ဦးဝင်းတင် အလွန် တစ်နှစ်တာ
နှစ်ပတ်လည် အောက်မေ့ဖွယ်နေ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ထိပ်တန်းခေါင်းဆောင်တစ်ဦး ဖြစ်သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်သွားတာ ဧပြီလ ၂၁ ရက်နေ့မှာ တစ်နှစ်တင်းတင်း ရှိခဲ့ပါပြီ။ ဒါပေမဲ့ ဘယ်လိုမှ မေ့လို့မရနိုင်သေး။ သူ့ရဲ့ဟန်ပန်၊ သူရဲ့အသွင်သဏ္ဌာန်နဲ့ သူရဲ့ဒဿနတွေဟာ ဒီနေ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးတက်ကြွသူတွေ၊ သတင်းစာသမားတွေအပေါ် လွှမ်းမိုးနေဆဲပါ။
ဦးဝင်းတင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရအဖြစ် ဆွမ်းကျွေးတရားနာပွဲ၊ နိုင်ငံရေးဟောပြောပွဲတွေကို ပြည်တွင်း၊ ပြည်ပရှိ သူ့ကို လေးစားသူတွေက ကျင်းပခဲ့ကြပါတယ်။ ရေဝေးမှာရှိတဲ့ သူ့ရဲ့အုတ်ဂူဆီ သွားပြီး ဦးညွတ်ခဲ့ကြပါတယ်။ တရားပွဲတွေမှာရော၊ အုတ်ဂူမှာပါ တွေ့ခဲ့ရတဲ့ ဓာတ်ပုံကတော့ တစ်နိုင်ငံလုံး ထောင်ကျနေဆဲဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တဲ့ အပြာရောင်ဝတ်စုံနဲ့ ဓာတ်ပုံပါ။ သူ့ကို ဂုဏ်ပြုသူတွေကလည်း အပြာရောင်ဝတ်စုံတွေ ဝတ်လို့။
ရှစ်လေးလုံး အရေးတော်ပုံအပြီး NLD ပါတီ တည်ထောင်ခါစမှာ တက်ကြွစွာ ဦးဆောင်ခဲ့တဲ့ ဦးဝင်းတင်ကို ၁၉၈၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာကတည်းက စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့ကျမှ ပြန်လွှတ်ပေးတာဆိုတော့ နှစ် ၂၀ နီးပါး အကျဉ်းထောင်အတွင်း နေခဲ့ရပါတယ်။ ထောင်ကနေ ပြန်လွှတ်ပေးတဲ့အခါမှာ အပြာရောင်ထောင်ဝတ်စုံကို မချွတ်ဘဲ ဒီတိုင်းထွက်လာလို့ အစိုးရပိုင်ပစ္စည်း ပြန်မပေးမှုနဲ့ တရားစွဲမယ်ဆိုပြီးတောင် သတင်းဖြစ်လိုက်ပါသေးတယ်။
ဆိုလိုတာက သူဟာ စစ်အစိုးရခေတ်မှာ ယုံကြည်ချက်အတွက် အကျဉ်းကျခံရသူတွေထဲက နှစ်အရှည်ဆုံး နိုင်ငံရေးအကျဉ်းသား၊ နှိပ်စက်ညှဉ်းပန်းမှု ဘယ်လောက်အထိ ခံရသလဲဆိုတာကိုတော့ သူရေးခဲ့တဲ့ “ဘာလဲဟဲ့ လူ့ငရဲ” စာအုပ်ကို ဖတ်ကြည့်ရင် သိနိုင်ပါတယ်။ ဒီလိုဖိနှိပ်မှုမျိုးစုံကို ခံရပေမယ့် သူဟာ နိုင်ငံရေးရပ်တည်ချက်ကို ဘယ်တော့မှ အပေးအယူမလုပ်တဲ့ နိုင်ငံရေးသမား၊ သူ့ကိုထောင်ကနေ လွှတ်ပေးလိုက်ပြီ ဖြစ်ပေမယ့် နံရံမရှိတဲ့ အပြင်ထောင်မှာ သူနဲ့ပြည်သူအားလုံး အကျယ်ချုပ်ကျခံနေရဆဲ ဆိုတာကို ဖော်ပြချင်တဲ့အတွက် အပြာရောင် ထောင်ဝတ်စုံကို သေတဲ့အထိ ဝတ်သွားခဲ့သူပါ။
ဒီလိုရပ်တည်ချက် ပြတ်သားပြီး စစ်အာဏာရှင်စနစ်ကို ရဲရဲတောက် ဆန့်ကျင်ခဲ့တဲ့အတွက်လည်း လူသေပေမယ့် နာမည်မသေဘဲ ဆက်လက်ရှင်သန်နေသူ၊ သူရဲ့သဏ္ဌာန်၊ သူရဲ့ဒဿနတွေ ဆက်လက်ရှင်သန်နေပြီး အသွင်ပြောင်း စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်ဖို့ တမလွန်ကနေ အမိန့်ပေးနိုင်စွမ်း ရှိနေဆဲ အမှန်တရားရဲ့ တပ်မှူးကြီးတစ်ဦးပါ။
သတင်းစာဆရာလား၊ နိုင်ငံရေးသမားလား
“လွတ်လပ်တဲ့ သတင်းသမားဟာ နိုင်ငံရေးပါတီတွေနဲ့ ခပ်ကင်းကင်းနေရမယ်” ဆိုတဲ့ ဒီနေ့သတင်းသမား လူငယ်တွေကြား ခေတ်စားနေတဲ့ အဆိုဟာ ဦးဝင်းတင်အတွက် အကျုံးမဝင်ပါဘူး။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကာလအထိ သတင်းစာဆရာတစ်ဦး အဖြစ်သာ ရပ်တည်လာခဲ့တဲ့ ဦးဝင်းတင်ဟာ သမိုင်းရဲ့ လိုအပ်ချက်အရ အရေးတော်ပုံအတွင်း ပါဝင်ခဲ့ပါတယ်။ အရေးတော်ပုံရဲ့ လိုအပ်ချက်အရ ဖွဲ့စည်းခဲ့တဲ့ NLD ပါတီမှာ ထိပ်ပိုင်းခေါင်းဆောင်ကို ရဲရဲကြီး တာဝန်ယူခဲ့ပါတယ်။
သမိုင်းပေးတာဝန်လို့ နိဒါန်းချီခဲ့တဲ့အတိုင်း သမိုင်းက တောင်းဆိုလာရင် သတင်းစာဆရာပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် လိုအပ်ရင် နိုင်ငံရေး လုပ်ရမှာပါပဲ။ သတင်းသမားနဲ့ နိုင်ငံရေး ခပ်ကင်းကင်းနေရမယ် ဆိုတာဟာ ဒီမိုကရေစီရပြီးသား နိုင်ငံတွေမှာသာ ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး တိုက်ပွဲဝင်နေဆဲ နိုင်ငံတွေမှာတော့ သတင်းသမားဟာလည်း ဖိနှိပ်ခံလူများစုထဲက တစ်ဦးပဲ မဟုတ်ပါလား။
ဒါပေမဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်နဲ့ ၁၉၈၈ နောက်ပိုင်း သတင်းသမား ဖြစ်လာသူတွေကြား ဖြတ်သန်းရတဲ့လမ်းကြောင်းက ပြောင်းပြန်။ ဦးဝင်းတင်က သတင်းသမားဘဝကနေ နိုင်ငံရေးလောကထဲ ရောက်လာသူ။ ၈၈ နောက်ပိုင်း သတင်းသမားဖြစ်လာသူ အများစုက နိုင်ငံရေးနယ်ပယ် (၈၈ အရေးတော်ပုံမှာ ပါဝင်ခြင်း၊ လက်နက်ကိုင်တော်လှန်ရေး လုပ်ခြင်း၊ နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ခြင်းများ) ကနေ လွတ်လပ်တဲ့ သတင်းသမားအဖြစ် ခေါင်းစဉ်ပြောင်းသွားသူတွေ။ ဒီလို (သတင်းသမားတွေ အပါအဝင် ပင်မနိုင်ငံရေးကနေထွက်ပြီး လွတ်လပ်တဲ့ အသင်းအပင်း၊ NGO စသဖြင့် လုပ်နေသူ အတော်များများ အပါအဝင်) ခေါင်းစဉ်ပြောင်းမှုက ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်အတွက် ပိုအားကောင်းစေသလား၊ ပိုအားနည်းသွားစေသလား ဆိုတာကတော့ သီးခြားစဉ်းစားသင့်တဲ့ ကိစ္စတစ်ခုပါ။
ဒီနေရာမှာ အဓိက တင်ပြချင်တာက သတင်းသမားဘက်ယိမ်းတဲ့ နိုင်ငံရေးသမားနဲ့ နိုင်ငံရေးသမားဘက်ယိမ်းတဲ့ သတင်းသမားတို့ရဲ့ မတူညီတဲ့ ချဉ်းကပ်မှု နည်းပညာအပိုင်းသာ ဖြစ်ပါတယ်။ “သတင်းသမားက အမှန်တရားပေါ်မှာ ရပ်တည်ပြီး နိုင်ငံရေးသမားက ပြေရာပြေကြောင်းပေါ်မှာ ရပ်တည်လေ့ ရှိတယ်” လို့ ဆိုကြပါတယ်။ ဒါကြောင့် သတင်းသမား ဘဝကနေ နိုင်ငံရေးလောကထဲ ရောက်လာတဲ့ ဦးဝင်းတင်ဟာ အမှန်တရားပေါ်မှာ ပြတ်သားစွာ ရပ်တည်ပြီး စစ်အာဏာရှင်တွေနဲ့ အပေးအယူ မလုပ်နိုင်ဘူးလို့ ငြင်းဆိုရင်း အသေခံသွားသူတစ်ဦး ဖြစ်ခဲ့ပါတယ်။
ဦးဝင်းတင်အလွန် တစ်နှစ်တာ
တကယ်တော့ ဦးဝင်းတင်ဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာမှာ ခေါင်းဆောင်တစ်ဦး အဖြစ် အရေးပါခဲ့ရုံတင်မက တော်လှန်ရေး အဖွဲ့အစည်းတွေကြား၊ တော်လှန်ရေးသမားတွေကြား စည်းရုံးမှု တည်ဆောက်ရေး၊ အဖွဲ့အစည်း တည်ဆောက်ရေးမှာပါ စံပြခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ အများစုရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာခဲ့သလို အနည်းစုရဲ့ သဘောထားကိုလည်း လေးစားဖို့ တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။
အဲဒီထဲက လူအများ မှတ်မိနေတဲ့ ဖြစ်စဉ်တစ်ခုကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်မလား၊ အသစ်ပြန်ရေးမလားဆိုတဲ့ မေးခွန်းအပေါ် ပါတီဝင်အားလုံးက ပြန်ပြင်မယ်လို့ သဘောထားပေးပေမယ့် သူတစ်ဦးတည်းက အသစ်ပြန်ရေးမယ်ဆိုပြီး မဲပေးခဲ့တဲ့ အမှတ်တရ ဓာတ်ပုံပါပဲ။ ပါတီဝင်အများစုရဲ့ဆုံးဖြတ်ချက်အတိုင်း ဖွဲ့စည်းပုံကို ပြန်ပြင်မယ်၊ ပါလီမန်လမ်းကြောင်းကနေ သွားမယ်ဆိုတာတွေကို သူလက်ခံခဲ့ပေမယ့် အဲဒီအပေါ် သူမယုံကြည်ကြောင်း၊ အာဏာရှင်တွေဆီက ဘာမှမျှော်လင့်လို့ မရနိုင်ကြောင်းတွေကိုလည်း ကျယ်ကျယ်လောင်လောင် ပြောကြားခဲ့သူ ဖြစ်ပါတယ်။
ဒီလို ပါတီတွင်း ဝေဖန်ရေးလုပ်တဲ့အခါမှာ မူဝါဒကိစ္စတွေကို ပြောတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ကြားမှာ သဘောထားမတူတာတွေ ရှိတယ်။ ပါတီဝင်အများစုဟာ ဒေါ်အောင်ဆန်းစုကြည် ရှေ့ရောက်ရင် ဘာမှမပြောရဲမဆိုရဲတော့ဘူး ဆိုပြီးလည်း ဦးဝင်းတင်က ဝေဖန်ခဲ့ဖူးပါတယ်။ ဝေဖန်တယ်ဆိုတာ ပါတီအစည်းအဝေးအတွင်း ဝေဖန်တာ မဟုတ်။ နိုင်ငံတကာသတင်းစာတွေအထိ ပြောပြီး ဝေဖန်ခဲ့တာပါ။
မှတ်မှတ်ရရ ဦးဝင်းတင်ကို လူချင်းပထမဆုံးအကြိမ် (နောက်ဆုံးအကြိမ်လည်း ဖြစ်ပါတယ်) ကျွန်တော်တွေ့ဖူးတာဟာ ၂၀၁၃ ခုနှစ် မေလ ၃ ရက်နေ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့် နေ့မှာပါ။ အဲဒီနေ့ မနက်ပိုင်းမှာ UNESCO က ကျင်းပတဲ့ သတင်းလွတ်လပ်ခွင့် အစည်းအဝေးက ပြန်လည်တဲ့ ဦးဝင်းတင်ဟာ သူရဲ့ အပြာရောင်အင်္ကျီကိုတောင် မချွတ်ရသေး။ ညနေပိုင်းလုပ်မယ့် မြန်မာ့သတင်းသမားတွေရဲ့ ပွဲကိုလည်း ဒီဝတ်စုံနဲ့ပဲ တက်မယ်လို့ သူက ဆိုပါတယ်။
သူ့ကို ကျွန်တော်သွားတွေ့တဲ့ နေရာက အရင် DVB မှာ တာဝန်ထမ်းစဉ်က တစ်ချိန်လုံး တယ်လီဖုန်းခေါ်ပြီး အင်တာဗျူးလုပ်ခဲ့တဲ့ ကျောက်ကုန်းက ဦးမောင်မောင်ခင်ရဲ့ ခြံဝင်းထဲက အိမ်ငယ်လေးမှာ။ ကျွန်တော်က အင်တာဗျုးလုပ်ဖို့ သွားတာမဟုတ်ပေမယ့် ဆရာ့ခမျာ ပြည်တွင်း၊ ပြည်ပကလာတဲ့ တယ်လီဖုန်း အင်တာဗျူးတွေကို ကျွန်တော် ရှေ့မှာတင် မနားတမ်း ဖြေနေရဆဲပါ။
ဆရာနဲ့တွေ့ချိန် တစ်နာရီလောက်ကြာမယ် ထင်ပါတယ်။ ဆွေးနွေးဖြစ်တဲ့ အကြောင်းအရာ များစွာထဲမှာ အခုချိန်ထိ မှတ်မိနေတဲ့ကိစ္စက New York Time နဲ့ Washington Post မှာပါတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်ချက်တွေပါ။
“ဒေါ်အောင်ဆန်စုကြည်ဟာ (အာဏာပိုင်တွေနဲ့) ပြေရာပြေကြောင်း သိပ်ဖြစ်ချင်နေတယ်လို့ ဦးဝင်းတင်ကပြော” ဆိုတဲ့ ဆောင်းပါးနဲ့ “ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ စကားပြောရဲသူ တစ်ဦးမှ မရှိဘူး ဖြစ်နေတယ်။ ဒါဟာ သိပ်ဆိုးတဲ့အချက်ပဲဟု ဦးဝင်းတင်ကပြော” ဆိုတဲ့ ဆောင်းပါးနှစ်ပုဒ် အမေရိကန်သတင်းစာတွေမှာ ဆက်တိုက်ပါခဲ့ပါတယ်။ ပါတီတွင်း အစည်းအဝေးမှာ ပြောတာအပြင် အရေးကြီးတဲ့အခါ မီဒီယာကိုလည်း ထုတ်ပြောဖို့ လိုတယ်လို့ ဆရာက ဆိုပါတယ်။
ဒီလိုထုတ်ပြောတဲ့အပေါ် သဘောမတူသူတချို့ ရှိကောင်းရှိနိုင်ပေမယ့် ဒီလိုထုတ်ပြောရဲသူဟာ ဦးဝင်းတင် တစ်ဦးတည်းသာ ရှိတယ်ဆိုတဲ့ အချက်ကိုတော့ သဘောမတူသူရှိမယ် မထင်ပါ။ NLD ပါတီတွင်းမှာ၊ တော်လှန်ရေးအဖွဲ့တွေထဲမှာ ဒီလိုမျိုး လူမုန်းခံပြီး ပြောနိုင်၊ ဝေဖန်ထောက်ပြနိုင်တဲ့လူတွေ ရှိဖို့လိုပါတယ်။ အထူးသဖြင့် ဦးဝင်းတင် အလွန်ခေတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ထောက်ပြနိုင်သူ မရှိတော့ဘူးလို့ မြင်မိပါတယ်။
၈၈ မျိုးဆက်တွေကြားမှာ သက်တူရွယ်တူ၊ ပြောမနာဆိုမနာ လုပ်ဖော်ကိုင်ဖက်တွေ ရှိကြပေမယ့် NLD ပါတီ ခေါင်းဆောင်ပိုင်းမှာ အဲဒီလို အချင်းချင်းဝေဖန်နိုင်တဲ့ အခင်းအကျင်း မရှိခဲ့ပါ။ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ လွတ်လပ်ရေးကြိုးပမ်းမှု ကာလမှာ ဗိုလ်ချုပ်နဲ့ သက်တူရွယ်တူ ပြောမနာဆိုမနာ အချင်းချင်းဝေဖန်နိုင်တဲ့ အခြေအနေ ရှိခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘေးမှာ အဲဒီလို သက်တူရွယ်တူ ဝေဖန်နိုင်သူ ရှိမနေခဲ့ပါ။
ဒီကြားထဲ ပြည်တော်ပြန်တွေ အပါအဝင် ပြည်တွင်း၊ ပြည်ပ တတ်သိပညာရှင် အတော်များများကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးအဖွဲ့မှာ တာဝန်မထမ်းဘဲနဲ့ သမ္မတဦးသိန်းစိန်ရဲ့ အကြံပေးတွေ ဖြစ်ကုန်တာကလည်း နောက်ထပ် ဆွေးနွေးသင့်တဲ့ ကိစ္စတစ်ခုပါပဲ။
ထားတော့။ အဓိကတင်ပြချင်တာက ဦးဝင်းတင် ကွယ်လွန်သွားပြီး တစ်နှစ်အကြာမှာ အသေအချာ မြင်လိုက်ရတဲ့ ဆုံးရှုံးမှုက အသွင်ပြောင်း စစ်အာဏာရှင်တွေကို ရဲရဲတောက်စိန်ခေါ်တဲ့ သူရဲကောင်းတစ်ဦး ကျဆုံးသွားရုံတင် မကပါဘူး။ ဒီမိုကရေစီရရှိရေး တိုက်ပွဲအတွင်း သဘောတရားအရ ခိုင်မာသူ၊ ခေါင်းဆောင်အပေါ်မှာပါ အမှန်အမှန်အတိုင်း ဝေဖန်အကြံပေးနိုင်စွမ်းရှိသူ တစ်ဦး ကျဆုံးသွားခြင်းလည်း ဖြစ်တဲ့အတွက် ဒီကွက်လပ်ကို ဘယ်လိုဖြည့်မလဲ ဆိုတာဟာ ဒီနေ့ ဒီမိုကရေစီလှုပ်ရှားသူတွေကြားမှာ မေးခွန်းတစ်ခု ဖြစ်လာနေပါတယ်။
ထက်အောင်ကျော်
0 comments:
Post a Comment