Thursday, January 7, 2016

၂၀၁၆ မှာ ကမ္ဘာလှည့်ခရီးသည် ပိုတိုးလာစေချင်တယ်ဆိုရင်

The Voice Daily, 07-01-2016.

ကမ္ဘာလှည့်ခရီးသည် တိုးလာခြင်း
ဒီဇင်ဘာ အားလပ်ရက် နှစ်သစ်ကူးရာသီမှာ မြန်မာနိုင်ငံဆီ မပြန်ဖြစ်ပေမဲ့ ဘယ်သူတွေ သွားကြသလဲ၊ ဘယ်နေရာတွေဆီ သွားလည်ကြသလဲဆိုတာကိုတော့ လေ့လာဖြစ်ပါတယ်။ ဒီရာသီဟာ ဥရောပနဲ့ အနောက်ကမ္ဘာမှာ ဆီးနှင်းတွေဖုံးလွှမ်းပြီး ရေခဲအမှတ်အောက်ရောက်နေတဲ့အတွက် ဟောလီးဒေးသွားသူအတော်များများက ထိုင်းနဲ့ မြန်မာ အပါဝင် အရှေ့တောင်အာရှဆီ သွားလည်လေ့ရှိပါတယ်။


သီတင်းကျွတ်ပွဲတော်ကနေ ကဆုန်လညောင်ရေသွန်းပွဲအထိ လလောက်နီးပါး နွေရာသီ (ခရီးသွားလုပ်ငန်း ခေါ် ပွင့်လင်းရာသီ) ဖြစ်နေတဲ့ မြန်မာနိုင်ငံဆီ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာလှည့်ခရီးသည် သန်း သိန်းလာတယ်လို့ ဟိုတယ်-ခရီး ဌာနကပြောပါတယ်။ ၂၀၁၄ တုန်းက သန်းသာလာတဲ့အတွက် သန်းနီးပါးတိုးလာတဲ့သဘောပါ။

ဒါပေမဲ့ အဲဒီစာရင်းထဲမှာ ကျနော်တို့လို တတိယ နိုင်ငံရောက် တောခိုကျောင်းသားဟောင်းတွေ မိဘအိမ်ပြန်လည်တာကိုပါ ထည့်ပေါင်းထားတယ်လို့ တချို့ကဆိုပါတယ်။ ဒီအဆိုကို အတည်ပြုဖို့ခက်ပေမဲ့ ၂၀၁၄ စာရင်းတွေအရ ၀င်လာတဲ့ Tourist သန်းမှာ တသန်းကိုးသိန်းက တာချီလိတ်နဲ့ မြ၀တီကနေ ၀င်လာသူတွေဖြစ်တယ်လို့ ဟိုတယ် -ခရီး ဌာနမှာ ဖေါ်ပြထားပါတယ်။

ဒါဆိုရင် လူမှုရေးဗီဇာ (Social Visa) မပေးတော့ဘူးဆိုတဲ့ နောက်ပိုင်း E-visa ခေါ် Tourist ဗီဇာတွနဲ့ပြန်နေကြတဲ့ ပြည်တော်ပြန်တွေကိုလည်း ကမ္ဘာလှည့်ခရီးသည်စာရင်းထဲ ထည့်ထားတယ်ဆိုတာဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖစ် အရင်နှစ်တွေနဲ့စာရင် ကမ္ဘာလှည့်ခရီးသည် ပိုတိုးလာတယ်ဆိုတာကိုတော့ သံသယ ရှိစရာမလိုပါဘူး။

မေးစရာကျန်တာက ဘာကြောင့် တိုးလာတာလဲ။ စစ်အာဏာရှင်စနစ်ကနေ ရွေးကောက်ခံအရပ်သား အုပ်ချုပ်ရေးစနစ်ဆီ အသွင်ပြောင်းလာလို့လား၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိလာလို့လား၊ လမ်းပန်ဆက်သွယ်ရေး ပိုကောင်းလာလို့လား။ ၀န်ဆောင်မှု ပိုကောင်းလာလို့လား။

ဒါမှမဟုတ် ကမ္ဘာကြီးရဲ့တိုးတက်မှုဖြစ်စဉ်အရ လည်ပတ်သူဦးရေ တနှစ်ထက်တနှစ် ပိုတိုးလာတဲ့ သဘာဝကြောင့်လား။ ဒါမှမဟုတ် အိမ်နီးချင်းထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးချထားလို့ အဲဒီက ဧည့်သည်တွေအတော်များများ ပွင့်လင်းစ မြန်မာနိုင်ငံဆီ အစုအပြုံလိုက်ဝင်လာကြလို့လား။

အိမ်နီးနိုင်ငံနဲ့ မြန်မာ ဘာတွေကွာ

ဒီအကြောင်းသိချင်လို့ ထိုင်းနိုင်ငံ ခရီးသွား အာဏာပိုင်အဖွဲ့ (TAT) ၀က်ဆိုက်ထဲ ၀င်ဖတ်ကြည့်တော့ ထင်ထားတာနဲ့ တခြားစီ။ စစ်အုပ်ချုပ်ရေးချထားတဲ့ ထိုင်းက Tourisit ၂၉ သန်းနဲ့ ၂၀၁၅ မှာ စံချိန်တင်လိုက်တယ်ဆိုပြီး ဒီဇင်ဘာ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဒါဟာ ဘန်ကောက်နဲ့ မြို့ကြီးတချို့ရှိ နိုင်ငံတကာ လေယဉ်ကွင်း တွေဆီ တိုက်ရိုက်ဝင်လာသူတွေကိုသာ ရေတွက်ထားပုံရပြီး မြန်မာနိုင်ငံလို နယ်စပ်ဖြတ်ဝင်လာတွေကိုပါ Tourist စာရင်းထဲ သွင်းထားပုံမရပါ။


ပိုသေချာအောင်ပြောရမယ်ဆိုရင် ၂၉ သန်းအတိမှာ သုဝဏဘုဗိလေယဉ်ကွင်းဆီဝင်လာတဲ့ ရုရှားနိုင်ငံသူတဦးကို ထိုင်းလေကြောင်းလိုင်းကနေ မေတ္တာလက်ဆောင် အခမဲ့လေယဉ်လက်မှတ်ပေးနေတဲ့ ဓတ်ပုံနဲ့အတူ  “Thailand’s Luckiest Visitor” အဖြစ် ပူးတွဲဖေါ်ပြထားတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒသမ သန်းပြည့်အတိအဖြစ် ရန်ကုန်လေယဉ်ကွင်းဆီဝင်လာသူကို အဲဒီလိုဖေါ်ပြထားခြင်း မရှိပါဘူး။ ကန်ချနပူရီ-ထီးခီးနယ်စပ်ကနေ စင်းလုံးကားငှားနဲ့ဝင်လာသူတွေ၊ ရန်ကုန်ဆိပ်ကမ်းဆီ သဘောင်္နဲ့ဝင်လာ သူတွေကိုသာ Myanmartourism ထဲမှာ ဦးစားပေးဖေါ်ပြ ထားတာတွေ့ရပါတယ်။

၂၀၁၅ နှစ်ချုပ်ဝင်ငွေကို မသိရသေးပေမဲ့ ၂၀၁၄ အတွက် Tourism လုပ်ငန်းကနေ ရရှိတဲ့ဝင်ငွေက US$1.78 billion ၀င်ခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ အိမ်နီး ချင်း ထိုင်းနိုင်ငံမှာတော့ ၂၀၁၅ ဇန်နာဝါရီလ ရက်နေ့ကနေ ဒီဇင်ဘာ ၁၆ အထိ 1.357 trillion baht (တဒေါ်လာ ၃၅ ဘတ်ခန့်ရှိ) ရတယ်လို့ ဖေါ်ပြထားပါတယ်။

Tourist နှင့် Service 

တကယ်တော့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းဆိုတာ Service ၀န်ဆောင်မှုကို ကျွမ်းကျင်ပိုင်နိုင်စွာပြသရတဲ့ စီးပွါးရေး လုပ်ငန်းတခုပါ။ ကိုယ့်နိုင်ငံဆီ ကမ္ဘာလှည့်ခရီးသည်တွေလာချင်အောင်၊ လာတဲ့အခါမှာတွေ့ကြုံ ရတဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေအပေါ် စိတ်ကျေနပ်မှုရအောင်၊ နောက်ထပ်တခေါက် ထပ်လာချင်အောင် ဆွဲဆောင်ရတဲ့လုပ်ငန်းမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ Tourism အာဏာပိုင်အဖွဲ့မှာ အဲဒီလို ကျွမ်းကျင်မှုရှိ မရှိဆိုတဲ့အပေါ် မေးခွန်းထတ် မှုတွေ ရှိလာနေပါတယ်။


ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်မှာ Eco-Tourism လုပ်ငန်းဆောင်ရွက်နေတဲ့ ပြည်တော်ပြန် မိတ်ဆွေတဦးကဆိုရင် မြန်မာ့ခရီးသွားအာဏာပိုင်အများစုဟာ Tourism နဲ့ပတ်သက်ပြီး အသေအချာလေ့လာထားတာ ဘာမှမရှိဘူး။ ၀င်ငွေရဖို့ပဲအားသန်နေပြီး ၀န်ဆောင်မှု Service လုပ်ငန်းကို လုံးဝနီးပါး နာလည်မှုမရှိသေးဘူးလို့ ပြောပါတယ်။
စာရေးသူကိုယ်တိုင်လည်း ပြည်တော်ပြန်ခရီးစဉ်တွေမှာ ဒီအားနည်းချက်တွေကို ကြုံခဲ့ရဖူးပါတယ်။ ရန်ကုန်လေယဉ် ကွင်းကနေ မြို့ထဲဝင်ဖို့ တက္ကစီစီးကတည်းက ဇတ်လမ်းက အဆင်မပြေ။ တိုင်းပြည်ဆင်းရဲလို့ လေယဉ်ကွင်းရထား မရှိသေးတာ၊ ကားတွေအဆင့်အတန်းမမီသေးတာထား လိုက်ပါတော့။ ကိုယ်ငှားတဲ့ကားရဲ့ ဒရိုင်ဘာ ဘယ်သူလဲ။ အရေးအကြောင်းဆိုရင် ဘယ်ကိုဆက်သွယ်ရ မလဲဆိုတဲ့ ID မျိုး ကားပေါ်မှာမတွေ့မိပါ။ ဒါဟာ အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ အဓိက ကွာခြားချက်ပါပဲ။ 

မြို့ထဲရောက်တော့ ဟိုတယ်တွေအခြေအနေက ဘန်ကောက်လောက်မကောင်းပါ။ ဒါပေမဲ့ ဈေးနှုန်းက ဘန်ကောက်ထက် ပိုမြင့်နေပါတယ်။ ဇိမ်ခံဖို့လာသူတချို့က တည ဒေါ်လာ ၁၀၀ ကျော်ပေးရတဲ့ ဟိုတယ်ကြီးတွေမှာတည်းကြပေမဲ့လည်း အများစုကတော့ ဒေါ်လာ ၅၀ အောက်ဟိုတယ်တွေကို ရှာဖွေလေ့ရှိပါတယ်။ ဘန်ကောက်မှာ ဘတ် ၁၀၀၀ (ဒေါ်လာ ၃၀ ၀န်းကျင်) တန်ဟိုတယ်၊ တည်းခိုခန်းတွေဟာ သန့ှ်ရှင်းသန့်ရပ်ပြီး နေထိုင်လို့ကောင်းပေမဲ့ ရန်ကုန်က ဒေါ်လာ ၃၀ တန် တည်းခိုခန်းက အတော်အခြေအနေဆိုးပါတယ်။

ပြီးတော့ ဟိုတယ်နဲ့ တည်းခိုခန်းဝန်ထမ်းတွေရဲ့ ၀န်ဆောင်မှုအခြေအနေ။ ပြင်ပကမ္ဘာနဲ့ နှစ် ၅၀ လောက်အဆက် ဖြတ်ခံခဲ့ရလို့လားမသိပါ။ မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းခွင်က ၀န်ထမ်းအများစုဟာ (ဒေါ်လာ ၁၀၀ ကျော်တန် ဟိုတယ်တွေမှအပ) ဧည့်သည်ကို ဘယ်လိုဆက်ဆံရမယ်ဆိုတဲ့ အခြေခံ သီအိုရီကိုတောင် သင်ကြားတတ်မြောက်ထားပုံ မရပါ။ 

ပြီးတော့ ခရီးသွားဝန်ဆောင်မှု။ အဝေးပြေးရထား ကောင်းကောင်းမရှိတာမျိုး၊ အောင်သပြေ အဝေးပြေးကားဂိတ်ဆီသွားတဲ့ တက္ကစီခက နေပြည်တော်-ရန်ကုန် ဘစ်ကားခထက် ပိုများနေတာမျိုး၊ လေယဉ်တွေက ရန်ကုန်ကနေ မနက်ဖက်ပဲထွက်ပြီး ညနေဖက်ထွက်တာမရှိတာမျိုး၊ နိုင်ငံခြားသားကို လေယဉ်ခနဲ့ ဟိုတယ်ခ ဈေးနှစ်ဆယူတာမျိုးတွေဟာ အတော်ဆိုးဝါးတဲ့ Service တွေဖြစ်ပါတယ်။

နောက်တချက်ကတော့ Tourist ဆိုတာ ဇိမ်ခံဟိုတယ်မှာတည်းပြီး အနောက်တိုင်းအစားစာပဲစားတယ်။ နေ့ဖက်မှာ ဈေးတန်းထဲလျောက်လည်ပြီး ညဖက်မှာ ဘားတွေ၊ နှိုက်ကလပ်တွေ သွားလေ့ရှိတယ်လို့ ရှေးရိုးဆန်စွာ နားလည် ထားသူတွေကလည်း ဟိုတယ်လုပ်ငန်းခွင်ထဲ မနည်းလှပါ။ 

တကယ်က အဲဒီလိုမဟုတ်။ ပွင့်လင်းစမြန်မာနိုင်ငံဆီ မရောက်ဖူးသေးလို့ လာလည်သူက အများစုဆိုတော့ မြန်မာ့ယဉ်ကျေးမှုအကြောင်း သိချင်ကြမှာပေါ့။ မြန်မာအစားအစာ စားဖူးချင်ကြမှာပေါ့။ အရပ်ထဲက သာမန်မြန်မာနိုင်ငံသားတွေရဲ့ နေအိမ်တွေဆီသွားပြီး နေ့စဉ်လူနေမှုဘ၀ကို လေ့လာချင်ကြမှာပေါ့။

အခုတော့ အဲဒီလိုမဟုတ်။ နိုင်ငံခြားသားတွေ ဆင်းရဲသားရပ်ကွက်ထဲ ၀င်လည်တာကို မသင့်တော်တဲ့ လုပ်ရပ်အဖြစ် မြင်သူကမြင်၊ ဟိုတယ်မဟုတ်တဲ့ အသိအိမ်တွေ၊ ကျေးလက်က ဆင်းရဲသားအိမ်တွေမှာ တည်းမိရင် အပြစ်ရှိတယ်လို့ ဆိုသူကဆို၊ ဒေသခံအမျိုးသမီးနဲ့ အနောက်တိုင်းသား တွဲသွားရင် အမျိုးပျက်ပါပြီလို့ ပြောသူကပြောနဲ့ ဘယ်လိုကီးလဲ မသိပါဘူး။ ပြင်ပကမ္ဘာဆီ တံခါးဖွင့်လိုက်ပြီ၊ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီ ပြောင်းနေပါပြီလို့ပြောနေပေမဲ့ မြန်မာအများစုရဲ့ စိတ်ပြူတင်းပေါက်ကတော့ အခုချိန်အထိ တကယ်ဖွင့်ပုံ မရသေးပါ။

ဘာတွေပြုပြင်ဖို့ လိုမလဲ

ဝန်ဆောင်မှု ဒီလောက်ညံ့ဖျင်းတဲ့ စစ်တပိုင်းအစိုးရခေတ်မှာတောင် တနှစ်ကို Tourist သန်းနီးပါး လာလည်တယ်ဆိုရင် ၂၀၁၆ အလွန် ရွေးကောက်ခံဒီမိုကရေစီအစိုးရခေတ်မှာ၊ နိုင်ငံတကာတန်း ၀င်အောင်ကြိုးစားကြမဲ့ အရပ်သား အစိုးရခေတ်မှာ သန်းထက်ပိုများလာမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါပေမဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဆိုတာဟာ လမ်းကြုံဝင်လုပ်လို့ရတဲ့ကိစ္စမဟုတ်ပါ။ အသေအချာလေ့လာသင်ကြားရမဲ့ အတတ်ပညာတခုဖြစ်တယ် ဆိုတာကိုတော့ ပထမ ဆုံး ပညာပေး ဖို့လိုပါလိမ့်မယ်။

Myanmartourism ထဲမှာ ၂၀၁၄ ခုနှစ်အတွင်း လိုင်စင်ရ ဧည့်လမ်းညွှန် ၄၈၄၆ ဦးရှိအောင် လုပ်ပေးနိုင်ခဲ့ တယ်လို့ဖေါ် ပြထားပေမဲ့ ဟိုတယ်ဝန်ထမ်းနဲ့ ခရီးသွားဝန်ထမ်းတွေကိုပါ အဲဒီလို အသိအမှတ်ပြု ၀န်ဆောင်မှုလက်မှတ်ရအောင် သင်ပေးထားဆိုတာမျိုးတော့ မတွေ့မိပါ။ ဆိုလိုတာက ခရီးသွားလုပ်ငန်းဆိုတဟာ လိုင်စင်ရ Tour Guide ငါး ထောင်ခန့် ရှိနေရုံနဲ့ကိစ္စမပြီးပါ။

နောက်တချက်က Eco-Tourism သဘာဝအခြေခံခရီးသွားလုပ်ငန်းကို တိုးမြင်ပြီး သံယံဇာတ ပေါကျွယ်လှ တဲ့ မြန်မာ့ သဘာဝကို ကမ္ဘာသိအောင် ပြသဖို့ပါ။ ကမ္ဘာလှည့်ခရီးသည်အများစုဟာ လေထုညစ်ညမ်းမှုတွေ နဲ့ မွန်းကျပ်နေတဲ့ မြို့ပြဒေသကနေ လာကြသူတွေများတာကြောင့် ခဏတာအနားယူချိန်မှာ စိမ်းလမ်းတဲ့တောနဲ့တောင်တန်းတွေ၊ သဘာဝ အလှအပတွေကို ငေးမောချင်လေ့ရှိပါတယ်။ ဒီအတွက်တော့ သိပ်မဆိုးလှ။ မြန်မာနိုင်ငံမှာ Eco-Tourism ဒေသအဖြစ် သတ်မှတ်ထားတဲ့နေရာ ၁၅ ခုရှိတယ်လို့ Myanmartourism ကဆိုထားပါတယ်။

အဲဒီထဲမှာ ရှေးဟောင်းအမွေအနှစ်ခရီးစဉ် (Cultural heritage tourism) ပုဂံဒေသပြီးရင်း ကမ္ဘာလှည့် ခရီးသည် ဒုတိ အများဆုံးသွားလေ့ရှိတဲ့ အင်းလေးကန်ကြီးပါဝင်ပါတယ်။ ပြီးတော့ အင်းတော်ကြီး၊ မုန်းရင်းကြီးနဲ့ မိန်းမလှကျွန်း တခါ ပုပါးတောင်၊ နတ်မောက်တောင်၊ အလောင်းတော်ကသပနေရာတွေ ကိုလည်း Eco-Tourism စာရင်းထဲ ထည့်ထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ထိုင်းဘုရာဖူးတွေနဲ့ ပြည်တော်ပြန် မြန်မာဘုရားဖူးတွေ အများဆုံးသွားလေ့ရှိတဲ့ ကျိုက်ထီးရိုးတောင်ကိုတော့ Eco-Tourism ထဲမှာ မတွေ့မိပါဘူး။ 

ပုဂံဒေသဆီသွားတဲ့ ခရီးသည်အများစုက ရှေးဟောင်းအမွေအနှစ်ကိုလေ့လာချင်လို့ဖြစ်ပေမဲ့ ကျိုက်ထီးရိုး ဆီလာသူ တွေကတော့ ဘာသာရေးထက် သဘာဝအလှကိုစိတ်ဝင်စားသူက ပိုများမယ်ထင်ပါတယ်။ ဒါကြောင့် တောင်ထိပ် အထိ ကားစီးပြီးတက်ချင်တဲ့ မြန်မာအများစုရှိသလို ဘဘာဝအလှ၊ တောတောင်ရေမြေကိုငေးမောရင်း လမ်း လျောက်တက်ချင်တဲ့ နိုင်ငံခြားခရီးသည်တွေလည်းရှိပါလိမ့်မယ်။ ဘာသာရေးစောင်းပေးတဲ့ ဂေါပကအဖွဲ့အပြင် သဘာဝအလှကိုစောင်းပေးတဲ့ ခရီးသွားလုပ်ငန်းကျွမ်းကျင်တဲ့အဖွဲ့လည်း ဒီဒေသမှာ တာဝန်တွဲယူသင့်တယ်လို့ ထင်မိပါတယ်။


အနှစ်ပြန်ချုပ်ရရင်တော့ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းတခု တိုးတက်လာဖို့ဆိုတာဟာ နိုင်ငံတကာအဆင့်မီ ကြယ် ငါးပွင့်ဟိုတယ် ၅၀ လောက်နဲ့ ဧည့်လမ်းညွှန် ငါးထောင်လောက် ရှိနေရုံနဲ့ မလုံလောက်ပါ။ Tourism လုပ်ငန်းနဲ့ ဆက် စပ်နေတဲ့ ဒေသစုံ၊ နယ်မြေစုံက ၀န်ဆောင်မှုပေးနေရသူအားလုံးရဲ့ အရည်အသွေးမြင့် လာအောင်ဆောင်ရွက်ပေးဖို့၊ အခြေခံအဆောင်ဦတွေ ဒီထက်ပိုကောင်းလာအောင် အရှိန်မြင့်ဆောင်ရွက်ပေးဖို့ လိုအပ်နေပါကြောင်း တင်ပြလိုက် ရပါတယ်။             

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More