Saturday, July 30, 2016

ပြည်တော်ပြန်တဦးရဲ့ စတုတ္တအကြိမ် ထားဝယ်မြို့အ၀င်

တနသာင်္ရီ အပတ်စဉ် July 25-31.

မော်လမြိုင်မှ ထားဝယ်သို့

ဒီတခေါက် ရန်ကုန်-ထားဝယ်ခရီးစဉ်ကို လေယဉ်နဲ့မသွားပဲ ဘတ်စ်ကားနဲ့သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုဆုံးဖြတ်ခြင်းရဲ့ ပထမ အချက်က နိုင်ငံခြားသား စာအုပ်ကိုင်ထားသူတွေကို လေယဉ်ခနှစ်ဆ ယူတဲ့ အပြင် ထားဝယ်လေယဉ်ကွင်းရောက်ရင် စာအုပ်ကိုသိမ်းပြီး ဟိုမေးဒီမေးလုပ်တာကို မခံချင်လို့ဖြစ်ပါတယ်။ ဒုတိယ အချက်ကတော့ ရန်ကုန်နဲ့ ထားဝယ်ကြား၊ အထူးသဖြင့် မော်လမြိုင်နဲ့ ထားဝယ်ကြားက တောတောင်ရေမြေ သဘာဝအနေအထားတွေ၊ ကားလမ်းအခြေအနေ၊ ခရီးသွားတွေ ရဲ့အခြေအနေကို လေ့လာချင်လို့ဖြစ်ပါတယ်။



ရန်ကုန်နဲ့မော်လမြိုင်ကြား ကားလမ်းအခြေအနေက ဘာမှပြောစရာမလို။ ရွှေသံလွင်ကုပဏီကတာဝန်ယူ ဖောက်ပြီး ဂိတ်ကြေးကောက်နေတာဆိုတော့ နေပြည်တော်လမ်းနီးပါး ကောင်းပါတယ်။ မကောင်းသေး တာက မော်လမြိုင်နဲ့ ထားဝယ်အပိုင်းဖြစ်ပါတယ်။ ကျနော်က အဲဒီလိုထင်နေပေမဲ့ ထားဝယ်ဒေသခံအများစု ကတော့ ‘’လမ်းတွေသိပ် ကောင်းသွားပြီ’’ လို့ပြောကြပါတယ်။ ဟုတ်ပါတယ်။ အရင် (၁၉၈၈ ၀န်းကျင်က) ရေးနဲ့ထားဝယ်ကိုတောင် တနေကုန်မောင်းနေရတဲ့ကားတွေဟာ အခုတော့ ရန်ကုန်ကနေ နေ့လည် နာရီ ထွက်၊ နောက်တမနေ့ မနက် နာရီ လောက်မှာ ထားဝယ်ကိုရောက်နေပြီဖြစ်ပါတယ်။

ဒါပေမဲ့ မော်လမြိုင်-ထားဝယ်ကားလမ်းဟာ မော်လမြိုင်-ရန်ကုန် လမ်းနဲ့စာရင် အများကြီး ထပ်ပြင်ဖို့လိုနေ ဆဲပါ။ မော်လမြိုင်နဲ့ ထားဝယ်ကြားမှာ အဓိကတိုးတက်လာတဲ့နေရာက သံဖြူဇရပ်နဲ့ ရေးကြားရှိ ကားလမ်း ပိုင်းဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် ပထမအခေါက် ပြည်တော်ပြန်ခရီးစဉ်တုန်းက ဒီနေရာတ၀ိုက် လမ်းတွေ အတော်ဆိုးပါတယ်။ အခု အတော်တိုးတက်နေပါပြီ။ တဖက် ပေစီထပ်ချဲ့တာ၊ တံတားတွေပြင်နေတာကို ပါ တွေ့ခဲ့ရပါတယ်။ အနှစ်ချုပ်ရရင် အရင်က ကားတစီးစာမောင်းနိုင်ရုံသာကျယ်တဲ့လမ်းဟာ အခုတော့ ကား စီး လွဲနိုင်တဲ့အထိ တိုးတက်လာနေပါပြီ။

အသိသာဆုံးနဲ့ အထင်ရှားဆုံးပြုပြင်မှုလုပ်ထားတဲ့နေရာကတော့ ဒီလမ်းမှာအရေးပါဆုံးနေရာဖြစ်တဲ့ မလွဲတောင် ပါပဲ။ အရင်ခေတ်ကလို ဓားမြရန်၊ သူပုန်ရန်၊ စစ်သားရန် မရှိတော့သလို ဂိတ်ကြေးလဲ (မြို့ဝင်ကြေးမှအပ) ပေးစရာ မလိုတော့ပါ။ တောင်တွေကိုဖြိုပြီး လမ်းတွေချဲ့၊ တောင်မပြိုအောင် ရေထိမ်းနံရံတွေလုပ်၊ ရေမြောင်းတွေဖေါ်ထားတဲ့အပြင် အရင်ကကွေ့ကောက်နေတဲ့လမ်းတွေကို တတ်နိုင်သမျှအဖြောင့်ဖြစ်အောင် ပြန်ဖောက်နေတာကိုလဲ တွေ့ရပါတယ်။ ဒါပေမဲ့ ပြုပြင်ဆဲကာလမို့လား၊ မိုးရာသီမို့လို့လားမပြောတတ်။ တချို့နေရာတွေမှာ မြေပြိုတာ၊ လမ်းပေါ် ဗွက်အိုင်ကြီးဖြစ်နေတာတွေ ကတော့ ရှိနေဆဲပါ။


ဒီလမ်းတလျောက်တွေ့ရသမျှ ကားဂိတ်တွေထဲ သံဖြူဇရပ်ကားဂိတ်က အသပ်ရပ်ဆုံးပါ။ ရေးမြို့မှာရပ်ပြီး ထမင်းစားတဲ့ဆိုင်တွေလည်း သိပ်မဆိုးလှ။ ၁၁၅ မိုင်စခန်း၊ သထုံ၊ ဘီးလင်းရှိ ဆိုင်တန်းတွေ၊ အိမ်သာခန်းတွေနဲ့စာရင် နဲနဲအဆင့်နိမ့်နေဆဲဖြစ်ပေမဲ့ သိပ်အဆိုးကြီးတော့ မဟုတ်ပါ။ 

ဒါဖြင့် ဘယ်မှာဆိုးသလဲလို့မေးစရာရှိလာပါတယ်။ ပထမ အခေါက်ခရီးစဉ်တုန်းက တင်ပြခဲ့ဖူးတဲ့အတိုင်း ရွာဟောင်းကို ဆိုင်းဘုတ်သစ်တင်ပြီး မြို့နယ်အသစ်ဖွင့်ထားတဲ့ ကလိန်အောင်က ထမင်းဆိုင်တန်းပါပဲ။ ဒါတောင် ၂၀၁၃ နဲ့ စာရင် မနည်းတိုးတလာခဲ့ပါတယ်။ ဒါပေမဲ့ ဒီလမ်းမှာခရီးသွားသူတိုင်း ဒီဆိုင်မှာ ထမင်းစားတာကြောင့် (ထမင်းဖိုးထဲ အိမ်သာကြေးထည့်မထားသည့်တိုင်) ဒီထက်ကောင်းတဲ့ ၀န်ဆောင်မှုပေးနိုင်အောင် ကြိုးစားသင့်ပါတယ်။

၂၀၁၃ တုန်းက ပြုပြင်နေဆဲဖြစ်တဲ့ ကလိန်ဝန်းကျင်ကလမ်းတွေဟာ အခုအတော်ကောင်းနေပါပြီ။ ကလိန်အောင်တံတားသစ်ကလည်း အတော်လှပနေပါတယ်။ ရေဖြူမြို့နယ်ထဲဝင်တော့ ထားဝယ်မြစ်ကို ဖြတ်ပြီး ရေဖြူအရှေ့နဲ့ အနောက်ကို ဆက်သွယ်ထားတဲ့ ကွန်ကရစ်တံတားက လွန်ခဲ့တဲ့ နှစ်တာအတွင်း တိုးတက်မှုတွေကို သက်သေပြနေပါတယ်။ အဲဒီတံတားကိုဖြတ်ပြီးဖြစ်စေ၊ ခုတ်လှဲခံထားရတဲ့ ဆီအုန်းပင် တန်းအလွန်က မြေနီလမ်းအတိုင်းဖြစ်စေ၊ အနောက်ဖက်ပင်လယ်ဆီသွားမယ်ဆိုရင်တော့ နာမည်ကြီးပြီး အခုထိ လက်တွေ့မစနိုင်သေးတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း (စီမံကိန်း) ဆီရောက် နိုင်ပါတယ်။

ထားဝယ်မြို့မှ ကြိုဆိုပါ၏

ဟိုလမ်းမကောင်းဘူး၊ ဒီလမ်းဆိုးတယ်၊ ဒီဆိုင်ညစ်ပတ်တယ်ဆိုပြီး လမ်းတလျောက်တွေ့သမျှနေရာတွေကို ဝေဖန်လာခဲ့တဲ့ ထားဝယ်သားသတင်းထောက်ဟာ ထားဝယ်မြို့အ၀င် အဝေးပြေးကားဂိတ်ရောက်မှ ပက်လက်လန်သွားပါတယ်။ ဒီလောက်ဆိုးတဲ့ကားဂိတ်မျိုး ပြည်တော်ပြန်ခရီးစဉ် ခုတာအတွင်းသွားခဲ့ဖူး တဲ့ ပြည်နယ်-တိုင်း ၁၀ ခုလောက်အတွင်း ဘယ်နေရာမှာမှ မတွေ့ခဲ့ဖူးပါ။ 


ထားဝယ်ဒေသရှိ ဆောင်းပါးရှင်တဦးကတော့ လကမ္ဘာလို ချိုင့်တွေများလှတယ်လို့ စာဖွဲ့ဖူးပါတယ်။ ဒါပေမဲ့ လကမ္ဘာမှာ အမှိုက်ပစ်တဲ့လူမရှိပါ။ ထားဝယ်အဝေးပြေးကွင်းမှာတော့ ချိုင့်ခွက်ပေါလွန်းလို့ ရေအိုင်၊ ဗွက်အိုင်များလွန်းတဲ့အပြင် အဲဒီအိုင်တွေ၊ ရပ်ထားတဲ့ကားတွေကြားမှာ ပစ်ထားတဲ့ အမှိုက်တွေက နည်းတာမဟုတ်။ 

နောက်ထပ်ထူးခြားတာက ခရီးသည်ယဉ်နဲ့ ကုန်တင်တဲ့ယဉ်ကို တနေရာတည်းမှာ စခန်းသွင်းထားခြင်းပါ။ ဒီတော့ ကွင်းမပျက်ရင် ဘယ်ခံနိုင်ပါ့မလဲ။ ဒီအဝေးပြေးကွင်းပြုပြင်ရေးအတွက် တိုင်းအစိုးရသစ်က လာရောက်စစ်ဆေးခဲ့တယ်၊ အစီစဉ်တွေဆွဲနေတယ်ဆိုပြီး သတင်းတွေကြားခဲ့ရဖူးပေမဲ့ အခု ရက် ၁၀၀ ကျော်တဲ့အထိတော့ ဘာမှမပြုပြင်ပဲ အရင်အတိုင်းရှိနေဆဲပါ။ တိုင်းအစိုးရ၀န်ကြီးတွေ၊ လွတ်တော်ကိုယ်စား လှယ်တွေ လိုင်းကားမစီးပဲ ကိုယ်ပိုင်ကား၊ အစိုးရကား၊ ဒါမှမဟုတ် နိုင်ငံတော်စရိတ်နဲ့ လေယဉ်စီးပြီး သွားနေကြတာကြောင့် ဒီလိုပြုပြင်ရေး နှေးကွေးနေတာလားလို့ မေးခွန်းထုတ်ချင်စရာပါ။

အဝေးပြေးကားဂိတ်ကနေ ဆင်ဆိပ်၊ ၀ဲကျွန်းဖက်ထွက်လာတော့ ကောင်းလိုက်တဲ့လမ်းတွေ၊ အရင် အခေါက်တွေတုန်းကထက် အများကြီးတိုးတက်လာပါတယ်။ ဒေသခံတွေက နိုင်လွန်ကတ္တရာလမ်း လို့ခေါ်ကြတဲ့ ဒီလိုလမ်းမျိုး ထားဝယ်တမြို့လုံးမှာ ဖောက်ပြီးသွားပါပြီ။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အဝေးပြေးကားဝင်နေရာမှအပ ကျန်ထားဝယ်တမြို့လုံးမှာ (အဓိကလမ်းမကြီးတွေကိုသာဆိုလို) လမ်းတွေ ကောင်းနေပြီဆိုပါတော့။

လယ်ယာမြေသိမ်းဆည်းမှုတွေ၊ ဖမ်းဆီးထောင်ချမှုတွေနဲ့နာမည်ကြီးနေတဲ့ ကမျောကင်းလမ်းဖက်ရောက်တဲ့ အခါမှာတော့ အရင်အခေါက်ကတွေ့ပြီးသား ၀န်ကြီးအိမ်ယာတွေအပြင် ဆောက်လုပ်ဆဲ တိုင်းလွှတ်တော်ရုံုံး သစ်ကြီးကိုပါ တွေ့ရပါတယ်။ ကမျောကင်းတံတားထိပ်နားမှာတော့ အသစ်ဆောက်ထားတဲ့ ကုန်တိုက်နဲ့ စားသောက်ဆိုင်တန်း၊ ပုံစံတူနှစ်ထပ်တိုက် အတွဲလိုက်အခန်းတွေကိုအစီအရီတွေ့ရပါတယ်။ ဒါပေမဲ့ ဒီလိုလှပသန့်ရှင်းမှုဟာ ၀န်ကြီးအိမ်ဝန်းကျင်မှာပဲရှိနေပြီး အဲဒီအိမ်တန်းအလွန် ကမ်းနားလမ်းတလျောက် ဟာ ရှေ့မှာတင်ပြခဲ့တဲ့ အဝေးပြေးကားဝင်းလိုပဲ ညစ်ပတ်စုတ်ပြတ်နေဆဲလို့ ဒေသခံတွေကပြောပါတယ်။

နောက်ထပ်ထူးခြားချက်တခုကတော့ ကမျောကင်းတံတားဆောက်ကတည်းကရှိနေတဲ့ ၀ါးတားဂိတ်တွေ အခု မရှိတော့ပါ။ တံတားကြေး၊ ဂိတ်ကြေးပေးစရာမလိုတဲ့အပြင် ဂိတ်မရှိ၊ လူမရှိတော့တဲ့အတွက် တံတား ၀န်းကျင်ဟာ အတော်လှပသန့်ရှင်းသွားပါတယ်။ တံတားအလွန် လောင်းလုံးမြို့နယ်ထဲရောက်တာနဲ့ ဗိုလ်မှုကြီးဗထူး ရုပ်ထုနဲ့ ပန်းခံကိုတွေ့ရပါတယ်။ ကျနော်ရောက်သွားတဲ့အချိန်က ဗထူး နှစ် ၁၀၀ ပြည့်ပွဲ ကျင်းပဖို့ပြင်ဆင်နေချိန်နဲ့ တိုက်ဆိုင်နေလို့ ဒီဝန်းကျင်မှာ အတော်လေးစည်ကားနေပါတယ်။

ကမျောကင်းတံတားထိပ်ကနေ ကျနော်တို့ (မင်းရပ်) ရွာအကြား လမ်းတွေ အတော်ကောင်းမွန် ကျယ်ပြန့် နေပါပြီ။ ကားတွေ၊ ဆိုင်ကယ်တွေကလည်း များသလားမမေးနဲ့။ ရွာလမ်း ဟိုဖက် ဒီဖက်ဖြတ်ကူး ဖို့အရေးတောင် သက်စွ့န့်ဆံဖျား ရန်ကုန်မျဉ်းကြားမှာ လမ်းကူးရသလိုပါပဲ။ တကယ် မလွယ်ပါ။ မလွယ်ဆို ဒီဒေသမှာက အဝေးပြးကားလမ်းနဲ့ မြို့တွင်း၊ ရွာတွင်းလမ်းက သီးခြားစီရှိတာမဟုတ်။ ရွာတွင်းလမ်းကို အဝေးပြေးလမ်းအဖြစ်အသုံးပြုနေတဲ့သဘော။ အဝေးပြေးလမ်းမှာ သတ်မှတ်မိုင်နှုန်းဘယ်လောက်၊ ရွာတွင်းလမ်းမှာ သတ်မှတ်မိုင်နှုန်းဘယ်လောက်ဆိုတာလဲ ရှင်းရှင်းလင်းလင်းကြေငြာထားပုံမရ။


ဒါက လမ်းတလျောက်မြင်ရတဲ့အခင်းအကျင်းအပြောင်းအလဲ။ လူထုကရွေးချယ်ထားတဲ့အစိုးရသစ် တက်နေပြီဆိုတော့ နေ့စဉ်အုပ်ချုပ်ရေးယန္တယားမှာကော ဘာတွေပြောင်းလဲနေပြီလဲ။ ဧည့်စရင်းတိုင်ဖို့ လိုနေဆဲလား။ ၈၈ တုန်းက ရွာမှာအတူလှုပ်ရှားခဲ့ပြီး အခု NLD အစိုးရရဲ့ တိုင်းဒေသ၀န်ကြီးဖြစ်နေသူ ရဲဘော်သူငယ်ချင်းကိုမေးကြည့်တော့ အရင်အခေါက်တွေကအတိုင်း မြို့နယ် လ၀က ဆီ သတင်းပို့ထားဖို့ လိုနေသေးတယ်လို့ပြောပါတယ်။ ဒါပေမဲ့ အရင်အခေါက်တွေကလိုတော့ အမေးအမြန်း သိပ်မထူတော့ပါ။ နယ်ထိမ်းတွေ၊ အထူးရဲတွေ အိမ်အထိလာပြီးမေးမြန်းတာမျိုးလည်း မရှိတော့ပါ။

ဒါကိုပင် တိုးတက်လာမှုတခုအဖြစ် ကြိုဆိုသင့်တယ်မဟုတ်ပါလား။ ဒါတင်လားဆိုတော့ မဟုတ်သေး။ လျှပ်စစ်မီးတိုင်အသစ်တွေ တလမ်းလုံးမှာစိုက်ထူနေတာတွေ့ရပြီး ၂၄ နာရီမီးရအောင် အစိုးရသစ်က စီစဉ်နေတယ်ဆိုပါတယ်။ မီတာခဈေးကြီးတာ၊ မီးကြိုးဖိုးထပ်ပေးရမယ်ဆိုတာတွေကိုတော့ နောက်တပိုင်း ထားလိုက်ပါ။ အခုလာနေတဲ့ မနက် နာရီ၊ နာရီမီးနဲ့စာရင်တော့ ၂၄ နာရီမီးက ကျေးလက်ဒေသရဲ့ ကုန်ထုတ်လုပ်မှုနဲ့ လူနေမှုအဆင့်အတန်းကို တစုံတရာ တိုးတက်လာစေလိမ့်မယ်လို့မျှော်လင့်မိပါတယ်။

ဒီလိုပြောလိုက်လို့ လောင်းလုံးမြို့နယ်ထဲကလူတွေ လျှပ်စစ်မီးကိုအခြေခံပြီး ကုန်ထုတ်လုပ်မှုလုပ်နေပြီ၊ စက်မှုခေတ်ကိုရောက်နေပြီလို့မထင်လိုက်ပါနဲ့။ လယ်ယာမြေ၊ ဥယဉ်ခြံနဲ့ ရောဘာစိုက်ခင်းတွေကိုသာ အဓိကအားထားရုန်းကန် နေရဆဲပါ။ ဒါပေမဲ့ စပါးဈေးကမကောင်း၊ ရော်ဘာဈေးက ကျဆိုတော့ လူငယ် အများစုဟာ ကျေးလက်ဒေသကို စွန့်ပြီး ထိုင်းဖက် (ဒေသခံတွေအခေါ် ရှမ်းကမ်း) မှာ သွားအလုပ်လုပ်နေ သူသာ တဖြေးဖြေးပိုများများလာနေပါတယ်။ ဒီရွာတန်းတလျောက်မှာတွေ့ရတဲ့ တိုက်အိမ်သစ်အားလုံးဟာ အဲဒီရှမ်းကဖက်ကပို့လိုက်တဲ့ငွေနဲ့ ဆောက်ထားတာတွေပေါ့။

သူများနိုင်ငံမှာသွားပြီး ကျွန်ခံနေရတယ်လို့ စာဖတ်သူက ပြောချင်နေတာလား။ အဲဒိလိုမဟုတ်တော့ပါ။ အစိုးရသစ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြီးခဲ့တဲ့ဇွန်လအတွင်းက ထိုင်းနိုင်ငံဆီသွားပြီး မြန်မာနိုင်ငံက အလုပ်သမားတွေကို ဥပဒေနဲ့အညီ၊ လူ့အခွင့်ရေး၊ အလုပ်သမားအခွင့်အရေးတွေနဲ့အညီ အကာအကွယ် အကူအညီပေးဖို့ ထိုင်းအစိုးရဆီ တရားဝင်တောင်းဆိုထားခဲ့ပြီး မဟုတ်ပါလား။ ထိုင်းရောက် အလုပ်သမား သန်း လောက်အထဲ တနသာင်္ရီတိုင်းသားတွေချည်း သိန်းလောက်ရှိမယ်ထင်ပါတယ်။

အစိုးရသစ်နဲ့ နိုင်ငံရေးပွင့်လင်းလာမှု

နေ့စဉ်အုပ်ချုပ်ရေးယန္တယားကို ပြည်ထဲရေးဌာနလက်အောက်ခံ (ပြည်နယ်-တိုင်း အစိုးရအဆင့်မှာတော့ နယ်-လုံ ၀န်ကြီးလက်အောက်ခံ) ထွေ-အုပ် ဌာနက ကိုင်ထားဆဲဆိုပေမဲ့ နိုင်ငံရေးပွင့်လင်းမှုအပိုင်းမှာတော့ ထားဝယ်ဒေသက အတော်ကြီးကိုတိုးတက်ပြောင်းလဲလာနေတာတွေ့ရပါတယ်။ ၀န်ကြီးဖြစ်နေလို့၊ ၀န်ထမ်း ဖြစ်နေလို့ အရင်အခေါက်တွေက ကျနော်နဲ့တွေ့ဖို့ တုန့်ဆုတ်နေသူတွေဟာ အခု လုံးဝပြောင်းလဲသွားပါပြီ။ ထားဝယ်မှာတွေ့ရတဲ့ ၀န်ကြီးအသစ်၊ အမတ်သစ်အားလုံးနီးပါးက ၈၈ အရေးတော်ပုံနဲ့ အဲဒီနောက်ပိုင်း နိုင်ငံရေးထဲ ပါဝင်ခဲ့ဖူးတဲ့ အသိမိတ်ဆွေ NLD ပါတီဝင်တွေချည်းသာဖြစ်ပါတယ်။


ဒါကြောင်ြ့ဖစ်မယ်။ အရင်အစိုးရခေတ်အဆက်ဆက်က တခါမှမကြားဖူးတဲ့၊ စိတ်ကူးယဉ်လို့တောင်မဖြစ်နိုင် တဲ့ ဖြစ်ရပ်မျိုး ကျနော်ထားဝယ်ရောက်နေစဉ် ကြုံခဲ့ရပါတယ်။ အဲဒါကတော့ ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်ဦ မိုင်းခွဲဖျက်ဆီးခံရခြင်း ၅၄ နှစ်မြောက် 7 July ၀မ်းနည်းဘွယ်အခန်းအနား ကို ထားဝယ်မြို့တော်ခန်းမမှာ ကျင်းပခွင့် ပေးလိုက်ခြင်းပါ။ ထူးခြားတာလား၊ တိုက်ဆိုင်မှုလားတော့ မပြောတတ်။ အဲဒီအခမ်းအနားမှာ စကားတက်ပြောပေးဖို့ ထားဝယ်ခရိုင်ကျောင်းသားသမဂ္ဂက ကျနော်ကို ဖိတ်ကြားခဲ့ပါတယ်။ 

ဒါဟာ အရင်ခရီးစဉ် ခေါက်တုန်းက ဘယ်လိုမှမဖြစ်နိုင်တဲ့ အနေအထားပါ။ အခု နိုင်ငံရေးအခြေအနေတွေ ကယ်ပြောင်းလဲနေပြီလား။ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအပင်း တွေကြား တကယ်ပဲပူးပေါင်းဆောင်ရွက်မှုရှိနေပြီလား။ အပြည့်အ၀မဟုတ်သေးရင်တောင် အတိုင်းအတာ တခုထိတော့ ပူးပေါင်းဆောင်ရွက်မှုရှိနေပြီလို့ထင်ပါတယ်။ ဘာကြောင့်လဲဆို ထားဝယ်ကျောင်းသား သမဂ္ဂက ကျနော်ကိုဖိတ်စာလာပို့တဲ့နေရာဟာ ထားဝယ်နယ်ရှိ နိုင်ငံရေးအဖွဲ့ပေါင်းစုံ စုပေါင်းတာဝန်ယူ ဆောင်ရွက်နေတဲ့ ဗိုလ်မှုးဗထူး နှစ် ၁၀၀ ပြည့် ရုံးခန်းမှာဖြစ်နေလို့ပါ။

ဒီထက်ပိုထူးခြားတာက NLD အစိုးရအဖွဲ့ဟာ 7 July အခမ်းအနားကိုမြို့တော်ခန်းမမှာ ကျင်းပခွင့်ပြုရုံတင် မက၊ တိုင်းအစိုးရ၀န်ကြီးတွေ၊ အမတ်မင်းတွေ ဒါဇင်နဲ့ချီပြီး ဒီအခမ်းအနားဆီတက်ရောက်အားပေးခဲ့ခြင်းပါ။ ဒါဟာ နိုင်ငံရေးအရ မဟာခုန်ပျံကျော်လွှားတိုးတက်လာခြင်း မဟုတ်ပါလား။ အခမ်းအနားပြီးတဲ့အထိ တက်တာ၊ မတက်တာ။ ကျောင်းသားလှုပ်ရှားမှုအပေါ် ပါတီနဲ့ကျောင်းသားတွေကြား သဘောထားကွဲတာ မကွဲတာက တပိုင်းထားလိုက်ပါ။


ဇူလိုင်လ ၁၂ ရက်နေ့မှာကျင်းပတဲ့ ဗိုလ်မှုးဗထူး နှစ် ၁၀၀ ပြည့်အခမ်းအနားမှာလဲ အလားတူ ၀န်ကြီးအဖွဲ့နဲ့ အမတ်မင်းတွေ အစုံအညီတက်ရောက်လာတာတွေ့ရပါတယ်။ NLD ပါတီ အာဏာမရခင် လွန်ခဲ့တဲ့ နှစ်ပိုင်းအတွင်း ဒီကိစ္စကို အဓိကတာဝန်ယူဆောင်ရွက်ခဲ့တဲ့ ထားဝယ်တိုင်းရင်းသားများပါတီနဲ့ NLD ပါတီ၊ တခြားပါတီ၊ အသင်းအဖွဲ့တွေကြား ပူးပေါင်းဆောင်ရွက်မှုဟာ အားရစရပါ။ 7 July အခမ်းအနားကိုတက်တဲ့ ၀န်ကြီးတွေ၊ အမတ်မင်းတွေအပြင် တိုင်းဝန်ကြီးချုပ်နဲ့ (စစ်ယူနီဖောင်းဝတ်ထားဆဲ) နယ်-လုံ ၀န်ကြီးတွေပါ ဒီပွဲကို အစုံအညီတက်လာတာတွေ့ရပါတယ်။

ဒါပေမဲ့ ဝေဖန်သူတချို့ကတော့ ၀န်ကြီးနဲ့အမတ်မင်းတွေဟာ ဒီလိုအခမ်အနားတက်တာ၊ ဖွင့်ပွဲ-ပိတ်ပွဲ တက်တာတွေဖက်မှာ အချိန်များနေပြီး နိုင်ငံရေးပြသာနာ၊ စီးပွားရေးပြသာနာတွေကိုဖြေရှင်းနိုင်မှုအပိုင်းမှာ အားနဲနေဆဲလို့ ဆိုကြပါတယ်။ လွှတ်တော်ရုံးသစ်နေရာအပါဝင် တတိုင်းလုံးမှာဖြစ်ပွားခဲ့တဲ့ မြေသိမ်းမှု ပြသာနာတွေ၊ အလုပ်အကိုင်ရှားပါးမှုပြသာနာ၊ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိမ်းသိမ်းရေးပြသာနာ၊ လျှပ်စစ်မီးပြသာနာ၊ ပညာရေး၊ ကျမ်းမာရေး စသဖြင့် အများပြည်သူနေ့စဉ်ကြုံနေရတဲ့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်မှုအပိုင်းမှာ အားနဲနေဆဲဖြစ်ပါတယ်။



ဒါကဝေဖန်သူတွေဖက်က အမြင်ပါ။ အစိုးရကိုထောက်ခံသူတွေဖက်ကတော့ နှစ်ပေါင်း ၄၀ ကျော် စနစ်တကျဖျက်ဆီးခံခဲ့ရတဲ့ တိုင်းပြည်တခုကို ရက် ၁၀၀ အတွင်း ဘယ်လိုလုပ် အကောင်းပကတိဖြစ်အောင် လုပ်နိုင်မှာလဲလို့ မေးခွန်းထုတ်ကြပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ်၊ သေချာတာတခုကတော့ လက်ရှိ ဒီမိုကရေစီတပိုင်း အစိုးရခေတ်မှာတက်လာတဲ့ ၀န်ကြီးနဲ့ အမတ်မင်းတွဟာ အရင် စစ်တပိုင်းအစိုးရခေတ် ၀န်ကြီးတွေ၊ အမတ်မင်းတွေလို ကိုယ်ကျိုး မဖက်တာ သေချာပါတယ်။ အများပြည်သူအပေါ် စေတနာ ပိုရှိတာသေချာပါတယ်။ 

ဒါပေမဲ့ အဲဒီစေတနာတွေကို လက်တွေ့ဖြစ်လာအောင် အကောင်အထည်ဖေါ်တဲ့အပိုင်းမှာတော့ အားနဲနေ ဆဲလို့ထင်ပါတယ်။ ဒီအတွက် အများပြည်သူ ပါဝင်ခွင့်ရတဲ့ ဆွေးနွေးငြင်းခုန်မှုတွေ၊ အများပြည်သူနဲ့ ဒီထက်မက ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့လုပ်ဆောင်ဖို့လိုနေဆဲလို့ ထင်မြင်မိပါတယ်။         

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More