Sunday, October 14, 2012

မီဒီယာတွေကိုစောင့်ကြည့်ဖို့ နောက်ထပ် မီဒီယာတခု လိုနေပြီလား။

ထက်အောင်ကျော် (၁၅-၁၀-၂၀၁၂)

လွတ်တော်အမတ်နေရာအပါဝင် လက်ရှိနိုင်ငံရေးအခင်းကျင်းမှာပါနိုင်ဖို့ အစိုးရဖက်က အခွင့်ရေးတွေ ပေးလိုက်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအပေါ် သိပ်မဝေဖန်တော့ဘူး။ ကြားနေသူဖြစ် သွားပြီဆိုတဲ့ ဝေဖန်မှုတခု ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလိုဝေဖန်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူအတော်များများ ကသိကအောင့်ဖြစ်သွား ကြတယ်လို့ဆိုပါတယ်။ အမျိုးသားခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြတဲ့ ဒေါ်အောင်ဆန်းစုကြည် တောင် ဒီလိုဝေဖန်ခံရရင် ကျန်တဲ့လူတွေလဲ အဝေဖန်ခံ ဘယ်လွတ်ပါ့မလဲ။

ဒါပေမဲ့ ပုံမှန်အားဖြင့်ကတော့ နိုင်ငံရေးသမားတွေဘဲ့ ဝေဖန်ခံနေရပြီး ဝေဖန်သူတွေ ဒါမှမဟုတ် ဝေဖန် တာတွေကို တဆင့်ဖေါက်သည်ချလေ့ရှိသူတွေကတော့ မီဒီယာသမားတွေဘဲ့ဖြစ်ပါတယ်။

ဆိုတော့...လက်ရှိ နိုင်ငံရေးအခင်းအကျင်းမှာ အကြောင်းအမျိုးမျိုးကြောင့် မီဒီယာသမားတွေကိုယ်တိုင် ကြားနေဖြစ်သွားပြီဆိုရင် သူတို့ကို ဘယ်သူတွေက ဝေဖန်မလဲ။ မီဒီယာသမားအချင်းချင်းလား။ နိုင်ငံ ရေးသမားတွေက ပြန်ဝေဖန်ထောက်ပြမှာလား။ မီဒီယာအသစ်လို့ပြောနေကြတဲ့ ဆိုရှယ်မီဒီယာတွေ ပေါ်က ပုဂိုလ်တွေလား။


မီဒီယာပါဆိုမှ ကြားမနေလို့ ဘယ်လိုနေရမလဲ

ဘယ်မီဒီယာက ဘယ်လိုရပ်တည်ချက်ရှိတယ်။ ဘယ်လိုနောက်ခံသမိုင်းကြောင်းတွေနဲ့ စတင်ပေါ် ပေါက်လာတယ်။ အယ်ဒီတိုရီရယ်မူဝါဒတွေက ဘာတွေဖြစ်တယ်။ ကျင့်ဝတ်တွေက ဘာတွေရှိတယ်။ စသဖြင့် အသေးစိပ်ကို သက်ဆိုင်ရာမီဒီယာတွေရဲ့ ၀က်ဆိုက်တွေမှာရှာဖွေနိုင်ပါတယ်။

အဲဒီလိုရှာဖွေတဲ့အခါမှာ အားလုံးတူညီစွာတွေ့ရမဲ့အချက်တခုကတော့ မီဒီယာဆိုတာ ဘက်မလိုက်ဖို့ပါ ဘဲ့။ တနည်းအားဖြင့် ကြားနေရမယ်ပေါ့။

ကဲ...အယင်က (ဦးသိန်းစိန်အစိုးရသစ်နဲ့လက်တွဲဖို့ NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲမ၀င်မှီအထိ) ဘယ်လိုမျိုး ကြားနေခဲ့သလဲ။ အခုဘယ်လိုမျိုးဆက် ကြားနေ နေသလဲ။ ကြားနေတာခြင်းတူရင်တောင် အယင်ကနဲ့ အခု လုပ်ပုံကိုင်ပုံ။ ပြောပုံဆိုပုံတွေ ဘယ်လိုပြောင်းသွားသလဲ။

နိုင်ငံရေးစနစ်ပြောင်းနေပါတယ်ဆိုမှ မီဒီယာတွေလဲ မပြောင်းဘဲနေလို့ဘယ်ဖြစ်မလဲဆိုပြီး ဆင်ခြေပေး မလို့လား။ ခင်ဗျားက လက်ရှိအပြောင်းလဲကို ဆန့်ကျင်နေသူလားဆိုပြီး ကျနော့်ဖက် လက်ညှိုးပြန်ထိုး လာဦးမလား။ တကယ်ကတော့ ဒီလိုမျိုး အပြန်အလှန်ဝေဖန် ငြင်းခုန် ဒီဘိတ်လုပ်နေတာကိုက မီဒီယာ သမားတွေရဲ့ အလုပ်တခု မဟုတ်ပေဘူးလား။


အထဲအပွင့်၊ အပြင်ဆင်ဆာ၊ ဘယ်ကိုရွေ့ နေတာလဲ

၂၀၁၁-နှောင်းပိုင်းကနေ အခု ၂၀၁၂-နှောင်းပိုင်းအထိ တနှစ်တာကာလအတွင်း နိုင်ငံရေးသမားတွေရွေ့ ကြသလို မီဒီယာသမားတွေလဲ ရွေ့လိုက်ကြတာ သူတို့ရဲ့မူလနေရာကိုတောင် ပြန်မမှတ်မိတော့တဲ့အထိ ပါဘဲ့။

တကယ်ကတော့ အထဲမှာလုပ်ခွင့်မရလို့ အပြင်မှာလုပ်နေရတယ်ဆိုတာမှန်ပါတယ်။ အထဲမှာပြန် လုပ် ခွင့်ရမယ်ဆိုရင် ရတဲ့အချိန် ပြန်ဝင်ရမယ်ဆိုတာလဲ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်ခွင့်ရဖို့အတွက် အပေးအယူလုပ်သင့်ပါသလား။

၈-လေးလုံးနဲ့အတူ မွေးဖွားလာတဲ့ တော်လှန်မီဒီယာတွေ။ ဒီမိုကရေစီနဲ့လူ့အခွင့်ရေးထွန်းကားစေဖို့ ဆို ပြီး နိုင်ငံခြားအစိုးရအထောက်ပံ့နဲ့ ရပ်တည်နေတဲ့ မီဒီယာတွေ။ ကြားနေရမယ်။ သမာသမတ်ရှိရမယ် ဆိုတဲ့ ရာစုနှစ်ဝက်ကျော် သက်တော်ရှည်စံနှုံးတွေနဲ့ ရပ်တည်လာခဲ့တဲ့ ကမ္ဘာသိ မီဒီယာတွေရဲ့ ဌာနခွဲ တွေက တချို့မီဒီယာသမားတွေ ဘာကြောင့် လေသံတွေ ပြောင်းကုန်ကြတာလဲ။

ဘယ်လိုလေသံတွေပြောင်းသွားတာလဲလို့မေးရင်တော့ သတင်းတွေကိုနေ့စဉ်အသေချာ နားထောင် ကြည့်ပါ။ လွန်ခဲ့တဲ့နှစ်က လေသံနဲ့ ဒီနှစ်လေသံ ဘာတွေကွာသွားသလဲဆိုတာကို ဆန်းစစ်ကြည့်ပါလို့ ဘဲ ကျောင်းသင်ခန်းစာဆန်ဆန်ဖြေရပါလိမ့်မယ်။

"ခေတ်ကပြောင်းသွားပြီဗျ။ အယင်ကဆိုရင် အထဲကလူတယောက်ယောက်နဲ့ အင်တာဗျုးရဖို့အရေး ဖုန်းအတန်တန်၊ လူကြုံအတန်တန်နဲ့ ကျနော်တို့ အသဲအသန်လိုက်ခဲ့ရတယ်မို့လား။ အခုက အပြင် ကလူတွေနဲ့ အင်တာဗျုးရဖို့ အထဲက မီဒီယာတွေကလိုက်နေကြတဲ့ ခေတ်ဖြစ်သွားပြီ" ဆိုပြီး ပြည်ပ မီဒီယာတခုမှ အယ်ဒီတာဟောင်းတဦးကပြောပါတယ်။

ဟုတ်ပါတယ်။ သူပြောသွားတဲ့အတိုင်းပါဘဲ့။ ဒီနေ့ပြည်တွင်းထုတ်ဂျာနယ်တွေကိုဖတ်လိုက်မယ်ဆိုရင် လွန်ခဲ့တဲ့ ၃-လလောက်အထိ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်ထားခဲ့တဲ့၊ အယင်ကဖေါ်ပြခွင့်လုံးဝမရခဲ့တဲ့ သတင်းမျိုးတွေဖေါ်ပြနေတာကိုတွေ့လာနေရပါတယ်။ ဥပမာအားဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့် ရပုဂိုလ်နဲ့ အင်တာဗျုး၊ KIA ကချင်လွတ်လပ်ရေး တပ်မတော် ဒုတိယ စစ်ဦးစီးချုပ်နဲ့ အင်တာဗျုး၊ က လေးစစ်သားတွေနဲ့ အင်တာဗျုးတွေ စသဖြင့် စသဖြင့် စုံလို့ပါဘဲ့။

မနေ့တနေ့ကဆိုရင် "ကာလပေါ် ငရဲခွေးကြီးတွေလွတ်နေသေး" ဆိုတဲ့ ခေါင်းစဉ်ကြီးနဲ့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသားဟောင်း၊ သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင်ရဲ့ ဆောင်းပါးတပုဒ်ပါလာပါတယ်။ '' စစ်အာဏာရှင်တွေဟာ သမိုင်းကြွေးဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့်ရနေကြတယ်။ တရားဥပဒေကြွေးဆပ်ကြရမယ့် တာဝန်တွေကလည်း ကင်းလွတ်ခွင့်ရနေကြတယ်။" လို့ ဦးဝင်းတင် က အဲဒီဆောင်းပါးအတွင်း အတိအလင်းပြောဆိုထားပါတယ်။ ဒါတွေဟာ ပြည်တွင်းမီဒီယာတွေက မီဒီယာ သမားတွေ ဘယ်လောက်အထိ လွတ်လပ်စွာလုပ်ခွင့်ရနေပြီ။ လုပ်ရဲနေကြပြီဆိုတာကို သက်သေပြ နေ တဲ့ အချက်တွေဖြစ်ပါတယ်။

ကဲ...ပြည်တွင်းမီဒီယာတွေ ဒီလိုလုပ်ရဲကိုင်ရဲရှိလာတဲ့အချိန်မှာ တချိန်က ဒီလိုအလုပ်မျိုးတွေကို နှစ် ၂၀ -နီးပါးလုပ်လာခဲ့ကြတဲ့ ပြည်ပမီဒီယာတွေက ဘာတွေလုပ်နေကြသလဲ။ ဘယ်လိုအင်တာဗျုးတွေကို ဦး စားပေးဖေါ်ပြနေသလဲ။ ဘယ်လို ဆောင်းပါးတွေ။ ဘယ်လိုသတင်းအမျိုးစားတွေကို ဦးစားပေးထုတ် လွှင့်။ တင်ပြနေသလဲ။

သမ္မတကြီးနဲ့ အင်တာဗျုးလား။ လွတ်တော်ဥက္ကဌကြီးနဲ့ အင်တာဗျုးလား။ ၀န်ကြီးတွေ၊ ငြိမ်းချမ်းရေး အကျိုးဆောင်တွေနဲ့ အင်တာဗျုးလား။ အစိုးရဆင်ဆာဌာနနဲ့ ပူးတွဲလုပ်တဲ့ မီဒီယာအသွင်ပြောင်းရေး ဆွေးနွေးပွဲလား။ အသွင်ကူးပြောင်းရေးကာလ စီမီနာဆိုတာတွေလား။ စာအုပ်ကြော်ငြာ။ ကုပ္ပဏီ ကြော်ငြာ။ လူကြော်ငြာတွေလား။ ရှေ့ပိုင်းမှာပြောခဲ့တဲ့အတိုင်းပါဘဲ့၊ အသေချာခွဲခြမ်းစိတ်ဖျာနားထောင် ဖတ်ရှုမယ်ဆိုရင် လွန်ခဲ့တဲ့ ၆-လ တနှစ်က လေသံနဲ့ ဒီနေ့လေသံ မတူတော့ဘူးဆိုတာကို သေချာ ပေါက်တွေ့ ရမှာဖြစ်ပါတယ်။

အထဲမီဒီယာတွေ ပွင့်လင်းစပြုချိန်မှာ အပြင်မီဒီယာတွေကတော့ Self Censor ဖြစ်နေပြီဆိုတာကို "ကြည့်သောသူ မြင်၏" ဆိုသလို ရှင်းရှင်းလင်းလင်းမြင်နိုင်မယ်လို့ထင်ပါတယ်။ Self Censor ဆိုတာ အယင်ကတော့ ပြည်တွင်း-ပြည်ပရှိ ဒီမိုကရေစီအင်အားစုတွေရဲ့ အားနဲချက်တွေကို ဝေဖန်ထောက်ပြဖို့ တုန့်ဆုတ်နေတာလို့ အဓိပ္ပါယ်ရပါတယ်။ အခုတော့ အဓိပ္ပါယ်က ပြောင်းပြန်ဖြစ်သွားပါပြီ။ "စစ်တပိုင်း အရပ်သားအစိုးရရဲ့ အားနဲချက်တွေကိုဝေဖန်ထောက်ပြဖို့ တုန့်ဆုတ်နေခြင်း" လို့ အဓိပ္ပါယ်ရပါတယ်။

အဲဒီလိုဝေဖန်ဖို့အားနာတဲ့ ဥပမာ တခုချင်းကိုထောက်ပြမယ်ဆိုရင် အများကြီးရှိနိုင်ပါတယ်။ အဲဒီလို အများကြီးထဲက အများမြင်သာမယ်လို့ထင်ရတဲ့ အချက်တခုကို ကျနော်ထောက်ပြချင်ပါတယ်။ DVB က နှစ်နဲ့ချီလွှင့်ခဲ့ပြီး ပရိသတ်လဲ သိပ်ကြိုက်ကြတဲ့ "ကျနော်ဆွဲဖွင့်မိသော တံခါးများ" အစီစဉ်ကို မတွေ့ မိတာ ၆-လ၊ တနှစ်လောက်ရှိနေပါပြီ။

ဘာကြောင့် ဒီလိုပရိတ်သတ်အကြိုက် ပရိုဂရမ်တွေ ရပ်ဆိုင်သွားသလဲဆိုတာနဲ့ပါတ်သက်ပြီး သက်ဆိုင် ရာ မီဒီယာဌာနတွေမှာ သူ့အကြောင်းပြချက်နဲ့သူ ရှိပါလိမ့်မယ်။ အဲဒီရှင်းပြချက်တွေကို ကျနော်တို့ မ ကြားရသေးလို့ ဒီလိုသံသယ၀င်နေတာလဲဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ အစိုးရကိုဝေဖန်ထောက်ပြတဲ့ (နိုင် ငံတကာမီဒီယာတွေမှာလို အစိုးရကို ကလိတဲ့) ဒီပရိုဂရမ်တွေမှ ရွေးပြီးရပ်သွားတာကတော့ တိုက်ဆိုင် မှုသက်သက် မဟုတ်ဘူးလို့ ထင်ပါတယ်။


So What, အဲဒီတော့ ဘာဖြစ်လဲ။ 

"အဲဒီတော့ဘာဖြစ်လဲ''။ မေးခွန်းက အခုမှ စတင်ပေါ်ပေါက်ကာစဆိုတော့ အဖြေချက်ချင်းပေးဖို့ စောဦး မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ ဒါတွေကို သတိမထားဘဲ ဒီအတိုင်းသာဆက်သွားနေမယ်ဆိုရင်တော့ ပြည်ပမီဒီယာတွေရဲ့ အလားလာ သိပ်မကောင်းဘူးလို့တော့ ရေဘူယျပြောနိုင်မယ်ထင်ပါတယ်။

ပြည်တွင်းမီဒီယာတွေက ပြည်ပနဲ့ နယ်စပ်က သတင်းဆို့စ်တွေကိုရအောင်ကျိုးစားနေချိန်။ ပြည်ပနဲ့ နယ်စပ်မှာ ရုံးခန်းတွေ။ သတင်းထောက်တွေထားဖို့ကျိုးစားနေချိန်မှာ ပြည်ပမီဒီယာတွေကတော့ ပြည် တွင်းထဲဝင်ပြီး ရုံးခန်းဖွင့်ခွင့်ရဖို့အရေးအာဏာပိုင်တွေနဲ့ညှိနှိုင်းကျိုးစားနေကြပါတယ်။

ပြည်တွင်းမီဒီယာတွေက အတိုက်ခံခေါင်းဆောင်တွေ။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ခေါင်းဆောင် တွေနဲ့ အင်တာဗျုးရဖို့ကျိုးစားနေချိန်မှာ ပြည်ပမီဒီယာတွေကတော့ အစိုးရထိပ်တန်းခေါင်းဆောင်တွေ နဲ့ အင်တာဗျုးရဖို့ကျိုးစားနေတာကို မြင်နေရပါတယ်။ အယင်က ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦး တို့၊ ခွန်ထွန်းဦးတို့၊ ဦးအေးသာအောင်တို့၊ သခင်သိန်းဖေတို့နဲ့ အင်တာဗျုးရဖို့ အသဲအသန်ကျိုးစားခဲ့တဲ့ ပြည်ပမီဒီယာတွေဟာ အခုတော့ အဲဒီလိုမဟုတ်တော့ပါဘူး။

ဒီလိုအပြောင်းလဲတွေနဲ့ပါတ်သက်ပြီး ပြည်ပမီဒီယာတွေ "ဘယ်လဲ။ ဘာလဲ'' ဆိုတဲ့ဝေဖန်သံတွေ ဟို နား၊ ဒီနားက တိုးတိုးပြီး ကြားလာနေရပါတယ်။ ဘယ်နားကလာတဲ့ အသံတွေလဲ။ မိုးပေါ်ကလား။ မြေ ကြီးထဲကလား။ နံရံတွေပေါ်ကလားလို့ မမေးပါနဲ့။

ခေတ်ပြောင်းသွားပါပြီ။ Facebook ပေါ်ကလား။ ဘလော့တွေပေါ်ကလား။ ပြည်တွင်းဂျာနယ် အင်တာ နက်လိုင်းတွေပေါ်ကလားလို့ မေးခွန်းတွေကိုပါ ပြောင်းမေးရပါလိမ့်မယ်။

ဘယ်ကဘဲ့လာလာ။ ဒီမေးခွန်းတွေကိုခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ဒီနေ့နိုင်ငံရေးအပြောင်းအလဲမှာ မီဒီယာသမားတွေရွေ့နေသလို မီဒီယာနည်းပညာတွေကလဲ ရွေ့နေပါပြီ။ တနည်းအားဖြင့်ပြောမယ်ဆို ရင် လွန်ခဲ့တဲ့ တနှစ် ၆-လကလို အစိုးရမီဒီယာနဲ့ ပြည်ပမီဒီယာ ၂-ခုတည်း စီးချင်းထိုးနေတဲ့ခေတ် မ ဟုတ်တော့ပါဘူး။

မီဒီယာအသစ်တွေပေါ်နေပါပြီ။ ပြည်တွင်းမီဒီယာတွေမှာ ပြောလို့ရနေပါပြီ။ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရင်ဖွင့်လို့ရနေပါပြီ။ ပြည်သူတွေမှာ မီဒီယာရွေးချယ်ခွင့်ရှိနေပြီ။

"ငါ ရေးတာဖတ်။ ငါ ပြောတာနားထောင်။ ငါ ပြတာကြည့်" စနစ်နဲ့ မီဒီယာကို ဆက်မောင်းနှင်နေလို့ မရ နိုင်တော့ပါ။

မီဒီယာဆိုတာ စတုထ္ထမဏ္ဍိုင်ဆိုတဲ့အတိုင်း တခြားမဏ္ဍိုင် ၃-ခုဖြစ်တဲ့ အုပ်ချုပ်ရေး (သမ္မတကနေ ရပ် ကွက်ကောင်စီအထိ)။ ဥပဒေပြုရေး (လွတ်တော်ဥက္ကဌကနေ ရပ်ကွက်ထဲက မဲဆန္ဒရှင်အထိ)။ တရားစီ ရင်ရေး (ဗဟိုတရားရုံးကနေ ရပ်ကွက်တရားရုံးအထိ) ကို စနစ်တကျ ဝေဖန်ထောက်ပြ ထိမ်းကျောင်းဖို့ လိုအပ်နေပါတယ်။

စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီအသွင်ကူးပြောင်းရေးကာလမှာ မီဒီယာတွေရဲ့ ဖေ၀န်မှုနှုံး ထားကို ပြည်ပမီဒီယာတွေလို လျှော့ချသင့်တယ်ထင်ပါသလား။ ဒါမှမဟုတ် ပြည်တွင်းမီဒီယာတွေလို ဝေဖန်မှုကို ရဲရဲတင်းတင်း တိုးလုပ်သင့်တယ်ထင်ပါသလား။

ပရိတ်သတ်ရဲ့အသံကိုနားထောင်ရင်း အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းရေး ကာ လနဲ့ကိုက်ညီမဲ့ စတုထ္ထမဏ္ဍိုင်တခုကို ကျနော်တို့ ကျိုးစားပြီး တည်ဆောက်ကြပါစို့။

ထက်အောင်ကျော်

e-mail:winhtein201@gmail.com
twitter: @hak201
http://facebook.com/htetaungkyaw201
blog: http://www.htetaungkyaw201.blogspot.com

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More