Wednesday, April 22, 2015

မြေကြီးက ရွှေသီးခြင်းကို တလွဲအဓိပ္ဗယ်ဖော်သူများ

The Voice Daily. 22 April, 2015.

မြေကမ္ဘာနေ့မှာ ဘာလုပ်မှာလဲ

ဧပြီလ ၂၂ ရက်နေ့မှာ ကျရောက်တဲ့ မြေကမ္ဘာနေ့မှာ ကမ္ဘာမြေစိမ်းလန်းစိုပြည်ရေး ပညာပေးလုပ်ငန်းတွေ လုပ်ဆောင် ကြဖို့ သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေက လှုံဆော်ထားပါတယ်။ ကမ္ဘာတိုက်ကြီး ခြောက်ခုစလုံးရှိ မြို့ကြီးအတော်များများမှာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ပညာပေးအခမ်းအနားတွေ လုပ်မယ်လို့သိရတဲ့အတွက် ကမ္ဘာ့အသိုင်းဝိုင်းဆီပြန်ဝင်ဖို့ကြိုးစားနေတဲ့ ဒီမိုကရေစီပြုပြင်င်ပြောင်းလဲမှု လမ်းကြောင်းပေါ်က မြန်မာနိုင်ငံရဲ့မြို့တော် နေပြည်တော်မှာလည်း ဒီလိုအခမ်းအနားလုပ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

၁၉၇၀ ခုနှစ်ကစလို့ ဒီလိုအခမ်းအနားတွေ စတင်ကျင်းပလာတာဖြစ်ပြီး အဓိကအားဖြင့်ကတော့ တနေ့ထက် တနေ့ ပိုဆိုးလာနေတဲ့ လေထု၊ ရေထု၊ မြေထု ညစ်ညမ်းမှုတွေကို အများပြည်သူ သတိပြုလာစေဖို့၊ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှာနိုင်ဖို့ဖြစ်တယ်လို့ လှုံ့ဆော်ရေးမှုးတွေကပြောပါတယ်။

လှုပ်ရှားမှုအနေနဲ့ကတော့ အဖွဲ့လိုက်ဖြစ်စေ၊ တဦးချင်းဖြစ်စေ ဒီနေ့မှာ သစ်ပင်စိုက်တာ၊ လမ်းဘေး တလျောက် မှိုက်ရှင်းတာ၊ စွန့်ပစ်ပစ္စည်းပြန်လည်အသုံးချတာ၊ သဘာဝပတ်ဝန်းကျင်ကို သန့်ရှင်း အောင်လုပ်ပေးတာ၊ ကမ္ဘာကြီး ပူနွေးလာမှုကိုတားဆီးပေးဖို့၊ သစ်တောပြုန်းတီးမှုတားဆီးပေးဖို့ အစိုးရဆီ စုပေါင်းလက်မှတ်ထိုးတောင်းဆိုတာတွေ လုပ်လေ့ရှိတယ်လို့သိရပါတယ်။

တကယ်လို့ နေပြည်တော်မှာ အခမ်းအနားကျင်းပဖြစ်ရင် ဘာတွေလုပ်ကြမှာလဲ။ သစ်ပင်စိုက်မှာလား၊ သစ်တောပြုန်းတီးမှုအတွက် သမ္မတဆီကန့်ကွက်စာပို့မှာလား၊ မြေယာသိမ်းမှုအတွက် ကန့်ကွက်စာပို့မှာ လား။၊ နေပြည်တော်ကိုယ်နှိုက်က သိမ်းပိုက်ထားတဲ့မြေတွေပေါ်မှာ၊ သစ်ပင်တွေကိုခုတ်ထွင်ရှင်းလင်းပြီး အသစ်စက်စက်ဆောက်ထား တာဆိုတော့ ပြောရခက်သား။

နည်းနည်းစိုက်ပြီး များများခုတ်တဲ့အခါ

ဧပြီလဟာ ဥရောပနဲ့အနောက်ကမ္ဘာမှာ နွေဦးရာသီ၊ သစ်ပင် ပန်းပင်တွေ စိမ်းလန်းစရာသီဖြစ်ပေမယ့် မြန်မာနိုင်ငံမှာက နွေလယ်ရာသီ၊ အပူအိုက်ဆုံး၊ ရေအရှားပါးဆုံးရာသီဖြစ်တဲ့အတွက် ဒီအချိန်မှာ သစ်ပင်စိုက်ဖို့တော့ လွယ်မယ်မထင်ပါ။ မိုးဦးစရာသီ ဇွန်လ ရက်နေ့မှာကျရောက်တဲ့ သဘာဝပတ်ဝန်း ကျင်ထိမ်းသိမ်းရေးနေ့မှာတော့ မြန်မာသဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေ သစ်ပင်စိုက်လေ့ရှိတာကို တွေ့ရပါတယ်။

(မြန်မာနိုင်ငံ နယ်စပ်ဒေသက သစ်တောပြုန်းတီးမှုတခု၊ ဓာတ်ပုံ-Global Witness)

ဒါပေမယ့် စိုက်တဲ့အပင်နဲ့ ခုတ်တဲ့အပင် ဘယ်ဟာက အရေအတွက်ပိုများသလဲ၊ စိုက်တဲ့နေရာနဲ့ ခုတ်တဲ့နေ ရာ ဘယ်ဟာက ဧရိယာပိုကျယ်သလဲ၊ အစိုးရနဲ့ ငြိမ်း-အဖွဲ့တွေအပါဝင် အာဏာပိုင်အဖွဲ့အစည်းအသီးသီးက စိုက်တာနဲ့ ခုတ်တာမှာ ဘယ်ဖက်မှာ ပိုအားသန်သလဲဆိုတာကတော့ မေးခွန်းထုတ်စရာပါ။

၂၀၀၉ ခုနှစ်ကထုတ်ပြန်ခဲ့တဲ့ Global Witness အဖွဲ့ရဲ့အစီရင်ခံစာအရဆိုရင် ကချင်ပြည်နယ်ရှိ သစ်တော တွေက ခုနစ်မီနစ်မှာ သစ်ကားတစီးနှုန်း တရုတ်နိုင်ငံထဲခိုးဝင်နေပါတယ်။ တစီးမှာ ၁၅ တန်၊ မီနစ်မှာ တစီးနှုန်းနဲ့ ၂၄ နာရီပတ်လုံးသွားနေတာဖြစ်တဲ့အတွက် တရက်တည်းမှာတင် တန်ချိန် ၃၀၀၀ ခန့် တရားဝင်ခိုးထုတ်နေတဲ့ သဘောဖြစ်နေတယ်လို့ထောက်ပြထားပါတယ်။

အခု ၂၀၁၅ မှာကော အခြေနေတွေတိုးတက်လာပြီလား။ ပြီးခဲ့တဲ့မတ်လကုန်ပိုင်း ရန်ကုန်မှာ ငြိမ်းချမ်းရေး လက်မှတ် ထိုးပွဲလုပ်နေစဉ် ကချင်ဖက်မှာဖြစ်တဲ့တိုက်ပွဲဟာ ‘’တရုတ်ဖက်က ၀င်လာတဲ့ သစ်ခိုးကားတွေကို လေယဉ်နဲ့ဗုံးကျဲတာပါ’’ ဆိုတဲ့ပြောဆိုချက်၊ အဲဒီမတိုင်လေးမှာတင် တရုတ်နိုင်ငံသားတွေ ဒါဇင်နဲ့ချီပါတဲ့ သစ်မှောင်ခိုဂိုဏ်း ဖမ်းဆီးမှုသတင်းတွေက တရုတ်နယ်စပ်ရှိ သစ်မှောင်ခိုလုပ်ငန်း အရင်ထက်တောင် ပိုဆိုးလာနေတယ်ဆိုတာ သက်သေပြနေပါတယ်။

ဒါဖြင့် တခြားဒေသတွေ၊ တနိုင်ငံလုံးအခြေနေတွေကကော ဘယ်လိုရှိသလဲ။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ FAO က ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ၁၉၉၀ ကနေ ၂၀၁၀ ခုနှစ်အတွင်း မြန်မာ့ သစ်တောဧရိယာ စတုရန်းမိုင် သောင်းခန့်ပျောက်ဆုံးသွားတယ်လို့သိရပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစဉ်က မြန်မာနိုင်ငံ ဧရီယာရဲ့ ၇၀ ရာခိုင်နှုန်းကိုသစ်တောဖုံးလွှမ်းနေပြီး ၂၀၁၀ ခုနှစ် အကျော်မှာတော့ ၄၀ ရာခိုင်းနှုန်းသာကျန်တော့တယ်လို့ ထောက်ပြထားပါတယ်။ 

များများသိမ်းပြီး နည်းနည်းပြန်ပေးတဲ့အခါ

၂၀၁၅ ခုနှစ် မတ်လ ၂၆ ရက်နေ့ကထုတ်ပြန်ထားတဲ့ Global Witness အဖွဲ့ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံ အရှေ့ မြောက်ဒေသတခုတည်းမှာတင် စစ်တပ်နဲ့ခရိုနီတွေကသိမ်းပိုက်ခဲ့တဲ့မြေဧက သန်းကျော်ရှိတယ်လို့ သိရပါတယ်။ ဒါဟာ ၂၀၀၆ ကနေ ၂၀၁၃ ကာလအတွင်းရရှိတဲ့စာရင်းတွေဖြစ်ပြီး ဒီမြေတွေကို စီးပွါးရေး လုပ်ငန်းရှင်တွေဆီ အခကျေးငွေနဲ့ပြန်လည်ငှားရမ်းနေတယ်လို့ ထောက်ပြထားပါတယ်။

(နေပြည်တော်က သိမ်းပိုက်ခံ မြေယာတခု။ ဓာတ်ပုံ-ထက်အောင်ကျော်)

အရှေ့မြောက်ဒေသတခုတည်းမှာတင် သိမ်းပိုက်ခံမြေဧက သန်းရှိတယ်ဆိုရင် တနိုင်ငံလုံးအတိုင်းအတာ နဲ့ဆို ဘယ်လောက်များရှိနေလေမလဲ။ လွတ်လပ်တဲ့အဖွဲ့အစည်းတွေက စနစ်တကျစာရင်းပြုစုတင်ပြနိုင်တာ မျိုး မရှိသေးတဲ့အတွက် ဘယ်သူမှအတိအကျမသိနိုင်ပါ။ ဒါပေမယ့် ကျေးလက်ဒေသကိုဆင်းပြီး ရွာတိုင်း ရွာတိုင်းက လူတွေကို မေးကြည့်ပါ။ အနည်းဆုံးတော့ လယ်ယာ၊ ဥယျဉ်အသိမ်းမခံရရင်တောင် ရွာပြင် ကနွားစားကျက်တွေ၊ မြေလွတ်မြေ ရိုင်းတွေကို စစ်တပ်နဲ့ခရိုနီက သိမ်းခဲ့တာချည်းပါပဲ။

ဒီလိုမြေသိမ်းမှုအပေါ် လူပြောများလာတဲ့အတွက် စစ်အစိုးရခေတ်က သိမ်းခဲ့တဲ့မြေတချို့ကို မူလပိုင်ရှင်ဆီ ပြန်ပေးပါ့မယ်။ ပြန်လိုချင်သူတွေ လျောက်လွှာတင်ကြပါဆိုပြီး ဦးသိန်းစိန်အစိုးရက ပြီးခဲ့တဲ့နှစ်အတွင်းမှာ ဖိတ်ခေါ်ခဲ့ပါတယ်။ တချိန်တည်းမှာပဲ လွှတ်တော်တွင်းမှာလည်း မေးခွန်းထုတ်မှုတွေ ရှိလာခဲ့ပါတယ်။ မှတ်မိသလောက်ဆိုရင် တပ်မတော်က သိမ်းထားတဲ့မြေတွေထဲက လောလောဆယ်အသုံးမပြုတဲ့မြေဧက တသိန်းခွဲကျော် (၁၅၉,၄၅၀ ဧက) ကို  မူလပိုင်ရှင်တွေဆီ ပြန်ပေးမယ်လို့ တပ်မတော်ကိုယ်စားလှယ်တဦး က လွှတ်တော်အတွင်း ကတိပေးခဲ့ ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ တပ်မတော်ကိုယ်စားလှယ် ဒုတိယ သမ္မတ ဦးညဏ်ထွန်းကိုယ်တိုင် ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်မဲ့ မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟိုကော်မီတီဆိုတာပေါ်လာပါတယ်။ ဒီကော်မီတီရဲ့ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့သတင်းထုတ်ပြန်ချက်အရ မြေယာမြေအမှုပေါင်း ထောင်နီးပါး (၆၈၇၀) ကို ၂၀၁၄ အတွင်း စစ် ဆေးစုံစမ်းခဲ့တယ်လို့သိရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအပါဝင် အခြားဌာနအသီးသီး၊ ကုပ္ဗဏီအဖွဲ့အစည်းအသီးသီးရဲ့ သိမ်းပိုက်မြေတွေ ထဲက ပြန်လည်စွန့်လွှတ်မြေ ဧက သိန်းခွဲ (၁၄၁ ၁၅၄ ဧက) ကို မူလပိုင်ရှင်တွေဆီ လွှဲပြောင်းပေး အပ်ပြီးဖြစ်ကြောင်း၊ နောက်ထပ်လွှဲပြောင်းပေးဖို့ ဧက သိန်း သောင်းကျော် ( ၁၆၁ ၀၄၇ ဧက) ကျန်နေ ဆဲဖြစ်ကြောင်း အဲဒီ သတင်းထုတ်ပြန်ချက်က ဖေါ် ပြပါတယ်။ 

ရှေ့မှာညွှန်းဆိုခဲ့တဲ့ Global Witness ရဲ့အစီရင်ခံစာအရ အရှေ့မြောက်ဒေသ တခုတည်းမှာတင် ဧက သန်းလောက် အသိမ်းရတာနဲ့နှိုင်းယှဉ်မယ်ဆိုရင် အစိုးရကပြောတဲ့ တနိုင်ငံလုံးမှ ဧက သိန်းကျော်ပဲ ပြန်ပေးမယ်ဆိုတာ အတော်နည်းနေပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင် ပြန်ပေးမဲ့မြေ ပမာဏကိုပဲ ထုတ်ပြောပြီး သိမ်းထားတဲ့မြေပမာဏကိုတော့ သတင်းထုတ်ပြန်ဖို့ ထိမ်ချန်ထားဆဲလို့ပြောနိုင်ပါတယ်။ 

ထားတော့။ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဆီ ချီတက်နေတာဆိုတော့ တခြားနိုင်ငံက တင်းပြည့်ဒီမိုကရေစီလို ပြည်သူ့အခွင့်အရေး ၁၀၀ ရာခိုင်နှုံးပေးဖို့ တောင်းဆိုလို့ မဖြစ်နိုင် သေးပါ။ တရားဥပဒေ စိုးမိုးမှုက စနစ်တကျမရှိသေး၊ လူဟောင်းနဲ့ လူသစ်က သိပ်မကွဲပြားသေးတဲ့အချိန်မှာ အတင်းအဓမ္မမြေသိမ်းသူတွေကို အပြစ်ကျုးလွန်သူတွေအဖြစ် မြေအသုံးချမှုကော်မီတီက မမြင်မိသေးတာ ဖြစ်နိုင်ပါတယ်။ အနိမ့်ဆုံးအားဖြင့်တော့ ဒီလူတွေကို အပြစ်မပေးနိုင်သေးရင်တောင် ဒီလိုအဓမ္မသိမ်းမိတဲ့ အတွက်  ၀မ်းနည်းကြောင်းလေးလောက်တော့ မြေသိမ်းခံရတဲ့ လယ်သမားတွေဆီ တောင်းပန်သင့်တာပေါ့။

အခုတော့ အဲဒီလိုမဟုတ်။ အပြစ်ကျုးလွန်သူကို အရေးမယူနိုင်တဲ့အပြင် သိမ်းထားတဲ့မြေများစွာထဲက တချို့တ၀က် ပြန်ပေးတာကိုတောင် ကျေးဇူးတင်ရမလိုလိုဖြစ်နေပါတယ်။ ကျားသနားမှ နွားချမ်းသာမဲ့ အခြေအနေ၊ လူဆိုးတွေကို ချော့ပြီးပေါင်းနေရတဲ့ အခြေနေမှာ မြန်မာ့ဒီမိုကရေစီပြောင်းလဲမှုဖြစ်စဉ်က ရပ်တန့်နေဆဲပါ။

မြေကြီးက ရွှေသီးခြင်းကို တလွဲအဓိပ္ဗယ်ဖော်သူများ

စစ်အာဏာရှင်ခေတ်ကနေ ဒီမိုကရေစီခေတ်ဆီ ပြောင်းလဲနေပြီလို့ ဘယ်လိုပဲနှုတ်ကနေပြောနေပါစေ၊ စစ်ယူနီဖောင်းနေရာမှာ တိုက်ပုံနဲ့ပုဆိုးဝတ်ထားတာကလွဲရင် အခုအုပ်ချုပ်နေသူတွေနဲ့ အရင်စစ်အစိုးရ ခေတ်က အုပ်ချုပ်ခဲ့သူတွေဟာ ဒီလူဒီလူတွေပါပဲ။ လွတ်လပ်တဲ့တရားစီရင်ရေးစနစ်နဲ့ ရှင်းလင်းတဲ့လုပ်ထုံး လုပ်နည်းတွေမရှိသေးသရွှေကတော့ အာဏာရှိသူတွေနှုတ်ကထွက်သမျှဟာ ဥပဒေကဲ့သို့ အာဏာတည် သောအမိန့် ဆက်ဖြစ်နေဦးမှာပါ။

(နေပြည်တော်က လယ်သမားတဦး- ဓာတ်ပုံ-ထက်အောင်ကျော်)

ခရိုနီခရိုပြာနဲ့ အခွင့်အရေးသမားတွေကလည်း အာဏာရှိသူတွေနဲ့ပေါင်းပြီး လုပ်စားနေကြဆဲပါ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါဝင် အချက်အချာကျတဲ့နေရာတွေက မြေကွက်တွေကိုကြည့်လိုက်ပါ။ ဘယ်သူ တွေပိုင်သလဲ။ ဘာကြောင့် ဒီလောက်ဈေးကြီးနေတာလဲ။ မြန်မာနိုင်ငံကမြေကြီးက ရွှေထက်တောင်ဈေးကြီး နေတယ်ဆိုပြီး နိုင်ငံခြားသားတွေ ဘာကြောင့် ငြီးညူနေကြတာလဲ။

အဖြေကတော့ ရှင်းရှင်းလေးပါပဲ။ မြေကြီးက ရွှေသီးတယ်ဆိုတဲ့ စကားပုံကို ခရိုနီ၊ ခရိုပြာတွေက အာဏာ ပိုင်တွေနဲ့ ပေါင်းပြီး အဓိပ္ဗယ်ပြောင်းလိုက်လို့ဖြစ်ပါတယ်။ ကိုယ့်မှာရှိတဲ့မြေကွက်ကို စနစ်တကျပြုပြင်ပြီး သစ်သီးဝလံစိုက်ပျိုးမယ်ဆိုရင် ၀င်ငွေရပြီး ချမ်းသာလာနိုင်တယ်ဆိုတဲ့ မူလအဓိပ္ဗယ်ဟာ အခု ခရိုနီခေတ် ရောက်တဲ့အခါမှာတော့ အဲဒီလိုအချိန်ကုန် လူပင်ပန်းခံပြီး တနှစ်လုံးစိုက်ပျိုးနေစရာမလိုတော့ပါ။ 

အာဏာပိုင်တွေဆီက အမိန့်စာတစောင် ရအာင်တောင်း (ငွေပေး၊ လာဘ်ထိုးပြီး) ပြီး အကွက်အကွင်းကျတဲ့ မြေတွေကိုအရင်သိမ်းလိုက်ပါ။ သိမ်းလို့မရရင် အောက်ဈေးနဲ့ရအောင် ခြိမ်းခြောက်ဝယ်လိုက်ပါ။ တနှစ်၊ နှစ်နှစ်အတွင်း မူလတန်ဖိုးထက် ဆယ်ဆမက အမြတ်ရပါလိမ့်မယ်။

ဒါကို မြေကြီးကရွှေသီးခြင်းလို့ ဒီနေ့ခရိုနီတွေက ယူဆထားပုံရပါတယ်။ ဒါဟာ မြို့ပြဒေသမှာတင်ဖြစ်နေတာ လားဆိုတော့ မဟုတ်သေး။ ကျေးလက်က လယ်ယာမြေတွေ၊ မြေလွတ်မြေရိုင်းတွေ၊ ဟိုး နယ်စပ်တကျောရှိ တောင်တန်းတွေပါမကျန် နှစ်ဖက် လက်နက်ကိုင်အဖွဲ့တွေနဲ့ ခရိုနီတွေက ပိုင်ဆိုင်ထားလိုက်ကြပြီ မဟုတ် ပါလား။

မြန်မာနိုင်ငံရဲ့လက်ရှိ ဥပဒေအရ ‘’မြေပေါ်မြေအောက် သံယံဇာတအားလုံးကို နိုင်ငံတော်မှပိုင်သည်’’ လို့ဆို ထားပါတယ်။ ဒါပေမယ့် အဲဒီနိုင်ငံတော်ဆိုတာဟာ နိုင်ငံသားတွေကိုခေါ်မှန်း လူအတော်များများက မေ့နေကြပါတယ်။ နိုင်ငံတော်လို့ ကြားလိုက်တာနဲ့ ဒါဟာ ငါတို့နိုင်မဆိုင်ဘူး။ အစိုးရ၀န်ကြီးတွေ၊ စစ်ဗိုလ်တွေနဲ့သာဆိုင်တဲ့အဆင့်ဆိုပြီး လူများစုက ယူဆလာတဲ့အထိ အစိုးရအဆက်ဆက်ရဲ့ ၀ါဒဖြန့်ချီမှုက ထိရောက်ခဲ့ပါတယ်။ ၀န်ကြီးနဲ့ စစ်ဗိုလ်တွေကို ရေမြေ့သခင် ကျေးဇူးရှင်အဖြစ် အမြင်မှားလာခဲ့တာ နှစ်တွေ ဘယ်နည်းတော့မလဲ။

အရင် မဆလ၊ န၀တ၊ စစ်အစိုးရခေတ်အဆက်ဆက်မှာ ဒီလိုဝါဒဖြန့်ခဲ့တာကို ထားလိုက်ပါတော့။ အပြစ်ပေး အရေးယူတာလည်း မလုပ်ပါနဲ့တော့။ ဒါပေမယ့် ဒီနေ့ကနေ ရှေ့ကိုချီတက်မဲ့ခရီးမှာတော့ အရင်ခေတ်က မှားယွင်းစွာ ၀ါဒဖြန်ခဲ့တာတွေကို ပြန်ရုတ်သိမ်းပေးဖို့လိုပါတယ်။ ၀န်ကြီးနဲ့ စစ်ဗိုလ်က နိုင်ငံတော်ရဲ့ ရေမြေ့ သခင်ကျေးဇူးရှင်တွေ မဟုတ်ပါ။ နိုင်ငံတော်ဆိုတာဟာ နိုင်ငံသားတွေပေါ်မှာအခြေခံထားတဲ့အတွက် တကယ့်ရေမြေသခင်ကျေးဇူးရှင်ဟာ သန်း ၅၀ ကျော်သော နိုင်ငံသားတွေသာဖြစ်ပါကြောင်း တင်ပြ လိုက်ရပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More