The Voice Daily, 17-07-2016.
ဖယ်ခုံမြို့မှာ တရက်တာ
လွိုင်ကော်မှာ တညအိပ်ပြီးတဲ့နောက် ကိုပါစကယ်နဲ့အတူ ဖယ်ခုံမြို့ဆီပြန်လာခဲ့ပါတယ်။ လွိုင်ကော်နဲ့ ဖယ်ခုံက စင်းလုံးငှားကားနဲ့ဆို တနာရီလောက်ပဲ မောင်းရပါတယ်။ ဖယ်ခုံမြို့လယ်အ၀ို်င်းဆီမရောက်ခင် ခရစ်ယန်ဘုရားကျောင်းကြီးရဲ့ဘေးနားရှိ လမ်းထဲချိုးဝင်ပြီးတဲ့နောက် ရှေးခေတ်ပုံစံ အိမ်ဟောင်းကို အနောက်တိုင်းဆန်ဆန်ပြန်လည်ပြုပြင်ထားတဲ့ အိမ်ကြီးတလုံးရှေ့မှာ ကားရပ်လိုက်ပါတယ်။ ဒါဟာ ‘’အို ဘယ့် အစိမ်းတို့မြေ’’ စာအုပ်ထဲက စာရေးဆရာရဲ့ ဖိုး-ဖွား အိမ်ပါပဲ။
စာအုပ်ထဲပါတဲ့ ရှေးဟောင်းအိမ်ကို မူလ လက်ရာအတိုင်းမပျက်စေပဲ စနစ်တကျရွှေပြောင်းပြီး ကွန်ကရစ် အောက်ခံနဲ့ ဒုတိယ ထပ်မှာတင်ထားပါတယ်။ တတိယထပ်၊ စတုတ္တအထပ်တွေအဖြစ် ပန်းစိုက်ခင်းငယ်နဲ့ ရေစင်ထားတဲ့ နေရာတွေကိုပါတွေ့ရပြီး အဲဒီအပေါ်ကနေကြည့်လိုက်ရင် မိုးဗြဲဆည်ရဲ့အလှကို ကောင်းကောင်းမြင်နိုင်ပါတယ်။ ဖယ်ခုံဟာ ရှမ်း-ကယားနယ်စပ်က မြို့ငယ်လေးတခုသာဖြစ်ပေမဲ့ ပတ်လည်ဝိုင်းနေတဲ့ မြင့်မားတဲ့တောင်တန်းတွေရယ်၊ စိမ်းလဲ့ကျယ်ပြန့်လှတဲ မိုးဗြဲဆည်ရေရယ်၊ တောင်စောင်းလေးမှာ မြို့တည်ထားတာရယ်တွေကြောင့် မြင်ကွင်းဟာ ထူးခြားနေပြီး အနောက်တိုင်း ဆန်နေသလိုလို၊ နော်ဝေးနိုင်ငံက နယ်မြို့တခုခုဆီရောက်နေသလို ခံစားရပါတယ်။
ကျနော်ရောက်သွားတဲ့နေ့က ဈေးနေ့ဖြစ်နေလို့ (ဒီဒေသမှာ ၅ ရက်တခါ ဈေးနေ့ရှိတယ်လို့ဆိုပါတယ်) ဒေသထွက် သီးနှံမျိုးစုံ၊ သစ်တောထွက်ပစ္စည်းမျိုးစုံ၊ ဆည်ထဲကဖမ်းလာတဲ့ငါး၊ လတ်လတ်ဆတ်ဆတ် ကြက်သား၊ ၀က်သား။ ပြီးတော့ တခြားဒေသကနေ (သူတို့အခေါ် ဗမာပြည်ကနေ) လာရောင်းတဲ့ ပလစတစ် နဲ့အ၀တ်အထည်တွေကိုပါ တွေ့ရပါတယ်။ ပြီးတော့ ဒီဒေသမှာ မပါမဖြစ်တဲ့ ခေါင်ရည်ပေါ့။ ခေါင်ရည်နဲ့ တွဲမြည်းဖို့ အမဲခြောက်ကင်နဲ့ တခြားသရေစာမျိုးစုံကိုလည်း ဒီဈေးထဲမှာရနိုင်ပါတယ်။ ထူးခြားတာကတော့ ဈေးလာဝယ်သူအတော်များများဟာ ဈေးခြင်းတောင်းကိုမကို်င်ပဲ ပလိုင်းတွေလွယ်ပြီးဈေးဝယ်နေခြင်းပါ။ အမျိုးသမီးတချို့ ခမောက်ဆောင်း၊ ပုလိုင်းလွယ်၊ မော်တော်ဆိုင်ကယ်စီးပြီးထွက်သွားတဲ့ပုံက ရှေးခေတ် ရိုးရာဟန်ပန်နဲ့ ခေတ်သစ် စက်မှုတော်လှန်ရေးတို့ အားပြိုင်ပွဲကို မြင်နေသလိုလို။
အဲဒီဈေးတန်းအလွန်မှာတော့ ကန်စပ် (မိုးဗြဲဆည်အစပ်)ကိုမြင်ရပြီး ဆည်ထဲက ရေလယ်ကျွန်းတွေ၊ တဖက်ကမ်းကရွာတွေနဲ့ အင်းလေးကန်အထိပြေးတဲ့ စက်လှေတွေနဲ့ စည်ကားနေပါတယ်။ အခုအချိန်က မိုးရာသီဖြစ်လို့ ကမ္ဘာ့လှည့်ခရီးသည်အလာနေပေမဲ့ နွေဖက်ဆိုရင် အင်းလေးကနေ လှေစီးလာသူ အတော်များတယ်လို့ ကိုပါစကယ်ကပြောပါတယ်။ အဲဒီခရီးသည်တွေထဲမှာ သူ့စာအုပ် (From the land of Green ghosts) ဖတ်ဖူးသူတွေလည်း တခါတရံပါလာတဲ့အတွက် စာရေးသူရဲ့အိမ် (ကိုပါစကယ်ရဲ့အိမ်) ကို မြင်ချင်လို့ဆိုပြီး ၀င်လာလည်လေ့ရှိတယ်လို့သိရပါတယ်။
ဖယ်ခုံမြို့ကိုတပတ် ပတ်ပြီး သူအိမ်ရှေ့ပြန်ရောက်တော့မှ သူ့အိမ်ရဲ့နောက်ကျောမှာ (ခြံချင်းကပ်) RC ရိုမင်ကသလစ် ခရစ်ယန်ဘုရားကျောင်းကြီးရှိနေတာကို သတိပြုမိပါတယ်။ အီတလီနိုင်ငံ ရောမမြို့၊ ဘာတီကင်အခြေစိုက် ပုဒ်ရ ဟန်းမင်းကြီး pope francis ရဲ့ ဓာတ်ပုံနဲ့ လက်ရှိ ဖယ်ခုံဆရာတော် ဓတ်ပုံတွေကို ဘုရားကျောင်းနံရံမှာ ချိတ်ဆွဲထားတာတွေ့ရပါတယ်။ မူလဘုရားကျောင်းဘေးနားမှာတော့ ဘုရားကျောင်းအသစ်တခုကိုဆောက်နေတာတွေ့ရပြီး ဒါဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးဘုရားကျောင်း ဖြစ်လာလိမ့်မယ်လို့ ဆိုပါတယ်။
ဖယ်ခုံမှာ ခရစ်ယန်ဘာသာဝင်အတော်များပုံရပါတယ်။ တနင်္ဂနွေမနက် ဘုရားကျောင်းတက်ချိန်မှာ တက်လာကြသူတွေ နဲနဲနောနောမဟုတ်။ မနက် အိမ်ရာထချိန်မှာ ကြားရတဲ့အသံတောင် ရွာဦးကျောင်းက တုန်းမောင်းခေါက်သံ မဟုတ်၊ ဘုရားကျောင်းက သံချောင်းခေါက်သံဖြစ်ပါတယ်။ မနက်စာအတွက် ဖယ်ခုံ ငါးထမင်းနယ်က နာမည်ကြီးသလို ဖယ်ခုံဆန်ုပြုတ်ကလည်း စားလို့ကောင်းပါတယ်။
ဖယ်ခုံသားအတော်များများဟာ အခုချိန်ထိ တောင်ယာစိုက်ပျိုးရေးလုပ်နေဆဲပါ။ ဒါပေမဲ့ တနှစ်တခါ တောမီးရှီုတဲ့ စနစ်အစား နေရာတခုကိုအတည်ယူပြီး ဥယျဉ်ခြံသဘောမျိုးစိုက်နေကြတာဖြစ်ပါတယ်။ မြို့ပြင်မှာရှိတဲ့ စစ်တပ်စခန်းတွေ ပြောင်းလာကာစက လယ်မြေ၊ ခြံမြေအများအပြားအသိမ်းခံရတဲ့အပြင် တောင်ယာသွားတဲ့လမ်းတွေကိုပါ ပိတ်လိုက်တဲ့အတွက် စစ်တပ်မြေကိုရှောင်ပြီး တကွေ့တပတ်ကြီးသွား ခဲ့ရတယ်လို့ တောင်ယာလုပ်သားတဦးကပြောပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ အတွင်းဆိုးဆိုးဝါးဝါးဖြစ်ပွားခဲ့တဲ့ ဖယ်ခုံက မြေသိမ်းမှုတွေဟာလည်း တခြား ပြည်နယ်-တိုင်း အသီးသီးက မြေသိမ်းမှုတွေလိုပါပဲ၊ အခုချိန်ထိ ဖြေရှင်းလို့မပြီးသေးပါဘူး။
ကြေးကွင်းစွပ် ပဒေါင်လူမျိုးစု ရွာများဆီသို့
ဖယ်ခုံမှာ တရက်တာလေ့လာပြီးတဲ့နောက် ကြေးကွင်းစွပ် ပဒေါင်လည်ပင်းရှည်တွေရှိတဲ့ ဝေးလံတဲ့ ကျေးရွာတွေဆီ ကျနော်တို့ခရီးဆက်ခဲ့ပါတယ်။ အဲဒီရွာတွေကိုသွားဖို့အတွက် တနေ့ကရောက်ခဲ့ပြီးဖြစ်တဲ့ လွိုင်ကော်မြို့ဆီ ပြန်လာရပါတယ်။ ဖယ်ခုံ-လွိုင်ကော် ကားလမ်းတလျောက်မှာ သတိထားကြည့်မိတာက ကျွန်းသစ်အလုံးလိုက်တင်လာတဲ့ ကားကြီးတွေ။ “ထင်းကားတွေကလည်း သယ်လို့တောင်မကုန်နိုင်တော့ ဘူး” ဆိုပြီး ကိုပါစကယ်က ပြောတော့ ရုတ်တရက် ကျနော်ကနားမလည်။
“မြန်မာ့သစ်လုပ်ငန်း၊ လွိုင်ကော်သစ်ဆိပ်” ဆိုတဲ့ဆိုင်းဘုတ်နဲ့ ထောင်နဲ့ချီရှိတဲ့ ကျွန်းသစ်တုံးတွေကို လွိုင်ကော်မြို့ မ၀င်ခင်တောင်တန်းပေါ်တွေ့ရတော့မှ သစ်ကားတွေနဲ့ သစ်တောဝန်ကြီးသစ်ရဲ့ စကားလုံးတွေကိုညွှန်းလိုမှန်း သဘောပေါက်ပါတယ်။ လွိင်ကော်ကိုကျော်ပြီး ဒီမောဆိုဖက်ထွက်လာတော့ ပထမ ဆုံးတွေ့ရတာက ငွေတောတာင်ဆည်။ မိုးဗြဲဆည်လောက်မကြီးပေမဲ့ လှပနေတာကတော့ အမှန်ပါပဲ။
အဲဒီဆည်ကနေ ပဒေါင်ရွာတွေဖက် ထွက်မယ်ပြင်တော့”တောင်ငူသို့ ၁၂၀ မိုင် ၄ ဖာလုံ’’ ဆိုတဲ့ဆိုင်းဘုတ် ကိုတွေ့ရပါတယ်။ အဲဒီဆိုင်းဘုတ်ကိုကျော်၊ ကယားရွာတန်းတွေ၊ မြင့်မားတဲ့တောင်တန်းတွေကို တနာရီ ကျော်ကျော်ဖြတ်ပြီးတဲ့အခါမှာတော့ ကားတစီးစာသာသွားနိုင်တဲ့ ကတ္တရာလမ်းကြမ်းပေါ်ကနေ ကား သွားဖို့မလွယ်တဲ့ မြေနီလမ်းကြမ်းပေါ် ချိုးဝင်လိုက်ပါတယ်။ တဲငယ် ၁၀ လုံးခန့်မှာ ကြေးကွင်းစွပ် ပဒေါင်လည်ပင်းရှည်တချို့တွေ့ရပြီး အနောက်တိုင်းသား ၄-၅ ဦးပါတဲ့ ကမ္ဘာလှည့်ခရီးသည်ကားတစီး ရပ်ထားပါတယ်။
“အရင်က ဒီနေရာမှာ ရွာမရှိဘူး၊ အထဲမ၀င်နိုင်သူတွေ အလွယ်ကြည့်နိုင်အောင် ဒီမှာ ဈေးတန်းသဘောမျိုး လေး ဖွင့်ထားပေးတာ” လို့ ကားဆရာကပြောပါတယ်။ ဒါဟာ ဒီနေ့ ကျနော်လေ့လာမဲ့ ကြေးကွင်းစွပ် ပဒေါင် လည်ပင်ရှည်ရွာတွေရဲ့ ရှေ့ပြေးရွာလေးပါပဲ။ အရင်ကဆိုရင် လှည်းလမ်းကြမ်းသာရှိပြီး ကားဝင်လို့မရဘူး ဆိုတဲ့ ဒီရွာတွေဟာ အခုတော့ အတိုင်းအတာတခုအထိ တိုးတက်နေပါပြီ။ “ပန်ပက်ကျေးရွာအုပ်စု” လို့ခေါ်တဲ့ ဒီအုပ်စုမှာ ကျေးရွာ ၄-၅ ရွာရှိတယ်ဆိုပေမဲ့ ကျနော်သွားတဲ့နေ့က မိုးရွာနေလို့ ၃ ရွာလောက်ကို ပဲရောက်ခဲ့ပါတယ်။
ပန်ပက် ပထမ ရွာရဲ့အ၀င်ဝမှာ သတိပြုမိတာက တံခွန်တိုင်တွေ။ ရွာထဲမှာ ခရစ်ယန်ဘုကျောင်းအများစုနဲ့ ဘုန်းကြီးကျောင်းတဆောင်ကိုတွေ့ရပေမဲ့ ရွာသားအများစုကတော့ တံခွန်တိုင်ကို ကိုးကွယ်နေဆဲ (နတ်ကိုးကွယ်နေဆဲလို့လဲ ပြောနိုင်ပါတယ်) ဖြစ်ပါတယ်။ နောက်ထပ်ထူးခြားချက်ကတော့ လူဦးရေ ထောင်နဲ့ချီရှိတဲ့ ဒီကျေးရွာအုပ်စုမှာ သောက်ရေ၊ သုံးရေအတွက် စမ်းချောင်းတွေ၊ ရေတွင်းတွေ၊ ရေကန်တွေမရှိပါ။ အခုလိုမိုးရာသီမှာ ပြသာနာ ကြီးကြီးမားမားမရှိပေမဲ့ နွေရာသိဆိုရင် အတော် ဒုက္ခရောက်တယ်လို့ ရွာသားတဦးကပြောပါတယ်။
တမိုင်လောက်ဝေးတဲ့ မြင့်မားလှတဲ့တောင်တန်းတွေကြားက စိမ့်ရေကိုသွားခပ်ယူရတာ မလွယ်ဘူးလို့ သူကဆိုပါတယ်။ ဒါကြောင့်ဖြစ်မယ်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ Care နဲ့ တခြား နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေက ရေသိုလှောင်ကန်တွေဆောက်ပေးပြီး မိုးတွင်းမှာရသမျှရေတွေကို စုထားဖို့လုပ်ပေးထား တာတွေ့ရပါတယ်။ တကယ်တော့ အလှူရှင်က နိုင်ငံတကာအဖွဲ့အစည်းတွေချည်းမဟုတ်။ ရုပ်ရှင်မင်းသား လွင်မိုး ဦးဆောင်တဲ့အဖွဲ့ကလည်း ရွာရေရရှိရေးအတွက် စက်ရေးတွင်း တူးဖေါ်နေတာ တွေ့ရပါတယ်။
ထိုင်းရောက် ပဒေါင်တွေ အိမ်ပြန်ချိန်ရောက်ပြီလား
ကိုလွင်မိုးတို့အဖွဲ့ စက်ရေတွင်းတူးနေတဲ့ရွာရဲ့ ရှေ့ကတရွာကိုအရောက်မှာ မိုးရွာလာတဲ့အတွက် ကျနော်တို့ လှည့်ပြန်လာခဲ့ပါတယ်။ ကျနော်တို့ကားလှည့်တော့ အနောက်တိုင်းသား ၄ ဦးပါတဲ့ တက္ကစီတစီးကလည်း အတူလှည့်ပြန်လာပါတယ်။ မလှည့်လို့မဖြစ်၊ ကားလမ်းက ယာယီမြေဖို့ထားတဲ့မြေနီလမ်းကြမ်းဆိုတော့ ကားဘီးဗွက်နစ်သွားရင် မချောင်ပါ။ ဒါပေမဲ့ ရွာသားတွေကတော့ ဒီရွာ ၄-၅ ရွာကိုကျော်ပြီးဆက်သွားရင် ကယားပြည်နယ်ကနေ ရှမ်းပြည် ဖက်ခုံမြို့နယ်ထဲ ထွက်တဲ့လမ်းရှိတယ်လို့ပြောကြပါတယ်။
ပထမ ရွာဆီပြန်ပြီး ဈေးဆိုင်ငယ်တခုမှာ ကျနော်တို့ မိုးခိုရင်း ၀င်ထိုင်ဖြစ်ပါတယ်။ “ဒီက ပဒေါင်ရွာတွေက ထိုင်းမှာလို တဲငယ်တွေမဟုတ်တာ၊ ယက်ကန်းရက်တာပဲဖြစ်ဖြစ်၊ မယ်ဒလင်တီးတာပဲဖြစ်ဖြစ် Acitivity တခုခုလုပ်မနေတာ အတော်ဆိုးတယ်ဗျ” ဆိုပြီး ဘေးမှာလာထိုင်တဲ့ တက္ကစီသမား Tour guide က ပြောတော့ ရုတ်တရက် ကျနော်က နားမလည်။ အသေချာမေးကြည့်တော့မှ အခု သူလာပို့တဲ့ အနောက်တိုင်းသားတွေဟာ ချင်းနိုင်နဲ့ မယ်ဟောင်ဆောင်ဒေသရှိ ပဒေါင်ရွာတွေဆီသွားပြီးမှ မြန်မာနိုင်ငံ ဆီရောက်လာသူတွေဖြစ်တယ်။ ဒါကြောင့် ဒီကပဒေါင်ရွာတွေဟာလည်း ထိုင်းက ပဒေါင်ရွာတွေလို့ပဲ တဲငယ်တွေနဲ့ဖြစ်နေလိမ့်မယ်လို့ သူတို့က ကြိုတင်မှန်းဆထားတယ်ဆိုပါတယ်။
ဒါပေမဲ့ လူသမိုင်းဆိုတာ တသမတ်တည်း တဲမှာချည်းနေလို့ ဘယ်ဖြစ်ပါ့မလဲ။ ထိုင်းမှာ ပဒေါင်ရွာတွေ အခုချိန်အထိ တဲစုတ်နဲ့ နေရတယ်ဆိုတာက ဟန်ပြလုပ်ထားတာလို့ ကျနော်ကထင်ပါတယ်။ နန်းဆွယ် အပါဝင် မဲဟောင်ဆောင်ဝန်းကျင်က ပဒေါင်ရွာတွေဆီ တကြိမ်မက ကျနော်ရောက်ခဲ့ဖူးပြီးသားပါ။ ပဒေါင်တွေကို အမယ်ဇုံတောထဲက လူရိုင်းတွေလိုများ ဆက်ပြီးနေစေချင်နေသလားလို့ စိတ်ထဲကမေးခွန်း ထုတ်မိပါတယ်။ ထိုင်းကပဒေါင်တွေက တဲစုတ်နဲ့နေမှ ၀င်ငွေ (ကမ္ဘာလှည်ခရီးသည်တွေဆီက) ရပေမဲ့ ဒီမှာက ကိုယ့်မွေးရပ်မြေဆိုတော့ တခြား မြန်ပြည်တလွှားကရွာတွေလိုပဲ တဲစုတ်ရော၊ အိမ်စုတ်ရော၊ အိမ်ကောင်းရော၊ တိုက်အိမ်တွေရော အဆင်ပြေသလိုဆောက်ထားကြတာ သဘာဝပဲလေ။
ရှေ့မှာတင်ပြခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီရွာတွေအထိဆင်းပြီး ခရီးသွားပညာပေးလုပ်နေတာ ဟာလဲ ဒီကိစ္စပါပဲ။ ကမ္ဘာလှည့်ခရီးသည်တွေဆီက ရတဲ့ဝင်ငွေကို ခရီးသွားကုပ္ဗဏီတွေ၊ တိုးဂိုက်တွေနဲ့ တက္ကစီသမားတွေချည်းယူသွားတာမျိုးမဖြစ်စေပဲ ဒေသခံကျေးရွာလူထုအတွက် အနည်းဆုံး ၁၀ ရာခိုင်နှုန်း ကျန်အောင် အစီစဉ်တွေ ရေးဆွဲတိုင်ပင်နေပါတယ်။ ဒီစီမံကိန်းအောင်မြင်ရင် ထိုင်းနယ်စပ်မှာရောက် နေကြတဲ့ (ဒီရွာတွေကနေ ထိုင်းကို ထွက်သွားကြတဲ့) ပဒေါင်တွေလည်း မူလကျေးရွာဆီပြန်လာကြလိမ့်မယ် လို့ ဒီစီမံကိန်းကို စည်းရုံးလှုပ်ဆော်နေသူတွေက မျော်လင့်နေပါတယ်။
ဒါပေမဲ့ ထိုင်းနယ်စပ် ပဒေါင်ရွာမှာနေဖူးတဲ့ ဈေးဆိုင်ပိုင်ရှင်အမျိုးသမိးကတော့ ထိုင်းမှာလောက် ဧည့်သည် မလာဘူး၊ ဈေးလည်း သိပ်မရောင်းရဘူးလို့ ပြောပါတယ်။ ဒီရွာမှာ နောက်ထပ်တိုက်တိုက်ဆိုင်ဆိုင် တွေ့မိ တာက အသက် ၂၀ ကျော်အရွယ် မူလတန်းကျောင်းအုပ်ဆရာမနဲ့ ကျုရှင်မယူတဲ့ကျောင်းသားတွေပါ။ ဟုတ်တယ်လေ။ အသက် ၄၀ ၀န်းကျင်ကျောင်းအုပ်တွေနဲ့ ပထမ တန်းကစပြီး ကျုရှင်ယူနေရတဲ့ ကျောင်းသားတွေကိုသာတွေ့ဖူးတဲ့ ကျနော့်အဖို့ ဒီရွာက စာသင်ကျောင်းလေးဟာ ထူးခြားနေပါတယ်။
“ကျောင်းတက်ဖို့အရေးတောင် မနည်းစည်းရုံးနေရတာ၊ ကျုရှင်ဆိုဝေးရောပေါ့” လို့ ဆရာမကပြောပါတယ်။ သူငယ်တန်းကနေ ၄ တန်းအထိ ကျောင်းသား ၆၀ ခန့်ရှိပြီး ၃ တန်းမှာ ၄ ဦးပဲစာရင်းရှိတာတွေ့ရပါတယ်။ မိဘတွေက ကလေးတွေကို ကျောင်းထားဖို့စိတ်မပါပဲ အိမ်မှာခိုင်းဖို့ပဲ အားသန်နေတာမျိုး၊ အသက် ၁၀ နှစ် ၀န်းကျင်ကလေးတဦးကျောင်းလာရင် သူ့ထိမ်းရမဲ့ အသက် ၃ နှစ်ဝန်းကျင် ကလေးတဦးပါ တွဲပါလာလေ့ ရှိကြောင်း ဆရာမက သူရဲ့အခက်ခဲတွေကိုရှင်းပြနေပါတယ်။
ငြိမ်း အဖွဲ့တွေနဲ့ စာသင်ကျောင်းများ
ပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်နေတဲ့ ပဒေါင်ရွာတွေဆီကအပြန် နောက်တရက်မှာတော့ တိုက်ဆိုင်စွာနဲ့ ရှမ်းပြည်က စစ်ဘေးသင့် ကလေးငယ်တွေရဲ့ပညာရေးအကြောင်းဆွေးနွေးဖြစ်ပြန်ပါတယ်။ ဒီတခါဆွေးနွေးသူကတော့ ကျောင်းအုပ်ဆရာမမဟုတ်ပဲ သူပုန်ခေါင်းဆောင်တဦးဖြစ်နေတယ်ဆိုရင် နဲနဲထူးနေမလားပါပဲ။ ဟုတ်ပါတယ်။ အရင် ကျောင်းသားတပ်ဖွဲ့ကနေ ရှမ်း-ကယားနယ်စပ်အခြေစိုက် ငြိမ်း အဖွဲ့တခုဆီ ရောက်သွားပြီး အခု ဗဟိုကော်မီတီဝင်အဖြစ် တာဝန်ထမ်းနေသူပါ။
သူတို့ဌာနချုပ်အနီးက ကျေးရွာမှာ စစ်ဘေးသင့်ကလေးငယ်တွေအတွက် ကျောင်းအိပ်၊ ကျောင်းစား (ဘော်ဒါဆောင်) တခုကို ထူထောင်ပြီးစာသင်ပေးနေတာ ၄ နှစ်ရှိနေပြီဖြစ်ကြောင်း၊ ပထမ နှစ်မှာ ၂၅ ဦးလက်ခံရာကနေ အခုဆိုရင် ၁၀၀ ကျော်အထိလက်ခံသင်ကြားပေးနေတယ်လို့ သူကပြောပါတယ်။ ဒီကျောင်းအတွက် ပြည်တွင်းအလှူရှင်တွေအပြင် ပြည်ပရောက်ကျောင်းသားဟောင်းတွေကလည်း တတ်နိုင်သလောက်ကူညီပေးနိုင်ဖို့ သူနဲ့ကျနော်ဆွေးနွေးဖြစ်ခဲ့ပါတယ်။
တကယ်တန်းပြောမယ်ဆိုရင်တော့ ပညာရေးအကြောင်းကို ခေါင်းစဉ်တပ်ထားပေမဲ့ သူနဲ့ကျနော် အဓိက ပြောဖြစ်တဲ့ကိစ္စက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလ၊ ABSDF တောတွင်းအတွေ့အကြုံတွေ၊ အခု အဲဒီ ABSDF ရဲဘော်ဟောင်းတွေ ဘယ်ရောက်ပြီး ဘာတွေလုပ်နေကြသလဲဆိုတာတွေ၊ ငြိမ်းအဖွဲ့တွေရဲ့ ရှေ့အလားအလာနဲ့ ၂၁ ရာစုပင်လုံအပေါ် ငြိမ်း တွေရဲ့အမြင်တွေသာဖြစ်ပါတယ်။ တိုက်ဆိုင်မှုလို့ပဲပြောရ မလားမသိပါ။ သူနဲ့ကျနော်ဆွေးနွေးပြီးနောက်တရက်မှာ ၂၁ ရာစုပင်လုံအပေါ် သဘောထားအမြင်စုစည်းတဲ့ ဆွေးနွေးပွဲတခု လွိုင်ကော်မှာကျင်းပခဲ့ပါတယ်။
အမှန်တိုင်းဝန်ခံရရင် ရှမ်း-ကယားနယ်စပ်ခရီးစဉ်ဟာ အလည်သက်သက်ဆိုပေမဲ့ ဒီလိုရဲဘော်ဟောင်းတွေနဲ့ တွေ့ပြီး တောအကြောင်းတောင်အကြောင်းပြောချင်တာလဲ ပါပါတယ်။ နောက်ထပ်အရေးကြီးကိစ္စတခု ကတော့ ငြိမ်း အဖွဲ့တခုဖြစ်တဲ့ ကယန်းပြည်သစ်ပါတီက တည်ဆောက်ထားတဲ့ အာဇာနည်ဗိမာန်ကို လေ့လာချင်လို့ပါ။ ဒါပေမဲ့ ဒီဗိမာန်က လွိုင်ကော်နဲ့ မိုင် ၅၀ ကျော်ဝေးပြီး ၃ နာရီနီးပါးကားမောင်းရတဲ့အပြင် လမ်းကလည်းကြမ်းတယ်ဆိုလို့ သွားဖို့မလွယ်တော့ပါ။
အဲဒီလို စိတ်ဓတ်ကျနေချိန်မှာ ကံကောင်းစွာဝင်လာတဲ့သတင်းတခုက လွိုင်ကော်-တောင်ငူ ကားလမ်း ပေါက်နေပြီ၊ လွန်ခဲ့တဲ့ သင်္ကြန်ကစပြီး လိုင်းကားပြေးနေပြီ။ အဲဒီဖက်သွားတဲ့လိုင်းကားကိုစီးရင် အာဇာနည်ဗိမာန်ကို မြင်ရနိုင်တယ်ဆိုတဲ့သတင်းပါပဲ။ ဒါပေမဲ့ လမ်းကကြမ်းလွန်းပြီး အကွေအကောက် ကများ၊ တောင်တက်-အဆင်းကများတဲ့အပြင် လက်နက်ကိုင်အဖွဲ့တွေရဲ့ ဂိတ်များစွာကို လည်းဖြတ်ရမှာမို့ သိပ်လုံခြုံမှုမရှိဘူးလို့ မိတ်ဆွေတချို့ကသတိပေးပါတယ်။ ဒါပေမဲ့ သူပုန်လူထွက်သတင်းထောက်တဦးအဖို့ လက်နက်ကိုင်ဆိုတာ ကြောက်စရာမဟုတ်တော့ဘူးလေ။ နောက်တနေ့မိုးလင်းတာနဲ့ လွိုင်ကော်-တောင်ငူ လိုင်းကားကိုစီးပြီး ကျနော်ခရီးဆက်ခဲ့ပါတယ်။ ။
0 comments:
Post a Comment