Saturday, July 9, 2016

ပုဂံနဲ့ ပုပ္ဗားဖက်သို့ ခရီးသွားခြင်း

The Voice Daily, 3-07-2016.


ရန်ကုန်မှ ပုဂံသို့

ဒီတခေါက် ပြည်တော်ပြန်ခရီးစဉ်အတွင်း ဦးစားပေးသွားဖို့ရွေးချယ်လိုက်တဲ့နေရာကတော့ လူသူအရောက်အပေါက်နည်းသေးတဲ့ ကယား (ကရင်နီ) ပြည်နယ်ဖြစ်ပါတယ်။ ကယားပြည်နယ်ဆီသွားရင်းနဲ့ လမ်းကြုံဝင်မဲ့နေရာက ပုဂံနဲ့ ပုပ္ဗား။ အရင်တခေါက်က ပုဂံကိုတရက်စာရောက်ဖူးပြီးဖြစ်ပေမဲ့ ပုပ္ဗားကိုမ၀င်ဖြစ်ခဲ့ပါ။ ဘာကြောင့်မှန်းမသိ။ အညာဒေသရဲ့ အိုအေစစ်လို့ခေါ်တဲ့ ပုပ္ဗားဒေသဆီ ကျနော်သွားချင်စိတ်များနေပါတယ်။


ပုဂံသွားမဲ့ကားတွေစုံစမ်းလိုက်တော့ VIP ခုံတန်းတွေက ၁၈၀၀၀ (တသောင်းရှစ်ထောင်) ကျတယ်လို့ပြောပါ တယ်။ ပုဂံကအဝေးကြီးဆိုတော့ ဒီလောက်တော့ပေးရမှာပေါ့လေ။ ဒါပေမဲ့ မြို့ထဲကနေ အဝေးပြေးကားဂိတ် အောင်မင်္ဂလာဆီသွားတဲ့ တက္ကစီခက ၉၀၀၀ တောင်းတဲ့အခါမှာတော့ နဲနဲစိတ်ပျက်သွားမိပါတယ်။ အရင်အခေါက် တွေတုန်းက ၆၀၀၀ ၀န်းကျင်သာ ပေးရတာကို ကျနော်မှတ်မိနေဆဲပါ။

အစိုးရသစ်လက်ထက်ကျမှ ဈေးတက်သွားတာတော့ မဟုတ်လောက်ပါဘူး။ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းအရ နဲနဲ စီဈေးတက်လာတာဖြစ်မယ်ထင်ပါတယ်။ အရင်နှစ်က လေယဉ်ကွင်းကနေ မြို့ထဲတက္ကစီခ ၇၀၀၀။ အခု ၉၀၀၀ မရ ရင် မလိုက်နိုင်ဘူးလို့ တက္ကစီသမားတွေကပြောနေပါတယ်။ အသိသာဆုံးကတော့ သောက်ရေသန့်တပုလင်းကို အရင် နှစ်က ၃၀၀ ရှိရာကနေ အခု ၄၀၀ ဖြစ်သွားပါပြီ။ နှစ်နှစ်အတွင်း ပုံတပုံ ဈေးတက်လာတဲ့သဘောပါပဲ။

ဈေးတွေတက်လာပေမဲ့ ကားလိုင်းတွေရဲ့ဝန်ဆောင်မှုက တက်မလာတဲ့အပြင် ပြန်တောင်ကျသွားပါတယ်။ ပုဂံဖက် ထွက်ခွာယဉ်တွေ ရပ်တဲ့နေရာဟာ အရင်နှစ်တွေကအတိုင်း ဗွက်အိုင်နဲ့ သဲအိုင်တွေကြားထဲမှာရှိနေဆဲ။ Waiting Room က ထိုင်ခုံတွေ နဲနဲပိုကောင်းလေပေမဲ့ အိမ်သာနဲ့ သန့်စင်ခန်းက အခြေအနေပိုဆိုးလာပါတယ်။ ဒါပေမဲ့ ပုဂံသွားမဲ့ နိုင်ငံခြားခရီးသည်ကတော့ အရင်နှစ်တွေကထက် ပိုများလာနေတာတွေ့ရပါတယ်။

အခု ကျနော်လိုက်ပါမဲ့ ယဉ်လိုင်းတခုတည်းမှာတင် နာရီမှာ ကားနှစ်စီးတပြိုင်တည်းထွက်ပြီး မြန်မာ ၁၀ ဦး လောက်မှအပ ကျန် ၆၀ ခန့်စလုံး နိုင်ငံခြားသားတွေချည်း။ ယဉ်လိုင်းအလိုက် ထွက်ခွာ ပလက်ဖောင်းတွေ မရှိသေး တဲ့အတွက် တစီးက Waiting Room ရှေ့ရှိ ဗွက်အိုင်ဘေးမှာရပ်ထားပြီး နောက်တစီးက ခပ်လှမ်းလှမ်းရှိ လမ်းမကြီး ပေါ်မှာ ရပ်ထားပါတယ်။ နီးတဲ့ယဉ်အတွက် ပြသာနာမရှိပေမဲ့ ခပ်ဝေးဝေးခရီးကို မိုးရေထဲလမ်း လျောက်ပြီး ခရီး ဆောင်အိတ် သယ်သွားရသူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်ရပါတယ်။

ကားပေါ်ရောက်တဲ့အခါမှာလည်း စပယ်ယာရဲ့ အင်္ဂလိပ်စကားနဲ့ကြိုဆိုသံက အရင်အခေါက်ကလို ကောင်းကောင်း မွန်မွန် မဟုတ်တော့ပါ။ လွန်ခဲ့တဲ့ နှစ် နေပြည်တော်အသွားနဲ့ ပုဂံကအပြန်ခရီးစဉ်အတွင်း ဒီကားလိုင်းရဲ့ဝန်ဆောင် မှုအတော်ကောင်းမွန်ကြောင်း ကျနော်ရေးခဲ့ဖူးပါတယ်။ အခု နှစ်ကြာပြီးတဲ့အခါ ဘာကြောင့်ဝန်ဆောင်မှု အဆင့် အတန်း ကျသွားမှန်းမသိ။ တခြားခရီးသွား မိတ်ဆွေတွေကိုမေးကြည့်တော့ ‘’အသစ်တုန်းကပဲကောင်းပြီး ဟောင်း သွားရင်မကောင်းတော့တာ မြန်မာတွေရဲ့ သဘာဝပဲလေ’’ လို့ဆိုကြပါတယ်။

ဟုတ်လောက်ပါတယ်။ အောင်မင်္ဂလာကနေထွက်ပြီး နေပြည်တော်အဝေးပြေးလမ်းပေါ်ရောက်တဲ့အခါမှာလည်း ကားလမ်းက အရင်လောက်မကောင်းတော့ပါ။ ချိုင့်ခွက်တွေ၊ လှိုင်းထတာတွေနည်းနည်းရှိနေပြီ။ တချို့နေရာတွေ မှာတော့ လမ်းလယ်ကြောင်းကိုပိတ်ပြီး လမ်းပြင်နေပါတယ်။ ပိတ်ထားတဲ့နံရံကမြင့်လွန်းတော့ အထဲကိုမမြင်ရပါ။ ကားစပယ်ယာကိုမေးကြည့်တော့ ဒီလမ်းကိုချဲ့ဖို့ စတင်ပြင်ဆင်နေတာလို့ပြောပါတယ်။

သူ့ရဲ့အပြောအတိုင်းဆိုရင် အသွားနှစ်လမ်း၊ အပြန်နှစ်လမ်းကြားက အလယ်ခေါင်းစည်းဟာ ကျယ်လွန်းနေပြီး လမ်း ဘေးအရေးပေါ်ရပ်မဲ့နေရာက ကျဉ်းလွန်းနေတယ်။ ဒါကြောင့် လမ်းလယ် အူကြောင်းကို နဲနဲပြန်လျော့ပြီး လမ်းဘေး ကအရေးပေါ်ရပ်နိုင်တဲ့ အရံလမ်းကို ကားတစီးစာအထိချဲ့မယ်လို့ဆိုပါတယ်။ 

နောက်ထပ်သတိထားမိတာတခုက ကားတွေဟာ ယာဖက်ခြမ်းမှာကပ်မမောင်းပဲ ပြေးလမ်းနှစ်ခုရဲ့အလယ်ရှိ မျဉ်းဖြူ ကိုခွပြီးမောင်းနေခြင်းပါ။ ‘’လမ်းကကျဉ်းလွန်းတော့ ကားလေးတွေပဲ လွတ်တယ်ဗျ။ ကားကြီးတွေက ဒီလိုခွမောင်းမှ ရတယ်။ နို့မိုရင် ဟိုမှာမြင်လား။ ရောင်ပြန်သံတုန်းတွေနဲ့တိုက်မိပြိး ဒုက္ခရောက်လိမ့်မယ်’’ သူကဆိုပါတယ်။ တချို့ ကားတွေဆို ၀ဲဖက်ကနေ မကျော်ပဲ ယာဖက်ကနေ ကျော်တက် သွားတာမျိုးလဲမြင်ခဲ့ရပါ တယ်။ ဒါကြောင့်လဲ မြန်မာ့ နည်းမြန်မာ့ဟန် ‘’သေမင်းတမံလမ်းသစ်’’ ဆိုပြီး နာမည်ကြီးနေတာဖြစ်မယ်လို့ ထင်မိပါတယ်။


ပုဂံမြို့မှာ တရက်တာ

ပြောရင်းဆိုရင်းနဲ့ ၁၁၅ မိုင် စားသောက်ဆိုင်တွေဆီရောက်လာပါပြီ။ ‘’အသစ်တုန်းကပဲကောင်းပြီး ဟောင်းသွားရင် မကောင်းတော့တာ မြန်မာ့သဘာဝပဲလေ’’ ဆိုတဲ့အတိုင်း (Maintaining) စနစ်တကျ ပြုပြမ်းသိမ်းရေးအပိုင်းမှာ မြန်မာတွေ အားနဲနေဆဲပါ။ ၂၀၁၃ ခရီးစဉ်တုန်းက ၁၁၅ မိုင်က သန့်စင်ခန်းတွေသိပ်ကောင်းတယ်ဆိုပြီး ကျနော်ရေး ခဲ့ဖူးပါတယ်။ အခု အဲဒီလိုမဟုတ်တော့ပါ။ 


၁၁၅ မိုင်မှာ ညစာစားဖို့ မီနစ် ၃၀ ရပ်ပြီးတဲ့နောက် နောက်ထပ် နာရီကျော်အကြာ မိတ္တိလာလမ်းခွဲမှာ တခါ ၁၅ မီနစ် ထပ်ရပ်ပါတယ်။ အဲဒီလမ်းခွဲအလွန်မှာ သေမင်းတမံ အဝေးပြေးလမ်းပေါ်ကနေဆင်းပြီး ပုဂံလမ်းကြမ်းကို စတင်ပါတယ်။ လမ်းကြမ်းဆိုတာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနဲ့စာရင်ပြောတာပါ။ နောက်ထပ်တွေ့မိတဲ့ လမ်းတွေက ဒီထက်ပိုကြမ်းတာကြောင့် မိတ္တိလာ-ပုဂံလမ်းကို လမ်းကြမ်းလို့ပြောဖို့ခက်ပါတယ်။ ဒါပေမဲ့ ကမ္ဘာလှည့် ခရီးသည်တွေ ထောင်နဲ့ချီပြီး နေ့စဉ်သွားနေတဲ့လမ်း၊ ဗီဇာကြေး၊ ဇုန်ဝင်ကြေးအပါဝင် တခြားဝင်ငွေတွေအများကြီးရ နေတဲ့အတွက် ဒီလမ်းကို ဒီထက်ပိုကောင်းလာအောင် ပြုပြင်သင့်တယ်လို့ ထင်ပါတယ်။

ခရီးအကွာအဝေးအရဆိုရင် မိတ္တိလာ-ပုဂံလမ်းဟာ ရန်ကုန်-မိတ္တိလာလမ်းရဲ့ ပုံတပုံလောက်ပဲရှိမယ်ထင်ပါတယ်။ ဒါပေမဲ့ လမ်းမကောင်းတော့ မောင်းရတဲ့အချိန်က နာရီကျော်တောင်ကြာပါတယ်။ ကျောက်ပတောင်းကိုဖြတ်ပြီး ပုဂံကိုဝင်တော့ မနက် နာရီကျော်နေပြီ။ ပုဂံကိုဝင်တယ်ဆိုပေမဲ့ တကယ်တော့ ပုဂံနဲ့ ၁၀ ကီလိုကျော်အဝေးမှာရှိ တဲ့ မြို့ပြင်က ကားကြီးဝင်း (အသစ်) မှာ ရပ်လိုပ်တာပါ။ အရင် နှစ် ပုဂံကိုရောက်စဉ်က ဒီကားဂိတ်သစ်ကြီးမရှိ သေးပါဘူး။ 

ပုဂံကားဂိတ်သစ်ကအတော်ကောင်းပါတယ်။ ထိုင်းက နယ်မြို့အဆင့် ကားဂိတ်တွေကိုမီပါတယ်။ ကားဂိတ်ပတ် လည်မှာလည်း ဆိုင်ခန်းတွေ၊ တိုက်တာအသစ်တွေနဲ့၊ ဟိုဖက်ခပ်လှမ်းလှမ်းမှာဆိုရင် ဟိုတယ်နဲ့ တည်းခိုခန်းအသစ် တွေ တောာင်ထပ်ဆောက်နေတာတွေ့ရပါတယ်။ ဒါပေမဲ့ ထိုင်းမှာလို ကားရပ်ဖို့ ပလက်ဖောင်းနဲ့ ဂိတ်နံပတ်တွေကို တော့ မတွေ့ရသေးပါ။ ပိုဆိုးတာက ကမ္ဘာလှည့်ခရီးသည်အလာများဆုံးနေရာဆိုပေမဲ့ တခြား မြန်မာနိုင်ငံအနှံက ကားဂိတ်တွေလိုပဲ ဘတ်စ်ကားပေါ်က ဆင်းလာတဲ့ခရီးသည်တွေကို တက္ကစီသမားတွေ၊ ဆိုင်ကယ်သမားတွေက အလုအယက် ဆွဲခေါ်နေကြဆဲပါ။

ခေတ်သစ်ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရဲ့ဆောင်ပုဒ်တွေအရ အစိုးရ၀န်ကြီးဌာနနဲ့ ကုပဏီကြီးတွေအပြင် ဒေသခံ တွေ စားဝတ်နေရေးကိုလည်းအထောက်အကူဖြစ်စေရမယ်လို့ဆိုထားပါတယ်။ ဒါပေမဲ့ ဒေသခံတက္ကစီသမားတွေကို စနစ်တကျဧည့်ကြိုနည်းတော့ သင်တန်းပေးထားဖို့လိုမယ်ထင်ပါတယ်။ ထူးခြားတာက မြန်မာဆိုရင် ဒီအဝေးပြေး ကားလိုင်းရဲ့ ဖယ်ရီတွေက ကားဂိတ်နဲ့ မြို့ထဲဟိုတယ်ကြား အခမဲ့ပို့ပေးပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသားကျတော့ အဲဒီ လို ပို့ပေးခွင့်မရှိဘူး။ ကိုယ့်ဘာသာ တက္ကစီငှားပြီးသွားရမယ်လို့ဆိုပါတယ်။

ဒီအတွက် တက္ကစီခကို ၁၅၀၀ ထက်ပိုယူခွင့်မရှိဘူး၊ ၂၀၀၀ ထက်ပိုမယူရဘူးဆိုပြီး ကားဂိတ်ဝင်းတနေရာကနေ လော်စပီကာနဲ့ အော်ပြောနေပါတယ်။ ကိုယ်က မြန်မာလိုပြောတယ်ဆိုတော့ မြန်မာစာရင်းထဲဝင်သွားပြီး အခမဲ့ ဖယ်ရီကားနဲ့ ဟိုတယ်အထိရောက်သွားပါတယ်။ နောက်ပိုင်းဆိုရင်တော့ နိုင်ငံခြားသားတွေဟာ ကားဂိတ်အနီးဖွင့်မဲ့ ဟိုတယ်သစ်တွေမှာ ၀င်တည်းကြမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆို ၁၀ ကီလိုကျော်ဆိုတဲ့အကွာအဝေးက မရောက်ဖူးသေးသူတဦးအတွက် မလွယ်ပါဘူး။

ပြိးတော့ မနက် နာရီဆိုတာ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်သေးတာမဟုတ်။ ဘာပဲဖြစ်ဖြစ်ကျနော်က တော့ ပုံဂံမြို့ဟောင်း၊ ယဉ်ကျေးမှုပြတိုက်ဘေးနားရှိ ဧရာတီမြစ်ဘေးက တည်းမဲ့ဟိုတယ်ဆီ ချောမောစွာ ရောက် လာခဲ့ပါတယ်။ အရင်တခေါက်ကတော့ ဟိုတယ်ကို Booking မလုပ်တဲ့အတွက် ညောင်ဦးက ဟိုတယ်အငယ်တွေနဲ့ တည်းခိုခန်းတွေစုပေါင်းရှိနေတဲ့ လမ်းသွယ်တခုမှာတည်းလိုက်ရပါတယ်။ အခုတော့ မိုးရာသီမှာ ဒီလို ကြယ် ပွင့် လောက်အဆင့်ရှိတဲ့ ဟိုတယ်တွေက ဈေးတ၀က်ချထားတယ်ဆိုပြီး ရန်ကုန်က မိတ်ဆွေတွေကပြောလို့ တယ်လီ ဖုန်းနဲ့လှမ်း Booking လုပ်ထားခဲ့ပါတယ်။ 

မနက် နာရီလောက်မှာ ဒီဟိုတယ် ဆိပ်ငြိပ်ပုံများ ဂျိုးကူသံတောင် ကြားနေရပါတယ်။ နှစ်ပေါင်း ၁၀၀ ကျော်သက် တန်းရှိတဲ့ ထနောင်းပင်ကြီးတွေအောက်က ဘန်ကလိုလေးတွေဆီရောက်သွားတော့ အညာရဲ့အပူဒဏ်ကိုတောင် မေ့သွားခဲ့ပါတယ်။ အခန်းထဲမှာ အထုတ်အပိုးတွေထားပြီး ပတ်ဝန်းကျင်ကိုလိုက်ကြည့်တော့ ဒီဟိုတယ်က ဧရာ ၀တီမြစ်ဘေးမှာ နဖူးတင်ပြီးဆောက်ထားတဲ့ဟိုတယ်။ မြေအောက်ထပ်လိုမျိုးပုံစံနဲ့ဆောက်ထားတဲ့ အထူးခန်းတွေ ကို ဧရာဝတီမြစ် ကမ်းနဖူးမှာတွေ့ရပါတယ်။

ဧည်ကြိုဌာနဘေးနားရှိ ထမင်းစားဆောင်မှာရေးထားတဲ့ ဆိုင်းဘုတ်ကိုဖတ်ကြည့်တော့ ၁၉၂၂ ခုနှစ်မှာ ဝေလမင်း သားက ဆောက်လုပ်သည်လို့ရေးထားပါတယ်။ အဓိပါယ်က နှစ် ၁၀၀ ပြည့်ဖို့ နှစ်ပဲလိုတော့တဲ့သဘောပါ။ ဒါပေမဲ့ ပြုပြင်ထိမ်းသိမ်းမှုအားကောင်းတဲ့အခါကျတော့ နှစ်ကြာလေ ပိုတန်ဖိုးရှိလေ။ တနည်းအားဖြင့် ရှေ့မှာပြောခဲ့တဲ့  ‘’ သစ်တုန်းကပဲကောင်းပြီး ဟောင်းသွားရင် မကောင်းတော့တာ မြန်မာ့သဘာဝပဲလေ’’ ဆိုတာနဲ့ အနောက်တိုင်းသား တွေရဲ့ စဉ်းစားပုံ ပြောင်းပြန်ဖြစ်နေတဲ့သဘောပါ။

နေထွက်ချိန်အမီ ပုဂံဘုရားတွေဆီရောက်လည်နိုင်ဖို့ စက်ဘီးငှားတော့ ‘’သဲလမ်းတွေပေါ် စက်ဘီးနဲ့အလုပ်မဖြစ်ဘူး၊ E-bike တွေပဲယူပါ’’ ဆိုပြီး ဟိုတယ်ဝန်ထမ်းတဦးက အကြံပေးပါတယ်။ ဒါပေမဲ့ စက်ဘီးက တနေကုန်ငှားမှ ၁၅၀၀၊ E-bike က နာရီအတွက် တသောင်းတဲ့။ နှစ်ယောက်စီးမယ်ဆိုရင် တသောင်းခွဲနဲ့ရတယ်လို့ဆိုပါတယ်။ ဆိုင်ကယ် မစီးတာကြာပြီဆိုတော့ E-bike စီးရမှာကို ခန့်လပ်လပ်။

အစမ်းသဘော စီးပြီထွက်လာတဲ့ကျနော့် E-bike က ဟိုတယ်ရှေ့နားရှိ မြင်းလှည်းဂိတ်မှာ လီဗာလှည့်တာမှားပြီး ခဏရပ်သွားပါတယ်။ အဲဒီအချိန် မြင်းလှည်းသမားတဦးက သူ့မြင်းလှည်းကိုငှားပါလား။ မြင်းလှည်းလေးနဲ့ဆို ရိုးရာ သဘာဝအတိုင်း လည်လို့ရတာပေါ့လို့ပြောလာပါတယ်။ အင်းသူပြောမှ သတိထားမိပါတယ်။ နာမည်ကြီး ဟို တယ် နှစ်လုံးရှေ့မှာရပ်ထား (လှည်းအတော်များများက မြင်းလွတ်ထားပြီး) မြင်းလှည်း စီးခန့်ဟာ တနေကုန် ငှား သူမရှိပါ။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ကနဲ့စာရင် လူနဲ့မြင်းလုပ်အားနေရာမှာ စက်တွေက နေရာဝင်ယူလာခြင်းပါပဲ။ ဘာကြောင့်လဲဆို လွန်ခဲ့တဲ့ နှစ် ပုံဂံကိုကျနော်ရောက်စဉ်က တရက်မှ ၁၅၀၀ ကျပ်သာပေးရတဲ့ စက်ဘီးတစီးနဲ့ လျောက်လည်ပါတယ်။ နိုင်ငံခြားသားအတော်များများလည်း မြင်းလှည်းစီးပြီး လျောက်လည်နေတာတွေ့ဖူးပါတယ်။ အခုတော့ အားလုံး E-bike ကိုယ်စီနဲ့။

တွေ့သမျှစေတီပုထိုးတွေအတော်များများဆီဝင်ခဲ့ပေမဲ့ အသေအချာဝင်ကြည့်ဖြစ်တာက အန္ဒာဘုရားတခုတည်း။ အများစုက ရပ်တော်မူ ရုပ်ပွားတော်ရှေ့ ထိုင်ရှိခိုးနေကြပေမဲ့ ကျနော်ကတော့ စေတီနဲ့ လှိုင်ဂူ (ဂူဘုရား) တည် ဆောက်ထားပုံကို အတော်စိတ်ဝင်စားမိပါတယ်။ ပုဂံဆိုတာ ၁၁ ရာစုခေတ်က ထွန်းကားခဲ့တဲ့ရှေးဟောင်း နိုင်ငံ တော်။ တနည်းအားဖြင့် ဒီစေတီနဲ့ လှိုင်ဂူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်ကတည်းထားတည်ထားခဲ့တဲ့ လက်ရာ။ အခုထိ ဘာမှမပျက်စီးသေးတဲ့အပြင် လေ၀င်လေထွက်၊ အလင်းရောင်အ၀င်အထွက်နဲ့ ဂူပေါက်တွေ လေးဖက်လေးတန်မှာဖောက်ထားတာ တကယ့်ပညာပါပဲ။ ‘’အဲဒီခေတ်ကလူတွေက ဘိလပ်မြေခိုးရကောင်းမှန်း မသိသေးလို့ဖြစ်မှာပေါ့’’ ဆိုပြီးနောက်ဖူးတဲ့ မိတ်ဆွေတယောက်ရဲ့ စကားလုံးကိုပြန်သတိရမိပါတယ်။

ပုဂံမှ ပုပ္ဗါးသို့

ပုဂံမှာတနေကုန်လည်ပြီး နောက်တနေ့မှာ ပုပ္ဗားသွားဖို့ပြင်ပါတယ်။ အဲဒီဟိုတယ်ရှေ့မှာပဲ ပုပ္ဗားသွးမယ်ဆို ၃၅၀၀၀ (သုံးသောင်းငါးထောင်) နဲ့လိုက်တယ်လို့ တက္ကစီကြော်ငြာတွေ ကပ်ထားတာတွေ့ရပါတယ်။ ဟိုတယ် ဧည့်ခံဌာနမှာ မေးကြည့်တော့ ဟိုတယ်နဲ့ချိတ်ထားတဲ့ တက္ကစီနဲ့လိုက်ပို့ပေးမယ်။ သောင်းပေးပါ။ စိတ်ချရတယ်လို့ပြောပါတယ်။ ဒါနဲ့ ဟိုတယ်နဲ့ချိတ်ထားတဲ့ တက္ကစီကိုစိးပြီး မနက် နာရီလောက်မှာ ပုပ္ဗားဆီထွက်လာခဲ့ပါတယ်။ 



တကယ်က ပုပ္ဗားဟာ မနေ့ညကဖြတ်လာခဲ့တဲ့ ကျောက်ပတောင်းမြို့အနီးမှာ။ ဒီတော့ ပုဂံကနေ ကျောက်ပတောင်း လမ်းခွဲအထိက မနေ့ညကစီးလာခဲ့တဲ့လမ်းအတိုင်း ပြန်မောင်းလာတဲ့သဘော။ မနေ့ညက မှောင်နေလို့ ကောင်း ကောင်းမြင်ခွင့်မရလိုက်ရတဲ့ ယာခင်းတွေ၊ ထန်းတောတွေ၊ အထူးသဖြင့် ထန်းရည်ဆိုင်တွေကို ဒီမနက် ရှင်းရှင်း လင်းလင်းမြင်ခွင့်ရခဲ့ပါတယ်။ ကျောက်ပတောင်း ထညက်နာမည်ကြီးတာ ကြားဖူးပေမဲ့ ထန်းရည်တဲတွေ ဒီလောက် များနေလိမ့်မယ်လို့ ထင်မထားမိပါ။

လမ်းတ၀က်ခရီးလောက်မှာရှိတဲ့ ဧရာမ ထန်းရည်တဲတန်းရှည်တခုရှေ့ရောက်တော့ ကားဆရာက ခဏရပ်ပြီး ‘’အချို အခါး အစုံရတယ်။ ကြွက်ကင်၊ ငုံးကင်လည်းရတယ်’’ ဆိုပြီးပြောပါတယ်။ ဒါပေမဲ့ ပုပ္ဗားရောက်ချင်စောများနေတဲ့ ကျ နော်က ပြန်လာမှ ၀င်မယ်လို့ပြောလိုက်ပါတယ်။ ပြီးတော့ အဲဒီတဲတန်းတွေရှေ့မှာ နွားတကောင်နဲ့ ဆီကြိတ်နေတဲ့ မြင်ကွင်းကိုလည်း ပြန်လာမှ ဓတ်ပုံရိုက်မယ်လို့ စိတ်ထဲမှတ်ထားလိုက်ပါတယ်။

ကျောက်ပတောင်းအသွားလမ်းကနေ ပုပ္ဗားဖက်လမ်းခွဲဝင်လာတော့ ရေသယ်နေတဲ့ ထော်လာဂျီတချို့ကိုတွေ့ရပါ တယ်။ ‘’ဒီရွာတွေက ရေရှားတဲ့နေရာတွေလေ’’ ဆိုပြီး ကားဆရာကပြောပါတယ်။ ဒါပေမဲ့ ဒီကရွာတွေက ကျနော်တို့ ထားဝယ်ဖက်ကရွာတွေလို ကားလမ်းဘေးတဖက်စီမှာ အိမ်ဆောက်နေတာမျိုးမဟုတ်။ ကားလမ်းကနေ တမိုင် လောက်ဝေးတဲ့နေရာမှာ နေကြတာတဲ့။ ဒီတော့ ကားလမ်းဘေးမှာထောင်ထားတဲ့ ရွာအမည်ဆိုင်းဘုတ်တွေကိုသာ မြင့်ခဲ့ရပြီး ရွာအခြေအနေကို မြင်ခွင့်မရခဲ့။ ထူးထူးခြားခြား ရွာအမည်တခုကစက်စက်ယိုရွာတဲ့။ ရွာထဲဝင်ကြည့် ချင်ပေမဲ့ အချိန်မရလိုက်။

နောက်ထပ်ရွာတခုကိုကျော်ပြီး မန်းကျီပန်းတန်းတွေ၊ သစ်ပန်းတန်းတွေဖက်ရောက်တော့ သစ်ပင်အရိပ်အောင်က နေ အဖွားအိုတဦးထွက်လာပြီး ကျနော်တို့ကားကို တားပါတယ်။ ‘’ဘယ်ရွာကလဲမသိဘူး။ လမ်းကြုံရင် ခေါ်သွားပေး လိုက်ပါ’’ ဆိုပြီး ကျနော်ကပြောတော့ ကားသမားက အထိန့်တလန့်မျက်နှာထားနဲ့ ပြန်ကြည့်ပါတယ်။ ‘’ဆရာကလဲ အဲဒါသူတောင်းစားတွေလေ၊ တွေ့လား၊ ဟိုမှာ အများကြီးပဲဆိုပြီးပြောပါတယ်။ ဒီတော့မှ သစ်ပင် အရိပ်ကနေ အရှို ရှိုထွက်လာတဲ့ သူတောင်းစားအုပ်ကြီးက ၅၀ ကျော်တောင် ရှိမလားမသိ။ 

သူတို့နေရာယူထားပုံက သူတောင်းစားတွေခွက်ဆွဲတောင်းနေတာနဲ့မတူပဲ လူကြီးလမ်းကြောင်းရှိလို့ အစိုးရ လုံခြုံ ရေးစစ်သားတွေ၊ ဒါမှမဟုတ် သူပုန်တပ်က စစ်သားတွေ လမ်းဘေးသစ်ပင်အောက်မှာ တန်းစီနေရာယူထားတဲ့ ပုံစံ  မျိုးကြီး။ ကားရပ်ပြီး သူတို့နဲ့အင်တာဗျုးလုပ်ချင်ပေမဲ့ ကားဆရာက မရပ်ရဲဘူးပြောပါတယ်။ လှူချင်ရင် တရာတန်၊ နှစ်ရာတန်တွေကို ကားပြူတင်းပေါက်ကနေသာ ပစ်ချပေးခဲ့ဖို့ သူကအကြံပြုပါတယ်။ 

ကိုယ်ကလှူချင်တာမဟုတ်။ ဘာကြောင့် ဒီလိုတောင်းနေကြတာလဲ။ တခြားဒေသမှာမတွေ့မိပဲ ဒီဒေသကျမှ ထူးထူး ခြားခြားရှိနေတာလဲ။ သူတောင်းစားကိုယ်တိုင်ကိုမေးခွင့်မရတော့ ဒီလမ်းဆီမကြာခဏရောက်နေတဲ့ ကားဆရာကိုပဲ ဗျုးရတော့မှာပေါ့။ ‘’အသေအချာတော့ ကျနော်လည်းမသိဘူးဗျ။ ကြားဖူးသလောက်ကတော့ ဒီလူတွေဟာ ကြိမ်စာ သင့်ထားတဲ့ လူတွေလို့ပြောတယ်။ သူတို့မှာ အိမ်ပိုင်၊ ခြံပိုင်ရှိပေမဲ့ ဒီလိုမတောင်းရင် တကိုယ်လုံးယားယံတယ်ဆို လား။ အဲဒါကြောင့် တောင်းနေရတယ်လို့ ကြားဖူးတာပဲ’’ တဲ့။ စိတ်ဝင်စားဖို့တော့ကောင်းသား။ ရန်ကုန်ပြန်ရောက်မှ ဒီလူတွေအကြောင်းရေးထားတဲ့ စာအုပ်စာတန်းတွေ ပြန်ရှာဖတ်ရပါဦးမယ်။

ထူးခြားတဲ့ သူတောင်းစားတွေအကြောင်းပြောရင်းနဲ့ ဆန်းပြားတဲ့ နတ်စိမ်းတွေရှိတယ်ဆိုတဲ့ ပုပ္ဗားတောင်ဖက် ရောက်လာပါပြီ။ ‘’ဟိုမှာမြင်နေရတာက ပုပ္ဗားတောင်မကြီးလေ။ ဒီဒေသမှာအမြင့်ဆုံးပဲ။ မြူတွေဆိုင်းနေတာ တွေ့ တယ်မို့လား’’ ဆိုပြီး ကားဆရာကပြောပါတယ်။ ကျနော်က သတင်းထောက်လုပ်ပြီး အတော်မသိတဲ့လူ။ ရှေ့ပိုင်း အခန်းတခုမှာ တင်ပြဖူးခဲ့တဲ့အတိုင်း မရောက်ဖူးသေးတဲ့ နိုင်ငံခြားတိုင်းပြည်တခုခုဆီသွားမယ်ဆိုရင် အင်တာနက် ပေါ်မှာ အသေးစိပ်ကြိုတင်လေ့လာသွားလေ့ရှိပေမဲ့ မြန်မာနိုင်ငံဆီပြန်လည်တဲ့အခါ ဘာမှကြိုတင်မလေ့လာမိပါ။ ကိုယ့်နိုင်ငံမှာ ကိုယ်သိပါတယ်ဆိုတဲ့ အထာနဲ့ပေါ့။

ဒါပေမဲ့ အကြိမ်အတော်များများမှာ ကိုယ်သိထားတာနဲ့လက်တွေ့အခြေအနေက တခြားစီ။ ပုပ္ဗားတောင် စိမ်းလန်းစို ပြေရေးစီမံကိန်းအတွက် ဖရိဒါက ဦးအုန်းကို DVB အော်စလိုရုံးကနေဖုန်းခေါ်ပြီး အကြိမ်ပေါင်းများစွာ အင်တာဗျုး လုပ်ခဲ့ဖူးပါတယ်။ ဒီတော့ ကျနော်စိတ်ထဲထင်ထားတာက အဲဒီတောင်မကြီးရဲ့ အမြင့်ဆုံးနေရာမှာ ပုပ္ဗားတောင် ကလပ်ရှိတယ်ပေါ့။ ပုပ္ဗားတောင်ကိုတက်ရင်လည်း ကျိုက်ထိးရိုးလိုပဲတက်ရလိမ့်လို့ တွေးထင်ထားမိခဲ့တယ်ဆို ပါတော့။

တကယ်တန်းက အဲဒီလိုမဟုတ်။ တောင်မကြီးမှာပဲ သစ်တောတွေ စိမ်းစိုနေပြီး တောင်ကလပ်က ကျောက်ဆောင် တလုံးမျှသာ။ ဒါပေမဲ့ မြန်မာဘုရားဖူးတွေကြားမှာတော့ ဒဏ္ဍရီဆန်လှတဲ့ ပုပ္ဗားရဲ့နောက်ခံဇတ်လမ်းက ဆွဲဆောင်မှု အားကောင်းနေဆဲပါ။ ‘’ဗျတ္တလို ပန်းဆက်သမားပါကွယ်’’ ဆိုတဲ့ သီချင်းထဲလို ဒီတောင်ကလပ်ကို အရင်ခေတ်က သာမန်လူတွေတက်ဖို့မဖြစ်နိုင်ပါ။ နည်းပညာမထွန်းကားသေးတော့ အခုလို သံလှေကားတွေ၊ တန်းဆောင်းတွေ မရှိသေး။ ဒီတော့ ဇောဂျီဖိုဝင်သားစားထားတဲ့ ကိုဗျတ္တတို့ညီနောင် နှစ်ဦးပဲ ဒီတောင်ကိုတက်နိုင်တယ်၊ ပန်းဆက်သ ရင်းနဲ့ ပုပ္ဗားမယ်တော် မယ်ဝဏနဲ့ ကိုဗျတ္တညားသွားတယ်။ ပြီးတော့ ရွှေဖျင်းကြီးနဲ့ ရွှေဖျင်းငယ် ညီနောင်ကိုမွေးဖွားခဲ့ တယ်လို့ နတ်ကွန်းရာဇ၀င်ကို ဇတ်သံနဲ့ရှင်းပြနေတဲ့ အလှူခံအရာရှိက ပြောပါတယ်။

နောက်ခံရာဇ၀င်အရ ပုပ္ဗားနဲ့ ကျိုက်ထီးရိုးကြားမှာ ဒိလိုကွဲပြားမှုတွေရှိပေမဲ့ ဘုရားတံဇောင်းကို ပိတ်ပြီးဈေးဆိုင် ရောင်းတဲ့နေရာမှာတော့ ကျိုက်ထီးရိုးနဲ့ ပုပ္ဗားအတူတူပါပဲ။ တောင်တက်လို့မောရတဲ့ကြားထဲ လေ၀င်ပေါက်က မရှိ။ အ၀တ်အထည်တွေ၊ ယွန်းထည်နဲ့ တခြားပစ္စည်းတွေကို ဘေးပတ်လည်ရော၊ ခေါင်းပေါ်မှာပါတင်ထားတော့ အဲဒီကထွက်လာတဲ့ အနံကို ကျနော်မခံနိုင်ပါ။ 

ဒီကြားထဲ မျောက်တွေကလည်း တမျိုး။ မျောက်စာရောင်းတဲ့လူတွေကလည်း သူတို့ဆီက မျောက်စာမ၀ယ်ကျွေး မိရင်တောင် အပြစ်ရှိသလိုလိုမျိုး ခံစားရအောင်ပြောတတ်ပါတယ်။ အပေါ်ဖက်နဲနဲတက်လာတော့ မျောက်ချိးကျုံး နေသူ၊ သန့ှ်ရှင်းလုပ်နေသူတွေကိုတွေ့ရပါတယ်။ ‘’သန့်ရှင်းရေးအတွက် ဒါနလေး ပြုသွားပါဦး’’ ဆိုပြီး သူ့လက်ထဲ မှာကိုင်ထားတဲ့ နှစ်ရာတန်အရွက်လေးတွေကို ထောင်ပြနေပါတယ်။ 

သန့်ရှင်းရေးက စေတနာဝန်ထမ်းလား။ ဂေါပကက လစာပေးခန့်ထားတာလား ဆိုပြီးမေးကြည့်တော့ စေတနာဝန် ထမ်းလို့ဆိုပါတယ်။ ဘုရားဖူး (နိုင်ငံခြားသားအတော်များများကတော့ ဘုရားလာဖူးတာမဟုတ်ပဲ ထူးခြားတဲ့နေရာ တခုအဖြစ် လာကြည့်ကြတာပါ) တွေဆီကရတဲ့အလှူငွေနဲ့ သူတို့ရပ်တည်နေရတယ်လို့ပြောပါတယ်။ ဒါက နှစ်ရာ တန် အလှူခံ။ တထောင်တန် အလှူခံတွေကလည်း အများကြီးရှိပါသေးတယ်။ ဘုရားတခုဆီရောက်တိုင်း၊ နတ်စိမ်း ရုပ်တခုဆီရောက်တိုင်း (တနေရာနဲ့တနေရာ ပေ ၂၀ စီလောက်ပဲကွာမယ်ထင်) အလှူခံဌာနတွေက အများကြိး။ ခုနက မျောက်စာရောင်းတဲ့ အမျိုးသမီးတွေလိုပါပဲ။ သူတို့ဆီအလှူမထည့်ပဲ ဒီတိုင်းထွက်သွားရင် အပြစ်ရှိတယ်လို့ ခံစားရအောင် သူတို့ကလည်း ပြောတတ်ကြပါတယ်။


‘’မြန်မာနိုင်ငံမှာ အလှူခံနဲ့ သူတောင်းစား သိပ်မကွဲပြားဘူး’’ ဆိုတဲ့ ပြည်တော်ပြန်တဦးရဲ့ စကားလုံးကို ပြန်ကြား ရောင်မိပါတယ်။ မြန်မာတွေတောင် အဲဒီလိုမြင်နေတယ်ဆိုရင် ဘာသာမတူတဲ့ နိုင်ငံခြားသားတွေရဲ့အမြင်ဆို ပိုဆိုး မှာပေါ့။ စာရင်းဇယားမရှိ။ ရှိတဲ့စာရင်း၊ ဖြတ်ပိုင်းတွေမှာလည်း အဖွဲ့အစည်းမှတ်ပုံတင်အမှတ်မရှိ၊ ၀က်ဆိုက်လိပ်စာ မရှိဆိုတော့ အနောက်တိုင်းက အလှူခံနဲ့ ဒီကအလှူခံ တခြားစီဖြစ်နေတဲ့သဘော။ အရင် စစ်အစိုးရခေတ်က ဖြစ်သ လိုအလှူခံခဲ့တာကိုတော့ ထားလိုက်တော့။ အခု ဒီမိုကရေစီအစိုးရခေတ်မှာတော့ ၀န်ကြီးဌာနတွေတင်မက အလှူခံ ဌာနတွေမှာလည်း ပွင့်လင်းမြင်သာမှု၊ အခွန်ကောက်ခံမှုတွေ စနစ်တကျရှိဖို့လိုလာနေပြီလို့ ထင်မြင်မိပါတယ်။    

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More