(7daydaily.com သတင်းစာပါ ကိုမင်းဇင်ရဲ့ဆောင်းပါးကို စိတ်ဝင်စားတဲ့အတွက် ပြန်လည်ကူးယူဖေါ်ပြပါသည်)
By
On
Wed, 2016-06-08.
------------------
ပြီးခဲ့တဲ့ မေလ ၂၀ ရက်က စင်ကာပူနိုင်ငံမှာ အရှေ့တောင်အာရှ လေ့လာရေးဌာန (Institute of Southeast Asian Studies- ISEAS) က ကမကထပြု ကျင်းပတဲ့ မြန်မာ့အရေး နှီးနှောဖလှယ်ပွဲဖိုရမ် ၂၀၁၆ ကို ကျင်းပခဲ့ပါတယ်။
ဒီဖိုရမ်နဲ့ပတ်သက်ပြီး Joh-anna Son ဆိုတဲ့ သတင်းစာဆရာက Myanmar’s deep fissures make explosive powder keg ‘မြန်မာပြည်ရဲ့ နက်ရှိုင်းတဲ့ အကွဲအပြဲ ပဋိပက္ခတွေက ပေါက်ကွဲလုဆဲ အခြေအနေဆိုးကို ဖြစ်စေတယ်’ ဆိုပြီး မေလ ၂၄ ရက်ထုတ် ထိုင်းနိုင်ငံ ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးပါတယ်။ ခေါင်းစဉ်က ညွှန်းသလိုပဲ ဆောင်းပါးဟာ နှီးနှောဖလှယ်ပွဲတက်တဲ့သူတွေ ပြောစကားတွေကို မျှတအောင် ရေးသားတာထက် ဝေဖန်ချက်အများစုကိုပဲ စုစည်း တင်ဆက်ထားတာတွေ့ရပါတယ်။
ဒီဆောင်းပါးကိုပဲ ဒီဗီဘီကနေ Burma’s road to ‘liberal authoritarianism’ ‘‘လစ်ဘရယ် အာဏာပိုင်ဝါဒကို ရှေးရှုနေတဲ့ မြန်မာ့ဦးတည်ရာ’’ ဆိုပြီး ခေါင်းစဉ် ပြောင်းတပ်ကာ မေလ ၂၄ ရက် မှာပဲ ဒီဗီဘီအင်္ဂလိပ်ပိုင်း ၀က်ဘ်စာမျက်နှာကနေ ထပ်ဖြန့်ပါတယ်။ ဒီအင်္ဂလိပ်ဘာသာနဲ့ ရေးသားချက်ကို ဧရာဝတီ မြန်မာပိုင်းက ကောက်နုတ် မြန်မာလိုပြန်ဆိုပြီး ‘စင်ကာပူဖိုရမ်တွင် အစိုးရသစ် အားဝေဖန်’ဆိုတဲ့ ခေါင်းစဉ်ပေးပြီး သတင်းခြေဆင်းမှာ ‘နှစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ သစ်ကို ပြီးခဲ့သည့်တစ်ပတ် သောကြာနေ့က စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သော မြန်မာဖိုရမ် ၂၀၁၆ ၌ တက်ရောက်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြကြောင်းသိရသည်’လို့ ရေးသားပါတယ်။ ဘာသာပြန်အမှားအယွင်းတွေပါတဲ့ ဧရာဝတီဆောင်းပါးကို လူမှုကွန်ရက်မှာဖြန့်ပြီး ဝေဖန်ရေးသားသူ၊ ဆဲဆိုသူတွေကိုလည်း တွေ့ရပါတယ်။
ကျွန်တော်ဟာ ဒီဖိုရမ်မှာ ပါဝင်ဆွေးနွေးခဲ့သူ တစ်ယောက်ပါ။ ကျွန်တော့်အနေနဲ့ ဒီလိုလုပ်ရပ်တွေအပေါ် ပုံမှန်အားဖြင့် တုံ့ပြန်လေ့မရှိပါဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ သတင်းမှားတွေ၊ လိုရာဆွဲတွေအပေါ်မှာ အခြေခံပြီး ပြောဆိုလှောင်ပြောင် ဆဲရေးနေရင်းကနေ လွတ်လပ်စွာဖော်ထုတ်ခွင့်၊ လွတ်လပ်စွာ ကွဲလွဲခွင့်နဲ့ အဲဒီကွဲလွဲတဲ့အမြင်တွေအပေါ် အခြေခံပြီးမှ လက်တွေ့ကျတဲ့ ပြည်သူ့အကျိုးပြု မူဝါဒချမှတ်ရေးဆိုတဲ့ ဒီမိုကရေစီ ကျင့်ထုံးကို တားမြစ်ရာရောက်ပြီး ဗဟုဝါဒ ဘောင်ကျဉ်းသွားမှာစိုးလို့ ဒီဆောင်းပါးကို ရေးပါတယ်။ မတူ ကွဲလွဲတဲ့ အယူအဆတွေ ရှင်သန် ပြိုင်ဆိုင်ခွင့်ရှိတဲ့ အယူအဆဈေး ခင်း(marketplace of ideas) ကို ၀ိုင်းဖျက်နေကြတာကို လက်မခံနိုင် လို့ ဒီဆောင်းပါးကို ရေးပါတယ်။ ဒီဆောင်းပါးမှာ အချက်သုံးချက် ကို အဓိကတင်ပြလိုပါတယ်။ (၁) တိကျမျှတမှုမရှိတဲ့ သတင်း အန္တ ရာယ်၊ (၂) ဆွေးနွေးချက်တစ်ခုခုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကျိုးအ ပြစ် (merit of argument) ကို ဝေဖန်တာမဟုတ်ဘဲ ၀ါးလုံးရှည်နဲ့ရမ်းတဲ့ ဝေဖန်ရေးမျိုးရဲ့အန္တရာယ်၊ (၃) အပြုသဘော ဝေဖန်ရေးသာ လက်ခံထိုက်တယ်ဆိုတဲ့ အန္တရာယ် တွေပဲဖြစ်ပါတယ်။
(၁) တိကျမျှတမှုမရှိတဲ့ သတင်းရဲ့ အန္တရာယ်
ကျွန်တော်ဟာ ဧရာဝတီ၊ အာရ်အက်ဖ်အေစတဲ့ ပုံနှိပ်နဲ့ အသံလွှင့်မီဒီယာတွေမှာ လုပ်ခဲ့ဖူးပါတယ်။ အခုလည်း New York Times နဲ့ Foreign Policy စတဲ့ နိုင်ငံတကာ သတင်းစာတွေမှာ မကြာခဏ သုံးသပ်ဆောင်းပါးတွေ ရေးနေပါတယ်။ ဒီတော့ မီဒီယာရဲ့ အရေးပါပုံကို သဘောပေါက်သလို မီဒီယာအနေနဲ့ ပရိသတ်ရဲ့ အာရုံကို ဖမ်းစားနိုင်ရေးလုပ်ဖို့ လိုအပ်တာကိုလည်း နားလည်ပါတယ်။ ပြည်သူလူထု အကျိုးစီးပွားအတွက် အရေးကြီးတဲ့ကိစ္စတွေမှာ ပရိသတ်တွေစိတ်ထဲ ‘ဘ၀င်ဆူ’ သွားမှ နိုင်ငံရေးပဲဖြစ်စေ၊ ယဉ်ကျေးမှုပဲဖြစ်စေ၊ အမှုအခင်းပဲဖြစ်စေ အဲဒီကိစ္စရပ်နယ်ပယ်မှာ ‘ပွဲဆူ’ မှာဖြစ်ပါတယ်။ အဲဒီလို ပွဲဆူသွားမှလည်း အများပြည်သူကြားဆွေးနွေးပြောဆိုမှုတွေရှိလာမယ်။ မူဝါဒချမှတ်ရတဲ့ အစိုးရတွေအများစုဟာ သူတို့သင့်မယ်ထင်တဲ့ စီမံကိန်းကြီးတွေကိုသာ အကောင်အထည် ဖော်ချင်ပြီး အဲဒီလိုဖော်ဆောင်ရာမှာ လက်တွေ့ကျ၊မကျ၊ လူထုနစ်နာမှုရှိ၊မရှိ အောက်ခြေက ဖော်ထုတ်တင်ပြဆွေးနွေးတာကိုပဲဖြစ်ဖြစ်၊ ဒီစီမံကိန်းမလုပ်ပါနဲ့၊ ဒီထက်အရေးပါတာ လုပ်ပါဦးလို့ ဝေဖန်ထောက်ပြတာတွေကိုပဲဖြစ်ဖြစ် ရှောင်ရှားလိုတတ်ကြပါတယ်။
ဒါကြောင့် အပေါ်ကချမှတ်တဲ့မူဝါဒကို အောက်ခြေက ပြန်ထိန်းကျောင်းနိုင်အောင် ပြည်သူ့ပြဿနာတွေကို မီးမောင်းထိုးပေးပြီး ‘ပွဲဆူ’ အောင် ဆွေးနွေးပြောဆိုမှုတွေဟာ ပုံမှန်အားဖြင့် ပြဿနာကို ရှောင်ရှားလိုတဲ့မူဝါဒချမှတ်သူ အများစု ဘာသိဘာသာ လျစ်လျူရှုမနေနိုင်အောင်၊ အာရုံစိုက်မှုကို ဆွဲခေါ်နိုင်စွမ်းတာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ပဲ ပြဿနာဖြေရှင်းရေး လမ်းစပွင့်လာတာဖြစ်ပါတယ်။ ဒါကြောင့် ‘ဘ၀င်ဆူ’ရေး၊ ‘ပွဲဆူ’ ရေးအား ပြဿနာတစ်ရပ် မူဝါဒချမှတ်သူတွေရဲ့ စားပွဲပေါ်ရောက်လာဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ အခြေခံစာနယ်ဇင်းကျင့်ဝတ်နဲ့ အတတ်ပညာမှာ လိမ္မာတဲ့ ‘ပွဲဆူ’ အောင် ဖော်ထုတ်မှုတွေကြောင့် လူ့အဖွဲ့အစည်း တိုးတက်ကောင်းမွန်သွားရတဲ့ သာဓကတွေ မြန်မာမှာရော ကမ္ဘာမှာပါ အများအပြားရှိပါတယ်။
ဒီလိုပြောလို့ မီဒီယာသမားတွေဟာ ကိုယ်ကျိုးလုံးလုံးမဖက်တဲ့ သူတော်စင်တွေလို့ ဆိုလိုတာ မဟုတ်ပါ။ အဲဒီလို ‘ဘ၀င်ဆူ၊ ပွဲဆူ’အောင် လုပ်တဲ့နေရာမှာ မီဒီယာသမားနဲ့ သူ့အဖွဲ့အစည်းရဲ့ ကျော်ကြားအောင်မြင်လိုစိတ်၊ သက်ဆိုင်ရာ မီဒီယာရဲ့ အယူဝါဒ ကိုင်းညွတ်ဘက်လိုက်မှု၊ နိုင်ငံရေး မိုးလေ၀သ အတွက်အချက်နဲ့ စီးပွားရေးအကျိုးအမြတ်တွေလည်း ပါဝင်နိုင်ပါတယ်။ ဖြစ်စဉ်အားဖြင့်တော့ မီဒီယာက ‘ဘ၀င်ဆူ’ရေး၊ ‘ပွဲဆူ’ ရေး ဆောင်ရွက်ချက်ဟာ အများပြည်သူနဲ့ဆိုင်တဲ့ ပြဿနာရပ်တွေကို အများပြည်သူအကြား ဆွေးနွေးငြင်းခုံရေးနဲ့ မူဝါဒချမှတ်သူတွေအတွက် အရေးပါတဲ့ ထည့်ဝင်ချက်တစ်ခုပါပဲ။ ဒါပေမဲ့ ‘ပွဲဆူ’ အောင် လုပ်ချင်ဇောများပြီး ဖြစ်ရပ်မှန်နဲ့ ကင်းကွာသွားတာ တိကျမှုမရှိတော့ဘူးဆိုရင်တော့ ဒါဟာ မီဒီယာရဲ့ အခြေခံတာဝန်ဖြစ်တဲ့ သတင်းမှန်ပေးရေးနဲ့ ကျင့်ဝတ် တွေကို ချိုးဖောက်ရာ ရောက် တတ်ပါတယ်။ သတင်းဖြစ်တာနဲ့ သတင်းသမားက ရေးမှာပဲဆိုပေ မယ့် တစ်စိတ်ကို တစ်အိတ်လုပ် ခြုံငုံသိမ်းကျုံးပြီး သတင်းခေါင်းစဉ် တပ်မယ်၊ တိကျမှုမရှိဘဲ သတင်းရေးမယ်ဆိုရင်တော့ အဂတိဖြစ်တယ်၊ ၀စီဒုစရိုက်မြောက်နိုင်ပါတယ်။
စင်ကာပူမှာလုပ်တဲ့ မြန်မာဖိုရမ်နဲ့ပတ်သက်ရင် အထက်မှာ ပြောခဲ့တဲ့ မီဒီယာတွေဟာ အချက်အလက်မစစ်ဆေးဘဲ တစ်ဖက်စောင်းနင်းရေး၊ မျှတ၏၊ မမျှတ၏ စစ်ဆေးလို့ရပါရဲ့နဲ့ သတင်းရင်းမြစ်တွေကို မဆက်သွယ်မမေးမြန်းဘဲ လိုရာဆွဲရေး၊ ဘာသာပြန် မနိုင်မနင်းရေးတာတွေ ဖြစ်လာတော့ ဘ၀င်မဆူ၊ ဆူအောင်၊ ပွဲမဆူ၊ ဆူအောင် လုပ်တဲ့သဘော ဖြစ်သွားရပါတယ်။ အဲဒီဖိုရမ်မှာ သမိုင်းနဲ့ ယဉ်ကျေးမှုရေးရာ၊ နိုင်ငံရေးရာ၊ လူမှုစီးပွားရေးရာ၊ နိုင်ငံတကာ ဆက်ဆံရေးရာ၊ မြန်မာပြည်မှာ စီးပွားရေးလုပ်ဆောင်ခြင်း ဆိုင်ရာနဲ့ အထူးကဏ္ဍအဖြစ် ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးနဲ့ ပြောဆိုဆွေးနွေးခြင်းတွေပါဝင်ပါတယ်။
ဆွေးနွေးသူတွေဟာ ဘက်စုံထောင့်စုံ သူတို့လေ့လာတွေ့ရှိချက်တွေအပေါ် မူတည်ပြီးပြောကြတာပါပဲ။ ဆွေးနွေးသူအားလုံးဟာ လက်ရှိအစိုးရသစ်လက်ထက်မှာ အခွင့်အလမ်းတွေ အများကြီးပေါ်လာတယ်လို့ တညီတညွတ်တည်းသုံးသပ်ကြပါတယ်။ နှစ်ပေါင်းများစွာက ဆက်ခံလာတဲ့ အမွေဆိုးတွေနဲ့ လက်ရှိအစိုးရရဲ့ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည် အကန့်အသတ်တွေ၊ မူဝါဒပီပီပြင်ပြင် မရှိတာတွေကိုလည်း စိန်ခေါ်မှုတွေအဖြစ် ထောက်ပြကြပါတယ်။ ဆွေးနွေးသူတချို့များဆို ဒေါ်အောင်ဆန်းစုကြည်ကို လူထုက ချစ်ခင်တာမို့ သူ့လက်သူ့ခြေ အာဏာပိုင်ဝါဒသဘောမျိုးဖြစ်သွားလည်း ဒါဟာ မြန်မာ့နိုင်ငံရေး ဓလေ့သစ်ဖြစ်သွားမယ်လို့ သုံးသပ်ပြောဆိုတာရှိပါတယ်။ စီးပွားရေးပညာရှင် တစ်ဦးကဆိုရင်လည်း မြန်မာပြည်မှာ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးဖို့ အလားအလာ ကောင်းတွေရှိနေကြောင်း၊ ချေးငွေတွေ အမြောက်အမြား တောင်းခံထားကြောင်း၊ အရင်အစိုးရလက်ထက်မှာ ဒါမျိုးမဖြစ်နိုင်ကြောင်း စသဖြင့် ပြောသွားပါတယ်။
အလားတူပဲ ဒေသတွင်း လုပ်ငန်းရှင်ကြီးတွေကလည်း မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ တစ်ပြားတစ်ချပ်မှ လာဘ်ပေးစရာ မလိုဘူး။ ဒေသတွင်းမှာ လာဘ်စားမှု အနည်းဆုံးနိုင်ငံ၊ မြန်မာ့စွန့်ဦးထွင်လုပ်ငန်းရှင်တွေဟာ စင်ကာပူက လုပ်ငန်းရှင်တွေထက်တောင် သာလွန်တယ်။ မြန်မာအစိုးရဝန်ကြီးတွေဟာ သဘာဝဝန်းကျင်စောင့်ရှောက်ရေး ဂရုဓမ္မထားရမယ်ဆိုတာ နားလည်ကြတယ် စသဖြင့် ပြောကြပါတယ်။ ဖိုရမ်ရဲ့ စည်းမျဉ်းအရ ဘယ်သူဘာပြောတယ်ဆိုတာ ညွှန်းဖို့ခက်ပေမယ့် အားလုံးက အခွင့်အလမ်းနဲ့ စိန်ခေါ်မှုကို မျှတအောင် အတတ်နိုင်ဆုံး ပြောကြတာသတိထားမိပါတယ်။
ကျွန်တော့်အနေနဲ့ကတော့ ‘နိုင်ငံရေးဆင့်ကဲပြောင်းလဲမှု-ဒီမိုကရေစီအကျပ်အတည်း’ ဆိုတဲ့ နိုင်ငံရေးကဏ္ဍမှာ ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်ဆွေးနွေးခဲ့တဲ့ ခေါင်းစဉ်က ‘ပြောင်းလဲချိန်တန်ပြီ-မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုတွင် ဖြစ်ထွန်းလာသော ပြောင်းလဲခြင်းကို နားလည်အောင် ကြိုးစားချက်’ဖြစ်ပါတယ်။ အပိုင်းလေးပိုင်းခွဲတင်ပြခဲ့ပါတယ်။ ပထမပိုင်းမှာ အပြောင်းအလဲနဲ့ အပြောင်းအလဲကို စိန်ခေါ်နေမှုများကို ဆွေးနွေးပါတယ်။ ဒုတိယပိုင်းမှာ အုပ်ချုပ်မှုစနစ်သစ်ကို ပိုင်းခြားသုံးသပ်မှုပြုလုပ်ပါတယ်။ တတိယပိုင်းမှာ အုပ်ချုပ်မှုစနစ်သစ်အတွက် အဓိကအကဲစမ်းမှုကို လေ့လာပြီး စွမ်းဆောင်ရည်ရှိ၊ မရှိ သုံးသပ်ပါတယ်။ နောက်ဆုံးပိုင်းမှာတော့ ရှေ့လာမယ့်အလားအလာကို မှန်းဆပါတယ်။
ဆွေးနွေးချက် အချုပ်က တော့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD အပြတ်အသတ်အနိုင်ရခဲ့တဲ့အတွက်ကြောင့် ၁၉၆၂ စစ်အာ ဏာသိမ်းချိန်ကစလို့ မြန်မာ့သမိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သြဇာနဲ့အာဏာကို ပထမဆုံးအကြိမ် ပူးတွဲပိုင်စိုးတဲ့ခေါင်းဆောင် ဖြစ်လာတယ်။ ဒါဟာ ပြည်တွင်း၊ ပြည်ပ စိတ်ကောင်းစေတနာနဲ့ ထောက်ခံမှု (legitimacy) အားကောင်းခြင်းအထွတ်ပါပဲ။ ဒါပေမဲ့ အဓိက အကန့်အသတ်ကတော့ တပ်မတော်ရဲ့ အခွင့်ထူးအကျိုးစီးပွား၊ နိုင်ငံရေးအာဏာနောက်ခံနဲ့ အကျောရနေတဲ့ စီးပွားရေးလုပ်ငန်းအစုအဖွဲ့တွေ (Oligarchs)နဲ့ ဗမာဗုဒ္ဓဘာသာအပေါ် အားပြုပြင်းထန်တဲ့ အမျိုးသားရေးဝါဒဆိုတဲ့ ဖိုခုံလောက်ဆိုင်အာဏာ (Iron Triangle of Power) ဟာ စနစ်တည်ဆောက်ပုံအရဆို အမြစ်တွယ်လာပြီး NLDအစိုးရအတွက် ရုန်းရခက်စေတဲ့ Structural straightjacket အကန့်အသတ်ပဲ ဖြစ်ပါတယ်။
ဒီအကန့်အသတ်အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ သည်းခြေကြိုက်နိုင်ငံရေး (populism) တိမ်းညွတ်မှုရှိနေတာကလည်း ဒီမိုကရေစီရှင်သန်ရေးအတွက် စိုးရိမ်စရာပါပဲ။ သည်းခြေကြိုက် နိုင်ငံရေးဆိုတာကတော့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတော်အကြား ပေါင်းကူးဆက်သွယ်ပေးတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေစတဲ့ ကြားခံအဖွဲ့အစည်း (mediating institutions) တွေရဲ့အခန်းကဏ္ဍကို လျှော့ချပြီး လူထုကို တိုက်ရိုက်ချဉ်းကပ်တာကို ဆိုပါတယ်။ ဒါပေမဲ့ NLD အစိုးရအတွက် အဓိက စိန်ခေါ်မှုကတော့ တိုင်းပြည်အုပ်ချုပ်ဖို့ ဘယ်က သတင်းအချက်အလက်ရမလဲဆိုတဲ့ informational challenge ပါပဲ။ လုံခြုံရေးကဏ္ဍ အတွက်ကတော့ တပ်မတော်မှာပဲ အဓိကသတင်းအချက်အလက်ရှိ တာပါ။
လုံခြုံရေးနဲ့မဆိုင်တဲ့ကိစ္စရပ် လူမှုစီးပွားစတဲ့ရေးရာတွေမှာ NLD အစိုးရဟာ ထွေအုပ်နဲ့ဌာနဆိုင်ရာ ဗျူရိုကရက်တွေကိုပဲ အဓိကအားကိုးမလား၊ သူ့ရဲ့တောက်လျှောက်ထောက်ခံသူ မဟာမိတ်ရင်းတွေဖြစ်တဲ့ ကြားခံပေါင်းကူးအဖွဲ့အစည်းတွေရဲ့ ဖော်ထုတ်တင်ပြချက် တွေကိုပါ ဆက်စပ်စဉ်းစား အလေးထားမလားဆိုတာ စောင့်ကြည့်ရမှာပါ။ လွတ်လပ်တဲ့ အဖွဲ့အစည်းနဲ့ မီဒီယာတွေရဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်နဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ကို အားမပေးဘူး။ နားထောင်၊ ထည့်သွင်းမစဉ်းစားဘူး (ပိုဆိုးတာက သည်းတောင်မခံနိုင်ဘူး) ဆိုရင် သတင်းမှားတွေ၊ သတင်းဖားတွေနဲ့သာ တိုင်းပြည်အုပ်ချုပ်ရတဲ့အဖြစ် ဆိုက်သွားတတ်ပါတယ်။ နိုင်ငံရေးမှာ ‘‘ခေါင်းဆောင်ကြီးက မသိဘူး။ အားလုံးဝိုင်းလိမ်နေကြလို့၊ အနားကလူတွေမကောင်းလို့’’ ဆိုတဲ့ ဆင်ခြေမျိုးကို ကြိုရှောင်ရှားနိုင်မယ့် ဆေးနည်းကတော့ ကွဲလွဲတဲ့အမြင်တွေ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို အားပေးဖို့ပါပဲ။ ဒီလိုမှ မဟုတ်ရင်တော့ စိတ်ကောင်းရှိတဲ့၊ စေတနာပါတဲ့ အာဏာရှင်ဝါဒ (benevolent authoritarianism) ဆိုတာမျိုးနဲ့ပဲ တိုင်းပြည်နှာခေါင်းကျည်ပွေ့ တွေ့မှာပါ။ အခုထိတော့ ကြားခံပေါင်းကူးအဖွဲ့အစည်းတွေကို ဘေးဖယ်ထားလေ့ရှိတဲ့ သည်းခြေကြိုက်နိုင်ငံရေးဗျူဟာနဲ့ သွားနေတာဟာ အားရစရာ မကောင်းလှပါဘူး။
NLD ပါတီဟာ တက်ကြွလှုပ်ရှားသူတွေမှာ အတွေ့ရများတဲ့ ကြွေးကြော်သံ (slogan) နဲ့ မူဝါဒ စီမံချက် (program) မကွဲတဲ့ပြဿနာကို ကြုံနေရပုံပါပဲ။ နိုင်ငံရေး၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေမှာ အပြောင်းအလဲကြွေးကြော်သံ နဲ့ဆီလျော်တဲ့၊ ပီပြင်တဲ့ မူဝါဒအ သစ်တွေကို မတွေ့ရသေးပါဘူး။ ငြိမ်းချမ်းရေးကို ကိစ္စမျိုးမှာတော့ NLD အနေနဲ့ ပြင်ဆင်မှုမရှိဘူးဆိုရင် တပ်မတော်ရဲ့မူဝါဒကိုပဲ ရှိရင်းစွဲအထိုင် (default option) ရွေးစရာအဖြစ်နဲ့ အဖွဲ့နဲ့ စီမံကိန်းတွေကို ခေါင်းစဉ်အမည်လေးပြောင်း ဖာထေးပြီး လက်ခံရဖွယ် များပါတယ်။ တိုင်းရင်းသားရေးရာနဲ့ ပတ်သက်ရင် တပ်မတော်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား နိုင်ငံရေးအရ အနည်းနဲ့ အများဆိုသလို အမြင်တူနေပုံလည်း ရပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လုပ်ပိုင်ခွင့်အာဏာထူထောင်မှုတွေကို လက်ကုန်နှိုက်ဆက်လုပ်မယ်ဆိုရင် မလိုလားအပ်တဲ့ ထိပ်တိုက်တွေ့မှုတွေဖြစ်မှာ စိုးရိမ်စရာရှိပါတယ်။
ဒါကြောင့် အာဏာတည်ဆောက်တာကို ကိုယ်ရှိန် ခဏသတ်မယ်လို့ မျှော်လင့်ရပါတယ်။ ရှေ့ခရီးမှာတော့ တပ်မတော်နဲ့ နိုင်ငံရေးမျှခြေတစ်ခုရှာပြီး တိုင်းပြည်ကောင်းကြောင်း ပူးပေါင်းလုပ်ဆောင်တာနဲ့ မဟာမိတ်အရင်းတွေဖြစ်တဲ့ အရပ်ဘက် အသင်းအပင်းတွေ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာတွေစတဲ့ ကြားခံအဖွဲ့အစည်းတွေကို ရှင်သန်ကြီးထွားအောင် အားပေးဖို့ လိုပါတယ်။ တကယ့်တန်းတူရေးမူဝါဒပေါ် အခြေခံတဲ့ အမျိုးသားရင်ကြားစေ့ရေးကို နှလုံးပိုက်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆုံချက်အဖြစ်ထား၊ တစ်ဆက်တည်းမှာ အင်စတီကျူးရှင်းတွေ တည်ဆောက်ရေးကိုပါ ကျွဲကူးရေပါ အားစိုက်သင့်ပါတယ်။ ဒါတွေကတော့ ကျွန်တော်တင်ပြသွားခဲ့တဲ့ အပိုင်းလေးပိုင်းကိုအနှစ်ချုပ်ပြောတာပါ။
ကျွန်တော့် ပြောဆိုချက်အ တော်များများကို ကိုးကားထားတဲ့ မီဒီယာတွေဟာ အခွင့်အလမ်းနဲ့ အဆိုပြုချက်တွေထက် စိန်ခေါ်မှု နဲ့ ဝေဖန်ချက်တွေကိုပဲ အဓိက ကောက်နုတ်သွားတာ တွေ့နိုင်ပါ တယ်။ အဲဒီတော့ ရလဒ်က လိုအပ်တဲ့ ဆွေးနွေး ဖလှယ်တာတွေ နောက်ဆက်တွဲပေါ်မလာတော့ဘဲ သည်းမခံနိုင်တာ၊ တိုက်ခိုက် လှောင်ပြောင်တာတွေနဲ့ ဘယ်သူမှ အကျိုးမများဖြစ်ရပါတယ်။ ဧရာ ဝတီသတင်းကို ပြန်ဖော်ပြတဲ့ ဖေ့စ်ဘွတ်ခ်ပေါ်က မှတ်ချက်တစ်ခုရဲ့ ခေါင်းစဉ်ကဆိုရင် ‘One-Sided Arguments မဟာအမှားကြီး’လို့ ဆိုပါတယ်။ အခု အဲဒီဝေဖန်ရေး ဓလေ့အကြောင်း နည်းနည်းဆက် ပြောချင်ပါတယ်။
(၂) ဝါးလုံးရှည်နဲ့ ရမ်းတဲ့ ဝေဖန်ရေးရဲ့အန္တရာယ်
ဒီစင်ကာပူ ဆွေးနွေးချက်တွေကို ဝေဖန်သူအတော်များများက သတင်းမှန်မသိတာလည်းပါသလို တစ်ဖက်ကလည်း ကြုံတုန်း နှက်လိုက်မဟဲ့ဆိုတဲ့ ဆွမ်းကြီးဝင်လောင်းသူတွေလည်း ပါပါတယ်။ ဆွေးနွေးချက်တစ်ခုခုနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အကျိုးအပြစ် (merit of argument)ကို ဝေဖန်တာမဟုတ်ဘဲ ဝါးလုံးရှည်နဲ့ ရမ်းတဲ့ မှတ်ချက်တွေကို လက်လွတ်စပယ်ပေးကြတာ တွေ့ရပါတယ်။ ဥပမာ ဒေါက်တာတင့်ဆွေက သူ့ရဲ့ ‘One-Sided Arguments မဟာအမှား ကြီး’ဆိုတဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်မှာ ဒီဆွေးနွေးသူတွေဟာ ‘‘မြန်မာပြည်အကြောင်းကို ရစရာမရှိအောင် ဗိုလ်လို ပြောတတ်ကြကုန်သော ပညာရှင်ကြီးများ ပါတကား။ ... ပြက်ရယ်ပြုနိုင်စွမ်း ရှိသူများပါ တကား။ ဒေါ်အောင်ဆန်းစုကြည်သည် ဤသို့ နှလုံးရည်ပြည့်ဝကြကုန်သော မြန်မာပညာရှိကြီးများ ကို နေရာမပေးခြင်းသည် မဟာအမှားကြီးဖြစ်တော့သတည်း’’စသဖြင့် လှောင်ပြောင်ရေးထားတာ ဖတ်ရပါတယ်။ ဝေဖန်ရေးမှာဆွေးနွေးချက်တွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အကျိုးအပြစ်ကို အဓိက ဝေဖန်တာမဟုတ်ဘဲ ခေတ်စနစ်၊ ပုဂ္ဂိုလ်နောက်ခံအကြောင်းခြင်းရာ တွေနဲ့ ဆက်စပ်ပြီး contextualize ဝေဖန်တာမျိုးလည်း ရှိပါတယ်။ ဒါ ပေမဲ့ လှောင်တာပြောင်တာ။ စွပ်စွဲတိုက်ခိုက်တာမျိုးတော့ မဟုတ် ပါဘူး။
အခုတော့ ဒေါ်အောင်ဆန်းစုကြည်က နေရာမပေးလို့ အခုလို အပြစ်ပြောနေကြတာ။ ဒီအကျင့်တွေကြောင့်ပဲ ဒီလိုလူတွေကို နေရာမပေးဆိုပြီး ၀ါးလုံးရှည်နဲ့ သိမ်းရမ်းတာမျိုးဖြစ်နေပါတယ်။ ကျန်တဲ့သူတွေမှာလည်း ဒီလိုအကျင့် ဆိုးမျိုးရှိမယ်လို့မထင်ပါ။ ကျွန်တော်တစ်ဦးတည်းအနေနဲ့ ရှင်းအောင်ပြောရရင် ၁၉၈၈၊ ၁၄ နှစ် သားအရွယ်ကတည်းက ကျောင်းသားသမဂ္ဂအနေနဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာပါခဲ့တယ်။ ဘယ်ခေတ်ဘယ်ကာလမှာမှ အစိုးရအတွက် အလုပ်မလုပ်ခဲ့ဖူးဘူး။ ပြီးခဲ့တဲ့ ဦးသိန်းစိန်လက်ထက် ပွင့်လင်းလာလို့ မိတ်ဆွေရင်းတချို့တတ်နိုင်သမျှ ၀ိုင်းကူရအောင်ဆိုတော့လည်း ၀င်မပါခဲ့ဘူး။ အရင်အစိုးရ၀န်ကြီးတွေ၊ လွှတ်တော်အကြီးအကဲတချို့က ကူညီလုပ်ကိုင်ဖို့ တရားဝင်ပြောတာတွေရှိပေမယ့် တစ်ခါမှ မလုပ်ခဲ့ဘူး။ ဘာအခွင့်အရေးမှ မယူခဲ့ဘူး။ နောက်ဆုံး မြန်မာပြည်ပြန်လာလို့ရတာတောင် ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန်တယ်။ အစိုးရဆီက အခွင့်ထူးနဲ့ ဗီဇာမ တောင်းဖူးဘူး။ အခု NLD အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုကို လူထုက ရွေးချယ်ခွင့်ရတာ ၀မ်းသာတယ်။ ဆယ်ကျော်သက်ကတည်းက ရုန်းကန်တိုက်ပွဲဝင်ခဲ့တဲ့ ရလဒ်အသီးအပွင့်တစ်ခုမို့ ထောက်ခံတယ်။ အောင်မြင်စေချင်တယ်။ အကူအညီလိုရင် အစွမ်းကုန်ပံ့ပိုးလိုတယ်။ ကျောင်းသားသမဂ္ဂစိတ်နဲ့ သင်ယူခဲ့တဲ့ ပညာရေးပေါင်းပြီးနိုင်သမျှ ပြောဆိုကူညီတယ်။ ဒါပေမဲ့ နေရာတစ်ခါမှ မတောင်းဖူးဘူး။ စိတ်တောင်မကူးဖူးဘူး။ တပ်မတော်၊ ယခင် ယခုအစိုးရခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံတယ်။ ကျွန်တော် သုတေသနလိုအပ်ချက်အတွက် မေးမြန်းလေ့လာတာတွေ လုပ်တယ်။ အစိုးရအတွက် လုပ်တဲ့သူ တွေကိုလည်း ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပြီး အမနာပပြောဆိုတာ မလုပ်ခဲ့ ဘူး။ မီဒီယာတချို့က ထိပ်တိုက် တည်းပြီးထောင်တဲ့ မေးခွန်းမေးတာတောင် ဒါမျိုးအပေါစားတိုက် ကွက်တွေ ကျွန်တော်ရှောင်တယ်။ ဝေဖန်စရာရှိရင် မူအရ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ကစလို့ ဝေဖန်တယ်။ ကျွန်တော်ရေးတဲ့ New York Times နဲ့ Foreign Policy က ဆောင်းပါးတွေကို သက်သေခံချက်အဖြစ်သာ ဖတ်ကြည့်ပါ။ ဆဲဗင်းဒေးအပါအ၀င် ဂျာနယ်တွေမှာပေးခဲ့တဲ့ အင်တာဗျူးတွေကို ဖတ်ကြည့်ပါ။ ဒီတော့ အပွေးမြင် အပင်သိဆိုတဲ့သဘောနဲ့ ဝေဖန်လိုသပဆိုရင်လည်း ဘယ်သူနဲ့မဆို မျက်လုံးချင်းဆုံပြီး လိပ်ပြာသန့်သန့်ပြောရဲပါတယ်။
ခက်တာက အရင်ဦးသိန်းစိန် အစိုးရလက်အောက်မှာ သုတေသီအကြံပေးလုပ်ခဲ့တဲ့ (ဦး)တင်မောင်သန်း (သင့်ဘ၀ မဂ္ဂဇင်းအယ်ဒီတာဟောင်း) လို လူမျိုးကပါ လေဖမ်းဒန်းစီးဝင်ပြောလာတာပါပဲ။ ဇွန် လ ၁ ရက်နေ့ထုတ် ဒီဗီဘီ မြန်မာပိုင်း အင်တာနက်စာမျက်နှာမှာ (ဦး) တင်မောင်သန်းရဲ့ မိတ်ဆွေများသို့ အိတ်ဖွင့်ပေးစာ (၁)ဆိုပြီး စင်ကာပူဖိုရမ်က အစိုးရသစ်မှာ မူဝါဒမရှိဘူးလို့ပြောတဲ့ ပညာရှင်တွေကို ခေါင်းထဲထည့်မနေပါနဲ့လို့ ရေးပါတယ်။ (ဦး)တင်မောင်သန်းဟာ အရင်အစိုးရဆီမှာ တောက်လျှောက်လုပ်ခဲ့သလို အခု NLD အစိုးရသစ်လက်ထက်မှာလည်း အနည်းဆုံး တိုင်းဒေသကြီးအဆင့်မှာ ပညာရှင်တစ်ဦးအနေနဲ့ ကူညီပေးနေတယ်လို့ သိရပါတယ်။ အင်မတန်လိုအပ်တဲ့ကိစ္စပါ။ ကျွန်တော်နဲ့လည်း ရင်းနှီးခင်မင်ပြီး အင်မတန်အတွေး ရဲရင့်သူတစ်ယောက်ပါ။ ဒါပေမဲ့ (ဦး) တင်မောင်သန်းက ‘‘မူဝါဒ ရှိရှိ၊ မရှိရှိ ဘာများ အရေးကြီးလို့လဲလို့ အဲဒီ စင်အထက်က ပညာရှင်တွေကို မောင်တင်မောင်သန်းက မေးချင်တယ်ဗျ။ အခုပြုပြင်ပြောင်းလဲရေး မှာ လိုအပ်နေတာက မူဝါဒဆိုတာထက် ယုံကြည်မှု (Trust)၊ တည် ဆောက်ပုံနဲ့ စနစ် (Structure & System) ပဲ ဖြစ်ပါတယ်’’လို့ ရေးတာ ဖတ်ရတော့ ဖြစ်ရလေလို့သာ ‘တ’မိပါတယ်။ ဒါဟာ ဦးသိန်းစိန်အစိုးရအတွက် ငါးနှစ်လောက် လုပ်ပေးပြီးတော့မှ ရလာတဲ့သင်ခန်းစာဆိုရင်တော့ ပိုးသာကုန် မောင်ပုံစောင်းမတတ်ပါပဲလားလို့ ဆိုရမှာပါပဲ။ နိုင်ငံတကာမှာ လောက်လောက်လားလား မူဝါဒအရေး ဆောင်ရွက်သူမှန်သမျှ နောက်ဆုံး ကောလိပ်ကျောင်းသား ဖတ်တဲ့စာအုပ်မှာကအစ မူဝါဒနဲ့ ပတ်သက်ရင် ပထမဆုံးသိသင့်တာတစ်ခုကတော့ Policy is not made in a vacuum မူဝါဒကို ဆက်စပ်အခြေအနေတွေ ထည့်မ စဉ်းစားဘဲ သူ့ချည်းသက်သက် ချမှတ်လို့ မရဘူးဆိုတာပါပဲ။ နိုင်ငံ ရေး၊ လူမှု၊ စီးပွား၊ အစိုးရတည်ဆောက်ပုံနဲ့ စနစ်၊ နိုင်ငံရေးဓလေ့၊ လူထုရဲ့ စိတ်အခြေအနေ Public mood စတဲ့ contexts ဆက်စပ်အခြေအနေတွေ အများအပြားကို ထည့်သွင်းစဉ်းစားရပါတယ်။ စာအုပ်တိုင်းမှာပါတာမို့ ကျမ်းကိုးပေးစရာတောင် မလိုတော့ပါဘူး။ ဒါကြောင့် ကျွန်တော် စင်ကာပူ ဆွေးနွေးချက်မှာ အုပ်စိုးမှုစနစ်ကို ပိုင်းခြားသုံးသပ်ခြင်းဆိုတဲ့ regime analysis လုပ်တာပါ။ ဒေါ်အောင်ဆန်းစုကြည်မှာ သြဇာနဲ့ အာဏာနှစ်ရပ်စလုံးရှိလာတဲ့အတွက် လူထုထောက်ခံမှု၊ ယုံကြည်မှု အ ထွတ်ရောက်နေတယ်ဆိုတာ၊ ဖိုခုံ လောက်ဆိုင်အာဏာကို ပိုင်းခြားသုံးသပ်တာတွေဟာ ဆက်စပ်အ ခြေအနေတွေကို အရင်ချပြဆွေးနွေးတာပါပဲ။
(ဦး)တင်မောင်သန်းအနေနဲ့ ငါးနှစ်လုပ်လို့ မအောင်မြင်ခဲ့တဲ့ အားနည်းချက်တွေကို သင်ခန်းစာယူတာဟာ အင်မတန်ကောင်းပါတယ်။ ကိုယ့်အတွက်ရော၊ ကျန်သုတေသီတွေအတွက်ရော အကျိုးများလှပါတယ်။ ဒါပေမဲ့ကိုယ့် အမှားကို အခုမှ ကိုယ့်ရဲ့ အထူးအဆန်းရှာဖွေတွေ့ရှိချက်လို၊ ကျန်ပညာရှင်တွေတောင် ဒါမျိုးမတွေးမိ မတွေးဖူးသလို၊ နိုင်ငံတကာစာပေနဲ့ အတွေ့အကြုံတွေမှာ ဒါမျိုးမရှိခဲ့ဖူးသလို မပြောသင့်ပါဘူး။ ပြောချင်ရင် ရှိဆဲ သုတေသီတွေရဲ့ တွေ့ရှိချက်တွေကို ပြန်လည်သုံးသပ်တဲ့ Literature review လုပ် ပြီး‘‘ဒီမှာ ငါတွေ့ရှိချက်က အသစ်ကွ’’ဒါမှမဟုတ် ‘‘ရှိဆဲ တွေ့ရှိချက်တွေကို အားဖြည့်ထောက်ခံတဲ့ အရေးပါတဲ့ အချက်အလက်အ သစ်ကွ’’လို့ပြောပြီး နိုင်ငံတကာအဆင့်ရှိတဲ့ ပညာရပ်ဂျာနယ်တွေမှာ ထည့်သွင်းဖော်ပြခံရအောင် လုပ်သင့်ပါတယ်။
အဲဒီလိုမဟုတ်ဘဲ ပညာရပ်ကို လိုက်စားတဲ့ သုတေသီတစ်ဦးဖြစ်ပါရဲ့နဲ့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ အရင်အခြေအနေဟောင်းမှာ အလုပ်မဖြစ်ခဲ့တာကို မိုးလွတ်၊လေလွတ်၊ ကျည်လွတ် အခြေအနေရောက်မှာ သူများကို ထေ့ငေါ့အပြစ်တင်တဲ့နည်းနဲ့ ကိုယ့်အမှားကိုယ် သင်ခန်းစာယူတာမျိုးကတော့ မလျော်လှပါဘူး။ အဆိုးဆုံးကတော့ (ဦး) တင်မောင်သန်းလို ပုဂ္ဂိုလ်မျိုးဆီက စိန်တလုံးသရက်ကောင်းကြောင်း ပြောတဲ့ ပညာရှင်တို့၊ ပညာရှင်တွေကို ခေါင်းထဲများ ထည့်မနေပါနဲ့တို့ ဆိုတဲ့စကားတွေကို ကြားရတော့ အံ့သြမိပါတယ်။ သရော်စာရေးချင်ရင် သရော်စာသီးသန့်ရေးပါ။ ပညာရပ်အကြောင်းဆွေးနွေး လိုတယ်ဆိုရင်တော့ ထေ့ထေ့ငေါ့ ငေါ့မလုပ်ပါနဲ့။ လူတွေအမှတ်မှား ကုန်မှာစိုးလို့ပါ။ လူတွေက ပညာ ရှင်တွေ၊ သုတေသီတွေကို အလ ကားလေကန်နေတဲ့သူတွေ၊ ဘေး ထိုင်ဘုပြောတွေ၊ နေရာမရလို့ လျှောက်ပြောနေသူတွေ၊ ကိုယ်တိုင်တတ်ရင် ၀င်လုပ်ပါလား စသ ဖြင့် လှောင်ပြောင်နေတာကို မျှမျှ တတ မှန်မှန်ကန်ကန် ရှင်းလင်းရမယ့်အစား အာဏာရှင်ခေတ်ဟောင်းကလူတွေလို၊ သည်းခြေကြိုက် နိုင်ငံရေးသမားတွေလို ပညာတတ်ရှုတ်ချရေးပွဲမှာ အဆင်း ဘီးတပ်ပေးတာ၊ မီးလောင် ရာလေပင့်လုပ်တာကို သုတေသီ အမည်ခံပြီး ပိုတောင်မလုပ်သင့်ပါ ဘူး။
(၃) အပြုသဘောဝေဖန်ရေးသော လက်ခံထိုက်တယ်ဆိုတဲ့ အန္တရာယ်
နောက်ဆုံးတစ်ခုကတော့ စင်ကာပူဖိုရမ်က ပညာရှင်ဆိုသူ တွေဟာ အပျက်သဘောပဲ ဝေဖန်ပြစ်တင်နေကြတယ်။ ဝေဖန်ရေးမှာ အပြုသဘောပဲ လက်ခံထိုက်တယ်ဆိုတဲ့ကိစ္စပါ။ ဒါဟာ အပေါ် ယံကြည့်ရင် ဟုတ်သလိုလိုနဲ့လက်တွေ့မှာတော့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ကန့်သတ်တာပါပဲ။ ဝေဖန်ရေးဟာ ဝေဖန်ရေးပါပဲ။ နာမ၀ိသေသနတွေ မလိုပါဘူး။ ဟင်းတစ်ခွက်ကို ကောင်း၊ မကောင်း ဟင်းတစ်ခါမှမချက်ဖူးဘဲ သာမန်အသိနဲ့ ဝေဖန်နိုင်သလို၊ နာမည်ကျော် စားဖိုမှူးတွေကလည်း စနစ်တကျ အကျိုးအပြစ်နဲ့ ဝေဖန်နိုင်ပါတယ်။
အများပြည်သူရဲ့ ဆန်းစစ်တာကို ခံယူရမယ့် နယ်ပယ်အသီးသီးကအရေးပါသူ ပုဂ္ဂိုလ်ကျော်တိုင်းနဲ့ အင်စတီကျူးရှင်းတိုင်း Public Figures and Institutions ဟာ လူပြိန်းဝေဖန်တာပဲဖြစ်ဖြစ်၊ ပညာရှင် ဝေဖန်တာပဲဖြစ်ဖြစ် လက်ခံရမှာပါ။ ပုဂ္ဂလိကဘ၀ထဲ ချိုးဖောက်စော်ကားရင်၊ အသက်အန္တရာယ် ခြိမ်းခြောက်လာရင် တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်ရုံပါပဲ။ ဒါကတရားဥပဒေစိုးမိုးမှုနဲ့ပဲဆိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကစလို့ ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ အခြေခံဥပဒေတွေမှာလည်း လွတ်လပ်စွာဖော်ထုတ်ခွင့် Free Speech or Freedom of expression လို့ပဲ ပြောပါတယ်။ အပြုသဘောဆောင် ဖော်ထုတ်ခွင့်၊ တာဝန်သိသော ဖော်ထုတ်ခွင့် Constructive Speech or responsible Speech ဆိုပြီး မပြဋ္ဌာန်းထားပါဘူး။ ဘာလို့လဲဆိုတော့ အပြုသဘောဆောင် တာဝန်သိစေတဲ့ နာမ၀ိသေသနတွေပါလာရင် ဘယ်သူကအပြု သဘော ဆောင်၊ မဆောင်ဘယ်လိုစံချိန်နဲ့ ဆုံးဖြတ်မှာလဲ၊ ဘယ်လိုတားမြစ်မှာလဲဆိုတဲ့ မေးခွန်းက ဆက်တိုက်ပါလာတာပါပဲ။ အာဏာရှိသူက ဆုံးဖြတ်ရင် သူနဲ့ကွဲလွဲတဲ့အမြင် ဖော်ထုတ်မှုကို တားမြစ်တော့မယ် ဆိုတာ နိုင်ငံရေးဒဿန ပညာရှင်တွေ၊ ဒီမိုကရေစီခေါင်းကိုင် ဖခင်ကြီးတွေက အစောကတည်းက သိခဲ့တာပါ။
ဒါကြောင့်နိုင်ငံရေးမှာအမျိုးသားနိုင်ငံရေးနဲ့ ပါတီနိုင်ငံရေးခွဲခြားတာ၊ ဒီမိုကရေစီကို စည်းကမ်းပြည့်ဝသောလို နာမ၀ိသေသန တပ်တာတွေဟာ အပေါ်ယံကြည့်ရင် ဟုတ်သယောင်နဲ့ တိုင်းပြည်ကို ဘယ်လောက်ဒုက္ခပေးခဲ့သလဲဆို တာ စစ်အစိုးရအဆက်ဆက်သမိုင်းကို တကယ်ဖြတ်သန်းဖူးရင် သိနိုင်ပါတယ်။ ဒါကြောင့် ဝေဖန်ရေးကိုလည်းအပြုသဘောဝိသေသတပ်ပြီး လွတ်လပ်စွာဖော်ထုတ်ခွင့်၊ ကွဲလွဲခွင့်ကို မပိတ်ပင်ဖို့ လိုပါတယ်။ ဒီလိုဆိုရင် ဗဟုဝါဒဘောင် ကျဉ်းသွားပါလိမ့်မယ်။ မတူကွဲလွဲတဲ့အမြင်တွေ၊ လွတ်လပ်စွာဖလှယ်ခွင့် Free Trade in Ideas ရှိတာဟာ အမှန်တရားကို စမ်းသပ်နိုင်တဲ့ အကောင်းဆုံးနည်းဖြစ်ပါတယ်။ ‘‘ဟေ့ ... ဒါမြန်မာပြည် မင်းပြောတဲ့ တိုင်းပြည်တွေနဲ့ မတူဘူး။လူထုချစ်တဲ့အစိုးရကိုဝေဖန်ရင် လူထုဒဏ်ခတ်တာခံရမယ်’’ဆိုရင်လည်း အထက်မှာဆိုခဲ့သလိုလွတ်လပ်စွာဖော်ထုတ်ခွင့်ကို တရားသဘောအရ မယုံကြည်တောင်အုပ်စိုးသူတိုင်းအတွက် သတင်းအချက် လက်စုံလင်ကြွယ်ဝရနိုင်ဖို့၊ မူဝါဒရေသောက်မြစ်တစ်ခုအဖြစ် လက်ခံသင့်တယ်လို့ပဲပြောရမှာပါ။ လွတ်လပ်တဲ့ သတင်းစီးဆင်းမှုမရှိဘဲ ပြောနိုင်ဆိုနိုင်တဲ့ လူတိုင်းကအရိပ်အခြည်ကြည့်၊ ကိုယ့်ဘာသာ ကိုယ်ဆင်ဆာ Self-censor ပြန်ဖြတ်နေရပြီဆိုရင် အစိုးရတွေဟာ သတင်းမှားတွေ၊ သတင်းဖားတွေနဲ့သာ တိုင်းပြည်အုပ်ချုပ်ရတဲ့အဖြစ် ဆိုက်သွားတတ်ပါတယ်။ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်မှ ‘‘အားလုံးဝိုင်းလိမ်နေကြလို့၊ အနားကလူတွေမကောင်းလို့’’ ဆိုတဲ့ ဆင်ခြေမျိုးကို ထပ်ကြားကြရမှာ မလွဲပါဘူး။ တိုင်းပြည်တစ်ပြည်မှာ မူဝါဒပီပီပြင်ပြင်မရှိလည်း ရှိဆဲစနစ်အရှိန်နဲ့ Auto-Pilotဆက်သွား နေနိုင်ပါတယ်။ ဒါပေမဲ့ လွတ်လပ် စွာဖော်ထုတ်ခွင့်ကို အကြောင်းအမျိုးမျိုးပြတားမြစ်မယ်ဆိုရင်တော့ တိုင်းပြည်ကိုထွက်ပေါက်ပိတ်ထားသလို ဖြစ်ပါလိမ့်မယ်။
ကျွန်တော်အမြဲဆွေးနွေးရေးသားဖူးတာတစ်ခုကတော့ မြန်မာပြည်မှာ အဓိကပညာတတ်အစဉ်လာနှစ်ရပ်ရှိပါတယ်။ တစ်ခုက ကင်းဝန်မင်းကြီး ဦးကောင်းအစဉ်အလာဖြစ်ပြီး နောက်တစ်ခုကတော့ ယောအတွင်းဝန်ဦးဖိုးလှိုင် အစဉ်အလာပါ။ ပထမအစဉ်အလာက အာဏာနဲ့ အနီးဆုံးမှာမင်းဆရာလုပ်တဲ့ ပညာတတ်လမ်းစဉ်ဖြစ်ပြီး နောက်တစ်ခုကတော့အာဏာရှိသူကို အမှန်အတိုင်းကိုယ်ယုံ ကြည်ရာပြောတဲ့အစဉ်အလာပါ။ ဒီအစဉ်အလာနှစ်ရပ်စလုံးဟာသူ့နေရာနဲ့သူတန်ဖိုးရှိပါတယ်။ တိုင်းပြည်အတွက်လိုအပ်ပါတယ်။ ပညာရှင်တစ်ဦးချင်းရဲ့ ရွေးချယ်မှုအပေါ်မူတည်ပြီး လေးစားသင့်ပါတယ်။ အဲဒီအစဉ်အလာနှစ်ရပ်ထဲမှာပဲ အာဏာရှိသူမှန်သမျှကို ခြံခုန်ချဉ်းကပ်တဲ့ ပညာတတ်အချောင်သမားတွေလည်း ရှိတတ်သလို အစိုးရမှန်သမျှကို ဆဲဆိုပြီး ကိုယ့်ကိုယ်ကိုယ်ထူထောင်နေသူတွေလည်းရှိတတ်ပါတယ်။ ပြဿ နာမရှိပါဘူး။ အချိန်တစ်ခုရောက်ရင် သာမဏေနသာမဏောစစ် သွားမှာပါ။ ဒါပေမဲ့ ပညာတတ် ဆန့်ကျင်ရေးလုပ်တာ၊ လှောင်ပြောင်သရော်တာတွေကတော့ ပြ ဿနာရှိပါတယ်။ ပညာမပါဘဲ တိုင်းပြည်အုပ်ချုပ်နိုင်မယ်ထင်တာ၊ ပညာကျွမ်းကျင်မှုဆိုတာ စနစ်တကျသင်စရာမလိုစေတနာနဲ့ အတွေ့အကြုံပဲလို့ သတ်မှတ်တာတွေကတော့ တိုင်းပြည်ကို ‘‘လူကောင်း လူတော်’’ လမ်းစဉ် ဟောင်းအပေါ် ပြန်ဆွဲတင်ရာ ရောက်နိုင်ပါတယ်။ ‘‘တော်စရာမလိုဘူး၊ ငါ့အပေါ်သစ္စာရှိသူဟာ လူကောင်းပဲ’’ ဆိုတဲ့ ဦးနေ၀င်းရဲ့ သစ္စာခံတွေနဲ့ပဲ ၀န်းရံရေးလမ်းစဉ်ဟာ တိုင်းပြည်ကောင်းကျိုးမဖြစ်ထွန်းစေခဲ့ပါဘူး။ ဒီထက်ချဲ့ပြောရရင် လွတ်လပ်စွာဖော်ထုတ်ခွင့်၊ ကွဲလွဲခွင့်နဲ့ အဲဒီကွဲလွဲတဲ့အမြင်တွေကို ခေါင်းထဲထည့်စရာမလိုဘူးဆိုတဲ့ သဘောထားမျိုးကတော့ တိုင်းပြည်အတွက် အန္တရာယ်များလွန်းတယ်လို့သာ ဆိုရမှာပါပဲ။
(ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်)
0 comments:
Post a Comment