ABSDF ရဲဘော်ဟောင်း အများစုရှိရာ Fort Wayne - ဖို့ဒ်ဝိန်းမြို့သို့ ခရီးသွားခြင်း...(အပိုင်း- ၆- နိုဂုံး၊ ဒီနေ့- နိုဝင်ဘာ ၁ ရက်နေ့ဟာ ABSDF မွေးနေ့ဖြစ်ပါတယ်)...
(၁) - အူးလေးတို့က ပင်စင်ရတဲ့အထိ နိုင်ငံခြားမှာ နေမှာလား...
ဒီညနေပွဲက နုတ်ဆက်ပွဲလို့ပြောနိုင်တယ်။ မနက်ဖန်ဆို ကျနော်တို့ ဖို့ဒ်ဝိန်းကနေ ပြန်ထွက်တော့မယ်။ ဒီတော့ မနေ့က အချိန်မရလို့၊ အလုပ်များလို့ မတွေ့ဖြစ်သူအတော်များများ ရောက်လာကြပါတယ်။
၂၀၁၊ ၂၀၃ က ကိုချိုတူး၊ ကိုကျော်သူ၊ ကိုယုထွေး၊ ကိုရင်ကြီး အပါဝင် ရဲဘော်တွေ၊ နောက် မမေသန်းရှိန်၊ ကိုမျိုးဝင်းမိသားစု၊ ကိုသန်းအောင် မိသားစု... လူအတော်စုံပါတယ်။
အဲ... ဒါပေမယ့် ဒီဆိုင်မှာက အစားပဲရပြီး အသောက်မရတဲ့အတွက် ယမကာ လုလင်တွေက ဒီကိုမလာပဲ ကိုမြင့်အောင်အိမ်မှာ စောင့်နေကြတာလည်း ရှိပါသေးတယ်။
ပိတ်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့၊ မတွေ့ရတာ နှစ် ၃၀ ကျော်ကြာနေတာကို သတိရတဲ့အနေနဲ့ ကိုရင်ကြီးက -ဘလူးလေဗယ်- နဲ့ ဂုဏ်ပြုပါတယ်။ အဲ... ယမကာ အကြောင်းပါလာရင် စကားက လမ်းချော်ချော်သွားတတ်တယ်။ အမေရိကားလာပြီး ယမကာ သုတေသနလုပ်နေတာလား... အမေးခံရတော့မယ်။
---
ကိုကောင်းရှိန်ရဲ့စာရင်းအရဆိုရင် ဖို့ဒ်ဝိန်းမှာ ABSDF ရဲဘော်ဟောင်း ၇၀ လောက်ရှိတယ်၊ အဲဒီထဲက တဝက်နီးပါး တွေ့ခွင့်ရတယ်ဆိုတော့ မဆိုးဘူးပြောရမယ်။ အတော်များများက အလုပ်မအားကြဘူးလေ။ ကိုယ်တွေကလည်း ABSDF တာဝန်နဲ့ လာတာမဟုတ်တော့ ...ရှေ့မှာပြောခဲ့သလို ... ကုက္ကူပင်အောက် လာစုကြ ...ဆိုပြီးသွားလုပ်လို့မရဘူး။
ဒါပေမယ့် ဒီမြို့မှာ တက်ကြွစွာ စည်းရုံးလှုပ်ဆော်နေသူ၊ ဆန္ဒပြပွဲတွေ၊ ရန်ပုံငွေ ဈေးရောင်းပွဲတွေကို တာဝန်ယူ နိုးဆော်နေသူ၊ (ဒီနေ့တောင် ဇေတဝန်ကျောင်းမှာ AB နှစ်ပတ်လည်ပွဲအတွက်ပြင်နေတာတွေ့ရ) ကိုကောင်းရှိန် ဆက်ပြောတာက...
...“အူးလေးတို့ ဒီကိုရောက်နေတုန်း... မင်းသမီး၊ မောတောင်ဖက်က ရဲဘော်တွေကို...နိုင်ငံရေးပွဲလေး ဘာလေး လာတက်ကြဖို့ နိုးဆော်ပေးသွားအူး၊ အချို့ရဲဘော်တွေက အပြင်တောင်မထွက်ကြဘူး။ အခု ခင်ဗျားတို့လာမှ အဲလူတွေ အပြင်ထွက်လာကြတာ” ဆိုပြီး ပြောပါတယ်။
ဒါပေမယ့် အားလုံးက အင်ဒီဗယ်ဂျုရယ်ဖြစ်နေပြီ၊ ကိုယ်တွေကလည်း AB တာဝန်နဲ့ လာတာမဟုတ်ဘူး။ ရဲဘော်ဟောင်းအချင်းချင်း ဘော်ဘော်ကန်ဒတွေ့တာဆိုတော့ အဲလို နိုးဆော်ဖို့ကလည်း အခက်...
ဒါပေမယ့် စကားပြောကြည့်သလောက်- တီးခေါက်မိသလောက်ကတော့ အားလုံးဟာ AB ဗဟိုနဲ့ တိုက်ရိုက်ဆက်သွယ်မှုမရှိကြပေမယ့်၊ မြို့ထဲကပွဲတွေကို လာလေ့မရှိပေမယ့် (တကယ်ကတော့ အခြားပွဲတွေထား၊ AB နှစ်ပတ်လည်ပွဲတော့ တက်သင့်တာပေါ့) သက်ဆိုင်ရာ မြန်မာပြည်က မြိုံ့ရွာတွေဆီ၊ တော်လှန်ရေးအဖွဲ့တွေဆီ နိုင်သလောက် ကူညီပေးနေကြတယ်လို့ သိရပါတယ်။
---
နောက် ရှေ့အခန်းမှာ မပြောဖြစ်ပဲ နိဂုံးချုပ်ခါနီးမှ ပြောဖို့ချန်ထားတာ တခုက ...
မနေ့က ဘုန်းကြီးကျောင်းက အပြန်မှာ... မင်းသမီးစခန်းမှာတုန်းက ဒဏ်ရာရပြီး မသန်စွမ်းအဖြစ်နဲ့ အမေရိကားကိုရောက်လာတဲ့ ရဲဘော်တွေထဲက ကိုရန်ကျော်အောင်ကို သွားတွေ့ဖြစ်ပါတယ်။
ပြီးတော့ ဒီရောက်မှာ အက်စီးဒင်းဖြစ်ပြီး ဒဏ်ရာရသွားတဲ့ ဗိုလ်ကာတွန်း၊ နောက် ကျန်းမာရေးမကောင်းလို့ နည်းနည်းစောပြီး ပင်စင်ယူသွားတဲ့ ရဲဘော်တွေရဲ့ အခန်းတွေဆီ သွားရောက်အားပေး (လေနဲ့ပဲ အားပေးနိုင်) ဖြစ်ပါတယ်။
သက်ဆိုင်ရာ ပြည်နယ်အစိုးရက သူတို့အတွက်ပေးထားတဲ့ အခန်းတွေ၊ လိုအပ်တဲ့ နေ့စဉ်အကူအညီတွေအတွက် စီစဉ်ပေးထားတာ အတော်ကောင်းတယ်လို့ပြောနိုငပါတယ်။
ကျနော့်စိတ်ထဲ ထင်ထားတာက အဲလိုမဟုတ်ဘူး။... အမေရိကားမှာ ဆိုရှယ်စင်ကျုရတီ မကောင်းဘူး။ အနောက်ဥရောပ၊ ကနေဒါ၊ သြစီ မှာပဲ ကောင်းတယ်။ ဒီမှာ ဒီလို ပေးထားလိမ့်မယ်လို့ ထင်မထားဘူး။ ဒါပေမယ့် ဒါဟာ ပြည်နယ် တခုနဲ့တခု မတူဘူးလို့ဆိုပါတယ်။
ဒီရဲဘော်တွေနဲ့တွေ့တော့ အော်စလိုမှာ မကြာခနတွေ့ဖြစ်တဲ့၊ တောတွင်းစခန်းမှာတုန်းက မိုင်းထိပြီး မျက်စီကွယ်၊ လက်ချောင်းတွေပြတ်သွားတဲ့ ကိုအောင်ကျော်ဦး မကြာခနပြောတတ်တဲ့ စကားကို ပြန်ကြားယောင်မိပါတယ်။
“ကျနော်တို့က AB မှာ တာဝန်ထမ်းနေစဉ် ဒဏ်ရာရတယ်၊ အဖွဲ့အစည်းက ဘာမှ တာဝန်ယူ လုပ်မပေးနိုင်ဘူး။ တော်သေးတယ် နော်ဝေအစိုးရက ပင်စင်ပေးပြီး တာဝန်ယူးစောင့်ရှောက်ထားလို့”...တဲ့။
---
ဆိုတော့ကာ... နိုင်ငံခြားရောက်သွားတဲ့ ရဲဘော်တိုင်း အားလုံးအဆင်ပြေနေကြတာတော့ မဟုတ်ဘူး။ ... အားလုံး အဆင်မပြေဖြစ်နေကြတာမျိုးလည်း မဟုတ်ပြန်ဘူး...
သေချာတာကတော့ အားလုံးဟာ နေ့စဉ်ဘဝကို ရုန်းကန်နေကြရပါတယ်။ မြန်မာပြည်မှာလို မိဘ-ဆွေမျိုး အသိုင်းအဝိုင်း မရှိကြဘူးလေ။
အခုတွေ့ခဲ့တဲ့ ရဲဘော်တွေဟာ ကိုယ့်မိသားစု၊ ကိုယ့်ဆွေမျိုုးတွေပါပဲ၊ ဒီရဲဘော်တွေ အချင်းချင်း အပြန်အလှန်ကူညီ လက်တွဲစောင့်ရှောက်ကြရမှာပေါ့။
ပြီးတော့ အသက်တွေကလည်း ကြီးလာကြပြီ...။...“အူးလေးတို့က ပင်စင်ရတဲ့အထိ နိုင်ငံခြားမှာ နေမှာလား”... ဆိုပြီး အရင်က နောက်ပြောခဲ့ဖူးတာတွေကိုလည်း ပြန် သတိပြုမိပါတယ်။
အသက် ၆၀ ကျော်တွေဆိုတော့ မြန်မာပြည်ကအတိုင်းတွေးရင် တတိယ အရွယ်ရောက်နေပြီ၊ ဘုရားသွား ကျောင်းတက်- ပုတီးတဖက်နဲ့ အိမ်ဦးခန်းမှာ ထိုင်နေရမယ့် အရွယ်တွေလား မသိပါဘူး။
ဒါပေမယ့် ဒါ အမေရိကားလေ...။ အသက် ၈၀ အဖိုးကြီးတောင် သမ္မတတက်လုပ်နေရာဆိုတော့ မြန်မာတွေး တွေးပြီး အသက် ၆၀ မှာ OP ဆိုပြီး အားငယ်နေလို့ဘယ်ဖြစ်မလဲ...
ဒါပေမယ့် ပြသာနာက အဲဒီ အသက် ၈၀ အူးလေးကြီးက ကွမ်းမစား (အမေရိကားရောက် မြန်မာတွေထဲမှာ ကွမ်းစားသူအတော်များများတွေ့ရ)၊ ဆေးလိပ်မသောက်၊ အရက်မသောက်ဘူး...တဲ့။
ကိုယ့်ဆရာအတော်များများက မထသ လိုင်းပေါင်းစုံ ဆွဲသူတွေ၊... နောက် ဆင်းရဲတဲ့ တိုင်းပြည်မှာ လူဖြစ်ပြီး နောက်ထပ် ၁၀ နှစ်က အငတ်အပြတ်ဘဝနဲ့ တောထဲမှာ နေလာရသူတွေဆိုတော့ ဟိုအူးလေးကြီးနဲ့တော့ ဘယ်သွားယှဉ်လို့ရမလဲ...။
ဒါပေမယ့် တောထဲမှာတုန်းက မစားနိုင်လို့၊ စားစရာမရှိလို့ အဟာရရှိတာတွေ မစားတာကတော့ ထားတော့...။ အမေရိကားတွေ၊ တတိယနိုင်ငံတွေရောက်တော့ကော ကျန်းမာရေးနဲ့အညီ အဟာရရှိတာတွေကို ကိုယ့်လူတွေက စားပါရဲ့လား...
အသက် ၆၀ နီးတဲ့အထိ မနက်စာအတွက် နွားနို့ ပုံမှန်မသောက်သူ၊ ကြက်ဥ ပုံမှန်မစားသူ၊ ငါးကြီးဆီ မမီဝဲသူ၊ လေ့ကျင့်ခန်း ပုံမှန်မလုပ်သူ...စသဖြင့် အများကြီး...
အဲဒီလို အဟာရ ရှိတာတွေကို မစားဖြစ်တဲ့အပြင် ဆင်းရဲ ငတ်ပြတ်စဉ် တောတွင်းဘ ဝက စားခဲ့ဖူးတဲ့ ရိက္ခာခြောက်တွေ၊ ထောင်ဝင်စာပို့စဉ် စားခဲ့ဖူးတဲ့ ငါးပိကြော်၊ ဘလောင်ချောင်ကြော်၊ ငါးခြောက်ကြော် ဒီလိုဟာတွေကို စွဲနေကြတယ်ဆိုတော့ကာ...
ဟို အူးလေးကြီးလို အသက် ၈၀ မှာ သမ္မတဖြစ်ဖို့မစဉ်းစားနက်... အသက် ၈၀ အထိတောင် အသက်ရှည်ပါ့မလား... ဝိုင်းစဉ်းစားသင့်တဲ့ ကိစ္စပါပဲ။
---
ဒါတွေဟာ ကျန်းမာအောင်နေထိုင်တာအပြင် တဦးချင်းရဲ့ ကံတရားနဲ့လည်း ဆိုင်နိုင်ပါတယ်။ အချို့ဆို ပင်စင်မရခင်၊ အသက် ၆၀ မပြည့်ခင်မှာတောင် တမလွန်ဘဝကို ခရီးရှည်ထွက်ကုန်ကြပြီ...။
ကျနော်တို့ မရောက်ခင် လပိုင်းအတွင်းကပဲ မင်းသမီးခစန်းက ကိုသန်းတင် ကွယ်လွန်သွားပါတယ်၊ အဲဒီမတိုင်ခင် လပိုင်းက ဆေးမှုးကိုလေးညို ကွယ်လွန်သွားပါတယ်။ သူတို့တွေဆို အသက် ၅၀ ကျော်လေးတွေပဲ ရှိဦးမှာပေါ့။
ဆိုလိုတာက အသက်တွေ မငယ်တော့ဘူး၊ တောထဲမှာ တုန်းကလို ဖြစ်သလို နေလို့မရတော့ဘူး။ “လိမ်မာမှ အိမ်ပါမယ်” ဆိုပြီး တောထဲမှာတုန်းက နောက်ပြောပြောခဲ့ကြတဲ့ စကားလုံးတွေဟာ အခုချိန်မှာတော့ အဲဒီအိမ်ဆိုတာ ဘယ်အိမ်ကိုပြောတာလဲ၊ အမေ့အိမ်လား... အခု လက်ရှိ အမေရိကားက အိမ်၊ တတိယ နိုင်ငံတခုခုက အိမ်တွေကိုပြောတာလား...
တလ၊ ၂ လလောက်နဲ့ တော်လှန်ရေးအောင်မယ်ထင်ပြီး တောခိုလာကြတဲ့ တချိန်က အသက် ၂၀ ဝန်းကျင်လူငယ်တွေဟာ အခု အသက် ၆၀ ကျော်နေပြီ။ အမေ့အိမ် ပြန်ဖို့ဆိုတာ လောလောဆယ် မဖြစ်နိုင်သေး။
ဒီတော့ ပင်စင်ရတဲ့အထိ နိုင်ငံခြားမှာ နေရတော့မှာပေါ့။ ပင်စင်ယူပြီးရင် ဘယ်မှာနေမလဲ... ရာသီဥတုကောင်းတဲ့နေရာလား၊ မိတ်ဆွေသူငယ်ချင်း... ဒီမှာတော့ AB ရဲဘော်တွေ၊ တပ်ရင်းတခုကတည်းက ရဲဘော်တွေအများစုရှိတဲ့နေရာဆီ ပြောင်းနေကြမလား... ဆွေေးနွးနေကြပြီ။
အဲတော့... မူလ ရည်မှန်းချက် တော်လှန်ရေးအောင်ဖို့အတွက်လည်း (AB အပါဝင်၊ လက်ရှိ တိုက်ပွဲဝင်နေတဲ့ မျိုးဆက်သစ်တွေကို) နိုင်သလောက်ကူ၊... တဖက်မှာ ငြင်းပယ်လို့မရတဲ့ အရှိတရား... အိုမင်း-မစွမ်းဖြစ်လာနေခြင်းကိုလည်း သတိပြု၊ ကျန်းမာရေးကို ကရုစိုက်၊ ရဲဘော်ရဲဘက်တွေအချင်းချင်း တွေ့ကြ- အားပေးကြ- အပြန်အလှန်ကူညီကြ...
အဲ... ကုက္ကူပင်အောက်က ဆွေးနွေးပွဲမှာ နောက်တကြိမ် ထပ်တွေ့ကြတာပေါ့...
“ပျော်ပျော်ပါးပါး ပေါ့”...။. ။
=====