Saturday, December 21, 2019

ချင်းတောင်တန်းသို့ ခရီးသွားခြင်း (၁)

ဟောလီးဒေးမန်းနီးစနစ် မရှိသေးတဲ့ဒေသမှာ
ဥရောပမှာတော့ ဟောလီးဒေးမန်းနီးက မေလအကုန် ဇွန်လဆန်းလောက်ဝင်ပါတယ်။ ဒါကြောင့် အတော်များ များက ဇူလိုင်လ (ဥရောပရဲ့နွေရာသီ) မှာခရီးထွက်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ အဲဒီလို စနစ်မရှိသေး။ စနစ်မရှိသေးဆိုတာ ဟောလီးဒေးမန်းနီးပြန်ပေးတာနဲ့ တခြားအခွင့်အရေးတွေပြန်ပေးတဲ့စနစ်မရှိသေးဘူးလို့ ပြောတပါ။ ဒါပေမယ့် အခွန်ကောက်တဲ့စနစ်ကတော့ အခိုင်အမာရှိနေပြီ။ စာရေးသူဆို မြန်မာနိုင်ငံမှာ အလုပ် တာဝန်စထမ်းကတည်းက အခွန်ငွေ (၁၀)% ပေးနေရပါတယ်။ ဒါပေမယ့် ကာတွန်းတွေထဲ ပြောင်ထားသလို လက်ခံရရှိပါသည်ဆိုတဲ့ဖြတ်ပိုင်းလေးမှအပ ဘာခံစားခွင့်မှ ပြန်မပေးသေးပါဘူး။ 
(တိမ်ပင်လယ်လို့ခေါ်ကြတဲ့ ဟားခါးမြို့ မနက်ခင်း)
ဥရောပမှာတော့ အခွန်ငွေထဲ ပိုကောက်မိတဲ့ငွေနဲ့ တနှစ်စာဝင်ငွေရဲ့ (၁၂)% ခန့်ကို မေလဆန်းမှာ ဟောလီးဒေးမန်းနီးအဖြစ် အလုပ်ရှင်က (အစိုးရက) အလုပ်သမားတွေရဲ့ ဘဏ်ထဲပြန်ထည့်ပေးပါတယ်။ (အဲဒီငွေ နှစ်ခုပေါင်းဟာ နှစ်လစာ ၀င်ငွေ လာက်ရှိတဲ့အတွက် တလတာခရီးသွားစရိတ် ကာမိပါတယ်)။
ဒါက အများမြင်သာတဲ့ ဟောလီးဒေးမန်နီးအကြောင်း ဥပမာ ထုတ်ပြတာပါ။ အခွန်ကောက်ခြင်းရဲ့ တကယ့်သဘောတရားက ဟောလီးဒေးမန်းနီးမဟုတ်။ လူမှုဖူလုံရေးစနစ်သာဖြစ်ပါတယ်။ အဓိကအားဖြင့် ကျန်းမာရေးစောင့် ရှောက်မှု၊ ပညာသင်ကြားခွင့်၊ အလုပ်လက်မဲ့ခံစားခွင့်၊ မိသားစုခံစားခွင်တွဟော အရေးကြီးလှပါတယ်။ မြန်မာနိင်ငံ မှာ ရောဂါတခုခုဖြစ်ပြီဆို ဆေးဖိုးနဲ့ ကုသမှုစရိတ်မတက်နိင်တာနဲ့သေဖို့များပါတယ်။ နော်ဝေမှာတော့ အဲဒီလို စိတ် ပူနေစရာမလို။ ခရိုနာ (၂၀၀၀) ဒေါ်လာ (၃၀၀-ခန့်) ထက်ပိုတာနဲ့ ကျန်စရိတ်အားလုံးကို အစိုးရက တာဝန်ယူတယ်။ ဆောင်ထားတဲ့အခွန်တွေက ဒီနေရာမှာ အသုံးတည့်တာပေါ့။
အလုပ်လက်မယ့်ထောက်ပံ့မှုကလည်း အရေးကြီးပါတယ်။ လစာရဲ့ (၆၂)%နဲ့ (၂)နှစ်အထိ ခံစားခွင့်ရှိပါတယ်။ ကလေးတွေရဲ့ပညာသင်ကြားခွင့်နဲ့တခြားကိစ္စတွေအများကြီးပါပဲ။ ထားတော့။ အခွန်ကိစ္စဟောရင်းနဲ့ ခရီးထွက်ဖို့ကိစ္စ ခေါင်းစဉ်လွဲသွားဦးမယ်။
ဟောလီးဒေးကော မြန်မာနိုင်ငံမှာ ဘယ်နှစ်ရက်ပေးထားသလဲ။ ကိုယ်လည်းအသေချာမသိဘူး။ တချို့က (၁၀) ရက်လို့ပြောပြီး တချို့က (၁၄) ရက်လို့ပြောကြပါတယ်။ ဥရောပမှာ တော့ (၂၈) ရက်သတ်မှတ်ထားပါတယ်။ ဒါပေမယ့် တချို့ဝေဖန်သူတွေက သင်္ကြန်ပိတ်ရက် (၁၀)ရက်နဲ့ တခြား ရာသီအလိုက်ပိတ်ရက်တွေပေါင်းရင် မြန်မာပြည်ဟောလီးဒေးက ဥရောပထက်တောင် များနိုင်တယ်လို့ဆိုပါ တယ်။ သေချာတာကတော့ ဥရောပသားတွေလို ဟောလီးဒေး (၂၈)ရက် ခွင့်ရက်ရှည်ယူပြီး ကမ္ဘာပတ်ဖို့တော့ မလွယ်ပါ။
ထားတော့။ မြန်မာက အခုမှ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီအသွင်းပြောင်းဆဲ ဖားတပိုင်း ငါး တပိုင်းနိုင်ငံဆိုတော့ ဒီလောက်တော့ရှိမှာပေါ့။ ဥရောပနိုင်ငံတွေလို စဉ်းစားနေလို့ ဘယ်ဖြစ်မလဲ။  ဒီလိုနဲ့ ရသ မျှခွင့် (၁၀)ရက်ကိုယူပြီး ခရီးထွက်ဖို့ပြင်ပါတယ်။ ခရီးထွက်တယ်ဆိုလည်း ခုနကရှေ့မှာပြောသလို ဘယ်အချိန် မှာ မြန်မာတွေ ဟောလီးဒေးယူတယ်ဆိုတဲ့ အချိန်အတိအကျအလည်း မရှိပြန်ပါဘူး။ ဒါပေမယ့် အများစုက တော့ နှစ်ကုန်ခါနီး ဒီဇင်ဘာမှာ ခွင့်ယူခရီးသွားနေကြတာတွေ့ရပါတယ်။

ပြည်ပသွားမလား ပြည်တွင်းပဲလား

ဟောလီးဒေးယူသူ အတော်များများကတော့ ခရီးစရိတ် ဟိုတယ်စရိတ်ရှိမယ်ဆိုရင် ပြည်ပကို ခရီးသွားတာတွေ့ ရပါတယ်။ မေးခွန်းမေးကတည်းက ဘယ်နိုင်ငံက ဘယ်မြို့တွေကိုရောက်ပြီးပြီလဲ။ အနိမ့်ဆုံး ဘန်ကောက်၊ စင် ကာပူ၊ ဟောင်ကောင်ကနေ ကိုးရီးယား၊ ဂျပန်၊ သြစီ၊ ဥရောပ၊ အမေရိကားက ထင်ရှားတဲ့နေရာတွေ … ဒီလို လာတာ။ ပြည်နယ်-တိုင်း (၁၄)ခုက မြို့တော်တွေကို စုံအောင်ရောက်ပြီးပြီလားလို့ မေးသူသိပ်မရှိ။ ကိုယ်တွေက တော့ ပြည်ပမှာအကြာကြီးနေလာသူဆိုတော့ ပြည်ပသွားချင်စိတ်မရှိ။ ပြည်တွင်းက မရောက်ဖူးသေးတဲ့ နေရာ တွေကိုသွားမယ်ပေါ့။
(ကန်ပက်လက်မြိ့နယ်ထဲက နတ်မတောင်)
ဘယ်တွေကိုရောက်ဖူးပြီးပြီလဲဆိုပြီး ဇယားဆွဲကြည့်တော့ ရန်ကုန်မြိုပြဧရိယာ (မြို့ပြင်ဆိုလို့ တွံတေးလောက်ပဲ ရောက်ဖူးသေး)၊ ပဲခူးမြို့ဝန်းကျင်၊ ဧရာဝတီတိုင်းထဲက ချောင်းသာကမ်ခြေအသွား လမ်းတလျောက်၊ မန္တလေး မြို့၊ ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးဒေသနဲ့ ကယားပြည်နယ်က ဒေသအချို့၊ ဒီထက်မပိုဘူး။ ရန်ကုန်က နေ ထားဝယ်အပြန် ဖြတ်သွားဖူးတဲ့ မွန်နဲ့ ကရင်ပြည်နယ်ပါပေါင်းမှ တိုင်းဒေသကြီး (၄)ခုနဲ့ ပြည်နယ် (၄)ခုပဲ ရောက်ဖူးပါသေးတယ်။ မြန်မာပြည်ရဲ့တ၀က်လောက်တောင် မရောက်ဖူးသေးတဲ့သဘော။
ဒါတောင် အခု ပြည်တော်ပြန်ပြီးမှ လျောက်သွားနေလို့။ အရင်ကဆို ထားဝယ်မှာနေပြီး မြိတ်ကိုတောင် ရောက် ဖူးတာမဟုတ်ဘူး။ လမ်းပန်းဆက်သွယ်ရေးမကောင်းတာ၊ နယ်မြေ မငြိမ်းချမ်းတာ၊ စီးပွားရေးအဆင်မပြေတာ တွေနဲ့လည်း ခရီးသွားလာမှုများခြင်း မများခြင်းက ဆက်စပ်နေမယ်ထင်ပါတယ်။
ကဲ- ရွေးလိုက်ပြီ၊ တခါမှမရောက်ဖူးသေးတဲ့ ချင်းတောင်တန်းဆီ။ ဘာကြောင့်ရွေးလဲဆိုတော့ ရောက်ဖူးသူတွေ ပြောသလောက်က ချင်းတောင်ရဲ့အခင်းအကျင်းဟာ မြေပြန့်နဲ့ လုံးဝကွဲလွဲသွားတယ်။ အဲ…ဥရောပမဲဇာ (နော် ဝေ)နဲ့ တချို့နေရာတွေအတော်တူတယ်ဆိုပြီး အသိတယောက်က ညွှန်းလို့ဖြစ်ပါတယ်။ ဒါပေမယ့် သူက မှာ လိုက်သေးတယ်။ ချင်းတောင်ဆိုပေမယ့် ပလက်ဝဖက်တော့ မသွားနဲ့ပေါ့ကွာ။ သတင်းထောက်ကနေ ဓားစာခံ ဖြစ်နေဦးမယ်တဲ့။

ရန္တာပို ကျေးရွာက ကြယ်ငါးပွင့်ဟိုတယ်ဆီသို့
ချင်းတောင်သွားမယ်ပြောပြီး ဘယ်လိုလုပ် ရန္တာပိုရွာရောက်သွားတာလဲဆိုပြီး မေးမလို့လား။ ဒီလိုလေ- ချင်း တောင်နဲ့ ရန်ကုန်က တိုက်ရိုက် လေယဉ်လိုင်းမရှိဘူးလေ။ အခုတော့ ဖလန်းမြို့မှာ လေယာဉ်ကွင်းဆောက် နေတာ အတော်ပြီးနေပြီလို့ဆိုပါတယ်။ လောလောဆယ် ချင်းတောင်နဲ့အနီးဆုံးလေယာဉ်ကွင်းက ကလေးမြို့။ လေယာဉ်နဲ့ မသွားချင်ဘူး (ဈေးကလည်းကြီးတာကိုး) ဆိုရင်တော့ ပုဂံ၊ ပခုက္ကူ၊ မန္တလေးဖက်ကနေ လိုင်းကား တွေနဲ့ သွားလို့ရပါတယ်။ ဒီလိုနဲ့ ချင်းတောင်သွားဖို့ ပုဂံမှာတညခိုရင်း အဖေါ်ကောင်းတာနဲ့ ရန္တာပိုရွာဖက် ရောက်သွားတယ် ဆိုပါတော့။
(ပုဂံမြိ့ရဲ့ မနက်ခင်းတခု)
တကယ်က ရန္တပိုရွာဆိုတာ ပုဂံ၊ မန္တလေး ကားလမ်းဘေးမှာရှိတာမဟုတ်။ ပုဂံဟိုတယ်တွေမှာ မေးကြည့်တာ ဘယ်သူမှ မသိဘူး။ ပုဂံသားမပြောနဲ့ အနီးဆုံးမြို့ မြင်းခြံက လူတွေတောင် ရန္တပို ဘယ်နားရှိမှန်း မသိဘူး။ အဲလို ဘယ်သူမှမသိတဲ့ ဝေးလံခေါင်ဖျားတဲ့နေရာကို ခင်ဗျားက ဘာသွားလုပ်မှာလဲ။ ခင်ဗျားအဖိုးက ရန္တပို စာချုပ် လက်မှတ်ထိုးတုန်းက ပါဝင်ခဲ့တာလားလို့ မမေးပါနဲ့။ 
ရန္တပိုစာချုပ်ဆိုတာကို အလယ်တန်းစာအုပ်ထဲဖတ်ဖူးတာကလွဲပြီး ဘာမှမသိဘူး။ အင်္ဂလိပ်-မြန်မာ ပထမ စစ် လား၊ ဒုတိယ စစ်လားတောင်မမှတ်မိလို့ ဒီဆောင်းပါးရေးမှ ဂိုဂယ်လိုက်ခေါက်နေရတာ။ (ပထမ စစ်ပွဲအပြီး ၁၈၂၆ မှာ ချုပ်ဆိုခဲ့တယ်လို့ ကျောက်တိုင်မှာ ရေးထားပါတယ်)။ ဒီလို ကိုယ်နဲ့ဘာမှမဆိုင်တဲ့နေရာတခုဆီ ဘာ သွားလုပ်မှာလဲ။ အမေးရှိပေမယ့် အဖြေက အတိအကျမရှိဘူး။ ကျနော် ပုဂံမှာ အီး-ဘိုက်တစီးနဲ့ လျောက်သွား လို့ကောင်းနေတုန်း ကိုယ်ပိုင်ကားပါတဲ့ မိတ်ဆွေတယောက် ချင်းတောင်ကပြန်ဆင်းလာပြီး ပုဂံကိုရောက် လာပါတယ်၊ မြင်းခြံ-တောင်သာမှာရှိတဲ့ မိတ်ဆွေတယောက်ကလည်း အဲဒီဖက်သွားရင် သူလည်းလိုက်မယ် ဆိုတယ်။
မိတ်ဆွေဆိုလို့ အခုမှတွေ့သူတွေမဟုတ်ဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် မိုးထဲရေထဲကာလတွေတုန်းက DVB (နော်ဝေ)မှာ အတူတာဝန်ထမ်းခဲ့ဖူးသူတွေ။ သူတို့နှစ်ဦးစလုံးက ကိုကိုသြစီတွေ။ ကိုယ်က နော်ဝေ။ ဆိုတော့ အားလုံး မြန်မာပြည်ဖွား နိုင်ငံခြားသားတွေပေါ့။ ပုဂံကနေ စထွက်ကတည်းက အားလုံးဟာ ကိုယ့်အတွက် နယ် မြေအသစ်။ ဘာကြောင့်လဲဆို အဲဒီအချိန်အထိ ကိုယ်ရောက်ဖူးတဲ့နေရာက ပုဂံလေယဉ်ကွင်း ဟိုဖက်ကို မ ကျော်သေးဘူး။ မြို့သစ်ဖက်နေထွက်လာတော့ ပထမ ဆုံးတွေ့ရတဲ့ဆိုင်းဘုတ်က ငါသရောက်မြို့လမ်းခွဲ၊ ကြားဖူးသလိုလို ရှိ ပေမယ့် ဒီနားမှာ ဒီမြို့ရှိမှန်းကြိုမသိဘူး။ နည်းနည်းဆက်ကျော်လာတော့ ညောင်ဦးဖက်က လာတဲ့ လမ်းနဲ့ဆုံပါတယ်။
လမ်းဆုံကျော်တော့ စဥ့်အိုးထဲ အခန်းဖွဲ့ထားတဲ့ အမြင်ဆန်းဒီဇိုင်းနဲ့ ဆောက်လက်စ ဘန်ဂလိုတွေ၊ ပြီးတော့ ထန်းတောတွေ၊ ငေးလို့ကောင်းတုန်း ဝုန်းဆိုပြီး နိမ့်ဆင်းသွားတဲ့ ရေကျော်။ ရေကျော်ဆိုလို့ပြောရဦးမယ်။ အညာကိုမရောက်ခင်က ရေကျော်ဆိုတာ ပဇွန်တောင်ရေကျော်ဈေးနဲ့ သောရင်းမြစ်ဘေးရှိ ၀မ်ခစခန်းအပေါ် နားက ရေကျော်စခန်းလောက်ပဲ ကိုယ်ကသိတာ။ ရန်ကုန်မှာအလုပ်ပြန်ဝင်တော့ ဘယ်မြို့က ရေကျော်မှာ ကုန်ကားကြီးတွေမျောပါသွားတယ် ဆိုတဲ့ မိုးတွင်းကာလ ရေကြီး သတင်းဝင်လာပါတယ်။ သတင်းထောက်က အညာသားဆိုတော့ ရေကျော်ဆိုတာ သူသိပြီးသား။ မသိတဲ့ကိုယ်က ရေကျော်နေတဲ့နေရာဆိုပြီး သတင်းကိုပြင် ပေးလိုက်ပါတယ်။
ဒါပေမယ့် ကိုယ်ပြင်တာကို အတော်များများက လက်မခံဘူး။ ဘာကြောင့်လဲဆို ရေကျော်လို့ပြောလိုက်ရင် အ ညာရောက်ဖူးသူတိုင်း သိတယ်တဲ့။ အောက်ပြည်ကလာတဲ့ လူတယောက်ရဲ့အမြင်ကိုပြောရမယ်ဆိုရင်တော့ အညာက ရေကျော်ဆိုတာဟာ တကယ်တော့ တံတားဆောက်သင့်တဲ့နေရာမှာ တံတားမဆောက်ပဲ ရေကို လမ်းပေါ်ကနေ ဒီတိုင်း (လမ်းကို မပြိုအောင် ကွန်ကရစ်ခင်းထားပြီး) ကျော်ခိုင်းတဲ့နေရာပါပဲ။ အညာမှာ မိုး သိပ်မရွာတဲ့အတွက် ဒီချောင်းထဲရေစီးတဲ့ကာလကလည်း တနှစ်လုံးနေမှ တလလောက်ပဲရှိပုံရပါတယ်။ အဲဒီချောင်းတွေ (ရေကျော်တွေ) ကိုသာ တံတားလိုက်ဆောက်မယ်ဆိုရင်လည်း ဘတ်ဂျက်အတော်ကုန်မလား မသိပါဘူး။
စာရေးသူအတွက်တော့ ဒါဟာ အညာဒေသရဲ့အထူးအဆန်းပါပဲ။ ရေကျော်အကြောင်းပြောရင်းနဲ့ ပခုက္ကူအ၀င်ဝ က ရထားလမ်းကုန်းကျော်တံတားကြီးအောက်ရောက်လာပါတယ်။ ဒါ ခင်ဗျား မနက်ဖန် ချင်းတောင်တက်ရင် ဒီ ကနေ လိုင်းကားလာစီးရမှာ-တဲ့။ ကျနော်မိတ်ဆွေကပြောပါတယ်။ အခုတော့ မြို့ထဲမ၀င်သေး။ ညောင်ဦး-မြင်း ခြံ လမ်းအတိုင်းဆက်မောင်း။ ဧရာဝတီမြစ်ကူးတံတားတစင်းကိုဖြတ်၊ တနာရီလောက်ကြာတော့ မြင်းခြံကို ရောက်ပါတယ်။ ဒီဖက်ကလမ်းတွေက မွန်-တနသာင်္ရီဘက်က လောက်မကောင်းပေမယ့် ဧရာဝတီတိုင်းက ချောင်းသာကမ်းခြေ ဖက်သွားတဲ့လမ်းထက်တော့ အများကြီးသာပါတယ်။
………………
အပိုင်းလိုက် ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။


မည်သည့်မီဒီယာမဆို ဒီဘလော့ သို့မဟုတ် FB ကို ခရက်ဒစ်ပေးပြီး အသုံးပြုနိင်ပါတယ်။



0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More