Tuesday, December 24, 2019

ချင်းတောင်တန်းသို့ ခရီးသွားခြင်း (၂)

တောင်တွေကြားက အညာမြို့


မြင်းခြံမဝင်ခင် ပထမ ဆုံးတွေ့ရတာက အမှိုက်ပုံကြီးတခု။ ‘’အမှိုက်ပုံနဲ့ တက္ကသိုလ်တွေ့ပြီဆိုရင် အဲဒါ မြို့ဝင်ဖို့ နီးပြီ’’ ဆိုပြီး ကျနော်မိတ်ဆွေ ကားမောင်းသူကပြောပါတယ်။ သူက မြန်ပြည်တလွှား ကားတစီးနဲ့ လျောက်သွား (ဓာတ်ပုံရိုက်) နေသူဆိုတော့ ဘယ်နား ဘာရှိတယ်ဆိုတာ အတော်သိနေပြီ။ နောက်မိတ်ဆွေတယောက်ကို တောင်သာမှာ ဝင်ခေါ်ရမှာဆိုတော့ မြင်းခြံကနေ ညာဖက်ချိုးပြီး တောင်သာဖက်လှည့်ရပါတယ်။ တကယ်ဆို ပုဂံ-ကျောက်ပတောင်းဖက်နေမောင်းလာရင် တောင်သာကိုအရင်ရောက်မှာဖြစ်ပေမယ့် အဲဒီဖက်က လမ်းဆိုး တယ်ဆိုလို့ မသွားဖြစ်။

(တောင်သာမြို့က တောင်တန်းတခု)
မြင်းခြံအထိ ဘာမှအထူးအခြားမတွေ့မိပေမယ့် တောင်သာဖက်ရောက်တာနဲ့ အတော်သာယာတဲ့ တောင်တန်း ကြီးတွေကိုတွေ့ရပါတယ်။ ဒါကြောင့်မို့ တောင်သာလို့ခေါ်လား မသိပါ။ အညာကနေ ရှမ်းပြည်ရောက်သွားတဲ့ ခံ စားချက်မျိုး။ လမ်းဘေးသစ်ပင်တွေကလည်း နည်းနည်းပြောင်းသွားသလိုလို၊ ပုဂံကနေ မြင်းခြံအထိက ထ နောင်း၊ တမာ၊ မကျီး၊ ထန်းပင်နဲ့ အမျိုးအမည်မသိအပင်ငယ်တချို့၊ ထနောင်းနဲ့ တမာက အပူကို အတော်စုပ်ယူ နိုင်ပုံရပါတယ်။ ပုဂံမှာဆို ထနောင်းရိပ်၊ တမာရိပ်အောက်ဝင်လိုက်တာနဲ့ အေးသွားတာပါပဲ။

တောင်သာဖက်မှာတော့ ထနောင်းတို့၊ တမာတို့ကို မြို့ထဲမှာမြင်ရပေမယ့် ခုနကတွေ့ခဲ့တဲ့ တောင်ပေါ်တန်းမှာ တော့ ဒီအပင်တွေမရှိပါဘူး။ တောင်ပေါ်ဆိုတော့ တောင်ပေါ်အပင်တွေဖြစ်မှာပေါ့။ ကိုယ်ကလဲ ရုက္ခဗေဒ အကြောင်းလေ့လာထားသူမဟုတ်တော့ အပင်နဲ့ ပတ်ဝန်းကျင်အခင်းအကျင်း နည်းနည်းကွာသွားတာကို သတိ ထားမယ်ဆိုတာကိုပြောချင်တာသက်သက်ပါ။ ထူးထူးခြားခြား ကားလမ်းဘေးတလျောက်မှာတော့ ဆူးတွေပါတဲ့ ခြုံပင်တွေကအများကြီး။ တောင်သာက မိတ်ဆွေကြီးကိုမေးကြည့်တော့ ဦးနု ခေတ်က အာဖရိကဖက်ကနေ မျိုး စေ့ယူလာတဲ့ ‘ကန္တရအပင်’ တွေလို့ပြောပါတယ်။ အတော်အမျိုးပွားတဲ့အပင်ဖြစ်ပုံရတယ်။ နေရာတိုင်း ဒီအပင် တွေချည်းပဲ။

 ‘ဒါနဲ့ ဦးအောင်သောင်းအိမ်က ဘယ်နားလဲဗျ’ ဆိုပြီးမေးကြည့်တော့ သူက မြို့ပေါ်က မဟုတ်ဘူး၊ ခပ်လှမ်း လှမ်းက ရွာမှာနေခဲ့တာလို့ဆိုပါတယ်။ ကိုယ်က ဦးအောင်သောင်းကို တောင်သာမြို့ ပေါ်ကလို့ပဲ ထင်ထားတာ။ တောင်သာကိုသိတာတောင် ဦးအောင်သောင်းနဲ့တွဲပြီး သိထားတာမို့လား။ အခုတော့ သူကွယ်လွန်သွားတာ တောင် ၅ နှစ်နီးပါးရှိနေပါပြီ။ ဒါပေမယ့် မြန်မာပလာဇာဖက်က ဘီယာဘား သွားထိုင်တိုင်း ဦးအောင်သောင်း အကြောင်း စကားစပ်မိနေတုန်း။ ထားတော့။ တောင်တွေ ပတ်လည်ဝိုင်းနေတဲ့ ထူးခြားတဲ့ တောင်ပေါ်အညာမြို့ တောင်သာကနေ ပြန်ထွက်။ မြင်းခြံကိုဖြတ်၊ ရန္တပိုဖက်သွားမယ်ဆိုတော့ လမ်းညွန် ဆိုင်းဘုတ်က ဘာမှမရှိ။ ‘တလုတ်မြို့ကိုအရင်သွားရမယ်၊ အဲဒီကနေ ဆည်ဘောင်လမ်းအတိုင်းဝင်ရမယ်လို့ ကျနော်မိတ်ဆွေကပြော တယ်ဗျ’ လို့ ဒီခရီးစဉ်ရဲ့ ရှေ့ဆောင်လမ်းပြ ကားမောင်းသူကပြောပါတယ်။

ကိုယ့်အတွက်တော့ အားလုံးဟာ နယ်မြေအသစ်၊ တောင်သာနဲ့ မြင်းခြံကို အမည်ကြားဖူးပြီးဖြစ်ပေမယ့် တလုတ် မြို့ဆိုတာကို အခုမှ ကြားဖူးတာ။ အမှိုက်ပုံတခုကို ကျော်တဲ့အချိန်မှာ ဒါဟာ မြို့ထွက်သင်္ကေတလို့ သိလိုက်ပြီ။ တလုတ်မြို့အသွားလမ်းက ကျဉ်းပေမယ့် ဘေးပတ်လည် စိုက်ခင်းတွေက ရှမ်းပြည်ဖက်က အောင်ဘန်းနဲ့ တောင် ခပ်ဆင်ဆင်။ ပြီးတော့ ထူးထူးခြားခြား လင်းခေးက ဗာဂျီနီးယားဆေးရွက်ကြီးစိုက်ခင်းလိုမျိုး စိုက်ခင်း တွေကိုလည်း တလုတ်မြို့အသွားလမ်းဘေးမှာတွေ့ခဲ့ရပါတယ်။

တချို့နေရာတွေမှာတော့ ရေသွင်းစိုက်ထားတဲ့ ပဲနဲ့နှမ်းခင်းတွေ၊ ရေဘယ်ကရလဲဆိုတော့ အခု ကျနော်တို့သွား မယ့် ရန္တာပိုရွာရှိ ဧရာဝတီမြစ်တွင်းကနေ သွယ်ယူထားတဲ့ ရန္တပို ရေသွယ်မြောင်းကနေရတာတဲ့။ တလုတ်မြို့ ကိုကျော်ပြီး ဒီဖက်ထွက်လာတော့ လမ်းက မြေနီလမ်းဖြစ်သွားပြီ။ တံတားတွေကလည်း လွန်ခဲ့တဲ့ နှစ် (၃၀) ကျော်က မြိတ်-ထားဝယ်ဖက်မှာ တွေ့ရလေ့ရှိတဲ့ သစ်သားတံတားမျိုး။ ဂျိုးဂျိုးဂျက်ဂျက်မည်နေတဲ့ အဲဒီတံတား ပေါ်က ကျိုးနေတဲ့ သစ်သားစနဲ့ ထိုးမိပြီး ကားတာယာပေါက်သွားရင်တော့ ဒုက္ခ။ ဒါပေမယ့် ကျနော်မိတ်ဆွေ ကြီးက ဒီလိုစွန့်စားသွားရတာကို သဘောကျပုံရပါတယ်။



ရန္တာပိုလမ်းခွဲတွေ့ပြီ


ဘုန်းကြီးကျောင်းတခုရှေ့မှာတော့ နွားဈေးလို့ယူဆရတဲ့ နွားချည်တိုင်းအများကြီးကိုတွေ့ရပါတယ်။ အဲဒီက အ ထွက်မှာတော့ နွားလှည်းတွေအများကြီးနဲ့ စပါးတွေသယ်ယူနေကြတုန်း။ နွားလှည်းတွေ၊ နွားတွေဆိုတာက လည်း အညာရောက်မှပဲ မြင်ဖူးတာ။ အောက်ပြည် အောက်ရွာ၊ အထူးသဖြင့် မွန်-ကရင်-တနသာင်္ရီဖက်မှာ နွား မရှိတော့ဘူး။ အားလုံး စက်မှုလက်ယာဖြစ်နေပြီ။ အဲဒီလို ဖုန်ထူထူ လမ်းမပေါ် စွန့်စားမောင်းပြီး နေ့လည် (၁၂) နာရီလောက်မှာတော့ ရန္တာရွာသို့ ဆိုတဲ့ဆိုင်းဘုတ်ကို လှပတဲ့ ရေသွယ်မြောင်းတခုဘေးမှာတွေ့ရပါတယ်။
ရန္တာပို ရေသွင်းမြောင်း

တွေ့ဖူးသလောက် ရေသွယ်မြောင်းတွေထဲမှာတော့ အခုတွေ့ရတဲ့ ရန္တာပိုမြောင်းက အလှပဆုံး၊ အသပ်ရပ်ဆုံး၊ စနစ်အကျဆုံးပါပဲ။ အဲဒီလိုလှပပြီး စိမ်းလဲ့နေတဲ့ ရေမြောင်းဘေးရှိ (၆)ပေလောက်သာ အကျယ်ရှိတဲ့ မြေနီလမ်း ပေါ်ကနေ ကားမောင်းသွားရမှာတဲ့။ အင်း- တခြားလမ်းမရှိဘူးလားဆိုတော့ မရှိဘူး။ လှေလမ်းပဲ ရှိတယ်တဲ့။ ဒီ ဖက်မဝင်ပဲ ရှေ့ဆက်မောင်းသွားရင် ဘယ်မြို့ရောက်လဲဆိုတော့ ဆီးမီးခုံဆိုလား၊ မြို့သာဆိုလား၊ ကိုယ်တခါမှ မကြားဖူးသေးတဲ့နေရာတွေ။ ဒီအထိရောက်ပြီးမှတော့ လှည့်ပြန်လို့ ဘယ်ဖြစ်မလဲ။ ဆက်မောင်း ကားဆရာ။


ရေမြောင်းဘေးလမ်းက ကျဉ်းတဲ့အပြင် တဖက်မှာ ရေမြောင်း၊ နောက်တဖက်မှာ လယ်ကွင်းဆိုပေမယ့် ကန် ဘောင်ကိုအမြင့်ကြီးဖို့ထားတော့ (၁၀)ပေကျော်လောက်တောင်မြင့်မယ်ထင်တယ်။ ပြုတ်ကျရင်တော့ မသက် သာဘူး။ စက်ဘီးစီးသလိုပေါ့၊ ပြုတ်ကျတာကိုကြောက်နေရင် ဘယ်စီးတတ်တော့မလဲ။ အဖြေကတော့ ဆက် မောင်းကားဆရာပါပဲ။ ရေမြောင်းအရှည်က (၅) မိုင်လောက်တောင် ရှိမယ်ထင်ပါတယ်။ တော်သေးတယ်၊ (၅) မိုင်စလုံး မျက်နှာချင်းဆိုင်ကလာတဲ့ ကားတစီးမှမတွေ့ပဲ ဆိုင်ကယ်တွေနဲ့ နွားတွေ၊ ဆိတ်အုပ်တွေ လောက်သာ တွေ့လို့။


ကိုယ်တွေက အိမ်စီးကားသေးသေးလေးနဲ့ ကြောက်ကြောက်လန့်လန့်ဖြစ်နေစဉ်မှာ ကုန်ကားတစီးကိုတွေ့မိ တော့ အတော်အံ့သြသွားတယ်။ တော်သေးတယ် အဲဒီကားကို ရွာအဝင် လမ်းခွဲရောက်မှ တွေ့လို့။ ကန်ဘောင် ပေါ်တွေ့လို့ကတော့ မချောင်ဘူး။ ကန်ဘောင်အဆုံး သို့မဟုတ် ဧရာတီမြစ်ဘေးရှိ ရေစတင်တဲ့နေရာရောက် တော့ - ဆီးမီးခုံ တိုးချဲ့လျှပ်စစ်မြစ်ရေတင်စက်ရုံ အမှတ်(၁) လို့ရေးထားတဲ့ ဆိုင်းဘုတ်ကိုတွေ့ရပါတယ်။ မြစ် စပ်ကဘောမှာ စက်ကြီးတွေထားပြီး မြစ်ရေတင်ပေးနေတဲ့စနစ်က အားကျစရာ။ မြန်မာနိုင်ငံတဝှမ်း ဒီလိုရေပေး တဲ့စနစ် ဘယ်လောက်များများရှိသလဲ။ ရေချိုရတဲ့ မြစ်ကြီး (၄)သွယ်ကနေ ဒီလိုသာ ရေတင်ပေးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး ဒီထက်အများကြီးဖြစ်ထွန်းလာနိုင်ပါတယ်။


ကန်ဘောင်ကနေ ရွာထဲဝင်မယ်ဆိုမှ ကားက ပြန်ကွေ့လို့မရဘူးဖြစ်နေ။ တော်သေးတယ်။ စက်ရုံဘေးမှာ ကားကွေ့လို့ရတယ်ဆိုသာရုံလေး နေရာကျဉ်းကျဉ်းလေးရှိလို့။ အဲဒီကနေ ရွာထဲကိုဖြတ်ပြီး ရန္တာပို ကျောက် တိုင်ရှိတဲ့ဖက်ကိုမောင်း၊ ရွာလမ်းကလည်း ကားတစီးလွတ်တယ်ဆိုရုံ လှည်းလမ်းကလေး။ တွေ့ပြီ- ဟိုမှာ ဧရာ ဝတီမြစ်ဘေးက ခြံဝင်းထဲမှာ အဖြူရောင်ကျောက်တိုင်တခု။ ဒါဟာ အဂ်လိပ်-မြန်မာ ပထမ စစ်ကိုအဆုံးသတ် စေခဲ့တဲ့ ရန္တာပိုစာချုပ်ခဲ့တဲ့နေရာ။ တကယ်စာချုပ်ချုပ်တဲ့နေရာက ဟိုး…မှာ မြင်နေရတဲ့ ဧရာဝတီမြစ်လယ်က သသောင်္ပေါ်မှာ။


ရန္တာပိုစာချုပ် ကျောက်တိုင်
အဲဒီ သဘောင်္အခုတော့ ဘယ်ရှိတော့မလဲ။ အခု ကမ်းစပ်မှာဆိုက်ထားတဲ့သဘောင်္က ဒီရွာကထွက်တဲ့ အိုးတွေ ကိုလာသယ်တဲ့သဘောင်္၊ ဟိုမြစ်လယ်မှာမြင်နေရတာက မန္တလေးကနေ ပုဂံကိုပြေးနေတဲ့ အမြန်သဘောင်္တွေ။ ပြီးတော့ သဲတင်တဲ့လှေတွေလားမသိဘူး။ ဆွဲလှေနဲ့ဆွဲသွားတဲ့ သဲလှေကြီးတွေကလည်း အများကြီး။ ဧရာဝတီ မြစ်ထဲ အဲလိုငေးနေတုန်း မန္တလေး-ပုံဂံပြေးတဲ့ သဘောင်္ဟာ အရှိန်လျော့လိုက်ပြီး နိုင်ငံခြားသား လူဖြူ (၁၀)ဦး ခန့် သဘောင်္ပေါ်ကနေဆင်း၊ ဘေးက လှေငယ်လေးပေါ်ပြောင်းတက်လာတာတွေ့ရပါတယ်။ ပြီးတော့ အဲဒီလှေ က ကျနော်တို့ရပ်နေတဲ့ ကျောက်တိုင်ဘေးနားရှိ တောအုပ်ထဲရှိ အိမ်လေးတလုံးဆီ။ အသေချာကြည့်တော့ အိမ် လေး ဘယ်ဟုတ်မလဲ။ ရှေ့မှာနိဒါန်းချီထားတဲ့ ဧရာဝတီမြစ်ဘေးရှိ ရန္တာပိုကျောက်တိုင်နားက ဒန္တာရီဆန်တဲ့ ကြယ်ငါးပွင့်ဟိုတယ်ဆိုတာ ဒါကိုပြောတာ။

(ဓာတ်ပုံ Yandabo Home)

(ဓာတ်ပုံ Yandabo Home)


မသိရင် ငယ်ငယ်တုန်းကကြားဖူးတဲ့ တောကြီးမျက်မဲထဲက သိုက်နန်းထဲရောက်သွားသလိုလို။ ဒီလိုရွာငယ်လေး ရဲ့ တောအုပ်ထဲမှာ ကြယ်ငါးပွင့်အဆင့် ဟိုတယ်ကြီးတလုံးရှိနေလိမ်မယ်လို့ ဘယ်လိုမှ ထင်ထားစရာမရှိပါ။ လက်ရှိ မြစ်ရေပြင်ထက် ပေ (၃၀)လောက်မြင့်တဲ့ တောအုပ်ထဲက ဒီဟိုတယ်ခြေရင်းအထိ မိုးတွင်းဆိုရေတက် တဲ့အတွက် ဟိုတယ်ကို ခြေတန်ရှည်ဆောက်ထားတယ်ဆိုပါတယ်။ ကွန်ကရစ်တိုင်တွေနဲ့အခိုင်အမာဆောက် ထားပြီး အပေါ်ထပ်မှာတော့ တကယ့်ကိုကြယ်ငါးပွင့်အဆင့်ရှိတဲ့ Resort၊ အခန်းက (၁၂)ခန်းသာရှိပြီး လာ တည်းသူက များလွန်းတဲ့အတွက် ကြိုတင် ဘိုကင်မလုပ်ထားရင် ဘယ်လိုမှအခန်းမရနိုင်ဘူးလို့ ဟိုတယ် တာဝန် ရှိသူတဦး ကပြောပါတယ်။

...


အိုးသူဌေးရွာမှာ ခဏတာ


အဲဒါဆို ခုနကလှေပေါ်ကဆင်းလာတဲ့ လူတဒါဇင်လောက်က ဘယ်လိုတည်းမှာလဲဆိုပြီးမေးကြည့်တော့ အဲလူ တွေက ဒီမှာမတည်းဘူး။ နေ့လည်စာစားပြီးရင် ဟိုတယ်ရှေ့မှာရပ်ထားတဲ့ မောင်တိန်းဘိုက်တွေကိုစီးပြီး မြင်းခြံ ကို ပြန်မှာတဲ့။ ဒီတော့မှ မောင်တိန်းဘိုက်တစီးနဲ့ ဟန်ရေးပြနေတဲ့ တိုးလ်ဂိုက်ဖြစ်ပုံရသူကိုမေးကြည့်မိတယ်။ ဂိုက်က (၂) ဦး၊ စက်ဘီးနဲ့ ပစ္စည်းတွေတင်တဲ့ ကားတစီးနဲ့ ကားဆရာအပြင် အကူက (၂)ဦး။ ခုနက စက်ဘီးစီး မယ့်နိုင်ငံခြားသားက (၇)ဦးတဲ့။ ဧည့်သည်တွေနဲ့စကားမပြောဖြစ်လိုက်ပေမယ့် သူတို့ပြောတဲ့ လေသံက အဂ် လိပ်အသံမဟုတ်ပဲ ပြင်သစ်လို့ထင်ရပါတယ်။ ဒါပေမယ့် ဟိုတယ်ပိုင်ရှင်က အီတလီဖြစ်တဲ့အတွက် ဒီကိုလာတဲ့ နိုင်ငံခြားသားအများစုဟာ အီတလီတွေဖြစ်တယ်လို့ အဲဒီဟိုတယ်မှာတည်းနေတဲ့ အီတလီ တိုးလ်ဂိုက်က ကျနော်ကိုရှင်းပြပါတယ်။



ဟိုတယ်သုံးပစ္စည်းတွေ၊ အထူးသဖြင့် ဟိုတယ် အိပ်ခန်း၊ အိမ်သာနဲ့ ရေချိုးခန်းသုံးပစ္စည်းတွေမှာ အီတလီက နာမည်ရထားပါတယ်။ အီတလီလုပ် မျက်နှာသစ်တဲ့ခွက်၊ ရေချိုးတဲ့ခွက်တွေတွေ့ရင် ဥရောပသားအတော်များ များက ကြိုက်မှကြိုက်။ ဒါကြောင့် ဒီလောက်ဝေးလံတဲ့ တောရွာကဟိုတယ်မှာ ဘိုကင်မလုပ်ရင် အခန်းမရဘူး ဆိုတဲ့အနေအထားအထိဖြစ်နေတာပေါ့။ အစားအသောက်ကလည်းကောင်းပါတယ်။ ဘာကြောင့်သိလဲဆို ဟို တယ်မှာ မတည်းဖြစ်တဲ့ကျနော်တို့ဟာ ဒီဟိုတယ်မှာ နေ့လည်စာစားဖူးသည်ရှိအောင် စားသွားဦးမှဆိုပြီး အား ပေးခဲ့လို့ဖြစ်ပါတယ်။


ဒီဟိုတယ်မှာက အားလုံး ကြိုတင် ဘိုကင်နဲ့ဆိုတော့ ဒီတိုင်းဝင်စားလို့မရဘူး။ ဘိုကင်လုပ်ထားစဉ် တနာရီ လောက်ကြာမယ်ဆိုလို့ ဟိုတယ်နောက်ကျောက ရွာထဲဝင်ပြီး အိုးလုပ်ငန်းကို လေ့လာရေးဆင်းရပါတယ်။ အောက်ပြည်အောက်ရွာကလာတဲ့သူတွေအတွက် အိုးလုပ်တာ၊ အိုးဖုတ်တယ်ဆိုတာ တကယ့်အထူးအဆန်း မြင်ကွင်းတွေပါပဲ။ ဒါပေမယ့် ကိုယ်ကတော့ ဝါးတားတက္ကစီစီးပြီး တွံတေးကိုသွားလည်ဖူးထားတယ်ဆိုတော့ အိုးလုပ်ငန်းအခြေခံသဘောကိုတော့ သိထားပြီးသားဆိုပါတော့။ အဲဒီမတိုင်ခင်အထိဆိုရင် ရေအိုး၊ ပန်းအိုး တွေအားလုံးကို ဒီဇိုင်းဆွဲ၊ ပုံစံသွင်းပြီး ထုတ်ထားတယ်လို့ပဲ ထင်ထားခဲ့တာ။


ရန္တာပိုရွာတွင်းက အိုးလုပ်ငန်း

ဒီဆရာတွေက တသက်လုံး ဒါပဲလုပ်လာတာဆိုတော့ သူ့တို့လက်မှန်းက ကွန်ပြူတာနဲ့တွက်တာနဲ့ ကွက်တိ လောက်နီးနီးဝင်မယ်ထင်ပါတယ်။ ပထမ ဆုံးတွေ့တဲ့အိမ်က ဆရာကြီးက မီးသွေးမီးဖိုတွေလုပ်နေတာတွေ့ရ ပါတယ်။ အတော်လက်ဝင်မယ်လို့ထင်ရပေမယ့် သူ့လုပ်သွားတာ လွယ်လွယ်လေး။ အရေးကြီးတာက လိုအပ် တဲ့ ရွံစေးကို ရအောင်ရှာဖို့ပါပဲ။ ဒီရွံစေးကိုတခြားကနေ မှာရတယ်ဆိုပေမယ့် အသေးစိပ်တော့ သူက ရှင်းမပြပါ။ ဟိုဖက်လမ်းဆုံနားက အိမ်မှာတော့ အိုးတွေကို မီးဖုတ်နေတာတွေ့ရပါတယ်။ ခုနကပြောတဲ့ ပန်းအိုး၊ ရေးအိုး၊ (စဥ့်အိုးတော့မပါဘူး။ အဲဒါက သီးခြားခေါင်းစဉ်နဲ့ သီးခြားနေရာတွေက ထုတ်တယ်လို့ဆိုပါတယ်) မီးဖိုတွေကို နေရောင်မထိစေပဲ အမိုးအကာအောက်မှာခြောက်အောင်ထားပြီး (၃)ရက်ခန့် မီးဖုတ်ရတယ်ဆိုပါတယ်။ မီးဖုတ် တယ်ဆိုတာ အလွယ်ပြောတာ။ မြင်ရတဲ့မြင်ကွင်းက ကျနော်တို့ အောက်ပြည်အောက်ရွာမှာ အုတ်ဖုတ်သလိုမျိုး (၃)ရက်လောက်လော စပါးခွံတွေ၊ လွှစာမုန့်တွေနဲ့ မီးနဲ့ဖုတ်တာမျိုးပါ။


နောက်တနေရာမှာတော့ ရှေ့မှာမြင်ခဲ့ရတဲ့ ကုန်တင်ကားထက်ပိုကြီးတဲ့ (၁၀)ဘီးပါ ကုန်တင်ကားကြီး၊ အိုးပေါင်း စုံကို အဲဒီကားပေါ်စနစ်တကျ (ကောက်ရိုးတွေကြားညှပ်ပြီး) တင်နေတာတွေ့ရပါတယ်။ ခုနက တာရိုးပေါ် ဒီ ကားဘယ်လိုမောင်းလဲ၊ ကားနှစ်စီးတွေ့ရင် ဘယ်လိုလွဲမလဲမသိပါ။ ဒီအိုးတွေအများကြီး ဘယ်ကိုသယ်သွားမှာ လဲဆိုပြီးမေးကြည့်တော့ အညာဘုရားပွဲမှာ သွားရောင်းမှာတဲ့။ အညာက ဘုရားပွဲတွေမှာတွေ့သမျှအိုးအားလုံး နီးပါးဟာ ဒီရန္တပိုရွာက ထွက်တယ်လို့ သူတို့ကဆိုကြပါတယ်။ အိုးလေးတလုံးလောက် လက်ဆောင်ဝယ်သွားပါ ဦးလားတဲ့။ ကိုယ်တွေက ပလစတစ်ဗူးတွေ၊ သတ္တုဗူးတွေနဲ့ ယဉ်ပါးနေပြီဆိုတော့ အဲဒီမြေအိုးကိုဝယ်ပြီး ဘယ်နားသွားထားရမှန်းမသိ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More