Thursday, January 24, 2013

ပေးဆပ်သူတို့ရဲ့ဒဏ်ရာများနဲ့ အိမ်ပြန်ချိန်အတွေး

ထက်အောင်ကျော်

ABSDF ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနဲ့ DPNS ခေါ် လူ့ ဘောင် သစ်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်အဖွဲ့တွေ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ရန်ကုန်နဲ့ တခြား မြို့ကြီးတွေဆီသွားပြီး နိုင်ငံရေးလေ့လာမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


ABSDF and DPNS delegates with 88 group in Rangoon. 21-12-2012. (Photo: 88)

ဒါဟာ ၁၉၈၈ ခုနှစ် ၈ လေးလုံးအရေးတော်ပုံကြီး ဖြိုခွဲခံရပြီးကတည်းက နယ်စပ်ဒေသဆီထွက်ခွါလာ သူ တောခိုကျောင်းသားတွေရဲ့ ၂၄-နှစ်အတွင်း ပထမ ဆုံးအကြိမ် တရားဝင် လေ့လာရေးခရီးစဉ်ဖြစ်ပါ တယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ လွန်ခဲ့တဲ့ ၂၄-နှစ်တာကာလအတွင်း၊ အတိအကျပြောရ မယ်ဆိုရင် မနှစ်က ဒီအချိန်ထိ ဒီလိုမျိုးခရီးစဉ်တွေ ပေါ်လာလိမ့်မယ်လို့ ဘယ်သူကမှ ထင်မထားခဲ့ပါ ဘူး။

ဒါဟာ ခုန်ပြန်ကျော်လွှား တိုးတက်မှုတခုလား။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ ၂၀၁၀ ရွေး ကောက်ပွဲနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွေကနေ တဆင့်ပြီးတဆင့်ရလာတဲ့ ရလာဒ်တွေလား။ ၁၉၉၀ ရွေးကောက်ပွဲမှာအနိုင်ရခဲ့ဖူးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ ပါလီမန်ထဲရောက်သွားခြင်းရဲ့ အကျိုးရလာဒ်တွေလား။

ဘာဘဲ့ဖြစ်ဖြစ် ၂၄-နှစ်ကြာ ပြည်ပနဲ့ နယ်စပ်မှာအခြေစိုက်လှုပ်ရှားနေရတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ လူ ငယ်အဖွဲ့တွေ အခုလို ပြည်တော်ပြန်လေ့လာခွင့်ရတာကို ကြိုဆိုရမှာပါ။ တဆက်တည်းမှာဘဲ့ သူတို့ရဲ့ တချိန်က လုပ်ဖေါ်ကိုင်ဖက် ကျောင်းသားမျိုးဆက်တွေဖြစ်တဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က လှိုက်လှဲစွာကြိုဆိုပြီး ၈၈ မျိုးဆက်အားလုံးပါဝင်နိုင်တဲ့ ညီလာခံတခု ကျင်းပ မယ်လို့ သတင်းတွေထွက်ပေါ်လာတာကိုလဲ ကြိုဆိုရမှာဖြစ်ပါတယ်။

ဒါအပြင် ABSDF နဲ့ DPNS တို့ဟာ တခြားနိုင်ငံရေးအဖွဲ့စည်းတွေအပါဝင် အစိုးရတာဝန်ရှိသူတွေနဲ့ ပါ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ ဆွေးနွေးချက်အသေးစိပ်ကိုတော့ မသိရသေးပါ ဘူး။

ဘာတွေကို ဦးစားပေး ဆောင်ရွက်ကြမလဲ

ဘာတွေကိုဦးစားပေးဆောင်ရွက်မလဲဆိုတာဟာ ဘာတွေကို ဦးစားပေးဆွေးနွေးခဲ့သလဲဆိုတာနဲ့ ဆက် စပ်နေနိုင်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ ပထမ ပိုင်း ဆွေးနွေးပွဲတွေဟာ ဖမ်းဆီးထားသူတွေကို ပြန် လွတ်ပေးရေး၊ နှစ်ဖက် အပစ်ခတ်ရပ်စဲရေး၊ နှစ်ဖက်တပ်တည်နေရာများသတ်မှတ်ရေး၊ အပြန် အလှန် ဆက်သွယ်မှု ပုံမှန်ထားရှိရေးအတွက် ဆက်ဆံရေးရုံးများ ဖွှင့်လှစ်ရေး၊ အဖွဲ့အစည်းရံပုံငွေအတွက် စီး ပွါးရေးလုပ်ခွင့်ရရေး စသဖြင့် ပါဝင်လေ့ရှိတာကိုတွေ့ရတတ်ပါတယ်။

နောက်တဆင့်မှာတော့ တပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေ ပြန်လည်နေရာချထားရေး၊ စစ်ပြေးဒုက္ခ သည်တွေ ပြန်လည်နေရာချထားရေး အပါဝင် ရွာသစ်တွေတည်၊ ကျောင်းသစ်တွေ၊ ဆေးရုံ သစ်တွေဆောက်တဲ့ ပြည်လည်ပြုစုပျိုးထောင်မှု လုပ်ငန်းတွေကို ဆောင်ရွက်လေ့ရှိပါတယ်။

ဒါပေမဲ့ ကျနော်တင်ပြချင်တဲ့အချက်တခုက အခု အဆင့် ဆွေးနွေးမှုတွေအထိ ပါမလာသေး ဘူးဖြစ် နေပါတယ်။ အဲဒါကတော့ နှစ် ၂၀-ကျော် တိုက်ပွဲအတွင်း ကျဆုံး၊ သေဆုံး၊ ထိခိုက်ဒဏ်ရာသူတွေ အတွက် သက်ဆိုင်ရာအဖွဲ့စည်းတွေက ဘာတွေလုပ်ပေးဖို့ ဆွေးနွေးစီစဉ်ထားသလဲ။ နဲနဲထပ်ဖြည့် ပြောရမယ်ဆိုရင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းကဖြစ်နေ တဲ့ ပြည်တွင်းစစ်ရဲ့သားကောင်တွေ အတွက် နိုင်ငံတော်က ဘာတွေဆောင်ရွက်ပေးဖို့ စီစဉ်ထားသလဲ။ ပြည်သူ့လွှတ်တော်ကကော ဘာ တွေ စဉ်းစားထားတာရှိပါသလဲ။

ပြီးခဲ့တဲ့နှစ်အတွင်း ABSDF ဗဟိုစစ်ရုံးချုပ်က ထုတ်ပြန်ထားတဲ့စာရင်းတွေအရ (http://www.absdf. com) လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကာလအတွင်း ထိခိုက် ဒဏ်ရာရသူ ၃၉၉-ဦး၊ သေဆုံး ၂၇၃-ဦး၊ ကျဆုံး ၃၅၃-ဦး၊ စုစုပေါင်း ၁၀၂၄-ဦးရှိတယ်လို့သိရပါတယ်။ ABSDF ဟာအခုချိန်ထိ လက်နက်ကိုင်တိုက်ပွဲဝင် နေဆဲ၊ အထူးသဖြင့် တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်ပြည်နယ်မှာ မဟာမိတ် KIA ကချင် လွတ်လပ် ရေးတပ်မတော်နဲ့လက်တွဲပြီး အစိုးရတပ်တွေရဲ့ထိုးစစ်ဆင်လာမှုကို ခုခံစစ်ဆင်နွဲနေဆဲဖြစ်တဲ့အတွက် ထိခိုက်ဒဏ်ရာရစာရင်းက ဆက်တိုးနေဆဲဖြစ်ပါတယ်။

နှစ် ၂၀-ကျော်သာသက်တန်းရှိသေးတဲ့ ABSDF မှာတောင် ထိခိုက်ကျဆုံးဦးရေ ၁၀၀၀-ကျော်နေပြီ ဆို ရင် နှစ် ၆၀-ကျော်တိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာဆိုရင် ဘယ်လောက်များ ရှိနေ ပြီလဲ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂-ဒါဇင်ကျော်ရဲ့ ထိခိုက်ဒဏ်ရာစာရင်းကို ချုပ်လိုက်မယ် ဆိုရင် သောင်းဂဏန်းကျော်ပြီး သိန်းဂဏန်းတောင်ရှိနေလေမလား။ ဒီကိန်းဂဏန်းတွေကိုသိချင်လို့ သူပုန်အဖွဲ့ ပေါင်းစုံရဲ့ ၀က်ဆိုက်တွေကိုလိုက်လှန်ရှာဖွေခဲ့ပေမဲ့ ABSDF လိုမျိုး စာရင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။ တခါ သူပုန်တပ်ပေါင်းစုကြီးဖြစ်တဲ့ DAB တို့၊ NCUB တို့ရဲ့ ၀က်ဆိုက်ထဲမှာလဲ အဲဒီလို စာရင်းဇယားမျိုးကိုမတွေ့ရသေးပါဘူး။

ထိခိုက်ကျဆုံးစာရင်းဇယားတောင်မရှိဘူးဆိုရင် အဲဒီပေးဆပ်ခဲ့ရတဲ့ ရဲဘော်တွေအတွက် ဒီတပ်ပေါင်း စု တွေက ဘယ်လိုတာဝန်ယူပေးထားသလဲဆိုတာကို ဆက်မေးဖို့ခက်သွားပါတယ်။ တပ်ပေါင်းစုက မ ဆောင်ရွက်သေးဘူးဆိုရင် သက်ဆိုင်ရာ သူပုန်အဖွဲ့တခုချင်းစီကကော ဒီရဲဘော်တွေအတွက် ဘာတွေ များဆောင်ရွက် ပေးထားသလဲ။ အခုထိတော့ သေချာတဲ့စီမံကိန်းတခုခုနဲ့ ကူညီဆောင်ရွက်ပေးနေတာ မျိုး မတွေရရ၊ မကြားရသေးပါဘူး။

မှတ်တန်းမဲ့ စာရင်းများ

နယ်မြေမတည်ငြိမ်သေးတဲ့ တော်လှန်ရေးအဖွဲ့စည်းတွေဖက်က သူတို့အတွက်ပေးဆပ်သွားသူတွေရဲ့ မှတ်တန်းမှတ်ရာတွေ၊ ပြည်လည်ပြုစုပျိုးထောင်ရေးတွေမလုပ်နိုင်သေးတာကိုထားပါတော့။ နိုင်ငံတခု လုံးနီးပါးကို ထိမ်းချုပ်ထားနိုင်တဲ့ လက်ရှိအစိုးရဖက်ကကော နှစ် ၂၀ ကနေ နှစ် ၆၀ ကျော်အထိ ဖြစ်ပွါး ခဲ့တဲ့၊ ဖြစ်ပွါးနေဆဲဖြစ်တဲ့ ပြည်တွင်းစစ်အတွင်း ကျဆုံးသွားတဲ့ သူတို့ရဲ့တပ်ဖွဲ့ဝင် စာရင်းဇယားတွေ အ သေချာရှိရဲ့လား။ သူတို့အတွက် အစိုးရက ဘာတွေတာဝန်ယူဆောင်ရွက်ပေးနေသလဲ။ သူတို့ ဟာလဲ ပြည်တွင်းစစ်ရဲ့သားကောင်တွေဘဲ့မဟုတ်ပါလား။

စနစ်တကျဖွဲ့စည်းထားတဲ့ မြန်မာ့တပ်မတော်မှာ သူပုန်တပ်တွေထက် စာရင်းဇယား ပိုပြည့်စုံမယ်ဆို တာ သံသယရှိစရာမလိုပါဘူး။ ဒါပေမဲ့ နှစ် ၆၀-ပြည်တွင်းစစ်အတွင်း ကျဆုံး သေဆုံး ထိခိုက်ဒဏ်ရာရ စာရင်း ထုတ်ပြန်တာမျိုးမကြားရသေးပါ။ စာရင်းရှိရဲ့နဲ့ အချိန်မတန်သေးလို့ မထုတ်ပြန်သေးတာလား။ ထုတ်ပြန်ရက်သားနဲ့ မီဒီယာသမားတွေ သိခွင့်မရသေးတာလား။ သေချာတာတခုကတော့ ထိခိုက် ဒဏ်ရာရ စစ်သည်တွေအတွက် အစိုးရနဲ့ တပ်မတော်က ဘယ်လောက်အထိ တာဝန်ယူပေးထားသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာရှိနေဆဲလို့ထင်ပါတယ်။

ကျနော်မြန်မာနိုင်ငံမှာတုန်းက ဟိုသွား ဒီသွားနဲ့တွေ့ခဲ့ဖူးသလောက်ကတော့ ခြေပြတ်လက်ပြတ် ရဲဘော် ဟောင်းတွေကို လမ်းဘေးမှာ၊ စစ်မှုထမ်းဟောင်း သက်သာ လဖက်ရည်ဆိုင်မှာ၊ မြို့ပါတ် ရထားတွဲတွေ ပေါ်မှာ၊ ဟိုမှာ -ဒီမှာ၊ ဟိုတောင်း-ဒီတောင်း လုပ်နေတာကို မြင်ခဲ့ဖူးပါတယ်။ ဆိုတော့ အယင်က လူ ပြောများခဲ့တဲ့အတိုင်း ''ရဲဘော်ဂျိုင်းဒေါက်၊ ဗိုလ်ကြီးတိုက်ဆောက်'' စနစ်နဲ့တော့ ဆက်သွားနေလို့မဖြစ် တော့ပါ။ ထိခိုက်ဒဏ်ရာရသူတွေရဲ့ဘ၀ ပြန်လည်ထူ ထောင်ရေးကိစ္စကို အသေချာဆောင်ရွက်ဖို့ လို နေပါပြီ။

ABSDF လိုအဖွဲ့မျိုးမှာတောင် ထိခိုက်ကျဆုံးဦးရေ ၁၀၀၀-ကျော်ရှိတယ်ဆိုရင် တိုက်ပွဲတွေဖြစ်တိုင်း လူလှိုင်းလုံးစစ်ဆင်ရေးကိုသုံးလေ့ရှိတဲ့ အစိုးရတပ်ဖက်က ဒီထက် ၅-ဆနီးပါး ပိုများမယ်ဆိုတာ မှန်းလို့ ရပါတယ်။ ဒီ ၅-ဆကို တနိုင်ငံလုံးရှိ သူပုန်အဖွဲ့ ၂၀-ကျော်နဲ့မြောက်၊ နှစ် ၆၀-နဲ့ပြန်ပေါင်းပြီး ဂဏန်း ပေါင်းစက်ထဲ ထည့်လိုက်မယ်ဆိုရင် သန်းဂဏန်းမရှိရင်တောင် သိန်းဂဏန်းမက ရှိနေလောက်ပြီ ဆိုတာ ကိုခန့်မှန်းလို့ရနိုင်ပါတယ်။
   
တကယ်တန်းပြောမယ်ဆိုရင် ထိခိုက်ကျဆုံးစာရင်းက ဒီလို ၂ ဖက်တပ်တွေ၊ လက်နက်ကိုင် စစ်သား တွေစာရင်းနဲ့တင်မပြီးသေး။ မြန်မာနိုင်ငံစစ်ပွဲတွေရဲ့ထုံးစံအတိုင်း အရပ်သား ပေါ်တာတွေ၊ ဒေသခံ တိုင်းရင်းသားတွေ၊ ဟိုပြေးဒီလွှားရင်းနဲ့ ၂-ဖက်တပ်တွေကြား အပစ်ခံရတာ၊ မိုင်းနင်းမိတာတွေကိုပါ ထည့်ပေါင်း ရမှာဖြစ်ပါတယ်။ မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင်ဆေးခန်းရဲ့ မိုင်းဌာနက လူနာ တွေ၊ ခြေတုလက်တုဌာနက လူနာတွေ၊ နယ်စပ်ဒုက္ခသည်စခန်းအသီးသီးမှာမြင်နေရတဲ့ မိုင်းသင့်ပြည် သူတွေ၊ နယ်စပ်ကိုထွက် မလာနိုင်ဘဲ တောတောင်တွေထဲပုန်းအောင်းနေရသူတွေ၊ န၀တ- နအဖ-တပ် တွေရဲ့ ပေါ်တာအဖြစ် လိုက်ပါရင်း သေနတ်ထိ၊ မိုင်းထိပြီး ဒုက္ခိတဖြစ်သွားသူတွေ ဘယ်နဲပါ့မလဲ။

ဒီလူတွေအတွက် ဘယ်အဖွဲ့စည်းတွေက စာရင်းဇယားအသေချာပြုစုထားပါသလဲ။ ၂ ဖက်တပ်တွေက တော့ သူလူစာရင်းကိုတောင် သူအနိုင်နိုင်လုပ်နေရတယ်ဆိုတော့ မြေဇာပင်ဖြစ်ခဲ့ရတဲ့ အရပ်သားတွေ အတွက် စဉ်းစားပေးဖို့ သူတို့မှာအချိန်ရှိပုံမရသေးပါ။ ဆိုတော့ ဒီအတွက် ဘယ်သူတွေလုပ်ပေးနိုင်မလဲ။ ဘယ်သူတွေလုပ်ပေးဖို့စိတ်ကူးနေကြသလဲ။

နှစ်ရှည်ထောင်ဒဏ်ကနေ စိတ်ဒဏ်ရာတွေနဲ့ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘ၀ ပြန်လည် ထူ ထောင်ရေးအတွက် ရန်ကုန်မှာဆွေးနွေးပွဲတွေလုပ်တာ၊ နိုင်ငံတကာရောက် ရဲဘော်ရဲဘက်တွေ က ငွေကြေးအကူညီပေးပို့တာ၊ နိုင်ငံတကာ NGO တချို့ကလဲ ကူညီပေးနေတယ် ဆိုတာတွေကို အင်တာ နက်သတင်းတွေမှာ ကြုံကြားတွေ့နေရပါတယ်။ ဒါပေမဲ့ အခု ကျနော်ပြောနေတဲ့ နှစ် ၆၀-ပြည် တွင်းစစ် ကာလအတွင်း စိတ်ဒဏ်ရာတင်မက ခန္တာကိုယ်ရဲ့အစိတ်အပိုင်းတွေပါ ဒဏ်ရာရပြီး ကျိုးပဲ့ပြတ်တောက် မသန်မစွမ်းဖြစ်သွားသူတွေအတွက် ပြန်လည်ထူထောင်ရေးဆွေးနွေးပွဲ၊ အလှုငွေ ကောက်ခံပွဲ၊ နိုင်ငံတ ကာ NGO တွေဖက်က ကူညီပေးပွဲ ဆိုတာမျီုး ကျနော်တခါမှမကြားမိသေးပါဘူး။

သူရဲကောင်းဗိမာန်၊ အာဇာနည်ကုန်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ထွက်ပေါ်လာတဲ့သတင်းတွေအရ နှစ် ၆၀ ကျော်ပြည်တွင်းစစ်အတွင်း ကျ ဆုံးသွားတဲ့ မြန်မာ့တပ်မတော်သားတွေကို ဂုဏ်ပြုမှတ်တန်းတင်တဲ့အနေနဲ့ သူရဲကောင်းဗိမာန် တခုကို ရွေတိဂုံစေတီအနီးက ပြည်သူ့ရင်ပြင်မှာ ဆောက်လုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ နှစ် ၆၀ အတွင်း ကျဆုံးစစ်သည်ဘယ်လောက်ရှိသလဲ၊ အဲဒီစာရင်း အားလုံး သူရဲကောင်းဗိမာန်မှာဖေါ်ပြထား မထား တော့ ကျနော်ကြည့်ခွင့်မရသေးပါဘူး။

ဘာဘဲ့ဖြစ်ဖြစ် အစိုးရဖက်ကတော့ သူတို့ရဲ့ကျဆုံးရဲဘော်တွေအတွက် သူရဲကောင်းဗိမာန် ဆောက်ပြီး ဂုဏ်ပြုထားပြီးပါပြီ။ သူပုန်တွေဖက်ကကော နှစ် ၆၀ ပြည်တွင်းစစ်အတွင်း ကျဆုံးသွားတဲ့ ရဲဘော် တွေအတွက် ဘယ်လိုဂုဏ်ပြုမှတ်တန်းတင်ကြမလဲ။ တကယ်ကတော့ နှစ်ဖက်စလုံးက ကျဆုံးသွား သူအားလုံးဟာ မြန်မာနိုင်ငံသားတွေ၊ တနိုင်ငံတည်းသားတွေဖြစ်ကြပါတယ်။ သက်ဆိုင်ရာအဖွဲ့အတွက် သက်ဆိုင်ရာယုံကြည်ချက်အတွက် အသက်ပေးသွားသူတွေဖြစ်တာကြောင့် သူတို့ကို ထိုက်တန်စွာ ဂုဏ်ပြုမှတ်တန်းတင်ထားဖို့လို အပ်တယ်ဆိုတာ သံသရရှိစရာမလိုပါဘူး။

သူပုန်တွေရဲ့ ဂုဏ်ပြုခြင်းအစီစဉ်ကိုလိုက်ရှာနေတဲ့ ကျနော်ဟာ တလောတုန်းကတော့ ငြိမ်းအဖွဲ့တခုဖြစ် တဲ့ ကယန်းပြည်သစ်ပါတီကကျင်းပတဲ့ အာဇာနည်ဗိမာန်နဲ့ ဂုဏ်ပြုအခန်းနား ဗွီဒီယိုတခုကို Youtube မှာတွေ့လိုက်ရပါတယ်။ (http://www.youtube.com/watch?v=e75auC91Ogg) ကယားပြည်နယ်၊ ဒီမောဆိုမြိုနယ်၊ ဆီးဖူးတိုက်နယ်မှာ ကျင်းပတဲ့ အဲဒီအခန်းနားဟာ နှစ် ၄၀ ပြည့် ကယန်းအာဇာနည်နေ့ အခန်းနားဖြစ်ပြီး ၂၀၁၁ ဒီဇင်ဘာလမှာကျင်းပတာလို့ အဲဒီ ဗွီဒီယိုထဲမှာဖေါ်ပြထားပါတယ်။ ထောက်ကြံ့ နဲ့ သံဖြူဇရပ်က မဟာမိတ် စစ်သချိုင်းလို အုတ်ဂူဖြူဖြူလေး တွေကို စနစ်တကျဆောက်လုပ်ထားတွေ့ရ တဲ့အတွက် ကယန်းပြည်သစ်က တာဝန်ရှိသူတွေကို ကျနော်လေးစားမိပါတယ်။




နောက်တခါ အဲဒီအခန်းနားဆီတက်ရောက်လာသူတွေထဲမှာ ကယန်းပြည်သစ်နဲ့ တော်လှန်ရေးအဖွဲ့ စည်းတချို့က ပုဂိုလ်တွေအပြင် လက်ရှိကယားပြည်နယ်အစိုးရ ၀န်ကြီးတွေ၊ တပ်မတော်ကိုယ်စား လှယ် တွေလဲပါလာပြီး သူတို့ကလဲ လွမ်းသူပန်းခွေလာချသွားတာကို မြင်လိုက်ရတဲ့အတွက် ကျနော် စိတ်ထဲ အတော်ခံစားလိုက်ရပါတယ်။ တချိန်က ရန်သူတွေအဖြစ် သူသေ ကိုယ်သေတိုက်ခဲ့သူတွေဟာ အခု တော့လဲ ဘာမှမဖြစ်ခဲ့ကြသလိုပါဘဲ့လား။ ကျဆုံးသွားတဲ့ နှစ်ဖက်ရဲဘော်တွေသာ ဒီမြင်ကွင်းကို မြင်ခွင့် ရမယ်ဆိုရင် သူတို့ရဲ့ပေးဆပ်မှုအတွက် ဘယ်လိုတန်ဖိုးဖြတ်ကြလေမလဲ။

ကျနော်တွေ့ဖူးသလောက်ထဲမှာတော့ အာဇာနည်ဗိမာန်အသေချာဆောက်ပြီး ကိုယ်ရဲ့ တပ်ဖွဲ့ဝင်တွေကို စနစ်တကျဂုဏ်ပြုထားတာဟာ ကယန်းပြည်သစ်က ပထမဆုံးဖြစ်ပါတယ်။ အလားတူ ရလလဖ ခေါ် ရှမ်းပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးအဖွဲ့ကလဲ အာဇာနည်ဗိမာန်ဆောက်ပြီး ကျဆုံးရဲဘော်တွေကို ဂုဏ်ပြုထားတယ်လို့သိရပေမဲ့ ကျနော်မမြင်ရသေးပါဘူး။ တခြားငြိမ်းအဖွဲ့တွေမှာလဲ သူ့ဒေသနဲ့သူ အ လားတူ အာဇာနည်ဗိမာန်ဆောက် ဂုဏ်ပြုထားတာတွေရှိနိုင်ပြီး ကျနော်မသိသေးတာ၊ မီဒီယာတွေက မသိသေးတာမျိုးလဲဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ သေချာတာတခုကတော့ ကျနော်ကိုယ်တိုင်ပါဝင်ခဲ့ဖူးတဲ့ ABSDF ကျောင်းသားတပ်မတော် မှာတော့ နယ်မြေလဲ အတည်တကျမရှိသေးတဲ့အတွက် ဒါမျိုးမလုပ်နိုင်သေးပါဘူး။ နယ်စပ်မှာစခန်းတွေ အတည်တကျရှိခဲ့စဉ် ၁၉၉၀ ပြည်လွန်နှစ်တွေတုန်းကတော့ သက်ဆိုင်ရာစခန်းတွေအလိုက် အာဇာ နည်ကုန်းတွေထားပြီး တတ်နိုင်သလောက် စနစ်တကျ ဂုဏ်ပြုမှတ်တန်းတင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီ စခန်းတွေကို စစ်အစိုးရတပ်တွေက သိမ်းပြီးတဲ့နောက် ကျနော်တို့ရဲဘော်တွေရဲ့ အုတ်ဂူတွေ၊ အာဇာ နည်ကုန်းတွေ ဘယ်လို ဆက်ရှိနေမှန်း ကျနော်သိခွင့်မရတော့ပါ။

 ABSDF 201 တပ်ရင်း မင်းသမီးစခန်းမှ အာဇာနည်ကုန်း

အခုလို နိုင်ငံရေးပွင့်လင်းလာချိန်၊ သူပုန်ခေါင်းဆောင်တွေကိုယ်တိုင် ရန်ကုန်အထိသွားပြီး အစိုးရတာ ၀န်ရှိသူတွေနဲ့ဆွေးနွေးခွင့်ရနေချိန်မှာ ဒီကိစ္စတွေကို ထည်သွင်းဆွေးနွေးသင့်တယ်လို့ ကျနော်ထင်ပါ တယ်။ ကယန်းပြည်သစ်နဲ့ တခြားငြိမ်းအဖွဲ့တွေက ဆောင်ရွက်နေသလိုမျိုး ဒီမိုကရေစီရရှိရေးအတွက် အသက်ပေးသွားကြတဲ့ ရဲဘော်သူငယ်ချင်းတွေအတွက် သင့်တော်တဲ့တနေရာမှာ အာဇာနည် ဗိမာန် ဆောက်ပြီး သူတို့ကို ကျနော်တို့ ဂုဏ်ပြုသင့်ပါတယ်။ ဒီအတွက် အဖွဲ့စည်းကရော၊ ကျနော်တို့ ရဲဘော် ဟောင်းတဦးချင်းကရော၊ ကျဆုံးထိခိုက်ဒဏ်ရာရ ရဲဘော်တွေရဲ့ မိသားစုတွေကပါ ၀ိုင်းဆွေးနွေး တင်ပြ သင့်တယ်လို့ ကျနော်ထင်ပါတယ်။

ကျဆုံးသွားသူတွေအတွက် ဒီလိုဂုဏ်ပြုတဲ့အပြင် ထိခိုက်ဒဏ်ရာရသွားသူတွေအတွက်လဲ ကျနော်တို့ ဆက်လက်ဆောင်ရွက်ပေးဖို့လိုပါတယ်။ သူတို့ရဲ့ဘ၀တွေ ဘယ်လိုရပ်တည်နေကြသလဲ။ တတိယ နိုင် ငံရောက်ရဲဘော်တွေကို တတိယ နိုင်ငံကဘဲ့ တသက်လုံးကျွေးမွေးပြုစုထားရမှာလား။ သက်ဆိုင်ရာအ ဖွဲစည်းနဲ့ သက်ဆိုင်ရာအစိုးရတွေက ဘာမှ တာဝန်ယူမပေးတော့ဘူးလား။ နယ်စပ်နဲ့ ပြည်တွင်းရှိ ဒဏ် ရာရရဲဘော်တွေအတွက်ကော သက်ဆိုင်ရာအဖွဲ့စည်းနဲ့ အစိုးရက ဘာတွေဆောင်ရွက်ပေးသင့်သလဲ။ ဘာတွေဆောင်ရွက်ပေးဖို့စဉ်းစားနေကြသလဲ။

ဒီကိစ္စတွေအတွက် ပြည်သူ့လွှတ်တော်၊ ပြည်နယ်-တိုင်း လွှတ်တော်က ကိုယ်စားလှယ်တွေ မဆွေးနွေး သင့်ဘူးလား။ ၀န်ကြီးဦးအောင်မင်းနဲ့ ငြိမ်းချမ်းရေးစင်တာကတာဝန်ရှိသူတွေ မဆွေးနွေးသင့်ဘူးလား။ သူပုန်အဖွဲ့တွေ၊ ငြိမ်းအဖွဲ့တွေ၊ ကျောင်းသားအဖွဲ့တွေ၊ လူ့အခွင့်ရေးအဖွဲ့တွေ မဆွေးနွေးသင့်ဘူးလား။

တခြားအရေးပေါ်ကိစ္စတွေနဲ့အလုပ်ရှုပ်နေလို့ ဒီကိစ္စကို ဘာမှမစဉ်းစားရသေးဘူးဆိုရင်လဲ အခုချိန်က စပြိး စတင် စဉ်းစားပေးကြပါ။ ဆွေးနွေးပေးကြပါ။ ပေးဆပ်သူတို့ရဲ့ ဒဏ်ရာတွေကို ကုစားပေးခြင်းခြင်း၊ အသိမှတ်ပြုခြင်းဟာလဲ ငြိမ်းချမ်းရေးရဲ့လုပ်ငန်းစဉ်တခုဖြစ်မယ်၊ ငြိမ်းချမ်းရေးကို အထောက်ကူဖြစ်စေ လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒါကြောင့် ကျနော်တို့အားလုံးရဲ့ အိမ်ပြန်ချိန်မတိုင်မှီမှာ ပေးဆပ် သူတို့ရဲ့ ဒဏ်ရာတွေကို အသေချာနားလည်သဘောပေါက်ဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း ဒီနေရာကနေ အလေးအနက်ရေးသားတင်ပြလိုက်ရပါတယ်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More