ပခုက္ကူမြို့မှာ ခဏတာ
ခေါင်းစဉ်ကို ‘’ချင်းတောင်တန်းသို့ ခရီးသွားခြင်း’’ လို့အမည်ပေးထားပေမယ့် ခရီးထွက်လာတာ (၃)ရက်ကြာ ပြီးတဲ့အထိ ချင်းတောင်ခြေကိုတောင်မရောက်သေး။ ပထမ တရက်က ပုဂံဘုရားတွေကြား အီး-ဘိုက်တစီးနဲ့ လမ်းသလား၊ ဒုတိယနေ့က မထင်မှတ်ပဲ တောင်သာ၊ မြင်းခြံကနေ ဧရာတီမြစ်ဘေးက ရန္တာရွာအထိရောက် သွား။ အခု တတိယနေ့တော့ ချင်းတောင်ခရီး မစလို့မဖြစ်တော့ဘူး။ ပုဂံကနေ ချင်းတောင်ကို ဘယ်လိုသွားရ မလဲဆိုပြီး လိုက်မေးကြည့်တော့ ပခုက္ကူကိုအရင်သွား၊ အဲဒီကနေ မီနီဘတ်စ်တွေ ရှာစီးရမယ်ဆိုပါတယ်။ တကယ်က ချင်းတောင်လို့ ပြောလိုက်တာနဲ့မပြီးသေး။ ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်-မင်းတပ်ဖက်က နတ်မတောင်ဆီသွားမှာလား။ ချင်းမြောက်ပိုင်းက ဟားခါး-ထန်တလန်-ဖလန်းဖက်သွားမှာလား။
(ပုဂံရဲ့ နေ၀င်ချိန် အလှ..)
မင်းတပ်-ကန်ပက်လက်ဖက်သွားမယ်ဆိုရင်တော့ မီနီဘတ်စ်က မနက် (၇) နာရီတစီး၊ နေ့လည် (၂)နာရီတစီး ပခုက္ကူကနေထွက်တယ်ဆိုပါတယ်။ ပုဂံကနေ ပုခုက္ကူကိုတော့ အဝေးပြေးဘတ်စ်တွေပေါ် တက်လိုက်သွားလို့ ရ ပါတယ်။ ဒါဆို မနက် (၇)နာရီမီဖို့ ဘယ်လွယ်မလဲ။ နေ့လည် (၂)နာရီကားတော့ မီလောက်ပါတယ်ပေါ့ ။ ဒီလိုနဲ့ မင်းတပ်လာရင် သူ့ဆီအရင်ဝင်ပါ။ သူ မပြန်ခင် ရောက်အောင်လာပါလို့ ဖိတ်ခေါ်ထားတဲ့ နော်ဝေးပြန် မိတ်ဆွေ (ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကိစ္စ ဦးစီးဆောင်ရွက်နေသူ) ကို ဆက်သွယ်ရပါတယ်။
‘’ခင်ဗျားက မနေ့ကမလာပဲ ဘာလို့ ဒီနေ့မှလာတာလဲ၊ ကျနော်က ဒီမှာ ခေါင်ရည်နဲ့ ဧည့်ခံဖို့စောင့်နေတာ။ အခု တော့ ကျနော်လည်း ရန်ကုန်ပြန်ဆင်းတော့မယ်၊ ပခုက္ကူမှာပဲ စောင့်နေပါ’’ တဲ့။ တကယ်က သူနဲ့ချိန်းထားပြီးမှ ဒီ မှာ ကားကြုံရှိတုန်း (ကိုယ်ပိုင်ကားရှိတဲ့လူ လာတုန်း) ဟိုနား-ဒီနားလျောက်သွားလိုက်တာ။ နို့မိုဆို တခါလာ လည်း ပုဂံဘုရားဝန်းကျင်-နဲ့ ပုပ္ပါးတဝိုက်မှာပဲ လုံးချာ်လည်နေမှာ။ ပုဂံရောက်တာ -၄-၅ ခေါက်ရှိနေပြီဖြစ်ပေမယ့် ဒီတခေါက်ကျမှ သွားနေကြစက်ဝန်းကိုနည်းနည်းကျော်နိုင်တာ။ ဒီလိုနဲ့ နေ့လည်စာ စားပြီးချိန်မှာ ကားပိုင်ရှင် မိတ်ဆွေကြီးကိုပဲ ပခုက္ကူလိုက်ပို့ခိုင်းရပါတယ်။
မနေ့ကရောက်ထားပြီးဖြစ်တဲ့ ရထားလမ်းကုန်းကျော်ဘေးကနေ ဧရာဝတီမြစ်ကူးတံတားကိုဖြတ်လိုက်တော့ ပခုက္ကူကိုရောက်ပါပြီ။ ပုဂံနဲ့ (၁၅)မိုင်လောက်ပဲဝေးတယ်ဆိုပေမယ့် အခင်းအကျင်းက ပုဂံနဲ့ဘာမှမဆိုင်ဘူး။ ယဉ်ကျေးမှုမြို့ဟောင်းကနေ စီးပွား-ကုန်သည်မြို့ဆီ ရောက်လာတယ်ပြောရမလား။ ပုဂံလိုအပန်းဖြေမြို့မဟုတ် တာကတော့ သေချာတယ်။ အဲနောက်ထပ်ထူးခြားချက်က ခုနက ဖြတ်လာတဲ့ ဧရာဝတီမြစ်ဟာ မန္တလေးတိုင်းနဲ့ မကွေးတိုင်းကို စည်းခြားထားတာ။ ပြီးခဲ့တဲ့ နှစ်ရက်လုံးလုံး မန္တလေးတိုင်းထဲမှာလည်နေရာကနေ အခုတော့ မကွေးတိုင်းထဲရောက်ပြီ။ ချင်းတောင်တန်းနဲ့ တိုင်းတခုစာ ပိုနီးလာပြီပေါ့။
ပခုက္ကူမှာ ဒီညတည်းဖို့ ဟိုတယ်လိုက်ရှာတော့ ပုဂံလိုမျိုး သိပ်များများစားစားမရှိ။ မြို့ထဲလမ်း တလျောက် ၃-၄ လုံးလောက်လိုက်ကြည့်ပြီးတော့ အ၀င်လမ်းအတိုင်းပြန်လှည့်ပြီး ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှေ့က ရေကူးကန် ပါတဲ့ ဟိုတယ်ကိုရွေးလိုက်ပါတယ်။ ဈေးနည်းနည်းများပေမယ့် ရေကူးကန်ပါတယ်ဆိုတော့ တောင်ပေါ်မတက် ခင် အကျော်အမြင်လေး နည်းနည်းလျော့မယ်ပေါ့။ အခန်းမှာအထုပ်အပိုးထားပြီးတာနဲ့ ခုနက မင်းတပ်ကပုဂ္ဂိုလ် ရဲ့စီစဉ်ပေးမှုအရ သူ့မိတ်ဆွေတဦး ဆိုင်ကယ်နဲ့ရောက်လာပြီး ပခုက္ကူတဝိုက်လိုက်ပြမယ်ဆိုပါတယ်။ ကိုယ် လည်း ပုဂံလိုထင်ပြီး တမြို့လုံးကို အပေါ်စီးကနေ မြင်ရတဲ့ နန်းမြင့်တာဝန်လိုမျိုး၊ ဒါမှမဟုတ် တောင်ပေါ်တန်း လိုနေရာမျိုး ရှိလားပေါ့။ သူခေါ်သွားတဲ့ တောင်ပေါ်စေတီကနေ မြို့ထဲကိုကြည့်ပေမယ့် သစ်ပင်တွေကွယ် နေ လို့ ဘာမှမမြင်ရ။ ဟိုးခပ်လှမ်းလှမ်းက ဧရာဝတီမြစ်ကူး တံတားကိုသာ ခပ်ရေးမြင်မြင်ရပါတယ်။
ဒါဆို ရွှေဂူကြီးဘုရားသွားရအောင်တဲ့။ တကယ်ဆို ကျနော်က ဘုရားဖူး လာတာမဟုတ်၊ ဘာသာရေးနဲ့ခပ်ဝေး ဝေးနေချင်သူ။ ဒါပေမယ့် ထုတ်ပြောလို့ ဘယ်ကောင်းပါ့မလဲ။ အိမ်ရှင်ကလိုက်ပို့မှတော့ တာဝန်ကျေတော့ လိုက် ကြည့် ရမှာပေါ့။ တကယ်ရောက်သွားတော့ တကယ့်စိတ်ဝင်စားဘွယ် ထူးဆန်းတဲ့ ပန်းပုလက်ရာ၊ (တကယ်က ပန်းပုမဟုတ်ပဲ တံကဲ လို့ခေါ်တယ်ဆိုပါတယ်)။ ဗုဒ္ဒရုပ်ပွားတော်နောက်က ပုလ္လင်ကို သစ်သားကိုထွင်းပြီး အနု စိတ်ပန်းပုထုထားပုံက တကယ်လက်ဖျားခါလောက်ပါတယ်။ တကယ့်ရှားပါးလက်ရာပေါ့။ တကမ္ဘာလုံးမှာ တခုပဲ ရှိတယ်လို့ လိုက်ပို့သူနဲ့ ဘုရားမှာတာဝန်ရှိသူတွေကပြောပါတယ်။
ချင်းတောင်တန်းခရီးစဉ် တကယ်စပါပြီ
အဲဒီက အထွက်မှာတော့ ဧရာဝတီမြစ်ကမ်းနားက စေတီတခုဆီသွားရင်း စိမ်းစိုနေတဲ့ ရေလယ်ကျွန်းက စိုက် ခင်းတွေကို ငေးကြည့်ဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေကျချိန်မှာ ပေါ်လာတဲ့ ကျွန်းတွေက နည်းနည်းနောနောမှ မဟုတ်ပဲ။ မျက်စိတဆုံးရှိတယ်လို့တောင်ပြောနိုင်မယ်ထင်ပါတယ်။ စိုက်ခင်းတွေ၊ လယ်ကွင်းတွေကိုသာမြင်နေ ရပေမယ့် ဟိုဖက် တောအုပ်ထဲမှာ ရွာတွေပါရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် မိုးတွင်းမှာတော့ အဲဒီကျွန်းတခုလုံး ရေလွှမ်းသွားတဲ့အတွက် ရွာကလူတွေ မြို့ပေါ်ခဏတက်ရှောင်ရတယ်လို့ပြောပါတယ်။ အဲလိုရှောင်ရတဲ့အချိန် က တနှစ်မှာ နှစ်လလောက်ပဲဆိုတော့ ကျန် (၁၀)လစာ ဒီမှာ အေးဆေးပေါ့။ ဧရာဝတီမြစ်ရိုးတလျောက်မှာ ဒီလို မြေနုကျွန်းတွေအများကြိးရှိပြီး ဒီကျွန်းတွေကထွက်တဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေက ပိုကောင်းတယ်လို့ ဆိုကြပါ တယ်။
(ပုဂံရဲ့ နေ၀င်ချိန် ဖုန်လုံးတွေနဲ့ ချင်းတောင်တန်းရဲ့ တောင်ပြာတန်းအောက်က တိမ်တိုက်များ)
ပခုက္ကူတခွင် ရသလောက်အချိန်ယူကြည့်ရှုပြီးတဲ့အချိန်မှာ ညနေ (၅)နာရီကျော်နေပြီ။ တောင်ပေါ်က ဧည့်သည် တွေရောက်မလာခင်၊ ညစာမစားခင် ရေကူးကန်ထဲသွားပြီး ရေစိမ်ဦးမှ။ အ၀တ်လဲပြီး ကန်ထဲဆင်းဖို့ ခုံတန်းမှာ တယ်လီဖုန်းချလိုက်ရုံရှိသေး။ တောင်ပေါ်က ပုဂ္ဂိုလ်ဆီက ဖုန်းဝင်လာပါတယ်။ ‘’အစီစဉ်ပြောင်းသွားပြီ၊ ခင်ဗျား အဲမှာ ညမအိပ်နဲ့တော့၊ ကျနော့်ကိုလာပို့တဲ့ လွှတ်တော်အမတ်ကားနဲ့ တခါတည်းလိုက်သွားမှ အဆင်ပြေမယ်’’ တဲ့။ ဒီမှာက ရေစိုအ၀တ်နဲ့ တန်းလန်းကြီး။ ဖုန်းပြောလို့တောင်မပြီးသေး။ သူတို့ကားက ဟိုတယ်ရှေ့ ရောက် လာပါတယ်။
နဂိုအစီအစဉ်အရက ပခုက္ကူမှာတညအိပ်ပြီး နောက်နေ့မနက်မှ အေးဆေးတက်ဖို့ဖြစ်ပေမယ့် ဟားခါးက အရေး ပေါ်ဖုန်းဝင်လာတယ်။ သဖက်ခါ လွှတ်တော်မှာအရေးပေါ်ဆွေးနွေးပွဲရှိတဲ့အတွက် ကျနော်ကိုလိုက်ပို့မယ့် (သူ့ကို လာပို့တဲ့) လွှတ်တော်ကိုယ်စားလှယ်ရဲ့ကားက ဒီည မင်းတပ်ကိုပြန်တက်မှရမယ်။ မင်းတပ်နဲ့ ဟားခါးက တနေ ကုန်မောင်းရတယ်။ ဒီညထွက်မှ သဖက်ခါ ဟားခါးရောက်မယ်ဆိုပါတယ်။ ဟိုတယ်ကောင်တာမှာ အကြောင်း အကျိုးရှင်းပြပေမယ့် ငွေပြန်အပ်ခြင်း၊ တစုံတရာအဆင်ပြေအောင်လုပ်ပေးခြင်း ဘာမှမရှိ။ ပြေပြေလည်လည် တောင် ဆက်ဆံပြောဆိုခြင်းမရှိတဲ့ မြန်မာ့ဟိုတယ်ဝန်ထမ်းတွေရဲ့ အံ့သြဘွယ် ဆာ့ဗစ်တွေပါပဲ။ ရေတောင်မ ကူးရသေးပဲနဲ့ တရက်စာပေးခဲ့ရပေါ့။
ဘယ်တတ်နိုင်မလဲ၊ သူနဲ့လိုက်မသွားပဲ မနက်မှ ကိုယ့်အစီစဉ်နဲ့ကိုယ် လိုင်းကားစီးသွားမယ်ဆိုရင်လည်း မင်းဒပ် လောက်ပဲရောက်မှာ။ ဟားခါးဖက်ရောက်ဖို့ဆိုတာ မလွယ်ဘူး။ ဒီတော့ လူကြုံ-ကားကြုံရှိတုန်း ဒုံးပေါ့။ နော်ဝေ ပြန်ပုဂ္ဂိုလ်ရဲ့အမျိုးတွေအိမ်မှာ ညစာစားပြီး ချင်းတောင်ကိုတက်ဖို့ပြင်တော့ ည (၇)နာရီနီးနေပြီ။ ဒီလမ်းက တောင်တက်လမ်း၊ ကြမ်းလည်းကြမ်းတယ်လို့ကြားဖူးထားတော့ နည်းနည်းတော့ လန့်သား။ ပြီးတော့ ကိုယ်တခါ မှမသိဖူးတဲ့ လူတယောက်မောင်းတဲ့ကားနဲ့ ညဖက်မှောင်မှောင်ထဲ တခါမှမရောက်ဖူးသေးတဲ့ နေရာသစ်တခုဆီ လိုက်သွားရမှာ။ ဒါပေမယ့် ရွေးစရာက သိပ်ရှိတာမှမဟုတ်တာ။
မြို့ထဲကနေ တောင်ပေါ်တက်တဲ့လမ်းဖက်ထွက်လိုက်တော့ ပခုက္ကူမြို့ပြင် ဓာတ်ဆီဆိုင်တွေရှိတဲ့လမ်းက ဟော လီးဝုဒ်ရုပ်ရှင်ထဲကအတိုင်း ဘားတွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေနဲ့ အတော့်ကိုစည်ကားနေတာတွေ့ရ ပါတယ်။ ဒီလမ်းဖောက်က မကြာသေးဘူးလို့ ဆိုပါတယ်။ လမ်းကလည်းအသစ်ဆိုတော့ အတော်ကောင်းပါ တယ်။ လမ်းမီးကတော့ အဲဒီဆိုင်တွေရှိတဲ့နေရာကိုကျော်တာနဲ့ မရှိတော့ပါဘူး။ ကားမီးကိုပဲ အားကိုးပြီး မောင်း ရမှာပေါ့။ ပတ်ဝန်းကျင်အလှကိုမြင်ချင်လို့ ချင်းပြည်ကိုလာပါတယ်ဆိုမှ ညမှောမှောင်ထဲ ဘာမှမြင်ခွင့်မရဘူးဖြစ် နေပါတယ်။
ပထမ ဆုံးတွေ့ရတဲ့ရွာက ကံမတဲ့။ ဒီကံမက အရင်ကကြားဖူးနေကြ ကံမ တော့ မဟုတ်လောက်ဘူး။ ဟိုကမြို့၊ ဒီကရွာဖြစ်မယ်။ အဲဒီရွာကိုကျော်ပြီးချိန်မှာတော့ တောင်နည်းနည်းစတက်ပြီ။ တောင်မတက်ခင်အထိ ကားမီး ရောင်ထဲမြင်နေရသလောက်ကတော့ တလမ်းလုံးဟာ ထနောင်းပင်တွေချည်းပါပဲ။ တချို့နေရာတွေဆို လမ်းတခု လုံးရဲ့အပေါ်မှာ ထနောင်းပင်အကိုင်းတွေက ဖုံးထားတဲ့အထိ။ တောင်ပေါ်စတက်တော့ အပင်အနေအထားက နည်းနည်းပြောင်းသွားပြီး ကျွန်းပင်တွေလို့ ထင်ရတဲ့အပင်အချို့ကိုတွေ့ရပါတယ်။ ကားမောင်းချိန် တနာရီကျော် လာတဲ့အခါ ထမင်းဆီရစ်ပြီး အိပ်ငိုက်စပြုလာတဲ့အတွက် ကားဆရာမငိုက်အောင် ရှိသမျှစကားလျှောက်ပြောနေ ရပါတယ်။ စကားနည်းသူဖြစ်ပေမယ့် နိုင်ငံရေး အကြောင်း၊ သဘာဝပတ်ဝန်းကျင်အကြောင်းတော့ ပြောစရာ များသား။
‘’ဒီက အင်ဂျင်နီယာတွေကလည်းဗျာ။ လမ်းကို ဘယ်လိုဖောက်လဲမသိဘူး’’ ဆိုပြီး ကားမောင်းသူ ပြည်နယ် လွှတ်တော်အမတ်က လမ်းမှာလှိုင်းများလွန်းတယ်ဆိုပြီး ငြီးပါတယ်။ ကျနော်က လမ်းဘေးသစ်ပင်တွေကို ကြည့်ပြီး မြေပြန့်ရှိ ထနောင်းပင်ကနေ တောင်ပေါ်က ကျွန်းပင်တွေလား၊ အညာနဲ့မတူတဲ့ အပင်တွေကို သတိ ထားမိပါတယ်။ ဒီလိုမောင်းလို့ကောင်းတုန်း ယောချောင်းမဖြတ်ခင်မှာ ပုသိမ်-မုံရွာလမ်းနဲ့ အခု ကျနော်တို့သွား နေတဲ့ ပခုက္ကူ-မင်းတပ်လမ်း လာဆုံပါ တယ်။ ကျနော့်အတွက်တော့ အထူးအဆန်းပါပဲ။ ဘယ်လိုလုပ် ချင်း တောင်ပေါ်တက်ပါတယ်ဆိုမှ မုံရွာ-ပုသိမ် လမ်းပေါ် ရောက်လာသလဲပေါ့။ အသေချာမေးကြည့်တော့မှာ မုံရွာ ကလာတဲ့ ဒီလမ်းဟာ ချင်းတောင်ခြေ၊ ရခိုင် ရိုးမတောင်ခြေ၀န်းကျင်ကနေ မင်းဘူး-အမ်းလမ်းမကို ငဖဲ ၀န်းကျင် ကနေဖြတ်ပြီး ပုသိမ်ဖက်ကိုဆင်းသွားတယ်လို့သိရပါတယ်။
‘’တွေ့လားခင်ဗျား ဟိုမှာ၊ မြန်မာအင်ဂျင်နီယာတွေရဲ့လက်ယာစစ်စစ် စံပြတံတား’’ အိန္ဒိယနယ်စပ် မုံရွာဖက်က နေ မြစ်ဝကျွန်းပေါ် ပုသိမ်အထိဖောက်ထားတဲ့ ကားလမ်းအကြောင်းပြောရင်း ယောချောင်းတံတားပေါ် ရောက် လာ ပါတယ်။ သူပြောမှအသချောကြည့်မိပါတယ်။ တံတားက ပထမ တ၀က်လောက်မှာ ပေ (၂၀)လောက် အကျယ် ရှိရာကနေ ရေလယ် လမ်းတ၀က်အရောက်မှာ (၁၆)ပေလောက်ပဲကျန်ပါတယ်။ ဘယ်လိုစိတ်ကူးနဲ့ လုပ်ထားမှန်း ကိုယ်လည်းမသိ။ ည (၉)နာရီလောက်ရှိနေပြီဆိုတော့ ကောင်းကောင်းလည်းမြင်ရတာမဟုတ် ဘူး။ အဲလိုပြောလို့မှမဆုံးခင် နောက်အလားတူတံတားတခုကို ထပ်ဖြတ်ရပြန်ပါတယ်။ ကွေ့ကောက်နေတဲ့ ရောချောင်းကို နှစ် ကြိမ်ဖြတ်ရတာလို့ဆိုပါတယ်။
မင်းဒပ်မြို့မှာ အေးလိုက်တာ
အဲလို ထူးဆန်းလှတဲ့ တံတားကိုဖြတ်ပြီးချိန်မှာတော့ ဒီဒေသရဲ့အထင်ကရမြို့လို့ဆိုနိုင်တဲ့ ပေါက်မြို့ကိုရောက် ပါတယ်။ ဘတ်စ်ကားတွေကတော့ ဒီမြို့မှာရပ်ပြီး ထမင်းစား-ဆီဖြည့်လုပ်ကြတယ်ဆိုပါတယ်။ ကိုယ်တွေက တော့ ကိုယ်ပိုင်ကား (နေရင်းထိုင်းရင်း VIP ဖြစ်သွား) ဆိုတော့ ဆက်မောင်းပေါ့။ အချိန်ကလည်း (၉)နာရီကျော် နေပြီဆိုတော့ မင်းတပ်ကို ဘယ်အချိန်ရောက်မယ်မှန်းမသိ။ ဒီမှာမရပ်တော့တော့ဘူး။ တောင်ပေါ်တက်ခင် နောက်ဆုံးရွာမှာ အဆာပြေတခုခုစားတာ ပေါ့တဲ့၊ ကားဆရာမိတ်ဆွေကြီးကပြောပါတယ်။ သူကသာ တောင် ပေါ်မတက်သေးဘူးပြောနေ။ ကိုယ့်အတွက် တောင်ပေါ်အတော်ရောက်နေပြီလို့ထင်ထားတာ။
(မင်းတပ်မြို့က ပန်းခြံနဲ့ ဟားခါးအ၀င် တိမ်ပင်လယ်)
လမ်းဘေးသစ်ပင်တွေကလည်းပြောင်းသွားပြီလေ။ ထနောင်းပင် လုံးဝမရှိတော့ဘူး။ ဒါတောင်ပေါ်ရောက်နေပြီ ပေါ့။ အဲဒီလိုပြောရင် နောက်ထပ်တွေ့ရတဲ့မြို့က ကျောက်ထု၊ ဒီအမည်က မြန်မာနိုင်ငံမှာအတော်လူကြိုက်များ တဲ့ အမည်ဖြစ်မယ်။ တွေ့ဖူးတဲ့ အမည်တူကျောက်ထုမြို့၊ ကျောက်ထုရွာတွေမနည်းဘူး။ ကျောက်ထုက ထွက် ပြီး သိပ်မကြာခင် ရွာငယ်လေးတခုမှာတော့ ဆော-ကန်ပက်လက်ဖက်သွားတဲ့ လမ်းခွဲကိုတွေ့ရပါတယ်။ အချိန် က ည (၁၀)နာရီ နီးနေပြီ။ နောက်ဆုံးမြေပြန့်ရွာ သို့မဟုတ် မကွေးတိုင်းထဲက နောက်ဆုံးရွာလားမသိပါဘူး။ အဲဒီရွာက ထမင်းဆိုင်ရှေ့မှာ ကားရပ်လိုက်ပါတယ်။
မြန်မာထမင်းဆိုင်တွေမှာအဆင်မပြေတဲ့အချက်က ပူပူနွေးနွေး ထမင်း-ဟင်းမရတဲ့ပြသာနာ။ ကိုယ်တွေက ဘိလပ်ပြန်ဆိုတော့ ပန်းသီးတယ်လီဖုန်းလိုပဲ။ ဖွန်မက်ချထားပြီးသား အစားအစာကလွဲပြီး ကျန်တာကို လက် မခံ။ အေးနေတဲ့ထမင်းနဲ့ အသုတ်တွေကို ဘယ်လိုမှစားလို့မရတော့ပါ။ စားပြီးတာနဲ့ ၀မ်းလျော-၀မ်းကိုက် ဖြစ် တော့တာပဲ။ ဒါပေမယ့် ဒီဆိုင်အပါဝင် အဲလို နယ်ဖက်သွားတဲ့လမ်းခရီးက အတော်များများရဲ့ဆိုင်တွေမှာ ပူပူ နွေးနွေးဘာမှမရပါ။ အားလုံး ရက်ဒီမိတ်။ ထိုင်းမှာလည်း ရက်ဒီမိတ်တွေရှိပေမယ့် လျှပ်စစ်မီး မပြတ်လို့လား မသိ။ ကြိုက်တဲ့အချိန်ဝင်စား ပူပူနွေးနွေးပါပဲ။ ကြက်ဥကြော်၊ ကစွန်းရွက်ကြော်၊ ချောက်ဆွဲကြော်တွေရမလား ဆိုတော့လည်း မသေချာဘူး၊ အကြာကြီးစောင့်ရမယ်လို့ဆိုပါတယ်။ ကဲ-ရှိတာသာ ချပေတော့ဆိုတော့ ၀က် သားဟင်း၊ ကြက်သားဟင်းတွေပေါ့။ အဆီကများ၊ အနွေးဓာတ်ကပျယ်ဆိုတော့ သိပ်ခံစားလို့မရ။
ပြီးတော့ ဟင်းချိုခွက်မှာ ဇွန်းတချောင်းတည်းချပေးတာကလည်း ဒီလိုဆိုင်မျိုးတွေရဲ့ထုံးစံ။ နှစ်ချောင်းပေးပါ ဆိုပြီးတောင်းတော့ သူတို့က ကိုယ့်ကို အထူးအဆန်းကြည့်။ ဒါကလည်း ပြသာနာတခုပဲ။ ဇွန်းတချောင်းကို တဦးထက်ပိုသုံးတာ၊ ဖန်ခွက်တခွက်တည်းကို တဦးထက်ပိုသုံးတာတွေဟာ ကျန်းမာရေးနဲ့မကိုက်ညီဘူးမို့လား။ ထားတော့။ တောထဲလာပြီး ဘာတွေလာပြောနေတာလဲ၊ မစားချင်လဲနေ၊ ဒါပဲရမယ်ဆိုပြီး အပြောခံနေရဦးမယ်။ ဆိုင်ဝန်ထမ်းတွေနဲ့ စကားစမြည်ပြောဦးမှဆိုပြီး စားပွဲထိုး ကောင်မလေးတွေကို ကြည့်လိုက်တော့ အားလုံးက Myanmar Idol ကို ကြည့်နေကြလေရဲ့။
အဲဒီအချိန်က ကိုယ်တောင် လက်ကျန် (၁၁)ဦးစလုံးရဲ့အမည်ကိုမသိသေး။ ချင်းတောင်ခြေက ကျေးရွာလေးရှိ ကောင်မလေးတွေက အကုန်သိနေတယ်။ အယ်စတာက ဘယ်လို၊ အေးမြတ်ဖြူက ဘယ်ပုံ၊ ဘင်ဂျမင်က ချင်း မို့ အားပေးတယ်။ မူးလာအသံက မိုက်တယ်၊ ယောကီးစတိုင်ကိုကြိုက်တယ်…စသဖြင့် စုံနေတာပါပဲ။ ကဲ-ဆရာ။ (၁၀)နာရီကျော်နေပြီ။ ဒိုးမှဖြစ်မယ်ဆိုပြီး ဆိုင်ကနေထွက်လာတော့ မကွေးတိုင်းနဲ့ ချင်းပြည်နယ် နယ်စပ် ဆိုင်း ဘုတ်ကို တွေ့ရပါတယ်။ ချင်းတောင်ကို အခုမှတက်ရမှာတဲ့။ (၇)မိုင်ပဲရှိတယ်ဆိုလား။ ကားတောင် နောက်ပြန် ဆုတ်ကျမလား ထင်ရအောင် တောင်ကမတ်ပါတယ်။ ကားအသေးတွေဆိုမလွယ်ဘူး။ အခု လေးဘီးယက်ကား ဆိုတော့ ဒီလိုလမ်းမျိုးနဲ့ ကွက်တိပါပဲ။
တောင်တက်ပြီး သိပ်မကြာခင်မှာ ထင်းရူးပင်တွေကို စတွေ့ရပါတယ်။ ရောက်ပါပြီ၊ ဟိုမှာ မင်းဒပ်မြို့အ၀င်။ တောင်ပေါ်က မင်းတပ်ဟိုတယ်ဘေးနားရှိ တည်းခိုခန်း သေးသေးလေးတခုမှာ ကျနော်ကိုချထားပေးခဲ့ပါတယ်။ ဒါ ဒီည စခန်းချရမယ့်နေရာပေါ့။ ဝိုး-အေးလိုက်တာ။ ကားပေါ်ကဆင်းတာနဲ့ အအေးလိုင်းထိသွားသလိုလို။ တယ်လီဖုန်းကိုကြည့်လိုက်တော့ အပူချိန (၁၂)ဒီဂရီစင်တီဂရိတ်တဲ့။ တော်သေးတယ်။ လိုလိုမယ်မယ်ဆိုပြီး နော်ဝေးလက်ကျန် အနွေးထည်ပါးပါးလေးတထည်နဲ့ ခေါင်းစွပ်တွေ၊ လည်စွပ်တွေယူလာမိလို့။ နော်ဝေကနေ မြန်မာနိုင်ငံပြန်ရောက်ပြီး တနှစ်ခွဲလောက်အတွင်းမှာ ဒါ ပထမဆုံးအကြိမ် အနွေးထည်ဝတ်ရခြင်းပါပဲ။ ဒါပေမယ့် ဒီအနွေးထည်လောက်နဲ့ ဖြစ်ပုံမရဘူး။ နော်ဝေ ဆောင်ဦးမှာဝတ်သလိုမျိုး ခပ်ထူထူအနွေးထည်နဲ့မှဖြစ်မှာ။
ပခုက္ကူမှာ ရေကူးဖို့ပြင်နေတုန်း ထထွက်လာတော့ဆိုတော့ ရေတော့ ချိုးဦးမှပေါ့။ ဒါပေမယ့် ဒီအခန်းမှာက ရေပူ ရေအေးစက်မရှိ။ ရေပူခွက်ကိုယူပြီး ရေအေးခွက်ထဲ စပ်ပြီးချိုးရမှာဆိုတော့ အဲလောက်အထိ ဝိရိယမထည့်ချင်။ အချိန်ကလည်း (၁၁)နာရီရှိနေပြီ။ ပျင်းလို့ရေမချိုးဖြစ်တာကို ဘာ-ညာ သလာကာ ကိုယ်ဘာသာ လက်ခံနိုင် အောင် အကြောင်းပြရပါသေးတယ်။ လူဆိုတဲ့သတ္တဝါကလည်းခက်သား။ သူများလက်ခံအောင် အထောက် အထားနဲ့တင်ပြရသလို ကိုယ်ဘာသာလက်ခံအောင်လည်း ကြိုးကြောင်းစီလျော်မှုရှိတယ်ဆိုတာကို သက်သေပြ ရသေးတယ် မဟုတ်ပါလား။ ဒီလိုနဲ့ ရေမချိုးခြင်းအနုပညာကို ချင်းတောင်ရောက်တဲ့ ပထမနေ့မှာပဲ စတင် အ ကောင်ထည်ဖေါ်ဖြစ်လိုက်တယ် ဆိုပါတော့။
0 comments:
Post a Comment