Saturday, October 29, 2011

တတိယ-နိုင်ငံရဲ့ ဒုတိယဝေဒနာ (ပြန်လည်တင်ပြချက်)

တတိယ နိုင်ငံရဲ့ ဒုတိယ ဝေဒနာ
၁၇၀၉၁၁ (ထက်အောင်ကျော်)
(အင်္ဂါနေ့။ နိုဝင်ဘာလ ၁-ရက်နေ့မှာကျရောက်တဲ့ ABSDF ၂၃-နှစ်မွေးနေ့မှာ စဉ်းစားနိုင်ဖို့အတွက် ၁၇၀၉၁၁-ကဆောင်းပါးကို ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်)

မနက်ဖြန် တနင်္ဂနွေ။ စက်တင်ဘာ ၁၈ ဆိုရင် မြန်မာနိုင်ငံမှာ စစ်တပ်ကအာနာသိမ်းခဲ့တာ။ ဒါမှ မဟုတ် အဲဒီ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ပီး တော်လှန်မှရမယ်ဆိုပီး ကျနော်တို့တတွေ အိမ် ကနေထွက်ခွါ တောခိုလာခဲ့တာ ၂၃-နှစ်ပြည့်တော့မှာပါ။ အခု ၂၃-နှစ်ကြာပြီးတဲ့အခါမှာ ကျနော် အပါဝင် တောခိုကျောင်းသားတွေ ဘယ်ဆီရောက်ပီး ဘာတွေဆက်လုပ်နေကြသလဲ။



တော်လှန်ရေး ဆက်လုပ်နေသလား။ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံရပ် ခြားမှာ အဆင့်မြင့်ပညာတွေသင်ယူနေကြသလား။ ဒါမှမဟုတ် တိုင်းပြည်စီးပွါးတိုးတက်ရေးအတွက် ကူညီနိုင်အောင် စီးပွါးရေးလုပ်ငန်းပိုင်ရှင်တွေဖြစ်ဖို့ကျိုးစားနေသလား။ ဒါမှမဟုတ် အခြေခံ လူမှုအဖွဲ့ စည်းတွေကိုပြောင်းလဲနိုင်ဖို့အတွက် လူမှုကယ်ဆယ်ရေးလုပ်ငန်းနဲ့ အန်ဂျီအို-လုပ်ငန်းခွင်ကို လေ့လာ နေကြသလား။ ဒါမှမဟုတ် စားဝတ်နေရေးကိစ္စ။ မိသားစုကိစ္စနဲ့ဘဲ့ လုံးချာလိုက်ပီး ၂၃-နှစ်ခရီးက ပန်း တိုင် နဲ့ပိုနီးလာသလား။ ပိုဝေးသွားသလား ဆိုတာကိုတောင် စဉ်းစားဖို့အချိန်မရဖြစ်နေတာလား..။


သေချာတာတခုကတော့ လွန်ခဲ့တဲ့ ၂၃-နှစ်က တောခိုလာတဲ့ကျောင်းသားအင်အားအများစု ကြီးဟာ အခုချိန်မှာတော့ မူလရည်ရွယ်ချက်ဖြစ်တဲ့ လက်နက်ကိုင်တော် လှန်ရေးနဲ့ အလှမ်းဝေးရာ။ သူတို့အိမ်ကထွက်ခွါလာစဉ်က နေထိုင်ခဲ့ဖူးတဲ့ နယ်စပ်ကတောတောင်တွေနဲ့ ဝေးကွာရာ။ ရေခဲပြင် တွေ။ ဆီးနှင်းတွေဖုံးလွှမ်းနေတဲ့ မြောက်အမေရိကတိုက်။ ဥရောပတိုက်နဲ့ သြစတေလျတိုက်တွေဆီ ရောက်ရှိနေတာ ဆယ်စုနှစ်တခုကျော်စပြုလာခဲ့ပါပြီ။

ကုလသမဂ-ကထုတ်ပြန်ထားတဲ့စာရင်းဇယားတွေ။ နယ်စပ်ရှိ တော်လှန်ရေးအဖွဲ့တွေကပြော တဲ့ စာရင်းဇယားတွေအရဆိုရင် မနီလွိုင်အပါဝင် နယ်စပ်တကျောရှိ ဒုက္ခသည်စခန်းအသီးသီးကနေ တတိယနိုင်ငံတွေဆီထွက်သွားတဲ့ဦးရေဟာ လွန်ခဲ့တဲ့နှစ် ၂၀-ကျော်ကာလအတွင်း ၅-သောင်းကျော် နေပီဖြစ်ပါတယ်။ မြောက်အမေရိကားတိုက်က အမေရိကန်နဲ့ ကနေဒါက အများဆုံးလက်ခံထားတယ် လို့ယူဆရပီး သြစတေလျနဲ့ ဥရောပက ဒုတိယနဲ့ တတိယ-နေရာတွေမှာရှိနေတယ်လို့ ခန့်မှန်းရပါ တယ်။

တတိယ-နိုင်ငံရောက် တောခိုကျောင်းသားတွေ အခု ဘာတွေလုပ်နေကြသလဲ

ဒီမေးခွန်းက မေးတာလွယ်သလောက် ဖြေရခက်တဲ့ မေးခွန်းတခုဖြစ်နေနိုင်ပါတယ်။ အခုချိန်ထိ အသေချာသုတေသနလုပ်ပီး ထုတ်ပြန်ထားတဲ့စာရင်းဇယားတွေ မတွေ့ရသေးတဲ့အတွက် ဟိုတစ ဒီတစ ရထားတဲ့အချက်လက်တွေပေါ်အခြေခံထားတဲ့ မှန်းချက်လောက်ကိုဘဲ့ ဒီနေရာမှာတင်ပြနိုင်မဲ့ သဘောရှိပါတယ်။ တတိယနိုင်ငံရောက် ဒုက္ခသည် ၅-သောင်းကျော်ထဲမှာ ၈၈-က တောခိုခဲ့တဲ့ကျောင်း သား ၃-ထောင် ၀န်းကျင်လောက်ပါဝင်မယ်လို့ခန့်မှန်းရပါတယ်။

အဲဒီထဲက အဆင်ြ့မင့်ပညာ ဒေါက်တာ ဘွဲ့နဲ့ မဟာဘွဲရသူ ၃၀-မပြည့်သေးဘူးလို့ခန့်မှန်းရပါတယ်။ သက်ဆိုင်ရာနိုင်ငံအသီးသီးမှာ အသိမှတ်ပြု ဒီဂရီတခုခုရတဲ့အထိ ဆက်လက်ပညာသင်ကြားသူ ဦးရေကလဲ ၃၀၀-၀န်းကျင်ဘဲ့ရှိ မယ်လို့ခန့်မှန်းရပါ တယ်။ စီးပွါးရေးပညာရှင်အနဲအကျဉ်းကိုတွေရပေမဲ့ စီးပွါးရေးလုပ်ငန်းပိုင်ရှင်ကိုတော့ မတွေ့မိသ လောက်ပါဘဲ့။ မီဒီယာနဲ့ အန်ဂျီအို-အပါဝင် လွတ်လပ်တဲ့ လူမှုအသင်းအဖွဲ့တွေကို ဦးစီးဆောင်ရွက်နေ သူ ဦးရေကလဲ ဒါဇင်ဂဏန်းလောက်မှာဘဲ့ရှိပါတယ်။ ဆိုတော့ ကျန်တဲ့လူအများစုကြီးက ဘာတွေလုပ် နေကြသလဲ။ ဒီလိုဘဲ့ နေစဉ် စားဝတ်နေရေး။ မိးသားစုအရေးနဲ့ဘဲ့အလုပ်ရှုပ်ရှင်း ၂၃-နှစ် ကုန်လွန် သွားခဲ့တာလား။

တကယ်တန်းပြန်စဉ်းစားမယ်ဆိုရင်တော့ တတိယ-နိုင်ငံမှာအခြေချရေးဆိုတာ အားလုံး အ ဆင်ပြေနေတာမျိုးမဟုတ်။ ပြောမယုံ ကိုယ်တွေကြုံမှသိဆိုတဲ့အတိုင်း တတိယနိုင်ငံမှာ နေထိုင် ရှင်သန် ရေးဆိုတာဟာ မြန်မာနိုင်ငံမှာလို ကိုယ်မြေ။ ကိုယ်အိမ်။ ကိုယ်မိသားစု။ ကိုယ်ဆွေမျီုး။ ကိုယ့်မိတ်တွေ။ ကိုယ်သဘာဝပါတ်ဝန်းကျင်မှာ ရှင်သန်ခဲ့ပုံနဲ့ဘာမှမဆိုင်။ တကယ်ကို ဘ၀သစ်တခုက သုညကနေ စ တင်ရုန်းကန်ရတာမျိုးပါ။

အင်္ဂလိပ်စကားပြောနိုင်ငံတွေဖြစ်တဲ့ မြောက်အမေရိကားတိုက်နဲ့ သြစတေလျတိုက်ဆီရောက် သွားသူတွေအဖို့ ဘာသာစကားသိပ်ပြသာနာမရှိပေမဲ့ ဥရောပတိုက်ဆီရောက်လာသူတွေကတော့ ဘာ သာစကားသင်ကြားရေးကို အယင်ဆုံးဆောင်ရွက်ရပါတယ်။ ဒေသခံစကားမတတ်ဘဲနဲ့ ဘာအလုပ်မှ မ ရနိုင်တဲ့အတွက် ရောက်ရောက်ချင်း ၂-နှစ်လောက်ကို ဘာသာစကားသင်တန်းနဲ့ သက်ဆိုင်ရာနိုင်ငံရဲ့ မိတ်ဆက်အစီစဉ်တွေကိုသင်ကြားရပါတယ်။ ပီးရင်တော့ ၀ါသနာပါရာ ဘာသာရပ်သင်တန်းတွေကို ၆-လ တနှစ်လောက်တက်ပီး ရတဲ့အလုပ် ၀င်လုပ်ကြပေတော့။

ရာရအလုပ်ဆိုတာ တကယ့်ကိုရရာအလုပ်ပါ။ မြန်မာနိုင်ငံမှာတုန်းကလိုမျီုး အရိုးများသလေး။ ချီးခါးသလေးပြောပီး ကျောင်းဆရာမလုပ်ချင်ဘူး။ စာရေးကြီးမလုပ်ချင်ဘူးငြင်းနေလို့မရ။ အမေ့အိမ် မှာတက်စားလိုက်။ ဆွေးမျိုးအိမ်မှာစားလိုက်နဲ့ ဘာမှမယ်မယ်ရရမလုပ်ဘဲ လယ်ရာပြန်စားရေးလုပ်နေဖို့ ဒီမှာ အခြေနေကခွင့်မပြု။ အသက်ကြီးမှ ဘာသာစကားအသစ်တခုကို သင်ရသူတွေအဖို့ မူလနိုင်ငံ သားတွေနဲ့ ဘယ်လိုမှယှဉ်ရွေးခံလို့မဖြစ်နိုင်။ ဒီတော့ အောက်ခြေသိမ်း အလုပ်တွေဖြစ်တဲ့ သန့်ရှင်း ရေးလုပ်သား။ ဆေးရုံနဲ့ လူအိုရုံအကူလုပ်သား။ မူကြိုကျောင်း ကလေးထိမ်းလုပ်သား။ ဆူရှီဆိုင် လုပ် သား။ သတင်းစာပို့သမား။ ကုန်စုံဆိုင် အရောင်းစာရေး။ စက်ပြင်လုပ်သား...စသဖြင့် ဒီအလုပ်တွေကို ဘဲ့ လုပ်နေကြရပါတယ်။ နယ်မြိုကလူတချို့ဆိုရင်တော့ သစ်သားစက်ရုံတွေနဲ့ စိုက်ပျိုးရေးခြံတွေမှာ အလုပ်ရကြပါတယ်။ ဘာသာစကားကို သူများထက်ပိုထူးချွန်သူ အနဲအကျဉ်းကတော့ စကားပြန် အ လုပ်နဲ့ အဆင်ပြေနေတာကိုတွေ့ရပါတယ်။ အဲ...အသက်သိပ်ကြီးမှရောက်လာလို့ ပင်စင်တန်းရသွားသူ အနဲအကျဉ်းလဲ အဆင်ပြေနေတာကိုတွေ့ရပါတယ်။ ဒါပေမဲ့ လူအများစုကြီးကတော့ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေနီးပါး ရုန်းကန်နေရဆဲ။

အခြေခံလူတန်းစားကလာတဲ့သူတွေအဖို့ ဒီလိုအခြေခံအလုပ်လုပ်နေရတာကို သိပ်ပြသာနာမရှိ ပေမဲ့ မြန်မာနိုင်ငံမှာတုန်းက မြိုနယ်ဆရာဝန်ကြီးလုပ်လာသူ။ မြိုနယ်အင်ဂျင်နီယာလုပ်လာသူ။ ကျောင်း အုပ်ဆရာကြီးလုပ်လာသူ။ မဟာဘွဲ ရလာသူ။ တက္ကသိုလ်တပိုင်းတစနဲ့ အထက်တန်းပညာသင်ဖို့စိတ် ကူးယဉ်ပီးထွက်လာသူတွေခမျာတော့ သူတို့စိတ်ထဲမှာလုပ်ချင်နေတာနဲ့ သူတို့နေစဉ်လုပ်နေရတဲ့ အလုပ် ပြောင်းပြန်ဖြစ်နေလို့ တချိန်လုံး စိတ်ညစ်နေရတယ်လို့ဆိုပါတယ်။ စားဝတ်နေရေးအတွက် မလွဲ မရှောင်သာလို့ ဒီအလုပ်တွေကို နေ့စဉ်လုပ်နေရပေမဲ့ သူတို့တတ်ထားတဲ့ပညာတွေ ဒီနိုင်ငံမှာ အလ ကားဖြစ်နေတယ်။ ဘာသာစကားလေးတခု မတတ်တာ။ မကျွမ်းကျင်တာနဲ့ဘဲ့ ဆယ်နှစ်ဆယ်မိုးသင် ထားခဲ့တဲ့ပညာရပ်တွေ အလားကားဖြစ်ကုန်ရသလား။ အတတ်ပညာနဲ့အရည်ချင်းကို ဘာသာစကား တတ်မတတ်ပေါ်အခြေဆုံးဖြတ်တာ တရားမျှတမှုရှိပါရဲ့လား...စသဖြင့် ကိုယ်ဟာကိုယ်အငြင်းပွါးရင်း နေ့စဉ်ဘ၀ကို မကျေမနပ်ဖြစ်နေသူ များစွာကိုလဲ ကျနော်တွေ့နေရပါ တယ်။

"ဘာသာစကားဆိုတာ ဆရာဝန်တို့။ အင်ဂျင်နီယာတို့လို အတတ်ပညာရပ်တခု မဟုတ်ပါ ဘူး ဗျာ။ ကြားခံဆက်သွယ်ဖို့လိုအပ်တဲ့ ကရိယာတခုမျှသာဖြစ်ပါတယ်" ဆိုပီး စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းဆင်း ကျနော်သူငယ်ချင်းတဦးကပြောဖူးပါတယ်။ ဒါပေမဲ့ ရောမမှာတော့ ရောမ-ဥပဒေအတိုင်း ပါဘဲ့။ သူ့စကားမတတ်ရင် ဘာမှမဖြစ်။ ဒီတော့ စိုက်ပျိုးရေးဘွဲရပုဂိုလ်လဲ သူ့ဘွဲနဲ့ဘာမှမဆိုင်တဲ့ အောက်ခြေသိမ်းအလုပ်တခုကို မဖြစ်မနေ၀င်လုပ်နေရတာ တတိယ-နိုင်ငံဆီရောက်ပီးတဲ့နေ့ကနေ ဒီ နေ့ အထိပါဘဲ့။


ID မပါ။ CV ဗလာနဲ့ အလုပ်ရှာရလေသောအခါ

သူများအကြောင်းတွေပြောနေတာကတော့ ဟုတ်ပါပီ။ မင်းကိုယ်တိုင်ကကော အခု ဘာတွေ လုပ်နေသလဲ။ သန့်ရှင်းရေးလုပ်သားလား။ သတင်းစားပို့သမားလားလို့ ပရိတ်သတ်တဦးဦးက မေးလာ မယ်ဆိုရင် ... "အဲဒီအလုပ်တွေထဲက တခုခုရနိုင်ဖို့အတွက် နော်ဝေးစာ အ-သုံးလုံးကို အခုမှ စတင်သင် ယူနေရပါတယ်ခင်ဗျား" လို့ဖြေရပါလိမ့်မယ်။ ရှေ့မှာပြောခဲ့တဲ့အတိုင်း အသက် ၄၀-ကျော်မှ ဘာသာ စကားအသစ် တခုကို သင်ရတဲ့အလုပ်ဟာ သိပ်မလွယ်လှ။

နယ်စပ်နဲ့ ထိုင်းမှာနေတုန်းက ကရင်စကား ထိုင်းစကားတွေကို အသေချာမသင်ဘဲနဲ့တောင် ထိုင်းရဲမဖမ်းအောင်။ ကရင်ဂိတ်ကပြသာနာမရှာနိုင် အောင်အထိ ပြောတတ်-ဖတ်တတ်ဖြစ်လာခဲ့ပေမဲ့ အခုအော်စလိုမှာတော့ လနဲ့ချီပီး ကျောင်းမှာစနစ် တကျသင်နေတာတောင် နော်ဝေးစကားကမပီ။ သူများပြောတာကိုလဲကောင်းကောင်းနားမလည်။ ကိုယ် ပြောတာကိုလဲ သူများကနားမလည်။ ရေးတော့လဲလွဲနေဆဲ။ ကျနော်လက်ရှိတက်နေတဲ့ Rosenhof-ကျောင်းက နိုင်ငံတကာ သက်ကြီးကျောင်းသား တွေကိုကြည့်ပီး ကျနော်တို့ အထက်တန်းကျောင်းသား ဘ၀က နာမည်ကြီးခဲ့တဲ့ အ-သုံးလုံးသင်တန်းကို အမှတ်ရနေမိပါတယ်။ တချိန်က အ-သုံးလုံးကျောင်း ဆရာဟာ အခုတော့ အ-သုံးလုံး သင်တန်းသားဖြစ်နေပါရော့လား။

နောက်တခါ ကျနော်တို့ ဒီဗွီဘီ-၀န်ထမ်းဟောင်းတွေရဲ့ထူးခြားချက်က နော်ဝေးရောက် တခြား မြန်မာတွေနဲ့မတူ။ အခုနော်ဝေးရှိ မြန်မာနိုင်ငံသား ၃၀၀၀-၀န်းကျင်စလုံးဟာ ကုလသမဂ-ဒုက္ခသည် အ စီစဉ်နဲ့ ၂၀၀၂-နောက်ပိုင်း ရောက်လာကြသူတွေဖြစ်ပေမဲ့ ကျနောာ်တို့က အဲဒီအစီစဉ်ထဲကမဟုတ်။ ဒီဗွီဘီ -မှာတာဝန်ထမ်းဖို့အတွက် လွန်ခဲ့တဲ့ ၁၀-နှစ်ကျော်ကတည်းက မြန်မာစာအုပ်အတုတွေနဲ့ ရောက် လာသူတွေဖြစ်ပီး နော်ဝေးလူအဖွဲ့စည်းရဲ့အပြင်ဖက်မှာ ကိုယ်အလုပ်နဲ့ကိုယ်ရှုတ်နေသူတွေ။ အခြေချဖို့ လဲ စိတ်ကူးမထားတဲ့အတွက် နော်ဝေးစာနဲ့ နော်ဝေးလှုအဖွဲ့စည်းကြောင်းလဲ ဘာမှလေ့လာမထား။ အခု အလုပ်ပြုတ်ပီဆိုတော့မှ ခြေမကိုင်မိ လက်မကိုင်မိနဲ့ နော်ဝေးစာကို ကကြီးခခွေးကနေ စသင်။ နော်ဝေး လူအဖွဲ့စည်းအကြောင်းကို "Vær så god" ကနေ စလေ့လာပီး မသေစာ အလုပ်တခုရဖို့ အသဲအသန် ပြင် ဆင်နေရတဲ့အခြေနေပါ။

ဒီတော့ အခု နော်ဝေးစာအတန်းထဲမှာ ကျနော်က လူထူးလူဆန်းဖြစ်နေခဲ့ပေါ့။ ဘာကြောင့်လဲ ဆိုရင် နော်ဝေးစာသင်နေတဲ့ ကျောင်းသားအားလုံးဟာ နော်ဝေးကိုရောက်ကစလူတွေဖြစ်ပီး ၁၀-ကျော် နော်ဝေးမှာနေပီးမှ နော်ဝေးစာကို ကကြီးခခွေးကနေ လာသင်တဲ့လူမျိုး သူတို့မတွေ့ဖူး။ နောက်တခါ အင်တာနက်နဲ့ ဖေ့စ်ဘုတ်မှာတွေ့တဲ့ ကျနော်အမည်က ထက်အောင်ကျော်။ ပါ့စပို့ထဲကအမည်က နောက်တမျိုးဖြစ်နေတာကိုလဲ သူတို့ကနားမလည်။ ပိုဆိုးတာက မွေးနေ့တောင် ၂-ခုဖြစ်နေတဲ့ကိစ္စ။ " အမည်ကတော့ မင်းမကြိုက်ရင် အသစ်ပြောင်းလို့ရတယ်။ ဒါပေမဲ့ မွေးနေ့ကတော့ လူတဦးဟာ တ သက်မှာတခါဘဲမွေးတဲ့အတွက် မင်း ၂-ခါမွေးခွင့် မရှိဘူး" လို့ နော်ဝေးစည်းမျဉ်းစည်းကမ်းတွေ အ ကြောင်းနားလည်တဲ့ မိတ်ဆွေတဦးက သတိပေးပါတယ်။ ဆိုလိုတာကတော့ စာအုပ်အတုထဲကဟာ တွေကို ကွန်ပြူတာစင်စတန်က အတည်ယူလိုက်တဲ့အတွက် အတုတွေဟာ အမှန်ဖြစ်သွားပီး တကယ် အမှန်တွေကိုတော့ ကျနော်ပြန်ပြင်နိုင်ခွင့်မရှိတော့ပါ။

ဒီတော့ ထက်အောင်ကျော် သို့မဟုတ် ၀င်းထိန်အမည်နဲ့ ကျနော် ရထားခဲ့တဲ့ စာရွက်စာတန်း တွေ။ အောင်လက်မှတ်တွေ။ ဒီပလိုမာတွေဟာ လက်ရှိ ပါ့စပို့ထဲကအမည်နဲ့ ဘာမှမဆိုင်တော့။ ဆိုင်ရင် တောင်မှဘဲ့ မြန်မာပြည်က တတ်လာတဲ့ ပညာရေးကို ဒီမှာကအသိမှတ်မပြု။ သတင်းထောက် ၁၅-နှစ် ကျော်လုပ်လာတယ်ဆိုပေမဲ့ အဲဒီအတွေ့အကြုံကို ဒီနိုင်ငံကအသိမှတ်မပြု။ ဒီနိုင်ငံက အသိမှတ်ပြုထား တဲ့ ဘွဲဒီဂရီမျိုးမရှိဘဲနဲ့ ဘယ်လိုလုပ် သတင်းထောက်ဖြစ်နေတာလဲလို့တောင် အမေးခံလိုက်ရပါသေး တယ်။ ဒီတော့ နော်ဝေးစာကို အ-သုံးလုံးကနေစသင်ပြီး သတင်းထောက်သင်တန်းကို အစကနေ ပြန် တက်မလား။ ဒါမှမဟုတ် စကားပြောစရာသိပ်မလိုတဲ့ သတင်းစာပို့တဲ့အလုပ်ကိုဝင်လုပ်မလား။

တနည်း အားဖြင့်ပြောမယ်ဆိုရင်တော့ ထက်အောင်ကျော်ဟာ "မြန်မာတွေအတွက်တော့ သ တင်းစာဆရာ။ နော်ဝေးတွေအတွက်တော့ သတင်းစာပို့သမား'' ဖြစ်မဲ့ အလားလာက ပိုပိုများလာနေပါ တယ်။ ဒီလိုမဖြစ်ချင်ဘူးဆိုရင် တတိယ-နိုင်ငံရောက် လူ ၅-သောင်းကျော်ထဲက ၁၀-ဂဏန်းတောင် မပြည့်တဲ့သူရဲကောင်းတွေလို အားလုံးကိုစွန့်လွတ်ပီး ထိုင်းနယ်စပ်ကိုပြန်ကာ ဘော်လန်တီယာ ဆက် လုပ်မလား ဆိုတာဟာ မကြာခင်ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။


အိမ်ပြန်ချိန် နွေ ရောက်ပီလား

ဘ၀သစ်တခုအတွက် ရွေးချယ်စရာလမ်း ၃-သွယ်ကို အပြန်ပြန် အလှန်လှန်စဉ်းစားနေစဉ်မှာ အရပ်ဝတ် စစ်အစိုးရသစ်ရဲ့သမ္မတကြီးကနေ ပြည်ပရောက်နေသူတွေ ပြန်လာချင်ကပြန်လာနိုင်တယ် ဆိုပီး လေသံပစ်လိုက်တဲ့အတွက်။ ပြန်ချင်သူတချို့လဲ တကယ်ပြန်နေကြတာကို စတင်မြင်တွေ့နေ ရပီဖြစ်တဲ့အတွက် နောက်ထပ် လမ်းတသွယ်ကိုပါ ထည့်သွင်းစဉ်းစားရမလိုဖြစ်လာစေခဲ့ပါတယ်။


ဒါပေမဲ့ ပြသာနာက အခုလိုအိမ်ပြန်နည်းဟာ ကျနော်တို့ တောစခိုစဉ်က စဉ်းစားလာခဲ့တဲ့ အိမ် ပြန်နည်းမျိုးမဟုတ်။ လွန်ခဲ့တဲ့ ၂၃-နှစ် ဒီလိုအချိန်မျိုးတုန်းက ကျနော်တို့တတွေစိတ်ကူးယဉ်ခဲ့တဲ့ အိမ်ပြန်နည်းကတော့ ကျနော်တို့တောမခိုခင် နှစ် ၄၀-ခန့်ကကြိုတင်တောခိုခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော် ၃-ကျိပ်ဝင်တွေဦးဆောင်တဲ့ ဗမာ့လွတ်မြောက်ရေးတပ်မတော်ကြီး ထိုင်းနယ်စပ်ကနေ မြန်မာ နိုင်ငံထဲ စစ်ကြောင်းချီပီးဝင်လာတဲ့ အိမ်ပြန်ခြင်းမျီုး။ ပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုတဲ့ အောင်ပွဲခံအိမ်ပြန်ခြင်းမျိုးသာဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အခြေနေဟာ ကျနော်တို့ စိတ်ကူးယဉ်ခဲ့သလိုဖြစ်မလာခဲ့။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲ ဘော် ၃-ကျိပ်ဦးဆောင်တဲ့ ဗမာ့လွတ်မြောက်ရေးတပ်မတော်မှအပ အဲဒီနောက်ပိုင်းတောခိုခဲ့တဲ့ ဗမာ ပြည်ကွန်မြူနစ်ပါတီ။ ပြည်ချစ်လွတ်မြောက်ရေးတပ်ဦး။ ကျောင်းသားတပ်မတော်နဲ့ လူမျိုးစုတပ်ဖွဲ့ အ သီးသီးဟာ အခုချိန်ထိ အောင်ပွဲနဲ့အတူ အိမ်ပြန်နိုင်တာမျိုး တဖွဲ့မှမတွေ့ရသေး။ လာမဲ့ နှစ်ပိုင်းအတွင်း မှာလဲ ပြန်နိုင်မဲ့ လမ်းစမမြင်ရသေး။ ... ဘာတွေများ ကျနော်တို့ မှားယွင်းအားနဲခဲ့လို့လဲ။ တောခို ကာစ ကတည်းက မေးလာခဲ့တဲ့မေးခွန်းဟာ အခုချိန်ထိ အဖြေမထွက်သေးပါ။

ဆိုတော့ အောင်ပွဲနဲ့အတူ မပြန်နိုင်ရင် အရှုံးပေးပြီး ဒါမှမဟုတ် သံတမန်ဆန်ဆန် စကားလုံး တွေကိုရွေးသုံးရမယ်ဆိုရင် ဟိုဖက်ကဖိတ်ခေါ်လို့ သင့်တော်နေတဲ့အချိန်မှာ အခြေနေကြည့်ပီး ပြည် တော်ပြန်ကြမလား။ တတိယ-နိုင်ငံရောက် ရဲဘော်ဟောင်းတချို့နဲ့ အွန်လိုင်းကနေ သဘောထား တီး ခေါက်ကြည့်ဖြစ်ခဲ့ပါတယ်။
"ရူးနေလားဗျာ။ ထောင်ထဲကလူတွေကိုမလွတ်ပေးဘဲနဲ့ အပြင်ကလူတွေကိုဖိတ်ခေါ်နေတယ် ဆိုတာ အဓိပါယ်မရှိဘူး" လို့ နိုင်ငံရေးအကျဉ်းသားဟောင်းဘ၀ကနေ တတိယ-နိုင်ံဆီ ရောက်လာသူ တဦးကပြောပါတယ်။

ABSDF ရဲဘော်ဘ၀ကနေ တတိယ-နိုင်ငံဆီရောက်နေတာ ၁၀-နှစ်နီးပါးရှိတဲ့ပြီဖြစ်တဲ့ ပုဂိုလ် တဦးကတော့..."နယ်စပ်မှာ တိုက်ပွဲတွေအရှိန်ကောင်းနေပီ။ လူမျိုးစုပြသာာနကို သူတို့ဘယ်လိုကိုင်မ လဲ။ ဒီတော့ ပြန်ချင်းပြန်ရင် ရန်ကုန်မပြန်ဘဲ နယ်စပ်ကိုပြန်ပီး မဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်သင့် တာပေါ့ဗျ" လို့ ထင်မြင်ချက်ပေးပါတယ်။
၁၉၉၀-နောက်ပိုင်းကျမှ တောခိုပြီး တတိယ-နိုင်ငံဆီရောက်လာတဲ့ နိုင်ငံရေးပါတီတခုမှ ပါတီ ၀င်တဦးကတော့..."နယ်စပ်မှာလဲ အခြေနေကမကောင်းဘူးဗျ။ ဘယ်ဒိုနာ (အလှူရှင်) ကမှ ကျနော်တို့ ကိုမပေးတော့ဘူး။ ဒိုနာတွေက နယ်စပ်ကိုကျော်ပီး ပြည်တွင်းထဲဝင်ဖို့ပြင်နေပီဆိုတော့ သိပ်မလွယ်ဘူး။ ခင်ဗျားတို့ ABSDF လိုမျိုး ရဲဘော်ဟောင်းတွေဆီကရတဲ့ ငွေနဲ့ လည်ပါတ်ရမဲ့သဘောမျိုးဖြစ်လာနေပီ" လို့ပြောပါတယ်။

ထိုင်းနဲ့မလေးရှားမှာ အလုပ်လုပ်ရင်းကနေ ဒုက္ခသည်အဖြစ်ခံယူပီး တတိယ-နိုင်ငံဆီရောက် လာသူ တဦးကတော့ "ဒုက္ခသည်စခန်းကလူတွေ။ မြန်မာနိုင်ငံထဲကလူတွေက နိုင်ငံခြားထွက်ချင်လို့ အသဲအသန် ကျိုးစားနေချိန်မှာ တတိယ-နိုင်ငံရောက်ပီးမှ အားလုံးကိုစွန့်ပီး မြန်မာပြည်ပြန်မယ်ဆိုရင် အဲဒီလူထက် မိုက်တဲ့လူ ဘယ်ရှိတော့မလဲဗျ" လို့ အရှိတရားတခုကို ရိုးသားစွာထုတ်ပြောလာ ပါတယ်။ သူရဲ့ပြောဆိုချက်ဟာ ရှေ့ကပုဂိုလ် ၃-ဦးရဲ့ပြောဆိုချက်ထက် ပိုလက်တွေ့ကျတယ်လို့ကျနော် ယူဆပီး ဒီလိုပုဂိုလ်တွေဟာ တတိယ-နိုင်ငံအခြေချ လူ ၅-သောင်းကျော်ထဲက လူများစုဖြစ်လိမ့်မယ်လို့ တွက် ချက်မိပါတယ်။


တခြားနိုင်ငံတွေမှာကော တတိယ-နိုင်ငံရောက်သူတွေ ဘယ်လိုအိမ်ပြန်ကြသလဲ

ဆိုတော့ ဒီလူတွေဟာ အိမ်ပြန်ဖို့ စိတ်ကူးမရှိကြတော့ဘဲ အထဲကလူတွေကိုတောင် အပြင် ကိုအမြန်ခေါ်ထုတ်ဖို့စိတ်ကူးနေကြပီလား။ တခြားနိုင်ငံတွေမှာကော နိုင်ငံရေး အပြောင်းအလဲတခုခုဖြစ် ရင် တတိယ-နိုင်ငံရောက်သူတွေ အိမ်ပြန်ကြသလား။ မပြန်ဘဲ ဒီတိုင်းဘဲ့နေပီး တတိယ-နိုင်ငံမှာဘဲ့ ခေါင်းချသွားကြသလား။ ကျနော်စဉ်းစားရင်းနဲ့ အိမ်နီးချင်းနိုင်ငံတချို့ကို စောင်းငဲ့ ကြည့်ဖြစ်ခဲ့ပါတယ်။ ကြည့်ဖြစ်တယ်ဆိုပေမဲ့ ပညာရှင်တဦးလို အချိန်ယူသုတေသနလုပ် စစ်တန်းထုတ် တာမျိုးမဟုတ်ပါ။ လွန်ခဲ့တဲ့ ၂၃-နှစ်တာအတွင်း ကိုယ်တွေ့ကြုံခဲ့။ မြင်ခဲ့ရတာကို နှိုင်းယှဉ်တင်ပြတဲ့ အဆင့်လောက်သာ ရှိပါတယ်။

ကျနော်တို့ ABSDF နဲ့ မြန်မာဒီမိုကရေစီလှုပ်ရှားမှု ထိုင်းနယ်စပ်နဲ့ ထိုင်းနယ်မြေထဲ အား ကောင်းစဉ် ၁၉၉၀-ပြည့်လွန်နှစ်တွေက ကျနော်တို့တော်လှန်ရေးသမားတွေနဲ့အတူ ဆွေးနွေးပွဲတွေလုပ် ။ စီမီနာတွေအတူတက်ခဲ့တဲ့ အရှေ့တီမောက သူပုန်ခေါင်းဆောင်တွေ ၂၀၀၀-ပြည့်နှစ်ဝန်းကျင်မှာ ပြည် တော်ပြန်သွားပါတယ်။ ကုလသမဂ-ရဲ့ကြားဝင်ဖြန်ဖြေမှုအရ သူတို့နိုင်ငံ လွတ်လပ်ရေးရလို့ အခုလိုပြန် သွားတာဖြစ်ပီး ကျနော်တို့နဲ့ ဘန်ကောက်မှာလက်တွဲဆောင်ရွက်ခဲ့ဖူးတဲ့ သူပုန်ခေါင်းဆောင် Xanana Gusmão က သမ္မတ။ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် José Ramos-Horta က ၀န်ကြီးချုပ်တွေအဖြစ် တာ ၀န်ယူပီး တိုင်းပြည်ကိုပြန်လည်ထူထောင်လိုက်တာ အခု အတော်ခရီးရောက်နေပါပီ။

သူတို့လိုအိမ်ပြန်ခြင်းမျိုးကို ကျနော်မျော်လင့်ခဲ့ပေမဲ့ မြန်မာနိုင်ငံမှာတော့ အခြေနေက အဲဒီလို ဖြစ်မလာခဲ့ ။ တခြားအာဆီယံနဲ့ အာရှနိုင်ငံတွေမှာလဲ ဒီလိုအခြေနေမျိုးကိုမတွေ့မိ။ လူမျိုးစု သူပုန်ထ နေတဲ့ နိုင်ငံတွေရှိနေဆဲဖြစ်ပေမဲ့ တိုင်းပြည်တခုလုံးကိုပြောင်းလဲသွားအောင်။ လစ်ဗျားက သူပုန်တွေလို နိုင်ငံတခုလုံးကိုသိမ်းနိုင်တဲ့ အခြေနေမျိုးမတွေ့မိသေး။ ကမ္ဘောဒီးယားမှာဆိုရင် ကွန်မြူနစ်သူပုန် ခမာနီ တွေ ခေါတ်ကုန်သွားတဲ့အပြင် Pol Pot-အစိုးရရဲ့လက်ကျန်ခေါင်းဆောင်တွေ နိုင်ငံတကာခုံရုံးတင်ခံနေ ရပါတယ်။ ထိုင်းနယ်စပ်တလျောက်က ဒုက္ခသည်စခန်းတွေကိုလဲ ပိတ်ပစ်လိုက်ပီး ဒုက္ခသည်တွေကိုလဲ အိမ်ပြန်ပို့နိုင်ခဲ့ပါတယ်။ နီပေါမှာတော့ ကွန်မြူနစ်သူပုန်တွေ အင်အားဆက်ကောင်းနေပီး လူများစု အဖြစ်နဲ့ ပါလီမန်နဲ့ အစိုးရအဖွဲ့ထဲပါဝင်နိုင်တဲ့အထိ တိုးတက်နေပါတယ်။ သိရိလာင်္ကာမှာတော့ တမီး ကျားသူပုန်တွေ အမြစ်ပြတ်ချေမှုန်းခံလိုက်ရပါတယ်။ အဲ...တိဘက်ဒေသမှာတော့ အခြေနေတွေဟာ မသေချာမချာရှိနေဆဲဖြစ်ပီး ဘုန်းတော်ကြီးတလိုင်းလာမားနဲ့ ပြည်ပရောက် တိဘက်တွေ အခုချိန်ထိ အိန္ဒိယမှာသောင်တင် နေဆဲဖြစ်ပါတယ်။

ဒီလိုအခြေနေမျိုးမှာ တရုတ်ကွန်မြူနစ်အစိုးရနဲ့ ဗိယက်နမ်ကွန်မြူနစ်အစိုးရတွေက ပြည်ပ ရောက် ပညာတတ်တွေ။ စီးပွါးရေးလုပ်ငန်းရှင်တွေကို ပြည်တော်ပြန်လာဖို့ဖိတ်ခေါ်တဲ့အခါမှာ အတော် များများပြန်သွားကြတာကိုလဲ လွန်ခဲ့တဲ့ ၂၃-နှစ် ဖြစ်စဉ်အတွင်း ကျနော်သတိထားမိပါတယ်။ ဆိုတော့ ... အခု သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်နေတဲ့ အိမ်ပြန်ခြင်းမျိုးဟာ တရုတ်နဲ့ဗီယက်နမ်က ဖိတ်ခေါ်နေတဲ့ အိမ်ပြန်ခြင်းနဲ့ ခပ်ဆင်ဆင်တူနေလေမလား။

ဆိုလိုတာက နိုင်ငံရေးကိုပုံစံကိုတော့ ကွန်မြူနစ်ပါတီနဲ့ ကွန်မြူနစ်အစိုးရက အပိုင်အနိုင် ထိမ်း ချုပ်ထားဦးမှာဖြစ်တယ်။ ဒါမေပဲ့ စီးပွါးရေးနဲ့ တခြား ဂွင်-တချို့ကိုတော့ သင့်တင့်လျောက်ပါတ်သလို လမ်းစဖွင့်ပေးမယ်ဆိုတဲ့ သဘောပါ။ အခု မြန်မာနိုင်ငံမှာလဲ ဒီလိုပါဘဲ့။ နိုင်ငံရေးကိုတော့ ၂၀၀၈-ဖွဲ့စည်း ပုံနဲ့ စစ်တပ်ကြီးစိုးတဲ့ အာဏာပိုင်အဖွဲ့က အပိုင်အနိုင် ထိမ်းချုပ်ထားဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ စီးပွါးရေး နဲ့ တခြားအသေးအမွှား ဂွင်-တချို့ကိုတော့ စတင်ဖွင့်ပေးတော့မယ်။ ဒီအတွက် ပြည်တော်ပြန်လာပီး လက်တွဲဆောင်ရွက်ကြပါလို့ ဖိတ်ခေါ်တဲ့သဘောလို့ ကျနော်နားလည်မိပါတယ်။

ဒီလိုလမ်းဖွင့်ပေးတာ။ တနည်းအားဖြင့်ပြောမယ်ဆိုရင် နိုင်ငံရေးစနစ်ကိုမပြုပြင်ဘဲ စီးပွါးရေးနဲ့ တခြား ဂွင်-တွေမှာ နဲနဲချင်းဖွင့်ပေးတာကို တချို့ကလက်မခံနိုင်ပေမဲ့ တချို့ကတော့ ဒါကို အပြောင်းအ လဲရဲ့လမ်းစလို့မြင်ကြပါတယ်။ အထူးသဖြင့် ဒီလိုလမ်းစဖွင့်ပီးနောက်ပိုင်းမှာ တရုတ်နဲ့ ဗီယက်နမ်ရဲ့ စီးပွါး ရေးဖွံဖြိုးမှုအကြီးအကျယ်တိုးတက်လာတာကိုတွေ့ရမှာဖြစ်ပီး အခုဆိုရင် ကွန်မြူနစ်တရုတ်ဟာ ဒီမို က ရေစီ ဟီးရိုးကြီး အမေရိကန်ပြည်ထောင်စုရဲ့ အကြွေးရှင်တောင်ဖြစ်လာတဲ့အထိ အခြေနေက ပြောင်း ပြန်အချိုးနဲ့ကို တရှိန်ထိုးပြောင်းလဲ လာနေပီဖြစ်ပါတယ်။

ဒီအရှိတရားကို ဘယ်သူကမှငြင်းချက်မထုတ်နိုင်ပါ။ တချိနည်းမှာဘဲ့ နောက်ထပ် ငြင်းချက် မထုတ်နိုင်တဲ့ ပြောင်းပြန်သက်ရောက်မှုတခုကလဲ ရှိနေပြန်ပါတယ်။ အဲဒါကတော့ ဒီလောက် စီးပွါးရေး တွေတိုးတက်ပီး အမေရိကန်ရဲ့အကြွေးရှင်ဖြစ်နေတဲ့နိုင်ငံက တရုတ်လူမျိုးတွေ ထောင်-သောင်းချီပီး နေ့ စဉ် အမေရိကား။ ဥရောပနဲ့ သြစတေလျတိုက်တွေဆီ နည်းမျိုးစုံနဲ့ ထွက်ပြေးနေကြတဲ့အချက်ဖြစ် ပါ တယ်။ ဆိုလိုတာကတော့ စီးပွါးရေးဖွံဖြိုးနေယုံနဲ့လဲ ကိစ္စကမပြီးသေး။ နောက်ဆက်တွဲ နိုင်ငံရေးစနစ်ကို ပါ ပြုပြင်ဖို့လိုအပ်နေဆဲဆိုတာကို သက်သေပြနေဆဲဖြစ်ပါတယ်။

ဆိုတော့ ဒီနေ့မြန်မာနိုင်ငံဟာ တရုတ်နဲ့ ဗီယက်နမ်လို နိုင်ငံရေးမပြုပြင်ဘဲ စီးပွါးရေးနဲ့ တခြား ဂွင်-တွေပြုပြင်ပြောင်းလဲရေးဆီသွားဖို့ အဆင်သင့်ပြင်နေပီလား။ ဒီအခြေနေမှာ တတိယ-နိုင်ငံရောက် ပညာတတ်ပုဂိုလ်တွေ ပြည်တော်ပြန်ပီး အစိုးရသစ်နဲ့လက်တွဲဆောင်ရွက်ဖို့အချိန်တန်နေပီလား။ အွန် လိုင်းပေါ်မှာ တွေ့တဲ့ မီဒီယာသမားတဦးကို ကျနော်ထပ်မေးကြည့်ဖြစ်ခဲ့ပါတယ်။

"ပြန်သင့်တာပေါ့ဗျာ။ အိမ်ကထွက်လာကတည်းက ပြန်ဖို့စောင့်နေတာဘဲ့လေ။ ဒါပေမဲ့ ဂုဏ်သိ က္ခာရှိတဲ့အိမ်ပြန်ခြင်းနဲ့ အလုပ်လုပ်နိုင်ဖို့ အိမ်ပြန်ခြင်းမျိုးဖြစ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိ ထားစေချင်ပါတယ်" လို့ အဲဒီပုဂိုလ်ကပြောပါတယ်။ "မီဒီယာလွတ်လပ်ခွင့်တွေရအောင် အထဲကိုဝင်ပြီး ကျနော်တို့ကျိုးစားဖို့လိုနေပါတယ်။ ဒါပေမဲ့ အဲဒီလိုလာတဲ့သူကို အီးမေးလ်။ အင်တာနက် သုံးလို့ဆိုပီး အီလက်ထရော နစ်ပုဒ်မနဲ့တရားစွဲထောင်ချမယ်ဆိုရင်တော့ ဘယ်ဖြစ်မလဲ" လို့ သူက ထောက်ပြပါ တယ်။

နောက်တခါ အင်တာနက်။ တယ်လီဖုန်းအပါဝင် အခြေခံလိုအပ်ချက်တွေ။ အခြေခံအဆောက် ဦတွေ ဘာမှအဆင်သင့်မဖြစ်သေးတဲ့အတွက် ပြည်ပကနေပြန်လာသူတွေ မြန်မာနိုင်ငံမှာ နေနိုင်ပါ့မ လား။ အလုပ်လုပ်နိုင်ပါ့မလားဆိုတာကိုလဲ သူက စိုးရိမ်နေပါတယ်။ "လောလောဆယ်ကတော့ ပြန် တယ်ဆိုရင်တောင် ဒေါက်တာဇော်ဦးတို့ပြန်သလိုမျိုး သွားလိုက်-လာလိုက်အခြေနေမျိုးဘဲ့ရှိမှာပါ။ ဟို မှာပြန်ပီး အပီးနေဖို့ဆိုတာကတော့ ဒီအစိုးရသက်တန်း ပထမ-၅-နှစ်အတွင်းမှာတော့မဖြစ်နိုင်သေးဘူး ထင်ပါတယ်" လို့လဲ သူကဆိုပါတယ်။

ဆိုတော့ ဒေါက်တာဇော်ဦးတို့လို အခုပြောနေတဲ့မီဒီယာ ဆရာလို ပုဂိုလ်တွေ ပြည်တော်ပြန်ပီး အလုပ်လုပ်နိုင်ဖို့ကျိုးစားတာကတော့ ဟုတ်ပါပီ။ လူများစုကြီးဖြစ်တဲ့ လူဦးရေ ၅-သောင်းလောက်က ဘာဆက်လုပ်ကြမှာလဲ။ ၂၀၁၀-ရွေးကောက်ပွဲကာလတုန်းကလိုမျိုး Vote No, No Vote နဲ့ အချင်းချင်း အငြင်းပွါးပီး အပြန်အလှန်တိုက်ခိုက်ရင်းနဲ့ ကြံဖွံ့ပါတီ အပြတ်အသတ်အနိုင်ရသွားတဲ့အခြေနေမျိုးဆီ တွန်းပို့တဲ့အဖြစ်မျီုးကို ထပ်လုပ်ကြဦးမှာလား။ ဦးသိန်းညွန့်လို အမတ်မျီုး လွတ်တော်ထဲ များများရောက် သင့်တယ်လို့ မထင်မြင်မိဘူးလား။

ဆိုလိုတာကတော့ ပြန်ဝင်ချင်သူနဲ့ မ၀င်ချင်သူတွေကြား အပြန် အလှန် တိုက်ခိုက်ပီး အင်အားဖြုန်းကြမလား။ ဒါမှမဟုတ် အပြန်အလှန်နားလည်မှုရှိရှိနဲ့ သူအခြေနေ။ ကိုယ့် အခြေနေအရ အားလုံးအလုပ်ဖြစ်နိုင်မဲ့ လမ်းကြောင်းတခုပေါ်မှာ ပူးပေါင်းဆောင်ရွက်ကြမလား။

သေချာတာတခုကတော့ ဒီနေ့ပြောနေကြတဲ့ အိမ်ပြန်ခြင်းဆိုတဟာ လွန်ခဲ့တဲ့ ၂၃-နှစ် ကျနော် တို့ တောစခိုစဉ်က စိတ်ကူးယဉ်ခဲ့တဲ့ အိမ်ပြန်ခြင်းမျိုး မဟုတ်ဘူးဆိုတာဘဲ့ဖြစ်ပါတယ်။

1 comments:

ဒီဆောင်းပါးအတွင်း တရုတ်နဲ့ဗီယက်နမ်က ပညာတတ်တွေပြည်တော် ပြန်တဲ့ အကြောင်းနဲ့ မြန်မာပညာတတ်တွေ အိမ်ပြန်မလားဆိုတဲ့ နှိုင်းယှဉ်တဲ့အခန်း မှာ ပညာတတ်တွေအကြောင်းသာပါပီး နယ်စပ်က သူပုန်တွေအကြောင်း ကျန် နေခဲ့ပါတယ်။ အထူးသဖြင့် တရုတ်။ ဗီယက်နမ်နဲ့ မြန်မာမတူတာက နိုင်ငံခြားရောက် ပညာတတ်တွေအပြင် နယ်စပ်တကျောက သူပုန်တွေကိစ္စ ဖြစ်ပါတယ်။ ဒီကိစ္စဟာ တရုတ်။ ဗီယက်နမ်တို့နဲ မြန်မာရဲ့ ကွာခြားချက်ဖြစ်ပါတယ်။ အလေးနက် ထည့်သွင်းစဉ်းစားဖို့ကျန်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တော်ပြန်ရေအဓိကပြသာနာဟာ နိုင်ငံခြားရောက် ပညာ တတ်တွေမဟုတ်ဘဲ နယ်စပ်က နိုင်ငံရေးအဖွဲ့။ တိုင်းရင်းသားအဖွဲ့တွေဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေနဲ့ အစိုးရကြား ပြေလည်မှု ရအောင်ညှိနှိုင်းဖို့လိုနေပါတယ်။ အလွတ်သဘော တဦးချင်းပြန်လည်လေ့လာတာအပြင် နိုင်ငံရေးအရ အဖြေရှာနိုင်တဲ့အဆင့် ကိုသွားဖို့လိုနေဆဲဖြစ်ပါတယ်။ လေးစားလျက်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More