Saturday, July 16, 2016

ကန္တရ၀တ္တီ ခရီးသည်

The Voice Daily, 10-07-2016.

ပုဂံမှ လွိုင်ကော်သို့

ပုဂံကနေ လွိုင်ကော်သွားမယ်ပြင်တော့ ပုဂံ-လွိုင်ကော် ဒါရိုက်ဘတ်စ်ကားက မရှိပါ။ ဒီတော့ ပုဂံ-တောင်ကြီးကားကို စီးရပါတယ်။ ပုဂံပြီးရင် အင်းလေးကန်ဟာ ကမ္ဘာလှည့်ခရီးသည် ဒုတိယအများဆုံး သွားတဲ့နေရာဖြစ်တာကြောင့် ခရီးသည်အများစုက နိုင်ငံခြားသားတွေ။ တောင်ကြီးကားဆိုပေမဲ့ နိုင်ငံခြားသားအားလုံးက အင်းလေးကန်ရှိရာ ညောင်ရွှေမှာဆင်းတာပါ။ ပုဂံ-တောင်ကြီး ဘတ်စ်ကားရဲ့ ၀န်ဆောင်မှုက ရန်ကုန်-ပုဂံ ကားတွေရဲ့ ၀န်ဆောင်မှုထက် ပိုညံ့ပါတယ်။ လမ်းကလည်း ပိုဆိုးပါတယ်။


သာစည်နဲ့ကလောကြားမှာ တက်လိုက်ရတဲ့တောင်တန်းတွေက နည်းတာမဟုတ်။ အောင်ပန်း၊ ဟဲဟိုးကနေ ရွှေညောင်ရောက်တော့ အေးသာယာဖက်ဆက်မသွားပဲ ညောင်ရွှေဖက် ဦးတည်လိုက်ပါတယ်။ ညောင်ရွှေ အ၀င်ဝ ရောက်တော့ ရှမ်းဝတ်စုံဝတ်ထားတဲ့ လူငယ်နှစ်ဦးကားပေါ်တက်လာပြီး အင်းလေးကန်ထဲသွားမဲ့ နိုင်ငံခြားသားတိုင်း ဇုံဝင်ကြေး ၁၁၀၀၀ (တသောင်းတထောင်) ကျပ်စီ ပေးရမယ်လို့ တောင်းပါတယ်။ ၀င်ခွင့်လက်မှတ်တွေလည်း တခါတည်းထုတ်ပေးလိုက်တာ တွေ့ရပါတယ်။

နိုင်ငံခြားသားအားလုံး ညောင်ရွှေမှာဆင်းလိုက်တဲ့အချိန်က မနက် နာရီလောက်ပဲရှိဦးမယ်။ မှောင်မှောင်မဲမဲကြီးထဲ တက္ကစီသမား၊ ဆိုင်ကယ်သမားတွေက အခြားမြို့တွေက ကားဂိတ်တွေလိုပဲ တိုးဝှေ့ခေါ်ယူနေလေရဲ့။ ကားပေါ်မှာ ကျန်နေတာက တောင်ကြီးသွားမဲ့ မြန်မာ ၁၀ ဦးခန့်သာ။ အဲဒီထဲက တချို့ဟာ အေးသာယာမရောက်ခင် လမ်းမှာဆင်းသွားတဲ့အတွက် ကားဂိတ်ရောက်တော့ လူက ဦးပဲကျန်ပါတယ်။ ဦးတည်းနဲ့ လိုင်းကားတခေါက်စာ မဆွဲပေးနိုင်ဘူး။ လူပြည့်တဲ့အထိစောင့်ပါ။ မစောင့်နိုင်ရင် ယောက် တသောင်းပေးပြီး သူ့ကားကိုငှားပါလို့ အေးသာယာ-တောင်ကြီးပြေးနေတဲ့ လိုင်းကားဆရာက ဆိုပါတယ်။ (ပုံမှန်ဆို တယောက်မှ ၁၅၀၀ ပဲပေးရပါ တယ်။)

လူက အတော်ပင်ပန်းနေတဲ့အတွက် လွိုင်ကော်ကို တိုက်ရိုက်မသွားသေးပဲ တောင်ကြီးမှာ တညအိပ် အနားယူဖို့ဆုံး ဖြတ်လိုက်ပါတယ်။ အနားယူဖို့ ဟိုတယ်လိုက်ရှာတော့ တော်ရုံနဲ့စိတ်ကြိုက်မတွေ့။အသစ်တုန်းကပဲကောင်းပြီး ဟောင်းသွားရင်မကောင်းတော့တာ မြန်မာ့သဘာဝပဲလေ’’ ဆိုတဲ့အတိုင်း ဟိုတယ်အတော်များများက အဟောင်းနံ့ထွက်နေတဲ့အပြင် အခန်းဖွဲ့စည်းပုံကလည်း မကောင်းကြပါ။ တချို့အခန်းတွေဆို ခေါင်းရင်းဖက်မှာ အိမ်သာရှိနေတာမျိုး၊ လေအေးစက်ရှိတာပဲ ပြူတင်းပေါက်မလို ဘူးဆိုတဲ့ ဟိုတယ်မျိုးလဲတွေ့ခဲ့ရပါတယ်။ နောက်ဆုံးတော့ စဖွင့် တာ လောက်ပဲရှိသေးတယ်ဆိုတဲ့ ဗိုလ်ချုပ်လမ်းပေါ်က ဟိုတယ်ကိုရွေးလိုက်ပါတယ်။

နောက်တနေ့မနက် နာရီခွဲမှာတော့ လွိုင်ကော်သွားမဲ့ လိုင်းကာားက (ပေါင်မုန့်ကား) ဟိုတယ်ရှေ့ အထိလာခေါ်ပါတယ်။ နာရီအတိမှာ တောင်ကြီးကနေ စထွက်ပါတယ်။ တောင်ကြီးကနေ အောင်ပန်းအထိက မနေ့ညက လာခဲ့ တဲ့လမ်းအတိုင်း။ အောင်ပန်းအလွန်မှာတော့ ကလော-သာစည်ဖက်သွားတဲ့လမ်းနဲ့ လွိုင်ကော်ဖက်သွားတဲ့ လမ်းခွဲရှိပါတယ်။ အောင်ပန်းဟာ ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးအတော်ဖြစ်ထွန်းတဲ့မြို့။ လမ်းဘေးတလျောက်မှာ ဂေါ်ဖီ၊ မိုလာ၊ မြေပဲ၊ ပြောင်းဖူး စသဖြင့် စိုက်ခင်းတွေက တမျော်တခေါ်။

တောင်စောင်းပေါ်ကစိုက်ခင်းတွေကို ငေးရင်း၊ ဟိုမေးဒီမေးလုပ်ရင်းနဲ့ ဘေးနားက ရှမ်း ဦးလေးကြီး နှစ်ယောက်နဲ့ မိတ်ဆွေဖြစ်သွားပါတယ်။ အောင်ပန်းမြို့နယ်အလွန် တီဂျစ်မြို့နယ်ထဲစ၀င်တော့ ‘’အဲဒါ ဘီးလူးချောင်း အစပိုင်း ပဲလေ’’ ဆိုပြီး သူတို့က လက်ညှိုးထိုးပြပါတယ်။ ချောင်းက ခပ်သေးသေးဆိုပေမဲ့ ရေစီးသန်တဲ့သဘော၊ ဆယ့်နှစ်ရာသီရေမခမ်းပဲစီးနေတဲ့သဘောမျိုးတွေ့ရပါတယ်။ တကယ်ဆို ကျနော်က တောင်ကြီးနဲ့ လွိုင်ကော်ကြားမှာ တီဂျစ် မြို့နယ်ရှိမှန်းမသိပါ။ မသိဆို ရှေ့ပိုင်းအခန်းတခုမှာ အစီရင်ခံခဲ့တဲ့ အတိုင်း ကြိုတင်မြေပုံမကြည့်ပဲ ဒီတိုင်း ကားတက်စီးလာခြင်းသာဖြစ်ပါတယ်။

အဲဒီတော့ဘီလူးချေင်းဆိုတော့ ကယားပြည်နယ်ထဲရောက်နေပြီလားဆိုပြီး ပြန်မေးမိပါတယ်။ တကယ်က မဟုတ်ပါ။ တီဂျစ်၊ ပင်လောင်း၊ ဆောင်းပြောင်း၊ ဖယ်ခုံ၊ မိုးဗြဲ စသဖြင့် အားလုံး ရှမ်းပြည်နယ် ထဲမှာပါပြီး မိုးဗြဲမြို့နယ်အဆုံးမှာမှ ရှမ်း-ကယား နယ်စပ်ဆိုင်းဘုတ်ကိုတွေ့ရပါတယ်။ ဘီးလူးချောင်အစပိုင်း အဲဒီချောင်းကူးတံတားငယ်ကိုကျော်တာနဲ့ ဘီလပ်မြေ စက်ရုံကြီးတခုကို တွေ့ရပါတယ်။ ‘’ဟိုဖက်နားမှာ ကျောက်မီးသွေးစက်ရုံတခုရှိသေးတယ်’’ ဆိုပြီး ဦးလေးကြီးက ထပ်ပြောတော့ သတင်းတွေထဲဖတ်ခဲ့ဖူးတဲ့ တီဂျစ်ကျောက်မီးသွေးစက်ရုံပြသာနာတွေကို ပြန်သတိရမိပါတယ်။ ကားပြူတင်းပေါက်ကနေ၀င်လာတဲ့ လေအေးထဲ ကျောက်မီးသွေးအမှုန့်တွေပါလာတယ်လို့ စိတ်ထဲထင်ပြီး ချောင်းတောင်နဲနဲဆိုးလိုက်ပါသေး တယ်။

ငြိမ်းအဖွဲ့တွေများတဲ့ ဒေသ

ပင်လောင်းကအထွက် တောင်ကုန်းတက် လမ်းအကွေ့တခုမှာတော့ မျက်နှာချင်းဆိုင်ကနေ အရှိန်နဲ့မောင်း လာတဲ့ ဆိုင်ကယ်တစီး မိုးရေထဲဘီးချောပြီး ကျနော်တို့ကားရှေ့မှာ ပြိုလဲပါတယ်။ တော်သေးတယ်။ ကားသမား ချက်ချင်းဘရိတ်အုပ်နိုင်လို့။ ‘’ဆိုင်ကယ်တွေက ဒီလိုပဲလေ။ အရမ်းမောင်းတော့ သေမှာပေါ့’’ ဆိုပြီး ခရီးသည်တဦးက ငြီးပါတယ်။ လမ်းပေါ်မှာတော့ အသက် ၄၀ ၀န်းကျင် ဆိုင်ကယ်မောင်းသူ အမျိုးသားဟာ သွေးသဲရဲရဲနဲ့ ပြန်ထမလာနိုင်တော့ပါ။ နောက်က ထိုင်လိုက်လာပုံရတဲ့ သူ့အမျိုးသမီး မျက်နှာမှာလဲ သွေးတွေနဲ့။ ဒါပေမဲ့ သူကတော့ ဒဏ်ရာသိပ်ပြင်းပုံမပေါ်။ သူ့ယောက်ျားကို ထူးပေးနေ တာမြင်ရပါတယ်။

ကျနော်တို့ကားရပ်လိုက်တော့ နောက်ကနေကပ်ပါလာတဲ့ ကား - စီး တန်းစီရပ်လိုက်ပါတယ်။ ဒါပေမဲ့ ဘယ်သူကမှ ကားပေါ်ကချက်ခြင်းဆင်းပြီး ဆိုင်ကယ်သမားကို သွားကူတာမတွေ့မိပါ။ ဘာဖြစ်တာလဲဆိုပြီး ဘေးက ဦးလေးကြီးကိုမေးကြည့်တော့ အမှုပတ်မှာစိုးလို့တဲ့။ ‘’အမှုပတ်တာကနောက်၊ ဟိုမှာ အရေးပေါ်ဖြစ်တဲ့နေတဲ့ လူနာကိုကူဖို့ က အရင်လုပ်ဖို့မလိုဘူးလား’’ ဆိုပြီး ကျနော်ကပြောတော့ ဘယ်သူ ကမှ ဘာမှပြန်မပြောပါ။ ဒါပေမဲ့ ကားသမားကတော့ဆင်းသွားပြီး လူနာကို မကိုင်ပဲ ရပ်ကြည့်နေပါတယ်။

ကူပြီး အချိန်မီဆးရုံမပို့နိုင်ရင် လူနာအသက်ဆုံးရှုံ့းသွားနိုင်တဲ့ အနေအထားကြီး။ ကိုယ်က မှန်လုံကားရဲ့ နောက်ဆုံးခုံမှာဆိုတော့ ရှေ့ကလူတွေမဆင်းမခြင်း အောက်ကိုဘယ်လိုမှ ဆင်းခွင့်မရ။ နောက်ဆုံးခုံဆိုလို့ ပြောရဦးမယ်။ ဒီကလူတွေစဉ်းစားပုံကတမျိုး။ အဝေးဆုံး (ဂိတ်ဆုံးအထိ) သွားမဲ့လူက လမ်းမှာဆင်း စရာမလိုတဲ့အတွက် နောက်ဆုံးခုံမှာထိုင်ပါတဲ့။ ဓတ်ပုံရိုက်ချင်လို့ ရှေ့ဆုံးခုံပေးပါဆိုတော့ ဘုန်းကြီနှစ်ပါးရှိနေ လို့ သူတို့ကိုဦးစားပေးရမယ်ဆိုတော့ ကိုယ်လဲ ဘာမှမတတ်နိုင်။

အောက်ဆင်းပြီးကြည့်ခွင့်မရလို့ အဲဒီလိုအတွေးပွားနေချိန်မှာ ကျနော်တို့ကားရဲ့ တစီးကျော်မှာရပ်ထားတဲ့ ဘီးယက်ကားအကောင်းစား တစီးပေါ်ကနေ ပျောက်ကျား စစ်ဘောင်းဘီဝတ်ထားတဲ့ လူလတ်ပိုင်းအရွယ် တဦး ဆင်းလာပြီး လူနာကို သွားထူပေးတာမြင်လိုက်ရပါတယ်။ ဆိုင်ကယ်စီး ဦးထုတ်ကိုဆွဲချွတ်လိုက်တော့ ခေါင်းမှာသွေးတွေနဲ့။ ဒီလူ့ကြည့်ရတာ သွေးထွက်တဲ့ဒဏ်ရာအပြင် ခေါင်းပါ အတော်မူးနေတဲ့ ပုံစံမျိုးကြီး။ အဲဒီအချိန်ကျမှ ကားဆရာတွေ အားလုံးဝိုင်းလာပြီး လူနာကိုကူကြပါတယ်။ လူနာရော၊ ဆိုင်ကယ်ပါ သူ့ကားပေါ်တင်ပြီး အနီးဆုံးဆေးခန်းဆီ ပို့ပေးမယ်လို့ ပျောက်ကျားဆရာကပြောပါတယ်။ 

အဲဒီ ဖိုးဝီးကားကို အသေအချာစိုက်ကြည့်တော့ အပစ်ခတ်ရပ်စဲရေး (ငြိမ်း) အဖွဲ့တခုရဲ့ အလံနဲ့ တံဆိပ်တွေ ကို ကားရှေ့မှန်မှာကပ်ထားတာ တွေ့ရပါတယ်။ ‘’ငြိမ်းတွေက ဒီနေရာမှာတော့ အားကိုးရသားပဲ’’ ဆိုပြီး ကျနော့်နှုတ်က အလိုလိုထွက်သွားပါတယ်။ အဲဒီအချိန် ကျနော့်ရှေ့ခုံမှာထိုင်နေတဲ့ အသက် ၂၀ ကျော်အရွယ်လူငယ်တဦးက ‘’ဦးလေးက ဘယ်အဖွဲ့ကလည်း၊ ငြိမ်းချမ်းရေးအဖွဲ့ကလူတွေနဲ့သိလား’’ ဆိုပြီး မေးလာပါတယ်။ မသိပါဘူး၊ သတင်းစာတွေထဲ ဖတ်ဖူးတာပါလို့ဖြေပေမဲ့ သူက ကျနော်ကိုမယုံသကာင်္ မျက်လုံးနဲ့ကြည့်ပါတယ်။ ပြီးတော့ သူဟာ လွိုင်ကော်မှာ ဆက် ဆံရေးရုံးဖွင့်ထားတဲ့ ငြိမ်းအဖွဲ့တခုရဲ့ တပ်ဖွဲ့ဝင်ဖြစ်တယ်လို့ပြောပါတယ်။

ကျောင်းသားသူပုန်ဟောင်းပါ။ မင်းတို့အဖွဲ့ထဲမှာလည်း ငါတို့ရဲဘော်ဟောင်းတွေရှိပါတယ်လို့ပြောရင်း သူနဲ့ မိတ်ဆွေ ဖြစ်သွားပါတယ်။ ဆိုလိုတာက ဒီဒေသမှာ ငြိမ်းအဖွဲ့အတော်များပါတယ်။ အခု ကျနော်စီးလာတဲ့ လိုင်းကားတောင် ငြိမ်းအဖွဲ့တခုခုက ပိုင်တာဖြစ်ကောင်းဖြစ်နေုနိင်ပါတယ်။ ကိုယ်ဘေးမှာထိုင်နေသူဟာ လည်း ငြိမ်းတပ်ဖွဲ့ဝင်၊ မိသားစုဝင်ဖြစ်ကောင်းဖြစ်နေနိုင်တဲ့အထိ ငြိမ်းအဖွဲ့များပါတယ်။ ရှမ်း-ကယားနယ်စပ် တခုတည်းမှာတင် ရလလဖ- ခေါ် ရှမ်း ပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့၊ ကလလတ ခေါ် ကရင်နီလူမျီုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့၊ ကယန်း ပြည်သစ်ပါတီ၊ KNPP ခေါ် ကရင်နီအမျိုးသားတိုး တက်ရေးပါတီ၊ PNO ခေါ် ပအို့ အမျိုးသားအဖွဲ့ချုပ် စသဖြင့် များကြီးပါ။

အခုလမ်းတလျောက်ရှိ တီဂျစ်၊ ပင်လောင်းမြိုနယ်တွေအားလုံးမှာ ပအို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသလို့ ရေးထားတဲ့ဆိုင်းဘုတ်တွေကို မြင်ခဲ့ရပါတယ်။ အရင်တခေါက် ပင်လုံဖက်သွားတုန်းကလည်း ဟိုပုံးမြို နယ်မှာ အလားတူ ဆိုင်းဘုတ်တွေကိုတွေ့ခဲ့ဖူးပါတယ်။ ငြိမ်းအဖွဲ့ တံဆိပ်နဲ့ အလံတပ်ဆင်ထားတဲ့ ဖိုးဝီးကားတွေကိုလဲ ဒီလမ်းတလျောက်မှာ မကြာခဏတွေ့ရလေ့ရှိပါတယ်။ ကျနော်ကသာ ငြိမ်း အဖွဲ့ပိုင် ကားတွေလို့ခေါ်နေပေမဲ့ ဒေသခံခရီးသွားတွေကတော့ အဖွဲ့အစည်းပိုင်ကားတွေ၊ အဖွဲ့အစည်းကလူတွေ၊ အဖွဲ့အစည်းရဲ့ဂိတ်တွေ၊ စသဖြင့် ငြိမ်းမပါပဲ အဖွဲ့အစည်းတခုတည်းကိုသာ ခေါ်ဝေါ်သုံးစွဲကြပါတယ်။

အင်းငြိမ်းအဖွဲ့ပိုင်ကားတွေမှာပဲဖြစ်ဖြစ်၊ လိုင်းကားတွေမှာပဲဖြစ်ဖြစ် အရေးပေါ်ကယ်ဆယ်ရေး (ရှေ့ဦးသူနာပြု) ပစ္စည်းပက်ကေ့စ်လေး ထည့်ထားပေးရင် ဘယ်လောက်ကောင်းမလဲလို့ တွေးမိပါတယ်။ ဘာကြောင့်လဲဆို နော်ဝေးမှာဆိုရင် အခကြေးငွေယူပြီး အများပြည်သူကိုပို့ဆောင်တဲ့ယဉ်တွေအပြင် ကိုယ်ပိုင်ယဉ်တွေမှာလဲ ဒီလို ပစ္စည်းတွေထည့်ထားလေ့ရှိပါတယ်။ တခါ အခုလို ယဉ်တိုက်မှု၊ ယဉ်မတော်တဆမှုဖြစ်လို့ ထိခိုက်ဒဏ်ရာရရင်လည်း အရေးပေါ်ဆေးရုံကားကို ချက်ချင်းခေါ်နိုင်ပါတယ်။

လွိုင်ကော်မြို့အ၀င်

ဆိုင်ကယ်တိုက်မှုများလွန်းလှတဲ့ မြန်မာနိုင်ငံတ၀ှမ်းကအခြေအနေပေါ်စဉ်းစားလို့ကောင်းတုန်း ဧရာမ ရေအိုင်ကြီးတခုကို လှမ်းမြင်လိုက်ရပါတယ်။ ရေအိုင်က နဲတာမဟုတ်၊ အင်းလေးကန် နီးပါးရှိပါတယ်။ ဒါဟာ မိုးဗြဲဆည်ကို စမြင်ရတဲ့ ဖယ်ခုံမြို့နယ်ဖြစ်ပြီး အင်းလေးကန်ကနေ ဒီအထိ လှေနဲ့လာလို့ရတယ်လို့ သိရပါတယ်။ အဲဒီဆည်ရေအိုင် ဆုံးခါနီးမှာတွေ့ရတဲ့ဆိုင်းဘုတ်က မိုးဗြဲမြို့မှာ လှိုက်လှဲစွာကြိုဆိုပါအိ မြို့အထွက်နားမှာတော့ ဆည်ရေနဲ့စိုက်ထားတဲ့ လယ်ကွင်းတွေမှာ စပါးရိတ်ဖို့ ပြင်နေတာတွေ့ရပါတယ်။ တခြားလယ်ကွက်တွေမှာတော့ အခုမှ ထယ်ထိုး၊ လယ်ထွန်လုပ်နေတုန်း၊ ကောက်စိုက်ဖို့ပြင်နေကြတုန်း။



အဲဒီလယ်ကွင်းတွေအလွန် လမ်းရဲ့ယာဖက်မှာ ရှမ်း ပြည်နယ်မှ နှုတ်ခွန်းဆက်သပါအီ ဆိုတဲ့ အနီပေါ် အဖြူနဲ့ရေး ထားတဲ့ဆိုင်းဘုတ်ကိုတွေ့ရပြီး ၀ဲဖက်မှာတော့ ကယားပြည်နယ်မှ လှိုက်လှဲစွာကြိုဆိုပါအီ ဆိုတဲ့ဆိုင်းဘုတ်ကိုတွေ့ရ ပါတယ်။ ဒါဟာ ရှမ်း-ကယားနယ်စပ်ပါပဲ။ ကယားပြည်နယ်မြို့တော် လွိုင်ကော် နားနီးလာတဲ့အခါ ကားလမ်းက နဲနဲပိုကောင်းလာတဲ့အပြင် စီးမောင်းနိုင်တဲ့လမ်းမကြီးအဖြစ်တိုးချဲ့ ထားပါတယ်။

ရှမ်းပြည်နယ်ထဲက မြို့တွေရော၊ ကယားပြည်နယ်လွိုင်ကော်ဝန်းကျင်ကမြို့တွေပါ တောင်တွေဝိုင်းရံ ထားတဲ့မြို့တွေဖြစ်ပေမဲ့ တောင်ထိပ်မှာတွေ့ရတဲ့ ဘာသာရေးသင်္ကေတတွေကတော့ နဲနဲကွဲပြားလာတာ သတိထားမိပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဒဘာသာဝင်တွေဟာ အမြင့်ဆုံးတောင်ပေါ်တက်ပြီး စေတီတည်လေ့ ရှိသလို လွိုင်ကော်ဒေသက ခရစ်ယန်ဘာသာဝင်တွေကလည်း အမြင့်ဆုံးတောင်ပေါ်တက်ပြီး လက်ဝါး ကပ်တိုင် စိုက်ထားကြပါတယ်။ (ဥရောပ နိုင် ငံတွေရဲ့တောင်ထိပ်မှာ ဒီလိုတိုင်တွေရှိတယ်လို့ သတိ မထားမိပါ)

အောင်ပန်းလမ်းခွဲကနေ မိုးဗြဲအလွန်အထိ ကားတစီးစာသာအကျယ်ရှိတဲ့ ကတ္တရာလမ်းကြမ်းဟာ လွိုင်ကော်မြို့နဲ့ နီးလာတဲ့အခါမှာတော့ လမ်းသွားအဖြစ် ကျယ်ကျယ်ဝန်းဝန်းရှိလာပါတယ်။ မြို့အ၀င်ဝလမ်းဆိုရင် ရေတမာပင် တွေနဲ့လှပနေပါတယ်။ ဒါပေမဲ့ ဟိုဖက်မှာ လေယဉ်ကွင်းတိုးချဲ့နေလို့ ဆိုလား။ လမ်းတချို့ပိတ်ထားတာတွေ့ရပါတယ်။ ခရစ်ယန်ဘာသာဝင်များတဲ့ ပြည်နယ်မြို့တော်ဆိုပေမဲ့ မြို့ဝင် ၀င်ချင်းတွေ့ရတာက ဗုဒ္ဒဘာသာအဆောက်ဦကြီးတွေ။

ဒါပေမဲ့ ခရစ်ယန်ဘုရားကျောင်းတွေကိုလည်း နေရာအတော်များများမှာတွေ့ရပါတယ်။ ထားတော့။ ဒီမြို့ကို ကျနော်လာတဲ့ကိစ္စက ဘာသာ-ကိုးကွယ်မှုအကြောင်း သုတေသနလုပ်ဖို့မဟုတ်ပါ။ From the land of Green Ghoust (အို ဘယ့်အစိမ်းတို့မြေအဖြစ် မြန်မာပြန်ထား) ရဲ့ဖန်တီးရှင်၊ DVB (ဒီမိုကရက်တစ်မြန်မာ အသံ-မူလ) ၀န်ထမ်းဟောင်း၊ ABSDF ရဲဘော်ဟောင်း ပြည်တော်ပြန်တဦးဖြစ်သူ ပါစကယ်ခူးသွယ်နဲ့ တွေ့ဖို့သာဖြစ်ပါတယ်။ သူ့အိမ်က ဖယ်ခုံမှာဖြစ်ပေမဲ့ လွိုင်ကော်အခြေစိုက် ခရီးသွားပညာပေး နိုင်ငံတကာအဖွဲ့စည်းတခုမှာ သူတာဝန်ထမ်းနေတဲ့အတွက် ဖယ်ခုံကိုကျော်ပြီး လွိုင်ကော်အထိ ကျနော်ရောက်လာတာပါ။

ကားဆိုက်တဲ့အချိန်က ညနေ နာရီခွဲလောက်ပဲရှိသေးတော့ ပဒေါင်လည်ပင်းရှည်ရွာတွေဆီ လှည့်လည် ဟောပြောနေတဲ့ သူကပြန်မရောက်သေး။ ဒီတော့ သူ့အသိ လူငယ်တယောက်က ကျနော်ကို ဆိုင်ကယ်နဲ့ တင်ပြီး လွိုင်ကော်မြို့တပတ်လိုက်ပြပါတယ်။ ဘယ်နေရာတွေကြည့်ချင်လဲဆိုပြီး အဲဒီလူငယ်ကမေးတော့ ‘’စေတီတွေရှိတဲ့ ကျောက်တောင်’’ လောက်ပဲ ကျနော်ကပြောတတ်ပါတယ်။ ဒီတာင်ကွဲစေတီက တကယ့် အံ့သြစရာကြီး။ အဝေးကကြည့်ရင် ကျောက်ဆောင်တခုပေါ်မှာ စေတီငယ်တွေ တည်ထားတယ်လို့ ထင်ရပေမဲ့ အနီးကပ်သွားကြည့်တော့ ကျောက်ဆောင်က တခုတည်းမဟုတ်။ သီးခြားစီရှိနေတဲ့ ကျောက်လုံး - လုံးလောက်က ပြိုကျမလာပဲ တလုံးနဲ့တလုံးထိပြီး ထောင်နေတဲ့အနေအထားမျိုးကြီး။

ကျနော်ကိုလိုက်ပို့တဲ့လူငယ်နဲ့ ဒေသခံတချို့အပြောတိုင်းဆိုရင်တော့ မိုးဗြဲဆည်မဆောက်ခင်က ဒီဘုရား ခြေရင်းအထိရေရောက်နေပြီး ဧရာမလှေတစီးက ဒီကျောက်ဆောင်ကိုဝင်တိုက်မိရာကနေ အခုလို ကျောက်ဆောင် တစစီ ဖြစ်သွားတာလို့ဆိုပါတယ်။ စေတီခြေရင်းမှာလည်း အဲဒီလှေပုံစံကိုပါ ပြထားပါ တယ်။ အသေးစိပ်သိနိုင်ဖို့တော့ ထုံးစံအတိုင်း ရန်ကုန်ရောက်မှာ စာအုပ်စာတန်းတွေ ပြန်ရှာရပါဦးမယ်။

လွိုင်ကော်ခေါင်နဲ့ ကယားဝက်အူချောင်း

ဘုရားဖူးပြီးတော့ တခြားဘယ်နေရာသွားချင်သေးလဲလို့ လိုက်ပို့တဲ့လူငယ်ကမေးပါတယ်။ မြို့တပတ် လောက်ပတ်ပီးရင် ညနေစာ စားလို့ရတဲ့ဆိုင်တခုမှာထိုင်ပြီး ပါစကယ်ကိုစောင့်ရအောင်လို့ ကျနော်က ပြန်ဖြေပါတယ်။ ဒီတော့ မြို့လယ်ကိုဖြတ်စီးနေတဲ့ ဘီးလူးချောင်းတလျောက်က စားသောက်ဆိုင်တွေ၊ နောင်ယားကန်ကြီးဘေးနားက ဆိုင်တန်းတွေကိုကျော်ပြီး မြို့ပြင်ခပ်ကျကျရှိ ခေါင်ရည်ဆိုင်ဆီ ဒီလူမောင်းချလာပါတယ်။ ‘’ဒါ လွိုင်ကော်မှာ အကောင်းဆုံး ခေါင်ရည်ဆိုင်ပဲ။ ဒီရောက်တုန်းတော့ ဒါ သောက်သွားပေါ့။ ဘီယာက တခြားမြို့တွေမှာလည်း သောက်လို့ရတာပဲ’’ လို့ လူငယ်ကဆိုပါတယ်။


အိမ်ရှင်က ဒီလောက်ညွှန်းနေမှတော့ ဧည့်သည်က ဘယ်ငြင်းလို့ကောင်းပါ့မလဲ။ ‘’တောင်ပေါ်ခေါင်ရည် ချိုမြမြ တဂျိုင့်လောက်သောက်ရင် အမောပြေ၊ဒါဟာလေ ချင်းပြည်ရဲ့ ဓလေ့တခုပါ…’’ ဆိုတဲ့ ရိုးရာဖွဲ့ သီချင်းစာသားကို ကျနော်သိပ်ကြိုက်ပါတယ်။ တိုက်ဆိုင်ချင်တော့ အဲဒီလူငယ်အပါဝင် လွိုင်ကော်က လူငယ်တချို့ ဒီသီချင်းစာသားကို တယ်လီဖုန်းမြည်သံအဖြစ် ထည့်ထားကြတာ တွေ့ရပါတယ်။ တကယ်တော့ ခေါင်ရည်ဆိုတာ ချင်းပြည်ရဲ့ ဓလေ့ တင်မက၊ တောင်ပေါ်သားအားလုံးရဲ့ ဓလေ့လို့လဲ ဆိုနိုင်မယ်ထင်ပါတယ်။

ချင်းပြည်နဲ့ ကချင်ပြည်ကို အခုထိမရောက်ဖူးသေးပေမဲ့ မာနယ်ပလောအပါဝင် နယ်စပ်ဒေသမှာတွေ့ဖူးတဲ့ ချင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရှမ်း(ဒေသတချို့) အတော်များများ ခေါင်ရည်ကို ဂုဏ်ယူစွာသောက်သုံးကြ တာတွေ့ရပါတယ်။ အဲဒီဒေသဆီမရောက်ဖူးသေးသူတွေကတော့ ခေါင်ရည်နဲ့ အရက်၊ ဘီယာကို အတူတူလို့ထင်ကောင်းထင် နေနိုင်ပါတယ်။ တကယ်က အဲဒီလိုမဟုတ်ပါ။ ခေါင်ရည်ဟာ ဘာဓာတု ဆေးဝါးမှမပါပဲ သဘာဝနည်းအတိုင်းချက်ထားတာကြောင့် ကျမ်းမာရေးနဲ့ညီတယ်၊ အမျိုးသားရော၊ အမျိုးသမီးပါ သောက်သုံးကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တကယ်တော့ ခေါင်းရည်ဟာ ကျနော့်အတွက် အစိမ်းသက်သက်မဟုတ်ပါ။ ထိုင်း-မြန်မာ နယ်စပ် ကရင်နီ သူပုန်စခန်းနဲ့ ဒုက္ခသည်ခစန်းတွေမှာ လွန်ခဲ့တဲ့ နှစ် ၂၀ ၀န်းကျင်က သောက်ခဲ့ဖူးပါတယ်။ အခုတော့ ကရင်နီ၊ သို့မဟုတ် ကယားပြည်နယ်ရဲ့မြို့တော်ကဆိုင်မှာ ထိုင်သောက်ရမှာဆိုတော့ ပိုအဓိပါယ်ရှိတာပေါ့။ ‘’ဒါက အကျရည်၊ ဒါက ခေါင်ပူ’’ ဆိုပြီး ဖန်ခွက်  ခွက်အပြည့် အဲဒီလူငယ် လာချပေးပါတယ်။ တောထဲမှာတုန်းက အပူကိုသောက်ဖူးပြီးသားဆိုတော့ အခု အကျကို စမ်းကြည့်မယ်ဆိုပြီး မြည်းကြည့် ပါတယ်။

တောင်တန်းဒေသက လူတွေဟာ စာပေနဲ့ ယဉ်ကျေးမှုမှာတင် ကိုယ်ပိုင်ဟန်ရှိတာမဟုတ်။ အစား အသောက်မှာလည်း ကိုယ်ပိုင်အစာတွေရှိပါတယ်။ ပြည်တွင်းဖြစ် ခေါင်းရည်နဲ့အတူ အမြည်းကလည်း အားလုံး ပြည်တွင်းဖြစ်တွေချည်းပဲ။ ကယားဝက်အူချောင်း၊ ၀က်သားဖက်ထုတ်ပေါင်း၊ ခရုဟင်းချို စသဖြင့်အစုံအလင်။ ရာသီဥတု ပြောင်းအလဲ၊ ပထ၀ီအနေအထားအပြောင်းအလဲ၊ အစား အသောက်အပြောင်းအလဲကြောင့် ၀မ်းလျောမှာစိုးလို့ ဘာမှမစားရဲဖြစ်နေတဲ့ကျနော်ဟာ တောင်ပေါ် ခေါင်ရည်နဲ့တွေ့တော့ ဆောင်ရန်၊ ရှောင်ရန် အားလုံးကိုမေ့သွားခဲ့ပါတယ်။   

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More