Monday, December 26, 2016

ပြည်တွင်းစစ်မှာ အရှုံးအနိုင် မရှိပါ

The Voice Daily, 24 Dec, 2016.

စစ်ပွဲကို ထောက်ခံသင့် မသင့်

NLD အစိုးရသစ်လက်ထက် အထင်ရှားဆုံးတွေ့ရတဲ့ ဒီမိုကရေစီအခွင့်အရေးတခုကို ပြပါဆိုရင် လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ခွင့်လို့ ဖြေရမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆို ရန်ကုန်မြို့တော်ခန်းမရှေ့ကနေ (နေပြည်တော်မှ အပ) ဟိုးကျေးလက်ဒေသတွေအထိ ဆန္ဒပြပွဲတွေနေ့စဉ်ရှိနေတယ် မဟုတ်ပါလား။ ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း အလားတူဆန္ဒပြပွဲတွေကို မြင်နေရတယ်ဆိုတော့ ဒါဟာ ကမ္ဘာ့ဒီမိုကရေစီ ရေစီးထဲ မြန်မာတွေ ၀င်ရောက်လာတဲ့သဘောပေါ့။


ဒါပေမဲ့ တခြားနိုင်ငံအတော်များများမှာ စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေပဲတွေ့ဖူးပြီး မြန်မာနိုင်ငံမှာကျမှ စစ်တိုက်ရေးကို ထောက်ခံတဲ့ဆန္ဒပြပွဲဖြစ်ပေါ်လာတာကတော့ ထူးခြားချက်လို့ ဆိုရပါလိမ့်မယ်။ စစ်များများတိုက်ပါ၊ သူပုန်တွေကို အမြစ်ပြတ်ချေမှုန်းပါဆိုပြီး ထောက်ခံလိုက်မိတာကြောင့် အရှိန်လျော့စပြုလာနေတဲ့ပြည်တွင်းစစ်နဲ့ ၂၁ ပင်လုံ ငြိမ်း ချမ်းရေးညီလာခံတွေ ဘယ်အနေအထားအထိ နောက်ပြန်ဆုတ်သွားမလဲ ဆိုတာကိုတော့ အဲဒီဆန္ဒပြပွဲမှာ ပါဝင်သူတွေ စဉ်းစားမိဟန်မတူပါဘူး။ ဆန္ဒပြပွဲကိုခွင့်ပြုချက်ပေးခဲ့တဲ့ အစိုးရအာဏာပိုင်တွေဖက်ကကော ဒါကို ထည့်သွင်း စဉ်းစားမိပါရဲ့လား။ 

တရားသောစစ်၊ မတရားသောစစ် စသဖြင့် ဘယ်လိုပဲ နာမ၀ိသေသနတွေတပ်ထားပါစေ၊ တကယ်တော့ စစ်ပွဲဆိုတာ လူသတ်တဲ့ပွဲပါပဲ။ Kill or Die သဘောတရားအရ သူ့ကိုကိုယ်က အရင်ဦးအောင်မသတ်နိုင်ရင် သူကကိုယ့်ကို ပြန်သတ်မှာဆိုတော့ အရင်ဦးအောင်သတ်နိုင်ရေးဟာ စစ်သားတွေရဲ့တာဝန်ပါ။ ဒီတော့ စစ်ဖြစ်ပြီဆိုတာနဲ့ နှစ်ဖက် စစ်သားတွေသေမယ်၊ ဒေသခံပြည်သူတွေရဲ့ အသက်၊ အိုးအိမ် ဆုံးရှုံးမယ်၊ သဘာဝပတ်ဝန်းကျင်ပျက်စီး၊ တိုင်းပည် ဘဏ္ဍာငွေတွေဆုံးရှုံး စသဖြင့် ဘာတကွက်မှကောင်းတာမရှိပါဘူး။ 

ဒါကြောင့်ပွဲ စစ်ပွဲတွေရပ်ပါ။ စစ်အတွက်ကုန်ကျမဲ့ငွေတွေကို စာသင်ကျောင်းတွေ၊ ဆေးရုံတွေအတွက် သုံးပါဆိုပြီး တကမ္ဘာလုံး ဆန္ဒပြနေကြတယ်မဟုတ်ပါလား။ မြန်မာနိုင်ငံကျမှ စစ်ပွဲရပ်ဖို့မပြောပဲ စစ်ပွဲအောင်ပါစေဆိုပြီး ဆန္ဒပြနေကြတယ်ဆိုကတော့ တခုခုလွဲနေပြီထင်ပါတယ်။ ဒီအလွဲက ဘယ်အထိ ဦးတည်သွားစေနိုင်သလဲ။ အစိုးရသစ်ရဲ့ ကတိက၀တ် ချက်ထဲက (အခြား ချက်ကတော့ ဖွဲစည်ပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ တရားဥပဒေစိုးမိုးရေး) ဓိက ဦးစားပေးလုပ်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပန်း ချက်ကို ပျက်သွားစေနိုင်သလား။


ပြည်တွင်းစစ်ကို ဘယ်လိုမြင်ကြသလဲ

အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် (အစိုးရအခေါ် လက်နက်ကိုင်ပတိပက္ခ) ဖြစ်နေတာ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရကတည်းကဆိုတော့ နှစ် ၇၀ ပြည်ဖို့ နှစ်ပဲလိုပါတော့တယ်။ ဒါပေမဲ့ ဒီစစ်ပွဲ ဘာကြောင့် ဖြစ်ပေါ်လာသလဲ။ ဘယ်လိုပြေလည်အောင်ဖြေရှင်း ကြမလဲဆိုတာကို ဆွေးနွေးသူ အတော်နည်းပါတယ်။ အရင် စစ်အစိုးရ ခေတ်အဆက်ဆက်က ဆွေးနွေးခွင့်မရတာကိုတော့ ထားလိုက်ပါတော့။ အခု လူထုကရွေးချယ်တင်မြောက်ထားတဲ့ NLD အစိုးရလက်ထက်မှာ ဒါကိုပွင့်ပွင့် လင်းလင်းဆွေးနွေးသင့်ပါတယ်။


၂၁ ပင်လုံညီလာခံတွေ၊ အပစ်ခတ်ရပ်စဲရေးဆွေးနွေးပွဲတွေလုပ်နေပေမဲ့ အများပြည်သူကြားမှာ၊ အထူး သဖြင့် မျိုးဆက်သစ်လူငယ်တွေနဲ့ဆိုင်တဲ့ ကျောင်းပြဌဏ်းစာအုပ်တွေမှာ ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး ဘယ်လိုအသိပေးထားသလဲ။ အနာဂတ်ကိုဦးဆောင်မဲ့လူငယ်တွေက ဒီနေ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဘယ်လိုအမြင်ရှိကြသလဲဆိုတာဟာ အရေးကြီးပါတယ်။ ကိုယ်ပိုင်ပြဌဏ်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကို သောင်းကျန်းသူတွေအဖြစ်သတ်မှတ်ပြီး တပ်မတော်က အပြစ်ပြတ်ချေမှုန်းဖို့လိုတယ်လို့ အရင်စစ် အစိုးရခေတ်ကပြဌဏ်းချက်အတိုင်း ဆက်သင်နေ မယ်ဆိုရင်တော့ အဖြေမှန်ရဖို့ ခက်ပါလိမ့်မယ်။

ဝါဒဖြန့်ချီရေးကို ရာစုနှစ်ဝက်ကျော်အထိ လုပ်တာကြာသွားရင် အဲဒီဝါဒဖြန့်ချီရေးကို အမှန်ဆိုပြီး ၀ါဒဖြန့်နေ သူတွေကိုယ်တိုင်က ထင်လာနိုင်ပါတယ်။ မြန်မာနိုင်ငံက လူများစု ဒီဝါဒဖြန့်ချီရေးအောက်မှာ မှိုင်းမိနေပြီလို့ စာရေးသူက ထင်ပါတယ်။ မဆလ ခေတ်မှာလူဖြစ်လာတဲ့ စာရေးသူဟာ ကျောင်းစာအုပ်ထဲမှာရေးထားတဲ့ အတိုင်း စစ်သားတွေကို တိုင်းပြည်ကွယ်ရေးအတွက်တိုက်ပွဲဝင်နေတဲ့ သူရဲကောင်းတွေအဖြစ်မြင်ပြီး သူပုန် (လက်နက်ကိုင်တော် လှန်ရေးသမား) တွေကို လူဆိုးတွေ၊ တိုင်းပြည်ကို ဖျက်နေသူတွေ၊ ဟိုနားဒီနား ဗုံးထောင်၊ တံတားဖျက်၊ ဆက်ကြေး ကောက်နေသူတွေအဖြစ် မြင်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ လေးလုံးအရေးတော်ပုံဖြိုခွဲခံရပြီးနောက်ပိုင်း ကျောင်းသားတွေထောင်နဲ့ချီ နယ်စပ်ဒေသရှိ သူပုန်နယ်ထဲ ရောက်လာတဲ့အခါမှာတော့ ကျောင်းစာအုပ်ထဲကသူပုန်နဲ့ လက်တွေသူပုန် အတော်ကွာ ခြားနေတာ တွေ့ရပါတယ်။ တံတားဖျက်လို့၊ ဗုံးပေါက်လို့ အများပြည်သူဒုက္ခရောက်ရတဲ့ လက်တလော ပြသနာကိုကျော်ပြီး ဘာကြောင့် ဒီလူတွေ ဒါကို လုပ်နေတာလဲ။ ဘာတွေကိုမကျေမနပ်ဖြစ်နေတာလဲ ဆိုတာကိုပါ စဉ်းစားဖို့လိုလာပါတယ်။ ခဲလုံးနောက် ကိုချည်းလိုက်မနေပဲ ခဲလာရာကိုခြေရာခံဖို့လိုပါတယ်။ 


ဘက်မလိုက်တဲ့ Over View အမြင်ကို အရင်ရှာပါ

ကျနော်ဒီလိုရေးလိုက်လို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက အားလုံးကောင်းပြီး မြန်မာ့တပ်မတော်က အားလုံးဆိုးနေတယ်လို့ မဆိုလိုပါ။ လူ့သဘာဝအတိုင်း အကောင်းနဲ့အဆိုးဟာ နေရာတိုင်းမှာ ဒွန်တွဲပြီး ရှိနေပါတယ်။ တပ်မတော်ထဲမှာလည်း ငြိမ်းချမ်းရေးလိုချင်သူ၊ ဒီအချိန်ဟာ စစ်တိုက်ဖို့မလိုတော့ဘူး။ အိမ်နီးချင်းနိုင်ငံတွေကိုအမီလိုက်နိုင်ဖို့ တည်ဆောက်ရေးလုပ်ဖို့လိုနေပြီဆိုတာကို နားလည်သဘောက်ပေါက်သူ အများကြီးရှိနိုင်ပါတယ်။ နယ်စပ်မှာနေတဲ့ သူပုန်တွေက အိမ်နီးချင်းနိုင်ငံတွေ နဲ့နှိုင်းယှဉ်နို်င်တဲ့အမြင် ပိုတောင်ရှိမယ်လို့ထင်ပါတယ်။


ဒါပေမဲ့ သူတို့အားလုံးဟာ စစ်သားတွေဖြစ်တာကြောင့် နိုင်ငံတကာနဲ့နှိုင်းယှဉ်ရေးက ဒုတိယ၊ စစ်အနိုင် တိုက်ရေး၊ ကိုယ့်နယ်မြေကိုယ် ထိမ်းချုပ်ထားနိုင်ရေးက ပထမ လို့ခံယူတာကို မှားတယ်လို့ ပြောဖို့ခက်ပါ တယ်။ သူတို့ကိုမှားတယ်လို့ပြောဖို့ခက်နေရင် ဘယ်သူတွေကိုပြောဖို့လွယ်မလဲ။ လေ့လာသူတွေ၊ ကြားဝင် စေ့စပ်သူတွေ၊ သတင်းသမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အများပြည်သူအပေါ်သြဇာရှိသူတွေဟာ လက်နက်ကိုင်ပတိပက္ခမှာ ကိုယ်တို်င်ပါဝင်နေသူတွေမဟုတ်တဲ့အတွက် ဖက်စလုံးရဲ့အခြေအနေမှန်ကို Over View အမြင်ရှိဖို့လိုပါတယ်။ 

တနေ့က ရန်ကုန်မြို့တော်ခန်းမရှေ့ စစ်တိုက်ရေးထောက်ခံပွဲ ပါဝင်သူတွေမှာ Over View အမြင်မရှိတာ သေချာပါတယ်။ ဒါကြောင့် ဘက်တခုကိုရွေးပြီး ထောက်ခံမိတာပေါ့။ ဒါဖြင့် လူများစုကြီးက Over View အမြင်ရှိနေလို့ ဒီ ဆန္ဒပြပွဲဆီ မလာကြတာလား။ အဲဒီလိုပြောဖို့လည်းခက်နေပြန်ပါတယ်။ ဘာကြောင့်လဲဆို လူများစုရဲ့ ထုံးစံအတိုင်း နိုင်ငံရေးနဲ့ခပ်ဝေးဝေး၊ အေးရာအေးကြောင်း နေချင်သူတွေက များနေတယ် မဟုတ်ပါလား။ ဒါဖြင့် လေ့လာသူတွေ၊ သတင်းသမားတွေမှာကော Over View အမြင်ရှိရဲ့လား။ အများစုမှာ လုံလောက်တဲ့အမြင်ရှိတယ်လို့ထင်ရပေမဲ့ ချို့လေ့လာသူတွေ၊ သတင်းသမားတွေကတော့ ဘက်တဘက် ကိုရွေးပြီး ပြောနေ၊ ရေးနေကြဆဲဖြစ်တာတွေ့ရပါတယ်။

ဒါဟာ သူရဲ့ ပရိုဖက်ရှင်နယ်အလုပ်နဲ့ သူရဲ့နိုင်ငံရေး၊ အမျိုးသားရေး၊ ဘာသာရေး ရပ်တည်ချက်တွေကြား မပြတ်မသား ဖြစ်နေတာ လို့ထင်ပါတယ်။ ဥပမာအားဖြင့် ဘာသာရေး၊ လူမျိုးရေး ပတိပက္ခတွေမှာ လူများစု ဗုဒ္ဒဘာသာ ဗမာသတင်းသမားတွေ၊ လေ့လာသူတွေက သူတို့ဘာသာ၊ သူတို့လူမျိုးဖက် ဘက်လိုက်ရေး တာ၊ ဘက်မလိုက်ရင်တောင် နဲနဲယိမ်းပြီး ရေးတာ၊ ပြောတာတွေကို တွေ့နေရဆဲဖြစ်ပါတယ်။ အခု မြောက်ပိုင်းမဟာမိတ်နဲ့ တပ်မတော် ကြားဖြစ်တဲ့ စစ်ပွဲမှာလည်း မြို့ပြနေသတင်းသမားတွေနဲ့ Facebook User အတော်များများက လူထုဒုက္ခရောက် တာကိုပဲရှေ့တန်းတင်ရေးကြပြီး ဒီပြသာနာဘာကြောင့်ဖြစ်ရ တယ်၊ ဘယ်လိုဖြေရှင်းရင် ပြေလည်နိုင်တယ်ဆိုတဲ့ Over View အမြင်ရေးသူ၊ ပြောသူ အတော်နည်းသေး တာ သတိထားမိပါတယ်။

ဒါကြောင့်ဖြစ်မယ်။ ပတိပက္ခအကြောင်း သတင်းရေးမယ်၊ လေ့လာဆန်းစစ်မှုလုပ်မယ်ဆိုရင် ဘယ်ဖက်မှ မပါတဲ့၊ ဘယ်ဖက်နဲ့မှ မသက်ဆိုင်တဲ့ ကြားလူ။ ဥပမာ အားဖြင့် နိုင်ငံတကာ ပညာရှင်တွေ၊ နိုင်ငံတကာ သတင်းထောက်တွေ ပြောတာ၊ ရေးတာက ပိုပြီးသမာမသတ်ကျလေ့ရှိတာတွေ့ရပါတယ်။ ဥပမာအားဖြင့် ကချင်လွတ်မြောက်ရေးတပ် KIA ဌာနချုပ် လိုင်ဇာမြို့နဲ့ သူ့ရဲ့ထိမ်းချုပ်နယ်မြေတွေကို မြန်မာ့တပ်မတော်က သွားတိုက်တာကို ကျုးကျော်စစ်အဖြစ် ပြည်ပရှိလွတ်လပ်သူတွေကမြင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံထဲက လူများစုကတော့ ဒါဟာ တပ်မတော်က ထမ်းရွက်ရမဲ့တာဝန်ဖြစ်တယ်။ သူပုန်စခန်းတွေကို ချေမှုန်းရေးဟာ တပ်မတော်ရဲ့အလုပ်ဖြစ်တယ်လို့မြင်ကြပါတယ်။

မြောက်ပိုင်းမဟာမိတ်တပ်တွေက ကန့်သတ်စစ်ဆိုပြီး တိုက်ပွဲဖေါ်တာကို တိုင်းပြည်အချုပ်အခြာအာဏာ ထိပါးတာလို့ မြို့ပြဒေသရှိလူများစုကမြင်ပါတယ်။ ဒါပေမဲ့ နယ်စပ်ဒေသနဲ့ ပြည်ပရှိလေ့လာသူတွေကတော့ တိုင်းရင်းသားတွေဟာ တချိန်လုံး အစိုးရတပ်ရဲ့ထိုးစစ်ကိုခံနေရသူတွေဖြစ်တယ်။ ဒါကိုမခံနိုင်လို့ အခုလို ခုခံစစ်ပြန်ဆင်နွဲတာ ဖြစ်တယ်လို့မြင်ကြပါတယ်။


ဘယ်လိုအဖြေရှာမလဲ

နှစ် ၅၀ ကျော်ကျင့်သုံးခဲ့တဲ့ အမြစ်ပြတ်ချေမှုန်းရေးနည်းနာကို ဆက်သုံးမယ်ဆိုရင်တော့ ဘယ်လိုမှအဖြေ မရနိုင်ပါ။ ဒီလိုအဖြေမရနိုင်မှန်းသိလို့ပဲ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ NCA တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုရေးကို စတင်ခဲ့တယ်မဟုတ်ပါလား။ အခု NLD အစိုးရလက်ထက် မှာတော့ ၂၁ ပင်လုံညီလာခံကိုခေါ်ပြီး သူပုန်တွေနဲ့ ဆွေးနွေးနေတာတွေ့ရပါတယ်။ ဒီဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ခွင့်ရအောင် လမ်းဖွင့်ပေးပြီး အဖြေရတဲ့အထိ ဆက်လုပ်သွားဖို့လိုပါတယ်။ 


မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲတွေကို တဖြေးဖြေးအရှိန်လျော့ချသင့်ပါတယ်။ စိတ်ခံစားချက်တွေ၊ ကလဲ့စားချေချင်တဲ့စိတ်တွေကိုမြိုချပြီး အနာဂတ်တိုင်းပြည်တည်ဆောက်ရေးကို ရှေ့ရှုဖို့လိုပါတယ်။ တိုက်ပွဲအတွင်း ကျဆုံးသွားတဲ့ ဖက်စစ်သားတွေ၊ သေဆုံးသွား၊ ဒဏ်ရာရသွားတဲ့ ဒေသခံပြည်သူတွေ၊ ပျက်စီးသွားတဲ့ တိုင်းပြည်ရဲ့ အခြေခံအဆောက်ဦတွေ၊ ဖက်တပ်တွေကအသုံးပြုခဲ့တဲ့ တိုင်းပြည်ဘဏ္ဍငွေ တွေကို စဉ်းစားဖို့လိုပါတယ်။ ကျနော်တို့နိုင်ငံမှာ ဒီလိုအချင်းချင်းအသေအကြေတိုက်ခိုက်နေချိန်မှာ အိမ်နီးချင်းနိုင်ငံက စစ်သားတွေ၊ လူထုတွေ ဘာလုပ်နေကြသလဲဆိုတာကိုလည်း စဉ်းစားမိဖို့လိုပါတယ်။

ဒါက လတ်တလောဆောင်ရွက်ရမဲ့အရေးပေါ်ကိစ္စပါ။ ဒီကိစ္စတွေ ခပ်မြန်မြန်အကောင်ထည်ပေါ် လာရေးအတွက် NLD အစိုးရဟာ တိုင်းရင်းသားအဖွဲ့တွေနဲ့ နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ လက်နက်ကိုင်အဖွဲ့တွေကို ခဏထားဦး။ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း မိုးထဲရေထဲမှာ NLD အတူ ထောင်ကျခံရပ်တည်ခဲ့တဲ့ SNLD ရှမ်းအဖွဲ့ချုပ်၊ ALD ရခိုင်အဖွဲ့ချုပ်၊ မွန်အဖွဲ့ချုပ် စသဖြင့် CRPP (ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ) အဖွဲ့ဝင် ပါတီတွေနဲ့ မဟာမိတ်ဆက်ဆံရေး ထူထောင်သင့် ပါတယ်။

အနှစ်ချုပ်ပြောရမယ်ဆိုရင်တော့ NLD အစိုးရဟာ စစ်တပ်နဲ့ဆက်ဆက်ဆံရေးပြေလည်အောင် ထူထောင်ဖို့ လိုသလို တိုင်းရင်းသားတွေနဲ့ပြေလည်အောင် ဆက်ဆံရေးထူထောင်ဖို့ကိုလည်း တပြိုင်တည်း ဆောင်ရွက်ဖို့လိုနေပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲတုန်းက တိုင်းရင်းသားပါတီတွေအစား NLD ကို ဦးစားပေး မဲထည့်ခဲ့တဲ့ ပြည်နယ်- တိုင်း အသီးသီးက တိုင်းရင်းသားပြည်သူတွေရဲ့မျှော်လင့်ချက်ကို NLD အစိုးရက ဖြည့်ဆည်းပေးဖို့လိုနေပါတယ်။ တိုင်းရင်းသားအရေးကို ဦးစားမပေးပဲ စစ်တပ်နဲ့ပြေလည်ရေးကို သာ ဆက်ပြီးဦးစားပေးနေမယ်ဆိုရင် မကြာခင် လာတော့မဲ့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ တိုင်းရင်းသားတွေက တိုင်းရင်းသားပါတီတွေကိုပဲ မဲပေးတာမျိုး ဖြစ်သွားနိုင်ပါတယ်။       

http://thevoicemyanmar.com/perspective/4734-pts

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More