Thursday, December 15, 2016

‘'စစ်တိုက်တာထက် ငြိမ်းချမ်းရေးလုပ်ရတာ ပိုခက်တယ်’’

The Voice Daily, 15 Dec 2016.

နိုဘယ်ဆုပေးပွဲနေ့ ထူးခြားချက်

ဒီဇင်ဘာ ၁၀ ရက်နေ့ရောက်တိုင်း နိုဗယ်ငြိမ်းချမ်းရေးဆုပေးပွဲအခမ်းအနားတွေကို အော်စလိုမြို့တော်ခန်းမ မှာ နှစ်စဉ်ကျင်းပ ပါတယ်။ ဒီနှစ်အခမ်းအနားက နှစ် ၅၀ ကျော် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့အတွက် သူပုန်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့သူ ကိုလံဘီယာ သမ္မတကိုပေးမှာဆိုတော့ နည်းနည်းပိုစိတ်ဝင်စားမိ ပါတယ်။ 


ဘာကြောင့်လဲဆို မြန်မာနိုင်ငံမှာလည်း နှစ် ၇၀ နား ကပ်နေပြီဖြစ်တဲ့ ပြည်တွင်းစစ် အဆုံးသတ်နိုင်ဖို့ ငြိမ်းချမ်းရေးဆွေနွေးပွဲတွေ၊ ၂၁ ပင်လုံညီလာခံတွေ အဆက်မပြတ်လုပ်နေတယ် မဟုတ်ပါလား။ ပြီးတော့ စာရေးသူုကိုယ်တိုင်လည်း တချိန်ကသူပုန် (လက်နက်ကိုင်တော်လှန်ရေးသမား) ဖြစ်ခဲ့ဖူးတယ်ဆိုတော့ သူပုန်နဲ့ဆွေးနွေးနိုင်တဲ့ သမ္မတဦးအပေါ် စိတ်ဝင်စားမိပါတယ်။ တခါ ဒီသမ္မတဟာ နိုင်ငံရေးလောကထဲ မ၀င်ခင် သတင်းထောက်အဖြစ်လည်း နှစ်လောက် တာဝန်ထမ်းခဲ့ဖူးတယ်လို့ ဆိုပါတယ်။

အခုတော့ ၂၀၁၆ ရဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ကိုလံဘီယာသမ္မတ Juan Manuel Santos ဟာ မိသားစုဝင်တွေဝင်တွေ၊ အစိုးရအဖွဲ့က တာဝန်ရှိတွေနဲ့အတူ အော်စလိုမြို့ဆီရောက်နေပါပြီ။ နိုဗယ် ဆုရှင်တွေတည်းနေကြ ပါလီမန်ရှေ့က Grand Hotel မှာတည်းပြီး နိုဗယ်ဆုရွေးချယ်ရေးအဖွဲ့ ရုံးခန်းမှာ မိတ်ဆက်ပွဲလုပ်ပါတယ်။ နိုင်ငံတကာ မီဒီယာတွေက သူနဲ့ အင်တာဗျုးလုပ်ကြပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ နေ့လည် တနာရီဝန်းကျင်မှာတော့ အော်စလိုမြို့တော်ခန်းမမှာ ဆုပေးပွဲ ကျင်းပ ပါတယ်။ အဲဒီ အခန်းအနားမှာပြောတဲ့ မိန့်ခွန်းရယ်၊ မီဒီယာတွေကိုပြောတဲ့ အင်တာဗျုးတွေရယ်ထဲက ကောက်နှုတ်ချက်တွေထဲမှာ စာရေးသူ စိတ်ဝင်စားမိဆုံး စကားလုံးကတော့ "It is much harder to make peace than to wage war” ကျနော်ရဲ့ ကိုယ်တိုင်အတွေ့အကြုံကို ပြောခွင့်ပြုပါ။ ‘’ငြိမ်းချမ်းရေးလုပ်တယ် ဆိုတာ စစ်ပွဲဆင်နွဲတာထက် ပိုခက်ပါတယ်’’ ဆိုတာပါပဲ။

အဲဒီစကားလုံးမတိုင်ခင် သူပြောခဲ့တာကတော့ ကျနော်ဟာ ကိုလံဘီယာ ပြည်သူတွေကိုကာကွယ်ပေးနိုင်ဖို့ အတွက် စစ်ပွဲကာလအတွင်း ခေါင်းဆောင်တဦးအဖြစ် တာဝန်ထမ်းခဲ့ပါတယ်။ ပြီးတော့ အခု ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကာလရဲ့ ခေါင်းဆောင်တဦးအဖြစ် တာဝန်ထမ်းနေပါတယ် တဲ့။ သူဟာ ၁၉၅၁ ခုနှစ် သြဂုတ်လ မှာမွေးဖွားခဲ့သူဖြစ်တာ ကြောင့် Revolutionary Armed Forces of Colombia – People's Army (FARC–EP) နဲ့ အစိုးရတပ် အကြား ပြည်တွင်းစစ် စဖြစ်တဲ့ ၁၉၆၄ ကနေ ဒီနေ့အထိအခြေအနေကို ရှေ့မီ နောက်မီ ကောင်းကောင်းသိနိုင်သူလို့ ဆိုနိုင်ပါတယ်။


ကိုလံဘီယာ ငြိမ်းချမ်းရေးနဲ့ မြန်မာ့ငြိမ်းချမ်းရေး ဘာကွာသလဲ

ကိုလံဘီယာနဲ့ မြန်မာဟာ ပထ၀ီအနေအထားအရ မိုင်ပေါင်း သောင်းချီဝေးတာကြောင့် ဒီနိုင်ငံနှစ်ခုကို နှိုင်းယှဉ်စဉ်းစားဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒါပေမဲ့ ခေတ်သစ်မြန်မာ့နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အတွက် နိုင်ငံတကာဆီ သွားရောက်လေ့လာတဲ့အထဲ အဲဒီလိုဝေးလံတဲ့ တောင်အမေရိကတိုက်က ကိုလံဘီယာနဲ့ အဖရိကတိုက်က တောင်အဖရိကနိုင်ငံတွေဟာ ထိပ်ဆုံးမှာစာရင်းရှိနေပါတယ်။


မြန်မာနိုင်ငံ ပြည်တွင်းစစ်မှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့ဖူးတဲ့ မြန်မာ့တပ်မတော်က စစ်ဗိုလ်တချို့နဲ့ KNU ကရင့် အမျိုးသားအစည်းအရုံးက စစ်ဗိုလ်တွေ၊ DKBA ခေါ် တိုးတက်သော ကရင်အဖွဲ့နဲ့ တခြားကရင်အဖွဲ့ခွဲတွေက ကိုယ်စားလှယ် ၁၀ ကျော်ဟာ MPC ခေါ် မြန်မာငြိမ်းချမ်းရေးစင်တာရဲ့ အစီစဉ်နဲ့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ဆန်းပိုင်းတုန်းက (ဦးသိန်းစိန်အစိုးရ သက်တန်းမကုန်ခင်) ကိုလံဘီယာနိုင်ငံ ပြည်တွင်းစစ်ရပ်စဲရေး လုပ်ငန်းစဉ်ကို သွားရောက်လေလာခဲ့ဖူးပါတယ်။

အလားတူ ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်း (NLD အစိုးရလက်ထက်မှာ) မှာလည်း (EAO) ခေါ် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့မှ ကိုယ်စားလှယ်တွေဟာ တောင်အာဖရိကနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ဆီ သွားရောက်လာလေ့ခဲ့ဖူးကြောင်း မှတ်တမ်းတွေ ရှိပါတယ်။ အဲဒီထဲမှာ လက်ရှိ အစိုးရနဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ NCA (တနိုင်ငံလုံးအတိုင်းတာ အပစ်ရပ်ရေးစာချုပ်) လက်မှတ်မထိုးရသေးတဲ့ KIA မှ ဒု ဥက္ကဌ ဗိုလ်ချုပ်ဂွမ်မော်နဲ့ UNFC (ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ) အဖွဲ့ဝင်တွေ၊ NCA လက် မှတ်ထိုးထားပြီးသား KNU နဲ့ ဖွဲ့က ကိုယ်စားလှယ်တွေ အစုံအညီပါဝင်တာတွေ့ရပါတယ်။

ဆိုလိုတာက ကိုလံဘီယာနဲ့ တောင်အဖရီကတို့ဟာ မြန်မာနိုင်ငံနဲ့ မိုင်ပေါင်းသောင်းချီဝေးတယ်ဆိုပေမဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်တွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွေအတွက် မြန်မာတွေက သွားရောက်လေ့လာနေရတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ ပြီးတော့ ကုလံဘီယာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ နော်ဝေးအစိုးရက ထဲထဲဝင်ဝင်ကူညီ ပေးထားသလို မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် နော်ဝေးက ကူညီပေးထားတာကလဲ တူနေပြန်ပါတယ်။ ဒါ့အပြင် ၁၉၉၁ တုန်းကလည်း မြန်မာနိုင်ငံက အတိုက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နော်ဝေးက နိုဗယ်ငြိမ်းချမ်း ရေးဆုပေးအပ်ခဲ့ဖူးပါတယ်။


အခုတော့ ကုလံဘီယာနိုင်ငံမှာ FARC သူပုန်တွေနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးသဘောတူညီချက် စာချုပ် ချုပ်နိုင်လို့ သမ္မတ Santos နိုဗယ်ငြိမ်းချမ်းရေးဆု ရသွားခဲ့ပါပြီ။ ကိုလံဘီယာဆီ သွားရောက်လေ့လာခဲ့ဖူးတဲ့ မြန်မာနိုင်ငံမှာကော အခြေအနေတွေက ဘယ်လိုလဲ။ သူပုန်နဲ့အစိုးရကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင် အောင် လုပ်ဆောင်ပေးနိုင်မဲ့ သမ္မတတွေ၊ ၀န်ကြီးချုပ်တွေ ပေါ်လာနိုင်ခြေရှိနေပြီလား။ ဒုတိယ အကြိမ် နိုဗယ်ဆုရှင်များ ထပ်ပေါ်လာနိုင်ဦးမလား။

ဒီလို ခပ်ဆင်ဆင်အရာတွေကို ဆွဲထုတ်ပြီး အနာဂတ်ကိုစိတ်ကူးယဉ်ဖို့ကောင်းသလို ကိုလံဘီယာနဲ့ မြန်မာ ပြည်တွင်းစစ်အကြား မတူတဲ့အချက်တွေကလည်း အများကြိးပါ။ ပထမ ဆုံး သတိထားမိတာက ကိုလံဘီယာမှာ အခု ငြိမ်းချမ်းရေးလက်မှတ်ထိုးလိုက်တဲ့ FARC သူပုန်အဖွဲ့ဟာ လက်ဝဲယိမ်းအင်အားစု ဖြစ်ပါတယ်။ တနည်းအားဖြင့် နိုင်ငံရေးဝါဒတခုပေါ် အခြေခံပြီး တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာက (၁၉၉၁ မှာ ဗမာပြည်ကွန်မြူနစ်ပါတီ အင်အားနည်းသွားပြီးနောက်) လူမျိုးစုအရေး၊ တိုင်းရင်းသားအခွင့် အရေးအတွက် တိုက်ပွဲဝင်နေတဲ့ ဒေသဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေ က များနေပါတယ်။ 

အဖွဲ့များတဲ့အတွက် တပ်ပေါင်းစုဖွဲ့ပြီး ဆွေးနွေးဖို့ လုပ်နေကြပေမဲ့ အစိုးရနဲ့ သူပုန်တပ်ပေါင်းစုအကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရေးက တော်ရုံနဲ့သဘောတူညီချက်ရမဲ့ပုံ မတွေ့ရသေးပါ။ ၂၁ ပင်လုံဆိုပြီး အစိုးရသစ်က ဆွေးနွေးပွဲတွေလုပ်နေစဉ်မှာတင် မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနေပါ တယ်။ သူပုန်တွေနဲ့ ဆွေးနွေးနေရာကနေ တိုက်ပွဲပြန်ဖေါ်တဲ့အဲဒီသူပုန်တွေကို အကြမ်းဖက်သမားအဖြစ် သတ်မှတ်ဖို့ အစိုးရဖက်က (အထူးသဖြင့် တပ်မတော်ဖက်က) ကြိုးစားလာနေတာ တွေ့နေရပါတယ်။


နိုဗယ်ဆုရှင်နဲ့ ငြိမ်းချမ်းရေး

ကိုလံဘီယာသမ္မတက ဒီနှစ်မှ ငြိမ်းချမ်းရေနိုဗယ်ဆုရှင်ဖြစ်လာပေမဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိ အာဏာရ ပါတီခေါင် (နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်) ဒေါ်အောင်ဆန်းစုကြည် နိုဗယ်ဆုရထားတာ ၁၉၉၁ ကတည်းက ဆိုတော့ ၂၄ နှစ် တောင်ရှိနေခဲ့ပါပြီ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရနေပြီလို့မဆိုနိုင်သေးပါ။ အထူး သဖြင့် နယ်စပ်ဒေသတွေဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေတွေက လွန်ခဲ့တဲ့ ၂၄ နှစ်ကထက်တောင် ပိုဆိုးလာသလိုဖြစ်နေပါတယ်။


ဒါကို ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ။ တပ်မတော်ကို နားချစည်း ရုံးပြီး သူပုန်တွေနဲ့ ငြိမ်းချမ်းရေးရအောင်ဆွေးနွေးနိုင်မလား။ ရခိုင်ဖက်မှာဖြစ်နေတဲ့ လူမျိုးရေးပတိပက္ခတွေ၊ နယ်စပ်ပသာနာတွေကို ပြေလည်အောင် ကိုင်တွယ်နိုင်မလား။ အခုလောလောဆယ်ကတော့ အဲဒီပြသာနာ ခုကိုပြေ လည်အောင် မကိုင်တွယ်နိုင်တဲ့အတွက် နိုင်ငံတကာမီဒီယာတွေက ဒေါ်အောင်ဆန်းစုကြည်ကို အပြင်းအထန် ဝေဖန်နေတာကိုသာတွေ့နေပါတယ်။ 

စစ်အစိုးရခေတ်၊ စစ်တပိုင်းအစိုးရခေတ်တွေမှာလည်း ဒီပြသာနာတွေရှိနေပေမဲ့ နိုင်ငံတကာမီဒီယာက ဒီလောက် အထိမဝေဖန်ပဲ အခုအရပ်သားအစိုးရခေတ်ရောက်မှ၊ အတိအကျပြောရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာမှ ဒီလိုဝေဖန်မှုတွေ ပြင်းထန်လာတယ်ဆိုတာဟာ တိုက်ဆိုင်မှု မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ရင်သမ္မတွေ၊ ၀န်ကြီးချုပ်တွေလို စစ်ဗိုလ်လူထွက်မဟုတ်ပဲ နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်နေတာကြောင့်ဆိုတာ သတိပြုမိကြဖို့လိုပါတယ်။


တချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ၊ မီဒီယာအဖွဲ့တွေက ဝေဖန်ထောက်ပြ တာကို မြန်မာအစိုးရဖက်ကတုန့်ပြန်တဲ့အခါ အရင် စစ်အစိုးရခေတ်က တုန့်ပြန်သလိုမျိုး ခံစားချက်ပေါ် အခြေခံတဲ့ စိတ်ဆိုး မန်ဆိုးတုန့်ပြန်တာမျိုးမဟုတ်ပဲ သံတမန်ဆန်ဆန်၊ ပရိုဖက်ရှင်နယ်ဆန်ဆန် တုန့်ပြန်တတ်ဖို့လိုပါတယ်။ အခုချိန်ထိ တွေ့နေရသလောက်တော့ အစိုးရပြောခွင့်ရပုဂ္ဂိုလ်၊အတိုင်ပင်ခံရုံး ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေးဌာနပြောခွင့်ရ ပုဂ္ဂိုလ်တွေရဲ့ တုန့်ပြန်ချက်တွေဟာ နိုင်ငံတကာ မီဒီယာတွေက လက်ခံနိုင်တဲ့ အနေအထားဆီ၊ တနည်းအားဖြင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်အဆင့်ဆီက ထွက်လာမဲ့ဖြေရှင်းချက်မျိုး နိုင်ငံတကာ မီဒီယာတွေက မရသေးပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဖေဖေါ်ဝါရီမှာ ပြန်လည်စတင်မဲ့ ၂၁ ပင်လုံ ဒုတိယအကြိမ်ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးတက်ရောက်ဆွေးနွေးနိုင်အောင် အစိုးရဖက်က စီစဉ်ပေးသင့်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာဖြစ်နေတဲ့ ပတိပက္ခတွေကိုလည်း တဖြေးဖြေးချင်း ကိုင်တွယ်ဖြေရှင်းဖို့လို ပါတယ်။ ဒီဒေသ ခုစလုံးဆီ နိုင်ငံတကာမီဒီယာတွေ၊ သံတမန်တွေကိုသွားခွင့်ပေးပြီး အဖြစ်မှန်တွေကို အသိပေးလိုက်ရင် အခြေအနေဟာ တစုံတရာ တိုးတက်လာနိုင်ပါတယ်။


မျိုးဆက်သစ်တွေအတွက် ထည့်သွင်းစဉ်းစားပါ

နိုဗယ်ဆုပေးပွဲမြင်ကွင်းနဲ့ပတ်သက်ပြီး ရှေပိုင်းမှာတင်ပြဖို့ ကျန်ခဲ့တဲ့ကိစ္စတခုက ဆုလက်မခံခင် မနက်ပိုင်းမှာ သမ္မ Santos နဲ့အဖွဲ့ အော်စလိုမြို့လယ်က မူလတန်းကျောင်းတခုဆီ သွားရောက်လေ့လာခဲ့ပါတယ်။ အဲဒီမှာ အသက် ၁၂ နှစ်အရွယ်ရှိတဲ့ ကလေးငယ်တဦးက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူငယ်တွေအတွက် ဘာတွေလုပ်ပေးဖို့ရှိသလဲလို့ သမ္မတကိုမေးလိုက်ပါတယ်။ ကလေးငယ်တွေဆီက ကြားရလိမ့်မယ်လို့ ထင်မထားတဲ့ မေးခွန်းကိုကြားလိုက်ရတဲ့ သမ္မတ တချက်ငိုင်သွားတာ တွေ့မိပါတယ်။ ပြီးတော့ ‘’I will leave a country in peace to the next generation in Colombia’’ ’’ကိုလံဘီယာက မျိုးဆက်သစ် တွေအတွက် ငြိမ်းချမ်းတဲ့နိုင်ငံတခုကို ကျနော်ထားခဲ့ပေးမှာပါ’’ လို့ ဖြေလိုက်ပါတယ်။


တခါ ဆုပေးပွဲနေ့မှာပြောကြားတဲ့ နိုဗယ်ကော်မီတီဥက္ကဌ မိန့်ခွန်းထဲမှာလည်း ကိုလံဘီယာ လူဦးရေ သန်း ၅၀ ရဲ့ ၂၃ ရာခိုင်နှုန်းသော ၁၁ သန်းဟာ အသက် ၁၅ နှစ်အောက် ကလေးငယ်တွေဖြစ်တယ်။ နှစ် ၅၀ ကျော်ဖြစ်နေတဲ့ ပြည်တွင်းစစ်ကိုရပ်စဲပြီး ’’ငြိမ်းချမ်းရေးရအောင်လုပ်ပေးခြင်းဟာ ကလေးငယ်တွေ အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတခုဖြစ်တယ်’’ ဆိုတဲ့ အချက်ကိုကြားလိုက်ရပါတယ်။ 

ဆုပေးပွဲအပြီး နောက်တရက်မှာကျင်းပတဲ့ နိုဗယ်ဆုရှင်အား ဂုဏ်ပြုတဲ့ တေးဂီတဖျော်ဖြေပွဲမှာလည်း အသက် ၁၄ နှစ်အရွယ်သာရှိသေးတဲ့ နော်ဝေးလူငယ်အဆိုတော် Marcus နဲ့ Martinus တို့ညီအကိုက ကိုလံဘီယာက ကျောင်းသားအရွယ် မျိုးဆက်သစ်တွေအတွက် အားလုံးဝိုင်းကူညီကြဖို့ တိုက်တွန်း သွားတာ ကြားမိပါတယ်။ 


ဒါကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာ အစိုးရတပ်ကဗိုလ်ချုပ်နဲ့ သူပုန်တပ်ကဗိုလ်ချုပ်တွေ အကြား တပ်တည်နေရာတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် နားလည်မှုယူတဲ့၊ လက်မှတ်ထိုးတဲ့အဆင့် မဟုတ်ပဲ နှစ်ဖက် ဗိုလ်ချုပ်တွေရဲ့ သားသမီးတွေ၊ မြေး-မြစ်တွေရဲ့အနာဂတ်ဘ၀တွေကိုပါ ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။ ကိုလံဘီယာ သမ္မတကတော့ မျိုးဆက် ခု ပါဝင်ခဲ့တဲ့ နှစ် ၅၀ ကြာပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ခဲ့ပြီလို့ပြောပါတယ်။ မြန်မာနိုင်ငံ ပြည်တွင်းစစ်က နှစ် ၇၀ ရှိနေပြီဖြစ်လို့ မျိုးဆက် ခုစာ ရှိနေပါပြီ။ 

မျိုးဆက် ခုစာအထိ ရှည်မသွားအောင် တားဆီးနိုင်ရေးအတွက် ဒီနေ့ အစိုးရတာဝန်ရှိသူတွေ၊ ဖက် တပ်တွေရဲ့ တပ်မှုးတွေက လူငယ်မျိုးဆက်တွေရဲ့ အနာဂတ်ကိုပါ ထည့်သွင်းစဉ်းစားဖို့ လိုနေပြီဖြစ်ပါတယ်။     
http://thevoicemyanmar.com/perspective/4468-dwp

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More