တနင်္သာရီမြစ်နဘေးက AB ရဲ့ မင်းသမီးစခန်းမှာ တစ်ညတာ
By NAA.
………
၂၀၁၉ခုနှစ် ဧပြီလ ပထမပတ်ထဲမှာ တနင်္သာရီမြစ်ဘေးက မင်းသမီးစခန်းမှာ ၂ရက်နေ၊ တစ်ညအိပ်ခဲ့ဖူးပါတယ်။
ရည်ရွယ်ချက်က အဲ့ဒီစခန်းမှာ ၁၉၈၈ တော်လှန်ရေးကာလက တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြတဲ့ ABSDF က ရဲဘော်တွေအတွက် အထိမ်းအမှတ်ဗိမာန်တစ်ခုခုများ ဆောက်လုပ်နိုင်မလား လေ့လာတဲ့ခရီးပါ။
အဲ့ဒီတုန်းက နယ်မြေလည်း အေးချမ်းနေတော့ သွားရလာရတာ၊ အဆင်ပြေပါတယ်။ စစ်တပ် စစ်ဆေးရေးဂိတ်ဆိုတာ မရှိသလောက်ပဲထင်တယ်။ KNU တပ်မဟာ၄ ဂိတ်တစ်ခုမှာပဲ မှတ်ပုံတင်ပြ လူစာရင်းပေးခဲ့ရတယ်။
ခရီးစဉ်ကို လိုက်ပို့ပေး၊ လိုအပ်တာတွေ လိုလေသေးမရှိ ကူညီပေးခဲ့တာက ခု ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ ABSDF ဒုရင်းမှူး ဆရာဦးအောင်မြင့်ပါ။ ဆရာဟာ ရှစ်လေးလုံးအစကတည်းက ထားဝယ်သပိတ်မှာ ဦးဆောင်ခဲ့သူပါ။ သူက ကျွန်တော်တို့ အထက(၁)က ဆရာဆိုပေမယ့်၊ ဆရာကျောင်းကို ရောက်လာတဲ့အချိန်မှာ ကျွန်တော်မရှိတော့ပါဘူး။
ပြည်သူ့အနာ သူ့အနာဆိုတဲ့ စိတ်မျိုးရှိသူပါ။ ဆရာသာ သက်ရှိထင်ရှားရှိနေသေးရင် ခုကာလကြီးမှာ ဘယ်အခန်းကဏ္ဍကများ ပါဝင်ကပြနေမှာပါလိမ့်လို့ တွေးမိပါတယ်။ ဆရာငြိမ်းချမ်းစွာနားပါတော့၊ ကျွန်တော်တို့လို အမှောင်ကြီးထဲ ဆက်လျှောက်မနေရတော့တာ ကိုက ဆရာ့အတွက် ကံကောင်းခြင်းပေပဲလို့ မှတ်ယူပါတော့မယ်။
ဒီစခန်းဟာ အခု နော်ဝေးမှာရှိတဲ့ Burma News Network က ကျွန်တော်တို့ရဲ့ သတင်းသမားကြီး Htet Aung Kyaw ဆရာထက်အောင်ကျော် ABSDF ရဲဘော်ဘဝတုန်းက စခန်း။ ၈၈ မှာ လက်နက်ကိုင်တော်လှန်ရေးထဲဝင်လာတဲ့၊ ထားဝယ်သားတွေ၊ လောင်းလုံး၊ မြိတ်တို့က ရဲဘော်တွေ အခြေစိုက်ခဲ့ရာစခန်းပေါ့။ KNU တပ်မဟာ ၄ နယ်မြေထဲမှာပါ။
တနင်္သာရီမြစ်ထဲ လှေတစ်စီးနဲ့ စုန်ဆန်လေ့လာလိုက်၊ ဓာတ်ပုံရိုက်လိုက်၊ KNU တပ်မဟာ၄က အရာရှိတစ်ယောက် စီစဉ်ပေးတဲ့ သူတို့စခန်းနားက မြစ်ထဲရေချိုးဆိပ်မှာ ရေချိုးလိုက်၊ ကိုယ့်ရဲဘော်တွေချက်ကျွေးတဲ့ မနက်စာ/ညစာတွေစားလိုက်၊ မမျှော်လင့်ပဲ အမျိုးရင်းတွေနဲ့ ပြန်တွေ့လိုက်ဖြစ်ခဲ့တဲ့ ဒီခရီးစဉ်ဟာ ကျွန်တော့်အတွက်တော့ ရင်ခုန်အံ့ဩစရာ မမေ့နိုင်တဲ့ခရီးပါပဲ။
စခန်းရဲ့ ကုက္ကိုလ်ပင်ကြီးအောက်မှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေအတွက် အရက်မြေလောင်း ဆုတောင်း အမျှဝေပေးခဲ့ပါတယ်။ အရက်မြေလောင်း ဆုတောင်းတဲ့အကျင့်က တောင်ပေါ်ဒေသတွေမှာ နေသားကျရာက ရလာတဲ့အကျင့်ပါ။ တောင်ပေါ်မှာ ကွယ်လွန်သွားခဲ့တဲ့ မိဘ ဘိုးဘွားတွေ၊ ကျဆုံးခဲ့တဲ့ ကိုယ့်ရဲဘော်ရဲဘက်တွေအတွက် ဆုတောင်းရင် အဲ့လိုပဲ တောင်းကြပါတယ်။ ၈၈ ရဲဘော်တွေ မင်းသမီးစခန်းကို အခြေစိုက် တပ်စွဲထားချိန်မှာ၊ ကျွန်တော်က အစောကြီးကတည်းက တော်လှန်ရေးခရီးထဲရောက်နှင့်နေခဲ့ပြီး၊ ကချင်တောင်တန်းပေါ်မှာ တာဝန်ကျနေခဲ့ပါပြီ။ ဒါ့ကြောင့် ကိုယ့်ဒေသ အမိမြေမှာ၊ တောင်ပေါ်တိုင်းရင်းသားတွေ ဓလေ့နဲ့ ဆုတောင်းပေးခဲ့ပါတယ်။
ခုတော့ ထားဝယ်-ထီးခီးသွားတဲ့လမ်းမှာ သေနတ်သံ မိုင်းသံ သောသောညံလို့။ လမ်းဟာလည်း ဖွင့်လိုက်ပိတ်လိုက်၊ မလုံခြုံစွာခရီးသွားရလိုက်ဖြစ်နေတယ်ဆိုတာ သတင်းတွေထဲက သိရပါတယ်။ တစ်တိုင်းတစ်ပြည်လုံး သေနတ်သံ ညံနေမှတော့ တော်လှန်ရေးနဲ့ ပတ်သက်ရင် ဘယ်တုန်းကမှ နောက်မကျတဲ့ ဇ မသေးတဲ့ ကျွန်တော့်ရပ်ရွာမှာ သေနတ်သံညံနေတာလောက်ဟာ အဆန်းတော့ မဟုတ်ပါ။
အဲ့ဒီလမ်းပိုင်းနဲ့ ထားဝယ်မြို့နယ်က အခြေအနေတွေအကြောင်းရေးဖို့ အချက်အလက်စုတော့ တော်တော်များများ သိရပါတယ်။ အားလုံးတော့ ပြန်ရေးပြလို့ မရနိုင်ဘူးပေါ့။ အခြေအနေတွေကတော့ ရင်နာစရာ၊ စိတ်မောစရာပါပဲ။
ဒေသတွင်းမှာ၊ KNUတပ်မဟာ၄ နဲ့ KTLA (ကော်သူလေးတပ်မတော်) တို့ရဲ့ အဟ အပြဲကိုလည်း သတင်းတွေကနေပဲ သိနေရပါတယ်။
ဒီတပ်ဖွဲ့နှစ်ခုကြားမှာ ၂ဘက်စလုံးမှာ ရှိနေကြတဲ့ PDF တွေလည်း အတော်နေရခက်၊ ကြားညှပ်နေကြမှာပဲလို့ စာနာမိပါတယ်။ ဘေးကင်းစွာ ဖြေရှင်းနိုင်ကြပါစေလို့လည်း ဆုတောင်းပေးပါတယ်။
၂၀၂၁ အစောပိုင်းမှာကတည်းက ပြောခဲ့တဲ့၊ ကျွန်တော်တို့ဒေသမှာ တပ်မဟာ၄ အစား တပ်မဟာ ၅ စိတ်ဓာတ်သာရှိခဲ့ရင် ပွဲပြတ်တာ ကြာပြီဆိုတဲ့ ဒေသခံတော်လှန်ရေးသမားတစ်ယောက်ရဲ့ စကားသံကိုလည်း ပြန်ကြားယောင်နေမိပါတယ်။
ဘာဖြစ်ဖြစ် ပြန်လှည့်မရတဲ့ခရီးရှည်ကြီးကတော့ ဆက်သွားနေကြရမှာပဲ။ ပြဿနာတွေဆိုတာ နောင်လည်း ပေါ်နေဦးမှာပါပဲ။ ဒီလိုပဲ ဖြေရှင်းရင်း၊ ကျော်နင်းရင်း သွားနေကြရဦးမှာပါပဲ။










