Wednesday, May 7, 2014

တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၉)

မြန်မာလိုတွေးပြီး အင်္ဂလိပ်လိုရေးတဲ့အခါ

မယ်ဟောင်ဆောင်မှာ သတင်းနှစ်ပတ်ကြာ ရေဒီယိုသင်တန်းတက်ပြီးတဲ့နောက် ကိုယ်ဘာသာ ဟုတ် လှပြီလို့ အထင်ဝင်လာတဲ့ ကျနော်ဟာ မြန်မာလို ရေဒီယိုသတင်းပို့တာနဲ့တင် အားမရပဲ အင်္ဂလိပ်လို သတင်းရေးဖို့အထိ ရဲဆေးဝင်လာပါတယ်။ အဲဒီလိုရေးရဲအောင် မြှောက်ပေးသွားသူက ဧရာဝတီအယ်ဒီ တာချုပ် ကိုအောင်ဇော်ပါ။ သူက RFA သတင်းထောက်နဲ့ Irrawaddy အယ်ဒီတာချုပ်ဖြစ်တဲ့အပြင် the Nation မှာလည်း ပင်တိုင်ရေးနေသူ ဖြစ်ပါတယ်။ အဲဒီအချိန်က ဧရာဝတီဟာ မြန်မာဘာသာနဲ့ထုတ် တာ မရှိသေးဘဲ အင်္ဂလိပ်ဘာသာနဲ့ တလတခါထုတ်တဲ့ စာစောင်သာရှိပါသေးတယ်။

(ဘန်ကောက်မှာကျင်းပတဲ့ ၂၀၀၀ ခုနှစ် အာဆီယံ အစည်ဝေးအတွင်း နအဖ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင်အား မြန်မာ သတင်းထောက်တွေ ၀ိုင်းမေးနေစဉ်။ ဓာတ်ပုံ- ဧရာဝတီ)

''Perfect ဖြစ်မှရေးမယ်လို့စောင့်နေရင် ခင်ဗျားဘယ်တော့မှ ရေးဖြစ်တော့မှာ မဟုတ်ဘူး။ အရေးကြီး တာက ခင်ဗျားဆိုလိုရင်းကို အယ်ဒီတာနားလည်ဖို့ပဲ။ ရဲရဲသာရေးပါ'' လို့ ကိုအောင်ဇော်က ပြောပါ တယ်။ အဲဒီသင်တန်းအပြီးမှာ အင်္ဂလိပ်ဘာသာနဲ့ ကျနော် ပထမဆုံး ရေးဖြစ်ခဲ့တဲ့ ဆောင်းပါးကတော့ “Amazing Lambi” ပါ။ ၁၉၉၈ သြဂုတ်လထုတ် ဧရာဝတီမဂ္ဂဇင်းရဲ့ Guest Colum မှာ ဖော်ပြခံရပါ တယ်။

လမ်းပိဆိုတာ တနင်္သာရီတိုင်း မြိတ်ကျွန်းစုတွေထဲက ကျွန်းတခုပါ။ ကျနော်တခါမှ မရောက်ဘူးပါဘူး။ ဒါပေမယ့် ရနောင်းမှာရှိတဲ့ ကျနော်ရဲ့သတင်းအရင်းမြစ်တခုကနေ လမ်းပိကျွန်းမှာ လုပ်အားပေးခိုင်စေ တာတွေရှိနေတယ်၊ ထိုင်းကနေ ဖမ်းဆီးပြန်ပို့ခံရတဲ့ မြန်မာအလုပ်သမားတွေကို အဲဒီစခန်းဆီပို့နေ တယ်။ သဘာဝအပန်းဖြေစခန်းနဲ့ စစ်စခန်းသစ်ဆောက်လုပ်ရေးတွေမှာ အခုလိုခိုင်းစေနေတာ ဖြစ် တယ်ဆိုပြီး ဓာတ်ပုံနဲ့တကွ သတင်းပို့လာပါတယ်။ ရှေ့မှာ ပလ္လင်ခံခဲ့တဲ့အတိုင်း သတင်းမှန်မမှန်ကို အချိန်ယူစိစစ်ဖို့ထက် စစ်အစိုးရကိုတိုက်ခိုက်နိုင်ဖို့သာ ဆန္ဒစောနေသူပီပီ ရတာနဲ့ တန်းရေးတော့တာ ပါပဲ။

ဧရာဝတီ အွန်လိုင်း မော်ကွန်းတိုက် (Archive) ထဲမှာပြန်တွေ့တဲ့ အဲဒီဆောင်းပါးကို အခုချိန်ဖတ်ကြည့် တော့ သတင်းသမားတဦးအနေနဲ့ရေးထားတာထက် တက်ကြွလှုပ်ရှားသူ တဦးရဲ့အမြင်က ကဲနေတာကို သိသာစွာတွေ့ရပါတယ်။ ဒါပေမယ့် အဲဒီကာလကတော့ ဒီလိုဆောင်းပါးတပုဒ်ဖြစ်ဖို့အတွက် အသည်း အသန် ကြိုးစားခဲ့ရတာပါ။ ကြိုးစားမှုကောင်းလွန်းလို့ သတ်မှတ်စာလုံးရေ ၁၀၀၀ နဲ့ ၁၂၀၀ ကြားဆို တာကိုကျော်ပြီး စာလုံးရေ ၁၅၀၀ ကျော်တဲ့ ဆောင်းပါးရှည်ကြီး ဖြစ်သွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဆောင်းပါးတွေ ဆက်တိုက်ရေးဖြစ်ခဲ့ပြီး ၁၉၉၈ နိုဝင်ဘာမှာ ''Cry Freedom'' on the air: From bombsites to websites ဆိုတဲ့ဆောင်းပါး Bangkok Post သတင်းစာမှာ ဖော်ပြခံရပါတယ်။ တခါ ၁၉၉၉ မတ်လမှာလဲ An Alert for coming '9999' Uprising ဆိုတဲ့ ဆောင်းပါး the Nation သတင်းစာမှာ ပါရှိလာပါတယ်။

ကွန်ပြူတာမရှိ၊ email မသိ၊ Dictionary သာရှိတဲ့ သတင်းထောက်

ပထမ ဆောင်းပါးဟာ ကျောင်းသားတွေ ဦးစီးဆောင်ရွက်နေတဲ့ DVB ရေဒီယိုအကြောင်း၊ တနည်း အားဖြင့် ပြောမယ်ဆိုရင် ကိုယ့်အကြောင်း ကိုယ်ရေးထားတဲ့ဆောင်းပါးဖြစ်ပါတယ်။ ဒါပေမယ့် သတင်း စာကျင့်ဝတ်ကို အသေချာနားမလည်သေးသူပီပီ ကိုယ့်အကြောင်းကိုယ်ရေးတယ်လို့ မပြောပဲ တခြား DVB သတင်းထောက်တဦးကို အင်တာဗျူးလုပ်ပြီး ရေးထားတဲ့ စတိုင်နဲ့ ပို့လိုက်တာပါ။

(နတ်အိမ်တောင်စခန်းပေါ်ကနေ မြင်ရတဲ့ တိုတယ်ကုမ္ပဏီရုံးဝင်းနဲ့ ရတနာပိုက်လိုင်းလမ်းကြောင်း။ ဓာတ်ပုံ- ထက်အောင်ကျော်)

ဒုတိယဆောင်းပါးကလည်း အဲဒီလိုခပ်ဆင်ဆင်ပါပဲ။ အဲဒီကာလအထိ ABSDF ဗဟိုကော်မတီဝင်ဖြစ်နေ ဆဲ ကျနော်ဟာ ဇလားဒုက္ခသည်စခန်းမှာကျင်းပတဲ့ ဗဟိုကော်မတီအစည်းဝေးအတွင်းက ဆွေးနွေး ချက်တွေပေါ်အခြေခံပြီး ဘယ်သူ့ကိုမှ တရားဝင် အင်တာဗျူးပြန်မလုပ်ဘဲ ၉ လေးအရေးတော်ပုံ အ တွက် ကျောင်းသားတွေပြင်ဆင်နေဆိုပြီး ဒီအတိုင်းရေးပို့ လိုက်တာဖြစ်ပါတယ်။

နိုင်ငံတကာအဆင့်ရှိတဲ့ ဘန်ကောက်ထုတ် သတင်းစာကြီးတွေမှာ ဒီလိုဆောင်းပါးတွေပါလာတဲ့အထိ ကျနော် ကွန်ပျူတာမရိုက်တတ်သေးပါ။ ကိုယ်ပိုင်ကွန်ပျူတာလည်း မရှိသေးပါ။ ဘယ်လောက်အထိ အ ခြေနေဆိုးသလဲဆိုရင် Microsoft word ထဲက Tools ကိုသွားပြီး Word Count လုပ်လို့ရတယ် ဆို တာကို မသိတဲ့အတွက် စာလုံး ၁၀၀၀ ပြည့်မပြည့် သိနိုင်ဖို့ တလုံးချင်း ဒီတိုင်း လိုက်ပေါင်းခဲ့ဖူးပါတယ်။

ကိုယ်ပိုင်ကွန်ပျူတာမရှိတော့ လျှောက်လွှာစာရွက်ပေါ် အရင်အကြမ်းရေးထားပြီးမှ ဘန်းကပိ ကုန် တိုက်အနီးရှိ ABSDF ထောက်ပံ့ရေးရုံးက ကွန်ပျူတာအားတဲ့အချိန်မှာ ခဏခွင့်တောင်းပြီး စာရိုက်ရပါ တယ်။ အဲဒီဆောင်းပါးတပုဒ်စီအတွက် သတင်းနှစ်ပတ်ကနေ တလလောက်အထိ အချိန်ယူပြင်ဆင် ခဲ့ရတယ်လို့ မှတ်မိနေပါတယ်။

တခါ အဲဒီလိုရေးပြီးတဲ့ဆောင်းပါးတွေကို သတင်းစာတိုက်ဆီ ဘယ်လိုပို့ရမှန်းလည်း မသိသေးပါ။ ဘန် ကောက်ပို့စ်သတင်းစာက ရတ်ဘချိုကို တခါနှစ်ခါလောက် လူချင်းတွေ့ဖူးပေမယ့် မရင်းနှီးပါ။ ပြီးတော့ သူက ကျနော့်ကို ABSDF တပ်ဖွဲ့ဝင်တဦးအဖြစ်သာ သိထားတဲ့အတွက် ဒီလိုဆောင်းပါး ပို့လာလိမ့် မယ်လို့လည်း ထင်ထားပုံမရပါ။

နောက်တချက်ကတော့ အဲဒီအချိန်ထိ ကျနော်ဟာ အီးမေးလ် မသုံးတတ်သေးပါ။ အီးမေးလ် အ ကောင့်လည်း မရှိသေးပါ။ ဒီတော့ ABSDF ရုံးက Fax ထဲ ဆောင်းပါးစာရွက်တွေကို ထိုးထည့်ပြီး ဘန် ကောက်ပို့စ် သတင်းစာမှာဖော်ပြထားတဲ့ အယ်ဒီတာ့အာဘော်အခန်းက Fax နံပါတ်ဆီ ဒီတိုင်း ပို့ချ လိုက်ပါတယ်။ the Nation ဆီလည်း အဲဒီတိုင်းပဲ ပို့လိုက်တာပါ။

အဲဒီလို ဘာမသိညာမသိ စမ်းပြီးပို့လိုက်တဲ့ဆောင်းပါး နှစ်ပုဒ်စလုံး သတင်းနှစ်ပတ်လောက်အတွင်း နာ မည်ကြီးသတင်းစာတွေမှာပါလာတော့ ကိုယ်ဘာသာလဲ အံ့သြမိပါတယ်။ ဘာကြောင့်လဲဆိုရင် အဲဒီ အချိန်အထိ ကျနော်ကြားဖူးနားဝ ရှိသလောက်ဆိုရင် Link မရှိဘဲနဲ့၊ ကိုယ်နဲ့သိတဲ့လူ၊ ရင်းနှီးတဲ့လူတွေ အဲဒီသတင်းစာတိုက်တွေမှာမရှိဘဲနဲ့ ဒီတိုင်းပို့နေလို့ကတော့ လက်သာညောင်းသွားမယ်။ ဘယ်တော့မှ ကိုယ့်ဆောင်းပါး ဖော်ပြခံရမှာ မဟုတ်ဘူးလို့ မြန်မာတွေကြား ပြောနေကြလို့ဖြစ်ပါတယ်။

အသေချာပြန်စဉ်းစားမယ်ဆိုရင်တော့ အယ်ဒီတာမင်းတွေက ကျနော်ကို ဘာကောင်မှန်းမသိပေမယ့် အနည်းဆုံးအားဖြင့် ABSDF အဖွဲ့ဝင်တဦး၊ DVB သတင်းထောက်တဦး၊ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူတဦးဆိုတာကို သိနေတဲ့အတွက်၊ တနည်းအားဖြင့်ပြောမယ်ဆိုရင် ကျနော်ရဲ့ တကိုယ်တော် အရည်ချင်းထက် ကျနော်ပါဝင်ပတ်သက်နေတဲ့ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အားပေးတဲ့အနေ နဲ့ ထည့်ပေးလိုက်တာဖြစ်မယ်လို့ တွက်ဆမိပါတယ်။

နောက်တချက်ကတော့ နာမည်ကြီးသတင်းစာတွေက အယ်ဒီတာတွေရဲ့ ကျွမ်းကျင်မှုပါ။ တကယ်ဆိုရင် မြန်မာလိုတွေးပြီး အင်္ဂလိပ်လိုရေးလိုက်တဲ့ ကျနော်ရဲ့ဝေါဟာရတွေက အထက်တန်းကျောင်းသားတဦးရဲ့ စာစီစာကုန်းအဆင့်ပဲရှိပုံရပါတယ်။ အဲဒါတွေကို အယ်ဒီတာမင်းများက မွန်းမံပြင်ဆင်ပြီး တန်းဝင်တဲ့ အင်္ဂလိပ်စာအသုံးအနှုန်းတွေနဲ့ ပြန်ရေးလိုက်တော့ ကိုယ့်ဆောင်းပါးကိုယ်တောင် Dictionary လှန်ပြီး ပြန်ဖတ်ခဲ့ရတဲ့အဖြစ်ကို ကျနော်မှတ်မိနေဆဲဖြစ်ပါတယ်။

Dictionary ဆိုမှ ပုဂ္ဂလိက စာရေးသူတွေထုတ်ထားတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်တွေမှာ လိုချင်တဲ့ စာလုံး ရှာရလွယ်သလောက် မြန်မာစာဌာနကထုတ်ထားတဲ့ မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာတော့ လိုချင် တဲ့ စာလုံးရှာရတာ အတော်ခက်ပါတယ်။ Cry freedom ဆောင်းပါးမှာပါတဲ့ ပုစဉ်းရင်ကွဲအော်သံကို ရှာလိုက်ရတာ အတော်မောသွားပါတယ်။ မြန်မာလိုတွေးပြီး အင်္ဂလိပ်လိုပြန်ရေးသူတွေအတွက် မြန်မာ-အင်္ဂလိပ်အဘိဓာန်ဟာ သိပ်အရေးကြီးပါတယ်။ ဒါပေမယ့် လိုချင်တဲ့ စာလုံးရှာမရလို့၊ အရေးကြီးတဲ့ အသုံးများတဲ့ ဝေါဟာရတွေ အစုံအလင်မပါလို့ အတော်စိတ်ညစ်ခဲ့ရပါတယ်။

အဲဒီလို အဘိဓာန်အမျိုးမျိုးကိုလှန်လှော်ပြီး ရေးသားနေရတဲ့ အခြေနေကို ရိပ်မိလို့လား မသိပါဘူး။ ကျ နော့်ကို နည်းနည်းအမြင်ကပ်နေပုံရတဲ့ ရဲဘော်ကြီးတချို့က ''မင်းက မြန်မာစာနဲ့ကျောင်းတက်ပြီး အင်္ဂ လိပ်လိုဆောင်းပါးတွေ ဘာတွေရေးနိုင်တယ်ဆိုတော့ တယ်ဟုတ်ပါလား။ ဘယ်သူ ဘာသာပြန်ပေးတာ လဲ'' ဆိုပြီး နောက်သလိုလိုနဲ့ နှိပ်ကွပ်တာကိုလည်း အမှတ်ရနေဆဲဖြစ်ပါတယ်။


နိုင်ငံခြားသတင်းထောက်နှစ်ဦးနဲ့အတူ နတ်အိမ်တောင်စခန်းဆီ သတင်းသွားယူခြင်း

ဘန်ကောက်ပို့စ်သတင်းစာအတွက် ဒုတိယ ရေးပို့တဲ့ဆောင်းပါးက Fuel to the Fire: Oil industry giants have added to tension along the Thai-Burmese border ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ ၁၉၉၉ ဖေဖော်ဝါရီလအတွင်း ဖော်ပြခံရတဲ့ အဲဒီဆောင်းပါးအတွက် ရတနာဓာတ်ငွေ့ပိုက်လိုင်းဖြတ်သွား ရာ နတ်အိမ်တောင်စခန်းဆီ ကျနော် ၂ ခေါက် သွားခဲ့ပါတယ်။

(နတ်အိမ်တောင်နယ်စပ်မှာတွေ့ရတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေး ဆိုင်း ဘုတ်နှင့် န၀တ တပ်စခန်း။ ဓာတ်ပုံ- ထက်အောင်ကျော်)

အရင်က ABSDF တာဝန်နဲ့ မကြာခဏရောက်ဖူးတဲ့ နတ်အိမ်တောင်စခန်းဟာ ၁၉၉၂ ကစပြီး န၀တ တပ်တွေလက်အောက် ရောက်သွားပါတယ်။ အဲဒီလိုနေရာမျိုးကို ကျနော်လို သူပုန်သတင်းထောက် တဦး၊ DVB သတင်းထောက်တဦး၊ နိုင်ငံကူးလက်မှတ်လည်းမရှိ၊ ထိုင်းနိုင်ငံက ထုတ်ပေးထားတဲ့ သတင်းထောက်ကတ်လည်း မရှိဘဲနဲ့ ဒီတိုင်း သတင်းသွားယူဖို့ဆိုတာ မဖြစ်နိုင်ပါ။ ဒီတော့ နိုင်ငံခြား သတင်းထောက်တွေနဲ့ပေါင်းပြီး သူတို့ရဲ့ စကားပြန်လိုလို၊ လက်ထောက်လိုလိုနဲ့ ပုံမှားရိုက်ပြီး သွားရပါ တယ်။

ဒါပေမယ့် ထိုင်းနယ်ခြားစောင့်တပ်အရာရှိက ကျနော်ကိုယ် ထိုင်းစကားပြန်ထင်ပြီး ထိုင်းလိုမေးလိုက် တော့ အထစ်အထစ် ပြောနေတာနဲ့ ထိုင်းမဟုတ်မှန်း သိသွားပါတယ်။ Passport နဲ့ Press Card ပြဖို့ တောင်းတော့ ကျနော်မှာ ဘာမှပေးစရာမရှိ။ အဖြူကောင် သတင်းထောက်က၀င်လာပြီး သူ့ Passport နဲ့ Press Card ကို ထုတ်ပေးလိုက်ပါတယ်။ ဒီတော့မှ ကျနော်လည်း ဘန်ကောက်က ခေါက်ဆန်လမ်း ထဲမှာ ဘတ် ၁၀၀ လောက်ပေးပြီး အတုလုပ်ထားတဲ့ Press Card ကို သတိရပြီး အဲဒါကိုထုတ်ပေး လိုက်ပါတယ်။ အဲဒီတော့မှ ''ပိုင် ပိုင်'' လို့ပြောပါတယ်။

ဒီလိုပြောတဲ့အပြင် လုံခြုံရေးအတွက် သူတို့တပ်တွေလိုက်ပေးရဦးမလားလို့တောင် မေးနေပါသေး တယ်။ ကျနော်တို့က လွတ်လွတ်လပ်လပ်သွားချင်သူတွေဆိုတော့ ရပါတယ်၊ မလိုပါဘူးပေါ့။ ဟန်ကိုယ့် ဖို့ဆိုပြီး ခပ်တည်တည် ရွှီးလာပေမယ့် နတ်အိမ်တောင်ရွာအလွန် ကျောက်ပုံစခန်းရှိ ထိုင်းနယ်ခြားစစ် တပ်ဂိတ်ကို ဖြတ်ပြီးကတည်းက စိတ်ကကြောက်နေပြီ။ အဲဒီဂိတ်အလွန်မှာ ထိုင်းစစ်သားတွေ မရှိတော့ ဘဲ မြန်မာစစ်သားချည်းပဲ ကျန်ပါတော့တယ်။

အရင်က ABSDF အမှတ် ၂၀၁ တပ်ရင်း တပ်ခွဲ ၂ အခြေစိုက်တဲ့နေရာမှာ အမှတ် ၂၀၈ ခြေလျင် တပ် ရင်းဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့ရပြီး စစ်သားတွေက ကျနော်တို့ကို ကွက်ကြည့်ကွက်ကြည့် လုပ်နေပါ တယ်။ ဒါပေမယ့် ကံကောင်းချင်တော့ ကျနော်တို့ရောက်သွားတဲ့နေ့က ရတနာပိုက်လိုင်းရဲ့ နယ်စပ်မျဉ်း ပေါ်က KM 000 (ကီလိုမီတာ ၀၀၀ သုံးလုံး) နေရာအတွက် အပြီးသတ်ပိုက်လိုင်းချနေစဉ်ဆိုတော့ အားလုံး အလုပ်များနေကြပါတယ်။

ကြောက်ကြောက်နဲ့ပဲ ဓာတ်ပုံလှမ်းရိုက်တော့ မြန်မာစစ်ဗိုလ်တဦးက လက်ကာပြပြီး No Photo လို့ အော်ပြောပါတယ်။ ကံကဆိုးချင်တော့ ပထမ ရိုက်လိုက်တဲ့ပုံက ကင်မရာကို မောင်းတင်မထားတဲ့ အ တွက် မရလိုက်ပါ။ အဲဒီအချိန်ထိ အော်တိုကင်မရာ မပေါ်သေးတဲ့အတွက် Pentax ကင်မရာ အ ဟောင်းနဲ့ စခန်းသွားနေရဆဲပါ။ မောင်းတင်ပြီး အသေချာရိုက်ချင်ပေမယ့် မရိုက်ရဲတော့ပဲ ပြန်လှည့် ဆင်း လာရပါတယ်။

ကျနော်နဲ့ ပထမ တွဲသွားတဲ့ သတင်းထောက်က ဆွင်ဇလန်က။ ABSDF ဗဟိုကတဆင့် ကျနော့်ဆီ ဆက်သွယ်လာတဲ့အတွက် သူ့ကို ခေါ်ပြီး ဆိုင်ကယ်တစီးနဲ့ နတ်အိမ်တောင်စခန်းဆီ ဒီအတိုင်းတက် သွားတာပါ။ နတ်အိမ်တောင်ကို ဒုတိယအကြိမ်သွားစဉ် ကျနော်နဲ့အတူပါလာသူက ပြင်သစ် သတင်း ထောက်။ သူကိုနယ်စပ်တကျောမှာ အရင်ကတည်းကတွေ့ဖူးသူမို့ လူချင်းရင်းနှီးပြီးသားပါ။

နယ်စပ်အကြောင်း သိနေသူဆိုတော့ ခပ်တည်တည်နဲ့ တိုတယ်ကုမ္ပဏီက လူလိုလိုနဲ့ ရွှီးပြီး ၂၀၈ တပ် ရင်းထဲအထိ သူက၀င်သွားပါတယ်။ ခက်နေတာက ကျနော်။ သူ အဲဒီလိုဝင်သွားတော့ ကိုယ်ကဘာ လုပ်ရမှန်းမသိပဲ ရွာထဲကပဲ စောင့်နေမယ်လို့ပြောပြီး ပြန်ပြေးဆင်းလာရပါတယ်။

အဲဒီခရီးစဉ်ကအပြန်မှာတော့ သူ့ဆီက မြန်မာစစ်သားဓာတ်ပုံတွေ၊ တိုတယ်ကုမ္ပဏီပုံတွေနဲ့ အချက် လက်အတော်များများရပါတယ်။ အဲဒါတွေကို ကျနော်သိထားတဲ့ ABSDF တောင်ပိုင်း ပြန်ကြားရေးဌာ နက အချက်လက်တွေနဲ့ ပေါင်းစပ်ပြီး ရတနာပိုက်လိုင်းစီမံကိန်းကြောင့် နယ်စပ်မှာ တိုက်ပွဲတွေဖြစ်၊ ရွာ တွေပြောင်းရ၊ ဒုက္ခသည်တွေ များလာနေရတယ်ဆိုပြီး ရေးထည့်လိုက်ပါတယ်။ ၁၉၉၉ ၀န်းကျင်ဟာ တိုတယ်ကုမ္ပဏီနဲ့ ရတနာပိုက်လိုင်း အတော်နာမည်ကြီးနေချိန်မို့ ဒီဆောင်းပါးက အတော်ဂယက်ရိုက် သွားခဲ့တယ်လို့ သိရပါတယ်။    ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More