Tuesday, August 11, 2020

နော်ဝေ တောင်ဖက်စွန်း Lindesnes သို့ ခရီးဆက်ခြင်း...

နော်ဝေ တောင်ဖက်စွန်း Lindesnes သို့ ခရီးဆက်ခြင်း...

----------------------------------------------

မြက်ခင်းပေါ်က ပလပ်စတစ်တဲထဲမှာ တညတာကို sovepose ထဲ ကွေးပြီးတဲ့နောက် မနက် ၇ နာရီလောက်မှာ နိုးလာပါတယ်။ ဒီနေ့ကတော့ မိုးမရွာပဲ နေသာနေတော့ လူကလည်း လန်းဆန်းလို့။ ဒီနိုင်ငံမှာက ပြင်ပရာသီဥတု အခြေအနေနဲ့ လူအတွင်း စိတ်တိုက်ရိုက်ဆက်စပ်နေသလား မသိပါ။ နေသာနေရင် အပြင်ထွက်ချင်စိတ်၊ ခရီးသွားချင်စိတ်တွေက သူ့အလိုလို ပေါ်လာလေ့ရှိပါတယ်။ မနက်စာ စားဖို့ ပန်းခြံကနေ ကိုဂျွန်မန်းတို့အိမ်ကို ပြန်။ ပြီးတော့ ဒီနေ့ ဘယ်ကို ခရီးဆက်မလဲပေါ့...။




ကျနော်တို့ခရီးစဉ်က ဒီပန်းခြံရယ်၊ ပြီးတော့ ထိုင်း-မြန်မာနယ်စပ် ကရင်တော်လှန်ရေးနယ်မြေမှာတုန်းက သိခဲ့ဖူးတဲ့ ကရင်တိုင်းရင်းသားအများစုရှိတဲ့ အနီးအနားက အုန်းမလီ (Ámli) မြို့ဆီ သွားလယ်ရေးမျှသာ။ ဒါပေမယ့် ဒီရောက်နေတုန်း ခရစ်စတန်ဆန်းဖက် သွားရအောင်၊ ကျနော်က အရင်တခေါက်ရောက်ဖူးပြီးဖြစ်ပေမယ့် ရဲဘော်ဒေါင်းက တခါမှမရောက်သေးဘူးဆိုတော့ သွားသင့်တယ်ပေါ့။ မနက် ၉ နာရီလောက်မှာ ပန်းခြံဆီပြန်လာ၊ ပစည်းတွေသိမ်း၊ ရေကန်ထဲမှာ ရေကူးပြီးတဲ့နောက် ခရစ်စတန်ဆန်း ခရီးစဉ် စပါတယ်။ 

အဲဒီလို ကားမောင်းနေရင်းကမှ ခရစ်စတန်ဆန်းသက်သက်က သိပ်မထူးဘူး၊ နော်ဝေနိုင်ငံရဲ့ တောင်ဖက်အစွန်းဆုံးနေရာ Lindesnes- ကို သွားရအောင်၊ ၂ နာရီကျော်ကျော်လေးပဲမောင်းရမယ်ဆိုပြီး ကိုကျော်စိုးက အဆိုပြုပါတယ်။ သွားပေါ့- ကျနော်တို့က သွားချင် နေတဲ့လူတွေပဲ။ ဆိုတော့... ခရစ်စတန်းစန်းကို ခဏ၀င်၊ ကိုကျော်စိုးရဲ့ အိမ်မှာ ပစည်းတွေချပြီးတဲ့နောက် ခရီးဆက်ပါတယ်။ 

ခရီးမဆက်ခင် ခရစ်စတန်စန်းမြို့အကြောင်း နည်းနည်းပြောရမယ်ဆိုရင် သိပ်လှတဲ့ ဆိပ်ကမ်းမြို့လေးပါ။ ရှေ့မှာပြောခဲ့တဲ့အတိုင်း ဒိန်းမတ်နိုင်ငံက Hirtshals ဆိပ်ကမ်းဆီ သဘောင်္နဲ့ ၃ နာရီ မောင်းရင်ရောက်ပါတယ်။ (မြောက်ပိုင်းခရီးစဉ်အတွင်းတွေ့ရတဲ့ ဥရောပတိုက်သားအတော်များများဟာ ဒီလမ်းကြောင်းကနေ ကားတွေ ဆိုင်ကယ်တွေ တင်ပြီး ၀င်လာကြပါတယ်၊ ဘာကြောင့်လဲဆို အဲဒီအချိန်အထိ ဆွီဒင်က နယ်စပ်ပိတ်ထားဆဲဖြစ်ပါတယ်)။ တခါ ဒီမြို့မှာ လေဆိပ်လည်းရှိတဲ့အတွက် ကုန်းကြောင်းအပြင် ရေကြောင်း၊ လေကြောင်းတွေလည်း အဆင်ပြေပါတယ်။ အဲဒီလေယာဉ်ကွင်းကို ကိုကျော်စိုးတို့ အိမ်ကနေ လှပစွာ မြင်နေရပါတယ်။

တဖက်မှာ ပင်လယ်ရေပြင်ပြာပြာ၊ တဖက်က ထင်းရှုးတောအုပ်နဲ့ မြက်ခင်းစိမ်းပေါ်က လေယာဉ်ပြေးလမ်း၊ ဒီဖက်မှာတော့ အခုမှ အသစ်စက်စက်ဆောက်ထားတဲ့ မြို့သစ် အိမ်ယာအကောင်းစားတွေ။ ဒီမှာက အိမ်မဆောက်ခင် ရေနဲ့ မိလာလိုင်းတွေကို အသေချာ အရင်လုပ်တယ်၊ ရန်ကုန်မှာ ဘယ်လိုလုပ်လဲ မသိဘူး။ ရေကြီး-ရေလျှံ ပြသာနာ ခဏခဏတက်နေတယ်ဆိုပြီး- မြို့ပြတည်ဆောက်ရေး အကြောင်းတောင် ကျနော်တို့ ငြင်းခုန်လိုက်ကြပါသေးတယ်။

ခရစ်စတန်စန်းကနေ စထွက်တော့ နေ့လည် တနာရီကျော်နေပြီ။ လမ်းတွေကကောင်းပေမယ့် နည်းနည်းတော့ ကျဉ်းတယ်လို့ခံစားမိပါတယ်။ ဥရောပရဲ့ဟောလီးဒေးရာသီဆိုတော့ ရိုးရိုးအိမ်စီးကားတွေအပြင် အိပ်ခန်းတွေ၊ မီးဖိုချောင်တွေ အစုံပါတဲ့၊ ဟိုတယ်မှာတည်းစရာမလိုပဲ လနဲ့ချီခရီးသွားနိုင်တဲ့ ဟိုတယ်ကားလို့ ခေါ်ရမလား... Camping Car ... တွေကလည်း လမ်းပေါ်မှာ မနည်းဘူး။ သူတို့ကိုရှောင်နေရင်းနဲ့ အချိန်တောင် နည်းနည်းနှေးနေရသလိုမျိုး။ 

ရောက်ပါပြီ- ဟိုမှာ လင်းဒက်နက်စ်- Lindesnes၊ နော်ဝေးရဲ့ တောင်ဖက်အစွန်ဆုံးနေရာ။ ထားဝယ်မှာနေပြီး တောင်ဖက်စွန်း ကော့သောင်းကို မရောက်ဖူးသေးပေမယ့် နော်ဝေ တောင်ဖက်အစွန်းဆုံးကိုတော့ ရောက်ဖူးသွားပြီပေါ့။ ကျွန်းစွယ်အငူတွေ၊ ရေလက်ကြားလေးတွေနဲ့ ကျဉ်းမြောင်းလမ်းတွေကို အတန်ငယ်ဖြတ်ပြီးတဲ့နောက် wow ဆိုပြီး လင်းဒက်နက်စ်ကို တွေ့လိုက်ရပါတယ်။ ကားတွေများလွန်းလို့ ကားပါကင်အပြင် လမ်းမတွေဘေးမှာတောင် ကားတွေက မနည်းဘူး။ 

တောင်ဖက်စွန်း အငူဆိုတော့ လေက တိုက်သလား မမေးနဲ့။ ကားပါကင်ရဲ့ ဒီဖက်မှာ ကျောက်တောင်ကြီးတလုံး၊ ဟိုဖက်မှာတော့ မီးပြတိုက်တခုနဲ့ ပြတိုက်တွေရှိတဲ့ Lindesnes ရဲ့ အဓိကနေရာပေါ့။ ၀င်ကြေးက တယောက် ၁၀၀ ခရိုနာဆိုတော့ နည်းနည်းတော့ ဖျားသွားတယ်။ အော်စလိုမှာတော့ ပြတိုက်အတော်များများက ခရိုနာ ၇၀ ၀န်းကျင် (ဒေါ်လာ ၁၀ ၀န်းကျင်) ပဲပေး ရလေ့ရှိပါတယ်။ 

ရောက်လာပြီးမှတော့ ဈေးကြီးလို့ဆိုပြီး ဘယ်လှည့်ပြန်လို့ ဘယ်ဖြစ်မလဲ။ ဆက်လှော်ပေါ့။ တောင်က အတော်တက်ရသား။ ထိုင်း နယ်စပ် တောထဲကတောင်တွေလို ဗွက်တွေနဲ့ ချောနေတာမျိုးမဟုတ်လို့ တော်သေးတယ်။ ကျောက်လှေကားထစ်တွေ စနစ်တကျ လုပ်ပေးထားပါတယ်။ မီးပြတိုက်ဆိုပေမယ့် ခံတပ်သဘောမျိုးလည်း ဖြစ်နေပြန်ပါတယ်။ နော်ဝေဟာလည်း ဒုတိယ ကဘာစစ်တုန်းက ဟစ်တလာ ဒဏ်ကို အတော်ခံခဲ့ရတဲ့နေရာပေါ့။ ဆိပ်ကမ်းမြို့အတော်များများရဲ့ အဓိကနေရာတွေမှာ ခံတပ်ဟောင်းတွေ ရှိနေခြင်းက ဒါကို သက်သေပြနေတာပေါ့။

တောင်ထိပ်က မီးပြတိုက်က သိပ်မမြင့်ပေမယ့် ၀ါရံတာထွက်ပြီး ဓာတ်ပုံရိုက်တဲ့အခါ နည်းနည်းတော့ ကြောက်မိသလိုလို။ ကိုယ်ကသာကြောက်နေတာ ဆယ်ကျော်သက်တွေက ဆယ်ဖီအဆွဲမပျက်။ ဟိုဖက်မှာ ပင်လယ်ပြာပြာကြီးက တမျော်တခေါ်။ ကော့သောင်လို ထိုင်းဖက်ကမ်းနဲ့ ခပ်နီးနီးမဟုတ်။ အနီးဆုံး ဒိန်းမတ်နဲ့တောင် ၃ နာရီကျော်သဘောင်္ခရီးဆိုတော့ ဟိုဖက်မှာ ရေပြင်ကလွဲပြီး ဘာမှမမြင်နိုင်။ နော်ဝေတွေရဲ့ သဘာဝချစ်တဲ့ ထုံးစံအတိုင်း ဒီလောက်မြင့်တဲ့နေရာမှာလည်း ခြံစည်းရုံးကာမထားပဲ ဒီတိုင်းပဲ ထားပေးထားပါတယ်။ 

အဲလို ဘာအကာအရံမှ မရှိတဲ့ကျောက်ဆောင်ပေါ်မှာ ရိုးရိုးဆယ်ဖီဆွဲသူတွေအပြင် ခုန်ပျံပြီး ဆယ်ဖီဆွဲသူ၊ ဓာတ်ပုံ ရိုက်နေသူတွေကလည်း မနည်းလှပါဘူး။ ကိုယ်တွေလည်း ရသမျှအချိန်တွင်း ဓာတ်ပုံတွေရိုက်ပြီးတဲ့နောက် ၅ နာရီလောက်မှာ တောင်ပေါ်က ပြန်ဆင်းလာပါတယ်။ တောင်ပေါ်ကမဆင်းခင် သတိရတုန်း ပြောချင်တာက ခရီး တွေလျောက်သွားရင်းနဲ့ ကွန်ဗစ်ဖြစ်နေတယ်ဆိုတာကိုတောင် ခပ်မေ့မေ့။

မေ့ဆို ဒီကလူတွေက ဘယ်သူမှ နှာခေါင်းစည်းတပ်မထားပါဘူး။ ကျနော်တို့အုပ်စုထဲက ကင်ဆာရောဂါအခံရှိတဲ့ ရဲဘော်ဒေါင်းတယောက်ပဲ အများကြားမှာ နှာခေါင်းစည်းနဲ့ ထူးထူးခြားခြားနေသလို။ ဒါပေမယ့် ဒီကလူတွေက တခြားစည်းကမ်းတွေကိုတော့ အတော်လိုက်နာကြပါတယ်။ ဈေးဝယ်စင်တာတွေ၊ အခုလို လူစည်ကားတဲ့နေရာ တွေမှာ တယောက်နဲ့တယောက် တမီတာ ခွာနေရမယ်ဆိုတာမျိုး၊ လမ်းတလျောက် ဓာတ်ဆီဆိုင်ဝင်တိုင်း အိမ်သာ တန်းစီတာတောင် တမီတာကွာအောင်စီနေတဲ့လူတွေ၊ အံ့သြပါ့။ ကိုယ်တွေက မအောင့်နိုင်လို့ တမီတာ ကွာ မကွာတောင် သတိမထားမိပါဘူး။

ပြီးတော့ ဈေးဆိုင်တွေဝင်ရင် လက်ဆေးဖို့ Hand Gels တွေထားပေးထားပါတယ်။ အများပြည်သူဆိုင်ရာ ခရီးသွားလုပ်ငန်းဖြစ်တဲ့ ဘတ်စ်ကား၊ ရထားစီးမယ်ဆိုရင် တယောက်နဲ့တယောက် တခုံစီခြားပြီးထိုင်ရပါတယ်။ လက်ဆွဲနှုတ်မှုအစား တဒေါင်ဆင့်ချင်း ထိပြီးနှုတ်ဆက်တာမျိုးလုပ်ရပါတယ်။ ထူးတာကတော့ ဒီက ကလေးတွေက ဒီစည်းကမ်းတွေကို ပိုလိုက်နာနေတာတွေ့ရပြီး လူကြီးတွေမလိုက်နာရင်တောင် ကလေးတွေက ပြန်သတိပေးနေတာ လမ်းတလျောက်မှာ မြင်ခဲ့ရဖူးပါတယ်။ (အခု ဟောလီးဒေးရာသီနောက်ပိုင်းမှာတော့ နော်ဝေမှာလည်း စည်းကမ်းတွေကို နည်းနည်း ပြန်တင်းကျပ်လာမဲ့ သဘောမျိုး တွေ့နေရပါတယ်)။

အင်း... တောင်ပေါ်ကပြန်ဆင်းတော့ ၅ နာရီကျော်နေပြီ။ နေသာနေတော့ ၅ နာရီမှန်း သတိမထားမိပါဘူး။ နော်ဝေမှာက နွေရာသီဆိုရင် ည ၁၀ နာရီလောက်မှ နေ၀င်တာမျိုး။ ဒါက အခုရောက်နေတဲ့ တောင်ပိုင်းကိုပြောတာ၊ မြောက်ပိုင်းဆိုရင် နေတောင် မ၀င်တော့ပါဘူး။ ( နေမ၀င်ညတွေအကြောင်းကို မြောက်ပိုင်း ခရီးစဉ်မှာ ဆက်လက်တင်ပြပါ့မယ်)။

အုံးမလီက လူတွေကို ညနေ ၇ နာရီလောက်ရောမယ်ပြောထားတော့ ခပ်သွက်သွက်မောင်းရပါတယ်။ ဒါပေမယ့် လေယာဉ်မှ မဟုတ်တာ။ ကိုယ်လိုပဲ အရင်လိုပြီးမောင်းနေသူတွေက လမ်းပေါ်မှာအများကြီးဆိုတော့ ဖြေးဖြေးပေါ့။ ခရစ်စတန်စန်းကို ခဏပြန်ဝင်။ ဒိန်းမတ်ကပြန်လာသူတွေကို ဆိပ်ကမ်းမှာကြိုဆိုပြီး သူတို့ဆီက ပုလင်းတွေယူရပါသေးတယ်။ နော်ဝေမှာက အရာရာဈေးကြီးပြီး အရက်နဲ့ ဆေးလိပ်ကတော့ အဆိုးဆိုးပေါ့။ ဒိန်းမတ်တို့ ဆွီဒင်တို့မှာ ၁၀၀ ခရိုနာလောက်သာပေးရတာကို နော်ဝေမှာ ၂၀၀ ကျော်ပေးရလေ့ရှိပါတယ်။

အဲဒီ ဒိန်းမတ်က ပြန်လာသူတွေကိုစောင့်နေရင်းနဲ့ အချိန်နည်းနည်းရလို့ ခရစ်စတန်းဆိပ်ကမ်းအနီးက ခံတပ်တောင်တန်း Kanonmuseum ပေါ် တက်လယ်လိုက်ပါသေးတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက နာဇီတွေကို အဓိက ခုခံတဲ့နေရာတခုပေါ့။ ညနေ ၇ နာရီဆိုတော့ ပြတိုက်ကပိတ်သွားပြီဖြစ်လို့ ပြတိုက်ထဲ ကြည့်ခွင့်မရတော့ပါ။ ပြတိုက်အပေါ်တည့်တည့်က ဧရာမ အမြောက်ကြီးနဲ့ ခံတပ်ဟောင်းနေရာတွေကိုပဲ ကြည့်ခွင့်ရခဲ့ပါတယ်။


(ဓာတ်ပုံ- Kristiansand Kanonmuseum)

ဒီနေရာကနေ ပင်လယ်ကိုကြည့်ရတဲ့မြင်ကွင်းကလည်း ခုနကသွားခဲ့တဲ့ တောင်ဖက်စွန်း Lindesnes  နေရာက ကြည့်ရသလိုမျိုး စိမ်းလဲ့နေတဲ့ ပင်လယ်ပြာပြာကို မြင်နေရပါတယ်။ ကွာတာဆိုလို့ ရှေ့နားမှာ ကျွန်းငယ် နှစ်ခုရှိတာ၊ ဒိန်းမတ်ဖက်သွားတဲ့ သဘောင်္အပါဝင် ပင်လယ်ထဲမှာ သဘောင်္တွေ သွာလာလှုပ်ရှားနေတာတွေပဲရှိပါတယ်။ အဲ. အထူးခြားဆုံးကတော့ ဧရာမ အမြောက်ကြီးပါပဲ။ ၃၆၀ ဒီဂရီလှည့်ပြီး ပစ်နိုင်တဲ့ ဒီအမြောက်က မြင်ဖူးသလောက်ထဲမှာတော့ အကြီးဆုံးအမြောက်ပါပဲ။ အဲဒီအမြောက်ကြီးနဲ့ ဓာတ်ပုံရိုက်ပြီး ခရစ်စတန်ဆန်းကနေ ပြန်ထွက်လာခဲ့ ပေါ့။
….


အုန်းမလီ (Ámli) မှာ ခဏတာ
…...

ဒီလိုနဲ့ ရန်ကုန်တော့ဖြေးဖြေးဆိုပြီးလုပ်လိုက်တာ အုံးမလီရောက်တော့ ည ၉ နာရီရှိနေပြီ။ မြို့ငယ်လေးဆိုတာ့ လမ်းတွေက ခရစ်စတန်စန်းလောက်မကောင်းဘူး။ ထင်းရူးပင်တွေကြားက အကွေ့အကောက်လမ်းတွေ၊ တောင်တန်းတွေနဲ့ ရေကန်လေးတွေက အတော်ကို သာယာလှပပါတယ်။ ကျနော်တို့တည်းမယ့် ရဲဘော်ကြီး မူးကတိ (သူပုန်ကျောင်းသား စာအုပ်ထဲက မာနယ်ပလောရှိ KNU အတွင်းရေးမှုးချုပ် ဘဒိုဘသင်အိမ်က ဆရာကြီး) အိမ်က ဧရာမတောင်နံရံကြီးတခုနဲ့ နီးနီးလေးရယ်၊ ဘေးမှာက သဘာဝချောင်းလေးနဲ့ဆိုတော့ မာနယ်ပလောကိုများ ပြန်ရောက်သွားသလားလို့ ခံစားမိ။





တွေ့တဲ့သူ အားလုံးနီးပါးကလည်း ကရင်လို ပြောနေကြတယ် မဟုတ်ပါလား။ ပြီးတော့ ကွမ်းတ၀ါးဝါးနဲ့။ နော်ဝေမှာ နှစ် ၂၀ နီးပါးနေလာတောင်တောင် ကွမ်းမပြတ်ကြသေး။ မပြတ်ဆို ဒီက အေးရှားဆိုင်တွေမှာ ကွမ်းသီး၊ ကွမ်းရွက် အစုံရတယ်တဲ့။ ထုံးပဲ နည်းနည်းရှာရခက်တယ်လို့ ၀ါရင့် ကွမ်းစားသူတွေကပြောပါတယ်။ အင်း- ကိုယ်လည်း ကွမ်းတယာလောက်တော့ ၀ါးလိုက်အူးမှ...၊ တောထဲကနေ ဘန်ကောက်ရောက်ချိန်မှာ ကွမ်းချေးကပ်နေတဲ့သွားတွေကို အသဲအသန် ခြစ်ပေးထားတဲ့ ဘန်ကောက်က သွားဆရာဝန်မလေးကိုတောင် ပြန်သတိရမိ။

အော်စလိုက အခန်းကျဉ်းတွေမှာ နေလာဖူးသူတွေအတွက်တော့ အုံးမလီက အိမ်တွေက အကြီးကြီး။ ကွင်းပြင်ကျယ်၊ မြက်ခင်း ကျယ်တွေနဲ့။ ဟင်းသီးဟင်းရွက်တောင် စိုက်ထားသေး။ နယ်စပ်စခန်းကို ရောက်သွားသလိုပါပဲ။ ပြီးတော့ သူ့အိမ်ရှေ့ ကားဂိုဒေါင်ဘေးက ထင်းရှုးပင် ၂ ပင်ကြား ပုခက်ချည်ထားတာတွေ့လို့ တောတွင်းဘ၀ အလွမ်းပြေ ခနတက်အိပ်လိုက်သေးပေါ့။ (တောတွင်းပုခက်တွေက နော်ဝေပုခက်တွေလို မကောင်းပေမယ့် တော တွင်းမှာတော့ အခုထိ အသုံးဝင်ဆဲ)

အိမ်ပေါ်လူစုံတုန်း မနက်ဖန် ဘယ်နေရာ သွားလယ်ရင်ကောင်းမလဲ ဆွေးနွေးတော့... တောင် တက်မလား- ငါးမျှားမလားတဲ့၊ မူးကတိက အဆိုပြုပါတယ်။ ဒီဒေသက ချောင်းတွေမှာ ငါးအတော်ရတယ်လို့ သတင်းကြီးနေတော့ အဲဒီညက ငါးကင်နဲ့ အပီဆွဲပေါ့။

နော်ဝေလို ဘယ်လိုခေါ်လဲတော့ မသိဘူး။ ကွန်မန်ဒို ငါးလို့ မူးကတိ အမည်ပေးထားတဲ့ ငါးကတော့ ဆူးတောင်ပံတွေပါပြီး အသားက စားလို့ကောင်းလိုက်တာ လက်ကုန်ပဲ...။ ဘာလို့ ကွန်မန်ဒိုငါး ခေါ်လဲဆိုပြီးမေးကြည့်တော့ ဒီကောင်တွေကို မျှားရတာ မလွယ်ဘူး။ တခါတလေ ငါးမျှားကြိုးပြတ်သွားတဲ့အထိ အဲဒီငါးက ရုန်ုးကန်တိုက်ခိုက်တယ်၊ တိုက်ခိုက်ရေး အားကောင်းလို့ ကွန်မန်ဒိုဆိုပြီး အမည်ပေးထားတာတဲ့။

အင်း- ကိုယ်ကလည်း ထားဝယ်သားသာဆိုတယ် ငါအကြောင်း ဘာမှသိတာမဟုတ်။ ငါးလိပ်ကျောက်နဲ့ တခြားငါးတွေ မတူတာလောက်ပဲသိပြီး ပုံစံချင်းခပ်ဆင်ဆင်ငါးတွေဆို မခွဲတတ်တော့ပါဘူး။ ဒီကလူတွေအတော်များများ ငါးမျှားရတဲ့အတွေ့အကြုံကို အရူးအမူးကြိုက်နေကြပေမယ့် ကိုယ်က အခုထိ ငါးတခါမှ မမျှားဖူးသေး။ ငါးကော ဖမ်းဖူးလားဆိုတော့ အင်း...တခါမှမဖမ်းဖူးဘူး။ ငါးနဲ့ပတ်သက်လို့ ငါးဖမ်းလှေတွေကို အခွန်ကောက်တာတော့ လုပ်ခဲ့ဖူးပေါ့။

ကွန်မန်ဒိုငါးကင်အပြင် တာလပေါ့ ဟင်းချိုကလည်း ပါလိုက်သေးဆိုတော့ မာနယ်ပလောကို သတိမရပဲနေပါ့မလား။ တာလပေါ့ ဆိုလို့ ဒီမှာချက်တဲ့ တာလပေါ့က အတော်စားလို့ကောင်းတာ။ မာနယ်ပလောမှာ တခါစားဖူးတာနဲ့ တခြားစီ။ ဟိုက တောထဲမှာ ဖြစ်သလိုချက်ထားတဲ့ တာလပေါ့ ကို ကိုယ်က ပထမ ဆုံးအကြိမ်စားဖူးပြီး တာလပေါ့ ဟင်းက မစွန်ပါဘူးဆိုပြီးမှတ်ထားလိုက်တာ။...အခု တာလပေါ့ ကျတော့ ကောင်းမှကောင်း။ လက်ကုန်ပဲ။

တောထဲမှာ စားဖူးတဲ့ တာလပေါ့ က ဆန်မုန့်ရယ်၊ ဟင်းနုနယ်ရွက်ရယ်ပဲ ပါတယ်ထင်။ အခုတော့ ငါးတွေ၊ တခြား လိုအပ်တာတွေပါ အစုံထည့်ထားတော့ အခုတလော ရန်ကုန်ကဆိုင်တွေမှာ နာမည်ကြီးနေတဲ့ တောင်သူလယ် သမားဟင်းကိုတောင် သွားသတိရမိ။ 

ကရင်ဟင်းတွေကောင်းရဲ့နဲ့ ရန်ကုန်မှာ ကရင်ထမင်းဆိုင် မရှိတာဘာကြောင့်လဲ၊ ရှမ်း၊ ကိုးကန့် ဆိုင်တွေ၊ ရခိုင် မင်းလမ်းဆိုင်တွေ၊ ကချင် စားသောက်ဆိုင်တွေပဲများနေပြီး ကျန်တဲ့တိုင်းရင်းသားတွေရဲ့ စားသောက်ဆိုင် ရန်ကုန်မှာမရှိသေးတာ ဘာကြောင့်လဲဆိုပြီးလည်း မေးခွန်းထုတ်ဖြစ်ကြပါသေးတယ်။

ထမင်းစားရင်းနဲ့ သူ့အိမ်က ဒီဒေသမှာ ဧည့်သည်အများဆုံးလာတဲ့ အိမ်လို့ မူးကတိကပြောပါတယ်။ ဒါကြောင့် ထမင်းနဲ့ ဟင်းကို အမြဲတန်း အပိုချက်ထားရတယ်။ အခုလည်း ကျနော်တို့ ၂ ဦးအပြင် မြောက်ပိုင်းကနေ လာလယ်တဲ့ ကရင်တိုင်းရင်းသား ဧည့်သည်တွေလည်း သူ့အိမ်မှာရှိနေပါတယ်။ ပြီးတော့ အနီးအနားဝန်းကျင်က လာသူတွေ၊ ဘုရားကျောင်းအတွက် လာသူတွေနဲ့ စည်စည်ကားကားဆိုတော့ နော်ဝေကိုရောက်နေတာနဲ့ မတူပဲ နယ်စပ် က ကရင်ရွာကြီးတရွာကို ပြန်ရောက်နေတဲ့ ခံစားချက်မျိုး စိတ်ထဲ ပြန်ပေါ်လာပါတယ်။
........


ရေအားလျှပ်စစ် ထုတ်လုပ်ရာ ရေကာတာများဆီသို့...
…….

နောက်တနေ့ မနက်စာ စာပြီးချိန်မှာတော့ ဒီဒေသက ရေအားလျှပ်စစ်ထုတ်တဲ့နေရာတခုကို လိုက်ပြမယ်ဆိုပြီး အိမ်ရှင်က အဆိုပြုပါတယ်။ ခုနက မြောက်ပိုင်းက ဧည့်သည်တွေပါ ပါတဲ့အတွက် ကား ၂ စီးနဲ့ နေ့လည် တနာရီလောက်မှာ အုံးမလီကနေ မြောက်ဖက်ရှိ Bykle အရပ်ဆီ ချီတက်လာပါတယ်။ ဒီက ကားလမ်းတွေအတော်များများက ချောင်းရိုးတလျောက်ဖောက်ထားတာကို သတိထား မိပါတယ်။ တချို့နေရာတွေက ချောင်းလား၊ ရေကန်လား သိပ်မရှင်းလှ။ ရှည်မျောမျော ရေကန်တွေ၊ ဒါမှမဟုတ် ရေကန်တခုနဲ့တခု ချိတ်မိပြီး ချောင်းဖြစ်သွားသလား မသိပါ။ သေချာကတော့ တော-တောင်-ရေ-မြေ သဘာဝဟာ အတော့်ကို လှပနေပါတယ်။


အုံးမလီကနေ ကွေ့ကောက် ကျဉ်းမြောင်းတဲ့ တောအုပ်ထဲက လမ်းကို နာရီဝက်လောက် မောင်းပြီးတဲ့နောက် E9 လမ်းမကြီးကို ရောက်ပါတယ်။ Bykle ဆီသွားတဲ့ အဲဒီလမ်းမကြီးတလျောက်မှာ ခုနကပြောတဲ့ ရေကန်တွေ၊ ချောင်းတွေ တလျောက်လုံးရှိနေပြီး တချို့နေရာတွေမှာဆို ရှေ့မှာတင်ပြခဲ့တဲ့ဖူးတဲ့ ဟိုတယ်ကား- Camping Car တွေ ဒါဇင်နဲ့ချီပြီး စခန်းချထားတာတွေ့ ရပါတယ်။ သဘာဝတောတောင်လှပတဲ့နေရာ၊ ချောင်းစပ်လို လှပတဲ့နေရာတွေမှာ စနစ်တကျဆောက်ထားတဲ့ မြေစိုက် တဲ Hytter တွေကိုတွေ့ရပြီး ခုနက ဟိုတယ်ကားတွေက အဲဒီတဲနဲ့ ချိတ်ဆက် ရပ်နားလေ့ရှိပါတယ်။

Hytter ကို မြန်မာလို တဲ လို့အလွယ် ဘာသာပြန်ပေမယ့် တကယ်က မြန်မာပြည်က တဲလိုမျိုးတော့ မဟုတ်ပါ။ ဟိုတယ်၊ မိုတယ်တွေလို ၀န်ဆောင်မှုမပါ၊ စားသောက်စရာမပါတဲ့ သာမန်တည်းခိုဆောင်လို့ ပြောသင့်ပါတယ်။ ဘန်ဂလိုပုံစံ မြေစိုက်ဆောက်ထားတဲ့ တဲတလုံးစီမှာ ကုတင်၊ (စောင်- ခေါင်းအုံး အကြမ်းထည်ပါ- ကိုယ့်ဘာသာ အစွပ်ထည့်ပြီး အိပ်ရ) မီးဖိုချောင်၊ အိမ်သာ၊ ရေချိုးခန်းပါ ပါတယ်။ တချို့အဆောင်တွေက အိပ်စရာ ကုတင်ပဲပါပြီး ရေချိုးခန်း- အိမ်သာကို အများသုံးနေရာမှာ သွားသုံးရပါတယ်။ ဒီ ဟီတာတွေက ဟိုတယ်၊ မိုတယ်တွေလို အမြဲတန်းဖွင့်ထားတာမဟုတ်ပဲ အခုလို ဟောလီးဒေးရာသီမှာ ခုနက Camping Car နဲ့လာသူတွေ၊ ကိုယ်ပိုင်ကားနဲ့လာပြီး လမ်းကြုံလို့ ၀င်တည်းသူတွေအတွက် အဓိကထားတာ ဖြစ်ပါတယ်။

တချို့နေရာတွေမှာတော့ နွေရာသီ၊ ဆောင်းရာသီမှာ ခဏတာနေထိုင် အနားယူဖို့အတွက် ကိုယ်ပိုင် ဟီတာ တွေ ဆောက်ထားတာကိုလည်း တွေ့ရပါတယ်။ ဟီတာ အကြောင်းပြောရင်းနဲ့ မူလ ခရီးစဉ်တောင် ဘယ်နားရောက်သွားမှန်း မသိ။ ခုနကပြောတဲ့ E9 လမ်းမအတိုင်းမောင်း၊ ဘေးပတ်ဝန်းကျင်က ရေကန်တွေ၊ တဖက်က တောင်နံရံတွေ၊ ထင်းရှုးတောတွေကိုကြည့်၊ တခါတရံမှာ သိပ်လှတဲ့ ရေတခွန်တွေတွေ့ရင် ကားခနရပ်ပြီး ဓာတ်ပုံဆင်းရိုက်၊ တနာရီလောက်ကြာတိုင်း ပေါက်တောသွားပေါ့ (နော်ဝေက ဟိုက်ဝေးလမ်း အားလုံးနီးပါးမှာ ၁၀ ကီလိုလောက်သွားပြီးတိုင်း ကားခဏရပ်ပြီး အနားယူနိုင်ဖို့ စားပွဲခုံကြမ်း ၃-၄ ခု၊ အိမ်သာတလုံးနဲ့ အမှိုက်ပုံးတွေ ထားပေး ထားတော့ မြန်မာပြည်မှာလို တောတိုးပြီး လမ်းဘေးမှာ ပေါက်တောသွားတာ ဒီမှာ တွေ့ရလေ့မရှိပါ)။

နေ့လည်ခင်း ၃ နာရီလောက်မှာတော့ ရေကာတာရှိတဲ့ Bykle မြို့နယ်ထဲ ရွာလေးတရွာဆီ ၀င်လာပြီး လမ်းကြားတခုထဲ အိမ်တလုံးရှေ့မှာ ကားရပ်လိုက်ပါတယ်။ ခြံဝင်းထဲက သားသားနားနား လုံးချင်းအိမ်တလုံးကို ဆေးသုတ်နေတဲ့ လူရွယ်နှစ်ဦးက ကျနော်တို့ကိုလှည့်ကြီးပြီး ကရင်ဘာသာနဲ့ တခုခုပြောလိုက်ပါတယ်။ (စာရေးသူက အခုထိ ကရင်စကားကို ၀ါလဲဂေး- ဟာလဲဂေး ထက် ပိုမတတ်သေး)။ တကယ်က ကျနော်တို့ရဲ့ ရဲဘော်ကြီး မူးကတိက ဒီကို ထွက်မလာခင်ကတည်းက ဒီရွာမှာရှိတဲ့ သူ့မိတ်ဆွေ ကရင်တိုင်းရင်းသားတွေနဲ့ ကြိုပြောထားပြီးသားဆိုတာကို နောက်မှသိရပါတယ်။ 

ဆိုလိုတာက မြန်မာနိုင်ငံကလာတဲ့ လူတွေရဲ့ ထုံးစံအတိုင်း ဟောလီးဒေးသွားတာတောင် အနောက်တိုင်းသားတွေလို မြေပုံကြည့်ပြီး ဒီတိုင်းသွားတာမဟုတ်ပဲ ရောက်လေရာအရပ်မှာ မိတ်ဆွေတွေကို တွေ့ဆုံ စကားပြောဖို့ကည်း အရေးကြီးသေးတယ် မဟုတ်ပါလား။ ခဏထိုင် ရေနွေးကြမ်းသောက်ပြီးတဲ့နောက် ရှေ့မှာပြောထားတဲ့ လျှပ်စစ်ထုတ်တဲ့ ရေကာတာကို သွားကြည့်ကြပါတယ်။ အင်ဂျင်နီယာလည်း တယောက်မှ မပါတော့ ရေကာတာ တည်ဆောက်ထားပုံ၊ ရေအားလျှပ်စစ်ထုတ်ပုံ အသေးစိပ်တော့ ဘယ်နားလည်ပါ့မလဲ၊ 

ရေကာတာ အမည်ကို Dam Sarvfossen လို့ရေးထားတာတွေ့ရပြီး အမြင့် ၅၀ မီတာ၊ အကျယ် ၁၄၂ မီတာနဲ့ ဒီဒေသမှာ ရေအား လျှပ်စစ် အဓိကထုတ်တဲ့ နေရာဖြစ်တယ်လို့သိရပါတယ်။ နော်ဝေမှာ တောင်ပေါ်ရေကန်တွေ၊ ချောင်းတွေ၊ မြစ်တွေ အတော်များတဲ့အတွက် နေရာအတော်များများမှာ သက်ဆိုင်ရာဒေသအလိုက် ရေအားလျှပ်စစ် ထုတ်နေကြတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလို ကန်တွေ၊ ချောင်းတွေပေါတဲ့အတွက် နော်ဝေလို ရေအားလျှပ်စစ်ထုတ်နိုင်မလားဆိုပြီး အရင်သမ္မတဟောင်း ဦးသိန်းစိန် နော်ဝေရောက်စဉ်က ရေအားလျှပ်စစ် စက်ရုံအတော်များများကို သွားရောက်လေ့လာခဲ့သေးတယ်လို့ သတင်းတွေထဲ ဖတ်ခဲ့ရပါတယ်။

အဲဒီလို လေ့လာပြီး လက်တွေ့ ဘယ်လောက်လုပ်ဖြစ်မှန်းတော့မသိ၊ အခုထိတော့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးက မကြာခန ပြတ်နေဆဲဖြစ်တဲ့အကြောင်း အဲဒီရေကာတာကြီးပေါ်ထိုင်ပြီး ကျနော်တို့ဆွေးနွေးဖြစ်ခဲ့ပါသေးတယ်။ အပြန်လမ်းမှာတော့ ရေကန်တွေ၊ အပန်းဖြေတဲ့နေရာတွေ၊ မြင်မားတဲ့ တောင်နံရံတွေကို လျောက်ကြည့်ပြီး ခုနက ဒေသခံရဲ့ နေအိမ်မှာ ညစာ အားပေးခဲ့ပေါ့။ 
……..


ကျောက်ညှပ်တောင် Kjeragbolten သို့...
..............................

နောက်တနေ့မနက်ကျတော့ ရာသီဥတုက သိပ်မကောင်း၊ ဒါဖြင့် အော်စလိုကို ပြန်မလား- ဘယ်ကို ဆက်သွားမလဲပေါ့။ နွေရာသီဟောလီးဒေးထွက်လာတာ ၂ ရက်တည်းနဲ့ အိမ်ပြန်ရင်လည်း မဟုတ်သေးဘူးဆိုပြီး ဆွေးနွေးရင်း မနေ့က သွားခဲ့တဲ့နေရာနဲ့ သိပ်မဝေးတော့တဲ့အရပ်မှာ နိုင်ငံခြားသားတွေ အုပ်စုလိုက်သွားလယ်လေ့ရှိတဲ့ ကျောက်ညှပ်တောင် Kjeragbolten  ရှိတယ်လို့ မူးကတိကပြောပါတယ်။ ''ဟာ.. ဟုတ်လား- မနေ့က ဘာလို့မပြောလဲ'' ဆိုတော့ ခင်ဗျားတို့ သွားချင်မှန်း မသိလို့တဲ့။






သေပြီဆရာ။ မြန်မာခရီးသွားတွေရဲ့ အားနည်းချက်က အဲဒါပဲ။ လိုက်ပို့ပေးတဲ့လူ ရှိတယ်ဆိုပြီး သွားမယ့်နေရာကို ကြိုတင် လေ့လာထားခြင်းမရှိ။ တကယ်ဆို အဲဒီနေရာကိုသွားချင်နေတာကြာပြီ၊ ဒါပေမယ့် အဲဒီကျောက်ညှပ်တောင်က ဒီဖက်မှာမဟုတ်၊ ကျောက်ဖျာကြီး (preikestolen) ရှိတဲ့မြို့ စတဘန်ငါ (Stavanger) မြို့ဖက်မှာလို့ပဲ ကိုယ်က သိထားတာ။ အခု မြေပုံပေါ် ပြန်ရှာကြည့်တော့မှ မနေ့က ရောက်ခဲ့တဲ့ နေရာနဲ့ စတန်ဗန်ငါးကြားမှာ ဒီ ကျောက်တောင်က ရှိနေတာ။ တောင်ခြေရှိ Lysebotn ဆိုတဲ့ ရေလက်ကြား (Fjord) ကနေ သဘောင်္စီးသွားရင် ခုနက ကျောက်ဖျာ (preikestolen) ဘေးကနေဖြတ်ပြီး စတန်ဗန်ငါး အထိရောက်တယ်တဲ့...။

"ရာသီဥတုမကောင်းလဲ သွားမယ်ကွာ၊ ဟိုရောက်လို့ တောင်ပေါ်တက်ခွင့်မရလည်း မတက်နိုင်ဘူး။ ဒီနေ့ အဲဒီနေရာကို ပြန်မောင်း" ဆိုပြီး ရဲဘော်ကြီးမူးကတိကို အတင်းအပူကပ်ရပါတယ်။ ရဲဘော်ဒေါင်းကလည်း ရအောင်သွားမယ်။ ကင်ဆာရောဂါခံစားနေရပေမယ့် အဲဒီတောင်ကို ရအောင်တက်မယ်တဲ့။ ကဲ… မိုးဖွဲဖွဲလေးထဲ မနေ့ကလမ်းအတိုင်း ထပ်ထွက်လာပြန်ပေါ့။ ဒီတကြိမ်တော့ တခြားလူတွေမပါတော့ဘူး။ ရဲဘော် ၃ ကျိပ်တည်း။

နှစ်ခါမောင်းထားတဲ့လမ်းဆိုတော့ အလွတ်နီးပါးတောင်မှတ်မိနေပြီ။ မနေ့ကသွားခဲ့တဲ့ E9 လမ်းအတိုင်း ၂ နာရီနီးပါးမောင်းပြီးတော့ Rysstad ဆိုတဲ့ လမ်းခွဲမြို့လေးကို ရောက်ပါတယ်။ အဲဒီကမှ လမ်းကျဉ်းလေးအတိုင်းလိုက်။ ခုနက အုံးမလီမှာ လမ်းကျဉ်းပြီး အကွေ့အကောက်များတယ်ဆိုတာ ဒီနေရာကို ဘယ်မီမလဲ။ တချို့နေရာတွေဆို ကားတစီးစာပဲရှိလို့ ကီလိုဝက်နီးပါးတိုင်း ကားနှစ်စီးလွဲလို့ရအောင် နေရာကျယ်လေးတွေ ဖန်တီးပေးထားတာတွေ့ရပါတယ်။ ကားသမားတွေအတွက် ပိုကောင်းတာက ဒီအရပ်မှာ တောင်ပေါ်နည်းနည်းတက်လာတာနဲ့ ထင်းရှုးပင်တွေမရှိတော့ပဲ တောင်ကတုန်းတွေဖြစ်နေတဲ့အတွက် ဟိုး အဝေးက လာတဲ့ကားကို လှမ်းမြင်နေနိုင်ပါတယ်။

တောင်ကတုံးနဲ့ ထင်းရှုးပင်ဆိုလို့ ဒီနေရာက မြန်မာနိုင်ငံနဲ့ပြောင်းပြန်ဖြစ်နေသလားမသိပါ။ ဘာကြောင့်လဲဆိုရင် ပြီးခဲ့တဲ့နှစ် ချင်းတောင်ဖက် သွားလယ်စဉ်က တောင်အမြင့်ရောက်ရင် ထင်းရှုးပင်တွေကိုတွေ့ရပြီး အနိမ့်ပိုင်းရောက်ရင် အညာမှာပေါက်တဲ့ အပင်တွေ၊ ပြည်မက အပင်တွေကိုတွေ့ရပါတယ်။ ဒီမှာက ပြောင်းပြန်။ မြေပြန့်မှာ ထင်းရှုးပင်တွေတွေ့ရပြီး တောင်လည်း နည်းနည်းမြင့်လာ၊ အထူးသဖြင့် ကျောက်တောင်တွေဆီရောက်လာတဲ့အခါ ဘာသစ်ပင်မှ မရှိတော့ပါ။ မြက်ခင်းတွေ၊ မြက်ထက် နည်းနည်းပိုရှည်တဲ့ အပင်ပုညက်ညက်လေးတွေကိုသာ တွေ့ရပါတယ်။

Kjeragbolten ကျောက်ညှပ်တောင်နား နီးလေ တောင်ကမြင့်ပြီး လေကတိုက်လေ၊ လမ်းကကျဉ်းတဲ့အပြင် အကွေ့အကောက်တွေကလည်း ပိုများလာပါတယ်။ တချို့တောင်ထိပ်တွေမှာဆို ရေခဲတွေက ရှိနေတုန်း။ ဒီမှာက မြန်မာပြည်လို ကားတွေက ဟွန်းတီးတာမဟုတ်တော့ ဟိုဖက်မှာ အကွေ့မှာ ကားလာနေမှန်း ကြိုမသိနိုင်။ ဒီကြားထဲ အဝေးပြေး မော်တော်ဆိုင်ကြီးတွေက တခါတရံ့ ၀ိုး ကနည်းပေါ်လာတတ်ပါသေးတယ်။ ဒီလို အကွေ့အကောက်တွေများတာကိုရှောင်မောင်ရင်းနဲ့ Kjeragbolten တောင်ခြေစခန်းက ကော်ဖီဆို်င်ကိုတောင် သတိမထားမိပဲ ဟိုး တောင်အောက်က Lysebotn Fjord (အလင်းရောင်ကျောက် ရေလက်ကြား) အထိ ကားကို မောင်းသွားမိကြပါတယ်။

အကွေ့အကောက်တွေကတော့ တကယ့်စူပါ။ ခြောက်ထမ်းလမ်းတွေ၊ ခုနှစ်ထပ်လမ်းတွေ ငိုသွားမယ်။ ဘာကြောင့်လဲဆို အဲဒီ တောင်ခြေကော်ဖီဆိုင်ကနေ ရေလက်ကြားရှိတဲ့ ကမ်းစပ်အကြား လမ်းအကွေ့ပေါင်း ၂၇ ခုရှိလို့ဖြစ်ပါတယ်။ အဲဒီအကွေ့တွေ အားလုံးက တကယ့်ကို တဒေါင့်ဆင့်ကွေ့တွေဆိုတော့ ကားမောင်းမကျွမ်းရင်၊ ကားသမားတွေ လမ်းစည်းကမ်းကို စနစ်တကျ မလိုက်နာရင် အတော်ဒုက္ခဖြစ်မယ့် လမ်းမျိုးပါပဲ။ ဒါပေမယ့် အဲလို တောင်ခြေကိုကျော်ပြီး ကမ်းနားအထိ လမ်းမှားသွားခြင်းကိုက ကံကောင်းခြင်းတခုပါပဲ။ ဘာကြောင့်လဲဆို ဒီကျောက်ညှပ်ဆီရောက်ဖူးသူ အတော်များများ အခု ကျနော်တို့ရောက်ခဲ့တဲ့ ရေလက်ကြားရှိတဲ့ ကမ်းခြေအထိ ဘယ်သူမှ မရောက်ဖူးခဲကြလို့ပါ။

အဲ… ရေလက်ကြားနားအထိရောက်တာ ကံကောင်းတယ်ဆိုပေမယ့် အခု တောင်ခြေပြန်ရောက်ပြီး Kjeragbolten ကျောက်ညှပ်တောင် ကို တက်မယ်ဆိုပါမှ ဒီနေ့မိုးတွေရွာ၊ မြူတွေဆိုင်း၊ လမ်းတွေချော်နေလို့ တက်ခွင်မပြုနိုင်ဘူးတဲ့...တောင်ခြေရှိ အစောင့် တာဝန်ရှိသူတွေကပြောပါတယ်။ သေပြီဆရာပဲ။ ဒီအထိ လာပြီးမှ တောင်မတက်ပဲ လှည့်ပြန်ရမလား...။ မဖြစ်သေးပါဘူး။ နည်းလမ်း ရှာဦးမှဆိုပြီး တောင်ပေါ်က ဆင်းလာသူတွေကို မေးကြည့်ရပါတယ်။

ဒီလူတွေက မနက်အစောကြီးကတည်းက တက်သွားတာတဲ့။ ကံက ဆိုးချင်တော့ မနက်ပိုင်းတုန်းက ရာသီဥတု နည်းနည်း ကောင်းနေသေးပြီး အခု နေ့လည်ပိုင်းကျမှ မိုးရွာ၊ မြူဆိုင်ပြီး တောင်ထိပ်ကိုမပြောနဲ့ ရှေ့ မီတာ ၁၀၀ လောက်ကိုတောင် မမြင်နိုင်တဲ့အထိ အခြေအနေက ချက်ချင်းကြီးပြောင်းသွားပါတယ်။ တောင်ပေါ်က ပြန်ဆင်းလာတဲ့ ၄-၅ ဦးအုပ်စုက တကယ့် တောင်တက်ဝတ်စုံတွေ ကျောပိုးအိတ်တွေနဲ့။ ကျနော်တို့ ပုံတွေ၊ ၀တ်ထားတဲ့ ၀တ်စုံနဲ့ဖိနပ်တွေကို ကြည့်ပြီး မင်းတို့ပုံစံနဲ့ဖြစ်ပါ့မလား လို့ သူ့ပါးစပ်က ထုတ်မပြောပေမယ့် သူမျက်လုံးတွေမှာ အဲဒီအရိပ်အယောင်တွေကို မြင်နေရသလိုလို။

အတက် ၂ နာရီကျော်၊ အဆင်း ၂ နာရီလောက်သွားရတယ်ဆိုပေမယ့် တောင်ပေါ်တက်တဲ့လမ်းက ခုနကရှေ့မှာပြောခဲ့တဲ့ စတန်ဖန်ငါးဖက်က ကျောက်ဖျာ (preikestolen) ကို သွားတဲ့လမ်းလိုမျိုး ကျောက်လှေကားထစ်တွေ လုပ်ပေးထားတာမျိုးမရှိ။ တကယ့် သစ်ပင်တပင်မှမရှိတဲ့ ကျောက်ဖျာပေါ် ဒီတိုင်း တက်ရမှာ။ ဒါကြောင့် တောင်တက်ဖိနပ်မပါရင် မတက်ပါနဲ့လို့ တောင်ခြေက ဆိုင်းဘုတ်မှာ သတိပေးရေးထားတာဖြစ်မယ်။

မိုးကရွာ၊ မြူကဆိုင်းဆိုတော့ ကျောက်ဖျာပေါ် ဖိနပ်ချောနိုင်တာပေါ့။ ပြီးတော့ တချို့နေရာတွေမှာ ကြိုးဆွဲပြီး တက်ရတယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ အထိလာပြီးမှတော့ ရောက်အောင်တက်မှ ဖြစ်မှာပေါ့။ ဒါပေမယ့် တောင်စောင့်လုံခြုံရေးတွေက လုံးဝ ခွင်မပြုပါ။ တက်ချင်ရင် မနက်ဖန်အထိစောင့်ပါ။ မနက်ဖန်နေသာတယ်၊ တက်ခွင့်ပေးမယ်တဲ့...။ အင်း အဲဒါမှ ဒုက္ခ။

မနက်ဖန်အထိ စောင့်မလား။ စောင့်မယ်ဆို ခုနက လမ်းမှာပြီးရောက်သွားတဲ့ ဟိုအောက်က ရေလက်ကြားအနီးကရွာရှိ ဟိုတယ်တွေမှာ သွားအိပ်ရမှာ။ ဒီနားမှာ တည်းဖို့-စားဖို့ ကရင်အိမ်တွေ၊ ဗမာအိမ်တွေမရှိတော့ဘူးလို့ပြောပြီး ၀ိုင်းရယ်လိုက်ကြပါသေးတယ်။ မနက်ဖန် တနင်္ဂနွေဆိုပေမယ့် ရဲဘော်ကြီးမူးကတိက မအားဘူး။ ဘုရားကျောင်းကိစ္စတွေရှိသေးတယ်။ ကိုယ်တို့ ၂ ယောက်ကလည်း သူများပို့ပေးမှ သွားနိုင်သူတွေလို ဖြစ်နေတော့ ဘာဆက်လုပ်မလဲ။ တညအိပ်စောင့်မလား- စိတ်လျော့ပြီး လှည့်ပြန်မလား...။

စိတ်လျော့ အူးလေး- ဒီတခါမရလည်း နောက်တကြိမ် ထပ်ကြိုးစားကြည့်ကြသေးတာပေါ့... လို့ နှလုံးသွင်းပြီး ပြန်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ ဗိုက်ကလည်း အတော်ဆာနေပြီဆိုတော့ ဈေးကြီးလှတဲ့ တောင်ခြေက စားသောက်ဆိုင်မှာ နော်ဝေ ညနေစာ ၀င်စားရင်း အဲထဲမှာ ပြထားတဲ့ တောင်ပေါ်က ဓာတ်ပုံတွေကိုလေ့လာပေါ့။ အဲဒီက ထွက်လာပြီး ကားပေါ်တက်မယ်ပင်ြမှ... ဒီတိုင်းတော့ ပြန်လို့မဖြစ်သေး။ တောင်ပေါ်မရောက်လည်း တောင်အောက်မှာ နမူနာပြထားတဲ့ ကျောက်တုံးပုံနဲ့တော့ ဓာတ်ပုံရိုက်အူးမှ ဆိုပြီး ရသမျှ ရိုက်ရတာပေါ့။ 

အင်း... သွားခဲ့သမျှခရီးစဉ်တွေထဲမှာ တောင်ခြေရောက်ပြီးမှ တောင်ပေါ်တက်ခွင့်မရလို့ ပြန်လှည့်လာရတယ်ဆိုတဲ့ ခရီးစဉ်ကတော့ ဒါ ပထမ ဆုံးပါပဲ။ အင်းလေ- လောကမှာ အားလုံးက ကိုယ်တွက်ထားသလို ကွက်တိဖြစ်နေရင် အဆင်မပြေမှုဆိုတာ ဘယ်ရှိတော့မလဲ။ 

ဒီလိုလည်း ပြောလို့မဖြစ်သေး။ တကယ်က ခရီးတခုသွားမယ်ဆိုရင် ကြိုတင်လေ့လာဖို့၊ အထူးသဖြင့် အခုလို ခရီးစဉ်မျိုးဆိုရင် ရာသီဥတုခန့်မှန်းချက်ကို အသေချာကြည့်ပြီးမှ ထွက်လာသင့်တာပါ။ မိုးရွာရင် တက်လို့မရဘူး (ဆောင်းတွင်းကာလဆိုရင် တောင်ပေါ်တက်တာအပြင် အခုလာခဲ့တဲ့ လမ်းတွေအားလုံး ပိတ်ထားပါတယ်) ဆိုတာကို သိရဲ့သားနဲ့ ရာသီဥတုကို အသေချာမကြည့်ပဲ ဟိုရောက်မှ ကြည့်လုပ်ကြတာပေါ့ဆိုတဲ့ ခပ်လွယ်ဆုံးဖြတ်ချက်ကိုသာ အပြစ်တင်သင့်ပါတယ်။

ဘာဖြစ်ဖြစ် တောင်ပေါ်မရောက်ပေမယ့် ဒီတောင်ဆီ ဘယ်လိုလာရမယ်ဆိုတာ လမ်းတော့ သိသွားတာပေါ့။ ဟိုနား ဒီနား မရောက်ဖူးတဲ့ နေရာတွေလည်း ရောက်ခဲ့တာပေါ့။ အရှုံးတော့မရှိပါဘူးလို့ ကိုယ့်ဘာသာအားပေးရင်း Kjeragbolten ကျောက်ညှပ်တောင် …တောင်ခြေကနေ အောင်မြင်စွာဆုတ်ခွာလာခဲ့ရပေါ့...။ ဆောင်းမ၀င်ခင် နောက်တခါ ထပ်ကြိုးစားကြည့်ကြသေးတာပေါ့... Kjeragbolten ကျောက်ညှပ်တောင်ရယ်။.   ။

..........
(မြောက်ပိုင်း North Cape ခရီးစဉ်အကြောင်း ရှေ့တပတ် ဆက်လက်တင်ပြပါမည်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More