Monday, February 22, 2016

ရေခဲရဲတိုက်နှင့် အာတိတ်စက်ဝိုင်းဆီ ခရီးသွားခြင်း (၁)

Travel, The Voice Daily, 14-02-2016.

ဆောင်းရာသီ အားလပ်ရက်မှာ ဘယ်သွားမလဲ

ခရစ်စမတ်နဲ့ နှစ်သစ်ကူး ဟောလီးဒေးပြီးတော့ ဆောင်းရာသီဟောလီးဒေးဆိုပြီး ဖေဖေါ်ဝါရီလ နှောင်းပိုင်းမှာ ကျောင်း ၁၀ ရက်ခန့်ပိတ်ပါတယ်။ ပြီးရင် Easter ဟောလီးဒေးဆိုတာကလည်း မတ်လကုန်ပိုင်းမှာ ၁၀ ရက်ခန့် ရှိနေပြန်ပါသေးတယ်။ အဲဒါပြီးရင်တော့ ဇွန်လနှောင်းပိုင်းကနေ သြဂုတ်လလယ်လောက်အထိ နွေရာသီ ဟောလီးဒေးပေါ့။


နော်ဝေးမှာ ဟောလီးဒေးကျောင်းပိတ်ရက် တယ်များပါလားဆိုပြီး အပြစ်ပြောဖို့ ဆန္ဒမစောပါနဲ့။ မြန်မာတွေ မှာလည်း ၁၂ ရာသီပွဲတော် ဆိုပြီးယူထားတဲ့ ဟောလီးဒေးတွေ ဘယ်နည်းပါ့မလဲ။ တရားဝင် ဟောလီးဒေး ရုံးပိတ်ရက်က သင်္ကြန် ၁၀ ရက်သာရှိတယ်ဆိုပေမဲ့ တရားမ၀င် ကိုယ့်နည်းကိုယ်ဟန်နဲ့ယူထားတဲ့ ပိတ်ရက်တွေက နည်းတာမဟုတ်။

ပြီးတော့ အလုပ်ချိန်နဲ့ အလုပ်လုပ်တဲ့နှုန်း။ နော်ဝေးမှာ တနေ့အလုပ်ချိန် နာရီခွဲနီးပါးသတ်မှတ်ထားပေမဲ့ မြန်မာမှာ နာရီကျော်ပါတယ်။ ဒါပေမဲ့ အလုပ်လုပ်တဲ့နှုန်းနဲ့ ထုတ်လုပ်မှုစွမ်းအားက မတူပါ။ အစိုးရရုံး မှာအလုပ်လုပ်တယ်ပြောပြီး လက်ဖက်ရည်ဆိုင်သွားထိုင်နေတာမျိုး၊ ရုံးစားပွဲမှာထိုင်ပြီး ၀တ္တုဖတ်နေတာမျိုး (အခုခေတ်မှာတော့ Facebook ပွတ်တာပေါ့) ဒီနိုင်ငံမှာ လုပ်ခွင့်မရှိပါ။

အလုပ်ချိန်မှာ အချိန်ပြည့်အလုပ်ဝင်ပြီး နားချိန်မှာ လုံးဝအနားယူတဲ့သဘောပါ။ ဒါကြောင့် ဟောလီးဒေး ရာသီကို ဒီကလူတွေအတော်မျှော်ကြပါတယ်။ အထူးသဖြင့် ဒီလိုဆောင်းရာသီမှာ ခရီးထွက်ဖို့လိုပါတယ်။ မနက် ကျော်မှ နေထွက်ပြီး ညနေ နာရီလောက်မှာ နေ၀င်တဲ့ရာသီ၊ အမြဲတန်းလိုလိုနှင်းတွေကျပြီး မြူတွေဆိုင်းနေလို့ နေရောင်ကိုမမြင်ရတဲ့ရာသီ၊ ရေခဲအမှတ်အောက် ၁၀ ဒီဂရီစင်တီဂရိတ်လောက် အမြဲရောက်နေပြီး သွေးခဲအောင်အေးတဲ့ ဒီလိုရာသီမှာ မြန်မာအများစုက အပြင်မထွက်ချင်ကြပါဘူး။ 

ဒါပေမဲ့ နော်ဝေးတွေကတော့ အနည်းဆုံးတပတ်မှာ တရက်တော့အပြင်ထွက်ကြပါတယ်။ အပြင်ထွက် တယ်ဆိုတာ အလုပ်သွားတာကိုမဆိုလို။ တောထဲသွားပြီး နှင်းလျောစီးတာမျိုး၊ လမ်းလျောက်တာမျိုး၊ လေကောင်းလေသန့်ရဖို့ ကိုယ်လက်လှုပ်ရှားမှုတခုခုလုပ်တာမျိုးကို ဆိုလိုတာပါ။ အဲဒီလိုမလုပ်လို့မဖြစ်။ ဆောင်းတွင်းသုံးလရာသီဥတုက အတော်စိတ်ညစ်ဖို့ ကောင်းပါတယ်။

မြန်မာနိုင်ငံမှာနေစဉ်တုန်းကတော့ နေ့စဉ်လိုလိုနေသာနေတော့ နေရောင်မရှိတဲ့ဘ၀ကို တခါမှမစဉ်း စားမိပါ။ ပြင်ပရာသီဥတုက ကိုယ့်အတွင်းစိတ်နဲ့ တိုက်ရိုက်ဆက်စပ်နေသလားဆိုပြီးလည်း တခါမှ မတွေးမိပါ။ ဒီနိုင်ငံမှာတော့ ပြင်ပရာသီဥတုနဲ့ လူတွေရဲ့စိတ် တိုက်ရိုက်ဆက်စပ်နေသလိုလိုခံစားမိပါတယ်။

နေသာတဲ့နေ့တွေဆို စိတ်ကကြည်လင်ပြီး ပျော်သလိုလို ဖြစ်နေပါတယ်။ နေလည်းမသာ၊ နှင်းလည်းမကျပဲ ရာသီဥတုက ပုတ်သုန်းသုန်းဖြစ်နေပြီဆိုရင် စိတ်ညစ်သလိုလို၊ တခုခုကိုမကျေနပ်သလိုလိုနဲ့ ဘယ်လိုကြီး လဲ မသိပါဘူး။ ဒါကြောင့်ဖြစ်မယ်။ ဒီရာသီမှာ စိတ်ဖေါက်ပြန်သူများပြီး ကိုယ့်ကိုယ်ကိုသတ်သေသူ အတော်များတယ်လို့ သုတေသနလုပ်သူတွေကပြောပါတယ်။

ဒါကြောင့် ဆောင်းရာသီမှာ ရာသီဥတုဆိုးလို့ဆိုပြီး အိမ်ထဲမှာ ထိုင်ကွေးနေလို့မရပါ။ အခြေအနေ ပိုဆိုသွား နိုင်ပါတယ်။ ဟောလီးဒေးထွက်ဖို့လိုပါတယ်။ ခရီးထွက်ဖို့ အရံငွေ ဘယ်လောက်ရှိသလဲ။ ဘယ်ကို သွားမှာ လဲ၊ အဲဒီကိုသွားပြီး ဘာတွေလုပ်မှာလဲ။ ဒီလိုစဉ်းစားရင်းနဲ့ ၂၀၁၀ ခုနှစ် ဆောင်းတွင်းကြီးမှာ သွားခဲ့ဖူးတဲ့ ဖင်လန်နိုင်ငံမြောက်ပိုင်းက ရေခဲရဲတိုက်နဲ့ အာတိတ်စက်ဝိုင်း ခရီးစဉ်ကို သွားသတိရမိပါတယ်။

နောဒစ်နိုင်ငံတွေမှာနေပြီး နှင်းလျောမစီးတတ်သူများ

‘’ဖင်လန်ကို သွားလည်မယ်’’ လို့ပြောတော့ မြန်မာမိတ်ဆွေတချို့က နောက်နေတယ်ထင်ပြီး ရယ်ကြပါ တယ်။ နေရာတကာမှာ မြန်မာအမြင်နဲ့ချည်း မစဉ်းစားနဲ့လေ။ တကယ်တော့ အင်္ဂလိပ်စာလုံး Finnland နဲ့ မြန်မာစာလုံး ဖင်လန်က အဓိပါယ်ချင်း ဘာမှမဆိုင်ပါဘူး။ ဒါပေမဲ့ လူရွှင်တော်တွေက ဒီအမည်ကို ပျက်လုံးထုတ်တဲ့နေရာမှာ မကြာခဏသုံးလာခဲ့တော့ ဖင်လန်လို့ပြောလိုက်တာနဲ့ မြန်မာတွေကြားမှာ ဟာသလိုလိုဖြစ်နေခဲ့ပုံရပါတယ်။


နောဒစ်နိုင်ငံ (နောဒစ်ထဲမှာ နိုင်ငံပါပြီး ဖင်လန်၊ ဆွီဒင်၊ ဒိန်းမတ်၊ နော်ဝေးနဲ့ အိုင်းစလန်တို့ဖြစ်ပါတယ်) တခုဖြစ်တဲ့ ဖင်လန်မြို့တော် (Helsinki) ဟယ်စကီနဲ့ နော်ဝေးမြို့တော် (Oslo) အော်စလိုက ဘာမှမဝေး၊ လေယဉ်နဲ့ဆို နာရီ တည်း။ ရန်ကုန်နဲ့ ဘန်ကောက်ထက် နဲနဲပဲပိုဝေးမယ်ထင်ပါတယ်။ လေယဉ်ခကလည်း ရန်ကုန်နဲ့ ဘန်ကောက်ထက်တောင် သက်သာနေပါသေးတယ်။ အသွားအပြန်မှ ယူရွန် ၁၅၀ တည်း။ 

ထုံးစံအတိုင်း သွားလေရာမှာ မြန်မာတွေ၊ အထူးသဖြင့် တောထဲမှာတုန်းက အတူတာဝန်ထမ်းခဲ့ဖူးတဲ့ ABSDF ရဲဘော်ဟောင်းတွေနဲ့မတွေ့ရရင် မနေနိုင်သူပီပီ လေယဉ်ကွင်းမှာ ကျနော်ကိုလာကြိုသူက မင်းသမီးခစန်းမှာအတူ တာဝန်ထမ်းခဲ့ဖူးတဲ့ ကိုအောင်မော်။ သူနဲ့အတူပါလာသူက စခန်းတခုထဲကနေ သြစတေလျကိုရောက်သွားသူ ကိုဖိုးချို။ 

အိုဇိုးလွှာပေါက်နေတဲ့အရပ်ကနေ ရောက်လာတဲ့ ကိုဖိုးချိုအတွက်တော့ ဖင်လန်ဟာ လက်လန်အောင် အေးနေလောက်ပါတယ်။ ဘာကြောင့်လဲဆို နော်ဝေးကနေ ရောက်လာတဲ့ကျနော်တောင် ဖင်လန်ရဲ့ အအေးဒဏ်ကို အတော်ဖြုံသွားပါတယ်။ အော်စလိုမှာ အနှုတ် ၁၀ လောက်သာရှိပေမဲ့ ဟယ်စကီမှာ အနှုတ် ၂၀ လောက်ရှိနေပါတယ်။ နှင်းတွေကလည်း ကျသလားမမေးနဲ့။ လေယဉ်ကွင်းတခုလုံး ဖြူဖွေးလို့၊ နှင်းရှင်းတဲ့ယဉ်တွေ၊ လေယဉ်မှန်မှာကပ်နေတဲ့ နှင်းဖတ်တွေပျော်သွားအောင် ဆေးဖြန်းတဲ့ယဉ်တွေနဲ့ ရှုတ်ယှက်ခတ်နေပါတယ်။

လေယဉ်ကွင်းကနေကျနော်တို့ထွက်လာတော့ နေ့လည် နာရီလောက်ရှိနေပြီ (ဖင်လန်က နော်ဝေထက် အချိန်တရာရီစောပါတယ်) နေမ၀င်သေးဘူးဆိုပေမဲ့ နှင်းတွေကျနေလို့ ဘာကိုမှကောင်းကောင်းမမြင်ရ။ ပထမ ဆုံးသွားချင်တဲ့နေရာက Kuopio မြိှု့ရှိ မစုစုနွေး စာသင်ကျောင်းဖြစ်ပေမဲ့ ဟယ်စင်ကီနဲ့ ကူပီယိုက ကီလို ၃၉၀ ဝေးတာကြောင့် တိုက်ရိုက်သွားလို့မဖြစ်နိုင်။ ဒီတော့ လမ်းတ၀က်ရှိ ကိုအောင်မော်တို့အိမ်ရှိရာ Mikkeli မြို့မှာ တထောင့်နားရပါတယ်။

ရေဇင်းစိုက်ပျိုးရေးတက္ကသိုလ်ကနေ ဘွဲရထားပေမဲ့ တောထဲမှာတုန်းက ကျမ်းမာရေးဌာနမှာ တာဝန်ထမ်းခဲ့ ရသူ ကိုအောင်မော်ဟာ အခု ဖင်လန်ရောက်မှ နေရာမှန်ရောက်သွားတယ်ပြောရမလားမသိပါ။ ထင်းရူး သစ်သားစက်ရုံတခုမှာ အလုပ်ဝင်နေတဲ့အပြင် သူ့အိမ်ပတ်ဝန်းကျင်မှာလည်း ထင်းရူးတောကြီးက နည်းတာမဟုတ်။ သူအိမ်နောက်မှာတော့ ကန်တော်ကြီးတ၀က်လောက်ရှိတဲ့ ရေကန်ကြီးတခု။ 

ရေကန်ဆိုပေမဲ့ အခုတော့ ရေတွေခဲပြီး ဆီးနှင်းပြင်ကြီးဖြစ်လို့။ မနက်ဖြန်ကျရင် အဲဒီနေရာမှာ နှင်းလျောစီး ကြမယ်ဆိုပြီး ကိုအောင်မော်က သူရဲ့နှင်းလျောစီး ကရိယာတွေကိုထုတ်ပြပါတယ်။ အပူပိုင်းဒေသ သြစီမှာနေတဲ့ ကိုဖိုးချိုကတော့ ထားလိုက်ပါတော့။ အိမ်နီးချင်းရေခဲပြင် နော်ဝေးမှာနေပြီး နှင်းလျော မစီးတတ်ဘူးလို့ပြောရမှာကို ကျနော်က ခပ်ရှက်ရှက်။ ဒါပေမဲ့ ဒီလိုမစီးတတ်တာ ကိုယ်တယောက်တည်း တော့မဟုတ်ပါ။ နော်ဝေးမှာ ကျနော်သိသမျှ မြန်မာအများစုက နှင်းလျောစီးတတ်ဖို့နေနေသာသာ နှင်းကျ ရင်တောင် အပြင်မထွက်တော့သူက ခပ်များများ။


‘’ကလေးတွေကိုတုပြီး သွားမလုပ်နဲ့၊ ဒီအသက်အရွယ်ရောက်မှ ခြေကျိုးသွားရင် ပြန်ကောင်းဖို့ မလွယ်တော့ဘူး’’ ဆိုတာ အသက် ၄၀ ကျော်တန်း နော်ဝေးရောက်မြန်မာတွေရဲ့ လက်သုံးစကားပေါ့။ ဒါပေမဲ့ ဒီနိုင်ငံမှာမွေးတဲ့ သူတို့ရဲ့ ကလေးငယ်တွေကတော့ လူကြီးတွေနဲ့ပြောင်းပြန်။ နှင်းကျမှပျော်ပြီး နှင်းလျောစီးရမှကျေနပ်တဲ့ နော်ဝေးသားစစ်စစ်တွေဖြစ်နေပြီ။ ‘’ဘဲဥတွေကိုအသားပေါက်အောင် ၀ပ်ပေးလိုက်ရတဲ့ကြက်မကြီးတွေလိုပေါ့။ ဘဲကလေးတွေ ရေကူးနေချိန်မှာ ကမ်းပေါ်ကနေငေးကြည့်ရုံမှအပ ဘာမှမတတ်နိုင်တဲ့အခြေအနေ’’ ဆိုပြီး တချို့ကပြောကြပါတယ်။

ဒါပေမဲ့ အဲဒီထဲမှာ ကိုအောင်မော် မပါပါ။ တောထဲကထွက်လာတဲ့ ABSDF ရဲဘော်ဟောင်းတွေထဲမှာဆိုရင် ကိုအောင်မော်ဟာ ပထမ ဆုံးတွေ့ဖူးတဲ့ နှင်းလျောစီးသမားပါပဲ။ ကိုယ့်အရပ်အမြင့်က ဘယ်လောက်ဆိုရင် နှင်းလျောစီးကရိယာအရှည်က ဘယ်လောက်ရှိရမယ်၊ လက်ကိုင်တုတ်က ဘယ်လိုအနေအထားရှိရမယ်။ အနွေးထည်အကျီနဲ့ ဘောင်းဘီကို ဘယ်လိုဝတ်ရမယ်၊ အသားကပ်အ၀တ်စားက ဘယ်အနေအထား ရှိရမယ်၊ ဖိနပ်နဲ့ခြေအိပ်က ဘယ်လို စသဖြင့် သူကအသေးစိပ် ပြောပြနေပါတယ်။

ဒါပေမဲ့ ကျနော်တို့မှာက အဲဒီလိုအ၀တ်အစားတွေ တခုမှပါမလာ။ ဒီတော့ သူ့ဆီက အ၀တ်စားတွေ၊ နှင်းလျောစီးကရိယာတွေကိုပါဆွဲယူပြီး ဟန်ရေးပြကာ ဓာတ်ပုံရိုက်ဖို့ပြင်တာပေါ့။ ဒီအားကစားက ကြည့်ရင်လွယ်လိုလိုနဲ့ တကယ်တန်းစီးတဲ့အခါ မလွယ်ပါဘူး။ ဖိနပ်ထိပ်ဖျားမှာရှိတဲ့ သံကွင်းနဲ့ နှင်းလျောစီး ကရိယာမှာတပ်ထားတဲ့ သံကွင်းချင်း ချိတ်မိအောင်တောင် မနည်းထည့်နေရပါတယ်။ ချိတ်မိပြီးအဆင့် သင့်ဖြစ်လို့ တာစထွက်တာနဲ့ လဲပါလေရော့။ လဲတာကရိုးရိုးမဟုတ်၊ ပက်လက်လန်လဲတာဆိုတော့ နှင်းလျောစီးကရိယာကြီးနဲ့ တကယ့်ကို ကိုးယိုးကားယား။ စက်ဘီးစီးသင်တုန်းကထက် ပိုခက်တာကတော့ အမှန်ပါပဲ။

စုစုနွေးကျောင်းနဲ့ မြန်မာစာသင်ကြားရေးအနာဂတ်

ကိုအောင်မော်အိမ်ဝန်းကျင်မှာ နှင်းလျောစီးခြင်း၊ ရေခဲပြင်မှာ ငါးမျှားခြင်းတွေနဲ့ တရက်တာ အနားယူပြီးတဲ့ နောက် မစုစုနွေးကျောင်းရှိတဲ့ Kuopio မြိှု့လေးဆီ ကျနော်တို့ချီတက်လာပါတယ်။ မြို့အ၀င်မှာ နှင်းလျောစီး အမြင့်ခုန်ပြိုင်ပွဲကျင်းပတဲ့ မျော်စင်ကြီးရှိတယ်ဆိုလို့ အဲဒီတောင်ကုန်းပေါ်အရင်ဆုံး တက်တာပေါ့။ လှလိုက် တဲ့တောင်ကုန်း။ နှင်းဖတ်တွေတင်နေတဲ့ ထင်းရူးပင်တွေက တကယ့်ပန်းချီကားတချပ်လိုပါပဲ။ 


နေရာတကာနှင်းတွေချည်းဖြစ်နေတော့ ကားတောင်မြေကြီးနဲ့မထိပဲ နှင်းပေါ်မောင်းနေရလိုဖြစ်နေပါတယ်။ နယ်စပ် တောထဲမှာနေတုန်းက မိုးသဲပြီး ဗွက်ချော်လို့ ကုန်းအတက်မှာ နောက်ပြန်လျောကျသွားတဲ့ KNU ကားတွေကို ပြန်မင်မိပါတယ်။ အဲဒီတုန်းကတော့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ကားဘီးကို သံဆူးကြိုးပတ်ပြီး အရှိန်နဲ့ပြန်မောင်းတက်ရတာပေါ့။ ဒီမှာတော့ ဥရောပနည်းဥရောပဟန်ဆိုတော့ ကားဘီးကို သံဆူးကြိုး ပတ်စရာမလို၊ ဆောင်းရာသီတာယာဆိုပြီး သံဆူးတွေပါတဲ့ ကားတာယာသီးခြားရှိပါတယ်။ ဒီဇင်ဘာကနေ ဖေဖေါ်ဝါရီလကုန်တဲ့အထိ ဒီတာယာတွေကို လဲသုံးရပါတယ်။ ကားတင်မက ဆိုင်ကယ်နဲ့ စက်ဘီးတွေပါ  ဆောင်းမှာ တာယာပြောင်းရပါတယ်။

မျော်စင်ပေါ်ကနေ အောက်ဖက်ကိုပြန်ကြည့်တော့ ထင်းရူးပင်နဲ့ ရေခဲပြင်ပဲတွေ့ရပါတယ်။ အဲဒီရေခဲပြင်ကြား က ဟိုးမှာမြင်နေရတဲ့ အိမ်တန်းလေးဟာ မစုစုနွေးကျောင်းရှိတဲ့နေရာပေါ့။ ‘’ဒီကျောင်းကို ၂၀၀၅ ခုနှစ် ဧပြီလမှာ စဖွင့် တာ’’ လို့ အစချီရင်း ထိုင်းနိုင်ငံ မနီလွိုင်ကျောင်းသားစခန်းကနေ ဖင်လန်အထိ ဒီကျောင်း ဆက်လက်ရှင်သန်လာပုံ အဆင့်ဆင့်ကို ကျောင်းကော်မီတီဝင် ကိုသားဆွေက ရှင်းပြပါတယ်။

ဖွင့်ကာစက မနီလွိုင်ကအမည်အတိုင်း အရုဏ်ဦးကျောင်း (Dawn School) လို့ပဲ အမည်ပေးပေမဲ့ ၂၀၀၅ နိုဝင်ဘာလောက်မှာ လုပ်အားပေးကိစ္စကို ကမ္ဘာသိအောင်လုပ်ခဲ့တဲ့ မစုစုနွေးကို ဂုဏ်ပြုတဲ့အနေနဲ့ အမည် ပြောင်းလိုက်တာလို့သိရပါတယ်။ မူလတန်းကျောင်းဆိုပေမဲ့ မြန်မာနိုင်ငံကကျောင်းတွေလို နေ့စဉ်သင်နေတဲ့ ကျောင်းမျိုးတော့ မဟုတ်ပါ။ ဒီမြို့မှာ ရောက်နေတဲ့ မြန်မာကလေးငယ်တွေ မြန်မာစာနဲ့ မြန်မာစကား ရေး တတ်၊ ဖတ်တတ်၊ ပြောတတ် ဖြစ်လာအောင် အပါတ်စဉ် စနေ၊ တနဂ်နွေမှာ နေ့လည် နာရီကနေ နာရီ အထိ တပတ် နာရီသင်ပေးနေတဲ့ နေရာသာဖြစ်ပါတယ်။ 

ကျောင်းလာတက်နေတဲ့ကလေးတွေထဲမှာတော့ - နှစ်အရွယ်ကနေ ၁၄-၁၅ အရွယ်လောက်ထိတွေ့ရပြီး သူငယ်တန်းကနေ တန်းအထိ ကျောင်းသားကျောင်းသူ ၃၀ ၀န်းကျင်ရှိပါတယ်။ စေတနာ့ဝန်ထမ်းအဖြစ် သင်ပေးနေတဲ့ဆရာတွေထဲက လက်ရှိကျောင်းအုပ်ဆရာ ဦးမြတ်သစ်ဆိုရင် မနီလွိုင် Dawn School မှာ ကတည်းက ကျောင်းအုပ်အဖြစ် တာဝန်ယူလာသူလို့သိရပါတယ်။ 

ဆရာတွေက တက်ကြွစွာသင်နေပေမဲ့ ကျောင်းသားတွေကတော့ သိပ်စိတ်ပါပုံမရပါဘူး။ ဘာကြောင့်လဲ ဆိုရင် ဒုတိယ တန်းကျောင်းသားတဦးကဖင်းစာ (ဖင်လန်စာ) ထက် မြန်မာစာကပိုခက်တယ်။ ယပင့်တွေ၊ ယရင့်တွေ၊ တချောင်းငင်တွေ၊ လုံးကြီးတင်တွေနဲ့ အတော်ရှုတ်တယ်" လို့ပြောပါတယ်။ ဒါဆိုရင် ဘာလို့ သင်နေလဲဆိုပြီး ထပ်မေးတော့အဖေတက်ခိုင်းလို့ တက်နေရတာပါ" ဆိုပြီး ဖြေသွားပါတယ်။ 

တကယ်ကတော့ ဒီကလေးငယ်ပြောတာ အမှန်ပါ။ ဘာကြောင့်လဲဆိုရင် အလားတူ ကျောင်းတက်နေတဲ့ တတိယ နိုင်ငံရောက် ကလေးငယ်အတော်များများကို ကျနော်မေးကြည့်တဲ့အခါတိုင်း ဒီလို ခပ်ဆင်ဆင် အဖြေတွေကိုပေးလေ့ရှိပါတယ်။ မြန်မာစာနဲ့ မြန်မာစကားဟာ သူတို့မိဘတွေအတွက်အရေးကြီးနေဆဲ ဖြစ်ပေမဲ့ ကလေးတွေအတွက်တော့ အရေးမကြီးတော့ပါ။ မြန်မာစာမတတ်လို့ ဒီနိုင်ငံမှာ ဘာမှမဖြစ်တော့။ မိဘတွေကပြောခိုင်းလို့ အိမ်မှာနေစဉ်မြန်မာလိုပြောနေရပေမဲ့ အိမ်ကဆင်းတာနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ ဘာသာစကားကိုပဲ ပြောနေရသူတွေဆိုတော့ မြန်မာစာတတ်ဖို့လိုသေးလို့လားဆိုပြီး ငြင်းခုန်မှုတွေ လည်းရှိလာနေပါတယ်။

‘’မြန်မာဖြစ်ပြီး မြန်မာလိုမပြောတတ်။ မြန်မာစာမဖတ်တတ်ပဲနေလို့ ဘယ်ဖြစ်မလဲ’’ ဆိုပြီး တချို့မိဘတွေ ကမြင်ပါတယ်။ ဒါပေမဲ့ တချို့မိဘတွေကတော့ ‘’ကလေးတွေကို အတင်းအဓ္မမ ဖိအားမပေးသင့်ဘူး။ သူတို့ဘာသာ လွတ်လပ်စွာရွေးချယ်ပါစေ’’ လို့ဆိုကြပါတယ်။ ဒီအမြင်နှစ်ခုရဲ့အားပြိုင်ပွဲကြားမှာ ကလေး အတော်များများဟာ မိခင်စကား (ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း အားလုံး) နဲ့ စာကို မပြောတတ်၊ မဖတ်တတ်တော့ပါ။


ဒါဟာ တတိယ နိုင်ငံရောက် မျိုးဆက်သစ်တွေအတွက် စိမ်ခေါ်မှုတခုပါပဲ။ မိခင်ဘာသာစကားနဲ့ စာပေကို မတတ်ဘူးဆိုရင် သူတိုရဲ့ မျိုးရိုး identity က ဘာဖြစ်လာမလဲ။ ဗမာ-ဖင်လန်၊ ဗမာ-နော်ဝေ၊ ဗမာ-ဒိန်းမတ် သားတွေလို့ (မြန်မာကို လူမျိုးစုအမည်အဖြစ်ယူထားပြီး ဗမာကို တိုင်းပြည်အမည်ဖြစ်ယူထားပါတယ်) ဆက် ပြောနိုင်ဖို့ မိခင်စကားနဲ့စာ ဆက်သင်ထားဖို့တော့ လိုမယ်ထင်ပါတယ်။ 


ဒါပေမဲ့ ဒီကိစ္စက အပြောလွယ်သလောက် လက်တွေ့လုပ်တဲ့အခါ မလွယ်ပါ။ အခု ကျနော် ရောက်နေတဲ့ ဖင်လန်က စုစုနွေးကျောင်းလိုမျီုး နော်ဝေး၊ ဒိန်းမတ်၊ ဆွီဒင်၊ နယ်သာလန်အပါဝင် နေရာအတော် များများမှာ ဖွင့်ခဲ့ဖူးတာကို တွေ့ရပေမဲ့ တနှစ်၊ နှစ်နှစ်လောက်အတွင်း ပြန်ပျက်သွားလေ့ရှိပါတယ်။ 

‘’၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့အရေးသာ ကျနော်တို့က အကြီးအကျယ်ပြောနေတာ။ တကယ်တန်း အိမ်ပြန် ရောက်ရင် ကိုယ့်ကလေးကိုတောင် မြန်မာစာတတ်အောင် သင်ပေးနိုင်တာ မဟုတ်ဘူး’’ ဆိုပြီး နော်ဝေးက ရဲဘော်ကြီးတဦး မကြာခဏညီးတွားတာကို ပြန်ကြားရောင်နေမိပါတယ်။      
...
(ဒုတိယ ပိုင်းကို ရှေ့တပတ် တနင်္ဂနွေမှာ ဆက်လက်တင်ပြပေးပါ့မယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More