The Voice Daily, 06-06-2016.
ဆင်းရဲခြင်းဆိုတာ ဘာလဲ
ပြည်တွင်းစစ် (လက်နက်ကိုင် ပဋိပက္ခ) နှစ် ၆၀ ကျော်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ‘’စစ်နှင့်ငြိမ်းချမ်းရေး’’ ဆိုပြီး တွဲသုံးတာကို မကြာခဏကြားရလေ့ရှိပေမဲ့ ‘’စစ်နှင့်ဆင်းရဲခြင်း’’ ကို တွဲသုံးတာ မတွေ့မိသလောက်ပါပဲ။ တကယ်တော့ စစ်ပွဲနှင့်ဆင်းရဲခြင်းဆိုတာ တိုက်ရိုက်ဆက်စပ်နေပြိး ငြိမ်းချမ်းရေးက စစ်ရဲ့ဆန့်ကျင်ဖက် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလိုချင်ရင် စစ်ပွဲတွေရပ်ရမယ်ပေါ့။ ဒါဖြင့် ဆင်းရဲခြင်းကကော စစ်ပွဲတွေရပ် လိုက်ရင် နည်းနည်းသက်သာလာလေ မလား။
စစ်ပွဲရပ်ရုံနဲ့ ဆင်းရဲခြင်းသက်သာလာ မလာ အသေအချာမပြောနိုင်ပေမဲ့ စစ်ဖြစ်နေတဲ့ နိုင်ငံအားလုံး ဆင်းရဲနေတာကတော့ အသေအချာပါပဲ။ အရှေ့တောင်အာရှဒေသမှာ မြန်မာနိုင်ငံမှအပ စစ်ဖြစ်နေတဲ့နိုင်ငံ မရှိတော့ပါ။ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတချို့မှာတော့ အခုချိန်အထိ တိုက်ပွဲတွေပြင်းထန်နေဆဲ။ ချမ်းသာပြီး ဖွံဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေကိုကြည့်လိုက်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းကစပြိး ဘာစစ်ပွဲမှ မရှိတော့ပါ။
စစ်ပွဲမရှိတော့ စစ်အတွက် ကုန်ကျစရိတ်မရှိတော့ဘူးပေါ့။ မိအေး နှစ်ခါနာဆိုသလို စစ်ဆိုတာက နိုင်ငံတော် ဘတ်ဂျက် ဆုံးရှုံးရုံတင်မက၊ လူ့အသက်တွေလည်းသေကျေ၊ အဆောက်ဦတွေလည်းပျက်စီး၊ ကုန်ထုတ် လုပ်မှုလည်းကျဆင်း၊ သစ်တောတွေလည်းပြုန်း၊ ပညာရေး၊ ကျန်းမာရေး၊ စသဖြင့် အားလုံးထိခိုက်တဲ့ အတွက် ကောင်းတာဆိုလို့ ဘာမှ ပြစရာမရှိပါ။
ဆင်းရဲခြင်းလို့ပြောတဲ့အခါမှာ သဘာဝဘေးဒဏ်ကြောင့်ဆင်းရဲခြင်း၊ စစ်ပွဲကြောင့် ဆင်းရဲခြင်း၊ အစိုးရ စီမံခန့်ခွဲမှုညံ့လို့ဆင်းရဲခြင်း စသဖြင့် အမျိုးမျိုးရှိနိုင်ပါတယ်။ ကုလသမဂ္ဂကသတ်မှတ်ထားတာကတော့ တရက်ကို အမေရိကန်တဒေါ်လာခွဲအောက်သာဝင်ငွေရှိရင် ၀င်ငွေနည်းတဲ့ ဆင်းရဲသူအဖြစ်သတ်မှတ်ပါ တယ်။ ဒါက သာမန်ဆင်းရဲခြင်း။ အကြွင်းမဲ့ဆင်းရဲခြင်းဆိုတာ ရှိသေးတယ်။ စားစရာ အစာမရှိ၊ သောက်စရာ ရေမရှိ၊ ၀တ်စရာ အ၀တ်မရှိ၊ နေစရာ အမိုးအကာမရှိ၊ ကုစရာ ဆေးဝါးမရှိ၊ ဘာမှကိုမရှိပဲ ဒုက္ခရောက်နေ သူတွေကို ဆိုလိုတာပါ။
မြန်မာနိုင်ငံမှာ ဒီဆင်းရဲခြင်း ၂ မျိုးစလုံးရှိနေပါတယ်။ ဆင်းရဲရခြင်း နောက်ခံအကြောင်းရင်းကလည်း ၃ မျိုးစလုံးနဲ့ ပြည့်စုံသလို ဖြစ်နေပြန်ပါတယ်။ သဘာဝဘေးဒဏ်ကိုတော့ ဘယ်သူမှမလွန်ဆန်နိုင်လို့ ထားလိုက်တော့။ ကျနော်တို့လုပ်နိုင်တာက လူကြောင့်ဖြစ်တဲ့ဆင်းရဲခြင်း၊ တနည်းအားဖြင့် စစ်ပွဲတွေ ကြောင့်ဆင်းရဲခြင်း၊ အစိုးရစီမံခန့်ခွဲမှုညံ့လို့၊ အကျင့်ပျက်ခြစားမှုများလွန်းလို့ဆင်းရဲခြင်းကိုတော့ အခု လူထုမဲနဲ့တက်လာတဲ့ အစိုးရသစ်လက်ထက်မှာ ကုစားဖို့ပြင်ဆင်နေတဲ့ သတင်းတွေကြားနေရပါတယ်။
ဈေးကွက်စီးပွားရေးနှင့် စစ်ကွက်စီးပွားရေး
ပထ၀ီအနေအထား နည်းနည်းဝေးတဲ့ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကဖက်က စစ်ပွဲအခြေအနေကိုထား လိုက်ပါ။ နှစ် ၆၀ ကျော်ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနဲ့ ပြည်တွင်းစစ်မရှိတဲ့ (စစ်တပ်က မကြာခဏ အာသိမ်းလေ့ရှိသည့်တိုင်) ထိုင်းနိုင်ငံကိုပဲ ဥပမာထားနှိုင်းယှဉ်ကြည့်ပါ။ စစ်ပွဲတွေကြောင့် မြန်မာနိုင်ငံ ဘယ်လိုကျန်ခဲ့သလဲဆိုတာ လူတိုင်းသိနိုင်ပါတယ်။ ၁၉၄၈ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီအားကောင်း စဉ်က စခဲ့တဲ့စစ်ပွဲတွေ၊ ၁၉၇၀ ၀န်းကျင် ပြည်သူ့ ပြည်ချစ်ပါတီခေတ် စစ်ပွဲတွေကိုထားလိုက်ဦး။
၁၉၈၈ နောက်ပိုင်း နှစ် ၂၀ ကျော်အတွင်းမှာတင် ထိုင်းနဲ့ မြန်မာ ဘယ်လောက်အထိ ကွာထွက်သွားသလဲ။ ဒီနေ့ တပ်မတော်မှာ တာဝန်ယူနေသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှာ တာဝန် ယူနေသူတွေ ကောင်းကောင်းသိပါတယ်။ နှစ် ၆၀ ကျော်စစ်ပွဲအတွင်း ကျဆုံးသွားတဲ့ နှစ်ဖက်စစ်သား၊ ထိခိုက်ဒဏ်ရာရပြီး မသန်စွမ်းဖြစ်သွားတဲ့ နှစ်ဖက်စစ်သား ဘယ်လောက်တောင်ရှိနေပြီလဲ။ ပေါ်တာဆွဲခံရ လို့ဖြစ်စေ၊ ၀မ်းစာရှာရင်းမိုင်းနင်း မိလို့ဖြစ်စေ သေဆုံး၊ ဒဏ်ရာရတဲ့အရပ်သား ဘယ်လောက်တောင်ရှိ နေပြီလဲ။ အခုလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စဉ်ဆက်မပြတ် လုပ်နေချိန်မှာ ဒီလိုစာရင်းဇယားတွေပြုစု ထုတ်ပြန်သင့်ပါတယ်။
ဒါက လူသားအရင်းအမြစ်ဆုံးရှုံးမှုတခုတည်းသာရှိပါသေးတယ်။ တိုင်းပြည်ဘဏ္ဍာငွေ၊ တိုင်းပြည်အရင်း အမြစ်တွေကော နှစ် ၆၀ ကျော်အတွင်း ဘယ်လောက်ဆုံးရှုံးခဲ့သလဲ။ တပ်မတော်ဖက်ကသုံးတဲ့စာရင်း တွေတော့ စစ်ရုံးချုပ်နဲ့ နိုင်ငံတော်ဘတ်ဂျက်စာရင်းထဲမှာ ရှိမယ်လို့ထင်ပါတယ်။ ဒါဖြင့် အတိုက်အခံ လက်ကိုင်အဖွဲ့ပေါင်းစုံဖက်က သုံးတဲ့စရိတ်ကော ဘယ်မှာရှာဖွေနိုင်မလဲ။ ပျောက်ကျားစစ်ကိုအခြေခံတာ မို့လို့ အစိုးရတပ်လိုမျိုး စစ်ရုံးချုပ်မှာ စာရင်းဇယား သိမ်းထားနိုင်ဘွယ်မရှိပါ။
ဒါပေမဲ့ လက်ကိုင်အဖွဲ့မျိုးစုံထိမ်းချုပ်ထားတဲ့ နယ်စပ်တကျောမှာ သစ်တောတွေမရှိတော့ပါ။ ခဲမိုင်း၊ ကျောက်မိုင်း၊ ရွှေမိုင်းတွေလည်း တူးလို့ကုန်သလောက်ရှိနေပါပြီ။ သူပုန်တပ်မှာ အစိုးရတပ်လို နိုင်ငံတော်က ဘတ်ဂျက်ချပေးတာမရှိတော့ ကိုယ်နယ်ထဲရှိတာကိုရောင်းချပြီး လက်နက်မ၀ယ်ရင် ဘာနဲ့သွားတိုက်မလဲ။ သူပုန်တွေကိုလည်း အပြစ် ပြောလို့မဖြစ်ပြန်ဘူး။ သူတို့ကအမျိုးသားလွတ်မြောက် ရေးအတွက် တိုက်ပွဲဝင်နေသူတွေ၊ သူ့နယ်သူ ကာကွယ်နေသူတွေ၊ နေပြည်တော်နဲ့ ရန်ကုန်ကို လာရောက် ကျုးကျော်တိုက်ခိုက်နေသူတွေမဟုတ်ပါ။
ဒါပေမဲ့ ‘’စစ်ဖြစ်ပြီဆိုရင် ပထမ ဆုံးကျဆုံးသူဟာ အမှန်တရားပါပဲ’’ လို့ အဆိုရှိတဲ့အတိုင်း စစ်ပွဲတခုမှာ ဘယ်သူမှန်ပြီး ဘယ်သူမှားတယ်လို့ ပြောဖို့ခက်ပါတယ်။ ကိုယ်က သူ့ကိုမသတ်ရင် သူ့က ကိုယ့်ကိုပြတ် သတ်မှာမို့ လက်ဦးအောင်အရင်သတ်ရင်းနဲ့ အပြန်အလှန်သတ်တဲ့ဇတ်လမ်းက အခု ၂၁ ရာစု အလယ်ပိုင်းရောက်ခါနီးတဲ့အထိ မြန်မာ့ မြေပေါ်က မပျောက်နိုင်သေးပါ။
မြန်မာတွေအချင်းချင်း အဲဒီလိုသတ်ဖြတ်နေချိန်မှာ အိမ်နီးချင်းထိုင်းနဲ့ တရုတ်တွေ ဘာလုပ်နေသလဲ။ သူပုန်နယ်က ထွက်လာတဲ့ သစ်တွေ၊ တခြားသံယံဇာတတွေ (တချို့နေရာတွေဆို အစိုးရတပ်ကလည်း ရောင်းပါတယ်) နဲ့ အကျိုးဖြစ်ထွန်းခဲ့တယ်လို့ ဝေဖန်သူတချို့ကဆိုပါတယ်။ ဒါပေမဲ့ အဓိကအချက်ကတော့ ပြည်တွင်းစစ်မရှိတဲ့ သူတို့နိုင်ငံတွေမှာ စစ်စရိတ်မကုန်တဲ့အတွက် တိုင်းပြည်တည်ဆောက်ရေးကို နှစ် ၂၀ ကျော်ကာလအတွင်း ကောင်းကောင်း လုပ်ပြနိုင်ခဲ့ပါတယ်။
တည်ဆောက်ရေးအကျိုးဆက်နဲ့ တိုက်ခိုက်ရေးအကျိုးဆက်ကို သိချင်ရင် သံလွင်နဲ့ သောင်ရင်းမြစ် တကျောကို သွားကြည့်ပါ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကာလအတွင်း စတင်စိုက်ခဲ့တဲ့ ကျွန်းသစ်တောတွေ ထိုင်းဖက်ကမ်းမှာ စိမ်းစိမ်းစိုစို။ မြန်မာဖက်မှာတော့ လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်ကတည်းက ရှိခဲ့တဲ့ ကျွန်းသစ်နဲ့ တခြားသစ်မာအားလုံးပြောင်သွားလို့ တောင်ကတုံးတွေပဲကျန်တာ တွေ့ရပါလိမ့်မယ်။
ဒါက စစ်ကြောင့် ဆုံးရှုံးခဲ့ရတဲ့ ထိုင်း-မြန်မာနယ်စပ်က တိုင်းပြည်ရဲ့ သဘာဝအရင်းအမြစ်တွေပါ။ ကွန်မြူနစ်စနစ်နဲ့ ဈေးကွက်စီးပွါးရေးဆီချီတက်နေတဲ့ တရုတ်နယ်စပ်ဖက်ကို သွားကြည့်ဦးမလား။ သစ်တောနဲ့ သံယံဇာတတွေ ထိုင်းဖက်မှာလိုပဲ ပြုန်းတီးနေမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ ဒါပေမဲ့ ပိုထူးတာက စစ်ကြောင့်ဖြစ်တဲ့ ဒဏ်ရာအပြင် မူးယစ်ဆေးဝါးကြောင့်ဖြစ်တဲ့ ဒဏ်ရာကိုပါ အပိုဆု ရလိုက်ပါသေးတယ်။ ဘိန်းနဲ့မူးယစ်ဆေးဟာလည်း ပြည်တွင်းစစ်ရဲ့ ထုတ်ကုန်တခုလို့ဆိုရင် ငြင်းမဲ့ သူမရှိဘူးထင်ပါတယ်။
ပြည်တွင်းစစ်ရဲ့ နောက်ထပ် ထုတ်ကုန်တခုကတော့ နယ်စပ်တကျောမှာ မျိုးဆက် ၃ ခုစာလောက် ဆုံးရှုံး ခံနေရတဲ့ အင်အားတသိန်းကျော်ရှိ ဒုက္ခသည်တွေပါပဲ။ ၁၉၈၀ ပြည်လွန်နှစ်တွေကနေ အခုထိဆို နှစ် ၃၀ ကျော်နေပြီ။ တနည်းအားဖြင့် ဒီစခန်းမှာမွေးသူတောင် အခု အသက် ၃၀ ရှိနေပြီဖြစ်တဲ့အတွက် ဒုတိယ မျိုးဆက်တောင်ဖြစ်နေပြီ။ သူတို့သားသမီးက တတိယ မျိုးဆက်ပေါ့။ (ဒါဟာ ထိုင်းနယ်စပ်က အခြေ အနေကိုသာပြောထားခြင်းဖြစ်ပြီး လွန်ခဲ့ တဲ့ ၅ နှစ်တာ အစိုးရခေတ်မှာ ထပ်ပေါ်လာတဲ့ တရုတ်နယ်စပ်နဲ့ ကချင်၊ ရှမ်းပြည်နယ်ထဲက ဒုက္ခသည်စာရင်း မပါသေးပါ)။
ဒါက နယ်စပ်ကအခြေနေ။ ထိုင်းနယ်မြေထဲအထိ ၀င်ပြီးကြည့်ဦးမလား။ မြန်မာအလုပ်သမား ၂ သန်းကျော်အထိ ရှိနေတာတွေ့ရပါလိမ့်မယ်။ ၈၈ မတိုင်ခင်က ထိုင်းမှာအလုပ်ထွက်လုပ်သူဆိုတာ နယ်စပ်ဒေသက ဆင်းရဲသားတွေ လောက်သာရှိပါတယ်။ အခုတော့ အဲဒီလိုမဟုတ်တော့ ပြည်နယ်-တိုင်း ၁၄ ခုစလုံးရှိ မြို့နယ်တိုင်းကနေ ကိုယ်စားလှယ်ရွေးပြီး လွတ်ထားတဲ့အတိုင်း ထိုင်းမှာအလုပ်သွား လုပ်နေသူမရှိတဲ့ မြို့နယ်ဆိုတာ မရှိတော့ပါ။ အဲဒီ အလုပ်သမားတွေပို့လိုက်တဲ့ငွေကြေးနဲ့ ဒီနေ့ မြန်မာ့ ကျေးလက်ဒေသတွေရဲ့ စီးပွားရေးကိုလည်ပတ်နေတယ်လို့တောင် ပြောနိုင်မယ်ထင်ပါတယ်။
ဆင်းရဲခြင်းကို ဘယ်လိုကုစားမလဲ
ဒီလောက်ဆိုရင် စစ်ပွဲနှင့်ဆင်းရဲခြင်း တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတာ နှစ်ဖက် တပ်ဖွဲ့တာဝန်ရှိသူတွေ လက်ခံလောက်ပြီထင်ပါတယ်။ ဒါက နယ်စပ်က ဥပမာတွေပဲရှိပါသေးတယ်။ လွန်ခဲ့တဲ့နှစ် ၂၀ ကာလ အတွင်း ပြည်တွင်းမှာ ဆိုးဆိုးဝါးဝါးဖြစ်သွားတဲ့ လယ်ယာမြေသိမ်းမှုတွေ၊ စစ်တပ်နဲ့ပေါင်းပြီး စီးပွားရှာတဲ့ ခရိုနီစီးပွါးစနစ်ပေါ်လာမှုတွေကိုကော စစ်ပွဲရဲ့အကျိုးဆက်လို့ပြောရင် ဘယ်သူငြင်းမလဲ။ စစ်ဖြစ်နေတဲ့ နိုင်ငံတိုင်းမှာ လက်နက်ကိုင်တပ်တွေသြဇာကြီးတာ သဘာဝပါ။ စစ်တိုင်းမှုးက ပြည်နယ်-တိုင်း ၀န်ကြီးချုပ်ထက် ပိုသြဇာရှိတာ လူတိုင်းသိပါတယ်။ ဒီတော့ ဗဟိုရော၊ ဒေသဆိုင်ရာရော ရှိသမျှစစ်အရာရှိ တွေနဲ့ပေါင်းပြီး တိုင်းပြည်ကို စစ်ကွက်ချသလို ခွဲတန်းချ ဝေစားခဲ့တာ မထူးဆန်းပါဘူး။
ထားလိုက်တော့။ အခုတော့ ဒါတွေ ပြီးဆုံးသွားပါပြီ။ စစ်အုပ်ချုပ်ရေးခေတ်ကနေ ဒီမိုကရေစီ အုပ်ချုပ်ရေး ခေတ်ဆီ ချီတက်နေပါပြီ။ ဒါဖြင့် ဒီဆင်းရဲခြင်းကို ဘယ်လိုကုစားမလဲ။ စစ်ပွဲတွေမရပ်ပဲနဲ့တော့ ဆင်းရဲခြင်းကို ကုစားဖို့ မဖြစ်နိုင်ပါ။ စစ်ပွဲကိုမရပ်ပဲ ဆင်းရဲခြင်းကို ကုစားမယ်ဆိုရင် ‘’သမင်းမွေးရင်းကျားစားရင်း’ ဆိုတဲ့ စကားပုံအတိုင်း ယာဖက်လက်ကထူထောင်၊ ဘယ်ဖက်လက်က ပြန်ဖျက်ဆီးနဲ့ ရှေ့ကိုမတက်နိုင်ပဲ အရင် အစိုးရခေတ်ကလိုပဲ လုံးချာလည် နေပါလိမ့်မယ်။
ဒီလိုထူတောင်တဲ့အခါမှာ ပြည်တွင်းအားအပြင် နိုင်ငံတကာအကူအညီလည်းလိုတယ်လို့ ဝေဖန်ဆန်းစစ် သူတွေက ဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ထူးခြားချက်ကတော့ တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာဖက်က ကူညီပေးတဲ့အပြင် စစ်ပွဲရပ်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ပါ အကူအညီပေး နေတဲ့အတွက် တခြားနိုင်ငံတွေထက် ပိုသာသွားနိုင်တယ်လို့တောင် ဆိုနိုင်ပါတယ်။
ဒါပေမဲ့ ဒီနေရာမှာလည်း ‘’သမင်မွေးရင်း ကျားစားရင်း’’ ကိုပဲ ဥပမာပြန်ပေးရမယ်ထင်ပါတယ်။ စစ်ပွဲမရပ်ပဲ ဆင်းရဲခြင်းကိုကုစားဖို့မဖြစ်နိုင်သလို လာဘ်စားမှု၊ အကျင့်ပျက်ခြစားမှုကိုမရပ်ပဲလည်း ဆင်းရဲခြင်းကို ကုစားလို့မဖြစ်နိုင်ပါ။ ရှည်ရှည်ဝေးဝေး မကြည့်ပါနဲ့။ ပြီးခဲ့တဲ့အစိုးရသက်တန်းအတွင်း ငြိမ်းချမ်းရေးနဲ့ တည်ဆောက်ရေးအတွက် နိုင်ငံတကာက အကူအညီ ဘယ်လောက်ပေးခဲ့သလဲ။ အဲဒီအကူအညီတွေ အခု ဘယ်မှာလဲ။ ၂၀၁၂ ကနေ ၂၀၁၅ နှစ် ကုန်အထိ စဉ်ဆက်မပြတ်လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရဲ့ ရလာဒ်က ဘယ်မှာလဲ။
တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ စစ်ပွဲရပ်တာ၊ အကျင့်ပျက်ခြစားမှုရပ်တာအပြင် ကောင်းမွန်စွာ စီမံခန့်ခွဲတတ်ဖို့လည်း လိုပါသေးတယ်။ ဒီလိုဖြစ်လာစေဖို့အတွက် မျိုးဆက် ၃ ခုစာလောက် ပျက်စီးနေတဲ့ လူသားအရင်းအမြစ်တွေကို ပြန်လည်ပြုစုပျိုးထောင်ဖို့လိုပါတယ်။ ဒီအတွက် စစ်သုံးစရိတ်လျော့ချပြီး ပညာရေးနဲ့ ကျမ်းမာရေးဖက်မှာ ရင်းနှီးမြှုပ်နှံမှုတိုးမြင့်ဖို့လိုပါတယ်။ စစ်လက်နက်ထုတ်လုပ်ရေးအစား လူသုံးကုန်ထုတ်လုပ်ရေးဖက်မှာ ရင်းနှီးမြှုပ်နှံမှု ပိုလုပ်ဖို့လိုလာပါတယ်။
ဒီလို တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေကို စတင်ဖေါ်ဆောင်နိုင်ဖို့အတွက် ပထမ ဆုံးလှမ်းရမဲ့ ခြေလှမ်းကတော့ စစ်ပွဲတွေ အမြန်ဆုံးရပ်ဆိုင်းရေးနဲ့ အကျင့်ပျက်ချစားမှုတွေ ချက်ချင်းပပျောက်အောင် လုပ်ရေးပဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။
1 comments:
Hi Brother, I would like to excerpt and repost it on my Blog. www.gfmmyanmar.com brother - for non-profit purpose.
Post a Comment