Wednesday, February 21, 2018

ဆောင်းခိုလူရဲ့ ဥရောပတောင်ပိုင်းခရီးစဉ်


ဆောင်းခို လူ

ပြီးခဲ့တဲ့သတင်းပတ်က တပတ်လုံးနီးပါး နှင်းမုန်တိုင်းကျလို့ ရထားတွေ၊ ဘတ်စ်တွေ အချိန်မှန် မပြေးနိုင်ခဲ့ဘူး။ နှင်း တွေက ဒူးလောက်ရှိပြီး ကားတွေလမ်းချော်နေတာ၊ လမ်းပိတ်လို့ ထရပ်ကားနဲ့လာဆွဲပေးနေတာတွေ အိမ်ပေါ်ကနေ လှမ်းမြင်နေရပါတယ်။ ကိုယ်ကတော့ အဲဒီအပတ်က အလုပ်လဲမရှိ၊ ကျောင်းလဲမရှိဆိုတော့ အပြင်မထွက်ပဲ အိမ်ပေါ် ကနေပဲ နှင်းတောကြီးကို ငေးကြည့်နေမိပေါ့။

(ဆီးနှင်းတွေဖုံးနေတဲ့ အော်စလိုမြို့ပြင်က ရွာလေးတရွာ)

ဒီလိုငေးရင်းနဲ့ ဒီနှစ်ဆောင်းရာသီဟောလီးဒေး ဘယ်ကိုသွားရင်ကောင်းမလဲ စဉ်းစားမိပါတယ်။ မနှစ်ကတော့ အ ထူးလျော့ဈေးရလို့ မြေထဲပင်လယ်ကမ်းခြေက ဆိုကရေတီးတို့၊ ပလေတိုတို့ရဲ့ရွာ ဂရိနိုင်ငံ အေသင်မြို့ဆီ သွားဖြစ်ခဲ့ ပါတယ်။ ဒီနှစ်တော့ အခုချိန်ထိ အလျော့ဈေးမတွေ့သေးလို့ ဘယ်မှသွားဖြစ်မယ်မထင်။ ဒီလိုစဉ်းစားရင်းနဲ့ ထူထဲစွာ ကျနေတဲ့ နှင်းထုကိုငေးပြီး လွန်ခဲ့တဲ့ ၉ နှစ် ဒီလိုအချိန်မှာ သွားခဲ့ဖူးတဲ့ ဥရောပအနောက်ပိုင်း မြေထဲပင်လယ် ကမ်းခြေရှိ စပိန်နိုင်ငံ ဘာစီလိုးနားနဲ့ ပေါ်တူဂီက လစ်ဘွန်းမြို့ကမ်းခြေတွေဆီ ရောက်သွားပါတယ်။

ကျောင်းသားဘ၀တုန်းက ဆောင်းခိုငှက် တွေအကြောင်း စာအုပ်ထဲဖတ်ဖူးပေမဲ့ သိပ်သဘောမပေါက်ပါ။ ဥရောပက ရေခဲပြင်ကိုရောက်မှပဲ ဒီလိုဆီးနှင်းတွေကြားမှာ ငှက်တွေ ဘယ်လိုရှင်သန်နိုင်မလဲဆိုပြီး စဉ်းစားမိပါတယ်။ ဒီတော့ နိုဝင်ဘာနှောင်းပိုင်းရောက်ပြီဆိုတာနဲ့ ငှက်အမျိုးအစားအတော်များများက မြေထဲပင်လယ်ကိုဖြတ်ပြီး ဥရောပကနေ အာဖရိကဆီ ခရီးရှည်ချီတက်ကြတာပေါ့။ ခင်မောင်တိုးရဲ့ ‘’ဂျိုးကြာငှက်တို့ရဲ့ မိုင်ထောင်ချီခရီး’’ ဆိုတာ ဒါမျိုးဖြစ်မယ် ထင်ပါရဲ့။

တချို့ငှက်တွေကတော့ အာရှဖက်သွားတယ်ထင်ပါတယ်။ မြန်မာနိုင်ငံက မိုးယွန်းကြီးအင်းတို့၊ အင်းတော်ကြီးတို့မှာ ဆောင်းခိုငှက်တွေများတဲ့အကြောင်း သတင်းတွေထဲဖတ်ရပါတယ်။ ဒါက ဗီဇာမလို၊ ခရီးစရိတ်မကုန်ပဲ ‘’တောင် ပံပါ ရင် မင်းဆီသို့’’ ဆိုပြီး ကြိုက်တဲ့အချိန် ထသွားနိုင်တဲ့ ငှက်တို့ရဲ့ ထူးခြားချက်ပေါ့။

လူတွေကော ဘယ်လိုနေကြသလဲ။ လူက ငှက်လိုမပျံနိုင်တော့ လေယဉ်ဖိုးတော့ ရှာရတာပေါ့။ ဗီဇာအတွက်က တော့ ဥရောပသားတွေကို နိုင်ငံအတော်များများက ဗီဇာကင်းလွတ်ခွင့်ပေးထားတယ် မဟုတ်ပါလား။ ဒါပေမဲ့ အများ စုက အာဖရိကအထိမသွားပဲ မြေထဲပင်လယ်ကမ်းခြေက စပိန်တောင်ပိုင်း၊ အီတလီတောင်ပိုင်းက ကျွန်းတွေဆီ သွားလေ့ရှိပါတယ်။ ထားဝယ်ပင်လယ်ကနေ တနသာင်္ရီရိုးမကိုကျော်ပြီး ထိုင်းပင်လယ် ဟွာဟင်ဖက်ရောက်သွား သလိုမျိုးနဲ့တူမယ်ထင်ပါတယ်။ ဒါပေမဲ့ ဥရောပမှာက နော်ဝေပင်လယ် (အန္တလန်တိတ်သမုဒရာ) နဲ့ မြေထဲပင်လယ် က အပူချိန်ချင်းအတော်ကွာပါတယ်။

နော်ဝေမှာ အခု အနှုတ် ၁၀ ဒီဂရီစင်တီဂရိတ်လောက်ရှိပြီး ဆီးနှင်းတွေ တပေလောက်ထူနေပေမဲ့ မြေထဲပင်လယ် ကမ်းခြေက ပြင်သစ်တောင်ပိုင်း၊ အီတလီတောင်ပိုင်း၊ စပိန်တောင်ပိုင်း၊ ပေါ်တူဂီနဲ့ ဂရိနိုင်ငံတွေမှာ အပူချိန်က အ ပေါင်း ၁၅ လောက်ရှိပြီး နေသာနေတတ်ပါတယ်။ ဒီတော့ အနောက်ဥရောပသားအတော်များများလဲ ဆောင်းခိုငှက် တွေလို နော်ဝေပင်လယ်ကနေ မြေထဲပင်လယ်ဆီ ပျံသန်းကြတာပေါ့။ အထူးသဖြင့် နော်ဝေက ပင်စင်စားတွေဆို စပိန်တောင်ပိုင်းမှာ အိမ်ဝယ်ပြီး တဆောင်းလုံး အဲဒီမှာ သွားနေကြပါတယ်။


မြေထဲပင်လယ်ကမ်းခြေက ဘာစီလိုးနားမြို့သို့…

ဒါတွေက အခုနောက်ပိုင်း ဟိုသွားဒီသွား၊ ဟိုဖတ်ဒီဖတ်နဲ့သိလာတာတွေပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်နီးပါး ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီခရီးစဉ်တုန်းကတော့ ဘာမှကိုကြိုဖတ်ထားတာမရှိပါဘူး။ ၆ လတကြိမ်ကျင်းပနေကြ ဥရောပရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေရဲ့ဆွေးနွေးပွဲနဲ့ မြန်မာ့အရေးကူညီနေတဲ့ ဥရောပအခြေစိုက် NGO တွေရဲ့ နှစ်ပတ် လည်ဆွေးနွေးပွဲတွေ ဘာစီလိုနားမှာကျင်းပဖို့ရှိတယ်။ အဲဒီပွဲမှာ စကားပြောဖို့ (၂၀၀၈ ဒီဇင်ဘာမှာထုတ်ဝေတဲ့ Far from Home: 20 Years in Exile စာအုပ်ကြောင့်) ဖိတ်ကြားခံရတာကြောင့် ရောက်သွားခြင်းသာဖြစ်ပါတယ်။

(ဘာစီလိုးနားမှာကျင်းပတဲ့ ဥရောပရောက် မြန်မာများအစည်းဝေး)

အခုချိန်မှာ ပြည်ပရောက် အင်အားစုတွေရဲ့အသံ အရေးမပါတော့ပေမဲ့ အဲဒီခေတ်ကတော့ ပြည်တွင်းမှာ ဘာမှ လုပ်ခွင့်၊ ပြောခွင့်မရတော့ ပြည်ပရောက်တွေက ပြည်တွင်းရဲ့ရင်ခုန်သံကို နိုင်ငံတကာက ကြားခွင့်ရအောင် အား သွန်ခွန် စိုက်ကြိုးပန်းနေကြတဲ့ကာလပေါ့။ အဲဒီလို ၆ လတကြိမ်ဆွေးနွေးပွဲတွေကိုတက်ရင်း၊ သတင်းယူရင်းနဲ့ ဥရောပနိုင်ငံ အတော်များများဆီ စာရေးသူရောက်ဖူးခဲ့တယ်ဆိုရင်လဲ မမှားပါဘူး။ ဥရောပအလယ်ပိုင်းနိုင်ငံတွေ ဖြစ်တဲ့ ဒိန်းမတ်၊ ဖင်လန်၊ နယ်သာလန်၊ ဘလဂျီယံ၊ ဆွင်ဇလန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဗြိတိန်နိုင်ငံတွေဆီ ရောက်ဖူးပြီးဖြစ်ပေမဲ့ စပိန်က ဘာစီလိုးနားကိုတော့ ဒါ ပထမ ဆုံးရောက်ဖူးခြင်းပါ။

အော်စလိုမှာ အနှုတ် ၁၀ လောက်ရှိနေချိန်မှာ ဘာစီလိုနားမှာ အပေါင်း ၁၀ နီးပါးရှိနေပါတယ်။ ပြီးတော့ အပူပိုင်းဒေသမှာသာမြင်ရလေ့ရှိတဲ့ ဆီအုန်းပင်တွေ၊ ပေပင်တွေပါမြင်ရတော့ အတော်အံ့သြသွားပါတယ်။ လမ်းတွေက ကျယ် ပြီး မြို့ကလဲ အတော်လှပါတယ်။ ပင်လယ်ကမ်းခြေလဲရှိ၊ တောင်ကုန်း တောင်တန်းတွေ လဲရှိပြီး အဲဒီတောင်တန်းပေါ် ကနေ မြို့ထဲကိုပြန်ကြည့်ခွင့်ရတဲ့ ဆည်းဆာချိန်ဟာ အလှပဆုံးလိုထင်ပါတယ်။ အပူချိန်က ၁၅ လောက်ရှိတယ်ဆို တော့ ကမ်းခြေသွားပြီး ဘာဘီကျုးကင်တဲ့လူတွေတောင်ရှိသေး။

ကိုယ်တွေက တိုးရစ်အဖြစ် လာလည်တာမဟုတ်ပဲ အစည်းဝေးကတဖက်ရှိနေတယ်ဆိုတော့ အစည်းဝေးပြီးတဲ့ အချိန်မှ Tourist Bus စီးပြီးလျောက်လည်တာပါ။ တိုးဘတ်စ် စီးတိုင်းသတိရတာက မိတ်ဆွေတယောက်ဝေဖန်လေ့ ရှိတဲ့ စကား။ အစီစဉ်ကြိုဆွဲမထားသူတွေသာ တိုးဘတ်စ်စီးလေ့ရှိပြီး အစီစဉ်ဆွဲထားသူတွေက ကိုယ့်အစီစဉ်နဲ့ ကိုယ် သွားလေ့ရှိတယ်တဲ့။ သူပြောတဲ့အတိုင်းပါပဲ။ ဘာစီးလိုးနားကိုရောက်ရင် ဘယ်နေရာတွေကို အဓီကဦးစား ပေးလေ့လာမယ်ဆိုပြီး ဇယားဆွဲထားတာမျိုးမရှိပါ။ တိုးဘတ်စ်ကပြတဲ့အတိုင်း နာမည်ကြီးနေရာတွေကိုလျောက် ကြည့်တာပါပဲ။ အဲဒီထဲမှာမှ ရိုနယ်ဒင်ဟိုတို့၊ မက်ဆီတို့ခြေစွမ်းပြနေတဲ့ Camp Nou ကိုရောက်ပြီးမှ အထဲမ၀င်ဖြစ်ပဲ ပြန်လာခဲ့ရတာကို နှမျောနေမိပါတယ်။

မြို့လယ်က ဘုရားကျောင်းတွေ၊ ပြတိုက်တွေလဲ အဲလိုပါပဲ။ အပြင်ကနေပဲ ဓာတ်ပုံရိုက်ပြီး အထဲ မ၀င်ဖြစ်ခဲ့ပါ။ ရာသီဥတုကပူနွေးတယ်ဆိုတော့ ဒီလို ဆောင်းတွင်းမှာတောင် မော်တော်ဆိုင်ကယ်တွေက အတော်များသား။ ဘာစီလိုးနားရဲ့ လမ်းထောင့်တွေ (လမ်းထောင့်ရှိ တိုက်ခန်း) တည်ဆောက်ထားပုံက လေးထောင့်မဟုတ်ပဲ နဲနဲ ထူးခြားနေပါတယ်။ အဲဒီထောင့် ကွက်လပ်တွေမှာ မော်တော်ဆိုင်ကယ်နဲ့ စက်ဘီး ရပ်ဖို့နေရာတွေလုပ်ပေးထား ပါတယ်။

ဆွေးနွေးပွဲပြီးတဲ့ရက်မှာ မြန်မာကိုယ်စားလှယ်တွေနဲ့အတူ ကာတာလိုးနီးယားပါလီမန် ဆီရောက်သွားပါတယ်။ ဘာ စီလိုးနားဟာ ကာတာလိုနီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့မြို့တော်ဖြစ်တဲ့အတွက် သီးခြားပါလီမန်ရှိပါတယ်။ ဆွေးနွေးမှုအတွင်း ပါလီမန်ဥက္ကဌက မြန်မာ့ဒီမိုကရေစီအရေးကိုထောက်ခံကြောင်းပြောခဲ့ပါတယ်။ တလောက တော့ အဲဒီပါလီမန်ကနေ ကာတာလိုးနီးယားကို သီးခြားလွတ်လပ်တဲ့ပြည်နယ်တခုအဖြစ်ကြေငြာလိုက်လို့ ပြသာနာ တွေတက်ခဲ့တာ ကြားလိုက်ရပါသေးတယ်။


ဥရောပ တောင်ဖက်စွန်းက လစ်စဘွန်းမြို့ဆီသို့...

ဘာစီလိုးနားမှာ အလုပ်ကိစ္စပြီးတော့ ခွင့်တပတ်ယူပြီး ပေါ်တူဂီနိုင်ငံဆီ သွားလည်ဖို့စိတ်ကူးထားပါတယ်။ စိတ်ကူး တာနဲ့ အစီစဉ်ဆွဲတာ နဲနဲကွာမယ်ထင်ပါတယ်။ ရှေ့ပိုင်းမှာအစီရင်ခံခဲ့တဲ့အတိုင်း အဲဒီကာလခရီးသွားမှုတွေဟာ ဘာမှကြိုတင်အစီစဉ်ဆွဲထားတာမရှိ။ စိတ်ကူးပေါ်လာတဲ့အတိုင်း ထလုပ်ခြင်းသာဖြစ်လေ့ရှိတာမို့ ပေါ်တူဂီဆိုတာ (ကျောင်းသမိုင်းစာအုပ်ထဲသင်ခဲ့ဖူးတဲ့) ငဇင်ကာတို့နိုင်ငံဆိုတာထက်ပိုပြီး ဘာမှမသိထားပါ။


(လစ်စဘွန်းမြို့ ကမ်းခြေတနေရာ)

ဘယ်လိုသွားရင်ကောင်းမလဲဆိုပြီး ဟိုတယ်မှာစုံစမ်းတော့ လေယဉ်နဲ့သွားပါ။ အဲဒီကနေ အော်စလိုကို ပြန်ရင် ဈေး သက်သာမယ်တဲ့။ ကိုယ့်မှာက ကင်မရာအထုပ်အပိုးတွေနဲ့၊ လက်မှတ်ကလည်း အော်စလို-ဘာစီလိုးနား အသွား-အပြန်ဝယ်ထားပြီးသားဆိုတော့ အဲဒိအစီစဉ်နဲ့မဖြစ်သေး။ ဒီလိုဆို အခုဝယ်-အခုသွား အမြန်ရထားစီးပါတဲ့။ လက် တန်းလုပ်လေ့ရှိတဲ့ ထုံးစံအတိုင်း ဟိုတယ်မှာ ကင်မရာနဲ့အထုပ်အပိုးတွေကိုအပ်၊ ခရီးဆောင်အိတ်ငယ်တလုံးကို ယူပြီး ဘူတာမှာ လက်မှတ်ဝယ်တော့ ဘာစီလိုးနားကနေ မက်ဒရစ်ကို ယူရွန် ၈၀ တဲ့။ မတတ်နိုင်ဘူး။ ဘာမှကြို ပြင်မထားတော့ ဒီနည်းကိုပဲ ရွေးလိုက်ရပါတယ်။

အမြန်ရထားဆိုတာ ရန်ကုန်-မန္တလေးလို အမြန်မဟုတ်ဘူး။ ကီလို ၆၀၀ ကျော်ကို ၂ နာရီခွဲပဲကြာပါတယ်။ ဥရောပရဲ့ အမြန်ရထားလိုင်းတဲ့၊ ကျဉ်ဆံရထားလို့ခေါ်ရမလားမသိပါ။ တချို့နေရာတွေဆို အမြန်နှုန်းက ကီလို ၃၀၀ ကျော် ပါ တယ်။ အမြန်ရထားလမ်းတွေကိုသီးခြားဖောက်ထားပြီး လမ်းတလျောက်လုံး ခြံစည်းရုံကာထားပါတယ်။ မကာလို့ မရ။ တနာရီ ကီလို ၃၀၀ နှုန်းမောင်းနေစဉ်မှာ တခုခု ခလုတ်တိုက်တာနဲ့ ရထားမှောက်နိုင်တယ် မဟုတ်ပါလား။ ရထားက သိပ်မြန်နေတော့ မြင်ကွင်းကို ကောင်းကောင်းကြည့်ခွင့်မရခဲ့ပါ။ ရေဘူယျအားဖြင့်ကတော့ မြင်ကွင်းဟာ နော်ဝေဖက်ကမြင်ကွင်းနဲ့မတူပဲ အာရှဖက် ဒါမှမဟုတ် အပူပိုင်းဒေသတွေနဲ့ ပိုတူနေတယ်ပြောရမလားပါပဲ။

၂ နာရီခွဲပဲစီးရတယ်ဆိုတော့ နေ့လည် တနာရီလောက်မှာ မက်ဒရစ်ဘူတာကြီးဆီရောက်လာပါတယ်။ ပေါ်တီဂီမြို့ တော် လစ်စဘွန်းသွားမဲ့ရထားကိုမေးကြည့်တော့ ည ၈ နာရီမှထွက်မှာတဲ့။ ပေါ်တူဂီရထားကတော့ ရန်ကုန်-မန္တ လေးရထားလိုဖြစ်သွားပြီ။ ဟိုဖက်မှာ အမြန်ရထားလမ်းမရှိသေးပါ။ ဈေးကလည်း တညလုံး အိပ်စင်နဲ့စီးမှ ယူရွန် ၄၀ တည်းရယ်။ ဒါပေမဲ့ ည ၈ နာရီမှထွက်မှာဆိုတော့ ၆ နာရီလောက် မက်ဒရစ်ကို လည်ပတ်ချိန်ရသေးတာပေါ့။ ထုံးစံ အတိုင်း အစီစဉ်ကြိုဆွဲထားတာမရှိလေတော့ ဘာစီလိုးနားကအတိုင်း နီးစပ်ရာ တိုးဘတ်စ်ပဲ တက်စီးရတာပေါ့။ အဲ မက်ဒရစ်က ဘာစီလိုးနားထက်တောင် ဈေးသက်သာနေသေးတယ်။ ၂၄ နာရီအတွက် ၂၀ ယူရိုတဲ့။ ဘာစီလိုးနား မှာ ၂၂ တောင်ပေးခဲ့ရပါတယ်။

၅ နာရီလောက်ပဲ လည်ခွင့်ရတာဆိုတော့ ကားပေါ်ကတောင် မဆင်းဖြစ်ပါဘူး။ တိုးရစ်တွေလည်လေ့ရှိတဲ့ နေရာ တွေကို လျောက်ကြည့်ပြီး ဘူတာမှာရထားစောင့်ပေါ့။ ရန်ကုန်လို ဘူတာက တခုတည်းရှိတာမဟုတ်။ လစ်ဘွန်း သွားမဲ့ရထားက နောက်ဘူတာဆိုလို့ ကမန်းကတန်း မြေအောက်ရထားနဲ့ ထပ်ပြေးလိုက်ရပါသေးတယ်။ ရထားက မဆိုးပါဘူး။ ဘန်ကောက်-ချင်းမိုင် ရထားနဲ့ခပ်ဆင်ဆင်တူပါတယ်။ အိပ်စင်နဲ့ ၄ ယောက်ခန်းဖြစ်ပေမဲ့ ခရီးသွား နည်း လို့လားမသိပါ။ တညလုံး ကိုယ်တယောက်တည်း။ တခါမှ မသွားဖူးတဲ့ခရီးမှာ တယောက်တည်းဆိုတော့ အထီးကျန် သလိုတော့ဖြစ်သား။ ဒါပေမဲ့ တနေကုန်ပင်ပမ်းထားလို့ ရထားထွက်ကတည်းက အိပ်ပျော်သွားလိုက်တာ ကြောက်ဖို့ အချိန်တောင် မရလိုက်ပါဘူး။

တရေးနိုးလာတော့ မိုးလင်းစပြုနေပြီ။ ပေါ်တူဂီက စပိန်ထက် အချိန်တနာရီနောက်ကျသလို အခြေခံအဆောက်ဦ တွေ၊ လူနေမှုပုံစံတွေ၊ ၀င်ငွေတွေပါ နည်းနည်းနောက်ကျ ကျန်နေခဲ့တယ်ထင်ပါတယ်။ ဘူတာကြီးမှာ ခဏထိုင်ပြီး သွားရမဲ့ဟိုတယ်လိပ်စာကို ကွန်ပြူတာဖွင့်ရှာတော့ လူတွေ ၀ိုင်းအုံကြည့်နေပုံက တမျိုးကြီး။ ရေပုလင်းက အစ၊ မုန့် တွေ၊ တခြားပစ္စည်းတွေလည်း စပိန်ထက် ဈေး ၅ ပုံတပုံလောက် သက်သာနေပါတယ်။ တိုးဘတ်စ်ဆိုရင် ဘာစီလိုး နားမှာ ၂၂ ယူရွန်ပေးရပေမဲ့ လစ်စဘွန်းမှာ ၁၆ ယူရွန်တည်းရယ်။

ဘာစီလိုးနားကနေ ထွက်မလာခင်လေးကမှ ကမန်းကတန်း ဘုတ်ကင်လုပ်လိုက်တဲ့ ဟိုတယ်က လစ်စဘွန်းမြို့ထဲ မှာမဟုတ်ပဲ မီနစ် ၄၀ နီးပါး ရထားထပ်စီးရတဲ့ ဟိုပင်လယ်ကမ်းခြေမှာဖြစ်နေပါတယ်။ ဘာစီလိုနားက ဘာရုပ်မှ မပေါက်တဲ့ မြို့လယ်ကဟိုတယ်ခန်းအတွက် ယူရွန် ၁၂၀ ပေးရပေမဲ့ ဒီမှာက ပင်လယ်ကမ်းခြေရှိ ကြယ် ၄ ပွင့်အဆင့် ဟိုတယ်တောင် ၆၀ ယူရွန်ပဲပေးရပါတယ်။ အပူချိန်ကလည်း ၁၇ တဲ့။ အော်စလိုက နွေရာသီမှာ ကမ်းခြေတခုဆီ ရောက်နေသလိုပါပဲ။

ဥရောပသားတွေက ကျောက်တုံးခင်းလမ်းကို အတော်ကြိုက်တဲ့လူတွေ။ အော်စလိုမှာဆို နန်းတော်ရှေ့က ဂါရိုဟန် လမ်းမကြီးတခုလုံးကို ကျောက်တုံးခင်းထားသလို တခြားရောက်ခဲ့ဖူးတဲ့ ဥရောပမြို့တော် အတော်များများမှာလဲ အဲဒီ လို ခင်းထားကြတာတွေ့မိပါတယ်။ နေပြည်တော်က ဗိုလ်ချုပ်တွေသာတွေ့ရင် ကျောက်တုံးတွေအကုန်ခွါပြီး ကွန်က ရစ်လမ်း ခင်းပစ်မယ်ထင်ပါတယ်။ လစ်စဘွန်းကလဲ ဥရောပထဲကမြို့တော်တခုဆိုတော့ ဒီမြို့ရဲ့အရေးပါတဲ့လမ်းတွေမှာ ကျောက်တုံးတွေ ခင်းထားလေရဲ့။

ဟိုတယ်ရှေ့က ကမ်းခြေမှာ တိုးရစ်တချို့ရေကူးနေပေမဲ့ ကိုယ်ကတော့ မကူးရဲသေး။ နေစာလှုံရင်း ကမ်းနား တ လျောက်လမ်းသလားရုံမျှသာ။ မြန်မာတွေရဲ့ထုံးစံအတိုင်း ရောက်လေရာအရပ်မှာ မြန်မာနိုင်ငံသားတွေ များရှိမလားဆိုပြီး စနဲနာပေမဲ့ တယောက်မှမတွေ့ပါ။ ဘာစီလိုးနားမှာလဲမြန်မာတွေကို မတွေ့မိပါဘူး။ အရင်ရောက်ခဲ့ဖူးတဲ့ ဥရော ပနိုင်ငံအားလုံးမှာ မြန်မာတွေနဲ့တွေ့နေကျဆိုတော့ ဒီမြို့မှာ တခုခုလိုနေသလို။

ဒါပေမဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းတွေ ကိုတော့ ဘာစီးလိုးနားမှာရော၊ ဒီမြို့မှာတွေ့ရပါတယ်။ မြန်မာစာမရလဲ ထိုင်းစာစားမယ်ဆိုပြီး ထိုင်းစားသောက်ဆိုင် တခုဆီဝင်သွားပြီး တုံ့ယန်ကူးနဲ့ ဖတ်ကပေါင်ကိုင် (ပုဇွန်ဟင်းချို နဲ့ ကြက်သားကြော်) မှာလိုက်ပါတယ်။ ဥရောပသွားပြီး အရှေ့တောင်အာရှဆီ လွမ်းနေသူတဦးလို့ပြောရလေ မလား။

နောက်တနေ့မနက်မှာတော့ မြို့နဲ့ခပ်လှမ်းလှမ်းရှိ တောတောင်တွေထဲက သဘာဝပန်းခြံတွေ၊ ရဲတိုက်တွေဆီ သွား လည်ပတ်ခဲ့ပါတယ်။ အော်စလိုမှာနှင်းကျနေဆဲဖြစ်ပေမဲ့ ဒီမှာကတော့ နွေရာသီလိုဖြစ်နေပြီး နေရာတိုင်းစိမ်းစိုလှပ၊ သစ်ပင်တွေ၊ ပန်းတွေပွင့်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်က ဆောင်းခိုငှက်မဟုတ်။ ဆောင်းခိုလူဆိုတော့ ဆောင်း တွင်း ၃ လစလုံး ဥရောပတောင်ပိုင်း အာဖရိကနယ်စပ်မှာ နေလို့ ဘယ်ဖြစ်မလဲ။ ငဇင်ကာတို့ရွာမှာ နှစ်ညပဲအိပ်ပြီး လာလမ်းအတိုင်း လှည့်ပြန်ခဲ့ရပါတော့တယ်။       ။
...


...


0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More