Monday, June 19, 2017

သတင်းလွတ်လပ်ခွင့် တိုးတက်နေတယ်ဆိုတာ ဟုတ်ရဲ့လား

The Voice Daily, 19-June-2017

စစ်လေယဉ်ပျက်ကျမှုအား သတင်းထုတ်ပြန်ခြင်း

သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ထူးခြားတဲ့ဖြစ်စဉ် ခုတွေ့ရပါတယ်။ ပထမ တခုက တပ်မတော်လေယဉ်ပျက်ကျပြီး နာရီပိုင်းအတွင်းမှာတင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြတ်ချက်ထွက်လာတာပါ။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း စစ်ဖက်သတင်းတွေကို မီဒီယာ လောကဆီ အလျင်အမြန်ထုတ်ပေးတဲ့ ထူးခြားတဲ့တိုးတက်မှုဖြစ်ပါတယ်။


ဒုတိယ တခုကတော့ တပ်မတော်အပေါ် သရော်စာရေးလို့ဆိုပြီး ပုဒ်မ ၆၆ နဲ့ ဆွဲထားတဲ့ စာရေးသူနှင့် အဲဒီသရော်စာကိုဖေါ်ပြခဲ့တဲ့ သတင်းစာက အယ်ဒီတာချုပ်တို့ကို အဲဒီနေ့မှာပဲ အာမခံမပေးပဲ အင်းစိန်ထောင် ဆီ ပို့လိုက်ခင်းဖြစ်ပါတယ်။ ဒီဖြစ်စဉ် ခုဟာ မတော်တဆ တရက်တည်း လာတိုက်ဆိုင်နေတာဖြစ် ကောင်းဖြစ်နိုင်ပေမဲ့ ဒီ ခုကိုယှဉ်ကြည့်ခြင်းဖြင့် ဒီနေ့ မြန်မာ့သတင်းလွတ်လပ်ခွင့်အခြေအနေကို မှန်းလို့ရမယ်ထင်ပါတယ်။

ပထမ တခုကို အရင်ဆွေးနွေးကြည့်ရအောင်ပါ။ တပ်မတော်သားပဲဖြစ်ဖြစ်၊ အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ် နိုင်ငံဝန်ထမ်းတွအားလုံး တာဝန်ထမ်းရင်းကျဆုံးရင် ဒီလိုပဲ ချက်ချင်းသတင်းထုတ်ပြန်သင့်တယ် မဟုတ်ပါလား။ ပုဂ္ဂလိက ကုပဏီတွေတောင် လေယဉ်ပျက်တာ၊ သဘောင်္မြုတ်တာချက်ချင်းသတင်း ထုတ်ပြန်နေတဲ့ခေတ်မှာ ဒါများ ဘာထူးလို့လဲဆိုပြီး မေးစရာရှိပါတယ်။

ထူးပါတယ်။ စစ်ဖက်က အပျက်စီးအဆုံးရှုံးစာရင်းကို မီဒီယာလောကဆီ အခုလိုချက်ချင်းထုတ်ပြန်ပေးတာ ဟာ အရင်ခေတ်နဲ့စာရင် အတော့်ကို တိုးတက်လာတယ်လို့ဆိုနိုင်ပါတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် န၀တ၊ နအဖ ခေတ်နဲ့ ယှဉ်ပြောမယ်ဆိုရင်ပေါ့။ ‘’အခုခေတ်က ဗိုလ်ချုပ်တင်ဦး ရဟတ်ယဉ် ပျက်ကျတဲ့ခေတ်တုန်းကလို လျောက်ရေးလို့မရတော့ဘူး။ Facebook ပေါ်မှာ သတင်းတွေက ချက်ချင်းတက်နေပြီ’’ လို့ အဲဒီခေတ်ကိုမီခဲ့တဲ့ သတင်းသမားတဦးက မှတ်ချက်ရေးထားတာတွေ့မိပါတယ်။

၂၀၀၁ ခုနှစ်၊ ဖေဖေါ်ဝါရီလကဖြစ်ပွားခဲ့တဲ့ အတွင်းရေးမှုး ဗိုလ်ချုပ်တင်ဦးအပါဝင် တပ်မတော်နဲ့ အစိုးရ၀န်ထမ်း ၂၉ ဦးသေဆုံးမှုအပေါ် အဲဒီအချိန်က တပ်မတော်ဖက်ကနေ ဘာမှသတင်းထုတ်ပြန်မှု မလုပ်ခဲ့ပါဘူး။ ဒီအတွက် ထိုင်း-မြန်မာနယ်စပ်ရှိ အတိုက်ခံအဖွဲ့အစည်းတွေ၊ ကြားဖြတ်စက်သတင်းတွေပေါ် အခြေခံပြီး စာရေးသူတာဝန်ထမ်းခဲ့ဖူးတဲ့ နော်ဝေအခြေစိုက် DVB သတင်းဌာနကနေ ဖြစ်နိုင်ခြေရှိတာတွေ ကိုစုစည်းပြီး သတင်းထုတ်လွှင့်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ အခုခေတ်မှာ အဲဒီလိုမဟုတ်တော့။ တပ်မတော်ဖက်က ချက်ချင်းသတင်းထုတ်ပြန်ပေးနေပြီ။ တချိန်တည်းမှာပဲ သတင်းထူးတခုခုသိရဖို့အတွက် နာရီအထိ ပြည်ပရေဒီယိုတွေကို စောင့်နား ထောင်နေစရာမလိုတော့ပါ။ Facebook ပေါ်မှာ ခုဖြစ်-ခုတင်၊ ခုရိုက်-ခုတင် ဖတ်နိုင်-ကြည့်နိုင်နေပြီ မဟုတ်ပါလား။ ပြီးတော့ ပြည်တွင်း မီဒီယာ အင်အားကလည်း အရင်ထက် များစွာကြီးမားလာတယ် မဟုတ်ပါလား။ ပုဂ္ဂလိက သတင်းစာတွေအပြင် ပုဂ္ဂလိက ရုပ်သံလိုင်းအသစ် ခုတောင် တလောက ထပ်တိုးချပေးလိုက်သေးတယ် မဟုတ်ပါလား။


ပုဒ်မ ၆၆ နဲ့ ခြိမ်းခြောက်နေသမျှ

ဒီတော့ ဒီနေ့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် စစ်အစိုးရခေတ်၊ လွန်ခဲ့တဲ့ နှစ်ကျော် ဦသိန်းစိန်ရဲ့ စစ်တပိုင်းအစိုးရခေတ်တွေထက် အများကြီးသာလာပြီဆိုတာ ဘယ်သူမှ ငြင်းနိုင်မယ် မထင်ပါ။ ဒါပေမဲ့ တိုးတက်မှုနဲ့အတူကပ်ပါလာတဲ့ နောက်ပြန်ဆွဲမှုတွေကလည်း အများကြီး။ အဲဒီအများကြီးထဲမှာမှ လူသိများဆုံးကတော့ သတင်းမားတွေကို ပုဒ်မ ၆၆ နဲ့ဖမ်းဆီးမှုပါပဲ။


ရှေ့မှာ နိဒါန်းချီထားတဲ့ တပ်မတော်အပေါ် သရော်စာရေးမှုနဲ့ (ပြည်ထောင်စုသစ္စာကို ကျည်ထောင်စု သစ္စာဆိုပြီးရေးမှု) ဖမ်းဆီးခံလိုက်ရသူ The Voice သတင်းစာ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ သရော်စာရေးသူ ဗြိတိသျှကိုကိုမာင်တို့အကြောင်း အရင်ပြောကြည့်ရအောင်။ ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကာလ၊ သတင်းလွတ်လပ်ခွင့်ရှိပါ တယ်ဆိုတဲ့ကာလမှာ သရော်စာရေးတာ ဖမ်းစရာလား။ နိုင်ငံတကာမှာကျင့်သုံးနေတဲ့ ဒီမိုကရေစီနဲ့ မြန်မာ့ဒီမိုကရေ စီမတူလားလို့ မေးချင်စရာကြီး။

ပိုဆိုးတာက ဒီသရော်စာအပေါ် တပ်မတော်ဖက်က အစာမကျေတဲ့အတွက် ပြေလည်အောင်ညှိနှိုင်းဖို့ဆိုပြီး မီဒီယာ ကောင်စီက ကြားဝင်စေ့စပ်ညှိနှိုင်းပေးနေချိန်မှာ တပ်မတော်ဖက်ကနေ ပုဒ် ၆၆ နဲ့ စွဲချက်တင် လိုက်တာဖြစ်ပါတယ်။ စွဲချက်တင်ထားစဉ်ကာလမှာ အဖမ်းခံရသူတွေကို အင်းစိန်ထောင်ဆီမပို့သေးပဲ ရဲစခန်းမှာထိမ်းထားရာက အခုတော့ အင်းစိန်ထောင်ဆီ ပို့လိုက်ပြီတဲ့။ ဒါဟာ ဘာသဘောလဲ။ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ကြိုက်တာပြောခွင့်ရှိတယ်။ ဒါပေမဲ့ တပ်မတော်အကြောင်းတော့ မပြောနဲ့ဆိုတဲ့ သင်္ကေတလား။

တပ်မတော်ဖက်က သီးမခံတဲ့အကြောင်းချည်းပြောနေတော့ စာရေးသူက အတိုက်ခံသတင်းဌာမှာ တာဝန် ထမ်းဖူးသူမို့ တပ်မတော်အပေါ် နဂိုကတည်းက အမြင်မကြည်လို့ဖြစ်မယ်ဆိုပြီး စာဖတ်သူတွေ သံသယ ၀င်ကောင်းဝင်နိုင်ပါတယ်။ တကယ်တော့ ဂျာနယ်လစ်က အဲဒီလို ဘက်လိုက်လို့ ဘယ်ရပါ့မလဲ။ အခုလို ပုဒ်မ ၆၆ ခေတ်စားလာတဲ့ အထဲမှာ ဒီမိုကရေစီကို ပါတီအမည်ထဲမှာတောင်ထည့်ထားတဲ့ NLD အစိုးရ မှာလည်း အများကြီးတာဝန်ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းထွက်လာတဲ့ Institute for Strategy and Policy- Myanmar ရဲ့ မှတ်တမ်းတခု အရဆိုရင် အရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပုဒ်မ ၆၆ နဲ့တရားစွဲခံရမှု ခုပဲရှိပြီး မှုကို ထောင်ဒဏ်စီရင်ခဲ့ပါတယ်။ အမြင့်ဆုံးအပြစ်ဒဏ်က ပဲရှိကြောင်း ဖေါ်ပြထားပါတယ်။ ဒါပေမဲ့ အခု သမ္မတဦးထင်ကျော်နဲ့ အတိုင်ပင်ခံ ဒေါ်အာင်ဆန်းစုကြည့်အစိုရသက်တန်း တနှစ်ကျော်အတွင်းမှာ ပုဒ်မ ၆၆ နဲ့တရားစွဲခံရတဲ့အမှု ၆၁ မှုရှိပြီး ၁၁ မှုကို ထောင်ဒဏ်စီရင်ခဲ့ကြောင်း၊ အမြင့်ဆုံးအပြစ်ဒဏ်က နှစ်အထိရှိကြောင်း ထောက်ပြထားပါတယ်။ 

ဒါတင်လားဆိုတော့ မဟုတ်သေး။ အဲဒီလို တရားစွဲခံရတဲ့အမှုတွေထဲမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကည်နဲ့ ပတ်သက်ပြီစွဲထားတဲ့အမှုက ခု၊ တပ်မတော်နဲ့ပတ်သက်ပြီး စွဲထားတာက မှု၊ NLD ပါတီနဲ့ပတ်သက်ပြီး စွဲထားတာက မှုရှိပြီး ကျန်တာက အရပ်သားအချင်းချင်းစွဲထားတဲ့အမှုတွေဖြစ်တယ် လို့ ဆိုပါတယ်။ ထူးခြားတာက ဒီ ၆၁ မှုထဲမှာ သတင်းမီဒီယာအပေါ်အရေးယူထားတဲ့အမှုက ခုရှိပြီး တရားရင်ဆိုင်နေရတဲ့ မီဒီယာသမား ၁၄ ဦး အထိရှိနေတယ်လို့ဖေါ်ပြထားပါတယ်။ ဒါ လွန်ခဲ့တဲ့သီတင်းပတ် က စာရင်းပါ။ အခုသတင်းပတ်ထဲမှာလည်း စာရင်းက ထပ်တိုးလာနေတာကြောင့် ၆၆ နဲ့စွဲခံရသူ ၆၆ ဦး ကျော်နေပြီလို့ သတင်းသမားတွေကြား နောက်ပြောင်ပြော ဆိုစရာဖြစ်လာနေပါတယ်။

အရင် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြန်ကြားဝန်ကြီးအဖြစ်တာဝန်ထမ်းခဲ့သူ ဦးရဲထွဋ်ကဆိုရင် လက်ရှိ NLD အစိုးရလက်ထက် သတင်းလွတ်လပ်ခွင့်အခြေအနေဟာ သူပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယု နေစဉ်ကထက်တာင် ပိုဆိုးနေတယ်လို့ RFA ရေဒီယိုနဲ့ ဆက်သွယ်မေးမြန်းခန်း တခုမှာပြောခဲ့ပါတယ်။

NLD အစိုးရလက်ထက်မှာ ပုဒ်မ ၆၆ နဲ့ဖမ်းတဲ့အမှု ပိုများလာနေပေမဲ့ ဒီကိစ္စအပေါ် သမ္မတဦးထင်ကျော်နဲ့ အတို်င်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့က ဘာမှဝင်ရောက်တားဆီးခြင်းမရှိဘူး။ ဒီလို မသိလိုက် မသိ ဘာသာနေနေခြင်းက အစိုးရအာဏာပိုင်တွေရော၊ တပ်မတော်ဖက်ကပါ ပုဒ်မ ၆၆ ကိုသုံးပြီး တရားစွဲ တာတွေ ပိုများလာအောင် လွတ်ပေးထားသလိုဖြစ်နေတယ်လို့ ဦးရဲထွဋ်ကဝေဖန်ခဲ့ပါတယ်။

တိုက်ဆိုင်မှုဖြစ်ချင်တော့ ဒီရက်ပိုင်းအတွင်းမှာပဲ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်က မီဒီယာသမား တွေကို ကျီးကန်းတွေလို့ ခေါ်ဆိုလိုက်ပြန်ပါတယ်။ ပိုဆိုးတာက သတင်းထောက်တွေ သူ့ကိုမေးတဲ့အချိန် ဟာ ပုဒ်မ ၆၆ ဖျက်သိမ်းရေးနဲ့ပတ်သက်ပြီး လွှတ်တော်မှာမေးခွန်းထုတ်တာကို NLD ပါတီဖက်က ဘာကြောင့်ခွင့်မပြုတာလဲ ဆိုတဲ့အချက်အပေါ် အများကစိတ်ဝင်စားနေချိန်ဖြစ်ပါတယ်။ ‘’ဒါ တိုင်းပြည်ပျက် လောက်အောင် ကြီးမားတဲ့ပြသာနာ မဟုတ်ဘူး။ ကျီးကန်း mentality နဲ့ လာလုပ်မနေနဲ့’’ ဆိုပြီး ဦးဝင်းထိန် ကပြောလိုက်တဲ့အခါ သတင်းသမားတွေ အတော်စိတ်ပျက်သွားပုံရပါတယ်။


သတင်းလွတ်လပ်ခွင့်ရအောင် ဘာလုပ်ကြမလဲ

ဒီလိုနောက်ပြန်ဆုတ်မှုတွေအများကြီးရှိနေပေမဲ့ ၂၀၁၆ နဲ့စာရင် ၂၀၁၇ မှာ မြန်မာ့သတင်းလွတ်လွပ်ခွင့် အဆင့်တန်း ၁၃ ဆင့်အထိတောင် တက်လာတယ်လို့ နယ်ခြားမဲ့သတင်းသမားများကွယ်ရေးအဖွဲ့ (RSF) က နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့ မေလ ရက်နေ့က ပြောဆိုလိုက်ပါတယ်။ နိုင်ငံပေါင်း ၁၈၀ ကို စာရင်းကောက်တဲ့အခါ ၂၀၁၆ တုန်းက မြန်မာ့အဆင့်က ၁၄၃ ရှိပြီး ၂၀၁၇ အစမှာ ၁၃၁ အထိတက်လာ တယ်လို့ ဆိုပါတယ်။


ဒါ မေလ ရက်နေ့မတိုင်မီအခြေအနေဆိုတော့ အခုဇွန်လလယ်အထိ တလကျော်အတွင်း မြန်မာ့သတင်း လွတ်လပ်ခွင့်၊ အထူးသဖြင့် ပုဒ်မ ၆၆ နဲ့ဖမ်းဆီးခံရမှုအခြေအနေတွေက အတော်ဆိုးလာတဲ့သဘော လား။ ဒါမှမဟုတ် တခြားနိုင်ငံတွေက ကိုယ့်ထက်ပိုဆိုးသွားလို့ ကိုယ်က ရှေ့ကိုအဆင့်တက်လာ တာမျိုးလား။ စဉ်းစားစရာပါပဲ။ သေချာတာတော့ မြန်မာ့သတင်းလွတ်လပ်ခွင့်အခြေအနေ မနှစ်ကထက် ဒီနှစ် ပိုဆိုးလာနေပါတယ်။ အရင်လကထက် ဒီလ ပိုဆိုးလာနေပါတယ်။ ရှေ့လမှာ ပိုမဆိုးအောင် ဘယ်လို တားဆီးကြမလဲ။

The Voice သတင်းစာကတော့ သူတို့အယ်ဒီတာချုပ် ထောင်ထဲပို့ခံရတဲ့နေ့မှာ အယ်ဒီတာ့အာဘော် ဘာမှမရေးပဲ ကွက်လပ်ထားပြီး ဆန္ဒပြခဲ့ပါတယ်။ တကယ်တော့ အယ်ဒီတာ့အာဘော်ဆိုတာ သတင်းစာရဲ့ အသက်ပါပဲ။ ဒီတင်းစာက ဘယ်လိုရပ်တည်သလဲ။ ဘာကိုယုံကြည်သလဲဆိုတာ အယ်ဒီတာအာ့ဘော်ကို ဖတ်ရင်သိနိုင်ပါတယ်။ ဒါဟာ ပုံနှိပ်မီဒီယာတွေမှာသာရတဲ့အခွင့်အရေးဖြစ်ပြီး အသံလွှင့်မီဒီယာတွေမှာ အယ်ဒီတာ့ အာဘော် ဖေါ်ပြခွင့်မရှိပါ။ (ဖေါ်ပြတာမျိုးမတွေ့မိပါ)

မြန်မာသတင်းသမားကာကွယ်ရေးကော်မီတီ (PCMJ) ရဲ့ ဇွန်လ ရက်နေ့ ကြေညာချက်ထဲမှာတော့ မီဒီယာ လွတ်လပ်ခွင့်ကိုခြိမ်းခြောက်နေတဲ့ ပုဒ်မ ၆၆ ကိုဖျက်သိမ်းပေးဖို့၊ အစိုးရ၊ တပ်မတော်နှင့် အာဏာပိုင်အဆင့်ဆင့်က ပုဒ်မ ၆၆ နဲ့ စွဲထားတဲ့အမှုအားလုံး ချက်ချင်းရပ်ဆိုင်းပေးဖို့၊ ဒီတောင်းဆိုချက် တွေအတွက် အရပ်ဖက်အဖွဲ့စည်းတွ၊ ပြည်သူတွေနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖေါ်ပြထားပါတယ်။ ဖေါ်ပြထားတဲ့အတိုင်း ဒီအဖွဲ့ရဲံ လက်ပတ်ဖြူ လှုပ်ရှားမှုဆိုတာကို အခုရက်ပိုင်းအတွင်း အရှိန်အဟုန်နဲ့တွေ့ လာနေရပါတယ်။

တကယ်တော့ လက်ရှိအစိုးရဟာ ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲအနိုင်ရလာ တဲ့ NLD အစိုးရဖြစ်တာမို့ ဒီလိုမေးခွန်းထုတ်နေရတာကိုက တခုခုလွဲနေသလိုဖြစ်နေပါတယ်။ အတော်များ များကတော့ ပြည်ထဲရေးဌာနက အစိုးရအောက်မှာမရှိပဲ တပ်မတော်အောက်မှာ ဆက်ရှိနေတာကြောင့် ဒီလိုဖြစ်နေရတာလို့ ဆင်ခြေပေးကြပါတယ်။

ဒါဖြင့် NLD ပါတီဝင်တွေကိုယ်တိုင်ဖက်က ပုဒ်မ ၆၆ နဲ့ တရားစွဲထားတဲ့အမှုတွေကျ ဘယ်လိုလုပ်မလဲ။ ရှေ့မှာ နီဒါန်းချီခဲ့သလို ဒီမိုကရေစီအခွင့်အရေးအတွက် နှစ် ၂၀ ကျော်တိုက်ပွဲဝင်ခဲ့ဖူးတဲ့ နိုင်ငံရေးသမားတွေ လဲ အာဏာရလာတဲ့အခါ မီဒီယာသမားတွေကို နှိပ်ကွပ်ဖို့ဝန်မလေးဘူး။ အာဏာဟာ လူတွေကိုပြောင်းလဲ စေတတ်တယ်လို့ပဲ မှတ်ချက်ပြုပြီး သည်းခံနေရတော့မလား။

အနဲဆုံးတော့ သတင်းသမားကာကွယ်ရေးအဖွဲ့က အခု ဆန္ဒပြသလိုမျိုးဝိုင်းလုပ်ဖို့လိုနေပါတယ်။ သတင်းစာ တိုက်၊ သတင်းဌာနအသီးသီးက ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ ဒီမိုကရေစီလိုလားသူအသီးသီးကလည်း ကိုယ်နိုင်တဲ့ဖက်၊ နိုင်တဲ့နေရာကနေ သတင်းလွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်ဖို့လိုနေပါတယ်။ 


နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်အဖွဲ့တွေကလည်း NLD အစိုးရနဲ့ တပ်မတော်ရဲ့ မီဒီယာအပေါ် သဘော ထား ပျော့ပြောင်းလာအောင် သင်တန်းပေးတာဖြစ်စေ၊ ဝေဖန်ထောက်ပြတာဖြစ်စေ ဒီထက်မက ဖိဖိစီးစီး ဆောင်ရွက်ပးနိုင်မယ်ဆိုရင်တော့ လက်ရှိအနေအထားထက် ပိုဆိုးမသွားအောင် အချိန်မီ တစုံတရာ တားဆီးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။        

(သတင်းဓာတ်ပုံများကို Protection for Journalists Committee -Myanmar မှ ယူထားတာ ဖြစ်ပါတယ်)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More