောင်တဲ့။ 

ထမင်းဆိုင်လည်းမတွေ့ပါဘူးဆိုတော့ ကားထဲမှာ အကုန်ပါတယ်တဲ့...။ အင်း... ထမင်းအိုးထဲမှာ ချက်ပြီးသား ထမင်းက ရက်ဒီ၊ ပြီးတော့ ငါးခြောက်- ၀က်သား ဘလောင်ချော်ကြော်တွေ၊ ၀က်သား အခြောက်ကြော်၊ ငါးပိ-တို့စရာ၊ အိုးခွက်-ပန်းကန်၊ ဇွန်း-ခရင်း အစုံ ကားနောက်ခန်းထဲကနေ ကိုမင်းမင်းကဆွဲချလာပါတယ်။ ရှေ့ခရီးစဉ်မှာ တင်ပြခဲ့ဖူးတဲ့အတိုင်း အဝေးပြေးလမ်းမဘေးမှာ ၁၀ ကီလိုလောက်အကွာအဝေးရောက်တိုင်း ခေတ္တအနားယူနိုင်ဖို့ ကား ၁၀ စီးလောက်ရပ်နိုင်တဲ့နေရာ၊ အိမ်သာနဲ့ စားပွဲခုံတွေ ထားပေးထားပါတယ်။ (ရန်ကုန်- မန်းလေး အမြန်လမ်းမှာလည်း ဒီလိုထားပေးရင်ကောင်းမယ်)။



အသင့်ပါလာတာတွေကို စားပွဲပေါ်တင်ပြီး ခပ်မြန်မြန်စားပေါ့။ မမြန်လို့မဖြစ်ဘူး၊ ကိုယ်တို့ရဲ့ မြန်မာဟင်းတွေက အနံ့ပြင်းတယ် မဟုတ်လား။ ဘေးနားမှာတော့ ခုနကရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ဟိုတယ်ကား- Camping Car ၃-၄ စီးက သစ်ပင်အောက်မှာ နေရာယူပြီး အေးဆေးစွာငြိမ့်နေလေရဲ့။ သူတို့က ဟိုတယ်ကားဆိုတော့ ကိုယ်တို့လို အပြေးအလွှားလုပ်စရာမလို။ ကားပေါ်မှာချက်၊ ကားပေါ်မှာစား၊ ကားပေါ်မှာအိပ်လို့ရတယ်ဆိုတော့ ဒီနေ့ ဘယ်ကိုရောက်မှဖြစ်မယ်ဆိုပြီး အသဲအသန်မောင်းစရာမလိုဘူး။ ရောက်တဲ့နေရာမှာ အေးဆေးအိပ်ပေါ့။ ကားပေါ်မှာ အကုန်ပါတာပဲ။

ကိုယ်တွေကတော့ ဒီည ထရိုဟိန်း (Trondhein) မြို့ကိုရောက်မှဖြစ်မယ်တဲ့။ အခုပဲ ည ၇ နာရီလောက်ရှိနေပြီ၊ ရောက်ပါ့မလားဆိုတော့ ၁၀ နာရီမထိုးခင်ရောက်ပါတယ်တဲ့- ပင်တိုင်ကားမောင်းသူ ကိုမင်းမင်းကပြောပါတယ်။ ဒီလိုနဲ့ ထရိုးဟိန်း အော်လီစွန်း (Alesund) လမ်းခွဲမြို့ ဒိုဘော့စ် (Dombås) ရောက်တော့ ၈ နာရီခွဲနေပြီ။ (ထရိုးဟိန်းနဲ့ မြောက်ပိုင်းက E6 လမ်းမကြီးအတိုင်း ဆက်မောင်းပြီး အော်လီစွန်းနဲ့ အဲဒီဝန်းကျင်ကမြို့တွေဆီတော့ E136 အတိုင်းမောင်းရပါတယ်)။ ဒီမြို့က ဒီလမ်းတလျောက်မှာ အစည်ကားဆုံးမြို့ဖြစ်မယ်။ ဓာတ်ဆီမှာ ခနရပ်၊ ကားဆီဖြည့်၊ လူလည်း ကော်ဖီဖြည့်ပေါ့။ ခုနက ဟိုတယ်ကားတွေအပါဝင် ခရီးသွားကားတွေ အတော်များများ ဒီမြို့မှာ ခနနားပြီး ကားဆီဖြည့်၊ လူအစာဖြည့်လုပ်နေတာ တွေ့ရပါတယ်။

ဒီမြို့ကနေ ထွက်တာနဲ့ တောင်တက်ခရီးစတာပါပဲ။ တောင်ပေါ်နည်းနည်းရောက်ပြီဆိုတာနဲ့ ရှေ့မှာပြောခဲ့တဲ့အတိုင်း ထင်းရှုးပင် အကြီးကြီးတွေမရှိတော့ပဲ အပင်ပုပုလေးတွေနဲ့ မြက်ခင်းတွေ၊ ကျောက်ဆောင်တွေပဲ ရှိပါတော့တယ်။ ခုနက ချောင်းရိုးတလျောက် မောင်းနေရာကနေ အခုတော့ တောင်ပေါ်ရောက်သွားပြီ။ တောင်ပေါ်အလှက တမျိုးလေး။ မြင့်မားတောင်တန်းတွေ၊ ရေကန်တွေ၊ ဟိုနားတကွက်-ဒီနားတကွက် ကွင်းပြင်တွေရှိပြီး ရှေ့မှာပြောခဲ့တဲ့ ဟိုတယ်ကားတွေကလည်း ဟိုနား ၃-၄ စီး၊ ဒီနား ၃-၄ စီး ရပ်ပြီး စခန်းချနေတာတွေ့ရပါတယ်။


(မြောက်ပိုင်းခရီးမှာ နေရာတိုင်းတွေ့ခဲ့ရတဲ့ Camping Car များ)

ည ၉ နာရီဝန်းကျင်ဆိုပေမယ့် လူတွေက အေးဆေး၊ ရေကန်မှာငါးမျှားသူ၊ ဟိုတယ်ကားမှာ ထမင်းချက်သူ၊ တောင်ကုန်းတွေပေါ် လမ်းလျောက်သူ၊ တောစီးစက်ဘီးနဲ့တောတိုးသူ စသဖြင့် လမ်းတလျောက်မှာ တွေ့တဲ့လူတွေက သူတို့ရဲ့ ဟောလီးဒေးရာသီကို နာရီမလပ် အသုံးချနေပုံရပါတယ်။ ကားလမ်းနဲ့အပြိုင် ဟိုဖက်နားမှာတော့ ရထားလမ်းတခုလည်း ရှိနေပါတယ်။ တောင်ပေါ် တက်လာပြီးကတည်းက လမ်းနည်းနည်းကျဉ်းတယ်လို့ ထင်ရပေမယ့် ထရိုးဟိန်းမ၀င်ခင် မြို့ငယ်တခုကနေစပြီး လမ်းက ၄ လမ်းသွားလမ်းမကြီးဖြစ်သွားပါတယ်။ ထရိုးဟိန်းက (အော်စလို-ဘာဂင် ပြီးရင်) တတိယမြို့တော် မဟုတ်ပါလား။

ည ၉ နာရီခွဲအတိမှာ မြို့ထဲစ၀င်ပါတယ်။ ဒီညစခန်းချမယ့် ကိုနိုင်ဇော်ဝင်းရဲ့ စူရှီဆိုင်ရောက်တော့ ၁၀ နာရီထိုးခါနီး။ သူက ဆိုင်ပိတ်ချိန်ကျော်နေပြီဖြစ်ပေမယ့် ကျနော်တို့ မရောက်သေးလို့ မပိတ်ပဲစောင့်နေတာတဲ့။ အားနာစရာကြီးလို့ပြောပြီး စူရှီတွေကို ညစာအဖြစ် အပီဆွဲခဲ့ပေါ့။ အရင် ပါဆယ်ရောင်းတဲ့ဆိုင်နေရာငယ်ကနေ အခုဆိုင်ကြီးအဖြစ်နေရာပြောင်းထားတာ မကြာသေးဘူး။ ထရိုးဟိန်းရောက်ရင် သူ့ဆိုင်မှာ အားပေးပါ၊ မြန်မာနိုင်ငံကလာသူတိုင်းကို ဖိတ်ခေါ်ပါတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနိုင်ဇော်ဝင်းပြောပါတယ်။

ကိုယ်တွေကတော့ မဖိတ်ခင်ကတည်းက ဒီည ခင်ဗျားဆီမှာ အိပ်မယ်ဆိုပြိး အတင်းအကျပ်ပြောထားပြီးသား။ ၁၁ နာရီလောက်မှာ ဆိုင်ကနေခွာ၊ သူစခန်းချတဲ့ အိမ်က ဧည့်ခန်းမှာ ကိုယ်တို့ ၃ ဦး တိုးပြီးကွေးပေါ့။ ကွေးဆိုမှ ကိုယ့်မှာခြုံစရာ စောင်ပါးလေး ပါလာပေမယ့် သူတို့လို အိပ်ယာလိပ် Sovepose မပါဘူး။ ပြီးတော့ အ၀တ်အိတ်ကြီးပါလာပေမဲ့ ပြီးခဲ့တဲ့ ၄ ရက်က ဆက်တိုက်ဝတ်ထားတာဆိုတော့ နည်းနည်းအနံထွက်နေပြီ။ ၀တ်စရာအသစ်က မကျန်တော့ဘူး။ မနက်ဖန် မနက် ခရီးထွက်တော့မှ ကုန်တိုက်ဝင်ပြီး ၀ယ်ကြတာပေါ့...။
———————

မြောက်ပိုင်းခရီးအစ ထရိုဟိန်းက...
------

မနက် ၉ နာရီလောက်မှာ ထရိုးဟိန်းကနေ စထွက်ပါတယ်။ ညက ၁၀ နာရီလောက်မှ ရောက်တယ်ဆိုတော့ မြို့ကို လှည့်ပတ်ကြည့်ဖို့အချိန်မရလိုက်ဘူး။ မနက်လည်း ခရီးကဆက်ရဦးမှာဆိုတော့ ဒီမြို့ကိုဖြတ်သွားရင်း ကြည့်တာထက်ပိုပြီး လေ့လာခွင့်ရမှာ မဟုတ်။ တကယ်ဆို ထရိုဟိန်းကို စာရေးသူ ပထမ ရောက်ဖူးတာ ၂၀၀၁ ခုနှစ်၊ မတ်လ ၈ ရက်ဆိုတော့ ၁၉ နှစ်တောင်ကြာခဲ့ပြီ။ ညဖက်ကြီး ရထားနဲ့လာတယ်လို့ မှတ်မိနေပါတယ်။ လာရတဲ့အကြောင်းက နော်ဝေကျောင်းသားသမဂ္ဂကချီးမြှင့်တဲ့ ကျောင်းသားငြိမ်းချမ်းရေးဆုကို ဗကသ ဥက္ကဌ မင်းကိုနိုင် (အဲဒီကာလက အကျဉ်းထောင်ထဲမှာ) ကရရှိတဲ့ပွဲကို သတင်းယူဖို့။


(ဓာတ်ပုံ- https://en.wikipedia.org/wiki/Trondheim)

မင်းကိုနိုင်ကိုယ်စား ဆုလက်ခံသူက AAPP က ကိုဘိုကြည်၊ ပြီးတော့ ဗကသ ကိုယ်စားလှယ် ကိုသားညွန့်ဦးနဲ့ ABSDF က ကိုမြင့်သူတို့ပါဝင်တာ သတိရနေပါတယ်။ ဆိုလိုတာက အဲဒီအချိန်ကလည်း ညနေခင်းရောက်ပြီး (ပွဲက ညနေပိုင်းကျင်းပ) မနက်ပြန်တာဆိုတော့ ထရိုးဟိန်းကိုလေ့လာခွင့်မရလိုက်ပါဘူး။ ကွာတာကတော့ အဲဒီအချိန်က မတ်လဆိုတော့ လမ်းမတွေပေါ် ရေခဲတွေရှိနေတုန်း၊ အခုက ဇူလိုင်ဆိုတော့ မြက်ခင်းတွေစိမ်းစိုလိုပေါ့။

ဆိုလိုတာက ဒီမြို့ဟာ မြန်မာ့နိုင်ငံရေးနဲ့ မစိမ်းဘူး။ မင်းကိုနိုင်တို့ ထောင်ကလွတ်တဲ့အချိန် ၂၀၁၂ မှာ နော်ဝေကို ပထမဆုံးအခေါက်ရောက်လာတော့လည်း ဒီမြို့ကနေ ခရီးစဉ်ကို စတင်ခဲ့တာပါပဲ။ ဒါပေမယ့် ကိုယ်ကတော့ အရင်တခေါက်ကလည်း ဒီမြို့ကို ညဖက်ရောက်ပြီး မနက်ပြန်သွားလို့ ဘာမှလေ့လာခွင့်မရလိုက်၊ အခုလည်း ဖြတ်သွားရုံထက် မပိုလှ။ ကွာတာဆိုလို့ လွန်ခဲ့တဲ့ ၁၉ နှစ်နဲ့စာရင် ဒီမြို့မှာ မြန်မာနိုင်ငံကရောက်လာသူတွေ ဒါဇင်နဲ့ချီရှိနေခြင်းပါပဲ။

ထရိုးဟိန်းကအထွက်မှာ အတိတ်ကရုပ်ပုံလွှာတွေကို စဉ်းစားရင်းနဲ့ ကားက ရှရိုဒဲ stjørdal မြို့ဆီရောက်လာပါတယ်။ မြောက်ပိုင်းခရီးက အခုမှ စတာ၊ မြောက်ဖက်အငူအထိ ကီလို ၁၆၀၀ ကျော်မောင်းရမှာ (အော်စလိုကနေဆို ၂၀၀၀ နီးပါး) ဆိုတော့ တရက်ကို ကီလို ၅၀၀ အနည်းဆုံးမောင်းနိုင်မှ နောက် ၄ ရက်အတွင်း အဲဒီကိုရောက်မယ်။ ကိုယ်တွေက နေမ၀င်အရပ်အပြင် နော်ဝေ-ရုရှား-ဖင်လန် နယ်စပ်ကိုလည်း သွား ချင်နေသေး။ ရာသီဥတုကလည်း သိပ်ကောင်းတာ မဟုတ်။ တောင်ပိုင်းကပြန်လည်ပြီးကတည်းက မိုးကကပ်ပါလာတာ ထရိုးဟိန်းလွန်တဲ့အထိ မိုးက ရွာနေတုန်း။ မိုးရွာတော့ ခရီးက သိပ်မတွင်၊ အဲဒီထက် အရေးကြီးတာက မြောက်ဖက်အငူရောက်ချိန်မှာ မိုးရွာနေရင် သေပြီဆရာပဲ။ မိုင် ၂၀၀၀ ကျော်မောင်း ပြီး နေမ၀င်ညတွေ၊ မြောက်ပိုင်းအလှတွေ ဘာမှမမြင်ရပဲ ဒီတိုင်းပြန်လာရမှာ။

ကျောက်ညှပ်တောင်ခရီးစဉ်ကနေ အောင်မြင်စွာဆုတ်ခွာဖူးထားပြီးပြီဆိုတော့ နောက်တကြိမ် ဒီလိုအဖြစ်ခံလို့ ဘယ်ဖြစ်တော့မလဲ။ ဒါပေမယ့် မိုးက တပတ်လုံးရွာမယ်၊ သောကြာနေ့ကျမှ မြောက်စွန်းအရပ်မှာ နေသာမယ်ဆိုပြီး yr.no နော်ဝေ မိုး-ဇလ က အသေချာပြောထားပါတယ်။ ကျနော်တို့မြောက်ပိုင်းခရီးစဉ် စတဲ့နေ့က ဇူလိုင် ၁၉ တနင်္ဂနွေ အာဇာနည်နေ့ကြီး။ အခု ပထမ နေ့က တနလာင်္ဆိုတော့ ကြာသပတေးည သို့မဟုတ် သောကြာညမှာ မြောက်ဖက်အငူကိုရောက်ရင် အိုကေ ပေါ့။ မြေပုံကြည့်၊ ရာသီဥတု ဇယားကိုကြည့်ပြီး ဒီလို မှန်းထားခဲ့ပါတယ်။

လောလောဆယ်တော့ အိပ်ယာလိပ် Sovepose ၀ယ်ရမယ်။ ဒီနေ့ကစပြီး လမ်းမှာ တည်းဖို့၊ စားဖို့ မြန်မာအသိအိမ်တွေ မရှိတော့ပါ။ ဟိုတယ်တွေ၊ ဟီတာတွေကိုလည်း ကြိုတင် ဘိုကင်လုပ်ထားတာ (ဒီရာသီမှာက အားလုံး ဘိုကင်ပြည့်နေပြီ) မဟုတ်ဘူးဆိုတော့ လမ်းဘေး တဲ ထိုးအိပ်ရတော့မယ့်သဘောရှိပါတယ်။ ဒီလိုနဲ့ နောက်ထပ်မြို့ကြီးတမြို့ဖြစ်တဲ့ Steinkjer (စတိန်ရှား) မှာ ခဏရပ်ပြီး ကုန်တိုက်ထဲဝင်၊ လိုတဲ့ပစည်းတွေဝယ်ပေါ့။ ဒီဒေသမှာတော့ ဒီမြို့က အစည်ကားဆုံးနဲ့တူပါတယ်။ ဒီလောက် ကိုဗစ် ဖြစ်နေတဲ့ကာလမှာတောင် ကုန်တိုက်ထဲ တိုးမပေါက်ဘူး။ ယာမကာဆိုင်မှာ တန်းစီရတာ အကြာကြီး။

ယာမကာဆိုလို့ ဒီမှာက ယာမကာကို ရန်ကုန်မှာလို အလွယ်တကူ ၀ယ်လို့မရ။ Vinmonopolet လို့ ရေးထားတဲ့ ဆိုင်းဘုတ်ကို တွေ့အောင်ရှာရပါတယ်။ ဘယ်လိုရှာမလဲ...၊ ဂိုဂယ်နဲ့ GPS မှာရှာပြီး မြေပုံပြတဲ့အတိုင်း ကားမောင်းသွားပေါ့။ တနင်္ဂနွေဆို ပိတ်တယ်။ ကျန်တဲ့ရက်တွေမှာလည်း ရုံးချိန်ကို နည်းနည်းကျော်ပြီး ၆ နာရီအထိပဲရောင်းပါတယ်။ ဒီတော့ နော်ဝေမှာရှိတဲ့ စားသုံးသူတွေက ဇွဲရှိမှ၊ ကြိုတင်ပြင်ဆင်ထားနိုင်မှ။ ပြီးတော့ မြို့ငယ်ရင် ဒီလိုဆိုင်က မရှိပြန်ဘူး။ တောင်ပိုင်းခရီးစဉ်တုန်းကသွားခဲ့တဲ့ အုံးမလီမှာ ဒီဆိုင်မရှိလို့ အဲဒီမြို့ကလူတွေ တခြားမြို့ကြီးဆီသွားပြီး ၀ယ်နေရတယ်တဲ့။

အာ့-ဆို ရွာကလူတွေ ယာမကာ မမှီဝဲရတော့ဘူးလား။ ရတယ်လေ- ဘားတွေ၊ စားသောက်ဆိုင်တွေကိုသွားပေါ့။ အစိုးရဆိုင်မှာ ပုလင်းလိုက်ဝယ်တာတောင် ဒီလောက်ဈေးကြီးနေမှတော့ ဘားမှာသွားသောက်ရင် သေပြီပေါ့။ တခွက်-နှစ်ခွက်ထက် ဘယ် ပိုသောက်နိုင်မလဲ။ ဘီယာကိုတော့ ဈေးဝယ်စင်တာတွေမှာ အလွယ်တကူဝယ်နိုင်အောင် စီစဉ်ပေးထားပါတယ်။ ဒါလည်း ည ၈ နာရီကျော်သွားရင် မရတော့ပြန်ဘူး။ အင်း- ယာမကာ အကြောင်းပြောရင်းနဲ့ အဓိကပစ္စည်း အိပ်ယာလိပ် ၀ယ်ဖို့အရေးတောင် မေ့တော့မလို့...။

(ရုရှားနယ်စပ်ရောက် မြန်မာဒုက္ခသည် ၃ ဦး အိပ်ယာလိပ် Sovepose ကို အပီအပြင်အသုံးချနေပုံ)

ဂျက်ဒယ်နီ တလုံး ၄၀၀ ကျော်ကို သိပ်ဈေးများတယ်လို့ မထင်မိပေမယ့် မဖြစ်မနေလိုအပ်နေတဲ့ အိပ်ယာလိပ်တခု ၂၀၀ ကျော်ကိုတော့ ဈေးများလွန်းတယ်ဆိုပြီး ထင်မိပြန်။ ပြီးတော့ ၀တ်စရာအ၀တ်က လျော်ပြီးသား မရှိတော့ဘူးဆိုတော့ တထည် ၉၉  ကျပ်တန် တီရှပ် ၃-၄ ထည်ဝယ်၊ တခါ ထမင်းချက်ဖို့လည်း ဟိုဟာ- ဒီဟာ ၀ယ်ရသေးတယ်လေ။ ဒီညနေကစပြီး ကြုံတဲ့နေရာမှာ တဲထိုးအိပ်မယ်၊ ကြုံသလိုစားမယ်ဆိုတော့ ရိက္ခာအစုံဖြည့်ထားမှပေါ့။

အဲဒီမြို့ကနေ ပြန်ထွက်လာတော့ တနာရီကျော်နေပြီ။ ဗိုက်လည်း ဆာလာပြီ၊ ခရီးက တ၀က်မကျိုးသေး။ ဓာတ်ဆီဆိုင်မှာ ကားရပ်ပြီး ဆီဖြည့်ရင်းနဲ့ ထမင်းချက်မလား...။ အာ- မလုပ်နဲ့အူးလေး... ရဲလာဖမ်းသွားအူးမယ်။ ဟော့ဒွတ်ဖြစ်ဖြစ်၊ ပီဇာဖြစ်ဖြစ် အဆာပြေတခုခု ၀ယ်စားကြတာပေါ့။ ကားမောင်းရင်း စားသွားလို့ရတယ် မဟုတ်ပါလား။ ထမင်းက ညနေမှ ချက်ကြတာပေါ့။ ဒါလည်း မြန်မာတွေရဲ့ ဒုက္ခတမျိုး။ နော်ဝေမှာနေတာကြာပြီဖြစ်ပေမယ့် အခုထိ ထမင်းစားရမှ။ ပေါင်မုန့်ပဲစားခွင့်ရရင် အားမရှိသလိုခံစားရနေရဆဲ။

မိုးကလည်းရွာ၊ အချိန်ကလည်း ညနေ ၅ နာရီဆိုတော့ ဒီနေ့အတွက် နားမှဖြစ်မယ်၊ စခန်းချဖို့နေရာရှာမယ်ဆိုပြီး ဂိုဂယ် ခေါက်လိုက်တော့ Bjerka (ဗျာရ်ကာ) မြို့အထွက် တံတားကြီးအနီးက စမ်းချောင်းလေးဘေးမှာ Camping စခန်းတခုတွေ့ပေါ့။ အဲဒီမှာ ဟီတာ Hytter ရရင် မဆိုးဘူး။ ကားရပ်ပြီး ၀င်မေးကြည့်ရအောင်...။

(Hytter ကို မြန်မာလို တဲ လို့အလွယ် ဘာသာပြန်ပေမယ့် တကယ်က မြန်မာပြည်က တဲလိုမျိုးတော့ မဟုတ်ပါ။ ဟိုတယ်၊ မိုတယ်တွေလို ၀န်ဆောင်မှုမပါ၊ စားသောက်စရာမပါတဲ့ သာမန်တည်းခိုဆောင်လို့ ပြောသင့်ပါတယ်။ ဘန်ဂလိုပုံစံ မြေစိုက်ဆောက်ထားတဲ့ တဲတလုံးစီမှာ ကုတင်၊ မီးဖိုချောင်၊ အိမ်သာ၊ ရေချိုးခန်းပါ ပါတယ်။ တချို့ အဆောင်တွေက အိပ်စရာ ကုတင်ပဲပါပြီး ရေချိုးခန်း- အိမ်သာကို အများသုံးနေရာမှာ သွားသုံးရပါတယ်။ ဒီ ဟီတာတွေက ဟိုတယ်၊ မိုတယ်တွေလို အမြဲတန်းဖွင့်ထားတာမဟုတ်ပဲ အခုလို ဟောလီးဒေးရာသီမှာ ခုနက Camping Car နဲ့လာသူတွေ၊ ကိုယ်ပိုင်ကားနဲ့လာပြီး လမ်းကြုံလို့ ၀င်တည်းသူတွေအတွက် အဓိကထားတာ ဖြစ်ပါတယ်။)

အခန်းလွတ်မရှိတော့ပါတဲ့...။ အခန်းတွေ လူပြည့်နေတဲ့အပြင် ရှေ့မှာပြောခဲ့တဲ့ ဟိုတယ်ကား- Camping Car တွေကလည်း ၀င်းတခုလုံးနီးပါးအပြည့်၊ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ ရေကန်လေးဘေးနားရှိ စားပွဲခုံဘေးနားမှာ မြက်ခင်းပြင်လေးတခု လွတ်နေလေရဲ့။ အဲမှာ တဲ ထိုးအိပ်မယ်ပေါ့။ 

ဒီတိုင်း အခမဲ့ တဲထိုးအိပ်လို့တော့မရဘူး။ ၁၉၉ ခရိုနာပေးရမယ်တဲ့။ နွေရာသီကျောင်းပိတ်ရက်မှာ Summer Job အလုပ်ဝင်နေပုံရတဲ့ ဟီတာ ကောင်တာရှိ ဆယ်ကျော်သက် ကောင်မလေးကပြောပါတယ်။ ၀န်ဆောင်မှု ဘာတွေရမလဲဆိုတော့ ကျနော်တို့တဲဆီ မီးကြိုးတချောင်းထိုးပေးမယ်၊ (ခုနက ကင်ပိန်းကားတွေကိုလည်း မီးကြိုးတချောင်းစီ ထိုးပေးထားပါတယ်)၊ အများသုံး အိပ်သာ၊ ရေချိုးခန်း သုံးခွင့်ရမယ်။ ဒါပေမယ့် ရေချိုးမယ်ဆိုရင် တဆယ်တန် အကြွေစေ့ထည့်မှ ရေ ကထွက်လာမယ်။ အများသုံး မီးဖိုချောင်လည်းရှိတယ်၊ အများသုံး အ၀တ်လျော်စက်လည်းရှိတယ်တဲ့ (အကြွေစေ့တော့ ထည့်ရမယ်ပေါ့)။

အင်း- မီးကြိုးရတာနဲ့ ထမင်းအိုး ချက်ဖို့ အရင်ဆုံးလုပ်ရပေါ့။ အများသုံးနေရာမှာ ဘယ်သွားချက်လို့ဖြစ်မလဲ၊ သူများတွေ ပေါင်မုန့်ကင်နေချိန် ကိုယ်တွေက ငါးပိသွားဖုတ်နေလို့ဖြစ်မလား။ ပြီးတော့ တယ်လီဖုန်းတွေ အားသွင်းရမယ်။ အဲ- အင်တာနက်လည်း ဖရီးပေးထားပါတယ်။ ဒါပေမယ့် လောလောဆယ်တော့ မသုံးအားသေးဘူး။ ဒီည အိပ်ဖို့ တဲ-ကို အရင်ဆုံး ထိုးရပါ့မယ်။ ကိုမင်းမင်းနဲ့ ကိုကျော်သူကင်းတို့က အတွေ့အကြုံရှိပြီးသားဆိုပေမယ့် ကိုယ်က အခုမှ အလုပ်သင်။

၎ ယောက်အိပ်နိုင်တဲ့ တဲ တဲ့။ ထုတ်လာတဲ့ ပလစတစ်အထုတ်လေးက ကျနော်တို့ တီဗွီသွားရိုက်ရင် ကင်မရာဒေါက်တွေ ထည့်သွားတဲ့ အိတ်လောက်တောင် မရှိဘူး။ ဒါပေမယ့် အထုတ်ကိုဖြေပြီး တစစီဆွဲထုတ်လိုက်တော့ ပစ္စည်းတွေကအများကြီး။ တဲ အလုံးလိုက် ပလစတစ် အခင်းတခု၊ အမိုးတခု၊ တချောင်းချင်းစီကို ဆက်လိုက်ရင် တိုင်ဖြစ်လာတဲ့ သံချောင်းက ၃ ချောင်း၊ ပြီးတော့ ကြိုးတွေနဲ့ အဲကြိုးတွေကို ထိမ်းမယ့် သံငုတ်တိုင်က တဒါ ဇင်ကျော်။ 









ဘယ်ရမလဲ။ ၁၅ မီနစ်လောက်အတွင်း တဲထိုး ပြီးသွားပြီ။ ဒါကို FB ကနေ လိုက်ဖ်တောင် လွှင့်လိုက်သေး။ ခေတ်ကိုက FB ခေတ်မဟုတ်ပါလား။ နော်ဝေးမြောက်ပိုင်းမှာ လူတစုတဲထိုးနေတာကို ရန်ကုန်နဲ့ ထားဝယ်ကလူတွေ ထိုင်ကြည့်နေတယ်ဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်ကဆိုရင် မဖြစ်နိုင်ဘူးလို့ ထင်မိမှာပေါ့။ အခုတော့ နေရာတကာ လိုက်ဖ်ပဲ။ (အခုလို တလလောက်ကြာပြီးမှ ဆောင်းပါး ပြန်ရေးတာ စာရေးသူ တဦးပဲရှိလား မသိဘူး)

အဲ- တဲထိုးပြီးချိန်မှာ ထမင်းလည်းကျက်ပြီ။ အသင့်ဝယ်လာတဲ့ ၀က်အူချောင်းနဲ့ ဂေါ်ဖီကို ဂတ်စ်မီးဖို (မီးဖိုလည်း ပါလာသေးတယ်) ပေါ်တင်ပြီး ခဏလေး လှုပ်ရှားလိုက်၊ ရက်ဒီရှိနေတဲ့ ကြက်ခြောက်ကြော်၊ ဘာလချောင်တွေကို စားပွဲပေါ်တင်၊ ပုလင်းဖွင့်တော့ ညစာအတွက် ရက်ဒီပေါ့။ အဲလို ရက်ဒီဆိုပါမှ မိုးကနည်းနည်းသည်းလာတော့ မိုးကာခြုံပြီး အားပေးခဲ့ရပေါ့။ ပြီးမှ တဆယ်စေ့လဲပြီး ရေချိုးခန်းသွားရအူးမယ်။
………………...

(အာတိတ်စက်ဝိုင်း၊ ရုရှား-ဖင်လန်နယ်စပ်နဲ့ မြောက်ဖျားအငူတွေအကြောင်းကိုတော့ ရှေ့တပတ် ဆက်စောင့်ပါရန်)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More