Sunday, January 5, 2020

ချင်းတောင်တန်းသို့ ခရီးသွားခြင်း (၅)

ထန်တလန်မြို့မှာ ခဏတာ


ဟားခါးမြို့ကို လျောက်ကြည့်ပြီးတဲ့နောက် လွှတ်တော်ရုံးနောက်နားကဆိုင်မှာ နေ့လည်စာ စား။ ပြီးတော့ အဲဒီနားမှာရှိတဲ့ ယဉ်ကျေးမှုပြတိုက်ထဲ ၀င်ကြည့်ပါတယ်။ ချင်းတွေရဲ့ဖြစ်တည်လာပုံ ရာဇ၀င်တွေ၊ ရိုးယာဝတ်စုံတွေ၊ တူရီယာတွေ စသဖြင့် အတော်လေးစုံစုံလင်လင်ပြသထားတာတွေ့ရပါတယ်။ ပြတိုက်ကပြန်အထွက်မှာ ပြတိုက်တာဝန်ရှိသူနဲ့ ကျနော်တို့ မင်းတပ်က ဆရာကြီးနှစ်ဦး ချင်းဘာသာနဲ့စကားပြောနေတာတွေရပါတယ်။ ချင်းတွေမှာက တောင်တလုံးကို ဘာသာစကားတမျိုး၊ ဟိုဖက်တောင်နဲ့ ဒီဖက်တောင် စကားမတူဘူး၊ နားမလည်ကြဘူးဆိုပြီး နောက်ပြောင်ပြောဆိုလေ့ရှိတယ်မဟုတ်လား။






(တိမ်တွေပေါ်က ထန်တလန်မြို့နှင့် Htan Tlang Hill Resorts)

အခု မင်းတပ်ချင်းနဲ့ ဟားခါးချင်း ဘယ်လိုနားလည်ကြသလဲပေါ့။ ‘’ခင်ဗျားကလည်း သူက မင်းတပ်ကနေ ဒီမှာ တာဝန်ကျနေတဲ့သူလေဗျာ၊ ဟားခါးချင်းဆို ကျနော်တို့ ဘယ်ရမလဲ၊ အချင်းချင်း မြန်မာလိုပြန်ပြောနေရတာ’’ လို့ မင်းတပ်အမတ်ကြီးက ပြောပါတယ်။ (ချင်းမှာ ရှမ်းတွေ၊ ကရင်တွေလို စကားတမျိုး၊ နှစ်မျိုးတည်းရှိတာမဟုတ်ပဲ ဒေသအလိုက် ဘာသာစကားကွဲလွဲမှုရှိတယ်ဆိုတာကို ပြောလိုခြင်းမျှသာဖြစ်ပါတယ်။ ယဉ်ကျေးမှုနဲ့ ဘာသာစကားသုတေသီတွေ ဆက်လက်ရှင်းပြသင့်ပါတယ်)။

အမတ်ကြီးနဲ့အဖွဲ့က မနက်ဖန် မနက် (၉) နာရီလောက် ဟားခါးကနေ မင်းတပ်ကိုပြန်မယ်တဲ့။ ကိုယ်က အချိန်ရတုန်း ထန်တလန်မြို့ဆီလည်း သွားလိုက်ချင်သေးတယ်။ ဒီနေ့ နေ့လည်သွား၊ မနက်ဖန်မနက် (၉)နာရီအမီ ပြန်ရာက်ေပေါ့။ ဒီလိုနဲ့ ထန်တလန်ရောက်ရင် သူရဲ့ Htan Tlang Hill Resorts ကို ဖြစ်အောင်လာပါလို့ဖိတ်ခေါ် ထားတဲ့၊ တလောကမှ Tourism အကြောင်း အင်တာဗျုးမေးထားဖူးတဲ့ Tint Tint- Travel & Tour က ဒေါ် တင့်တင့်လွင့်ဆီ ဖုန်းဆက်ရပါတယ်။ ဒါပေမယ့် ရန်ကုန်သူက ထန်တလန်မြို့ထဲမှာ မရှိ။ နိုင်ငံခြားဧည့်သည်တွေအတွက် တောင်တက်ခရီးကြမ်း (Trekking) လမ်းသစ်ရှာဖွေရေးတွက် တောထဲရောက်နေတယ်။ ညနေမှ မြို့ကိုပြန်ရောက်မယ်ဆိုပါတယ်။

သူ့ဆီက ကားသမား ဟားခါးရောက်လာချိန်က ညနေ (၅) နာရီထိုးနေပြီ။ ဟားခါးနဲ့ ထန်တလန်က (၂၂) မိုင် သာ ဝေးတယ်ဆိုပေမယ့် တောင်ပေါ်လမ်းကြမ်းဆိုတော့ သိတဲ့အတိုင်းပေါ့။ မီနစ် (၉၀)ကျော် မောင်းရပါတယ်။ ထန်တလန်ရောက်တော့ မှောင်နေပြီ။ အမှောင်ထဲရှိ တောင်ပေါ်ကားလမ်းကနေ မီးလင်းနေတဲ့ ထန်တလန်မြို့ ကို တောင်ကြားကနေ လှမ်းမြင်ရတဲ့ မြင်ကွင်းက လှပပါတယ်။ မြို့ထဲမှာတော့ နိုင်လွန်ကတ္တရာခင်းထားတာ တွေ့ရပါတယ်။ သူ့ Resorts က မြို့ ရဲ့ ဟိုဖက်အထွက်က သစ်ပင်တွေ၊ တောင်တန်းတွေကြားမှာ။ ဘန်ဂလို (၁၀) လုံးလောက်ပဲ ပြီးစီးရုံရှိသေးပြီး ကျန်တာတွေက ဆောက်လက်စ တန်းလန်း။

ညစာစားချိန်ကြီးရောက်သွားတယ်ဆိုတော့ ဘာစားချင်လဲတဲ့။ ချင်းရိုးယာအစာ ဘာရှိလဲဆိုတော့ ‘’နွားနောက်သား’’ စားချင်လားတဲ့။ ကိုယ်ကြားဖူးတာက နွားနောက်က ရှားပါးသတ္တဝါ။ ဒါပေမယ့် အသေချာမေးကြည့်တော့ ဒီမှာ နွားနောက်မွေးတဲ့ခြံတွေအများကြီးရှိတယ်လို့သိရပါတယ်။ ဒါဆိုရင် ဘယ်ငြင်းလို့ကောင်းပါ့မလဲ။ ဒီလိုနဲ့ ချင်းတောင်ရောက်ပြီး (၃)ရက်မြောက်နေ့မှာ နွားနောက်သားစားဖူးခဲ့တယ်ဆိုပါတော့။ အိပ်ယာ ၀င်ချိန်မှာ သတိထားမိတာက ထန်တလန်ဟာ ဟားခါးလောက်မအေးဘူး။ ဟားခါးက အမြင့်ပေ (၆၁၂၀) ရှိပြီး ထန်တလန်က (၄၉၆၂) ပဲရှိလို့ ဟားခါးထက် အပူချိန်မြင့်ပါတယ်။ ဟားခါးမှာ ညဖက် (၁၀)လောက်ရှိချိန်မှာ ထန်တလန်မှာက (၁၄)လောက်ရှိပါတယ်။






ဒါပေမယ့်အနွေးပေးစက် သို့မဟုတ် ဥရောပစတိုင် ထင်းမီးဖိုတွေ (မီးခိုးတိုင်ပါတဲ့ မီးဖိုတွေ) က မပြီးသေး၊ ဆောက်လက်စဆိုတော့ မနက် အစောကြီး နိုးပြန်ပြီပေါ့။ ကင်မရာတလုံးလွယ်ပြီး လျောက်ငေးနေတုန်း ဒေါ်တင့်တင့်ရောက်လာပါတယ်။ ‘’သစ်ပင်တွေ ဒီလိုကျန်နေအောင်၊ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် ကိုယ်တိုင် ဘူဒိုဇာပေါ်ထိုင်ပြီး ကွပ်ကဲထားရတာလေ’’ ဆိုပြီး သူကပြောပါတယ်။ ဧရာဝတီမြစ်ဘေး၊ ရန္တာပိုရွာက ဟိုတယ်လိုပဲ Enviromental friendly ဖြစ်တဲ့ ဟိုတယ်တခုပေါ့။ အခန်းတွေကလည်း ရန္တာပိုက ဟိုတယ်လိုပဲ အပျံစား။ ရေချိုးခန်းမှာလည်း အီတလီကလာတဲ့ ပစ္စည်းအကောင်းစားတွေနဲ့။ ဘေးနှစ်ဖက်မှာ တောင်အမြင့်ကြီးနှစ်လုံးက ဟိုတယ်ကိုကာထားပေးပြီး ဟိုး ရှေ့ (တကယ်က အိန္ဒိယဖက်ထွက်တဲ့လမ်းမို့ အနောက်ဖက်လို့ ခေါ်သင့်ပါတယ်) လွင်ပြင်ထဲမှာတော့ တိမ်ပင်လယ်ကို လှမ်းမြင်နေရပါတယ်။

ဒီနေရာက VIP အဆောင်အတွက်၊ ဟို ရှေ့နားက ကွက်လပ်က ရေကူးကန်လုပ်မယ့်နေရာ၊ အဲဒီအပေါ်တောင်ကုန်းမှာက စားသောက် ဆိုင်ဖွင့်မှာ၊ အဲဒီဆိုင်ဘေးနားက ကွင်းပြင်က ကျောပိုးအိတ်သမားတွေ တည်းနိင်အောင် အခန်းတွဲ တည်းခိုဆောင်တွေ ဆောက်မှာတဲ့။ အခင်းအကျင်းက တကယ့်ဥရောပ ဒီဇိုင်း။ ဆွင်ဇလန် ဒီဇိုင်းလို့ ဟိုတယ်ပိုင် ရှင်ကပြောပါတယ်။ ဥရောသားတွေ၊ ဥရောပပြန် မြန်မာတွေ၊ ဥရောပအလွမ်းပြေ သွားဖို့ကောင်းတဲ့နေရာ တခုပေါ့။

ဒါပေမယ့် ခရီးက အဝေးကြီး။ အနီးဆုံးလေဆိပ် ကလေးမြို့ကနေတောင် (၆)နာရီလောက်မောင်းရတာ။ ပုဂံကနေဆို တနေကုန်။ ဒါပေမယ့် ဖလန်းလေဆိပ်ပြီးသွားရင် ရန်ကုန်ကနေတောင် (၆)နာရီလောက်အတွင်း သူ့ရဲ့ Htan Tlang Hill Resorts ဆီရောက်နိင်ပါတယ်လို့ ဒေါ်တင့်တင့်လွင်က ဆိုပါတယ်။ (ဖလန်းလေယာဉ် ကွင်းက မတ်လမှာ ဖွင့်မယ်လို့သတင်းတွေထွက်နေ)။ ရန်ကုန်မှာ အေးဆေးမနေပဲနဲ့ ဒီလောက်ဝေးတဲ့ တောထဲမှာ ဘာကြောင့်လာနေတာလဲဆိုပြီး မေးကြည့်တော့ ဒါလည်း Tourism ပေါ်မှာ ရူးသွပ်ခြင်းတမျိုးပါပဲလို့ ဒေါ်တင့်တင့်လွင်က ဖြေပါတယ်။



နတ်မတောင်မှာ ဟိုက်ဝေးလမ်းဖောက်သူများ


VIPေ‌နရာအပါဝင် ဒီပြင်ဆင်မှုတွေအားလုံးကို ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့၊ ချင်းပြည်နယ်နေ့အမီ ပြီးစီးအောင် ဆောင်ရွက်ရမယ် ဆိုပါတယ်။ ဟိုတယ်တင် မကပါဘူး။ ခုနကတွေ့ခဲ့ရတဲ့ ဂန့်ကောကနေ ဟားခါး၊ အခု ထန်တလန်အထိ လမ်းပြင်နေတာတွေအားလုံးဟာလည်း ဖေဖေါ်ဝါရီ (၂၀)မှာ ပြီးလိမ့်မယ်လို့ ဆိုပါတယ်။ ပြီးတော့ ထန်တလန်ဟာ လက်ရှိ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ မြို့နယ် (ဒုသမ္မတက Tikir တိခီး- ရွာကဖြစ် ပါတယ်) ဖြစ်တဲ့အပြင် ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ ဒေါက်တာရွှေခါးတို့၊ ဒေါက်တာဆလိုင်းလျှံမုန်းဆာခေါင်တို့လည်း ဒီမြို့နယ်သားတွေ ဖြစ်တယ် ဆိုပါတယ်။ တခါ တေးသံရှင် ဆုန်သင်းပါလ်လည်း ဒီမြို့ကဖြစ်ပြီး အခု ပူပူနွေးနွေဒ Myanmar Idol  မှာ ပထမ ရထားသူ အယ်စတာ ကတော့ ဟားခါးမြို့သူလို့ သိရပါတယ်။



အဲဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ ထန်တလန်မှာ ကိုယ်လည်ပတ်ခွင့်ရတဲ့အချိန်က နှစ်နာရီတောင် မပြည့်ဘူးရယ်။ မနေ့ည (၇)နာရီဝန်းကျင်ကရောက်ပြီး ဒီမနက် (၇)နာရီကျော်ကျော်မှာ ပြန်ထွက်လာရတယ်။ မြို အထွက် ဆိုင်းဘုတ်ရှိတဲ့ တောင်ကုန်းပေါ်ကနေ မြို့ကို ပြန်ကြည့်ရတဲ့ မြင်ကွင်းက သိပ်လှပါတယ်။ ဒီလိုလှပတဲ့ မြို့ဖြစ်တာကြောင့် ကိုးရီးယား-မြန်မာ ဖက်စပ်ရှပ်ရှင် ‘’တိမ်တွေပေါ်က ပန်း’’ -ကို ဒီမြို့မှာ လာရိုက်သွားတာဖြစ်မှာပေါ့။ ပြီးခဲ့တဲ့ရက်ပိုင်း Myanmar Idol ပြနေစဉ် ဒီရုပ်ရှင်ကြော်ညာ ခဏခဏ၀င်နေတာကို စာဖတ်သူတွေ သတိထားမိမှာပါ။ ဘာကြောင့်လဲဆို မင်းသားက ကျော်ထက်အောင် ဖြစ်နေတယ်မဟုတ်ပါလား။

ထန်တလန်-မင်းတပ် အပြန်လမ်းကတော့ လာလမ်းအတိုင်း လှည့်ပြန်လာတာဆိုတော့ ဘာမှ အထူးအထွေ ပြောစရာမရှိပါ။ မင်းတပ်မြို့လယ်မှာ ညစာစားတော့ လူဖြူနိုင်ငံခြားသား (၁၀)ဦးလောက်တွေ့ရပါတယ်။ တ ဆိုင်တည်းမှာ (၁၀)ဦးတွေ့တယ်ဆိုတာ နည်းတာမဟုတ်။ ဟားခါးမှာတောင် ဒီလိုမတွေ့မိဘူး။ ဒါမှမဟုတ် ဒီမြို့ မှာ အကောင်းဆုံးဆိုင်မို့ ရှိသမျှဧည့်သည်အားလုံး ဒီဆိုင်ထဲရောက်နေတာလည်းဖြစ်နိုင်ပါတယ်။ ဒီမြို့ဟာ အမြင့်ပေ တသောင်းကျော် (၁၀၂၀၀-ပေ) ရှိတဲ့ ဝိတိုရီယတောင် (ဒေသအခေါ် ခေါနုသုမ်၊ အစိုးရအခေါ် နတ်မတောင် )ကိုတက်ဖို့ တောင်ခြေစခန်းမြို့တခုမဟုတ်ပါလား။

မနက် (၅)နာရီခွဲလောက် အိပ်ယာကထပြီး တောင်ပေါ်တက်ဖို့ ပြင်နေတုန်း ကိုယ်တည်းနေတဲ့ တည်းခိုခန်းဆီ နိုင်ငံခြားသား လူငယ်နှစ်ဦးရောက်လာပါတယ်။ ဧရာမကျောပိုးအိပ်တွေကို ဒီမှာ အပ်ထားချင်လို့တဲ့။ ဟိုတယ် အခန်းယူတာမဟုတ်ပဲ ပစ္စည်းပဲအပ်တာဆိုတော့ အပ်ခနည်းနည်းပဲပေးရမှာပေါ့။ တည်းခိုခန်းမန်နေဂျာကတော့ ပြောပါတယ်။ ဒီကိုလာတဲ့ နိုင်ငံခြားသားအများစုက ကျောပိုးအိတ်သမားတွေဖြစ်ပြီး ဒီလိုပဲ အိတ်ကိုအပ်၊ လူက လမ်းလျောက်တက်။ ၂-၃ ရက်ကြာမှ ပြန်ရောက်လာလေ့ရှိတယ်တဲ့။ ဝိတိုရိယတောင်ကို ဘယ်လိုသိတာလဲဆိုပြီး စပ်စုမိတော့ ဂိုဂယ်ခေါက်လိုက်ရင် လူတိုင်းသိတယ်။ ဒီကနေဆို ဘယ်လမ်းကသွား၊ ဘယ်အချိန်စလျောက်ရင် တောင်ပေါ်ဘယ်အချိန်ရောက်တယ်။ လမ်းမှာ ဘာတွေရှိတယ်…စသဖြင့် ပြောသွားလိုက်တာ ကိုယ်တောင် ပါးစပ်အဟောင်းသား။

ဟုတ်တယ်လေ။ ကိုယ်တွေလည်း နိုင်ငံခြားမှာနေတုန်းကတော့ ခရီးတခုသွားမယ်ဆိုရင် ကြိုတင်လေ့လာ လေ့ရှိပေမယ့် အခု ပြည်တွင်းမှာတော့ ကိုယ်ပြည်ထဲကိုယ်သွားတာ ဘာလိုမလဲ၊ မသိရင်မေးတာပေါ့။ ပြီးတော့ လိုက်ပို့ပေးမယ့်လူကလည်းရှိနေတယ်မဟုတ်ပါလား။ ဒီတော့ ဘာမှကြိုတင် လေ့လာထားတာမရှိဘူး။ ဒေသခံတွေ ပြောသမျှကိုနားထောင်၊ ဆောင်းပါးရေးချိန်ကျလို့ မရှင်းတော့မှ တယ်လီဖုန်းနဲ့ပြန်မေး၊ ဂိုဂယ်ခေါက် ဒီလို အလွယ်နည်းနဲ့သွားနေတာ တနှစ်ကျော်နေပြီ။ တကယ်နည်းမှန်လမ်းမှန်က ခုနက နိုင်ငံခြားသား လူငယ်နှစ်ဦးလို ဖြစ်နေရမှာ။

မနက် (၈)နာရီလောက်မှာ ကားထွက်တော့ နောက်ထပ် အဖေါ်နှစ်ဦးပါ ထပ်ပါလာပါတယ်။ စကားတပြောပြောနဲ့ မင်းတပ်ကနေ လျှိုမြောင်တခုထဲဆင်း၊ အနိမ့်ဆုံးနေရာ (ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၂၄၀၀-ပဲကျန်) အထိဆင်ပြီးမှ နတ်မတောင်ကို စတက်ပါတယ်။ နတ်မတောင်ဆိုလို့ စာဖတ်ပရိသတ်တွေ ဘယ်လိုနားလည်ထားလဲမသိဘူး။ ကိုယ်ကတော့ နတ်တွေ မ-ထားတဲ့တောင်၊ ဧရာမတောင်ကြီးဆိုပြီး နားလည်ထားတာ။ ဒါပေမယ့် ချင်းမိတ်ဆွေတွေနဲ့ဆွေးနွေးကြည့်တော့ အဲလိုမဟုတ်ဘူး။ ‘’မှတ်တမ်းလုပ်တဲ့ အစိုးရအရာရှိတွေက လမ်းဘေးက လူတွေကိုသွားမေးတာကိုးဗျ။ ချင်းစကားကလည်း တချို့စကားလုံးတွေက အဓိပ္ပယ်နှစ်မျိုးထွက်တယ်လေ။ အဲဒါနဲ့  ခေါနုသုမ်ကို နတ်ထီးနတ်မ အငြင်းပွားပြီး နတ်မတောင်ဖြစ်သွားတာပေါ့’’ တဲ့။ ကိုယ်ထင်ထားတာနဲ့  တခြားစီ။





မင်းတပ်က ထွက်လာကတည်း ကတ္တရာလမ်းမရှိတော့ဘူး။ မြေနီလမ်း၊ ကျောက်ခင်းလမ်းသက်သက်။ ဒီလမ်း ကြမ်းကို မင်းတပ်-ကန်ပက်လမ်းလို့ခေါ်ပါတယ်။ မီနီဘတ်စ်တွေ ပြေးနေတယ်လို့ဆိုပါတယ်။ တောင်တ၀က်လောက်ရောက်တဲ့အထိတော့ မီနီဘတ်စ်တစီးမှမတွေ့မိပဲ ဆိုင်ကယ်တွေ၊ လေးဘီးယက်ကားတွေပဲတွေ့ပါတယ်။ ဘေးမဲ့တောင်ဆိုပေမယ့် အဲဒီလမ်းတလျောက်မှာ ရွာစဉ်က မပြတ်သလောက်ပါပဲ။ တချို့ရွာ တွေမှာဆို ရွာ အ၀င်-အထွက်မှာ ခြံတခါးတွေနဲ့။ ဘေးမဲ့တောလို သစ်ပင်ကြီးတွေရှိတဲ့နေရာမှာလည်း ကားလမ်းပေါ် ခြံတံခါးလိုမျိုးတွေ့လို့မေးကြည့်တော့ အဲဒီတောထဲမှာ နွားနောက်တွေ မွေးထားတာရှိတယ်။ ဒီကောင်တွေ အပြင်မထွက်အောင် ဒီလိုခြံကားထားတယ်လို့ဆိုပါတယ်။

တောထဲက နွားနောက်ကိုမြင်ခွင့်မရလိုက်ပါဘူး။ ရွာထဲက နွားနောက်ပေါက်စလေးနှစ်ကောင်ပဲ မြင်ခွင့်ရပါ တယ်။ နွားနောက်မွေးရတာမခက်ဘူး။ တောထဲမှာ ဒီတိုင်းပစ်ထားပြီး တပတ်တခါ ဆားချပေးရုံနဲ့ရတယ်လို့ ဆိုပါတယ်။ (နွားနောက်စားဖို့ တောတွင်းမြက်ခင်းတော့ လိုမယ်ထင်ပါတယ်)။ သစ်ပင်ကြီးတွေကို ကြည့်ရင်း၊ တောင်အောက်က တိမ်တိုက်တွေကိုငေးရင်း၊ နွားနောက်အကြောင်းပြောရင်းနဲ့ မီနစ် (၉၀)ခန့်အကြာမှာ နတ်မတောင်ခြေစခန်းကို ကျနော်တို့ကားရောက်လာပါတယ်။

ပေတသောင်းကျော်မြင့်တဲ့ ဝိတိုရိယတောင်၊ အထင်ကရဘေးမဲ့တောဆိုတော့ တောကြီးမျက်မဲထဲမှာ တကယ့် သဘာဝအတိုင်းရှိနေမယ်လို့ထင်ထားခဲ့တာပါ။ တကယ်တန်းတောင်ခြေလည်းရောက်ရော။ ဟိုက်ဝေးလမ်းသစ်တခုလို တော်ဖြိုပြီးဖောက်ထားတဲ့ ဧရာမလမ်းမကြီးကိုတွေ့မိတော့ အတော်စိတ်ပျက်သွားမိပါတယ်။ အမတ်ကြီးကတော့ ပြောပါတယ်။ တောင်ပေါ်တက်ဖို့ဖောက်ထားတာမဟုတ်ဘူး။ နတ်မတောင်ရဲ့ ဟိုဖက်မှာရွာတွေရှိသေးတဲ့အတွက် အဲဒီရွာတွေကိုသွားဖို့ လမ်းဖောက်ထားတာလို့ဆိုပါတယ်။ ဒါပေမယ့် အခင်းအကျင်းက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတဦးအနေနဲ့ ဘယ်လိုမှ ခံစားချက်မကောင်းနိုင်။

တောင်တက်ဂိတ်ရဲ့ ဒီဖက်နားမှာတော့ တောင်ပေါ်ပြေးဆွဲတဲ့ မော်တော်ဆိုင်ကယ်တွေအများကြီး။ ဒီနေရာဟာ မင်းတပ်နဲ့ ကန်ပက်လက်ကလာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေဆုံတဲ့နေရာ၊ နတ်မတောင် တောင်ခြေစခန်းပေါ့။ အပေါ်ကို ကားတက်ခွင့်မရှိ။ လမ်းမလျောက်ချင်ရင် မော်တော်ဆိုင်ကယ်ကိုငှားစီးလို့ရပါတယ်။ ဒါပေမယ့် သိတယ်မို့လား။ ကိုယ်တွေက VIP လေ။ ချင်းပြည်နယ်လွှတ်တော်ဆိုတဲ့ စာတန်းကြီးကပ်ထားတဲ့ လေးဘီးယက် အထူးကားကြီးနဲ့ဆိုတော့ တက်ခွင့်ရတာပေါ့။ ခုနကမြင်နေရတဲ့ အသဲခွဲ ဧရာမမြေနီလမ်းအဆုံးမှာတော့ လျောက်လမ်းလေးက ကျဉ်းကျဉ်းလေး။ မော်တော်ဆိုင်ကယ် နှစ်စီးလွဲလို့ လွတ်ရုံလေး။ ကိုယ်တွေက ဖိုးဝီးကား ကြီးနဲ့ဝင်လာတယ်ဆိုတော့ ဆိုင်ကယ်သမားတွေ၊ လမ်းလျောက်သူတွေရဲ့ မေတ္တာပို့ခြင်းကိုတော့ နည်းနည်းခံရတာပေါ့။

ရောက်ပါပြီ ဟိုမှာ နတ်မတောင်ထိပ်။ ကျိုက်ထီးရိုးကိုတက်သလိုပါပဲ။ ကိုယ်တွေက သဘာဝအတိုင်း လမ်း လျောက် တောတိုးချင်သူဖြစ်ပေမယ့် ဒေသခံအများစုက တောင်ထိပ်အထိ ကားလမ်းဖောက်ချင်သူတွေ။ သဘာဝအလှကို သစ်ပင်ခြေရင်းကနေ စတင်မခံစားပဲ သစ်ပင်ထိပ်ဖျားဆီ လှေကားထောင် လစ်စင်ထိုးပြီး တက်ထိုင်ချင်သူတွေ များနေတဲ့သဘောများလား။ ဘာမှမတတ်နိုင်။ ဥရောပမှာတွေ့ဖူးတဲ့ သဘာဝဘေးမဲ့တောတွေနဲ့ လာပြီးနှိုင်းယှဉ်နေလို့မဖြစ်။ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီတောင်ရှိနေမှတော့ မြန်မာ့နည်းမြန်မာ့ဟန် ဘေးမဲ့တောရှိနေတာ ဘာဆန်းမလဲ။

လမ်းခရီးမှာ အမြင်မတော်တာတွေထားလိုက်တော့။ ပေ တသောင်းကျော်ရှိတဲ့တောင်ထိပ်မှာတော့ သဘာဝအတိုင်း ရှိဦးမယ်လို့ပဲထင်ထားခဲ့တာပါ။ ဒါပေမယ့် အဲဒီလိုမဟုတ် တောင်ရဲ့ဟိုဖက်ထိပ်မှာ စေတီတဆူ။ တောင်ရဲ့ဒီဖက်ထိပ်မှာ ရုပ်ပွားတော်တဆူနဲ့။ သဘာဝဘေးမဲ့တောလား။ ဘာသာရေးနယ်မြေလား။ သိပ်မကွဲပြားလှချေဘူး။ ဘာတတ်နိင်မှာလဲ၊ သူ့အရပ်နဲ့ သူ့ဇတ်ဖြစ်နေတဲ့ဒေသမှာ ကိုယ်က လူတတ်ကြီးသွားလုပ်ပြီး ၀င်ပြောမိရင် အရိုက်တောင်ခံနေရဦးမယ်။ ဒါဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ပကတိ အရှိတရားပါပဲ။

အနှစ်ချုပ်လိုက်ရင်တော့ ပေတသောင်းကျော်မြင့်တဲ့ ဝိတိုရီယတောင်ထိပ်ရောက်ရင် သဘာဝအလှတွေကို တ၀ကြီးခံစားမယ်လို့ ကြိုတင်မျှော်မှန်းချက်ဟာ (၅၀) ရာနှုန်းလောက်လွဲခဲ့တယ်ဆိုပါတော့။ ကျန်တဲ့ (၅၀)ရာနှုန်းကိုတော့ အပြည့်အ၀ခံစားမှဆိုပြီး ရှိသမျှသစ်ပင်ကြီးတွေ၊ ဟိုးအဝေးမှာမြင်နေရတဲ့ တောင်ပြာတန်းအဆင့်ဆင့်တွကေို ဓာတ်ပုံရိုက်ပေါ့။ ‘’ဒီအချိန်က နည်းနည်းစောသေးတယ်ဗျ။ ခရစ်စမတ်အချိန်မှ လှတာ။ အဲဒီအချိန်ဆို တောင်ဇလပ်တွေလည်းပွင့်ပြီ်။ ချယ်ရီတွေလည်းပွင့်ပြီ။ ဒီမှာတွေ့လား တောင်ဇလပ်က သုံးမျိုးလောက်ရှိတယ်’’ ဆိုပြီး အမတ်ကြီးက ရှင်းပြပါတယ်။ (ကျနော်ရောက်သွားတဲ့အချိန်က ဒီဇင်ဘာလ တရက်နေ့)


ကန်ပက်လက်မှ မန္တလေးသို့


စိတ်ပျက်ခြင်းအနည်းငယ်နဲ့အတူ တောင်ပေါ်ကပြန်ဆင်းလာတဲ့ ဘိလပ်ပြန်မောင်သောင်းဘေဟာ တောင်ခြေမြို့လေး ကန်ပက်လက်မှာတော့ တညအိပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ မဆုံးဖြတ်လို့မရ။ လိုက်ပို့သူတွေ က ကန်ပက်လက်ကနေ မင်းတပ်ကိုပြန်မှာ။ ကန်ပက်လက်ရောက်ချိန်က နေ့လည် ၂ နာရီလောက်ရှိနေပြီ ဆိုတော့ မြေပြန်ကိုပြန်ဆင်းတဲ့ မီနီဘတ်စ်တွေက မရှိတော့ဘူး။ လောလောဆယ်တော့ ဗိုက်ဆာပြီ။ ချင်းရိုဒယာ စားစရာရတဲ့ဆိုင်သွားရအောင်ဆိုတော့ မြို့လယ်က မေမြို့ဆိုင်ဆီရောက်လာပါတယ်။




နွားနောက်သားကြော်၊ ၀က်ပြာဟင်းနဲ့ ၀က်ပြာဟင်းချိုတွေ မှာလိုက်ပါတယ်။ ခေါင်ရည်တော့မရှိဘူး။ ဒေသထွက် ပင်စိမ်းသီး ၀ိုင် သောက်ကြည့်ပါလားတဲ့။ ဆိုင်ရှင် ဇနီးမောင်နှံက အတော်သဘောကောင်းပါတယ်။ ကျနော်တို့ဘေးနားမှာ ဂျပန်ဓာတ်ပုံဆရာ (၅) ဦးနဲ့ ဂိုက် (၃) ဦးလောက်လည်း ထိုင်စားနေတာတွေ့ရလို့ ဒီဆိုင်ဟာ ဒီမြို့မှာ နာမည်ရထားတာသေချာတယ်။ စားနေရင်းမှာကို မန်းလေးကနေ ရောက်လာတဲ့ မီနီဘတ်စ် နှစ်စီးက ဒီဆိုင်ရှေ့မှာရပ်ပြီး ၀င်လာစားတာတွေ့မိပါသေးတယ်။

အဲ...ချင်းရိုးယာ စားစရာတွေထဲမှာ နွားနောက်သားအကြောင်း ထန်တလန်မှာတုန်းက နည်းနည်းပြောထားပြီးပြီ။ အဲတုန်းက ပုံမှန်အသားဟင်း။ ဒီမှာက ပြာဟင်းတဲ့။ မီးဖိုထဲက ပြာကိုယူပြီးချက်တာလားဆိုပြီး ကျနော် ကမေးတော့ ချင်းအမတ်ကြီးနဲ့ ဆိုင်ရှင်က အသံထွက်အောင် ရယ်ပါတယ်။ စပယ်ရှယ်လုပ်ထားတဲ့ စတိ သဘောပြာရှိတယ်ဆိုပါတယ်။ မီးဖိုထဲက ပြာကိုယူပြီးချက်ရင် သူ့ဆိုင်မှာ ဘယ်သူက လာစားတော့မှာလဲတဲ့...။ အင်း...ဘာပြောပြော ချင်းတောင်ခရီး (၅)ရက်မှာ နောက်ဆုံးနေ့ကျမှပဲ ချင်းရိုးယာအစာ စားခွင့်ရ ပေါတော့တယ်။

(ဒီလောက်ကောင်းတဲ့ ချင်းစာတွေ ရန်ကုန်မှာ မတွေ့ရသေးဘူး။ ရှမ်းစာ၊ ကချင်စာ၊ ကိုးကန့်စာ၊ မွန်စာအနည်းအကျဉ်းတွေ့ရပေမယ့် ချင်းစာ၊ ကယန်းစာ၊ ကရင်စာတွေ ရန်ကုန်မှာ မတွေ့မိသေးပါဘူး။ နောက်တချက် ထူးခြားတာက ချင်းတောင်မှာ နိင်ငံခြားအစားအသောက် လွှမ်းမိုးမှုမရှိသေးတာ။ ဥပမာ ကျနော်တို့ ကရင်၊ မွန်၊ တနသာင်္ဖက်ဆို ဘယ်နေရာသွားသွား၊ ထိုင်းအစားစာရတယ်။ ရှမ်ပြည်နယ်တောင်ပိုင်းမှာလည်း အဲလိုပါပဲ။ ရှမ်းမြောက်နဲ့ ကချင်ဖက်တော့ တရုတ်အစာလွှမ်းမယ်ထင်ပါတယ်။ ချင်းတောင်က အိန္ဒိယနဲ့ ဒီလောက် နီးနေပေမယ့် အိန္ဒိယအစားအစာကို မတွေ့မိဘူး။)။




စားပြီးသောက်ပြီးတော့ (၃)နာရီလောက်ရှိနေပြီ။ ဟိုတယ်တခုဆီ ပို့ပေးထားခဲ့ပါဆိုတော့ အကောင်းဆုံး ဟိုတယ်တွေက ခုနက တောင်ပေါ်ကအဆင်း ကန်ပက်လက်မြို့အ၀င်မှာတွေ့ရတဲ့ ဟိုတယ်ဇုန်မှာတဲ့။ အဲဒီဇုန်မှာ မြင်မိတဲ့ ဟိုတယ်တွေက အတော်ကောင်းပါတယ်။ ဈေးလည်းမြောက်မယ့်ပုံပါပဲ။ မြို့ထဲနဲ့လည်း ၃ မိုင်လောက် ဝေးတယ်ဆိုတော့ အဲဒီအထိတော့ ပြန်မသွားတော့ပါဘူး။ VIP ဧည့်သည်ဘ၀ကနေ ကျောပိုးအိတ်ခရီးသွား ဘ၀ဆီပြန်ရောက်ပြီဆိုတာကို သတိပေးတဲ့အနေနဲ့ တညမှ (၈) ထောင်သာပေးရတဲ့ တောင်ဇလပ် တည်းခိုခန်းမှာပဲ စခန်းချလိုက်ပါတယ်။

တည်းခိုခန်းပိုင်ရှင်ကလည်း သဘောကောင်းသလားမမေးနဲ့။ ဒီည လူသိပ်မရှိဘူး။ သုံးယောက်ခန်းကို ယူထားလိုက်ပါတဲ့။ ဒါပေမယ့် ည (၉ )နာရီလောက်ကျမှ ဆိုင်ကယ်သမားတွေ ဒါဇင်နဲ့ချီပြီးရောက်လာတော့ သူ့ ခမျာ ကိုယ့်ကိုအခန်းပြောင်းခိုင်းဖို့ အားနာနေပုံရပါတယ်။ ရေချိုးခန်း၊ အိမ်သာက အပြင်မှာ တွဲသုံးရတာမို့ နည်းနည်း ကသိကအောင့်ဖြစ်တာကလွဲရင် ဒီဈေးနဲ့သိပ်တန်တဲ့နေရာပေါ့။ ဆိုင်ကယ်အကောင်းစားတွေစီးပြီး အုပ်စုလိုက်ရောက်လာကြတဲ့ လူငယ်တွေကလည်း စိတ်ဝင်စားစရာပါပဲ။

ကန်ပက်လက်မှာတည်းပြီး နတ်မတောင်ကို ပြန်ငေးမယ်လို့ စိတ်ကူးထားပေမယ့် တကယ်က အဲဒီလို မြင်ခွင့်မရ။ တောင်ပေါ်ကနေ တောင်အောက်ကိုမြင့်ခွင့်ရပေမယ့် တောင်အောက်ကနေ တောင်ပေါ်ကို ပြန်မြင်ခွင့် မရ။ ဘာကြောင့်လဲဆို ကန်ပက်လက်တမြို့ လုံးမြူတွေဆိုင်းပြီး အမြင့်ကို ဘာမှမမြင်ရပါ။ မြို့ထဲမှာ လယ်စရာ ဘာရှိလဲဆိုတော့ နှာခေါင်းနဲ့ ပုလွေမှုတ်တာ၊ မျက်နှာမှာ တာတူးထိုးတာတွေရှိတယ်တဲ့။ အဲဒီနေရာဆီ သွား ကြည့်တော့ ချင်းအမျိးသမီးကြီး နှစ်ယောက်တည်းရယ်။ ဒီနေ့လူငယ်တွေက မျက်နှာမှာ တာတူးထိုးတာ (ဒါက အလွယ်ခေါ်တာ။ တရားဝင်အမည်က ပါးရဲ ) မလုပ်တော့ပါဘူး။

မနက်ဖန်မနက် ပခုက္ကူပြန်ဆင်းမယ်ဆိုပြီး မီနီဘတ်စ် လက်မှတ်သွားဝယ်ရင်းနဲ့ ပုဂံတိုက်ရိုက်ကားရှိလား။ တခြားဘယ်မြို့တွေကိုရှိသေးလဲဆိုပြီး စပ်စုမိတာ ကန်ပက်လက်-မန္တလေး မီနီဘတ်စ်ရှိတယ်တဲ့။ wow ထင် မထားပါဘူး။ အိုကေ ပေါ့။ အသွား-အပြန် ပုဂံချည်းဝင်နေတာ ဘာလုပ်မှာလဲ။ မန်းလေးဖက် ရွေးမှာပေါ့။ ကားခက တသောင်းခွဲ။ မနက် (၈) နာရီကနေ ညနေ (၅)နာရီလောက်အထိ တနေကုန်စီးရမှာတဲ့။ ရပါတယ် ပေါ့။ ရောက်ပြီးသားနေရာကိုထပ်သွားတာနဲ့စာရင် မရောက်ဖူးသေးတဲ့ လမ်းသစ်ကို ရွေးရမှာပေါ့။

မနက် (၈)နာရီ စထွက်လာတော့ ပထမဆုံးတွေ့ရတဲ့မြို့က ဆော။ မကွေးတိုင်းထဲရောက်ပြီပေါ့။ ပြီးတော့ အရင်နေ့တွေက သုံးခါလောက်ဖြတ်ထားပြီးဖြစ်တဲ့ ကျောက်ထု။ နောက်တခါ ပေါက်။ ဒီအထိက အသွားခရီး တုန်းက ရောက်ထားပြီးသားနေရာတွေ။ ပေါက်ကအထွက်မှာတော့ ပခုက္ကူဖက်ကိုမဆင်းတော့ပဲ မြိုင် ဖက် လမ်းကိုရွေးလိုက်ပါတယ်။ ပြီးတော့ လင်းကတော်၊ မအူ၊ ချောင်းဦးတဲ့။ ချောင်းဦးကလွဲရင် ကျန်မြို့တွေ တခါမှ မကြားဖူးဘူး။ ကားကလည်း ပေါက်မြို့မှာ ထမင်းစားဖို့ရပ်ပြီးကတည်းက လမ်းတလျောက် မရပ်တော့ပဲ အသားကုန်မောင်းပါတယ်။ ကိုယ်ကလည်း လမ်းတလျောက်ကို အမိအရငေးပါတယ်။ ကျန်ခရီးသည်တွေက တော့ သွားနေကြလမ်းဖြစ်မယ်။ အားလုံး အေးဆေး ငိုက်မျည်းလို့။

ချောင်းဦးနဲ့ မြင်းမူကြားလမ်းက အတော့်ကိုကောင်းပါတယ်။ ဒါပေမယ့် ကားက မြိ့ထဲဝင်တာမဟုတ်။ မြိ့ပြင်ကနေ ဖြတ်မောင်းလာတာ။ အဲ...အခုက စစ်ကိုင်းတိုင်းထဲရောက်နေပြီ။ ခုနက ပထမ မြို့ ကန်ပက်လက်က ချင်းပြည်နယ်။ ဆောကနေ မြိုင်၊ ပြီးတော့ မအူလို့ထင်တယ်၊ အထိက မကွေးတိုင်း။ မအူကနေ ဧရာဝတီမြစ် ကူးတံတားကိုဖြတ်ပြီးတာနဲ့ အခု စစ်ကိုင်းတိုင်းထဲရောက်နေပြီ။ သိပ်မကြာခင်မှာ ရွာသစ်ကြီး ဖွံဖြိုးရေးတက္က သိုလ်သို့ ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့ပါတယ်။ ပြီးတော့ စစ်ကိုင်းကောင်းမှုတော်။ ကောင်းမှုတော်က ထုံးသားအတိ ပြန်ဖြစ်နေပါပြီ။

အဲဒီနောက် စစ်ကိုင်းတံတားကိုဖြတ်၊ မန္တလေးကိုဝင်ပေါ့။ ခရီးစဉ်ကို ချင်းပြည်နယ်ဆိုပြီးတပ်ထားပေမယ့် ရန်ကုန်ကနေ ပြန်တွက်ရင် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ပြီးတော့ မကွေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ အခု မန္တလေးဆိုတော့ (၆) ပြည်နယ်လောက် ရောက်ဖူးသွားတာပေါ့။ မန်းလေးရောက်တော့ ဘယ်မှာ တည်းမှာလဲ။ ဘယ်သူ့ကိုမှလည်း ကြိုပြောမထားတော့ သင့်တင့်လျောက်ပတ်တဲ့နေရာတခုပေါ့။ မန်းလေးမှာ တညအိပ်တုန်း မန်းလေးကျုံးလေးတော့ မြင်ရမှဆိုပြီး ဂိုဂယ်ခေါက်လိုက်တာ ပုဂံထက်တောင် ဈေးကြီးတဲ့ ဟိုတယ်တွေ။ ကျုံးအရှေ့ဖက်ဆို (၈)သောင်းကအနည်းဆုံး။ မြောက်ဖက်မှာတော့ တ၀က်ဈေးလောက်နဲ့ ရမယ်တဲ့။ အင်း...ကျုံးမြင်ရရင် ပြီးရောဆိုပြီး ရတဲ့နေရာရွေလိုက်တာ မြောက်ပြင်ကိုရောက်သွားလေရဲ့။

မန်းလေးမှာက ချင်းတောင်လို သဘာဝအလှ သိပ်ရှိတာမဟုတ်။ ပြီးတော့ ပုဂံလိုလဲ အီးဘိုက်တစီးနဲ့ သွားလယ်ဖို့စေတီတွေက သိပ်ရှိမနေပြန်ဘူး။။ ဒါဖြင့် မင်းက မန်းလေးမှာ ဘာလာလုပ်တာလဲ။ ရန်ကုန်မပြန်ခင် အချိန်တရက်ပိုနေလို့ လမ်းကြုံဝင်လာတာထက် ဘာမှမပို။ ဒါပေမယ့် ရောက်တုန်းရောက်ခိုက် မိတ်ဟောင်း ဆွေ ဟောင်းတွေနဲ့ တွေ့မယ်ပေါ့။ မိတ်ဟောင်းဆိုလို့ များများစားစားမရှိ။ စာရေးဆရာအချို့၊ မိုးထဲရေထဲကာလက  NLD ပါတီဝင်အချို့။ ပြီးတော့ မန်းလေးက စက်ဘီးမြို့တော်လေ။ (၁၉၈၈) ၀န်းကျင်က ပြိုင်ဖက် စက်ဘီးသမား ဟောင်းတွေနဲ့ မတွေ့လို့ ဘယ်ဖြစ်မလဲ။

ဒီလိုနဲ့ မန်းလေးရောက်ရင် သု့စက်ဘီးဆိုင်ကို မဖြစ် ဖြစ်အောင်လာပါလို့ ဖိတ်ခေါ်ထားတဲ့ ကိုဖိုးစွံ ကို ဆက်သွယ်ရပါတယ်။ ဒါပေမယ့် သူက ညပွဲများသွားလို့ မနက်စောစောမထနိုင်။ ဟိုတယ်မှာကလည်း ဆိုင်ကယ် ပဲငှားလို့ရပြီး စက်ဘီးက (ခပ်ကောင်းကောင်း) မရှိ။ ဒီတော့ မနက်အစောကြိး (၅) ခွဲလောက်မှာထပြီး ကျုံး တပတ် (မြောက်ဖက်နဲ့ အရှေ့ဖက်) လျောက်ငေးပေါ့။ များလိုက်တဲ့ စက်ဘီးသမားတွေ။ ပြိုင်ဘီးထက် မောင်းတိန်းက ပိုများပါတယ်။ လမ်းလျောက်တဲ့လူတွေကလည်း မနည်းလှဘူး။ မန်းလေးက လူတွေက တကယ် လှုပ်လှုပ်ရှားရှားရှိတာပဲ (တကယ်က ရန်ကုန်မှာလည်း ဒါမျိုးရှိတယ်ဆိုပါတယ်။ စာရေးသူက (၅) ခွဲတခါမှ မထတဲ့အပြင် ကန်တော်ကြီးဖက်၊ အင်းယားဖက် မနက်စောစောတခါမှ မရောက်လို့ ဒါမျိုးတွေ မမြင်သေးတာ ဖြစ်ဟုသိရ)။

နေ့လည်ဖက်မှာတော့ တပ်ဝင်းထဲက နန်းမြို့ရိုးဆီ ၀င်လယ်ပါတယ်။ (မန်းလေးသားတွေက နန်းမြို့ထဲက တပ်လို့ခေါ်ကြပေမယ့် အဝေးကလာသူတဦးအမြင်မှာတော့ တပ်ဝင်းထဲက နန်းတော်ဆို ပုံမှန်မယ်ထင် ပါတယ်)။ ပြီးတော့ ကျွန်းသားအတိနဲ့ ဆောက်ထားတဲ့ ရွှေကျောင်းပေါ့။ ညနေပိုင်းမှာတော့ ဦးပိန်တံတားဖက် သွားဖြစ်ပါတယ်။ ထူးခြားတာက အရင် (၂၀၁၃ ခုနှစ်တုန်းက) အခေါက်ရောက်စဉ်က သွားခဲ့ဖူးတဲ့ ထိုင်း ဘုရင် အုတ်ဂူနေရာက လုံးဝပြောင်းလဲသွားပါတယ်။ မှတ်တောင် မမှတ်မိပါဘူး။ အဲဒီဂူရှေ့မှာ စည်-ပင် ရုံးကြီးတခု လာဆောက်ထားလို့ ထိုင်းဘုရင် အုတ်ဂူကို မြင်ရဖို့ မလွယ်တော့ပါဘူး။ ထိုင်းသံတမန်တွေ၊ ထိုင်းခရီးသွား တွေ ဒီလောက်အလာများနေတဲ့နေရာမှာ ဘာကြောင့် စည်-ပင် ရုံးကြီး ပိတ်ဆောက်လိုက်တာလဲ။ မန်းလေးက လုငယ်စာရေးဆရာတွေကိုမေးကြည့်တော့ စည်-ပင်ကိုသာ ပေးပါလို့ အကြံပေးကြပါတယ်။ ဘာကြောင့် လဲဆို မန်းလေးသားတွေကြားမှာလည်း ဒီကိစ္စက အခုထိ အငြင်းပွားနေဆဲ ကိစ္စဖြစ်နေလို့ပါတဲ့။




အဲဒီက ပြန်အထွက်မှာတော့ ဦးပိန်တံတားပေါ့။ သူကတော့ အရင်တခေါက်ထက် ဘာမှ ထူးပြီးပြောင်းနေတာမတွေ့မိပါဘူး။ ဒါပေမယ့် တရုတ်ခရီးသွားတွေ အတော်များလာတယ်။ တရုတ် သီးသန့်ဆိုင်တွေရှိလာ တယ်ဆိုပြီး ကျနော့်ကိုလိုက်ပိုတဲ့ မန်လေးက လူငယ်စာရေးဆရာတွေကပြောပါတယ်။ ဟုတ်လို့လား ဆိုပြီး မေးခွန်းထုတ်တော့ တရုတ်များသာ (သံဃာင်္တော်များသာ ဆိုတဲ့ စတိုလ်မျိုး) ဆိုတဲ့ ဆိုင်ကို တံတားရဲ့ အပေါ် ဖက်နားမှာတွေ့ရပါတယ်။ မြန်မာတွေ ၀င်စားရင် ဆိုင်က လက်မခံဘူးလို့ သူတို့က အခိုင်အမာပြောနေပေမယ့် အချိန်မရလို့ ၀င်မစမ်းဖြစ်လိုက်ပါဘူး။

နောက်တနေ့မနက်မှာတော့ စက်ဘီးစီးခြင်းကို လက်လွတ်ခံလို့မဖြစ်တော့ပါ။ ကိုဖိုးစွံ ချိတ်ပေးတဲ့ လူငယ် တဦးက စက်ဘီး နှစ်စီးယူလာပြီး မနက် (၅)ခွဲမှာ ဟိုတယ်ရှေရောက်လာပါတယ်။ သူ့အတွက် ဘီးက အလူမီနီယံ။ ကိုယ့်အတွက်က ကာဘွန်ဘီး။ ဈေးတော့ မမေးဖြစ်လိုက်ဘူး။ ကိုဖိုးစွံ ဆိုင်မှာတင်ထားတဲ့ ဈေးအရဆို (၁၀)သိန်းအထက်မှာရှိတာ သေချာတယ်။ မန်းလေးမှာက အပျော်စီးသူတွေတောင် သိန်း (၅၀)ကျော်တန်တွေ စီးနေကြတယ်မဟုတ်လား။

တနာရီ ကီလို (၃၀)နှုန်းလောက်နဲ့ မန်းလေးကျုံးကို နှစ်ပတ် ပတ်လိုက်တော့ လူက နည်းနည်း ဘ၀င်မြင့်လာ တယ်။ အများကြီးကျန်ပါသေးတယ်ပေါ့။ မန်းလေး အား-ကာ သိပ်ပံ ပြိုင်ဘီးသမားအုပ်စုကလွဲရင် ကျန်အဖွဲ့ တွေအားလုံးကို ကိုယ်တွေက ဖြတ်ထားနိင်ခဲ့တယ် မဟုတ်ပါလား။ အာ့ ဆို မန်းလေး တောင်ပေါ်တက်မယ် တဲ့။ ကိုယ့်ကိုဦးဆောင်နေတဲ့ စက်ဘီးသမားကပြောပါတယ်။ လုပ်လိုက်လေ။ အခုမှ မနက် (၆)နာရီပဲ ရှိသေး တာပဲ။ ဒါပေမယ့် ကိုယ့်ဆရာက ကားလမ်းအတိုင်း တက်တာမဟုတ်။ ဖြတ်လမ်းကနေ တက်တာ။

အဓိပယ်က ပိုပြီးမတ်စောင့်တာပေါ့။ တချို့နေရာတွေဆို ၂၀% တောင်ရှိမယ်ထင်ပါတယ်။ ဟန် ကိုယ်ဖို့ ဆိုပြီး ဂီယာအမျိုးမျိုးချိန်းကာ ကြိုးစားခဲ့ပေမယ့် တောင်ထိပ်မရောက်ခင် နောက်ဆုံးကုန်းမှာ ဆင်းတွန်းလိုက်ရပါ တယ်။ စက်ဘီးသမားတွေ၊ လမ်းလျောက်သူတွေ အများကြီးကြားမှာ နည်းနည်းတော့ ရှက်မိသလိုလို။ ဒါပေမယ့် ကိုယ့်အခြေအနေက (၁၉၈၈) တုန်းကလို အသက်(၂၀)ကျော်မဟုတ်တော့ဘူးလေ။ တောင်ထိပ်ရောက်တော့ ကိုယ့်အရင်ရောက်နေတဲ့ စက်ဘိးသမားတွေက အများကြီး။ အဲဒီအချိန်က မန်းလေးမှာ တခွန်စိုက်ပွဲရှိလို့ စက်ဘီးသမားအတော်များများက လေ့ကျင့်ရေးဆင်းနေကြတာ။ ကိုယ့်ကို ဦးဆောင်စီးခဲ့သူက အဲဒီတခွန်စိုက်ပွဲမှာ ရွှေတံဆိပ်ရသွားတယ်ဆိုတာကို သိရတော့မှာ သူနဲ့ကိုယ် အသက် တ၀က်လောက် ကွာနေတာကို သတိထားမိခဲ့ပေါ့။




မနက်စာ စားပြီးချိန်မှာတော့ မေမြို့ကိုသွားဖို့ပြင်ပါတယ်။ ဘာကြောင့်လဲဆို ရန်ကုန်ပြန်မယ့် လေယာဉ်က ညနေမှဆိုတော့ တနေကုန် ဘာမှလုပ်စရာမရှိ။ နောက်မေမြို့ကို နောက်ဆုံးရောက်ဖူးတာ (၁၉၈၅) ဆိုတော့ မရောက်တာ (၃၅)နှစ်လောက်ရှိနေပြီ။ ဘာနဲ့သွားရင်ကောင်းမလဲ။ ကားစင်းလုံးဖြတ်ငှားရင် (၈)သောင်း။ လူပြည့်မှထွက်တဲ့ တက္ကစီကိုစီးရင် (၄၅၀၀) တဲ့။ ကွာလိုက်တဲ့ဈေး။ ဒုတိယ နည်းကိုရွေးတာပေါ့။ မေမြိုသွားတဲ့လူကများတော့ (၄)ယောက်ပြည့်ဖို့ မီနစ် (၃၀)တောင် မစောင့်လိုက်ရပါ။

wow မေမြို့က အကြီးကြီးပြောင်းသွားပြီ။ လွန်ခဲ့တဲ့ နှစ် (၃၀)ကျော်က အခြေအနေနဲ့ ဘာမှမဆိုင်။ (၆)လမ်း မောင်း (နေရာအတော်များများမှာတော့ ၄ လမ်းမောင်း) လမ်းကြီးက ဖြူးလို့။ (၂၁)မိုင်ကိုတောင် ဘယ်လိုရောက်သွားမှန်းမသိ။ ခြောက်ထပ်ကွေ့တွေ၊ ခုနှစ်ထပ်ကွေ့တွေလည်း ဘယ်နားရောက်ကုန်မှန်းမသိ။ ဟိုရပ် ဒီဝင် သွားတဲ့ ကားနဲ့သွားတာတောင် တနာရီမပြည့်ခင် မေမြု့ရောက်သွားပါတယ်။ ရုက္ခဗေဒ ဥယျာဉ်က သိပ် မပြောင်းလဲ။ အသစ်ပေါ်လာတဲ့ မြို့ရှောင်လမ်းက ထင်းရူးပင်တန်းကတော့ မိုက်တယ်။ ဓာတ်ပုံရိုက်သူ များ လွန်းလို့ ကိုယ်အလှည့်ရဖို့ အချိန်ပေးစောင့်ခဲ့ရ။

မေမြို့မှာရတဲ့အချိန်က (၃)နာရီလောက်ပဲရှိမယ်။ လူပြည့်မှထွက်တဲ့ တက္ကစီနဲ့လိုက်ရမယ်ဆိုတော့ စောစော ပြန်ဆင်းမှ။ နိ့မို့ လေယဉ်နောက်ကျသွားနိင်တယ် မဟုတ်ပါလား။ ဒီလိုနဲ့ (၁၀)ရက်တာ ဟောလီးဒေးဟာ ပုဂံကနေ စတင်တာထွက်ပြီး ချင်းတောင်ကိုပတ်ကာ မေမြို့ကတဆင့် မန်းလေးမှာ ပန်းဝင်ခဲ့တယ်ဆိုပါတော့။.  ။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More