Sunday, December 11, 2016

နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ

လွတ်လပ်ရေးရတဲ့နှစ်မှာ လူ့အခွင့်အရေးကြေငြာစာတန်းထွက်လာ
ဒီဇင်ဘာ ၁၀ ရက်နေ့ဟာ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ (Human Right Day) ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ကတည်းက နိုင်ငံတကာလူ့အခွင့်အရေးကြေငြာစာတန်း (the Universal Declaration of Human Rights) ကို ကုလသဂ္ဂအထွေထွေညီလာခံက အတည်ပြုခဲ့တာကြောင့် အခု ၆၈ ကြိမ်မြောက်ရှိသွားခဲ့ပါပြီ။ ဒါပေမဲ့ တကမ္ဘာလုံးကလူတွေ အဲဒီ ကြေငြာစာတန်းပါ အချက် ၃၀ ကို ခံစားခွင့်ရ နေပြီလားဆိုတာကတော့ မေးခွန်းအဖြစ်ရှိနေဆဲပါ။


တခြားနိုင်ငံတွေကို ခဏထားဦး။ ကိုယ့်နိုင်ငံအခြေအနေကိုပဲ အရင်ဆုံး မေးခွန်းထုတ်ကြည့်ရအောင်ပါ။ ၁၉၄၈ ဆိုတော့ မြန်မာနိုင်ငံလွတ်လပ်ရေးရတဲ့နှစ်ပေါ့။ မြန်မာနိုင်ငံ လွတ်လပ်ရေးရတဲ့နှစ်မှာ လူ့အခွင့် အရေးကြေငြာစာတန်းကြီးထွက်လာတယ်ဆိုပေမဲ့ အဲဒီထဲမှာပါတဲ့ အချက် ၃၀ ကို ၁၉၈၈ ခုနှစ်၊ ၈ လေးလုံး အရေးတော်ပုံဖြစ်တဲ့ကာလ ရောက်တဲ့အထိ၊ တနည်းအားဖြင့် လွတ်လပ်ရေးရပြီး နှစ် ၄၀ ကြာတဲ့အထိ စာရေးသူတော့ တခါမှ မဖတ်ခဲ့ဖူးပါ။ မဖတ်ဖူးဆို မြန်မာနိုင်ငံက စာသင်ကျောင်းတွေမှာ အဲဒီကာလက လူ့အခွင့်အရေးအကြောင်း ပြောခွင့်မရှိသေးဘူး မဟုတ်ပါလား။

၈ လေးလုံးအရေးတော်ပုံကာလ လူထုဟောပြောပွဲတွေ၊ ဆန္ဒပြပွဲတွေကျမှ လူ့အခွင့်အရေး ဆိုတဲ့ စကားလုံး ကို စတင်ကြားဖူးတယ်ဆိုရင် အတော်လေ့လာရေးအားနည်းတဲ့ ကျောင်းသားတဦးအဖြစ် သတ်မှတ်ခံရ မယ်ထင်ပါတယ်။ မတတ်နိုင်။ အဲဒီအချိန်အထိ မကြာဖူး၊ မလေ့လာဖူးခဲ့တာအမှန်ပဲဖြစ်ပါတယ်။ ဘယ်အချိန် ကျမှ တကယ်လေ့လာဖြစ်သလဲဆိုတော့ ၈ လေးလုံးအရေးတော်ပုံ ဖြိုခွဲခံရပြီး ကျောင်းသားလူငယ်တွေ ထောင်နဲ့ချီတောခို၊ လက်နက်ကိုင်တော်လှန်ရေးအတွက် ထိုင်း-မြန်မာနယ်စပ်ဒေသဆီရောက်တော့မှ နိုင်ငံတကာ လူ့အခွင့်ရေးကြေငြာစာတန်းဆိုတာကို စတင်မြင်ဖူးပါတယ်။ 

မှတ်မိသလောက်ဆိုရင် အဲဒီအချိန်အထိ (နှစ် ၄၀ ကျော်ကြာပြီးတဲ့အထိ) မြန်မာဘာသာနဲ့ပြန်ထားတာ မရှိသေးပါ။ ဒါက လွတ်မြောက်ဒေသကအခြေအန။ စစ်အစိုးရအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာဆို အဲဒီစာတန်း ကို ဘာသာပြန်ပြီးထုတ်ဝေဖို့နေနေသာသာ လူ့အခွင့်အရေးဆိုတဲ့စကားလုံးကိုပြောတာနဲ့တင် ထောင် ၁၀ နှစ်လောက်ကျနိုင်တဲ့ အနေအထားမဟုတ်ပါလား။ အဲဒီလို အနေအထားမှာ လူ့အခွင့်အရေးအချက် ၃၀ ကိုရအောင် အကောင်အထည်ဖေါ်ဖို့ ဆိုတာ ဘယ်လွယ်ပါ့မလဲ။

တိုက်ပွဲကာလနဲ့ လူ့အခွင့်အရေး

လက်နက်နဲ့အနိုင်ကျင့်နေတဲ့ စစ်အစိုးရကို လက်နက်ကိုင်ပြီး ပြန်တော်လှန်မှရမယ်ဆိုတဲ့ စဉ်းစားချက်နဲ့ တောခိုခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေ လက်နက်ကိုင်တပ် ထူထောင်တဲ့အခါမှာလည်း အဖွဲ့အစည်းရဲ့ ဦးတည်ချက် ၄ ရပ်ထဲမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေးဆိုတာ နံပတ် ၂ အဖြစ်ပါလာပါတယ်။ နံပတ် ၁ ကတော့ တနိုင်ငံလုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေးပါ။ နံပတ် ၃ က ပြည်တွင်းစစ် ရပ်စဲရေးနဲ့ နံပတ် ၄ က ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးဖြစ်ပါတယ်။


ဒီ ဦးတည်ချက် ၄ ရပ်ဟာ တခုနဲ့တခုဆက်စပ်နေတဲ့အပြင် တခုမရပဲ နောက်တခုရဖို့ မလွယ်တဲ့ သဘောရှိ တယ်လို့ ထင်ပါတယ်။ အဲဒါ ၁၉၈၈ ၀န်းကျင်ကအခြေအနေကိုပြောတာပါ။ အခု ၂၀၁၆ မှာတော့ ဦးတည်ချက် ၄ ရပ်စလုံး အတိအကျမရသေးပေမဲ့ အားလုံးဟာ လမ်းတ၀က်ဆီမှာ ရောက်နေပြီလို့တော့ ထင်ပါတယ်။ ထားတော့။ ဒီနေ့ဆွေး နွေးချင်တာက ဒုတိယ ဦးတည်ချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကြောင်းသာဖြစ်ပါတယ်။ 

ဒီအခွင့်အရေး ၂ ခုဟာ အပြန်အလှန်ဆက်စပ်နေတဲ့အတွက် တခုမရပဲ တခုရဖို့မဖြစ်နိုင်ပါ။ အထူးသဖြင့် ဒီမိုကရေစီ အခွင့်အရေးမရပဲ လူ့အခွင့်အရေးရဖို့မဖြစ်နိုင်ပါ။ အခု မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲကနေတက်လာတဲ့ အရပ်သားအစိုးရ (စစ်တပ်လွှမ်းမိုးခံထားရသည့်တိုင်) ရှိနေပြီဖြစ် တာကြောင့် လူ့အခွင့်အရေးအကြောင်း ကျနော်တို့ပြောခွင့်ရနေတယ်မဟုတ်ပါလား။ အရင် စစ်အစိုးရခေတ် က လူ့အခွင့်အရေးအကြောင်း ဘယ်သူ ဟ ရဲလို့လဲ။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ လူ့အခွင့်အရေးကြေငြာ ချက်ဝေမိလို့ ဖမ်းဆီးထောင်ချခံရသူတွေ ရှိခဲ့ဖူးတာကို အားလုံးမှတ်မိနေကြဦးမယ်ထင်ပါတယ်။ 

ဒါပေမဲ့ လက်ရှိအခြေအနေဟာ စစ်တပ်ကလွှမ်းမိုးထားတဲ့ကာလ၊ တနည်းအားဖြင့် ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး တိုက်ပွဲမပြီးသေးတဲ့ကာဖြစ်တာကြောင့် ဒီလိုကြားကာလမှာ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို အပြည့်အ၀ကျင့်သုံးဖို့ ဖြစ်နိုင်-မနိုင်ဆိုတဲ့ အငြင်းပွားမှုရှိလာနေပါတယ်။ ဒါဟာ တောခိုကျောင်းသားတွေ တောထဲရောက်ကာစက ဒီမိုက ရေစီရအောင်တိုက်နေချိန်မှာ ဒီမိုကရေစီစနစ်ကို အပြည့်အ၀ကျင့်သုံးလို့ မဖြစ်နိုင်သေးဘူးဆိုတဲ့ အငြင်းပွားမှုနဲ့ အခြေခံသဘောတရားတူနေတယ်လို့ စာရေးသူကထင်ပါတယ်။

ဒီမိုကရေစီနည်းနဲ့သွားနေတယ်ဆိုပေမဲ့ တိုက်ပွဲကာလမှာတော့ ဗဟိုရဲ့ဦးဆောင်မှုကို များများယူထားဖို့လို တယ်။ နေရာတိုင်း ဒီမိုကရေစီလုပ်နေလို့မရဘူး။ အပေါ်-အောက် အဆင့်ဆင့် အမိန့်စီးဆင်းမှုနဲ့သွားမှ အဆင်ပြေမယ် စသဖြင့် ခေါင်းဆောင်ပိုင်းတာဝန်ရှိသူတွေဖက်က မြင်ခဲ့ပါတယ်။ ဒါပေမဲ့ အောက်ခြေထု ရဲဘော်တွေဖက်ကတော့ ဒီမိုကရေစီကိုအခြေခံတဲ့အဖွဲ့အစည်းဖြစ်တာကြောင့် နေရာတိုင်းမှာ တန်းတူအခွင့် အရေးပေးသင့်တယ်။ တိုက်ပွဲကာလမှာလည်း ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို အပြည့်အ၀ ကျင့်သုံးသင့် တယ်လို့ အမြင်ရှိကြပါတယ်။

အခု မြန်မာ့ဒီမိုကရေစီအသွင်ပြောင်းရေးကာလမှာလည်း အစိုးရတာဝန်ရှိသူတွေနဲ့ အောက်ခြေက အများ ပြည်သူကြားမှာ ဒီလိုအမြင်ကွာဟနေသလားလို့ စာရေးသူ စဉ်းစားနေမိပါတယ်။ တပ်မတော်ခေါင်းဆောင် တွေ၊ အစိုးရ ခေါင်းဆောင်တွေက လုပ်ပိုင်ခွင့်အများကြီးကို ဗဟိုကနေချုပ်ကိုင်ထားချင်တာ မြင်နေပါတယ်။ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအခွင့်အရေးကို တဖြေးဖြေးချင်း၊ တဆင့်ပြီးတဆင့်သာပေးသွားသင့်တယ်လို့ ခေါင်းဆောင်ပိုင်းက ရှုမြင်ထားပုံရပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအရ ဒါကို မှားတယ်လို့ပြော ဖို့ခက်ပေမဲ့ အမှန်အဖြစ်လက်ခံမယ် ဆိုရင်လည်း ဒီမိုကရေစီနည်းမကျတာကို အားပေးသလိုဖြစ်သွားနိုင်ပါ တယ်။

လူ့အခွင့်အရေးထဲမှာ အဲဒီလူတွေမပါဘူးလား


(ရခိုင်နယ်က ရိုဟင်ဂျာတွေနဲ့ စစ်ပွဲဒေသက တိုင်းရင်းသားတွေအကြောင်းပြောဖို့ ပြင်ထားပေမဲ့ ရိုဟင်ဂျာ ကိစ္စကို မလေးက ဆန္ဒပြ၊ မြန်မာတွေက စိတ်ဆိုး၊ အစိုးရက ပူညံညံလုပ်တာနဲ့ ဆက်မရေးဖြစ်၊ ဆက်မရေးရဲ တာနဲ့ တန်းလန်းဖြစ်နေပါတယ်။ မတင်ပဲထားရင်လည်း အလကားဖြစ်မယ်။ ဆက်ရေးရင်လည်း အဆဲခံရ မယ်။ ဒီတော့ မှတ် တမ်းအဖြစ်နဲ့ တင်ထားလိုက်ပါကြောင်း)။ ဒါလည်း Self-censor တမျိုးပဲပေါ့။    ။

မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းစာဆိုက်ထဲ ၀င်လိုက်တာနဲ့ ဒီပုံကို အရင်ဆုံးမြင်ရပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More