Wednesday, May 28, 2014

တော်လှန်ရေး သတင်းသမားတဦးရဲ့ ဒိုင်ယာရီ (အပိုင်း ၁၂)

ညနေ ၆ နာရီနောက်ပိုင်းပြောတဲ့စကားကို မကိုးကားရ

နယ်စပ်နိုင်ငံရေးလောကမှာ ခေတ်စားခဲ့ဖူးတဲ့ ဒီခေါင်းစဉ်ဟာ အခုတော့ ရန်ကုန်နိုင်ငံရေးလောကအထိ ခေတ်စားနေပြီလို့ မိတ်ဆွေတချို့က ပြောပါတယ်။ ယမကာမကြိုက်တဲ့ နိုင်ငံရေးသမားနဲ့ သတင်း သမားတချို့ရှိပေမယ့် အတော်များများကတော့ ကြိုက်ကြတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ည နေ ၆ နာရီနောက်ပိုင်း ပြောတဲ့စကား (ရုံးချိန်အလွန်၊ တာဝန်ချိန်ပြင်ပမှာ စားရင်းသောက်ရင်း အလွတ် ပြောတဲ့ စကား) ကို မကိုးကားရလို့ ခေတ်စားလာတာဖြစ်မှာပါ။

(နော်ဝေးသတင်းဌာနတခုကို အင်တာဗျုးပေးနေတဲ့ အယ်ဒီတာ ကိုအေးချမ်းနိုင်။ ဓာတ်ပုံ- NRK)

ထားတော့။ ကျနော်ဆွေးနွေးချင်တာက ယမကာယဉ်ကျေးမှုအကြောင်းမဟုတ်ပါ။ ယမကာဝိုင်းမှာ ပြောတဲ့စကားကို ကိုးကားပြီးဆောင်းပါးရေးမိတဲ့ နုစဉ်တုန်းက အဖြစ်အပျက်တခုအကြောင်းသာ ဖြစ်ပါ တယ်။ ကျနော် အော်စလိုကိုရောက်တဲ့ ၁၉၉၉ အစောပိုင်းဟာ ဥရောပတိုက်ရဲ့ ဘော်လကန်ဒေသမှာ စစ်ဖြစ်နေဆဲဖြစ်ပြီး အခု နယ်သာလန်နိုင်ငံက နိုင်ငံတကာစစ်ခုံရုံးမှာ စစ်ဆေးခံနေရတဲ့ Serb ခေါင်း ဆောင်တွေ သြဇာကြီးဆဲပေါ့။

၁၉၉၉ ခုနှစ် ဧပြီလ တတိယပတ်ထဲမှာတော့ NATO (နေတိုး) စစ်လေယဉ်တွေကနေ Belgrade (ဘဲဂရိတ်) မြို့ရှိ Serbian ရုပ်-သံ ဌာနကို ဗုံးကြဲတိုက်ခိုက်တဲ့အတွက် မီဒီယာဝန်ထမ်း ၁၀ ဦး သေဆုံး ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအပေါ် ကမ္ဘာတလွှားရှိ မီဒီယာသမားတွေက ဝေဖန်ကြပြီး ဘန်ကောက်ရှိ မီဒီယာသမားတချို့က အမေရိကန်သံရုံးဆီ သွားရောက်ကန့်ကွက်စာပေးခဲ့ပါတယ်။ အဲဒီသတင်းကို DVB ရေဒီယိုမှာ လွင့်ပြီးတဲ့နောက် ညနေပိုင်းရုံးဆင်းချိန် ဘီယာဆိုင်မှာ ၀ိုင်းထိုင်ရင်းနဲ့ ကျနော်တို့ ဆက်ဆွေးနွေးကြပါတယ်။

''Serb သတင်းဌာနက မီဒီယာသမားတွေလည်း န၀တ သတင်းဌာနက ၀န်ထမ်းတွေနဲ့ ဘာကွာလို့ လဲကွာ။ သတင်းသမားစစ်စစ်တွေမှ မဟုတ်ဘဲ။ အစိုးရအတွက် ၀ါဒဖြန့်ပေးနေသူတွေပဲ'' လို့ ကျနော် တို့ထဲက တဦးက ပြောပါတယ်။ ဘီယာရှိန် နည်းနည်းရနေတော့ စကားလုံးအတိအကျနဲ့ ဘယ်သူပြော တယ်ဆိုတာကို ကျနော်အသအချာ မမှတ်မိတော့ပါ။

ဒါပေမယ့် နောက်တပတ်လောက်အကြာ ကျနော်ဆောင်းပါးရေးတဲ့ အခါမှာတော့ NATO က ဗုံးကြဲတာ ကို DVB အယ်ဒီတာချုပ် ကိုအေးချမ်းနိုင်က ထောက်ခံပါတယ်။ Serb ရုပ်သံဝန်ထမ်းတွေဟာ မီဒီယာ သမား စစ်စစ်တွေမဟုတ်ပဲ ၀ါဒဖြန့်ချိရေးသမားတွေသာဖြစ်တာကြောင့် ဒီလိုထောက်ခံတာဆိုပြီး အထက်က ဖော်ပြခဲ့တဲ့စကားကို ကိုအေးချမ်းနိုင်က ပြောပါတယ်လို့ ကိုးကားထည့်သွင်းလိုက်ပါတယ်။

၁၉၉၉ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် the Nation သတင်းစာမှာ Muzzled media pursue goal ဆိုတဲ့ခေါင်းစဉ်နဲ့ အဲဒီဆောင်းပါး ပါရှိလာပါတယ်။ အဲဒီအချိန်မှာ အယ်ဒီတာ ကိုအေးချမ်းနိုင်က ''ခင် ဗျားကတော့ လုပ်ချလိုက်ပြန်ပြီ။ ကျနော်ကိုလည်း ဘာမှမမေးပဲနဲ့ အဲဒီလို misquote လုပ်ခံရတာ အတော်ဆိုးတယ်'' ဆိုပြီး ကော တော့တာပါပဲ။ ကျနော်လည်း အတော်နောင်တ ရသွားပါတယ်။ သ တင်းအတွက်အကိုးအကား၊ ဆောင်းပါးအတွက် အကိုးကားကို တရားဝင်ယူဖို့လိုတယ်။ သူများမထိ ခိုက်အောင် ရေးဖို့လိုတယ်ဆိုတာကို ကိုယ်တွေ့ သဘောပေါက်သွားပါတယ်။ ဒါဟာ သတင်းသမား တဦးအတွက် အလွန်အရေးကြီးတဲ့ သင်ခန်းစာတခုပါပဲ။

အင်တာဗျုးပေးသူအား ပေးထားတဲ့ကတိကို ဘယ်တော့မှ မဖောက်ပါနဲ့

တက်ကြွလွန်းပြီး သတင်းထောက်ရူး ရူးနေတဲ့ကျနော်ရဲ့ သတင်းကျင့်ဝတ်ချိုးဖောက်မှုက အဲဒီလောက် နဲ့မပြီးသေး။ အဲဒီဆောင်းပါးထဲမှာ နောက်ထပ် ကျနော်ကိုးကားထားသူတဦးက မြန်မာနိုင်ငံကနေ ထိုင်းနယ်စပ်ကို ထွက်ပြေးလာတဲ့ နာမည်ကြီး စာရေးဆရာ မောင်သာရရဲ့ ပြောစကားတွေဖြစ်ပါတယ်။ Serb တီဗွီနဲ့ မြန်မာ့အသံကလူတွေက စစ်မှန်တဲ့ မီဒီယာသမားမဟုတ်ဘူးဆိုရင် ဘယ်သူတွေက မီဒီ ယာသမားစစ်သလဲဆိုတဲ့ မေးခွန်းကိုထုတ်ပြီး မောင်သာရပြောတာနဲ့ ဆောင်းပါးကို link ချိတ်လိုက်ပါ တယ်။

(နာမည်ကြီးစာရေးဆရာ မောင်သာရနဲ့အတူ အိန္ဒိယနိုင်ငံမှာကျင်းပတဲ့ မီဒီယာဆွေးနွေးပွဲတခုဆီ ရောက်ခဲ့စဉ်က)
သဘက်အနီရောင်ပခုံးပေါ်တင်ထားသူဟာ ဆရာမောင်သာရဖြစ်ပါတယ်။

''စစ်မှန်တဲ့ ဂျာနယ်လစ်ဆိုတာကတော့ စာရွက်ပေါ်က အချက်အလက်တွေထက် တကယ့်ကွင်းထဲက အချက်အလက်အစစ်မှန်တွေကိုသာ အခြေခံပြီးရေးတဲ့သူ။ အစိုးရအာဏာပိုင်တွေကပေးတဲ့ ၀ါဒဖြန့်ချိ ရေး အချက်လက်တွေကိုမပြောပဲ အများပြည်သူသိချင်တဲ့ အမှန်တရားကို ရှာဖွေသာရေးသားသူ ဖြစ် တယ်'' လို့ realism စာရေးဆရာမောင်သာရက ပြောပါတယ်ဆိုပြီး ချထည့်လိုက်ပါတယ်။

ပြီးတော့ မောင်သာရဟာ ရန်ကုန်နေအိမ်ကနေ မဲဆောက်ကို ဘယ်လိုထွက်ပြေးလာရတယ်။ စစ် ထောက်လှမ်းရေး MIS က စာတွေဆက်မရေးဖို့ သူအိမ်ကိုလာပြီး ဘယ်လိုလာခြိမ်းခြောက်တယ်ဆိုတာ တွေကိုပါ ထည့်ရေးလိုက်ပါတယ်။

ဒီလောက်ရေးတာနဲ့ သတင်းကျင့်ဝတ်ချိုးဖောက်ရာ ကျရော့လားဆိုပြီး မေးခွန်းထုတ်ဖို့ ဆန္ဒမစောပါနဲ့။ နောက်ခံအချက်လက်က ဒီလိုရှိပါတယ်။ ဆရာမောင်သာရ ထွက်ပြေးလာတာကို ဘယ်သူမှ မသိသေး ပါ။ DVB ကလည်း အသံမလွှင့်ရသေးပါ။ မဲဆောက်မှာရှိတဲ့ အဆက်သွယ်တွေဆီကတဆင့် ဆရာ မောင်သာရနဲ့ အဆက်သွယ်ရပြီး ကိုမိုးအေးက မောင်သာရနဲ့ အင်တာဗျုး ထူးထူးရှယ် ရထားပါတယ်။ ဒီလိုရထားပေမယ့် မောင်သာရ မဲဆောက်ကနေ ဘန်ကောက်ကိုရောက်ပြီး၊ ဘန်ကောက်မှာ သတင်း စာရှင်းလင်းပွဲမလုပ်ခင်အထိ ဒီအင်တာဗျုးကို မလွှင့်သေးပဲဆိုင်းထားပေးဖို့ DVB ကနေ မောင်သာရကို ကတိပေးထားပါတယ်။

ကိုမိုးအေးက ကျနော်အရင် ၃ လပြည့်သွားလို့ အော်စလိုကနေ ဘန်ကောက်ပြန်ချိန်မှာ အဲဒီအသံဖွိုင် ကို ကျနော့်ဆီအပ်ထားခဲ့ပါတယ်။ အဲဒီအချိန်မှာ ၈ လေးလုံး ၁၀ နှစ်ပြည့်နှစ်ပတ်လည်ကလည်းနီးလာ၊ အထူးသဖြင့် လူပြောများနေတဲ့ ၉၉၉၉ လေးလုံး (၁၉၉၉ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့) ဖြစ်ဖို့ကလဲ တလသာလိုတော့တဲ့အတွက် ဒီအချိန်ဟာ အခွင့်ခါကောင်းပဲဆိုပြီး ရှေ့မှာတင်ပြခဲ့တဲ့ Serb တီဗွီ-ဗုံးကြဲ မှုနဲ့ မြန်မာ့မီဒီယာလောက ဖိနှိပ်ခံရမှုကို ပေါင်းစပ်ပြီး Muzzled media pursue goal ဆောင်းပါးကြီးကို ဘယ်သူနဲ့မတိုင်ပင်ပဲ ကျနော်က ရေး ထည့်လိုက်တာပါ။

ဒီတော့ ဝေဖန်မှုက အယ်ဒီတာ ကိုအေးချမ်းနိုင်တင်မကပဲ ကိုမိုးအေးနဲ့ ဆရာမောင်သာရကပါ ကျနော့် ကို ၀ိုင်းဆဲကြပါတယ်။ အဲဒီအချိန်ကတော့ ဆောင်းပါးပါဖို့ပဲ စိတ်ကစောနေတော့ ဒီဖြစ်ရပ်တွေကို သ တင်းကျင့်ဝတ်ချိုးဖောက်တယ်လို့ သိပ်အလေးမထားဖြစ်ခဲ့ပါ။ ဒါပေမယ့် အခု ၁၅ နှစ်လောက်ကြာ ပြီး ချိန် အသေချာပြန်စဉ်းစားကြည့်တော့ ဒါတွေဟာ သတင်းသမားတဦးအနေနဲ့ တကယ့်ကိုမလုပ်သင့်တဲ့ ကိစ္စ၊ သတင်းသမားကျင့်ဝတ် ချိုးဖေါက်မှုကြီးဖြစ်တယ်ဆိုတာ ငြင်းမရအောင်ပေါ်လွင်နေပါတယ်။

တခါ DVB ရဲ့ လခစားဝန်ထမ်းတဦးက DVB ကိုပေးထားတဲ့ အင်တာဗျုး။ DVB က မလွှင့်ရသေးတဲ့ အင် တာဗျုးကို တခြားမီဒီယာမှာ သွားရေးခွင့်ရှိသလားဆိုပြီးလည်း မေးခွန်းထုတ်ခံရပါတယ်။ အခု ၁၅ နှစ်ကြာပြီးချိန်မှာတော့ တခါက တက်ကြွတဲ့ကြက်ဖဖြစ်ခဲ့တဲ့ သတင်းထောက်တဦးရဲ့ သတင်းကျင့်ဝတ် ချိုးဖောက်မိမှုအတွက် သက်ဆိုင်သူအားလုံးကို တောင်းပန်ရုံမှတပါး ကျနော်ဘာများ တတ်နိုင်ဦးမည် နည်း။

အသံလွှင့်မီဒီယာနဲ့ ပုံနှိပ်မီဒီယာ ဘာကွာသလဲ

အခု ၂၀၁၄ ခုနှစ်ကာလမှာ အသံလွှင့်ဌာနအားလုံး ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေရှိပြီး သတင်းကို အသံနဲ့ လွှင့်တာအပြင် စာနဲ့ပြန်တင်ထားတာကို အချိန်မရွေး ဖတ်ရှုနေနိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် ၁၉၉၉ အ စောပိုင်းကာလက အသံလွှင့်ဌာနတွေ (BBC, VOA, RFA, DVB) အတော်များများမှာ ၀က်ဘ်ဆိုက် မရှိသေးပါ။ ရှိရင်လည်း သတင်းအသံလောက်ကိုပဲတင်ပြီး အခုခေတ်လို စာနဲ့ပြန်ရေးပြီး အသေချာတင် တာ၊ ၀က်ဘ်ဆိုက် ဌာနဖွင့်ပြီး သီးခြားတာဝန်ပေးထားတာမျိုး မရှိသေးပါ။


ဥပမာအားဖြင့် DVB သတင်းဌာနဆိုရင် အခုသုံးနေတဲ့ www.dvb.no မရှိသေးပဲ အရင်ပေါ်တဲ့ လိပ်စာ အဟောင်းကို သုံးနေရဆဲဖြစ်ပါတယ်။ ၀က်ဘ်ဆိုက်ဌာန သီးခြားမရှိသေးပဲ ရေဒီယိုက လွှင့်ပြီးသွားတဲ့ အသံတွေကို ပြန်တင်ထားတဲ့အဆင့်ပဲ ရှိပါသေးတယ်။ ဆိုလိုတာကတော့ ''မြန်မာ့အသံက တခါပဲ လွှင့်တယ်'' ဆိုပြီး မြန်မာတွေကြားပြောနေကြအတိုင်း ရေဒီယိုဟာ တခါနားထောင်ပြီးတာနဲ့ ပြီးသွားတဲ့ အတွက် ရေဒီယိုပေါ်က စာအရေးသား ဘယ်လိုရှိသလဲဆိုတာကို ဆန်းစစ်လေ့လာဖို့ အဲဒီခေတ်က မလွယ်ခဲ့ပါ။

ဒါပေမယ့် အခုခေတ်မှာတော့ အသံတွေ၊ ရုပ်တွေကို ရေဒီယိုနဲ့ တီဗွီမှာ လွှင့်တဲ့အပြင် Script (စာသား) တွေကိုပါ အသေချာအချောရေးပြီး ၀ကဘ်ဆိုက်မှာ ပြန်တင်နေကြပြီဖြစ်ပါတယ်။ ဒါကြောင့် အသံလွှင့် မီဒီယာ Broadcast Media အရေးအသားနဲ့ ပုံနှိပ်စာပေအရေးအသား Print Media (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း) ဘယ်လိုကွာသလဲဆိုတာကို စိတ်ဝင်စားသူတိုင်း အလွယ်တကူလေ့လာ နိုင်နေပြီဖြစ် ပါတယ်။ ဒီလို အင်တာနက်ပေါ်မှာ အသံတွေ၊ အရုပ်တွေ၊ စာတွေ ရေးသားတင်ပြတာကိုတော့ Online Media လို့ခေါ်ကြပါတယ်။

ဒါပေမယ့် ကံဆိုးတယ်လို့ ပြောရမလားမသိပါ။ အခုနောက်ပိုင်း နယ်သတင်းထောက်တချို့နဲ့ အသံလွှင့် သမားတချို့ဟာ အသံလွှင့်မီဒီယာစကားလုံး အသုံးအနှုန်းဖြစ်တဲ့ လို-တို-ရှင်း ရေးနည်းကိုအလေး မထားပဲ ပုံနှိပ်မီဒီယာစာသားဆန်လှတဲ့ ရှည်လျားထွေပြား Lead (သတင်းအစ စာတန်း) တွေနဲ့ရေး သားနေကြတာကို တွေ့ရပါတယ်။ ခြွင်းချက်အနေနဲ့ကတော့ အခုခေတ်ရေဒီယိုက အင်တာနက်မှာ နား ထောင်တာများတဲ့အတွက် ၀ါကျရှည်လို့ နားမရှင်းရင်လည်း နောက်ပြန်ရစ်ပြီး ထပ်ခါထပ်ခါ ပြန်နား ထောင်နိုင်သားပဲလို့ သဘေားထားကြီးပေးရတော့ မယ်ထင်ပါတယ်။

ထားတော့။ အခုခေတ် ၂၀၁၄ မတိုင်မီ ''မြန်မာ့အသံက တခါပဲလွှင့်တယ်'' ဆိုတဲ့ ခေတ်မှာဆိုရင်တော့ လက်ရှိ အသံလွှင့်မီဒီယာသမားတချို့ ရေးနေတဲ့အရေးအသားမျိုးနဲ့ မရပါ။ လို-တို-ရှင်း နည်းကို အတိ အကျ သုံးဖို့လိုပါတယ်။

ထားတော့။ အခုခေတ် ၂၀၁၄ မတိုင်မှီ ''မြန်မာ့အသံက တခါပဲလွှင့်တယ်'' ဆိုတဲ့ ခေတ်မှာဆိုရင်တော့ လက်ရှိ အသံလွှင့်မီဒီယာသမားတချို့ ရေးနေတဲ့အရေးအသားမျိုးနဲ့မရပါ။ လို-တို-ရှင်း နည်းကို အတိ အကျ သုံးဖို့လိုပါတယ်။ Broadcasting Language ကို သဘောပေါက်ဖို့လိုပါတယ်။ ဆိုလိုတာကတော့ ရေဒီယိုသတင်းဟာ နားထောင်လိုက်တာနဲ့ ပရိတ်သတ်နားထဲကို တန်းပြီးဝင်သွားဖို့လိုပါတယ်။ အသံ က မကြည်လင် (လိုင်းအား မကောင်းတဲ့အတွက်) တဲ့ကြားထဲ ၀ါကျတွေကရှည်၊ လေသံ အဖြတ်အ တောက်က မရှင်းမလင်း၊ စကားလုံးအသုံးအနှုံးက ထွေပြားနေရင် အသံလွှင့်သတင်းသမားကောင်း မဖြစ်နိုင်ပါ။

Broadcasting ဆရာသမားတွေရဲ့စကားတွေကိုကိုးကားရမယ်ဆိုရင် သတင်းစာ၊ ဂျာနယ်တွေမှာပါရှိတဲ့ သတင်း၊ သတင်းဆောင်းပါးတွေကို ပရိတ်သတ်ကဖတ်တဲ့အခါ တယောက်ချင်းဖတ်တာဖြစ်ပြိး ရေဒီယို ကိုနားထောင်တဲ့အခါမှာတော့ စုပေါင်းနားထောင်လေ့ရှိတယ်လို့ဆိုပါတယ်။ တချို့ဆိုရင် သီးခြားနား ထောင် နေတာမျိုးမဟုတ်ပဲ ဖြတ်သွားဖြတ်လာရင်းနဲ့လဲ ရေဒီယိုကသတင်းကို နားထောင်သွားနိုင်ပါ တယ်။ တနည်းအားဖြင့် အသံလွှင့်မီဒီယာက Mass Media သဘောကိုေ်ဆာင်ပြီး ပုံနှိပ်မီဒီယာက သီး ခြားတဦးချင်းသဘောကို ပိုဆောင်တယ်လို့ယူဆမိပါတယ်။

''သောတရှင်များခင်ဗျား'' ဆိုတဲ့စကားလုံးကို ရေဒီယိုမှာသာကြားနိုင်ပြီး ပုံနှိပ်မီဒီယာမှာမရှိပါ။ ''ဖန်သား ပြင်မှာပေါ်ရှုစားရမှာဖြစ်ပါတယ်'' ဆိုတဲ့စကားဟာ တီဗွီ အတွက်သာဖြစ်ပြီး တခြားမီဒီယာတွေမှာ မရှိ ပါ။ Broadcasting Media ချင်းတူတာတောင် တီဗွီ မှာက အရုပ်ပါတဲ့အတွက် ၀ါကျရှည်လို့မရှင်းတာကို ပရိတ်သတ်က သိပ်သတိမထားမိပါ။ သတင်းဖတ်နေသူထက် ပြနေတဲ့ပုံကို ပရိတ်သတ်က ပိုစိတ်ဝင် စားလေ့ရှိပါတယ်။ ဒါပေမယ့် ရေဒီယိုမှာကတော့ အထောက်ကူပြုပစ္စည်းဘာမှမရှိ။ သတင်းဖတ်သူ အ သံနဲ့ Actual အသံလို့ခေါ်တဲ့ ကြိုတင်အသံသွင်းယူထားပြီး ပြန်ဖွင့်ပြတဲ့အသံပဲရှိပါတယ်။ အဲဒီအသံ နှစ်ခု မရှင်းဘူးဆိုရင် လွှင့်သမျှ အလကားဖြစ်သွားနိုင်ပါတယ်။

အရင် နယ်သတင်းထောက်ဘ၀နဲ့ သတင်းပို့နေစဉ်ကတော့ ကွန်ပြူတာလဲ မရှိတဲ့အတွက် ကိုယ်ပို့တဲ့ အသံ ဘယ်လောက်ရှည်မှန်းလဲ မတွက်တတ်ပါ။ တခါ သတင်း Script ကိုလဲ ဗလာစာရွက်ပေါ် လက် ရေးနဲ့ရေးပြီး ဒီတိုင်းဖတ်လိုက်တာဆိုတော့ စာဘယ်နှစ်လုံးရှိမှန်းလဲ တခါမှ မရေတွက်မိပါ။ ဒါပေမယ့် အော်စလိုရုံးချုပ်မှာတော့ အားလုံးကွန်ပြူတာစနစ်နဲ့။ သတင်းတပုဒ်အတွက် စာလုံးရေ ဘယ်လောက် ရှိသလဲ။ အဲဒါကိုဖတ်ပြီး ကွန်ပြူတာပေါ်တင်လိုက်ရင် ဘယ်နှစ်မီနစ်ရှိသလဲ တခါတည်း တန်းပေါ်နေပါ တယ်။ အဲဒီလိုမပေါ်လို့မရ။ မပေါ်ရင် အချိန်တွက်ရခက်ပြီး သတင်းအမြီးပြတ်တာဖြစ်သွားနိုင်ပါတယ်။

အဲဒီကာလက အခုခေတ်လို ဇော်ဂျီဖောင့် (font) မပေါ်သေးတဲ့အတွက် Mr Burma တည်ထွင်ထားတဲ့ Winn-Burmese ဖောင့်ကိုသုံးရပါတယ်။ Winn-Burmese ကို ၁၈ နဲ့ရိုက်ထားတဲ့ A4 တမျက်နှာကို ပုံ မှန် Standard အသံနဲ့ဖတ်ရင် ၂ မီနစ် ၃၀ စက္ကန့်ရှိပါတယ်။ အခုနောက်ပိုင်း ဇော်ဂျီဖောင့်ပေါ်တဲ့ အခါမှာတော့ ၁၁ နဲ့ ရိုက်ရင် Winn-Burmese ၁၈ နဲ့ညီပါတယ်။ ကြားမှာ Actual အသံဝင်မယ်ဆိုရင် အသံ ဘယ်နှစ်စက္ကန့် ထပ်ပေါင်းပေါ့။ ဒီလိုနဲ့ သတင်းနဲ့ အသံလွှင့်ချိန်ကို ကွက်တိဖြစ်အောင် တွက် ထားရပါတယ်။

ရေဒီယိုအသံလွှင့်ချိန်မှာ အလျော့အတင်းလုံးဝမရှိပါ။ ည ၉ နာရီမှာအသံလွှင့်ချိန်ဆိုရင် ၉ နာရီ အတိ မှာ လုံးဝကွက်တိ လွှင့်ရပါတယ်။ စက္ကန့်ပိုင်းကအစ အတိမ်းအစောင်းမခံပါ။ ပြီးတဲ့အချိန်ဆိုလဲ ဒီလိုပါပဲ။ လုံးဝကွက်တိ။ အချိန်ကျော်သွားတဲ့အထိ သတင်းကမပြီးသေးလို့ဆက်ဖတ်နေလဲ လိုင်းကပြတ်သွား ပြီ ဖြစ်လို့ ဖတ်နေတဲ့လူနဲ့ စက်ဆရာကလွဲပြီး ဘယ်သူမှ မကြားနိုင်တော့ပါ။ ဒါဟာလဲ အသံလွှင့်မီဒီယာနဲ့ ပုံနှိပ်မီဒီယာတွေကြား အချိန်တွက်ချက်မှုနဲ့ပတ်သက်ပြီး အရေးကြီးတဲ့ ကွာခြားချက်တခုလို့ထင်ပါ တယ်။        ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More