Monday, August 3, 2020

ဒေါ်အောင်ဆန်းစုကြည် ပန်းခြံသို့ လေ့လာရေးခရီး

ဒေါ်အောင်ဆန်းစုကြည် ပန်းခြံသို့ လေ့လာရေးခရီး

 

နော်ဝေကို ခဏပြန်ရောက်လာချိန်ဟာ နွေရာသီ ဟောလီးဒေးရာသီနဲ့တိုးနေတဲ့အတွက် ဘယ်သွားရင် ကောင်းမလဲဆိုပြီးစဉ်းစားတော့ အရင်ဖွင့်ပွဲတုန်းက မသွားဖြစ်ခဲ့တဲ့ ဖရိုးလန်း (froland)  မြို့က ဒေါ်အာင်ဆန်းစုကြည်ပန်းခြံဆီသွားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ရထား လက်မှတ်တွေက ချက်ချင်းဝယ်လို့မရဘူး။ သွားချင်တဲ့ စနေ-တနင်္ဂနွေမှာ လက်မှတ်တွေ ကုန်နေပြီလို့ နော်ဝေရထား ၀က်ဆိုက် VY.no (အရင် NSB.no) မှာပေါ်နေပါတယ်။ ဘူတာရုံသွားပြီး ချက်ချင်းဝယ် ချက်ချင်းစီးရင်ရနိုင်တယ်လို့ မိတ်ဆွေတွေကပြောပေမယ့် မသေချာမှာစိုးလို့ ခရီးစဉ်ကို နည်းနည်းနောက်ဆုတ်လိုက်တယ်။ 




ဒီလိုနောက်ဆုတ်ထားချိန်မှာ မိတ်ဆွေကြီး ရဲဘော်ဒေါင်းနဲ့စကားစပ်မိပြီး သူလည်းလိုက်မယ်ဆိုတဲ့အတွက် နှစ်ယောက်သွားဖို့ဖြစ်လာပါတယ်။ ဒီလိုနဲ့ ပန်းခြံကိုတာဝန်ယူဆောင်ရွက်နေတဲ့ ဖရိုလန်း (froland)က ကိုဂျွန်မန်းနဲ့ ခရစ်စတာဆန်း (Kristiansand)  က ကိုကျော်စိုးတို့ဆီ ဖုန်းဆက်ပြီး ဇူလိုင် ၁၁ ရက်နေ့မှာ ခရီးစတင်ဖြစ်ပါတယ်။ 

 

ပန်းခြံဖွှင့်ပွဲလုပ်တဲ့ ၂၀၁၆ ခုနှစ် ဇွန်လ ၁၉  ရက်နေ့ (ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်မြောက်မွေးနေ့) က ခရီးလွန်နေလို့ မသွားဖြစ်ခဲ့ပေမယ့် အဲဒီရက်မတိုင်ခင် ပန်းခြံအပ်ပွဲလုပ်တဲ့ မေလထဲမှာ သွားဖြစ်ခဲ့သေးတာမို့ ဒီခရီးစဉ်ဟာ ဒုတိယ ခရီးစဉ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် အခုချိန်က Covid-19 ဖြစ်နေလို့ ရထားအတွင်း နှစ်ယောက်တခုံ ထိုင်ရတာ၊ ရထားတွေအရင်လို ပုံမှန်မရှိတာအပြင် နွေရာသီမှာ ရထားလမ်းတွေပြင်နေတဲ့ အတွက် ခရီးစဉ်ဟာ အရင်တခေါက်လို မချောမွေ့ခဲ့ပါဘူး။

 

ပထမဆုံး ပြသာနာက နော်ဝေးစကားမပီရာကနေ စတယ်ဆိုပါတော့။ ရထားက အော်စလိုကနေ အာစကဲ (Asker) အထိပဲပြေးပြီး အဲဒီကနေ ကွန်းစဘတ် (Kongsberg) အထိ Bus for tog (ရထားအစားထိုး ဘတ်စကား) တွေစီးရမယ်ဆိုပါတယ်။ အာစကဲကို ရထားဆိုက်ပြီးတာနဲ့ အဲဒီ ဘတ်စ်တွေဆီ ခပ်သုတ်သုတ်သွားရပါတယ်။ အထုပ်အပိုးတွေနဲ့ခပ်သွက်သွက်သွားဖို့ခက်ပါတယ်။ မိုးကလည်း ခပ်ဖွဲဖွဲလေးရွာနေတော့ လမ်းလျောက်ရနည်းနည်ခက်တယ်။ ကားဂိတ်မှာစောင့်နေတဲ့ စေတနာဝန်ထမ်း လူငယ်တွေက ဘယ်သွားမလဲမေးတော့ ကွန်းစဘတ်လို့ ပြောလိုက်ပါတယ်။ အဲဒါဆို ရှေ့ကကားပေါ် အမြန်တက်ပါ၊ ကားထွက်တော့မယ်တဲ့။

 

ပုံမှန်ဆိုရင် ခရီးဆောင်အိတ်တွေကို အောက်ထပ်မှာထားရမှာဖြစ်ပေမယ့် အခုက ကားထွက်တော့မှာမို့ ကိုယ်နဲ့အတူယူပြီး ခုံဘေးမှာချထား၊ တခြားခရီးသည်တွေကတော့ အရင်ရောက်ထားသူတွေဆိုတော့ အေးဆေးပေါ့။ ကိုယ်တို့နှစ်ဦးပဲ နည်းနည်းပြာနေတာ၊ တနာရီလောက် စီးပြီးချိန်မှာတော့ ဘူတာရောက်ပြီဆိုပြီး ကားရပ်သွားပါတယ်။ လက်မှတ်ထဲက အချိန်ကိုကြည့်လိုက်တော့ ရထားထွက်ချိန်က နည်းနည်းလိုသေးတယ်။

 

ဘူတာထဲဝင်မေးတော့ ဖရိုလန်း ဖက်သွားတဲ့ရထားက ဒီကိုမလာဘူး။ အော်စလိုကနေ ပြန်စီးမှဖြစ်မယ်ဆိုပြီး တာဝန်ရှိသူတဦးကပြောပါတယ်။ မဟုတ်သေးပါဘူး- ခင်ဗျားတို့ မီးရထားတာဝန်ရှိသူတွေကပဲ ကျနော်တို့ကို ဒီကိုခေါ်လာတာဆိုပြီး ကျနော်တို့လည်း နည်းနည်းလေသံမာမာနဲ့ ပြန်ပြောမိပါတယ်။ ဒီတော့မှ နောက်ထပ် တာဝန်ရှိသူတဦးထပ်ရောက်လာပြီး ကျနော်တို့လက်မှတ်ကို အသေချာ ကြည့်ပါတယ်။


သေပြီဆရာ… ကျနော်တို့သွားရမှာက ကွန်းစဘတ် (Kongsberg)။ အခု ရောက်လာတဲ့ ဘူတာက တွန်းစဘတ် (Tønsberg) ဖြစ်နေပါတယ်။ မြေပုံကို ထောက်ကြည့်တော့ တောင်နဲ့ အနောက် တခြားစီ၊ တနာရီကျော်စီးလာတယ်ဆိုတော့ ကီလိုမီတာ ၁၀၀ ကျော် လွဲပီပေါ့။

 

ကွန်းစဘတ်နဲ့ တွန်းစဘတ်- အသံက ခပ်ဆင်ဆင်ဖြစ်တဲ့အတွက် ကားစောင့်တဲ့လူငယ်တွေ နားကြားလွဲသွားပုံရပါတယ်။ စကားမပီတဲ့သူတွေ ခံပေတော့ပေါ့။ ဒါပေမယ့် အလျော့ပေးလို့ ဘယ်ဖြစ်မလဲ…ဟန် ကိုယ့်ဖို့ထားပြီး ကျနော်တို့ပြောတာမမှားဘူး၊ လက်မှတ်တွေပြရဲ့သားနဲ့ အဲဒီလူတွေက ကျနော်တို့ကို ဒီကားပေါ်တင်ပေးလိုက်တာ။ ဒီတော့ ခင်ဗျားတို့ မိရထားဌာနမှာ တာဝန်ရှိတယ်၊ ကွန်စဘတ်-ဖရိုလန်း ရထားကို မီအောင် ခင်ဗျားတို့မှာ စီစဉ်ပေးရမယ့်တာဝန်ရှိတယ်ဆိုပြီး တာဝန်ရှိသူကို ပြောရပါတယ်။ 

 

မြန်မာနိုင်ငံမှာဆိုရင်တော့ သွားပီပေါ့… ရထားလက်မှတ်အသစ်ဝယ်ပေတော့။ ဒီမှာတော့ မဆိုးဘူး 

(နော်ဝေတွေက အချက်အလက် အခိုင်အမာနဲ့ စနစ်တကျ ဆွေးနွေးရင် လက်ခံလေ့ရှိတယ် ဆိုပါတယ်) သူတို့ဖက်က အားနည်းချက်ပါလို့ပြောပြီး အသင့်ရှိနေတဲ့ (ရထားဌာနက ငှားထားတဲ့ လူ ၁၀ ယောက်လောက်စီးနိုင်တဲ့ အထူးကား) အထူးတက္ကစီတစီးပေါ် ကျနော်တို့ ၂ ဦးကို တင်ပြီး ဒရာမင် (Drammen) ဘူတာကို အခမဲ့ ပြန်ပို့ပေးပါတယ်။ နောက်ထပ် တနာရီကျော် ထပ်ကြာပြန်ပေါ့။ ငြင်းခုန်နေတဲ့အချိန်ပါပေါင်းရင် ၂ နာရီနီးပါး ကြာသွားတယ်ဆိုတာ့ အရင်ရထားကို ဘယ်မီနိုင်တော့မလဲ။

 

ဘာမှမတတ်နိုင်။ ရတဲ့ရထားကိုစီးပြီး ကွန်စဘတ်ကို ခရီးဆက်။ ဟိုရောက်တော့ လက်မှတ်ဝယ်ထားတဲ့ နေ့လည် တနာရီ ရထားကိုမမီတော့ပဲ ၂ နာရီခွဲရထားပဲ မီပါတော့တယ်။ သွားပီ- လက်မှတ်တော့ ဆုံးပီ။ ရထားခက ခရိုနာ ၆၀၀ နီးပါးဆိုတော့ ဒေါ်လာ တရာဝန်းကျင် တောင်ပေးထားရတာဆိုတော့။ 

 

လက်မှတ်ကိုကိုင်ပြီး ရထားတာဝန်ရှိသူဆီ သွားပြတာ့ ဘာမှမပြောဘူး၊ ဟိုအတွဲပေါတက်ပါ၊ စတန်းဒခုံဆိုရင် လွတ်တဲ့နေရာမှာထိုင်ပါ…ဆိုရှယ်ဒစ်စတန်းတာ့ သတိပြုပါဆိုတာလောက်ပဲ ပြောပါတယ်။ မြန်မာပြည်မှာဆိုရင်တော့ သွားပြီထင်ပါတယ်။ မူလ၀ယ်ထားတဲ့ရထားမမိရင် နောက်ရထားအတွက် အသစ်ဝယ်ပေတော့ပေါ့။ ပြေးလွှား လွဲချော်ရင်း ချွေးပြန်နေတာတွေ အခု ရထားပေါရောက်မှပဲ သက်ပြင်းချနိုင်ပါတော့တယ်။ (မိတ်ဆွေတွေခရီးသွားရင် စကားနဲ့ပြောတာတင်မကပဲ လက်မှတ်ကိုပါ အသေအချာပြဖို့တိုက်တွန်း ချင်တာပါ)… 


တကယ်ဆို လမ်းတလျောက် ရထားပေါ်ကနေမြင်ရတဲ့ တောတောင် ရှုခင်းတွေ၊ ရေကန်တွကေ အတော်လှပါတယ်။ အရင်တခေါက်သွားတုန်းက အဲဒီအလှတွေကို အပီအပြင်ခံစားခဲ့ဖူးပေမယ့် ဒီတခေါက်မှာတော့ နော်ဝေအသံမပီလို့ ရထားလွဲတာနဲ့ သဘာဝအလှကို ဘာမှမခံစား လိုက်ရပါဘူး။ (ကိုယ်ပိုင်ကားနဲ့သွားမယ်ဆိုရင်တော့ ၃ နာရီလောက် မောင်းရင် ရောက်ပါတယ်)။

.......


အမေစု ဂုဏ်ပြုတဲ့ ဒီပန်းခြံ... လာလယ်ပါ ရာသီမရွေး 


…….

လွဲချော်မှုက အဲလောက်နဲ့တင် မပြီးသေး။ ဖရိုးလန်းရောက်တော့လည်း ဘူတာမှား ဆင်းမိပြန်ပါတယ်။ တကယ်ဆင်းရမယ့် ဘူတာက မြို့ထဲက Blakstad တဲ့။ ကိုဂျွန်မန်းက ဆင်းရမဲ့ ဘူတာကို အသေချာ ကြိုမှာထားပေမယ့်  ဖရိုးလန်း ဘူတာဆိုတာကိုတွေ့တာနဲ့ ဆင်းလိုက်မိပါတယ်။ မြို့အ၀င် (မြို့ကလည်း သေးသေးလေး) မြက်တောထဲမှာ။ ဒီမြို့မှာ ဆယ်နှစ်ကျော်နေလာတဲ့ မြို့ခံ ကိုဂျွန်မန်းတောင် ဒီဘူတာကို အခုမှ တခါရောက်ဖူးတာတဲ့။ နေရာမသိလို့ ကားတစီးနဲ့လှည့်ပတ်ရှာတာ နာရီဝက်လောက် ကြာတယ် ဆိုပါတယ်။ တော်သေးတယ် မိုးမရွာလို…မြက်တောဘေးက ကွင်းပြင်မှာ နာရီဝက် ထိုင်စောင့် လိုက်ရပါတယ်။


အော်စလို-ဖရိုးလန်းက ဒါရိုက်ရထားမရှိတဲ့အတွက် ခရစ်စတန်ဆန်း-စတန်ဗန်ငါဖက်သွားတဲ့ အမြန်ရထားကို စီးရပါတယ်။ ၃ နာရီလောက်စီးပြီးမှ Nelaung ဘူတာမှာဆင်းပြီး Arendal ဖက်သွားတဲ့ အနှေးရထားကို ပြောင်းစီးရပါတယ်။ ရထားပြောင်းချိန်က ၈ မီနစ်သာရတယ်ဆိုပေမယ့် ဒီရထားပေါ်ကဆင်းပြီး ပလက်ဖောင်းဟိုဖက်ကမ်းက ဟိုရထားပေါ်တက်ရုံပဲ ဆိုတော့ ဘာမှအခက်အခဲမရှိ။ အခြားမှားစရာလဲ ဘာရထားမှမရှိ။ အမြန်ရထား ဆိုက် ချိန်မှ အဲဒီ Arendal ဖက်သွားတဲ့ရထားက ဆိုက်တာမို့ တရက်မှ ၄-၅ ခေါက်ပဲရှိတယ်ဆိုပါတယ်။ အဲဒီရထားကို ပြောင်းစီးပြီး နာရီဝက်လောက်အတွင်း ဖရိုးလန်းကိုရောက်ပါတယ်။


(ကိုယ်ပိုင်ကားနဲ့သွားမယ်ဆိုရင်တော့ ၃ နာရီလောက် မောင်းရင် ရောက်ပါတယ်)။






ကိုဂျွန်မန်းက လက်သမားဆရာ၊ ဒီနေ့က အလုပ်ပိတ်ရက်မဟုတ်တော့ သူ့အလုပ်ထဲက ကားကြီးနဲ့ ကျနော်တို့ကို လာကြိုတာ၊ ပန်းခြံမှာကိုကျော်စိုးတို့ရောက်နေပြီဖြစ်လို့ သူ့အိမ်ကိုမသွားတော့ပဲ ပန်းခြံကို ဒါရိုက်မောင်းမယ်တဲ့။ မြို့လယ်က ဆိုင်တခုမှာ လိုအပ်တာတွေဝယ်ပြီးတဲ့နောက် ၅ နာရီလောက်မှာ ပန်းခြံဆီရောက်လာပါတယ်။ ပန်းခြံကတော့ (ဓာတ်ပုံထဲကြည့်ပါ) ပုံထဲမှာ မြင်ရတဲ့အတိုင်း တကယ့်ကို စိမ်းစိမ်းစိုစို သစ်ပင်ကြီးတွေနဲ့ ရေကန်ကြီးတခုဘေးမှာ လှပခန့်ညားစွာ။ ဒီဖက်မှာ ခြံခတ်ထားတဲ့ မြက်ခင်းစိမ်းစိမ်း ကွင်းပြင်ကြီးတခု။ အဲဒီကွင်းပြင်ရဲ့ မြေနီကားလမ်းလေးဟိုဖက်မှာ ဒေါ်အောင်ဆန်းစုကြည် ရုပ်တုနဲ့ မြန်မာပြည် မြေပုံပါတဲ့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ။ အဲဒီရုပ်တုရဲ့တောင်စောင်းလေး အောက်ဖက်မှာတော့ စိမ်းစိုနေတဲ့ မြက်ခင်းပြင်တခုနဲ့ ကန်တော်ကြီးထက် ပိုကျယ်တဲ့ ရေကန်ကြီးတခု။

 

''ခင်ဗျားတို့က ဒီနေ့မှ လာတယ်၊ ကျနော်က ပြီးခဲ့တဲ့ စနေ-တနင်္ဂနွေကတည်းက စောင့်နေတာ၊ အဲနေ့ကဆို ကရပ်လှေတွေတောင်ငှားထားတယ်၊ ဟိုရေကန်ထဲမှာစီးဖို့-''  ဆိုပြီး ကိုဂျွန်မန်းကပြော ပါတယ်။ မိုးက ဖွဲဖွဲလေးရွာနေလို့ အသင့်ယူလာတဲ့ ရွက်ဖျင်တဲကို အရင်ဆုံး တဲထိုးရပါတယ်။ ရွက်ဖျင်တဲအောက်မှာ စားပွဲခုံထား၊ ပစည်းတွေထားပြီးတဲ့နောက် ကိုဂျွန်းမန်းက ပန်းခြံဖြစ် မြောက်ရေးအတွက် ၀ိုင်းကူနေကြတဲ့ ချင်းတိုင်းရင်းသား မိသားစုတွေကိုခေါ်ပြီး ကျနော်တို့နဲ့ မိတ်ဆက်ပေးပါတယ်။ ပြီးတော့ ဒေါအောင်ဆန်းစုကြည်ရုပ်တုရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်နေစဉ် ကိုဂျွန်မန်းက ပန်းခြံအတွက် သူကိုယ်တိုင်ရေးထားတဲ့ ကဗျာတပုဒ်ကို ဖတ်ပြပါတယ်။

 

… ဒီမိုကရေစီ

နေချည်  ဖြာကျခါစ

စိမ်းလဲ့လဲ့ ကန်သာယာ

ရေကြည်ပြာ လှိုင်းထက်က

မှိုင်းပြပြ တောင်စွယ်သိုင်း

တုနှိုင်းမဲ့ သူ့ မေတ္တာ

အမေစု ဂုဏ်ပြုတဲ့

ဒီပန်းခြံ

လာလယ်ပါ ရာသီမရွေး

နွေးထွေးစေသား ။   ။

 

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့တုန်းက ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့ စိန်ရတုအခမ်းအနားကို ဒီပန်းခြံမှာ အကြီးအကျယ်ကျင်းပဖို့ပြင်ဆင်ထားပေမယ့် Covid-19 ကြောင့် အစီအစဉ် တွေဖျက်လိုက်ရပြီး အကျဉ်းရုံးဆောင်ရွက်လိုက်ရတယ်လို့ ကိုဂျွန်မန်းနဲ့ ကိုကျော်စိုးတို့က ပြောပြပါတယ်။ သူတို့နှစ်ဦးအပါဝင် ပန်းခြံကော်မီတီနဲ့ ဖရိုလန်းမြို့တော်ဝန်တို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်နဲ့ ရန်ကုန်ကို ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းထဲမှာ စိန်ပန်းပင်တွေ စိုက်သွားပါသေးတယ်၊ 

 

အဲဒီတွေ့ဆုံပွဲမှာ ဒီနှစ်ပန်းခြံမှာလုပ်မယ့်ပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်မတက်နိုင်ရင် ပါတီက အဆင့်မြင့်အရာရှိတဦးဦးကိုလွှတ်ပေးဖို့ သဘောတူပြီးမှ ကွန်ဗစ်ကြောင့် အစီစဉ်တွေ ပျက်သွားရတဲ့အပေါ် သူတို့နှစ်ဦးက မကျေမနပ်ဖြစ်နေပါတယ်။ သူတို့အဖွဲ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်နေအိမ်မှာတွေ့ဆုံခဲ့တဲ့အပြင် ချင်းပြည်နယ်က နတ်မတောင် (၀ိတိုရိယတောင်) အထိသွားပြီး အဲဒီမှာလည်း သစ်ပင်တွေစိုက်ခဲ့ပါသေးတယ်။ တခါ တောင်ခြေက မင်းတပ်မြို့အ၀င်မှာလည်း ဗိုလ်ချုပ်အောင်ဆန်းတို့နဲ့ လွတ်လပ်ရေးတိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ချင်းခေါင်းဆောင် ဦးဝမ်းသူမောင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ပန်းခြံတခုဆောင်ရွက်နေတာကိုလည်း စာရေးသူရဲ့ နိုဝင်ဘာလ ချင်းတောင်ခရီးစဉ်အတွင်း မြင်ခဲ့ရပါတယ်။






၂၀၁၆ ခုနှစ် ပန်းခြံဖွင့်ပွဲလုပ်စဉ်က နော်ဝေ ၀န်ကြီးချုပ်ဟောင်း ဗိုနာဗစ်အပါဝင် နိုင်ငံရေးလောကမှ အထင်ကရ ပုဂိုလ်တွေ၊ အော်စလိုရှိ မြန်မာသံအမတ်နဲ့ ဥရောပတလွှားက ဒီမိုကရေစီအရေး ထောက်ခံအားပေးသူ ၅၀၀ ၀န်းကျင်အထိ တက်ရောက်ခဲ့တာကို မှတ်တမ်းတွေထဲ တွေ့ရပါတယ်။ 

 

ပွဲရှိလို့လာတာအပြင် တခြားအချိန်တွေမှာလည်း လာလယ်စေချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီပန်းခြံအကြောင်းကို လူတွေ ပိုသိစေချင်စေချင်ပါတယ်။ နော်ဝေအပြင် နိုင်ငံတကာ လာတဲ့ မြန်မာဧည့်သည်တွေ၊ ပြည်တွင်းကနေ နော်ဝေကိုရောက်လာတဲ့ ဧည့်သည်တွေလည်း လာလယ်စေချင်တယ်လို့ ကိုဂျွန်မန်းနဲ့ ကိုကျော်စိုးတို့က ဖိတ်ခေါ်ပါတယ်။ အထူးသဖြင့် လူငယ်တွေကြားမှာ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံနဲ့ မြန်မာနိုင်ငံရေးအကြောင်း ပိုသိစေဖို့အတွက် နိုင်ငံရေးအပြင် အားကစားလုပ်ရှားမှုတွေပါ လုပ်နေတယ်၊ အခုဆိုရင် ပန်းခြံကိုအခြေခံတဲ့ နိုင်ငံတကာ လူငယ်အဖွဲ့ကို ဖွဲ့နေတယ်လို့ပြောပြီး အဖွဲ့ဝင် လူငယ်တဦးနဲ့ ကျနော်တို့ကို မိတ်ဆက်ပေးပါတယ်။ 


စကားပြောရင်း ဓာတ်ပုံရိုက်ရင်းနဲ့ အချိန်က ၇ နာရီလောက်ရှိလာပြီ။ ရာသီဥတုကောင်းရင် နေရောင်ကို ည ၁၀ နာရီလောက်အထိ မြင်ရနိုင်ပေမယ့် အခုက မိုးတဖွဲဖွဲနဲ့ဆိုတော့ အပြင်မှာ ကြာကြာမနေနိုင်။ ခုနကထိုးထားတဲ့ ရွက်ဖျင်တဲဘေးမှာ မီးဖို ဖိုပြီး လက်ရှိနိုင်ရေးအခြေအနေတွေကို ဆက်ဆွေးနွေးကြပါတယ်။

 

ပြီးတော့ ဒီည ပန်းခြံမှာပဲ အိပ်မယ်လို့ဆုံးဖြတ်ကြပြီး မြက်ခင်းပေါ်တဲထိုးကြပါတယ်။ ဒီလိုတဲ မျိုးတွေကိုမြင်ဖူးပြီးသားဖြစ်ပေမယ့် ကိုဂျွန်းမန်းရဲ့ သစ်ပင်ပေါ်က သုံးမြှောက်ပုံတဲကိုတော့ အခုမှ စမြင်ဖူးတာပါ။ သစ်ပင်မရှိရင်တော့ ဒီလိုတဲထိုးဖို့ မလွယ်ပါဘူး။ ဘာကြောင့်လဲဆို သူက သစ်ပင်ကြီး ၃ ပင်မှာ ကြိုးတွေနဲ့အသေချာချည်ပြီး အဲဒီတဲကို ဆောက်ရလို့ဖြစ်ပါတယ်။

 

ပြီးတော့ ချောတိုင် တက်မယ်တဲ့။ ဒီလူက အသက် ၅၀ သာဆိုတယ်- ဖြတ်လတ် တက်ကြွနေရော။ ခုနက ရွက်ဖျင်တဲဘေးမှာလုပ်ထားတဲ့ ၁၂ ပေလောက်မြင့်တဲ့ အလံတိုင်လို သံတိုင်တခုပေါ် ကျနော့်ကို တက်ခိုင်းပါတယ်။ ''မလုပ်ပါနဲ့ အူးလေးရယ်- အသက်ကြီးပီလို''့ ပြောတာ မရဘူး။ ငယ်ငယ်ကဆိုရင်တော့ ထိပ်ဆုံးအထိမရောက်တောင် အလယ်အလတ်တော့ မကပါတယ်ယ်ပေါ့။ အခုတော့ မြေကြီးကကို ခြေတောက်ကတက်မလာနိုင်ဘူး၊ ပြန် ပြန် ပြုတ်ကျနေတာ…။

 

အဲ ကိုဂျွန်မန်းကတော့ အုန်းပင်တက်သလို တိုင်ကို ဘော်ဒီနဲ့ မထိစေပဲ လက်နဲ့ဆွဲ ခြေထောက်နဲ့ကန် တက်သွားလိုက်တာ အပေါ်ကို ခနလေးနဲ့ရောက်သွားပါတယ်။ အဲ- သူ့ထက် ပိုထူးတာက ကိုမင်းမင်း။ သူက ခြေထောက်တောင်မသုံးဘူး။ လက်နှစ်ဖက်အားနဲ့ တက်သွားတာ ခနလေးနဲ့ ထိပ်ရောက်သွား။ အသက်မေးကြည့်တော့ ကိုယ်တွေထက် ၂၀ လောက်ငယ်နေ၊ ပြီးတော့ Gym ကစားထားသူဆိုတော့ သွားယှဉ်လို့မရ၊ ''ချောတိုင်မတက်နိုင်ပေမယ့် စက်ဘီးတော့ စီးနိုင်ပါသေးတယ်၊ စက်ဘီးအပြိုင်စီးမလား'' ဆိုပြီး ဟာသနှောရင်းနဲ့ ချောတိုင်တက်ခြင်း ပြိုင်ပွဲကို အဆုံးသတ်လိုက်ရပါတယ်။

 

ည ၁၁ နာရီလောက်မှာ အိပ်ယာဝင်တော့ မိုးဖွဲဖွဲလေးအောက်က ပလစတစ်တဲ ထဲမှာ အိပ်ရတာ တမျိုးလေး၊ အရင် ထိုင်း-မြန်မာနယ်စပ် တောတွင်းကာလတွေတုန်းက မြေကြီးမှာ ပလစတစ်ခင်းပြီး ရွေးစရာမရှိ ဖြစ်သလိုအိပ်ခဲ့ဖူးပေမယ့် အခုက ကိုယ်က ရွေးချယ်ပြီး လိုလိုချင်ချင် အိပ်တာမျီုး။ တဲ အောက်ခံပလစတစ်ပိုင်းက ရေလုံတယ်ဆိုပေမယ့် မြက်ခင်းက စိုးနေတော့ အေးစိမ့်စမ့်ရယ်၊ ဒီတော့ ရေလုံတဲ့ ရော်ဘာပြား (အားကစားလုပ်ရင် ခင်းတဲ့ တယောက်စာ ရောဘာပြားလေး) ခင်းရပါတယ်။ အဲဒီအပေါ်မှာ အိပ်ယာလိပ် (နော်ဝေ အခေါ် sovepose) ခင်းပြီး ၀င်အိပ်လိုက်ရင် အားလုံး -အိုကေ- သွားပါတယ်။

 

အရင်ကတော့ ဒီအိပ်ယာလိပ်ကြီးထဲ ၀င်အိပ်ရင် အီဂျစ်က မာမီရုပ်တွေလိုဖြစ်နေလိမ့်မယ်ဆိုပြီး နောက်ခဲ့ဖူးပါတယ်။ အခုတော့ ဒါမရှိရင် ဒီလိုနေရာတွေမှာ ဘယ်လိုမှ အိပ်လို့မရ။ နော်ဝေမှာ တောတွင်းခရီးသွားသူတိုင်း ဒီအိပ်ယာလိပ် sovepose မပါလို့ မဖြစ်အောင်ကို အရေးပါနေတာ တွေ့ခဲ့ရပါတယ်။ ကိုဂျွန်မန်းကတော့ သူ စပယ်ရှယ် လုပ်ထားတဲ့ သစ်ပင်ပေါ်က တဲမှာ အိပ်ဖို့အတင်းတိုက်တွန်းနေပါတယ်။ ဒါပေမယ့် ကိုယ်က အသက်နည်းနည်းကြီးပြီဆိုတော့ မြေကြီးမှာပဲ ကောင်းပါတယ်ပေါ့။




အိပ်မပျော်ခင် ကိုဂျွန်မန်းရဲ့ ကဗျာကိုပြန်နားထောင်ရင်း ဒီမိုကရေစီအရေးစိတ်ဝင်စားသူတွေ ဒီပန်းခြံကို လာရောက်လယ်ပတ်ကြဖို့၊ နိုင်ငံရေးအမြင်တွေ ဆွေးနွေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ အထူးသဖြင့် နော်ဝေ တောင်ပိုင်းက နာမည်ကြီုးု ကျောက်ဖျာ (preikestolen)  နဲ့ ညှပ်နေတဲ့ကျောက်တုံး (Kjeragbolten) ရှိတဲ့မြို့ စတဘန်ငါ (Stavanger)ကို သွားရင်ဖြစ်စေ၊ နော်ဝေနိုင်ငံရဲ့ တောင်ဖက်စွန်းအငူ Lindesnes နဲ့ ဒိန်းမတ်နိုင်ငံကို ၃ နာရီလောက် သဘောင်္စီးတာနဲ့ရောက်နိုင်တဲ့ ဆိပ်ကမ်းရှိရာ ခရစ်စတာဆန်း (Kristiansand) ကိုသွားမယ်ဆိုရင်ဖြစ်စေ၊ ညှပ်နေတဲ့ကျောက်တုံး (Kjeragbolten) နဲ့ မြင့်မားတဲ့ တောင်တန်းတွေရှိတဲ့ အုံးမလီ (Ámli) မြို့ကို သွားမယ်ဆိုရင်ဖြစ်စေ ဒီမြို့လေးနားကနေ ဖြတ်သွားရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ပန်းခြံဆီ ၀င်လယ်ဖို့ တိုက်တွန်းချင် ပါတယ်။


ဘာကြောင့်လဲဆိုရင် နှစ် ၃၀ ကျော် ဒီမိုကရေစီခရီးလမ်းမှာ နိုင်ငံရေးအခမ်းအနားတွေ၊ ဆန္̔ဒပြပွဲတွေကို လူအတော်များများက လုပ်ခဲ့ဖူးကြပေမယ့် အခုလို နှစ်နဲ့ချီပြီး ပန်းခြံတခုကို တစိုက်မတ်မတ် ထိမ်းသိမ်းဆောင်ရွက်နေဖို့ ဆိုတာ သိပ်မလွယ်ပါဘူး။ ဒါကြောင့် ဒီမိုကရေစီအရေး၊ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူတိုင်း ဒီဒေသကိုရောက်ရင် ပန်းခြံဆီဝင်ပြီး ကိုဂျွန်မန်းတို့နဲ့ ဆွေးနွေးတာ၊ အားပေးတာ လုပ်သင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။


… ဒီမိုကရေစီ

နေချည်  ဖြာကျခါစ

စိမ်းလဲ့လဲ့ ကန်သာယာ

ရေကြည်ပြာ လှိုင်းထက်က

မှိုင်းပြပြ တောင်စွယ်သိုင်း

တုနှိုင်းမဲ့ သူ့ မေတ္တာ

အမေစု ဂုဏ်ပြုတဲ့

ဒီပန်းခြံ

လာလယ်ပါ ရာသီမရွေး

နွေးထွေးစေသား ။   ။


...............


(အဲဒီနောက်ပိုင်း ဆက်သွားဖြစ်တဲ့ တောင်ဖက်စွန်း Lindesnes နဲ့ မြောက်ဖက်အစွန်း N 71-  North Cage ခရီးစဉ်တွေကို ဆက်လက် တင်ပြပေးသွားမှာဖြစ်ပါတယ်)။ 


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More