Sunday, January 19, 2020

နတ်မတောင်မှာ ဟိုက်ဝေးလမ်းဖောက်သူများ

နတ်မတောင်မှာ ဟိုက်ဝေးလမ်းဖောက်သူများ


VIPေ‌နရာအပါဝင် ဒီပြင်ဆင်မှုတွေအားလုံးကို ဖေဖေါ်ဝါရီလ (၂၀)ရက်နေ့၊ ချင်းပြည်နယ်နေ့အမီ ပြီးစီးအောင် ဆောင်ရွက်ရမယ် ဆိုပါတယ်။ ဟိုတယ်တင် မကပါဘူး။ ခုနကတွေ့ခဲ့ရတဲ့ ဂန့်ကောကနေ ဟားခါး၊ အခု ထန်တလန်အထိ လမ်းပြင်နေတာတွေအားလုံးဟာလည်း ဖေဖေါ်ဝါရီ (၂၀)မှာ ပြီးလိမ့်မယ်လို့ ဆိုပါတယ်။ ပြီးတော့ ထန်တလန်ဟာ လက်ရှိ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ မြို့နယ် (ဒုသမ္မတက Tikir တိခီး- ရွာကဖြစ် ပါတယ်) ဖြစ်တဲ့အပြင် ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ ဒေါက်တာရွှေခါးတို့၊ ဒေါက်တာဆလိုင်းလျှံမုန်းဆာခေါင်တို့လည်း ဒီမြို့နယ်သားတွေ ဖြစ်တယ် ဆိုပါတယ်။ တခါ တေးသံရှင် ဆုန်သင်းပါလ်လည်း ဒီမြို့ကဖြစ်ပြီး အခု ပူပူနွေးနွေဒ Myanmar Idol  မှာ ပထမ ရထားသူ အယ်စတာ ကတော့ ဟားခါးမြို့သူလို့ သိရပါတယ်။




အဲဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့ ထန်တလန်မှာ ကိုယ်လည်ပတ်ခွင့်ရတဲ့အချိန်က နှစ်နာရီတောင် မပြည့်ဘူးရယ်။ မနေ့ည (၇)နာရီဝန်းကျင်ကရောက်ပြီး ဒီမနက် (၇)နာရီကျော်ကျော်မှာ ပြန်ထွက်လာရတယ်။ မြို အထွက် ဆိုင်းဘုတ်ရှိတဲ့ တောင်ကုန်းပေါ်ကနေ မြို့ကို ပြန်ကြည့်ရတဲ့ မြင်ကွင်းက သိပ်လှပါတယ်။ ဒီလိုလှပတဲ့ မြို့ဖြစ်တာကြောင့် ကိုးရီးယား-မြန်မာ ဖက်စပ်ရှပ်ရှင် ‘’တိမ်တွေပေါ်က ပန်း’’ -ကို ဒီမြို့မှာ လာရိုက်သွားတာဖြစ်မှာပေါ့။ ပြီးခဲ့တဲ့ရက်ပိုင်း Myanmar Idol ပြနေစဉ် ဒီရုပ်ရှင်ကြော်ညာ ခဏခဏ၀င်နေတာကို စာဖတ်သူတွေ သတိထားမိမှာပါ။ ဘာကြောင့်လဲဆို မင်းသားက ကျော်ထက်အောင် ဖြစ်နေတယ်မဟုတ်ပါလား။

ထန်တလန်-မင်းတပ် အပြန်လမ်းကတော့ လာလမ်းအတိုင်း လှည့်ပြန်လာတာဆိုတော့ ဘာမှ အထူးအထွေ ပြောစရာမရှိပါ။ မင်းတပ်မြို့လယ်မှာ ညစာစားတော့ လူဖြူနိုင်ငံခြားသား (၁၀)ဦးလောက်တွေ့ရပါတယ်။ တ ဆိုင်တည်းမှာ (၁၀)ဦးတွေ့တယ်ဆိုတာ နည်းတာမဟုတ်။ ဟားခါးမှာတောင် ဒီလိုမတွေ့မိဘူး။ ဒါမှမဟုတ် ဒီမြို့ မှာ အကောင်းဆုံးဆိုင်မို့ ရှိသမျှဧည့်သည်အားလုံး ဒီဆိုင်ထဲရောက်နေတာလည်းဖြစ်နိုင်ပါတယ်။ ဒီမြို့ဟာ အမြင့်ပေ တသောင်းကျော် (၁၀၂၀၀-ပေ) ရှိတဲ့ ဝိတိုရီယတောင် (ဒေသအခေါ် ခေါနုသုမ်၊ အစိုးရအခေါ် နတ်မတောင် )ကိုတက်ဖို့ တောင်ခြေစခန်းမြို့တခုမဟုတ်ပါလား။

မနက် (၅)နာရီခွဲလောက် အိပ်ယာကထပြီး တောင်ပေါ်တက်ဖို့ ပြင်နေတုန်း ကိုယ်တည်းနေတဲ့ တည်းခိုခန်းဆီ နိုင်ငံခြားသား လူငယ်နှစ်ဦးရောက်လာပါတယ်။ ဧရာမကျောပိုးအိပ်တွေကို ဒီမှာ အပ်ထားချင်လို့တဲ့။ ဟိုတယ် အခန်းယူတာမဟုတ်ပဲ ပစ္စည်းပဲအပ်တာဆိုတော့ အပ်ခနည်းနည်းပဲပေးရမှာပေါ့။ တည်းခိုခန်းမန်နေဂျာကတော့ ပြောပါတယ်။ ဒီကိုလာတဲ့ နိုင်ငံခြားသားအများစုက ကျောပိုးအိတ်သမားတွေဖြစ်ပြီး ဒီလိုပဲ အိတ်ကိုအပ်၊ လူက လမ်းလျောက်တက်။ ၂-၃ ရက်ကြာမှ ပြန်ရောက်လာလေ့ရှိတယ်တဲ့။ ဝိတိုရိယတောင်ကို ဘယ်လိုသိတာလဲဆိုပြီး စပ်စုမိတော့ ဂိုဂယ်ခေါက်လိုက်ရင် လူတိုင်းသိတယ်။ ဒီကနေဆို ဘယ်လမ်းကသွား၊ ဘယ်အချိန်စလျောက်ရင် တောင်ပေါ်ဘယ်အချိန်ရောက်တယ်။ လမ်းမှာ ဘာတွေရှိတယ်…စသဖြင့် ပြောသွားလိုက်တာ ကိုယ်တောင် ပါးစပ်အဟောင်းသား။

ဟုတ်တယ်လေ။ ကိုယ်တွေလည်း နိုင်ငံခြားမှာနေတုန်းကတော့ ခရီးတခုသွားမယ်ဆိုရင် ကြိုတင်လေ့လာ လေ့ရှိပေမယ့် အခု ပြည်တွင်းမှာတော့ ကိုယ်ပြည်ထဲကိုယ်သွားတာ ဘာလိုမလဲ၊ မသိရင်မေးတာပေါ့။ ပြီးတော့ လိုက်ပို့ပေးမယ့်လူကလည်းရှိနေတယ်မဟုတ်ပါလား။ ဒီတော့ ဘာမှကြိုတင် လေ့လာထားတာမရှိဘူး။ ဒေသခံတွေ ပြောသမျှကိုနားထောင်၊ ဆောင်းပါးရေးချိန်ကျလို့ မရှင်းတော့မှ တယ်လီဖုန်းနဲ့ပြန်မေး၊ ဂိုဂယ်ခေါက် ဒီလို အလွယ်နည်းနဲ့သွားနေတာ တနှစ်ကျော်နေပြီ။ တကယ်နည်းမှန်လမ်းမှန်က ခုနက နိုင်ငံခြားသား လူငယ်နှစ်ဦးလို ဖြစ်နေရမှာ။

မနက် (၈)နာရီလောက်မှာ ကားထွက်တော့ နောက်ထပ် အဖေါ်နှစ်ဦးပါ ထပ်ပါလာပါတယ်။ စကားတပြောပြောနဲ့ မင်းတပ်ကနေ လျှိုမြောင်တခုထဲဆင်း၊ အနိမ့်ဆုံးနေရာ (ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၂၄၀၀-ပဲကျန်) အထိဆင်ပြီးမှ နတ်မတောင်ကို စတက်ပါတယ်။ နတ်မတောင်ဆိုလို့ စာဖတ်ပရိသတ်တွေ ဘယ်လိုနားလည်ထားလဲမသိဘူး။ ကိုယ်ကတော့ နတ်တွေ မ-ထားတဲ့တောင်၊ ဧရာမတောင်ကြီးဆိုပြီး နားလည်ထားတာ။ ဒါပေမယ့် ချင်းမိတ်ဆွေတွေနဲ့ဆွေးနွေးကြည့်တော့ အဲလိုမဟုတ်ဘူး။ ‘’မှတ်တမ်းလုပ်တဲ့ အစိုးရအရာရှိတွေက လမ်းဘေးက လူတွေကိုသွားမေးတာကိုးဗျ။ ချင်းစကားကလည်း တချို့စကားလုံးတွေက အဓိပ္ပယ်နှစ်မျိုးထွက်တယ်လေ။ အဲဒါနဲ့  ခေါနုသုမ်ကို နတ်ထီးနတ်မ အငြင်းပွားပြီး နတ်မတောင်ဖြစ်သွားတာပေါ့’’ တဲ့။ ကိုယ်ထင်ထားတာနဲ့  တခြားစီ။





မင်းတပ်က ထွက်လာကတည်း ကတ္တရာလမ်းမရှိတော့ဘူး။ မြေနီလမ်း၊ ကျောက်ခင်းလမ်းသက်သက်။ ဒီလမ်း ကြမ်းကို မင်းတပ်-ကန်ပက်လမ်းလို့ခေါ်ပါတယ်။ မီနီဘတ်စ်တွေ ပြေးနေတယ်လို့ဆိုပါတယ်။ တောင်တ၀က်လောက်ရောက်တဲ့အထိတော့ မီနီဘတ်စ်တစီးမှမတွေ့မိပဲ ဆိုင်ကယ်တွေ၊ လေးဘီးယက်ကားတွေပဲတွေ့ပါတယ်။ ဘေးမဲ့တောင်ဆိုပေမယ့် အဲဒီလမ်းတလျောက်မှာ ရွာစဉ်က မပြတ်သလောက်ပါပဲ။ တချို့ရွာ တွေမှာဆို ရွာ အ၀င်-အထွက်မှာ ခြံတခါးတွေနဲ့။ ဘေးမဲ့တောလို သစ်ပင်ကြီးတွေရှိတဲ့နေရာမှာလည်း ကားလမ်းပေါ် ခြံတံခါးလိုမျိုးတွေ့လို့မေးကြည့်တော့ အဲဒီတောထဲမှာ နွားနောက်တွေ မွေးထားတာရှိတယ်။ ဒီကောင်တွေ အပြင်မထွက်အောင် ဒီလိုခြံကားထားတယ်လို့ဆိုပါတယ်။

တောထဲက နွားနောက်ကိုမြင်ခွင့်မရလိုက်ပါဘူး။ ရွာထဲက နွားနောက်ပေါက်စလေးနှစ်ကောင်ပဲ မြင်ခွင့်ရပါ တယ်။ နွားနောက်မွေးရတာမခက်ဘူး။ တောထဲမှာ ဒီတိုင်းပစ်ထားပြီး တပတ်တခါ ဆားချပေးရုံနဲ့ရတယ်လို့ ဆိုပါတယ်။ (နွားနောက်စားဖို့ တောတွင်းမြက်ခင်းတော့ လိုမယ်ထင်ပါတယ်)။ သစ်ပင်ကြီးတွေကို ကြည့်ရင်း၊ တောင်အောက်က တိမ်တိုက်တွေကိုငေးရင်း၊ နွားနောက်အကြောင်းပြောရင်းနဲ့ မီနစ် (၉၀)ခန့်အကြာမှာ နတ်မတောင်ခြေစခန်းကို ကျနော်တို့ကားရောက်လာပါတယ်။

ပေတသောင်းကျော်မြင့်တဲ့ ဝိတိုရိယတောင်၊ အထင်ကရဘေးမဲ့တောဆိုတော့ တောကြီးမျက်မဲထဲမှာ တကယ့် သဘာဝအတိုင်းရှိနေမယ်လို့ထင်ထားခဲ့တာပါ။ တကယ်တန်းတောင်ခြေလည်းရောက်ရော။ ဟိုက်ဝေးလမ်းသစ်တခုလို တော်ဖြိုပြီးဖောက်ထားတဲ့ ဧရာမလမ်းမကြီးကိုတွေ့မိတော့ အတော်စိတ်ပျက်သွားမိပါတယ်။ အမတ်ကြီးကတော့ ပြောပါတယ်။ တောင်ပေါ်တက်ဖို့ဖောက်ထားတာမဟုတ်ဘူး။ နတ်မတောင်ရဲ့ ဟိုဖက်မှာရွာတွေရှိသေးတဲ့အတွက် အဲဒီရွာတွေကိုသွားဖို့ လမ်းဖောက်ထားတာလို့ဆိုပါတယ်။ ဒါပေမယ့် အခင်းအကျင်းက သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတဦးအနေနဲ့ ဘယ်လိုမှ ခံစားချက်မကောင်းနိုင်။

တောင်တက်ဂိတ်ရဲ့ ဒီဖက်နားမှာတော့ တောင်ပေါ်ပြေးဆွဲတဲ့ မော်တော်ဆိုင်ကယ်တွေအများကြီး။ ဒီနေရာဟာ မင်းတပ်နဲ့ ကန်ပက်လက်ကလာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေဆုံတဲ့နေရာ၊ နတ်မတောင် တောင်ခြေစခန်းပေါ့။ အပေါ်ကို ကားတက်ခွင့်မရှိ။ လမ်းမလျောက်ချင်ရင် မော်တော်ဆိုင်ကယ်ကိုငှားစီးလို့ရပါတယ်။ ဒါပေမယ့် သိတယ်မို့လား။ ကိုယ်တွေက VIP လေ။ ချင်းပြည်နယ်လွှတ်တော်ဆိုတဲ့ စာတန်းကြီးကပ်ထားတဲ့ လေးဘီးယက် အထူးကားကြီးနဲ့ဆိုတော့ တက်ခွင့်ရတာပေါ့။ ခုနကမြင်နေရတဲ့ အသဲခွဲ ဧရာမမြေနီလမ်းအဆုံးမှာတော့ လျောက်လမ်းလေးက ကျဉ်းကျဉ်းလေး။ မော်တော်ဆိုင်ကယ် နှစ်စီးလွဲလို့ လွတ်ရုံလေး။ ကိုယ်တွေက ဖိုးဝီးကား ကြီးနဲ့ဝင်လာတယ်ဆိုတော့ ဆိုင်ကယ်သမားတွေ၊ လမ်းလျောက်သူတွေရဲ့ မေတ္တာပို့ခြင်းကိုတော့ နည်းနည်းခံရတာပေါ့။

ရောက်ပါပြီ ဟိုမှာ နတ်မတောင်ထိပ်။ ကျိုက်ထီးရိုးကိုတက်သလိုပါပဲ။ ကိုယ်တွေက သဘာဝအတိုင်း လမ်း လျောက် တောတိုးချင်သူဖြစ်ပေမယ့် ဒေသခံအများစုက တောင်ထိပ်အထိ ကားလမ်းဖောက်ချင်သူတွေ။ သဘာဝအလှကို သစ်ပင်ခြေရင်းကနေ စတင်မခံစားပဲ သစ်ပင်ထိပ်ဖျားဆီ လှေကားထောင် လစ်စင်ထိုးပြီး တက်ထိုင်ချင်သူတွေ များနေတဲ့သဘောများလား။ ဘာမှမတတ်နိုင်။ ဥရောပမှာတွေ့ဖူးတဲ့ သဘာဝဘေးမဲ့တောတွေနဲ့ လာပြီးနှိုင်းယှဉ်နေလို့မဖြစ်။ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီတောင်ရှိနေမှတော့ မြန်မာ့နည်းမြန်မာ့ဟန် ဘေးမဲ့တောရှိနေတာ ဘာဆန်းမလဲ။

လမ်းခရီးမှာ အမြင်မတော်တာတွေထားလိုက်တော့။ ပေ တသောင်းကျော်ရှိတဲ့တောင်ထိပ်မှာတော့ သဘာဝအတိုင်း ရှိဦးမယ်လို့ပဲထင်ထားခဲ့တာပါ။ ဒါပေမယ့် အဲဒီလိုမဟုတ် တောင်ရဲ့ဟိုဖက်ထိပ်မှာ စေတီတဆူ။ တောင်ရဲ့ဒီဖက်ထိပ်မှာ ရုပ်ပွားတော်တဆူနဲ့။ သဘာဝဘေးမဲ့တောလား။ ဘာသာရေးနယ်မြေလား။ သိပ်မကွဲပြားလှချေဘူး။ ဘာတတ်နိင်မှာလဲ၊ သူ့အရပ်နဲ့ သူ့ဇတ်ဖြစ်နေတဲ့ဒေသမှာ ကိုယ်က လူတတ်ကြီးသွားလုပ်ပြီး ၀င်ပြောမိရင် အရိုက်တောင်ခံနေရဦးမယ်။ ဒါဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ ပကတိ အရှိတရားပါပဲ။

အနှစ်ချုပ်လိုက်ရင်တော့ ပေတသောင်းကျော်မြင့်တဲ့ ဝိတိုရီယတောင်ထိပ်ရောက်ရင် သဘာဝအလှတွေကို တ၀ကြီးခံစားမယ်လို့ ကြိုတင်မျှော်မှန်းချက်ဟာ (၅၀) ရာနှုန်းလောက်လွဲခဲ့တယ်ဆိုပါတော့။ ကျန်တဲ့ (၅၀)ရာနှုန်းကိုတော့ အပြည့်အ၀ခံစားမှဆိုပြီး ရှိသမျှသစ်ပင်ကြီးတွေ၊ ဟိုးအဝေးမှာမြင်နေရတဲ့ တောင်ပြာတန်းအဆင့်ဆင့်တွကေို ဓာတ်ပုံရိုက်ပေါ့။ ‘’ဒီအချိန်က နည်းနည်းစောသေးတယ်ဗျ။ ခရစ်စမတ်အချိန်မှ လှတာ။ အဲဒီအချိန်ဆို တောင်ဇလပ်တွေလည်းပွင့်ပြီ်။ ချယ်ရီတွေလည်းပွင့်ပြီ။ ဒီမှာတွေ့လား တောင်ဇလပ်က သုံးမျိုးလောက်ရှိတယ်’’ ဆိုပြီး အမတ်ကြီးက ရှင်းပြပါတယ်။ (ကျနော်ရောက်သွားတဲ့အချိန်က ဒီဇင်ဘာလ တရက်နေ့)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More