Thursday, December 1, 2016

Self-Censor သိပ်များလာတဲ့အခါ

The Voice Daily, 01-12-2016.

ဆင်ဆာ မျိုးနှင့် မြန်မာ့မီဒီယာ

သတင်း၊ စာပေ အားလုံးကို အာဏာပိုင်အဖွဲ့က တည်းဖြတ်ပြီးမှ ထုတ်ဝေခွင့်ရတဲ့ ဆင်ဆာ (Censor) စနစ်ဆိုတာဟာ မြန်မာတွေနဲ့ မစိမ်းပါ။ ဒါပေမဲ့ တစုံတရာကိုကြောက်လို့ သတင်း၊ စာပေရေးသူက မိမိ ဘာသာ ကြိုတင်တည်းဖြတ်ရတဲ့ Self-Censor ကတော့ နည်းနည်းစိမ်းနေ မလားမပြောတတ်ပါ။ ဘာကြောင့်လဲဆို အရင် မဆလ ခေတ်၊ န၀တ ခေတ်ကနေကနေ ဦးသိန်းစိန်အစိုးရခေတ်အထိ (၁၉၆၂ ကနေ ၂၀၁၂ အထိ) နှစ်ပေါင်း ၅၀ လုံးလုံး Censor ကိုသုံးပြီး သတင်းတွေ၊ ဆောင်းပါးတွေ၊ ကဗျာတွေ၊ ၀တ္တုတွေပါတဲ့ စာနယ်ဇင်းအားလုံးကို စာပေစီစစ်ရေးအဖွဲ့က တည်းဖြတ်လာခဲ့တာ လူတိုင်းသိပါတယ်။


ဒါပေမဲ့ ၂၀၁၂ မှာ ဆင်ဆာဘုတ်အဖွဲ့ဖျက်သိမ်းပြီးတဲ့နောက် ဆင်ဆာအစား Self-Censor က ဆက်လက်ရှင်သန်နေတယ်ဆိုတာကို သတိထားမိသူ နည်းလှပါတယ်။ ဆိုလိုတာက စစ်အစိုးရခေတ်၊ အာဏာရှင်ခေတ်တွေမှာ သတင်းလွတ်လပ်ခွင့်လုံးဝမရှိဘူး။ သတင်းအားလုံး၊ စာပေအားလုံးကို အစိုးရ ကတည်းဖြတ်တယ်။ အစိုးရခွင့်ပြုမှ ထုတ်ဝေလို့ရတယ် စသဖြင့် အဖြူ-အမဲ သည်းသည်းကွဲကွဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်အစိုးရကနေ အရပ်သားအစိုးရဆီ အသွင်ပြောင်းတဲ့အခါ၊ ပညာရှင်တွေရဲ့အခေါ် Hybrid regimes (အာဏာရှင်နဲ့ ဒီမိုကရေစီပေါင်းထားတဲ့ အစိုးရ) စပ်ကြားကာလ အစိုးရလက်ထက်တွေမှာတော့ ဆင်ဆာစနစ်ကို ရုတ်သိမ်းပြီး မီဒီယာကို တစုံတရာလွတ်လပ်ခွင့် ပေးလေ့ရှိတယ် ဆိုပါတယ်။

အဲဒီသဘောတရားအရ ၂၀၁၂ သြဂုတ်လကစပြီး မြန်မာနိုင်ငံမှာ ဆင်ဆာမရှိတော့ပါ။ (Print Media ပုံနှိပ်မီဒီယာ တခုတည်းကိုပြောခြင်းသာဖြစ်ပါတယ်။ တခြားမီဒီယာပလက်ဖောင်းတွေအတွက် အခုချိန်ထိ ဆင်ဆာစနစ် ရှင်းရှင်းလင်းလင်း မရှိသေးပါ) ဒါပေမဲ့ တကယ်ပဲ ဆင်ဆာ မရှိတော့တာလား။ အစိုးရက တည်းဖြတ်တဲ့ တိုက်ရိုက်ဆင်ဆာကနေ သတင်းသမားတွေကိုယ်တိုင် တည်းဖြတ်ရတဲ့ ကိုယ်တိုင်ဖြတ် ဆင်ဆာအဆင့်ဆီ ရောက်သွားတာလား။ စာဖတ်ပရိသတ်ကြီးက ပိုသိမှာပါ။ စိတ်ဝင်စားဖို့ ကောင်းတာ ကတော့ အဲဒီ Self Censor ဟာ အရင် ဦးသိန်းစိန်ရဲ့ စစ်တပိုင်းအစိုးရခေတ်နဲ့စာရင် အခု ဒေါ်အောင် ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအရပ်သားအစိုးရ လက်ထက်မှာ ပိုကြီးထွားလာနေတယ် ဆိုတာပါပဲ။


အစိုးရပြောင်းပေမဲ့ အမြင်ကတ်ပုဒ်မတွေက မပြောင်းသေး 

ဒေါ်အောင်ဆန်းစုကြည်အစိုးရတက်ပြီး တနှစ်မပြည့်ခင်လေးမှာတင် အစိုးရခေါင်းဆောင်ပိုင်းနဲ့ တပ်မတော်ခေါင်းဆောင်ပိုင်းတွေကို ဝေဖန်လို့ဖမ်းဆီးခံနေရသူ ၁၀ ဦးကျော်ရှိနေပြီဖြစ်ပါတယ်။ အဲဒီထဲမှာ အဲလဗင်း မီဒီယာမှ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွတ်အောင်နဲ့ အယ်ဒီတာ ဦးဝေဖြိုးတို့လို ထင်ရှားတဲ့သတင်သမားတွေပါ ပါလာတဲ့အခါ အစိုးရသစ်ဟာ မီဒီယာလွတ်လပ်ခွင့်ကိုပါ ငြိမ်းခြောက်လာ နေပြီလားလို့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် Freedom of Expression ကို မြတ်နိုးသူတွေက စိုးရိမ် စပြုလာနေပါတယ်။

အဲလဲဗင်းမီဒီယာကနေ ရန်ကုန်တိုင်းဝန်ကြီးချုပ်အပေါ် ဝေဖန်တဲ့ဆောင်းပါးဟာ အချက်အလက် မှားနေ တယ်၊ ပုဂ္ဂိုလ်ရေးအရ အသရေဖျက်သလိုဖြစ်နေတယ်ဆိုရင် တရာမမှုဖြစ်တဲ့ အသရေဖျက်မှုနဲ့ တရားစွဲ၊ တရားရုံးတက်၊ အပြန်အလှန် ငြင်းခုန်ကြ၊ နောက်ဆုံး အပြစ်ရှိတယ်လို့ တရားရုံးကဆုံးဖြတ်မှ ထောင်ဒဏ်၊ ငွေဒဏ် စသဖြင့် တခုခုချမှတ်ရမှာဖြစ်တယ်လို့ ဝေဖန်သူတွေကဆိုပါတယ်။ အခုတော့ အဲဒီလို အသရေ ဖျက်မှုနဲ့မစွဲပဲ ဆက်သွယ်ရေးပုဒ်မ ၆၆ နဲ့စွဲပြီး တရားရုံးမတင်ခင် တခါတည်းဖမ်းဆီးထောင်ချထား လိုက်ပါတယ်။

NLD အစိုးရကိုထောက်ခံပြီး အဲလဗင်းမီဒီယာရဲ့ရေးသားမှုအပေါ် မကျေမလည်ဖြစ်နေသူတချို့ကတော့ အဲလဲဗင်း မီဒီယာကလည်း တခြားသူတွေကို ပုဒ်မ ၆၆ နဲ့ စွဲချက်တင်ဖမ်းဆီးထားတာ အများကြီးရှိ တာကြောင့် ဒါဟာ ၀ဋ်လည်တယ်ဆိုပြီး ပြောနေကြပါတယ်။ စာရေးသူကတော့ သတင်းသမားအချင်းချင်း ကြားဖြစ်စေ၊ ပြည်သူတဦးနဲ့တဦးကြားဖြစ်စေ တရားစွဲတဲ့ကိစ္စနဲ့ လူထုကရွေးချယ်ထားတဲ့ အစိုးရအရာရှိ တွေက သတင်းသမားတွေကို စွဲချက်တင်ဖမ်းဆီးတဲ့ကိစ္စ သတင်းတန်ဖိုးချင်းမတူဘူးလို့ထင်ပါတယ်။ အရပ်သားအချင်းစွဲတင်တဲ့တာဟာ သာမန်ကိစ္စသာဖြစ်ပြီး မီဒီယာသမားကို အစိုးရက ဖမ်းဆီးထောင်ချတဲ့ ကိစ္စကတော့ မီဒီယာလွတ်လပ်ခွင့်အပေါ် မေးခွန်းထုတ်လာတဲ့ကိစ္စလို့ ယူဆပါတယ်။ 

ဒါအပြင် တပ်မတော်အကြီးအကဲအကဲကိုဝေဖန်လို့ ပုဒ်မ ၆၆ နဲ့ဖမ်းဆီးခံနေရတဲ့ NLD ပါတီဝင် ဦးမျိုးရန် နောင်သိန်းနဲ့ လူ့အခွင့်အရေးတက်ကြွသူ ဦးထင်ကျော်တို့ကိစ္စဟာလဲ လွတ်လပ်စွာပြောဆိုခွင့်အတွက် စိုးရိမ်ရေမှတ်ကိုပြသတဲ့ ညွှန်းကိန်းထဲ ပါဝင်ပါတယ်။ အစိုးရသစ်တက်မလာခင်ကတော့ တပ်မတော် အကြီးအကဲကိုဝေဖန်လို့ဆိုပြီး ချစ်သမီးအပါဝင် လူတဒါဇင်ခန့် ပုဒ်မ ၆၆ နဲ့ ဖမ်းဆီးထောင်ချခံခဲ့ရဖူးပါ တယ်။ အဲဒီကာလကတော့ NLD ခေါင်းဆောင်တွေအပါဝင် လူအခွင့်အရေးတက်ကြွသူအားလုံးက ၀န်ဝန်း ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခု NLD ကိုယ်တိုင် အစိုးရဖြစ်လာတဲ့အခါ အဲဒီလို မတရားဖမ်းဆီးနိုင်တဲ့ ဥပဒေတွေကိုမပြင်တဲ့အပြင် အဲဒီပုဒ်မကိုဆက်သုံးပြီး အစိုးရကိုဝေဖန်သူတွေအပေါ် ဆက်လက်ဖမ်းဆီးနေ တာကတော့ နားမလည်နိုင်အောင်ဖြစ်နေရပါတယ်။

ပုဒ်မ ၆၆ ကို ကြောက်သူများ

ပုဒ်မ ၆၆ ရဲ့ မူရင်းအဓိပ္ဗယ်ဟာ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်သူကို အရေးယူဖို့ ဖြစ်ပေမဲ့ အခုတော့ မြန်မာ့လူမှုကွန်ယက် Facebook ပေါ်မှာ အစိုးရနဲ့တပ်မတော်အပေါ် ဝေဖန်ချက်ရေးသားသူအားလုံးကို ဒီပုဒ်မနဲ့အရေးယူသလိုဖြစ်လာနေပါတယ်။ ‘’စိတ်ထဲရှိတဲ့အတိုင်း လျောက်မရေးနဲ့၊ ပုဒ်မ ၆၆ နဲ့ငြိလိမ့်မယ်’’ ‘’ကိုယ်တိုင်ရေးတာ ဟုတ်ပေမဲ့ သူများရေးတာကို Share ရင်လည်း ၆၆ နဲ့ငြိနိုင်တယ်’’ စသဖြင့် Facebook ပေါ်မှာ အချင်းချင်း အပြန်အလှန် သတိပေးရေးသားမှုတွေ တွေ့ရပါတယ်။ 


အဲဒီလို ရေးနေသူတွေထဲမှာ ထင်ရှားတဲ့နိုင်ငံရေးသမားတွေ၊ သတင်းသမားတွေလည်းပါဝင်လာပြီး ၈၈ ပွင့်လင်းအဖွဲ့မှ ခေါင်းဆောင်တဦးကဆိုရင် ‘’ထောင်ထဲမှာ ၁၀ နှစ်ကျော်နေခဲ့ဖူးတဲ့ ကျွန်တော်ဟာ စစ်အစိုးရ ကို မကြောက်ခဲ့ပေမဲ့ အခု အရပ်သားအစိုးရလက်ထက်မှာ ၆၆ ( )ကို ကြောက်နေရပါတယ်’’ လို့ Status တခု ရေးတင်ထားတာ တွေ့မိပါတယ်။ ဆိုလိုတာက ပုဒ်မ ၆၆ ကို လူတွေအတော်ကြောက်နေကြပြီ။ ဒီပုဒ်မကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့အစိုးရကို တိုက်ရိုက်ဝေဖန်ဖို့နေနေသာသာ Facebook ပေါ်မှာ တောင် လွတ်လပ်စွာမရေးရဲတော့ဘူး ဆိုတဲ့အဆင့်အထိ ရောက်လာနေပြီဖြစ်ပါတယ်။

ဒါဟာ ကောင်းတဲ့အလားအလာ မဟုတ်ပါ။ အစိုးရသစ်က လူတွေရဲ့ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့် Freedom of Expression ကို ထိမ်းချုပ်ဖို့ကြိုးစားလာနေတယ်။ တနည်းအားဖြင့် ဒီမိုကရေစီနည်းအရ ရွေးကောက်ခံပြီး တက်လာတဲ့အစိုးရသစ်ကိုယ်တိုင်က ဒီမိုကရေစီအခြေခံအခွင့်အရေးတွေကို ချိုးဖောက် နေပြီဆိုတဲ့ သင်္ကေတလို့ ဆိုနိုင်ပါတယ်။ ဒါကို ဘယ်လိုထိမ်းကြမလဲ။ ဒီမိုကရေစီပြယုဒ် မဏ္ဍိုင်ကြီး ခု ဟန်ချက်ညီသွားနို်င်အောင်၊ အထူးသဖြင့် စတုတ္တမဏ္ဍိုင်ကို အားရှိလာအောင် ဘယ်လိုလုပ်ကြမလဲ။


ပြည်ပအခြေစိုက် မီဒီယာတွေကို ပြန်အားကိုးရတော့မလား

အနှစ်ပြန်ချုပ်ရရင်တော့ ပုဒ်မ ၆၆ ကိုကြောက်လို့ လူများစုကြီးက Facebook ပေါ်မှာတောင် ကိုယ့် အမြင်ကိုယ် လွတ်လပ်စွာမရေးရဲတော့ပါ။ သတင်းသမားတွေကလည်း အစိုးရအရာရှိတွေ၊ စစ်ဗိုလ်ချုပ်တွေ စိတ်အနှောက်အယှက်ဖြစ်စေမဲ့ သတင်းတွေ၊ အထူးသဖြင့် ဝေဖန်ချက်ဆောင်းပါးတွေ မရေးရဲတော့ဘူးဖြစ် လာနေတယ်လို့ စာရေးသူစိတ်ထဲ ခံစားမိပါတယ်။ Facebook အပါဝင် အွန်လိုင်းပေါ်က ရေးသားချက်တွေ၊ သတင်းဆောင်းပါးတွေကို လိုက်ဖတ်ကြည့်တဲ့အခါမှာလည်း အရင်လကထက် အခုလအတွင်းရေးသား ချက်တွေက ပိုပျော့ပြောင်းလာတာ၊ အစိုးရဝေဖန်ရေး Tone တွေ လျော့သွားတာ သတိထားမိပါတယ်။


အခုချိန်ထိ Tone မလျော့ပဲ ပြင်းပြင်းထန်ထန်ဝေဖန်နေသူတွေရဲ့ Facebook Account တွေကိုကြည့်မယ် ဆိုရင် ပြည်တွင်းထက် ပြည်ပမှာနေထိုင်သူတွေက ပိုများနေတာ သတိပြုမိပါတယ်။ ဒါက Facebook ပေါ်က တဦးချင်းဆိုင်ရာ ရပ်တည်ချက်ကိစ္စပါ။ တခုလုံးနြဲ့ခုံတဲ့ မီဒီယာတွေရဲ့ Tone ကိုကြည့်မယ်ဆိုရင် တော့ အစိုးရသတင်းထုတ် ပြန်ချက်၊ အတိအကျပြောရမယ်ဆိုရင် အသစ်ဖွဲ့ထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်နဲ့ လွတ်လပ်တဲ့ မီဒီယာတွေရဲ့ ဖေါ်ပြချက် Tone အတူတူနီးပါး ဖြစ်လာနေ တာကို သတိထားမိပါတယ်။

လွတ်လပ်တဲ့မီဒီယာတွေက ကိုယ်တိုင်ကွင်းဆင်းသတင်းမယူပဲ (ယူခွင့်မရှိတာလဲ ပါပါတယ်) နှစ်ဖက်ရှု ဒေါင့်၊ ထောင့်စုံရှုဒေါင့်ကိုမထည့်နိုင်ပဲ အစိုးရသတင်းထုတ်ပြန်ချက်ကို ပြန်လည်ဖေါ်ပြနေပြီဆိုကတည်းက ကျနော်တို့နိုင်ငံမှာ တခုခုလွဲနေပြီဆိုတာ သေချာပါတယ်။ ပုဒ်မ ၆၆ ကိုကြောက်ပြီး အစိုးရနဲ့ကွဲလွဲတဲ့ အမြင်တွေကို ဖေါ်ပြမရဲကြတော့ဘူးလား။ ဒါမှမဟုတ် အတိုက်ခံဖက်၊ အစိုးရတပ်နဲ့တိုက်ပွဲဖြစ်နေတဲ့ သူပုန်အဖွဲ့တွေ၊ အတိအကျပြောရမယ်ဆိုရင် တခုတလော တိုက်ပွဲတွေအကြီးအကျယ်ဖြစ်နေတဲ့ ရှမ်း-မြောက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ၊ ရခိုင်ဖက်က ရိုဟင်ဂျာ (အစိုးရအခေါ် ဘင်္ဂလီ) တွေကို ဆက်သွယ်မေးမြန်းခွင့်၊ သတင်းယူခွင့်မရလို့လား။ မေးစရာတွေကတော့ အများကြီးရှိလာနေပါတယ်။


စာရေးသူမှတ်မိသလောက်ဆိုရင် ၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း ဆင်ဆာဘုတ်အဖွဲ့ကို ဦးသိန်းစိန်အစိုးရ ဖက်က ဖျက်သိမ်းပေးလိုက်ပြီးတဲ့နောက် ပုဂ္ဂလိကသတင်းစာ တဒါဇင်ကျော်နဲ့ သတင်းကိုအသားပေးရေးတဲ့ ဂျာနယ်တွေ အများကြီးထွက်ရှိလာပါတယ်။ ဘယ်လောက်အထိ လွတ်လပ်စွာရေးရဲကြသလဲဆိုရင် အရင်က သတင်းမှန်ရဖို့၊ အထူးသဖြင့် ဘက်မလိုက်တဲ့ဝေဖန်ချက်တွေကိုရဖို့ ပြည်ပအခြေစိုက် BBC, VOA, FRA, DVB  ရေဒီယိုတွေကိုသာ အားကိုးခဲ့ရတဲ့သူတွေတောင် ရန်ကုန်ထုတ် သတင်းစာတွေ၊ ဂျာနယ်တွေပေါ် အားကိုးမှုပြောင်းသွားတာကို တွေ့ရပါတယ်။

ပြည်ပအခြေစိုက် သတင်းဌာနအားလုံးကလည်း နေပြည်တော်ဆီ သူ့ထက်ငါအရင်သွားပြီး ပြည်တွင်းမှာ ရုံခွဲဖွင့်ခွင့်ရဖို့၊ လွတ်လပ်စွာသတင်းယူခွင့်ရဖို့ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ဟာ ပြည်တွင်းအခြေစိုက် သတင်းစာတွေရဲ့ သြဇာကို ပြန်မကျော်နိုင်ခဲ့ပါဘူး။ နှစ်ခန့် ဒီလိုဖြစ်နေရာကနေ အခု ပုဒ်မ ၆၆ ခေတ်စားလာပြီးတဲ့နောက်၊ ဟိုးလေးတကျော်ဖြစ်နေတဲ့ ရှမ်း-မြောက်က တိုက်ပွဲသတင်းတွေ၊ ရခိုင်ပြည် နယ်က တကျော့ပြန် အရေးအခင်းတွေမှာတာ့ ရန်ကုန်ထုတ်သတင်းစာအတော်များများဟာ အစိုးရ အာဘော်နဲ့အတော်နီးစပ်သွားတဲ့အတွက် ကွဲလွဲတဲ့ အမြင်ကိုသိရဖို့ ပြည်ပရေဒီယိုတွေအပေါ် ပြန်အားကိုး လာရသလိုဖြစ်လာစေခဲ့ပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ ရှမ်းမြောက်ဒေသအထိ သွားသတင်းယူတဲ့ သတင်းထောက်၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကိုမေးမြန်းတဲ့သတင်းထောက် မရှိသလောက်နည်းလာပါတယ်။ ရခိုင်ဖက်ကအခြေအနေ ဆို ပိုဆိုးပါတယ်။ အစိုးရဖက်က သတင်းထောက်တွေကို သတင်းယူခွင့်ပိတ်ပင်ထားတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ BBC (နိုင်ငံတကာ) အစီစဉ်နဲ့ နိုင်ငံတကာ သတင်းထောက်တချို့ကတော့ တားမြစ်နယ်မြေထဲအထိ ခိုးဝင်ပြီး သတင်းယူနိုင်တာ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အထိသွားပြီးသတင်းယူနိုင်တာတွေကို တွေ့လာရပါ တယ်။ 

ဒါကြောင့် အစိုးရဖက်ကပြောတာအပြင် ရိုဟင်ဂျာတွေ (ဘင်္ဂလီတွေ) ဖက်ကပြောတာ၊ မြောက်ပိုင်း မဟာမိတ်ဖက်ကပြောတာ၊ နိုင်ငံတကာအစိုးရတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေဖက်က အပြောတွေကို သိနိုင်ဖို့အတွက် ပြည်တွင်း မီဒီယာအစား ပြည်ပမီဒီယာတွေ (မြန်မာပိုင်း ရေဒီယိုတွေအပြင် နိုင်ငံတကာ သတင်းစာတွေ) အပေါ်  ပြန်လည် အားကိုးလာနေရပြီလို့ ဆိုချင်ပါတယ်။    ။
http://thevoicemyanmar.com/perspective/4063-ssz

(ဒီဆောင်းပါးရေးပြီး ပို့ထားစဉ် မနေ့က နောက်ထပ် ၂ ဦး ပုဒ်မ ၆၆ ဃ နဲ့ ထပ်ဖမ်းခံလိုက်ရပြန်ပြီဖြစ်ပါ တယ်။ ဘီဘီစီသတင်းအရဆိုရင် အစိုးရသစ်လက်ထက် ၈ လအတွင်း ဒီပုဒ်မနဲ့ဖမ်းခံထားရသူ ၂၀ နီးပါး ရှိနေပြီဖြစ်ပါတယ်)။
....

ဒီဆောင်းပါးရေးပြီးမှ ဖတ်ဖြစ်တဲ့ Freedom House ရဲ့ အင်တာနက် လွတ်လပ်ခွင့် အခြေပြ ဇယား...။

https://freedomhouse.org/report/freedom-net/2016/myanmar#.WEKuVlC_2FY.facebook


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More