Monday, December 30, 2019

ချင်းတောင်တန်းသို့ခရီးသွားခြင်း (၄)

မင်းတပ်မှ ဟားခါးသို့...

အေးလို့လားမသိဘူး။ မနက်အစောကြီးနိုးလာပါတယ်။ တည်းခိုဆောင်ရဲ့ နောက်ကျောဖက် တောင်တန်းပေါ် မှာ မြူတွေဆိုင်းလို့။ အောက်ဆင်းပြီး ဓာတ်ပုံရိုက်ဖို့ပြင်တော့ အအေးဒဏ်ကိုမခံနိင်။ အနွေးထည်ပါးပါး အပြင်  ခေါင်းစွပ်နဲ့ လည်စွပ်ကို အသေချာပြန်ဝတ်ရပါတယ်။ (၇)နာရီလောက်မှာတော့ မနေ့က လွှတ်တော် အမတ်က ကားနဲ့ရောက်လာပြီး နံနက်စာစားဖို့ လာခေါ်ပါတယ်။ အပေါ်ဖက်တက်လိုက်တော့ မင်းဒပ်မြို့ လယ်။ တောင်တက်လမ်းကြမ်းခဲ့ပေမယ့် မြိ့လယ်မှာတော့ နိင်လွန်ကတ္တရာခင်းထားတာ တွေ့ရပါတယ်။ ဒီမြိုံကလည်း တခြားတောင်ပေါ်မြိံတွေလိုပါပဲ။ တောင်ထိပ်ကျောတလျောက်မှာ မြိ့တည်ထားတာဆိုတော့ အိမ်တွေ ဆိုင်တွေက လမ်းဘေးတဖက်တချက်ဆီမှာ။



( မင်းတပ်မြို့အ၀င်မှာ တည်ဆောက်နေဆဲ ဦးဝမ္မသူးမောင်း ပန်းခြံ)
ဈေးသစ်ကြီးရှေ့မှာကားရပ်ပြီး အဲဒီနားက လဖက်ရည်ဆိုင်မှာ ထိုင်ပါတယ်။ ချင်းတောင်ရောက်နေပြီဖြစ်ပေမယ့် ချင်းအစားစာ အခုထိမစားရသေး။ အဲဒီဆိုင်မှာလည်း အညာကဆိုင်တွေလိုပဲ လဖက်ရည်၊ ကော်ဖီ (ရက်ဒီမိတ်) စမူဆာ၊ အီကြာ၊ ပလာတာ၊ ကောက်ညှင်းပေါင်း စသဖြင့်ရပါတယ်။ (မုန့်ဟင်းခါးတော့ ချင်းမြို့အတော်များများမှာ မတွေ့ရဘူး) လူတွေအားလုံးက အနွေး ထည်တွေနဲ့၊ ကားတွေကလည်း (၄) ဘီးယက်တွေချည်း။ (အရင်ခေတ်ကဆိုရင်တော့ ဂျစ်ကားနဲ့မှ အဆင်ပြေ မယ့် နေရာမျိးထင်ပါတယ်)။ ဆိုင်ကယ်တွေလည်း အတော်များပါတယ်။ 

တယ်လီဖုန်းက အပူချိန်ကို ချက်ကြည့်တော့ (၁၄) ဒီဂရီစင်တီဂရိတ်တဲ့။ အအေးကြီးမဟုတ်။ ဒါပေ မယ့် ပင်လယ်ရေပြင်ရဲ့ အမြင့်ပေ (၄၆၂၀) အမြင့်မှာရှိတဲ့ တောင်ပေါ်မှာဆိုတော့ လေတဟူးဟူး နဲ့ အေးတာပေါ့။ ဈေးကိုကျော်ပြီး နည်းနည်းဆက် မောင်းလာတော့ အမတ်ကြီးရဲ့အိမ် သို့မဟုတ် NLD ဆိုင်းဘုတ်တင်ထားတဲ့ အိမ်ဆီရောက်ပါတယ်။ ခင်ဗျားက သစ်ပင်တွေကို စိတ်ဝင်စားတယ်ဆိုတော့ ဒီမှာတွေ့လား ထောပတ်သီးအပင်။ ဒါစိုက်ထားတာမဟုတ်ဘူး။ သဘာဝအတိုင်းပေါက်လာတာ ဆိုပြီး ပြူတင်းပေါက်ကနေ လှမ်းခူးလို့မီနေတဲ့ ထောပတ်သီးပင်ကို ပြပါတယ်။ ဟိုဖက်ခြံထဲမှာတော့ လိမ်မော်ပင်တချို့။ 

မြို့ပြစီမံကိန်း (မင်းတပ်က ခရိုင်မြိ့ဖြစ်လာလို့) အတွက် လမ်းတွေချဲ့နေလို့ အိမ်တွေ နောက်နည်းနည်းဆုတ် ပြီး ဆောက်နေကြတာတွေ့ရပါတယ်။ တချိ့ကလည်း နောက်မဆုတ်ချင်လို့ အခုထိ တင်းခံနေဆဲ။ နောက် ဆုတ်ပြီး အသစ်ဆောက်နေတဲ့ တိုက်အိမ်တွေက စိတ်ဝင်စားဖို့ကောင်းပါတယ်။ စာရေးသူတို့ နော်ဝေက အိမ်တွေလိုမျိး။ မြေကိုမညှိပဲ တိုင်ကိုညှိဆောက်တဲ့အိမ်တွေ။ ရန်ကုန်နဲ့ မြေပြန့်မှာတွေ့ဖူးတဲ့ အင်ဂျင်နီ ယာအတော်များများကတော့ အိမ် (အဆောက်ဦ)မဆောက်ခင် မြေကိုညီအောင် အရင်ရှင်းလေ့ရှိပါတယ်။ ရှိသမျှသစ်ပင်ကြီးတွေကို အကုန်ခုတ်လှဲပါတယ်။

ချင်းပြည်မှာတော့ အဲလိုမဟုတ်။ နည်းနည်းအနောက်ဆန်တယ်ပြောရမလား။ Enviromental friendly ဖြစ်တယ်လို့ ဆိုရမယ်။ ရှေ့အခန်းတခုမှာတင်ပြခဲ့တဲ့ ဧရာဝတီမြစ်ဘေးက ရန္တာပို ဟိုတယ်လိုပေါ့။ သစ်ပင်ကြီးတွေကို မခုတ်လှဲပဲ သစ်ပင်နဲ့လိုက်လျောညီထွေဖြစ်အောင် အိမ်ကိုဆောက်လိုက်တာမျိုး။ လမ်းမ ပေါ်ကနေ ကြည့်လိုက်ရင် အိမ်က မြေညီထပ်တခုနဲ့ အပေါ်ထပ် နှစ်ခုသာမြင်ရပေမယ့် မြေအောက်မှာ နောက် နှစ်ထပ်တောင် ရှိပါသေးတယ်။ လမ်းမပေါ်ကနေ အဲဒီအထပ်ဆီ တိုက်ရိုက်ဝင်ပေါက်မရှိတော့ပေမယ့် နောက် ဖေးပြူတင်းပေါက်ကနေတ တောင်ပြာတန်းတွေကို မြင်နိင်တဲ့မြင်ကွင်းနဲ့ ဘေးမှာလည်း ပြူတင်းပေါက်ရှိတဲ့အတွက် ဒီအောက်အဆင့် နှစ်ထပ်ကလည်း နေလို့အဆင်ပြေပါတယ်။

မင်းတပ်က မထွက်ခွာခင် တောင်ကုန်းတခုမှာရပ်ပြီး ဒီဒေသရဲ့အထင်ရှားဆုံး (ဒီမြိုံကိုလာလယ်သူ အားလုံးနီးပါး သွားလယ်တဲ့တောင်) နတ်မတောင်ကို အမတ်ကြီးက လှမ်းပြပါတယ်။ ဟိုးခပ်ဝေးဝေးက မဟာတောင်တန်းကြီး တခု။ ဟားခါးက ပြန်လာမှ လိုက်ပို့မှာတဲ့။ (အဲဒီတောင်ကို မင်းတပ်ဖက်ကနေ သွားလို့ရသလို ကန်ပက်လက်ဖက်ကနေ လည်း တက်လို့ရပါတယ်)။

မနက် (၈)နာရီခွဲလောက်မှာတော့ မင်းတပ်ကနေ ဟားခါးကို ကျနော်တို့ကား စတင်ထွက်ခွာပါတယ်။ မိုင် (၂၀၀) ၀န်းကျင်မောင်းရမှာတဲ့။ ရန်ကုန်-မန္တလေး အမြန်လမ်းလို တနာရီ ကီလိုတရာနဲ့ဆိုရင်တော့ ၃ နာရီ အတွင်း ရောက်မှာပေါ့။ အခုက တောင်ပေါ်လမ်းကြမ်းဆိုတော့ မိုးမချပ်ခင် ဟားခါးဝင်နိင်ရင် ကံကောင်း။ မြိ့အထွက်နား မှာ ပထမ ဆုံးကားရပ်ပြီး ကျနော်ကိုပြတဲ့နေရာက ဦးဝမ္မသူးမောင်း ပန်းခြံ။ လွတ်လပ်ရေးကြိုးပန်းစဉ်ကာလက ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့တဲ့ ချင်းခေါင်းဆောင်ကို ဂုဏ်ပြုဖို့ ဒီပန်းခြံကိုဆောက်နေတာ အခုမှ ရက်ပိုင်းပဲရှိပါသေးတယ်။

ရှေ့မှာပြောခဲ့တဲ့ နော်ဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံ လုပ်တဲ့အဖွဲ့က လူတွေ မင်းဒပ်ရောက်ခဲ့တဲ့ လွန်ခဲ့ သီတင်း နှစ်ပတ်လောက်ကမှ ဒီပန်းခြံကို အုတ်မြစ်ချပွဲလုပ်ခဲ့တာပါ။ ဗိုလ်ချုပ်နဲ့လက်တွဲဆောင်ရွက်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဂုဏ်ပြုပွဲကလည်း ဗိုလ်ချပ်ရုပ်တုတွေလိုပဲ NLD အစိုးရလက်ထက်ကျမှ လုပ်ခွင့်ရကြတာမျိုးမဟုတ်လား။ 

ထူးခြားတာကတော့ ချင်းပြည်နယ်ခရီးစဉ်အတွင်း ဗိုလ်ချုပ်ရုပ်တု ပြသာနာအကြောင်းမကြားခဲ့ရပါဘူး။ (တခြားပြည်နယ်အတော်များများမှာ ဗိုလ်ချုပ်ရုပ်တုစိုက်လို့ တိုင်းရင်းသားတွေက ကန့်ကွက်တာ။ အဲလို ကန့်ကွက်သူတွေကို NLD အစိုးရ ၀န်ကြီးချပ်တွေက ဖမ်းဆီးထောင်ချတာတွေရှိနေ)။ ပန်းခြံဆိုလို့ အခု ကျနော်တို့ရဲ့ ဟားခါခရီးစဉ်မှာ နောက်ထပ်ပါလာသူတဦးက ရှေ့မှာပြောခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကို ဦးစီးဆောင်ရွက်ခဲ့သူ ကိုဂျွန်မန်းရဲ့အဖေ (ဒီဇင်ဘာလအစောပိုင်းက နော်ဝေပန်းခြံအဖွဲ့နဲ့ ဒေါ်အောင်ဆန်စုကြည် တွေဆုံစဉ်ပါဝင်ခဲ့သူ)။ သူ့အသက်က (၈၀)ကျော်နေပြီဖြစ်ပေမယ့် မြေပြန့်က အဖိုးကြီးတွေလိုမဟုတ်။ ဖြတ် လတ် တက်ကြွနေဆဲ။


ဘုလက်လှဆွေမြို့မှာ ခဏတာ

တောင်အဆင်းမှာတော့ ဟိုးခမ်းဝေးဝေးမှာ တောင်အောက်ရောက်နေတဲ့ တိမ်တိုက်တွေကို လှမ်းမြင်နေရပါ တယ်။ မနေ့ညက မှောင်မှောင်မဲမဲနဲ့ ဘာမှမမြင်ရတဲ့လမ်းကို အခုမှ အသေချာပြန်ကြည့်နေရပါတယ်။ အနှစ် ချုပ်ရရင် မနေ့က လာလမ်းအတိုင်း ကျောက်ထုအထိပြန်ဆင်း၊ အဲဒီကမှ ဘယ်ဖက်ကိုချိုးပြီး ထီးချိုင့်လမ်းခွဲ ဖက် ကွေ့ပါတယ်။ (တည့်တည့်ဆက်မောင်းရင် ပခုက္ကူရောက်မယ်)။ မကွေးတိုင်းထဲ မဆင်းပဲ မင်းတပ်ကနေ ဟားခါးအထိ တောင်ပေါ်လမ်းရှိပေမယ့် လမ်းဆိုးတာကြောင့် ချင်းတောင်ကနေ မကွေးတိုင်းက မြို့တွေ ကို ဖြတ်၊ ပြီးမှ ချင်းတောင်ပြန်တက်တဲ့ လမ်းကိုရွေးရတာဖြစ်တယ်လို့ အမတ်ကြီးကရှင်းပြပါတယ်။

(ထီးချိုင့်မြို့မှာတွေ့ရတဲ့ ဒီးဒုတ်ဦးဘချိုကျောက်တိုင်နေရာ)

(ခရီးအတူသွားတဲ့ ရဲဘော်ကြီးများ)

မကွေးနဲ့ ချင်းတောင်ခြေအစပ်မှာ မြေပြန့်ကအကျယ်ကြီး။ လမ်းတွေကလည်း သိပ်မဆိုးဘူး။ အိမ်စီးကားသေး လေးတွေအပါဝင် မီနီဘတ်စ်တွေ၊ ကုန်ကားတွေ အတော်များများ ဒီလမ်းမှာသွားနေတာတွေ့ရပါတယ်။ ထီးချိုင့် ရောက်တော့ စည်-ပင် ခြံဝင်းလားမသိဘူး။ ၀န်ထမ်းအိမ်တန်းတွေရဲ့ နောက်ဖေးမှာ ပြိုပျက်နေပြီဖြစ်တဲ့ ဒီးဒုတ် ဦးဘချိုရဲ့ ကျောက်တိုင်ကို သွားရောက်အလေးပြုကြပါတယ်။ ရှေ့မှာပြောခဲ့တဲ့ ဦးဝမ္မသူးမောင်းဟာ အင်္ဂလိပ် တော်လှန်ရေးအတွက် ဗမာအစိုးရကိုယ်စားလှယ် ဒီးဒုတ်ဦးဘချိုနဲ့ ဒီနေရာမှာ စာချုပ်ချုပ်ခဲ့ပါတယ်။ အရေးပေါ် အခြေအနေအရ အမှတ်အသားကို ကပ်ထူစက္ကူနဲ့ပဲ ကျောက်တိုင်လုပ်ခဲ့ရလို့ မူလကျောက်တိုင်က မရှိတော့ဘူး။ အခုနေရာကိုတောင် မနည်းပြန်လည်ဖေါ်ထုတ်ထားရတယ်လို့ မင်းတပ်သားနှစ်ဦးက ကျနော်ကို ရှင်းပြပါတယ်။ (မင်းတပ်က ပန်းခြံလိုပဲ ဒီးဒုတ်ဦးဘချိုကျောက်တိုင်နေရာကိုလည်း လွန်ခဲ့တဲ့ သီတင်းနှစ် ပတ်ခန့်ကမှ ပြန်လည် ဖေါ်ထုတ် ထားတာပါ)။

ထီးချိုင့်ကထွက်တော့ ဂန့်ဂေါမြို့ကို ဦးတည်ပါတယ်။ တကယ်ဆိုထီးချိင့်က ထွက်လာတဲ့အထိ ချင်းတောင် တက်မယ်ဆိုရင် ဂန့်ကောမြို့ကိုဖြတ်သွားရမယ်ဆိုတာကို ကျနော်မသိသေး။ အင်း- ဘုလက်လှဆွေနဲ့ အင်တာ ဗျုးရရင် မဆိုးဘူးပေါ့။ ဂန့်ကောကိုကိုယ်သိတာက ဘူးလက်လှဆွေနဲ့ တွဲပြီးသိထားတာ။ ထီးချိုင့်နဲ့ ဂန့်ကော လမ်းက အတော်သာယာတယ်ပြောရမယ်။ ကားလည်းသိပ်မများ၊ တောတောင်ရှုခင်းတွေကလည်းလှပ၊ အပူ ချိန်ကလည်း သိပ်မများဘူးဆိုတော့ ကားပြူတင်းဖွင့်ပြီး လေကောင်းလေသန့်ရှုခွင့်ရခဲ့ပါတယ်။ (အပူချိန်က မင်းတပ်မှာ (၁၄) ဒီဂရီရှိပေမယ့် ကျောက်ထုကနေ ထီးချိုင့်၊ ဂန့်ကောလမ်းတလျောက်မှာတော့ (၂၄) လောက် ရှိပါတယ်)။

လမ်းမှာတွေ့ရတဲ့ရွာကြီးတရွာက မင်းရွာဆိုလား။ ယောနယ်ကပြုစားမှုများထဲက နာမည်ကြီးတဲ့ရွာဖြစ်တယ်လို့ ဆိုပါတယ်။ အခြေအနေသိရအောင် လဖက်ရည်ဆိုင်ဝင်ထိုင်ကြည့်မလားဆိုတော့ မလုပ်ပါနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း များစွာကဖြစ်ခဲ့တာတွေပါ။ အခုတော့ အားလုံးပုံမှန်ဖြစ်သွားခဲ့ပါပြီ။ အရင်က အကြောင်းတွေလျောက်ပြောမိတဲ့ ဘုလက်လှဆွေတောင် ဒီရွာကနေ တရားစွဲမယ်ဆိုပြီး သတိပေးတာ ခံရဖူးတယ် ဆိုပါတယ်။

ပြောရင်းနဲ့ ဂန့်ဂေါမြို့ထဲဝင်လာပြီ။ သူက ရှေ့မှာတွေ့ခဲ့တဲ့ ကျောက်ထု၊ ထီးချိုင့်တို့ထက် ပိုကြီးပါတယ်။ ခရိုင်မြို့ ဖြစ်မယ်ထင်ပါတယ်။ ဟားခါးကိုသွားမယ်ဆိုရင် ဒီမြို့ကိုဖြတ်ရပါတယ်။ ကလေးမြို့အထိ လေယဉ်နဲ့သွားသူတွေ တောင် ဒီမြို့ကိုဖြတ်ပြီးမှ ဟားခါးကို သွားရတယ်ဆိုပါတယ်။ ဒါမှမဟုတ် ကလေးကနေ ဖလမ်းဖက်သွားပြီး အဲဒီ ကနေ ဟားခါးဝင်လည်းရပါတယ်။ ဒါမှမဟုတ် ပခုက္ကူ၊ ချောက်ဖက်ကနေ ဒီမြို့ဆီလာပြီး ဟားခါးကိုသွားလည်း ရပါတယ်။ ဒီလိုနာမည်ကြီးတဲ့မြို့မှာ မြို့အ၀င်ဆိုင်းဘုတ်နောက်ခံနဲ့ selfie လေးတော့ဆွဲဦးမှဆိုပြီး ဆိုင်းဘုတ် လိုက်ရှာတာ ကလေးဖက်သွားတဲ့ ဟိုမြို့ပြင်အထိ ထွက်လိုက်ရပါသေးတယ်။



(ဂန့်ကောမြို့လယ်က လမ်းခွဲဆိုင်းဘုတ်များ)

တောင်ပေါ်လမ်းမတက်ခင် နေ့လယ်စာတော့စားသွားမှဆိုပြီး လမ်းဆုံက ထမင်းဆိုင်ကိုဝင်တော့ ထားဝယ်က နေ ဘုရားဖူးလာတဲ့ ဘုန်းကြီးကားတစီးနဲ့တွေ့ပါတယ်။ ဆိုလိုတာက ဒီလိုဝေးလံခေါင်းဖျားတဲ့ဒေသဆီ လူ အသွားအလာ သိပ်မရှိဘူးလို့ထင်ထားတဲ့နေရာမှာ ထားဝယ်ကနေ ဘုရားဖူးလာသူတွေတောင် မုံရွာဖက်က ပတ်ဆင်းပြီး ကလေးမြို့ကတဆင့် ဂန့်ကောကိုရောက်လာတာတဲ့။ လမ်းပန်းဆက်သွယ်ရေးကောင်းလာတော့ အညာနဲ့ အကျေနဲ့အတူတူဖြစ်သွားပြီပေါ့။ ထမင်းဆိုင်ကတော့ ထုံးစံအတိုင်း ထမင်းအေး၊ ဟင်းအေးပဲ ရပါ တယ်။ အငတ်ခံမလား၊ အဆာပြေစားမလား။ သင်ကြိုက်ရာရွေးပါပဲ။

ဘူးလက်လှဆွေလား။ သူက ဒီမှာနေတာမဟုတ်ဘူး။ ရန်ကုန်မှာနေတာ၊ ဒီမြို့နယ်ကနေ လွှတ်တော်အမတ် အဖြစ်လာအရွေးခံတဲ့အတွက် ဂန့်ကောက ဘူးလက်လှဆွေဆိုပြီး နာမည်တွင်နေတာ။ အခုတော့ ဟောပြော ပွဲတခုမှာ ဘရိတ်မအုပ်ပဲ လျောက်ပြောမိလို့ ရဲကနေ ဖမ်းဝရမ်းအထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေတယ် လို့ သိရပါတယ်။ ဘူးလက်တို့မြို့ကအထွက်မှာတော့ တခါ မကွေးတိုင်းက နှုတ်ခွန်းဆက်သပါ၏။ ချင်းပြည်နယ် မှကြိုဆိုပါ၏ ဆိုတဲ့ဆိုင်းဘုတ်ကို တခါတွေ့ရပြန်ပါတယ်။ ဟားခါးသို့တောင်အတက်က မင်းတပ်သို့ အတက်နဲ့ မတူဘူး။ အတော့်ကိုရှည်လျားထွေပြားပါတယ်။ မင်းတပ်အတက်က (၇)မိုင်သာရှိပေမယ့် ဒီမှာ (၇၀)လောက် ရှိ မယ်ထင်ပါတယ်။

အညာရဲ့အငွေ့အသက်ကနေ တောင်ပေါ်အငွေ့အသက်တွေရလာပြီ။ မြူခိုးတွေကိုစမြင်ရပြီ။ ထင်းရှုးပင်တွေ ကိုစမြင်ရတဲ့နေရာက လုံးကျွေးရွာ။ တောင်ပေါ်လမ်းတွေက ကျဉ်းတဲ့အပြင် အကောက်အကွေ့ကလည်း များ လွန်းလှပါတယ်။ ဒါပေမယ့် နေရာတိုင်းလိုလိုမှာ လမ်းပြင်တာ၊ လမ်းချဲ့တာလုပ်နေတဲ့အတွက် မကြာခင်လပိုင်း အတွင်း ဒီလမ်းဟာ အတော်လေး တိုးတက်ကောင်းမွန်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒီလောက် အကွေ့ အကောက်များတဲ့လမ်းမှာ မှန်လုံဘတ်စ်ကားအကြီးကြီးတွေပြေးနေတာ အံ့သြစရာ။ တကယ်ဆို အိမ်စီးကား လေးတွေတောင် သိပ်တွေ့ရတာမဟုတ်။ အတော်များများက (၄)ဘီးယက် ကားတွေချည်းပါပဲ။


တိမ်တွေပေါ်ကမြို့တော် ဟားခါး

မိုင် (၇၀)သာရှိတယ်ဆိုပေမယ့် တနာရီမှ မိုင် (၃၀)လောက်ပဲခရီးပေါက်သလားမသိပါ။ လမ်းကလည်းကြမ်း တော့ ဗိုက်ဆာပြန်ပြီ။ ကားကိုလည်းအနားပေးဖို့လိုသေးတယ်မို့လား။ ဒီလိုနဲ့ ဟားခါးနဲ့မိုင် (၄၀)အလို လမ်တုန့် ရွာမှာ ထမင်းစားပြန်ပေါ့။ ထမင်းအေး-ဟင်းအေးပါပဲ။ ဒါပေမယ့် ဒေသထွက် ကော်ဖီသောက်ခွင့်ရအတွက် မဆိုး ပါဘူး။ နောက်ထပ် တောင်အလုံးများစွာကိုကျော်၊ အကွေ့ပေါင်းများစွာကိုဖြတ်သန်းပြီးနောက် ညနေ (၄) နာရီ လောက်မှာတော့ ‘’ဟားခါးမြို့မှ ကြိဆိုပါ၏၊ ပင်လယ်ရေမျက်နှာပြင်အထက် (၆၁၂၀) ပေ’’ ဆိုတဲ့ဆိုင်းဘုတ် ကို တွေ့ရပါတယ်။












(မနက် ၆ နာရီခွဲခန့် View Point ကနေမြင်ရတဲ့ တိမ်တွေပေါ်က ဟားခါးမြို့)
ဆိုင်းဘုတ်ဘေးနား တောင်ကုန်းပေါ်မှာတော့ တပ်စခန်းတခု။ ဟားခါးမြို့ကို အပေါ်စီးကနေမြင်နိုင်တဲ့ တောင် ကုန်း၊ မနက်ပိုင်းကျရင် တိမ်ပင်လယ်ကိုလာကြည့်ရမဲ့တောင်ကုန်းလို့ အမတ်ကြီးကပြောပါတယ်။ ဟားခါးက မင်းတပ်ထက်တော့ မြေပြန့်ပိုများပါတယ်။ တောင်ထိပ်ဧရိယာပိုကျယ်တယ်ပြောရမလား။ မြို့လယ်မှာ လွတ် တော်အဆောက်ဦသစ်နဲ့ အစိုးရရုံးတွေကိုလှမ်းမြင်နေရပါတယ်။ ဟိုဖက်တောင်ထိပ်မှာတော့ ဒုက္ခသည်စခန်း လိုလို ပြွတ်ညှပ်နေတဲ့အိမ်တွေအများကြီးကို လှမ်းမြင်နေရနေပါတယ်။ (လွန်ခဲ့တဲ့ နှစ်တွေက ဟားခါးမှာမြေပြို လို့ အဲဒီကနေလူတွေကို အခုမြင်နေရတဲ့ တောင်ထိပ်က အိမ်အသစ်တွေမှာ နေရာချပေး ထားတယ်လို့သိရပါ တယ်)။

မြို့ထဲရောက်တော့ ဟိုတယ်မှာမတည်းပါနဲ့၊ လွှတ်တော်အမတ် ဧည့်ရိပ်သာမှာပါမှာပဲ တည်းပါဆိုပြီး အမတ်ကြီး က အတင်းခေါ်တာနဲ့ နှစ်ထပ်ကွမ်း VIP ထပ်ဖြစ်သွားပြန်ပါတယ်။ ဒီရိပ်သာက ဆောက်ထားတာမကြာသေးဘူး ဆိုပါတယ်။ ကြယ်သုံးပွင့်အဆင့် ဟိုတယ်လောက်ရှိတဲ့အတွက် နေပြည်တော်က စည်ပင်ရိပ်သာမှာနေရတဲ့ အမတ်မင်းတွေထက် ချင်းပြည်နယ်က အမတ်မင်းတွေက ပိုသားနားတာပေါ့ဆိုပြီး နောက်ဖြစ်လိုက်ပါသေး တယ်။ ပြီးတော့ ကျနော်ရောက်ဖူးသမျှ မြို့တော်အတော်များများမှာ ပါလီမန်တွေ၊ အစိုးရရုံးတွေက မြို့ပြင် လယ် ကွက်တွေထဲမှာ။ (အထူးသဖြင့် တနသာင်္ရီတိုင်းဆို သိသာပါတယ်)။ ချင်းပြည်နယ်မှာတော့ ထူးထူးခြားခြား အစိုးရရုံးရော၊ လွှတ်တော်ရော မြို့လယ်မှာ။ ဒီဇိုင်းကလည်း မိုက်တယ်။ အမေရိကန်လွှတ်တော် ကယ်ပီတယ် စတိုင်နဲ့။

ဒီအဆောင်မှာတော့ ရေ-ပူ ရေအေးရတဲ့အတွက် ရေအမြန်ချိုးလိုက်ရပါတယ်။ ဒါပေမယ့် အအေးဓာတ်က (၁၀) ဒီဂရီပဲရှိတဲ့အတွက် ကိုယ့်မှာပါလာတဲ့ အနွေးထည်ပါးပါးလေးနဲ့ ဘယ်လိုမှအဆင်မပြေတော့ပါ။ ညစာလိုက် ကျွေးတဲ့ ကိုဂျွန်မန်းရဲ့ အကိုဆီကနေ အနွေးထည်တထည်ကို အတင်းယူငှားလိုက်ရပါတယ်။ နောက်ဆိုရင် တော့ ချင်းတောင်သွားရင် အနွေးထည်မေ့လို့မဖြစ်။ ဒါက ညနေပိုင်းအအေးချိန်ပဲရှိပါသေးတယ်။ မနက် အအေး ချိန်က (၈) ဒီဂရီစင်တီဂရိတ်ပဲရှိပါတယ်။ ဒီလောက်အေးပေမယ့် တည်းခိုဆောင်မှာ Heater မရှိပါ။ အဲကွန်းကို (၃၁) အထိတင်ထားရင် အဲဒါ Heater ပဲတဲ့၊ အမတ်ကြီးကပြောပါတယ်။

ချင်းတောင်ရောက်တဲ့ နှစ်ရက်စလုံး အအေးဒဏ်ကြောင့် ကောင်းကောင်းအိပ်မပျော်။ မနက် (၄) ခွဲလောက်ဆို နိုးနေပြီ။ (ရန်ကုန်မှာတုန်းက ည(၁၂) နာရီကျော်မှအိပ်လေ့ရှိပြီး မနက် (၇) နာရီကျော်မှ ထလေ့ရှိပေမယ့် ဒီခရီး စဉ်အတွင်းမှာတော့ စောစောအိပ် စောစောထဖြစ်ပါတယ်)။ ပြူတင်းပေါက်ဖွင့်ပြီး အရုဏ်တက်ပြီလားဆိုပြီး အပြင်ကို ကြည့်လိုက်တော့ ဟိုအောက်က လွင်ပြင်တခုလုံး ဖြူဖွေးနေလေရဲ့။ ငါတို့အဆောင်က ဧရာတီမြစ် ဘေးမှာလားလို့တောင် ထင်လိုက်မိသေး။ အဲဒါ လူပြောများနေတဲ့ တိမ်ပင်လယ်ဆိုတာပါပဲ။ ကဲ…အမတ်ကြီး မြန်မြန်ထ၊ မနေ့ညနေကမြင်ခဲ့ရတဲ့ View Point ဆီ အမြန်ပြေးမှာဖြစ်မယ်ဆိုတော့ သူက အေးဆေးပါပဲ။ ဒီ တိမ်တွေက နေရောင်လာမှ ကြွလာမှာ အဲဒီအချိန်မှ ကြည့်လို့ကောင်းတယ်တဲ့။

ကိုယ်ကတော့ မရဘူး။ View Point မှ View Point ပဲ။ ဒီလိုနဲ့ ဗျုးပွိုင့်ရောက်တော့ မနက် (၆) နာရီကျော်ကျော် လေးပဲရှိဦးမယ်။ အနောက်မှာ တောင်ကျောကြီးတခုခံနေတဲ့အတွက် နေရောင်က ဟိုးအဝေးက တောင်ထိပ်ဆီ ကနေ မြို့ထဲဆင်းမလာသေး။ ရသမျှပုံတွေရိုက်ပြီး တာဝါဆီတက်မယ်ပြင်တော့ ဟင်နရီဗန်ထီးယူ တာဝါလို့ ရေး ထားတာတွေ့ရပါတယ်။ စာကိုအသေချာဖတ်ကြည့်တော့ (၂၀၁၉) ခုနှစ် ဇန်နာဝါရီလ (၂၁) ရက်နေ့ကမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာဖွင့်ပေးသွားတာ။ တာဝါပေါ်တက်လိုက် တော့ အဲဒီဖွင့်ပွဲတုန်းက ဓာတ်ပုံမှတ်တမ်းတွေကိုပါ တွေ့ရပါတယ်။ ဗျုးကတော့ ရှယ်ပါပဲ။ တိမ်တွေပေါ်မှာ လမ်းလျောက်နေရသလိုလို၊ ဒါပေမယ့် နေရောင်က တိမ်ပင်လယ်ဆီမရောက်သေးတဲ့အတွက် တိမ်တွေက ကြွမလာပဲ သေသေကြီးဖြစ်နေပါတယ်။   




(ဟားခါးတောင်တန်းပေါ်မှာ ပြန်လည်ချထားတဲ့ မြို့သစ်ရပ်ကွက်)

ဗိုက်ကလည်း ဆာလာပြီ၊ မြို့ထဲလည်း လျောက်လည်ချင်သေးတယ်။ အချိန်ရရင် ထန်တလန်ဖက်လည်း သွားလိုက်ချင်သေးတယ်ဆိုတော့ နေရောင်ကိုစောင့်နေလို့မဖြစ်တော့ပါ။ တခါ အမတ်ကြီးတို့ကလည်း လွှတ် တော်အစည်းအဝေးတက်ရဦးမယ်မဟုတ်လား။ အမတ်ကြီးမအားတော့ ကိုဂျွန်မန်းရဲ့အကို မိတ်ဆွေတဦးက သူ့ ကားနဲ့ ဟားခါးမြို့တဝိုက် ကျနော်ကိုလိုက်ပြပါတယ်။ ထန်တလန်ဖက်အထွက်လမ်းက တိမ်ပင်လယ်နဲ့ စတော် ဘယ်ရီစိုက်ခင်းကသိပ်လှပါတယ်။ ပြီးတော့ မနေ့ညနေကမြင်ထားတဲ့ ဟားခါးမြို့ရဲ့ ဟိုဖက်တောင်တန်းပေါ်က ဒုက္ခသည်စခန်းလိုလို အိမ်ယာတွေ။ အနီးကပ်သွားကြည့်တော့မှ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်က တကယ့်အကြီးကြီး။

ဒါပေမယ့် ပြသာနာက နေအိမ်တွေပဲဆောက်ပေးထားပြီး အလုပ်အကိုင်ကို ဖန်တီးမပေးနိုင်။ ဒီတော့ ဒီအိမ်မှာ နေပြီး ဘာနဲ့စားမလဲ။ တချို့ကတော့ နေရာဟောင်းမှအလုပ်ပြန်လုပ်၊ ညနေကျရင် ဒီမှာပြန်အိပ်တယ်လို့ဆိုပါ တယ်။ နာဂစ်ဒေသဖက်က နေရာပြန်လည်ချထားရေးတွေ၊ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေနေရာပြန် လည်ချထားရေးကိစ္စတွေမှာ ကြုံတွေနေရတဲ့ပြသာနာတွေနဲ့ အတူတူပါပဲ။ ထားဝယ်က ရေနက်ဆိပ်ကမ်းမှာ နေရာချပေးထားတာလည်း ဒီလိုပါပဲ။ အိမ်ဒီဇိုင်းတွေက မြို့ပြအိမ်ယာ။ လာနေမယ့်သူက ရွာကမှာ လည်းနဲ့ နွားနဲ့၊ ငါးဖမ်းလှေတွေနဲ့နေလာတဲ့လူတွေ။ မြို့ပြက ဒီအိမ်တွေမှာနေပြီး သူတို့က ဘာတွေ လုပ်ကိုင်စားသောက် ရမှာလဲ။


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More