Wednesday, June 7, 2017

အလွဲများနှင့် အလိုက်သင့်

The Voice Daily, 06-June-2017

အမြစ်တွယ်နေသော အလွဲများ

ဥရောပရဲ့ နွေရာသီ အလုပ်ပိတ်ချိန်၊ ကျောင်းပိတ်ချိန်ရောက်ပြီဆိုရင် အိမ်ပြန်ချင်တဲ့စိတ်က ဘယ်လိုမှ တားမရ။ အမိမြေနဲ့ဝေးနေတာ နှစ် ၃၀ နီးပါးကြာပြီဆိုတော့ မပြန်ချင်ပဲ ဘယ်နေပါ့မလဲ။ ဒီလိုနဲ့ အရင် ဦးသိန်းစိန်အစိုးရခေတ် ၂၀၁၃ မှာ တတိယနိုင်ငံရောက် တော်လှန်ရေးသမားတွေ၊ နိုင်ငံရေးသမားတွေ အိမ်ပြန်ခွင့် (ပြန်လည်ခွင့်) ရပြီဆိုကတည်းက တနှစ်တခေါက်ပြန်နေတာ ခေါက်တောင်ရှိခဲ့ပြီ။ 


အဲဒီလိုပြန်တိုင်း အမြင်မတော်တာတွေ၊ လွဲချှော်နေတာတွေကို ဝေဖန်ထောက်ပြ၊ ရေးပြမိခဲ့ပါတယ်။ လေယဉ်ကွင်း အကောက်ခွန်ဝန်ထမ်းတွေက ဒေါ်လာ ၁၀ ပေးပါဆိုပြီး ပေါ်တင်တောင်းတာ၊ အထုပ်အပိုး အကူသယ်ပေးတဲ့ ၀န်ထမ်းက ဒေါ်လာ။ တက္ကစီဆရာတွေက သူ့တက္ကစီကိုမစီးရင် ဆွဲထိုးတော့မလို ဆက်ဆံတာ၊ လမ်းတလျောက် ဆေးလိပ်သောက်၊ ကွမ်းသွေးထွေးတာအပါဝင် အမြင်မတော်တာ၊ လွှဲချော်နေတာတွေကို ခပ်ထေ့ထေ့လေး ဝေဖန်မိခဲ့ပါတယ်။

ဒီလိုဝေဖန်တာကို တချို့က လက်ခံကြိုဆိုကြပေမဲ့ တကယ့်အများစုကြီးကတော့ ဒါများ အဆန်းလုပ်လို့။ ဒီလိုပဲ နေလာတာနှစ် ၅၀ ကျော်နေပြီ။ ခင်ဗျားက နိုင်ငံခြားကပြန်လာမှ ဒီကလူတွေကို အထင်သေးသလိုလို ဘာလိုလိုနဲ့ လျောက်ဝေဖန်နေတယ်။ ခင်ဗျားလည်း ဒီမှာနေရင် ဒီလိုပဲ ရသမျှရိတ်ဖို့စိတ်ကူးနေမှာပဲ မဟုတ်ဘူးလားတဲ့။ ဘာပြန်ပြောရမှန်းကို မသိ။ ကိုယ်လဲ တချိန်က ၀င်ငွေထောတဲ့ အကောက်ခွန်ဌာနတို့၊ အခွင့်အလမ်းကောင်းတဲ့ ဗိုလ်သင်တန်းတို့ဆီ လျှောက်လွှာတင်ခဲ့ဖူးသူဆိုတော့ သူပြောသလို ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးထွန်းကားပြီး ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာ ဆယ်စုနှစ်နဲ့ချီနေခဲ့ပြီး ရန်ကုန် လေဆိပ်အ၀င်မှာ ဒီလိုကြုံရတာတွေကို ကိုယ်ကမပြောပဲမနေနိုင်။ ဒါတွေဟာ နိုင်ငံတကာအပြုအမှုတွေနဲ့ လွဲချော်နေတယ်လို့ ကိုယ်ကထင်နေပေမဲ့ သူတို့အတွက်တော့ ဒါဟာ အထူးအဆန်းမဟုတ်။ နှစ် ၅၀ ကျော် လွဲချော်လာခဲ့တာဆိုတော့ ဒါကို အမှားအယွင်းတခုအဖြစ် သူတို့က မမြင်တော့ပါ။ ဒီလွဲချော်မှုတွေကို ထောက်ပြသူကိုတောင် တလွဲလုပ်နေသူအဖြစ် သူတို့ကပြောင်းပြန်မြင်လာနေကြပါတယ်။

ဒါက လေယဉ်ကွင်းဝန်ထမ်းတွေနဲ့ တက္ကစီဆရာအဆင့်လောက်ပဲရှိပါသေးတယ်။ တနိုင်ငံလုံးအတိုင်းအတာ နဲ့ ဘယ်လောက်အထိလွဲနေမှန်း ဘယ်သူမှ အသေအချာမသိသေး။ တလောကတော့ ဦးသိန်းစိန်အစိုး ရခေတ်က တိုင်းဝန် ကြီးချုပ်ဟောင်းတဦး သိန်းထောင်နဲ့ချီလာဘ်စားတယ်ဆိုတဲ့အမှုတခုပေါ်လာပါတယ်။ ဒီအမှုကို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့ တချို့ကထောက်ပြပေမဲ့ အစိုးရဖက်ကတော့ နောက်ကြောင်းပြန်အရေးယူလို့မရဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်တယ်လို့ပြော ပါတယ်။

ဒီအထိက သိပ်ပြသာနာမရှိသေး။ ဘာကြောင့်လဲဆို အစိုးရနဲ့ သတင်းသမားတွေကြား အမြင်မတူတာ၊ အပြန်အလှန်ငြင်းခုန်တာဟာ ဒီမိုကရေစီနိုင်ငံတွေမှာ တွေ့နေကြမဟုတ်ပါလား။ ဒါပေမဲ့ ဒီအမြင်ဟာ အစိုးရတာဝန်ရှိသူတွေမှာတင်မကပဲ အများပြည်သူကြားမှာပါ ကူးစက်ပြန့်နှံ့နေပြီ။ အရင်လူဟောင်းတွေနဲ့ တပ်မတော်အရာရှိဟောင်းတွေအပေါ် ဝေဖန်ရင်၊ ဖမ်းဆီးအရေးယူမယ်ဆိုရင် လက်ရှိသွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းကို အနောက်အယှက်ဖြစ်လာနိုင်တယ်။ ဒါကြောင့် လူဟောင်းတွေ၊ တပ်မတော် နဲ့ဆိုင်တာတွေဆို ဘာမှမပြောပဲ လက်ရှောင်နေတာ အကောင်းဆုံးနည်းဖြစ်တယ်ဆိုပြီး လူထုတရပ်လုံး နီးပါးက မြင်လာနေတာဟာ စိုးရိမ်စရာပါ။ 

ဒါတင်လားဆိုတော့ မဟုတ်သေး။ အဲဒီလို အာဏာရှင်လက်ကျန်တွေကို လက်ရှိ NLD အစိုးရက သဘောထားကြီးကြီးနဲ့ အရေးယူမှုမလုပ်ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးရအောင်ကြိုးစားနေချိန်မှာ အစိုးကိုမဝေဖန်သင့်ဘူး။ လက်ရှိရွေးကောက်ခံအစိုးရကိုဝေဖန်တာဟာ အရင် အာဏာရှင်အစိုးရကို အားပေးသလိုဖြစ်စေတယ်ဆိုတဲ့ စိတ်ပူမှုတွေ လူထုတရပ်လုံးကြား စိမ့်ဝင်နေပါတယ်။ ဒီလိုနဲ့ အစိုးရက တပ်မတော်ကိုမဝေဖန်ရဲ၊ လူထုက အစိုးရကို မဝေဖန်ရဲ၊ မီဒီယာသမားတွေက ခုစလုံးကို မဝေဖန်ရဲတဲ့ အနေအထားတခုဆီ ဦးတည်လာနေပါတယ်။


ရေများရေနိုင် မီးများမီးနိုင်လား

ဒါတွေက တခုလုံးအခြေအနေအပေါ် ရေဘူယျအမြင်ပါ။ အခုဆက်ပြီး တခုချင်းအခြေအနေကို နဲနဲဆွေးနွေး ချင်ပါတယ်။ NLD ပါတီ ရွေးကောက်ပွဲနိုင်တော့ ပထမ ဆုံး စလုပ်တာက အမှိုက်ကောက်ပြခြင်းပါ။ ဒါဟာ တနိုင်ငံလုံး သန့်ရှင်းသန့်ပြန့်ရေးကို ဦးတည်တဲ့အပြင် အရင်လူဟောင်း၊ မူဟောင်းတွေကိုလည်း သန့်စင် ရှင်းလင်းရေးလုပ်မယ်ဆိုတဲ့  သင်္ကေတလို့ ယူဆရပါတယ်။ ဟော- အခု တနှစ်ကျော်ကြာလာတဲ့အခါ မြန်မာနိုင်ငံတ၀ှမ်း ဘယ်လောက်အထိ သန့်စင်သန့်ပြန့်သွားပါသလဲ။ လူဟောင်း-မူဟောင်းတွေ ဘယ် လောက်အထိ ပပျောက်သွားပါသလဲ။



တနှစ်ကြာပညာပေးမှုလုပ်ပြီးချိန်အထိ အမှိုက်ပစ်သူတွေက စည်းကမ်းမဲ့ဆက်ပစ်နေဆဲ။ လာဘ်စား၊ ခြားတဲ့ လူဟာင်းတွေလည်းက မူဟောင်းတွေအတိုင်း ဆက်ညစ်နေဆဲဆိုရင် ဒါတွေဟာ အောင်မြင့်ဖို့မလွယ်ပါ။ တနည်းအားဖင့်ပြောမယ်ဆိုရင်တော့ ကုထုံးကမပြင်းထန်၊ ဆေးသောက်တာက အချိန်မမှန်လို့ ငှက်ဖျား ရောဂါ ဆေးယဉ်သွားသလိုမျိုး နှစ် ၅၀ ကျော်ကြာစွပ်ကပ်နေတဲ့ လွဲချော်မှုရောဂါကို တနှစ်တည်းနဲ့ ကုသဖို့ မလွယ်ပါ။

ဥရောပရောက် မိတ်ဆွေတဦး သူ့ facebook မှာရေးထားတာကို ဒီနေရာမှာတင်ပြချင်ပါတယ်။ သူတို့ အိမ်ဟာ ရန်ကုန်မြို့လယ် ဆူးလေ၀န်းကျင်မှာရှိပြီး တလောကတော့ နိုင်ငံခြားသား (အိမ်နီးချင်းနိုင်ငံသား) တဦးက အဲဒီဝန်းကျင်မှာ ဆိုင်ခန်းလာ ဖွင့်တယ်ဆိုပါတယ်။ အဲဒီပုဂိုလ်ဟာ မနက်တိုင်း အိမ်ရှေ့လမ်းပေါ် သန့်ရှင်းရေးလုပ်ပြီး အမှိုက်တွကို အိမ်ထဲ ပြန်သယ်သွားပါတယ် တဲ့။ ဒါပေမဲ့ သီတင်း  ပတ်လောက်ကြာ တဲ့အခါမှာတော့ အဲဒီလို မသယ်တော့ပဲ ဘေးနားအိမ်ကလူတွေလုပ်နေသလိုပဲ လမ်းဘေးရေမြောင်းထဲ သွန်ချလိုက်ပါတော့တယ် တဲ့။

ဒါကို ပတ်ဝန်းကျင်နဲ့အလိုက်သင့် နေနိုင်အောင် ကြိုးစားခြင်းလို့ပြောမလား။ အလွဲတွေထဲရောက်လာတော့ သူပါ အလွဲဖြစ်သွားတယ်လို့ပြောမလား။ ရေများရေနိုင် မီးများမီးနိုင်ဆိုတဲ့သဘောလား။ ဒါက အပြင်က လူတွေ အထဲရောက်ချိန်မှာ လွဲချော်မှုကြား အလိုက်သင့်မျှောပါသွားခြင်းဆိုပါတော့။ 

အထဲကလူတွေ အပြင်ကိုရောက်ရင်ကော ပြင်ပကမ္ဘာရဲ့ စံချိန်စံညွှန်းတွေကြား အလိုက်သင့်မျှောပါသွား တာပဲလား။ ဥရောပက နောက်ထပ် မိတ်ဆွေတဦးရဲ့ အတွေ့အကြုံကိုတင်ပြချင်ပါတယ်။ မြန်မာနိုင်ငံမှာ လူများစုကြီးက ဆင်းရဲနေကြပေမဲ့ ထားစရာမရှိအောင် ချမ်းသာနေသူတွေကလည်း သိပ်မနည်းလှပါဘူး။ အဲဒီထဲမှာ ခုနကပြောတဲ့ အရင်လူဟာင်းတွေ၊ သူတို့နဲ့ဆိုင်တဲ့အသိုင်းအ၀ို်င်းတွေကအများစုဖြစ်နိုင်ပေမဲ့ သမ္မာအာဇိဝကြိုးစားပြိး ချမ်းသာလာသူတွေလဲ အနည်းအကျဉ်းရှိနိုင်ပါတယ်။

အဲဒီလို မျက်စိကြီးနားကြီး လူတန်းစားတွေဟာ အချင်းချင်းဂုဏ်ပြိုင်တဲ့အနေနဲ့ ဥရောပတိုက်ရဲ့ အထင်က ရနေရာတွဆီ နှစ်စဉ်လာရောက်လည်ပတ်လေ့ရှိပါတယ်။ တရက်မှာတော့ အဲဒီခရီးသည်တွေထဲက အမျိုးသမီးတဦးရဲ့ လက်ကိုင်ထဲမှာ ငွေသားတွေများလွန်းလို့ (ခရက်ဒစ်ကတ် သုံးလေ့မရှိတာလဲပါမယ်ထင်) အပြင်ကိုလျှံထွက်တော့မလိုဖြစ်နေတယ် ဆိုပါတယ်။ ဒါကိုမြင်တဲ့ ရဲသားတဦးက ပိုက်ဆံအိပ်ကို လက်ညှိုးနဲ့ ထိုးပြီး သတိထားဖို့ပြောပါတယ်။ ဒီတော့ အဲဒီအမျိုးသမီးက ၀မ်းသာအားရနဲ့ ကျေးဇူးအထူးတင်ပါတယ်လို့ ပြောပြီး ရဲသားကို ယူရွန် ၁၀ သွားပေးလိုက်ပါတယ်တဲ့။ 

မြန်မာနိုင်ငံမှာဆိုရင်တော့ ရဲသားက ကျေးဇူးတင်ကြောင်းပြောပြီး လာဘ်ငွေကို လက်ခံလိုက်မယ်ထင်ပါ တယ်။ ဥရောပမှာတော့ ဒီလိုအပြုအမှုဟာ တကယ့်ကို အထူးအဆန်းပေါ့။ ဒါတွေဟာ နှစ် ၅၀ ကျော် ပြင်ပကမ္ဘာနဲ့အဖြတ်ခံထားရလို့ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေလား။ တနည်းအားဖြင့် တကမ္ဘာလုံးက လူတွေလဲ မြန်မာတွေလိုပဲ လာဘ်ပေးမှုနဲ့အကျင့်ပျက်နေကြတယ်ဆိုပြီး အမှတ်မှားနေတဲ့သဘောလား။ နှစ် ၅၀ ကျော် ခေါက်ရိုးကျိုးလာတဲ့အပြုအမှုတခုကို ချက်ချင်းပြင်ဖို့ မလွယ်သေးတဲ့သဘောလား။


အလွဲများနှင့် အလိုက်သင့် စီးမျောသင့်-မသင့်

အဲတော့ မေးစရာဖြစ်လာတာက မြန်မာနိုင်ငံမှာနေမယ်ဆိုရင် ဒီလိုအလွဲတွေကိုဖေါ်ထုတ်ပြီး ပြုပြင်ပြောင်းလဲ ဖို့ ကြိုးစားမလား။ အဲဒီအလွဲတွေနဲ့ အလိုက်သင့်နေနိုင်အောင် ကြိုးစားမလား ဆိုတာပါပဲ။ စာရေးသူကတော့ ပထမ နည်းကို ရွေးထားပါတယ်။ ဒါပေမဲ့ နှစ် ၅၀ လုံးလုံး အလွဲတွေနဲ့ဆက်တိုက်အသားကျနေတဲ့ ပြည်တွင်း က မိတ်ဆွေတွေကတော့ ဒီနည်းကို သိပ် ဘ၀င်ကျပုံမရ။ အခန့်မသင့်ရင် ပုဒ်မ ၆၆ () နဲ့ အချိန်မရွေး ဆွဲစေ့ခံရနိုင်တယ်လို့ သတိပးနကြပါတယ်။



ဒါပေမဲ့ စစ်အာဏာရှင်စနစ်ကိုဖြုတ်ချဖို့ အသက်စွန့်တိုက်ပွဲဝင်ခဲ့ဖူးသူ လက်နက်ကိုင်တော်လှန်ရေးသမား ဟောင်းတွက ပုဒ်မ ၆၆ () ကို ကြောက်နေသင့်ပါသလား။ ဒါမှမဟုတ် လက်ရှိ တိုက်ပွဲသဏ္ဍန်ဟာ အရင်လို ရှင်းရှင်းလင်းလင်းမရှိတော့ဘူး။ ဒီမိုကရေစီလိုလားသူနဲ့ အာဏာရှင်ဆန်သူတွေကြား ရန်-ငါ စည်းက သိပ်မကွဲပြားတော့ဘူး။ တိုက်ပွဲသဏ္ဍန်တွေ ပိုရှုပ်ထွေး၊ ပိုသိမ်မွေ့လာလို့ လူတွေမှာ အကြောက် တရား ပိုများလာနေတာများလား။

နိုင်ငံရေးဆန်းစစ်သူ မိတ်ဆွေတယောက်ကတော့ NLD အစိုးရသစ်တက်လာပြီးနောက်ပိုင်း လေသံ အကျယ်ဆုံး ဝေဖန်နေသူတွေဟာ တချိန်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အသံအကျယ်ဆုံး ထောက်ခံခဲ့တဲ့ ပြည်ပရောက်မြန်မာတွေ၊ ပြည်ပကနေပြန်ဝင်သွားသူတွေ၊ ပြည်ပအတွေ့အကြံရှိသူတွေ ပါပဲတဲ့။ သူပြောတာ ဟုတ်လောက်ပါတယ်။ စာရေးသူလဲ အဲဒီစာရင်းထဲက တဦးဖြစ်နေနိုင်ပါတယ်။ 

ဘာကြောင့်လဲဆို ပြည်တွင်းကလူတွေက အရင်စစ်အစိုးရဟောင်းနဲ့ လက်ရှိ ရွေးကောက်ခံအစိုးရသစ် ကိုနှိုင်းယှဉ်ပြီး အကောင်း မြင်နေကြတယ်။ ခင်ဗျားတို့က မြန်မာ့ဒီမိုကရေစီအသွင်းကူးပြောင်းမှုကို နိုင်ငံတကာ အသွင်ကူးပြောင်းမှုတွေနဲ့နှိုင်းယှဉ်ပြီး အားမလိုအားမရ လျောက်ပြောနေတယ်။ မြန်မာ့ နည်းမြန်မာ့ဟန်ဆိုတာကို လက်မခံပဲ နိုင်ငံတကာစံနှုန်းတွေနဲ့ လိုက်တိုင်းနေတာကြောင့်လို့ သူကဆိုပါ တယ်။

ဦးသိန်းစိန်အစိုးရခေတ်မှာ ပြည်တွင်းပြန်ဝင်ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး သင်တန်းတွေပို့ချနေတဲ့ မိတ်ဆွေတဦးကတော့ ပြည်ပရောက်တော်လှန်ရေးသမားတွေရဲ့အမြင်တွေ၊ ပူးပေါင်းပါဝင်မှုတွေကို လက်ရှိအစိုးရက အလေးထားစဉ်းစားသင့်တယ်လို့ပြောပါတယ်။ လက်ရှိ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်မှာ ပြည်ပရောက်တော်လှန်ရေးသမားတွေနဲ့ နယ်စပ်က တော်လှန်ရေးအဖွဲ့တွေ ပါဝင်ခွင့်မရသေးဘူး။ နိုင်ငံတကာပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေလို မဟုတ်သေးဘူးလို့ မကြာခဏထောက်ပြလေ့ရှိပါတယ်။

‘’အစိုးရပြောင်းသွားပေမဲ့ အောက်ခြေ၀န်ထမ်းတွေက ဘာမှမပြောင်းသေးဘူးဗျ။ အထူးသဖြင့်သံရုံးတွေကို ကြည့်ပါလား။ အရင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ မင်းကိုနိုင်ကို နှစ် ၂၀ လုံးလုံး ထောက်ခံဆန္ဒပြခဲ့တဲ့ မောင်ကျောင်းတွက ဒေါ်စုလာရင် အပြင်ကနေ ငေး၊ တချိန်က ဒေါ်စုကို ဆဲဆိုဝေဖန်သူတွေက သံရုံးထဲ မှာတော့ ဒေါ်စုနဲ့ တရုန်းရုန်း’’ ဆိုပြီး အမေရိကားရောက် တော်လှန်ရေးသမားဟောင်းတဦးကလည်း ရင်ဖွင့် ပါတယ်။

NLD ပါတီထဲက မိတ်ဆွေတချို့ကတော့ ဝေဖန်တာက လွယ်ပါတယ်။ လက်တွေ့လုပ်ရတာမလွယ်ဘူး။ အပြင်ကနေ ဝေဖန်နေမဲ့အစား အထဲကိုလာပြီး သူတို့နဲ့ပူးတွဲဆောင်ရွက်ပါလားလို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ စာရေးသူအပါဝင် အပြင်ကနေအထဲကို ခဏ၀င်ခွင့်ရသူတွေက အလည်လာခွင့်ပဲရှိပြီး ထဲထဲဝင်ဝင် လုပ်ခွင့်မရှိသေးပါ။ သတင်းလောက၊ NGO လောကမှာ တာဝန်ထမ်းနေသူတွေအားလုံး Business Visa တွေနဲ့။ ပင်လုံညီလာခံတက်နေသူတချို့တောင် Business Visa တွေနဲ့ဆိုတော့ သိပ်မဟုတ်သေး။ အမြဲတန်းနေထိုင်ခွင့်ဆိုတာကို အရင်အစိုးရခေတ်ကတည်းက လေသံပစ်ထားပေမဲ့ အခုအစိုးရသစ် တနှစ်ကျော်ကြာတဲ့အထိ ဘာမှန်းမသိရသေး။ 


ဒီလိုလွဲချော်မှုတွေကို ဘာမှထောက်ပြဝေဖန်ခြင်းမလုပ်ပဲအားလုံးကောင်းပါသည်ခင်ဗျား’’ လုပ်နေရင်တော့ ဒါဟာ ဒီမိုကရေစီမဟုတ်တော့ပါ။ ပုဒ်မ ၆၆ () ကိုကြောက်ပြီး မီဒီယာတွေအားလုံး၊ ပြည်သူတွေအားလုံး အသံငြိမ်သွားရင်၊ နောက်ပြန်ဆုတ်သွားမှာစိုးလို့ တပ်မတော်နဲ့ လူဟောင်းတွေကို မဝေဖန်ရဲဘူးဆိုရင်လဲ ဒါ ဒီမိုကရေစီမဟုတ်သေးပါ။ ဒီလို မဟုတ်တာတွေကို မဟုတ်သေးဘူးလို့ ဆက်လက်ထောက်ပြနေခြင်းကသာ ဒီမိုကရေစီစနစ်ဆီချီတက်ရေးအတွက် တစုံတရာအထောက်အကူဖြစ်စေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။      

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More