Tuesday, May 13, 2014

တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၁၀)

နော်ဝေးကိုသွားဖို့ စတင်ပြင်ဆင်ခြင်း

၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလက ဇလားခခန်းမှာကျင်းပတဲ့ ABSDF ပဉ္စမအကြိမ်ညီလာခံအပြီးမှာတော့ ကျနော်ဟာ ဗဟိုကော်မတီတာဝန်ကနေ နုတ်ထွက်ပြီး သတင်းထောက်အလုပ်တခုတည်းကိုသာ တစိုက်မတ်မတ်လုပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ DVB အတွက် သတင်းတွေပို့နေသလို အင်္ဂ လိပ်ဘာသာနဲ့လည်း ဆောင်းပါးတွေ ဆက်တိုက်ရေးဖြစ်ခဲ့ပါတယ်။

(အော်စလိုမြို့ မြင်ကွင်းတခု။ ဓာတ်ပုံ-ထက်အောင်ကျော်)

ဘန်ကောက်အခြေစိုက်သတင်းထောက်အဖြစ် အဲဒီလိုသတင်းပို့လို့၊ ရေးလို့အရှိန်ကောင်းတုန်း မေလ ထဲမှာတော့ DVB ရုံးချုပ်ရှိရာ နော်ဝေးနိုင်ငံ အော်စလိုမြို့ဆီ Interim အဖြစ်သွားဖို့ တာဝန်ပေးခြင်းခံရ ပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက Passport နိုင်ငံကူးလက်မှတ်အတု ဈေးကွက်အ ကြောင်းပါ်။

ကျနော်တို့အားလုံးဟာ တော်လှန်ရေးလုပ်ဖို့ တောခိုလာသူတွေ၊ ထောင်ကနေလွတ်လို့ နယ်စပ်ကို ထွက်လာသူတွေဖြစ်တဲ့အတွက် ဘယ်သူ့မှာမှ တရားဝင် နိုင်ငံကူးလက်မှတ်မရှိနိုင်ပါ။ ဒါပေမယ့် အဲဒီ ကာလမှာကတည်းက နိုင်ငံရပ်ခြားဆီ အစည်းအဝေးသွားတက်နေတဲ့ ABSDF နဲ့ တခြားတော်လှန်ရေး အဖွဲ့ဝင်တွေ မနည်းလှပါ။ ဒီအတွက် ဘန်ကောက်မှာ မြန်မာနိုင်ငံကူးလက်မှတ်အတု ဈေးကွက်က အ တော်ခေတ်စားနေပါပြီ။

ဘယ်သူတွေ ဘယ်လိုလုပ်နေမှန်း မသိရပေမယ့် နိုင်ငံခြားခဏခဏသွားတဲ့ ABSDF နိုင်ငံခြားရေး ဌာနက ပုဂ္ဂိုလ်တွေနဲ့ အဲဒီ နိုင်ငံကူးလက်မှတ်ပွဲစားတွေကြား ချိတ်ဆက်နိုင်တဲ့ လမ်းကြောင်းရှိနေပါ တယ်။ အဲဒီကတဆင့် ကျနော့်ဓာတ်ပုံကိုပေးလိုက်တော့ ကပ်-ခွာ လုပ်ပြီး သတင်းတပတ်အတွင်းမှာ တင် စာအုပ် အတုရလာပါတယ်။ သိပ်အဝေးကြီးသွားယူစရာမလို၊ ရုံးနဲ့သိပ်မဝေးတဲ့ ဘန်းကပိ the Mall ကုန်တိုက်က ကော်ဖီဆိုင်မှာ ကျသင့်ငွေပေးပြီး ယူလိုက်ရုံပါပဲ။

ဈေးနှုန်းအတိအကျကို မမှတ်မိတော့ပေမယ့် ဘတ် ၇၀၀၀ လောက်ပေးရမယ်လို့ထင်ပါတယ်။ အဲဒီ စာအုပ်ရပြီးတာနဲ့ စာအုပ်ထဲက လူရဲ့အမည်၊ မွေးသက္ကရာဇ်၊ အရပ်အမောင်းနဲ့ စာအုပ်နံပါတ်တွေကို အ လွတ်ကျက်ရပါတယ်။ ပြီးတော့ စာအုပ်ထဲက ထိုးမြဲလက်မှတ်နဲ့တူအောင် လက်မှတ်ထိုးလေ့ကျင့်ရပါ တယ်။ ဘာကြောင့်လဲဆိုရင် မြန်မာကျောင်းသားတွေ စာအုပ်အတုကိုင်ပြီး နိုင်ငံခြားထွက်နေတယ်ဆို တာကို ဘန်ကောက်လေဆိပ် လ၀က တွေကရိပ်မိတဲ့အတွက် စာအုပ်ထဲက လူဟုတ်ရဲ့လားဆိုပြိး အ မည်မေးတာ၊ မွေးနေ့မေးတာ၊ လက်မှတ်ထိုးခိုင်းတာတွေ လုပ်လေ့ရှိတယ်လို့ နိုင်ငံခြားသွားဖူးသူတွေက သတိပေးထားလို့ဖြစ်ပါတယ်။

ကျနော်ကိုင်ခွင့်ရတဲ့ စာအုပ်အတုထဲက (တကယ်တော့ စာအုပ်က အတုမဟုတ်ပါ။ လူကသာ အတု ဖြစ်ပါတယ်) လူက ကျနော်ထက် အသက်နည်းနည်းငယ်ပေမယ့် အရပ်အမောင်းက သိပ်မကွာပါဘူး။ ဒီတော့ ဓာတ်ပုံ ကပ်ခွာလုပ်တာမှအပ တခြား ဘာမှပြင်စရာမလိုဘူးလို့ ဆိုပါတယ်။ ဒါဟာ အတော် ကံကောင်းတာပါ။ ဓာတ်ပုံပြင်တာ သိပ်မသိသာပေမယ့် တခြားအချက်လက်တွေပါ ပြင်ရင် စာအုပ်က ပုံပျက်သွားတတ်ပါတယ်။ သူတို့အခေါ် ရွဲ သွားတတ်ပါတယ်။

လေဆိပ်မှာ အရစ်ခံရတာ မသက်သာလှပါ

စာအုပ်ကိစ္စပြင်ဆင်မှု အားလုံးအပြီးမှာတော့ နော်ဝေးသံရုံးဆီသွားပြီး ဗီဇာလျှောက်ရပါတယ်။ ဗီဇာရ ပြီးတော့ လေယဉ်လက်မှတ်ဝယ်။ အားလုံး အဆင့်သင့်ဖြစ်တော့ ဘန်ကောက် ဒေါင်းမောင်း လေယဉ် ကွင်းဆီသွား။ နော်ဝေးကို သွားမယ့် လေယဉ်ပေါ်တက်ဖို့ပြင်ပေါ့။

 (အော်စလိုမြို့တော်ခန်းမကို ပြင်လယ်ပြင်ဖက်ကအမြင်)

အဲဒီအချိန်ထိ နိုင်ငံရပ်ခြားဆီ ကျနော်တခါမှ ခရီးမသွားဖူးသေးပါ။ လေယဉ်ဆိုလို့ ထားဝယ်-ရန်ကုန် လေယဉ်နဲ့ ချင်းမိုင်-မယ်ဟောင်ဆောင် ပြည်တွင်းလေကြောင်းတွေလောက်ပဲ စီးဖူးပါတယ်။ နိုင်ငံတ ကာလေယဉ်တခါမှ မစီးဖူးတဲ့အပြင် စာအုပ်ကလည်း အတုဖြစ်နေတော့ စိတ်ထဲမှာ သိပ်မလုံလှပါ။ DVB ဘန်ကောက်ဗျုရိုတာဝန်ခံလဲဖြစ်၊ ABSDF ပြန်ကြားရေးတာဝန်ရှိသူလည်းဖြစ်တဲ့ ကိုခင်မောင်ဝင်း က လေဆိပ်အထိလိုက်ပြီး အသေးစိတ်လိုက်ကူပေးပေမဲ့ ''စာအုပ်အတုကြီးနဲ့ အဖမ်းခံရရင်တော့ ဒုက္ခ ပဲ'' ဆိုတဲ့စိုးရိမ်မှုက တချိန်လုံးခေါင်းထဲရောက်နေပါတယ်။

Check In ကောင်တာက ထိုင်းမလေးတွေက မြန်မာကျောင်းသားမှန်းသိလို့ တမင်ညစ်တာလား မသိ ပါဘူး။ နော်ဝေး ဗီဇာရှိနေတာတောင် ဟိုမေး ဒီမေးနဲ့ မေးခွန်းပေါင်းများစွာမေးပါတယ်။ နော်ဝေးမှာ ဘာသွားလုပ်မှာလဲ၊ ဘယ်လောက်ကြာမှာလဲ၊ ဘယ်သူကတာဝန်ယူလဲ စသဖြင့်မေးတာအပြင် လက်ထဲ မှာ ငွေဘယ်လောက်ရှိလဲ၊ ဘဏ်ကတ်ရှိလား၊ Visa, Master Cards တွေ ရှိလားဆိုပြီးလည်း မေးပါ သေးတယ်။ စာအုပ်တောင် အခုမှဝယ်ပြီး အတုကိုင်ထားပါတယ်ဆိုမှ ဘယ်လိုလုပ် ဘဏ်ကတ်ရှိမှာလဲ။

အော်စလိုက လူတွေမှာလို့ ၀ယ်ထားတဲ့ စားစရာတွေက လေးလံတဲ့ကြားထဲ ဒီလိုအရစ်ပါခံလိုက်ရတော့ လူကချွေးပြန်ပြီး အတော်ပုံပျက်ပန်းပျက်ဖြစ်သွားပါတယ်။ တခြားခရီးသည်တွေကို ၃ မိနစ်လောက်နဲ့ ကိစ္စပြီးသွားပေမယ့် ကျနော်အလှည့်မှာတော့ မီနစ် ၃၀ မက ကြာခဲ့တယ်လို့ ထင်ပါတယ်။ အော်စလိုက လူတွေမှာလိုက်တဲ့ ပစ္စည်းတွေကလည်း ကြည့်ပါဦး။ ကန်ဇွန်းရွက်နဲ့ ချဉ်ပေါင်ရွက်ကို လတ်လတ် ဆတ်ဆတ် စားချင်လို့တဲ့၊ အဲဒါချည်းပဲ ၅ ကီလိုလောက် ရှိမယ်ထင်ပါတယ်။ ပြီးတော့ ထမင်းအိုး အ သေးလေး တလုံးပါ ယူလာပေးပါလို့ မှာတဲ့သူကလည်း ရှိသေး။

Check In ပြီးတော့ လ၀က လာပြီ။ အဲဒီမှာမှ တကယ့်ပြဿနာ။ စာအုပ်ကို စကင်ပေါ်တင် မီးထွန်း ရှာတော့ ကပ်-ခွာ လုပ်ထားမှန်းသိသာနေတာပေါ့။ လောင်းထားတဲ့ ပလတ်စတစ်နဲ့ အထဲက စာရွက် ကြားမှာ လေဟာနယ်ဖြစ်ပြီး ပလတ်စတစ်က အတွန့်အတွန့်ဖြစ်နေပါတယ်။ အခုနေပြန်စဉ်းစားရင် ကြောက်စရာ။ စာအုပ်အတုလုပ်မှုနဲ့ အချိန်မရွေးဖမ်းနိုင်တဲ့အခြေနေမျိုး။ ဒါပေမယ့် စာအုပ်ပွဲစားတွေနဲ့ လ၀က တွေကြား အဆက်သွယ်ရှိပုံရပါတယ်။ မေးခွန်းပေါင်းများစွာမေး၊ Sign ထိုးခိုင်းပြီးနောက်မှာ တော့ ''ပိုင် ပိုင်'' နဲ့ လွတ်လာပြန်ပါတယ်။

လ၀က က လွတ်ပြီဆိုတော့မှ အော်စလိုကလူတွေမှာထားတဲ့ အရက်ပုလင်းကို Duty Free ဆိုင်မှာ ပြေးဝယ်ရပြန်ပါတယ်။ အော်စလိုမှာ အရက်နဲ့ဆေးလိပ် ဈေးကြီးလွန်းလို့ ဘန်ကောက်နေသွားသူတိုင်း ၀ယ် သွားပေးနေကြလို့ဆိုပါတယ်။ ကိုယ့်အလှည့်ကျမှ ၀ယ်မသွားလို့ ဘယ်ကောင်းမလဲ။ ပြီးတော့ ဒီ ဆရာတွေက ဘန်ကောက်ထွက် အရက်တွေကို ကြိုက်တာမဟုတ်။ တလုံး ၅၀၀ ကနေ ၁၀၀၀ ကျော် အထိပေးရတဲ့ Red တို့ Black တို့လို နာမည်ကြီးတွေမှ ကြိုက်သတဲ့။

လေယဉ်ထွက်ချိန်က ည သန်းခေါင်။ လေကြောင်းလိုင်းက Fin air။ ပျံသန်းချိန်က ၁၀ နာရီကျော်။ ဖင် လန်မြို့တော် ဟယ်စကီကနေတဆင့် နောက်တနေ့ နေ့လယ်လောက်မှာ အော်စလိုလေဆိပ်ဆီ ရောက် လာပါတယ်။ ဘန်ကောက်လေယဉ်ကွင်း လ၀က က အစစ်အဆေးများသလောက် အော်စလိုလေယဉ် ကွင်းမှာတော့ ဘာမှကိုအစစ်ဆေးမရှိပါ။ အတွေ့အကြုံရှိသူတွေရဲ့အပြောတိုင်းဆိုရင်တော့ အသေချာ စစ်မိလို့ အတုမှန်းပေါ်ပြီးဖမ်းလိုက်ရရင် မလွှဲမရှောင်သာ သူ့နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်ပေးရမှာစိုးလို့ သိပ်မစစ်တာလို့ဆိုပါတယ်။

အဲဒီလိုချီးမွန်းခန်းဖွင့်လို့မှ မပြီးသေး။ အထုတ်အပိုးဆွဲပြီး ပေါက်ဝရောက်ခါနီးမှ ကာစတန် အရာရှိက တားပြီး ''မင်းအိပ်က လေးလှချည်လား။ ဘာတွေပါလဲ။ ဖွင့်ပြပါဦး'' လို့ ရစ်ပါလေရော။ ထမင်းအိုးတွေ၊ ကန်ဇွန်းရွက်တွေ၊ ငါးခြောက်တွေ၊ ငါးပိထောင်းဗူးတွေကိုတွေ့တော့ ကာစတန်အရာရှိ အတော်စိတ် ညစ်သွားပုံပေါ်ပါတယ်။ နှာခေါင်းကို လက်နဲ့ပိတ်ပြီး ''ဒါ ရိုးရာစားစရာတွေလား'' လို့ ပြောကာ ပြုံးနေ ပါတယ်။

အော်စလိုမှာ ကားစပယ်ယာမရှိပါ

အဲဒီ ကာစတန်ဆီကအလွန် ထွက်ပေါက်ရောက်တာနဲ့ DVB ရုံးမှ ၀ါရင့်ဝန်ထမ်းတဦးက လာကြိုနေ ပါတယ်။ အော်စလိုမြင်ကွင်းက ဘန်ကောက်နဲ့ ဘာမှမဆိုင်။ ဟင်စကီကိုရောက်ကတည်းက ဥရောပရဲ့ အခင်းအကျင်းကို လေယဉ်ကွင်းထဲကနေ လေ့လာပြီးဖြစ်ပေမယ့် အခုမှ တကယ့်ဥရောပမြေကို ခြေနဲ့ နင်းမိတဲ့ သဘောပါ။


( DVB အော်စလိုရုံးစောင်း စတူဒီယို မြင်ကွင်းတခု။ )

ရာသီဥတုက ခပ်စိမ့်စိမ့်ရှိနေပြီး တချို့နေရာတွေမှာ နှင်းကြွင်းနှင်းကျန်တွေရှိနေဆဲ။ မေလဟာ အော်စ လိုရဲ့ နွေဦးဆိုပေမယ့် အပူပိုင်းဒေသကနေ ရောက်လာသူအတွက်တော့ အနွေးထည်လိုနေဆဲ။ ဘတ် ငွေ ၁၀၀၀ ပေးပြီးဝယ်လာတဲ့ ဘန်ကောက်ကအနွေးထည်က အော်စလိုမှာ အလုပ်ဖြစ်ပုံမပေါ်။ မ တတ်နိုင်၊ ရှိတဲ့အနွေးထည်ကိုပဲဝတ်ပြီး ဘတ်စ်ကားပေါ်တက်ဖို့ ပြင်ရပါတယ်။ လေယဉ်ကွင်းက အော် စလိုမြို့နဲ့ ၁ နာရီနီးပါး ဝေးတာကြောင့် တက္ကစီမငှားဘဲ လေယဉ်ကွင်း ဘတ်စ်ကားကို စီးရပါတယ်။ ဘန်ကောက်က အဝေးပြေးဘတ်စ်ကားတွေလိုကောင်းပြီး ကားအောက်ထပ် ပစ္စည်းထားတဲ့အခန်းက အတော်ကျယ်ဝန်းပါတယ်။

ထူးထူးခြားခြား ကျနော်သတိထားမိတာက ဒီကားမှာ ကားစပယ်ယာမရှိပါ။ လက်မှတ်ရောင်းတာရော၊ အထုပ်အပိုးတွေ ကားပေါ်တင်တာရော အားလုံးကို ကားဆရာတဦးတည်းက ဒိုင်ခံလုပ်ပေးပါတယ်။ ကားပေါ်ကဆင်းရင်လည်း ပစ္စည်းတွေကို ဒီကားဆရားကပဲ ကူချပေးပါတယ်။ ''ကားခိုးစီးရင် ဘယ်လို လုပ်မလဲ'' ဆိုပြီးမေးကြည့်တော့ ''မပူနဲ့ ဒီမှာ လက်မှတ်စစ်ရှိတယ်။ မိလို့ကတော့ ဒဏ်ကြေး ၁၀၀၀ နီးပါးပေးရတဲ့အပြင် နာမည်ပျက်စာရင်းပါ အသွင်းခံရမယ်'' လို့ လာကြိုသူက ပြောပါတယ်။

အင်း... ရန်ကုန်နဲ့ ဘန်ကောက်က ဘတ်စ်ကားတွေကိုသာစီးဖူးတဲ့ ကျနော့်အတွက်တော့ အော်စလိုက ဘတ်စ်ကားတွေဟာ အထူးအဆန်းပါပဲ။ ဘန်ကောက်က ဘတ်စ်ကားတွေမှာဆိုရင် စပယ်ယာက တဦး မက နှစ်ဦးတောင်ရှိပါတယ်။ တရုတ်ပြည်မှာဆိုရင်တော့ ကားဆရာနဲ့စပယ်ယာအပြင် ခရီးသည်တွေကို စောင့်ကြည့်တဲ့ လုံခြုံရေးဝန်ထမ်းတဦးပါ ကားပေါ်ပါသေးတယ်လို့ သိရပါတယ်။ ဥရောပမှာတော့ လုပ် အားခဈေးကြီးလွန်းလို့လားမသိ။ ၀န်ထမ်းတွေကို တတ်နိုင်သမျှလျော့ချပြီး CCTV အပါဝင် နည်းပညာ ပိုင်းနဲ့ ပြန်ထိန်းထားတာကို တွေ့ရပါတယ်။

ကျနော်ရောက်တဲ့နေ့က နည်းနည်းအေးနေလို့လားမသိပါ။ အောစလိုမြို့လယ် လမ်းမတွေပေါ်မှာ လူ သူ သိပ်မတွေ့မိပါဘူး။ ဘန်ကောက်ကနေ ရောက်လာသူတဦးအဖို့ တောမြို့လေးတခုကို ရောက်လာသလို ခံစားမိပါတယ်။ မြို့လယ်ကတရားရုံးအနီးရှိ ဟိုတယ်ကြီးတခုရဲ့ရှေ့မှာ ကားပေါ်ကဆင်းလိုက်ပြီး အဲဒီ ကားဂိတ်နဲ့ သိပ်မဝေးတဲ့လမ်းထောင့်က ကိုအေးချမ်းနိုင်တို့ အခန်းကိုသွားပါတယ်။ အဲဒီအခန်းမှာ အထုပ် အပိုးတွေကိုထားခဲ့ပြီး DVB အော်စလိုရုံးချုပ်ဆီ ဆက်သွားမယ်လို့ လမ်းပြကပြောပါတယ်။

၃ ထပ်လောက် တက်ပြီးချိန်မှာ အခန်းကျယ်တခုကိုတွေ့ရပြီး အထဲမှာတော့ ကျောင်းသားတွေအိပ်တဲ့စတိုင်နဲ့ လုပ်ထားတဲ့ နှစ်ထပ်ကုတင်တလုံး၊ ဆက်တီတစုံ၊ ပြီးတော့ ဖွိုင်တွဲ မျိုး စုံထည့်ထားတဲ့ ဖွိုင်စင်ကြီးတခု။ ဒီဖက် ၀င်ပေါက်နားမှာတော့ မီးဖိုချောင်နဲ့ ထမင်းစား စားပွဲတလုံး။ ပြီး တော့ အိမ်သာနဲ့ရေချိုးခန်း။ အိမ်သာနဲ့ရေ ချိုးခန်းလောက်ကိုသာအခန်းဖွဲ့ထားပြီး ကျန်နေရာအားလုံး တပြေးတည်း၊ တခန်းတည်း။

ကျန်တဲ့ဝန်ထမ်းတွေကတော့ DVB ရုံးရဲ့အခြားတဖက် St. Hanshaugen တောင်ကုန်လေးအနီးက စုပေါင်းအိမ်ယာမှာ နေကြတယ်လို့သိရပါတယ်။ အဲဒီအချိန်က DVB ၀န်ထမ်းတွေဟာ ဒေါ်လာသုံးသိန်း လာဒ်စားဖို့နေနေသာ ကိုယ်ပိုင်အိမ်မ၀ယ်နိုင်သေး၊ ကိုယ်ပိုင်အခန်းတောင် မငှားနိုင် သေးတဲ့အတွက် ရုံးကငှားပေးထားတဲ့ အခန်းတွေမှာ စုပြုံနေရ ကြရဆဲဖြစ်ပါတယ်။

အဲဒီအခန်းကနေ DVB ရုံးဆီအသွားလမ်းမှာ ထူးထူးခြားခြားနောက်ထပ်တွေ့ရတာက ဓတ်ရထားတွေ။ ရန်ကုန်မှာလဲ ကိုလိုနီခေတ်တုန်းက ဓာတ်ရထားတွေရှိတယ်လို့ စာအုပ်တွေထဲဖတ်ဖူးပေမဲ့ ကိုယ်တိုင် တခါမှမမြင်ဖူးပါ။ ဒါဟာ ပထမဆုံး ဓာတ်ရထားကိုမြင်ဖူးခြင်းပါပဲ။ ပြီးတော့ ဒီက ဓတ်ရထားတွေ၊ ဘတ် စ်ကားတွေ၊ မြေအောက်ရထားတွေ၊ ကူးတို့သဘောင်္တွေ အားလုံးက ထွက်ချိန်-၀င်ချိန် အတိအကျနဲ့ ပြေးတာကလဲ ကျနော်အတွက် အထူးအဆန်းပါပဲ။ ''အဲလိုအချိန်အတိအကျမပြေးရင် ဘတ်စ်ကား စောင့်ရင်းနဲ့ လူတွေအေးပြီး သေကုန်မှာပေါ့'' လို့ DVB ၀န်ထမ်းတွေကပြောပြကြပါတယ်။

၁၀ မီနစ်လောက်လမ်းလျှောက်ပြီးတဲ့အခါမှာတော့ သင်္ချိုင်းကုန်းလိုလို၊ ပန်းခြံလိုလိုတခုရဲ့မျက်နှာချင်း ဆိုင် လမ်းကျဉ်းကျဉ်းလေးထဲက တံခါးပေါက် ကျဉ်းကျဉ်းလေးတခုဆီ ရောက်လာပါတယ်။ ပြီးတော့ အလွန်ကြီးမားတဲ့ ဓာတ်လှေကားတခုကို တွေ့ရပါတယ်။ ''ဓာတ်လှေကားက ကားပါ တခါတည်းတင် လို့ရအောင် လုပ်ထားတာ'' လို့ ၀န်ထမ်းတွေကပြောတော့ နောက်နေတယ်လို့ပဲ ကျနော်က ထင်ပါ တယ်။

တကယ်က သူတို့နောက်နေတာမဟုတ်။ DVB ရုံးရဲ့အောက်ထပ်မှာ ရေချိုးခန်းပစ္စည်းတွေ၊ မီးဖိုးချောင် ပစ္စည်းတွေပြင်တဲ့ အလုပ်ရုံဖြစ်လို့ လေးလံတဲ့ပစ္စည်းတွေ တင်-ချ ဖို့ ဒီဓာတ်လှေကားကို တတ်ထားတာ ပါ။ အိုဟောင်းနေတဲ့ အဲဒီဓာတ်လှေကားအလွန် တတိယ ထပ်မှာတော့ သစ်လွင်ခန့်ညာားတဲ့ DVB ရုံးခန်းနဲ့ NBC (နော်ဝေး-မြန်မာကော်မတီ) ရုံးခန်းတွေကိုတွေ့ရပါတယ်။

အသံလွှင့်ဖို့ အလုပ်များနေတဲ့ကြားကနေ ကျနော်ကို ထွက်လာတွေ့သူတွေကတော့ DVB ရုံးချုပ်တာဝန် ခံ ကိုအေးချမ်းနိုင်၊ မသီတာ။ ပြီးတော့ ကျနော့်လိုပဲ interim အဖြစ် ဘန်ကောက်ကနေ အော်စလိုရုံးဆီ ကျနော့်အရင် တပတ်လောက်စောရောက်နေသူ ကိုမိုးအေး။ နောက် ရှေ့ပိုင်းကသင်တန်းအခန်းမှာ တင် ပြခဲ့ဖူးတဲ့ အိန္ဒိယဖက်ကရောက်လာသူ ဆလိုင်းလော်မာနဲ့ကိုကျော်မိုး (သူတို့ ၂ ဦးစလုံး ၂၀၀၀ ခုနှစ်နှောင်းပိုင်းမှာ အမေရိကန်နဲ့ ကနေဒါဆီထွက်သွား)။ တခါ ထိုင်းဖက်ကနေရောက်လာ သူတွေထဲမှ ကိုခင်မောင်လေး (၂၀၀၀ ခုနှစ်နှောင်းပိုင်းမှာ အမေရိကန်နိုင်ငံဆီထွက်သွား)။

 ပြီးတော့ DVB ပထမ ၀န်ထမ်းအုပ်စုထဲမှလက်ကျန်ဝန်ထမ်းတဦးဖြစ်သူ စက်ဆရာ ကိုဖိုးခွားခေါ် စောနယ်ဆင်ကူးတို့ ဖြစ်ပါတယ်။ ထိုင်းဖက်ကနေရောက်လာသူ ၀ိုင်းတော် သားတဦးဖြစ်တဲ့ ကိုဝင်းနိုင်ဦး (၂၀၀၁ အစောပိုင်းမှာ DVB အုပ်ချုပ်ရေးအဖွဲ့နဲ့ မကျေမလည်ဖြစ်ပြီး RFA ဆီ ပြောင်းသွား) ကတော့ အသံလွှင့်သတင်းထောက် သင်တန်းတက်ဖို့ လန်ဒန် ကို ရောက် နေတယ်လို့ သိရပါတယ်။        ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More