Monday, June 19, 2017

အဖေများနေ့နှင့် ဒေါက်တာမြင့်ချို

ကျနော်တို့ရဲ့ ABSDF ခေါင်းဆောင်တဦးဖြစ်ခဲ့သူ ဒေါက်တာမြင့်ချိုရေးထားတဲ့ အဖေများနေ့အတွက် ဆောင်းပါးက ကျနော့် ကို မျက်ရည်ကျစေတဲ့အတွက် အမှတ်တရအဖြစ် ဒီနေရာမှာ မှတ်တမ်းတင်ထားလိုက်ပါတယ်။
...

သမိုင်းဝင် (၈) လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးကို စစ်အာဏာရှင်တွေက ရက်ရက် စက်စက်ဖြိုခွဲခဲ့လို့ နယ်စပ်ဒေသတွေဆီထွက်ခွာလာကြပြီး လက်နက်ကိုင်တော်လှန်ရေးမှာ ဆက်လက်ပါဝင်လှုပ်ရှားခဲ့ကြတဲ့ သားသမီးတွေရဲ့ အိမ်အပြန်ခရီးကို မျှော်လင့်ကြီးစွာ စောင့်စားရင်း လွန်ခဲ့တဲ့ (၂၉) နှစ်အတွင်း ကွယ်လွန်သွားခဲ့ကြတဲ့ ကျေးဇူးရှင်အဖေအားလုံးနဲ့ လေဖြတ်ပြီးမျက်စိကွယ်နေတဲ့ အသက် (၈၅) နှစ်အရွယ် ကျွန်တော့်အဖေကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျွန်တော် ရေးသားပြုစုထားတဲ့ “ကျွန်တော့်ဘ၀မှတ်တမ်း” ထဲက “ကျွန်တော့်ဘ၀ထဲက အဖေ” ထဲမှာပါတဲ့ တချို့အဖြစ်အပျက်ကလေးတွေကို ရွေးထုတ်ပြီး ဖခင်နေ့ (Father’s Day) မှာ အမှတ်တရ ဖေါ်ပြလိုက်ပါတယ်။ 

...
အဖေ့ကို မွန်မြန်မာလူမျိုး လယ်သမား မိဘနှစ်ပါးက မွန်ပြည်နယ်၊ သထုံခရိုင်၊ ဒေးဘလိန်း နယ်က ရွာငယ်လေး တရွာမှာ မွေးဖွားခဲ့ပါတယ်။ အဖေအရွယ်မရောက်ခင်မှာဘဲ မိဘနှစ်ပါး ကွဲခဲ့ကြပြီး သားအကြီးဆုံးဖြစ်တဲ့အဖေလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ကျောင်းထွက်၊ လယ်လုပ်ရင်း ညီလေးတွေကို ကူညီစောင့်ရှောက်ခဲ့တယ်။ အရွယ်ရောက်တော့ ဘားအံမြို့မှာ ရွှေ့ပြောင်းအလုပ်လုပ်နေရင်း အမေ့နဲ့အိမ်ထောင်ကျခဲ့ပြီး ဘားအံမြို့လယ်က အမေ့မိခင်ရဲ့ အိမ်မှာဘဲ အတူနေထိုင်ရင်း သံလွင်မြစ်လယ်က ကော့ထော်ကျွန်းပေါ်မှာရှိတဲ့ ကိုင်းမှာဘဲ အလုပ်လုပ်ခဲ့တယ်။ အဖေဟာ ကိုင်းလုပ်ငန်းနားချိန်တွေမှာလည်း လှေတစင်းနဲ့ သံလွင်မြစ်ထဲမှာ ညပိုင်း ပုဇွန်ခပ်တဲ့အလုပ်ကို လုပ်ခဲ့တယ်။ 

ကျွန်တော်ကလေးဘ၀တုံးက အဖေပုဇွန်ခပ်သွားရင် တခါတလေ ကျွန်တော့်ကိုပါ ခေါ်သွားတတ်တယ်။ ကျွန်တော်ပါသွားရင် လှေပေါ်မှာကျွန်တော်အိပ်ဘို့ လှေဦးဘက်မှာ ၀ါးကွပ်ပျစ်လေးတခုခင်းထားပေးပြီး ကျွန်တော့် လွှာစောင်လေးနဲ့ ခေါင်းအုံးလေးကိုပါ အဆင်သင့် ပြင်ထားပေးတယ်။ ညဦးပိုင်းမှာ ကျွန်တော့်ကို ပေးအိပ်လိုက်ပြီး ညသန်းကောင်ကျော်အချိန်ရောက်ရင် ကျွန်တော့်ကို အသာနှိုးလို့ ပုဇွန်ပိုက်မှာချိတ်ထားတဲ့ အုန်းသီးတုံးလေးတွေကို ပုဇွန်တွေ ကိုက်ဖဲ့ စားသောက်နေတာကို ဓါတ်မီးနဲ့ ထိုးပြတယ်။ ပြီးတော့ အဲဒီ ပုဇွန်တွေကို ပုဇွန်ခပ်တဲ့ပိုက်ခွက်နဲ့ အသာလေး ခပ်ပြတယ်။ အဲဒီညမှာ ရလိုက်တဲ့ အတွေ့အကြုံလေးဟာ ကျွန်တော့်လို ကလေးတယောက်အဖို့ စိတ်ဝင်စားစရာ၊ စိတ်လှုပ်ရှားစရာကောင်းပြီး တသက်မမေ့နိုင်အောင်ပါဘဲ။ ကျွန်တော်ဟာ သံလွင်မြစ်ထဲမှာ အဖေနဲ့အတူတူ လှေစီးပြီး လိုက်ရတာ၊ ရေထဲကပုဇွန်လေးတွေကို လှေပေါ်ကနေ တိတ်တိတ်ကလေး ကြည့်ရတာ၊ အဖေခင်းထားတဲ့ ၀ါးကွပ်ပျစ်လေးပေါ်ကအိပ်ယာမှာ အိပ်ရတာတွေကို သိပ်သဘောကျခဲ့တယ်။

အဖေဟာ ကိုင်းထဲမှာ အလုပ်သွားလုပ်ရင်လည်း မကြာခဏ ကျွန်တော်ကိုပါ ခေါ်သွားတတ်တယ်။ အဖေဟာ ထွန်ယက်ထားတဲ့ မြေကြီးတုံးလေးတွေကြားက မြက်တွေကိုဖယ်ရှားဘို့နဲ့ မြေကြီးညက်သွားအောင် နွားနဲ့ “ဂျမ်း” ဆွဲတဲ့ အခါတွေမှာ ကျွန်တော့်ကို ဂျမ်းပေါ်မှာတင်ပြီး ပေးစီးခဲ့တယ်။ အလုပ်တွေပြီးလို့ နွားတွေကို ရေချိုးပေးဘို့ မြစ်ကမ်းစပ် ကို ဆွဲသွားတဲ့အခါမှာလည်း ကျွန်တော့်ကို နွားပေးစီးပြီး အဖေဟာ ဘေးကနေ ထိန်းသွားပေးတတ်တယ်။ အဖေက ဂျမ်းဆွဲနေချိန်မှာ ကျွန်တော်က ဂျမ်းပေါ်ထိုင်ပြီး လိုက်စီးရတာ၊ နွားစီးရတာတွေကိုလည်း သိပ်သဘောကျခဲ့တယ်။ 

ကျွန်တော်က (၄) နှစ်ခွဲအရွယ်၊ ညီလေးက (၆) လသားမှာ အဖေ၊အမေတို့နဲ့အတူ (လှေပြင်ထားရလို့) အိမ်ကနေ ကိုင်းထဲကို ကုန်းလမ်းအတိုင်း တနာရီကျော် လမ်းလျှောက်ပြီးသွားခဲ့ကြရတယ်။ ကျွန်တော် ခြေထောက်ညောင်းလို့ ဆက်မလျှောက်နိုင်တော့တဲ့အခါတိုင်း (တောင်းနှစ်လုံးကို ဆိုင်းထမ်းပိုးနဲ့ထမ်းလာတဲ့) အဖေဟာ ကျွန်တော့်ကို တောင်းတလုံးထဲမှာထည့်၊ ကျွန်တော့်ညီလေးကို နောက်တောင်းတလုံးထဲမှာထည့်ပြီး တံပိုးနဲ့ထမ်းလျှောက်ခဲ့တယ်။ ကျွန်တော်ဟာ အဲဒီလို အဖေ့ရဲ့ ဂရုစိုက်တာမျိုးကိုလည်း ခံခဲ့ရတယ်။ 

တညနေမှာတော့ အိမ်ကနေ တနာရီလောက်လမ်းလျှောက်သွားရတဲ့ သီရိကွင်းက ကရင်ပြည်နယ်နေ့ အထိမ်း အမှတ်ပွဲကို ကျွန်တော်တို့မိသားစု မြို့ပတ်ကားစီးပြီး သွားကြဘို့လုပ်တော့ ကျွန်တော် ကားမစီးရဲတာကြောင့် အမေရယ်၊အမရယ်၊ ညီလေးတို့ကို ကားနဲ့ အရင်ပေးသွားလိုက်ပြီး ကျွန်တော့်ကိုတော့ အဖေက သူ့ပုခုံးပေါ်ထမ်းပြီး ကားလမ်းအတိုင်း သီရိကွင်းအရောက် လမ်းလျှောက်သွားခဲ့တယ်။ ပွဲခင်းထဲမှာ လျှောက်ကြည့်ရင်း မျက်မှန်ဆိုင်နဲ့ ဆေးတံရောင်းတဲ့ဆိုင်ရှေ့ကိုရောက်တော့ မျက်မှန်နဲ့ဆေးတံဝယ်ပေးဘို့ အဖေ့ကို ကျွန်တော် ပူဆာပါတော့တယ်။ အဖေက မျက်မှန်နဲ့ဆေးတံဟာ ကလေးကစားစရာမဟုတ်လို့ တခြားအရုပ်တခုခုကိုယူဘို့ အမျိုးမျိုးချော့ပေမဲ့ မရတာနဲ့ နောက်ဆုံးမှာ ကျွန်တော့်ဆန္ဒကိုလိုက်လျောပြီး ဈေးမချိုလှတဲ့ မျက်မှန်ငယ်လေးတလက်နဲ့ ဆေးတံငယ်လေးတခုကို ၀ယ်ပေးခဲ့ရတော့တယ်။ ငွေကိုချွေတာသုံးနေရတဲ့အချိန်မှာ ကျွန်တော့်ကြောင့် ပိုပြီးငွေကုန်ခဲ့ရပေမဲ့ မငြိငြင်ခဲ့ဘူး။ 

ကျွန်တော်ဟာ ငယ်ငယ်တုံးက ပိန်ပိန်ပါးပါး ပျော့တိပျော့ဖတ်နဲ့ ခံနိုင်ရည်နည်းတဲ့အတွက် ယောက်ျားလေးဖြစ်ပြီး ပျော့ညံ့သူ၊ ခံနိုင်ရည်မရှိတဲ့သူ၊ ဇွဲမရှိတဲ့သူလို့ ခဏခဏ အပြောခံခဲ့ရတယ်။ ကျွန်တော် လေးတန်းကျောင်းသားဘ၀ ရောက်တော့ ကျွန်တော့်ရဲ့ အားနည်းချက်ကို သတိရရအောင်နဲ့ နောက်နောင် ဘာလုပ်လုပ် ခံနိုင်ရည်နဲ့ ဇွဲရှိရမယ်လို့ ကိုယ့်ကိုယ်ကိုကိုယ် သတိပေးရအောင် ရွှေယဉ်မျှော်ဘုရားပွဲက ဆေးမှင်ကြောင်ထိုးတဲ့ဆိုင်မှာ “ဇွဲ” ဆိုတဲ့ စာလုံးကို ပြားနှစ်ဆယ်ပေးပြီး လက်ဖမိုးပေါ်မှာ အနာခံပြီး ထိုးခဲ့တယ်။ အိမ်ပြန်ရောက်တော့ (ထိုးကွင်းထိုးတာကို မကြိုက်တဲ့) အမေ တွေ့တော့ စိတ်ဆိုးပြီး ဘာကြောင့် သေရာပါအမှတ်အသားဖြစ်အောင် အသားအနာခံပြီး ထိုးရတာလဲလို့ ဆူပါတော့တယ်။ 
ကျွန်တော့်ကိုယ်ကျွန်တော် ဘာလုပ်လုပ် ဇွဲရှိဘို့ အမြဲသတိရနေအောင် ထိုးတာပါလို့ ရှင်းပြပေမဲ့ မရဘူး။ အမေက ကျွန်တော့်ကို ရိုက်ပြီးအပြစ်ပေးမယ်လုပ်တော့ အဖေက ခေတ်ကာလ ယောက်ျားလေးတွေဟာ ဒီလိုဘဲ ထိုးကွင်းမင်ကြောင် အရုပ်တွေ စာလုံးတွေ ထိုးနေကြတဲ့ အကြောင်း၊ သူ့ကျောကုန်းမှာလည်း လူပျိုတုံးက ထိုးထားခဲ့တဲ့ ဘီလူးရုပ် ရှိတဲ့အကြောင်း၊ ကျွန်တော့်ရဲ့ အကြောင်းပြချက်ကလည်း လက်ခံနိုင်စရာမို့ ကျွန်တော့်ကို မရိုက်ဘို့ အမေ့ကို ဖျောင်းဖျပြောဆိုပေးပြီး၊ ကျွန်တော့်ကိုလည်း အမေ မကြိုက်တဲ့ ထိုးကွင်းထိုးတာမျိုး နောက်နောင် မလုပ်ဘို့ ဆုံးမတယ်။ ကျွန်တော်လည်း နောင်ဘယ်တော့မှ ထိုးကွင်းမထိုးတော့ပါဘူးလို့ အမေ့ကို ကတိပေးခဲ့လို့ အမေ ခွင့်လွှတ်ပေးလိုက်တယ်။ ဒီလိုနဲ့ အဖေ့ကြောင့် အမေ့တုတ်စာကနေ ကျွန်တော် သီသီလေး လွတ်ခဲ့ရဘူးတယ်။

အဖေဟာ ပညာကောင်းကောင်းမတတ်ပေမဲ့လည်း သားသမီး (၅) ယောက်စလုံးကို ငယ်စဉ်ကတည်းက ပညာကို တန်ဘိုးထားဘို့၊ ပညာတတ်တွေဖြစ်အောင် ရည်မှန်းချက်ထား ကြိုးစားကြဘို့ (အမေ့လိုဘဲ) အမြဲတမ်း ဆုံးမသွန်သင် တိုက်တွန်းခဲ့တယ်။ ကျွန်တော် အလယ်တန်း (ရ - ၈ တန်း) ကျောင်းသားဘ၀ တချို့ကျောင်းပိတ်ရက်တွေမှာ အဖေတို့နဲ့အတူ ကိုင်းထဲလိုက်သွားတဲ့အခါမှာလည်း နွားနဲ့ မြေကြီးကိုထယ်ထိုးတာ၊ ထွန်တာ၊ ဂျမ်းဆွဲတာတွေ၊ အပင်ပေါက်လေးတွေကို စနစ်တကျစိုက်ပျိုးပုံတွေ၊ နွားကိုအစာကျွေးပုံတွေ၊ လှေလှော်တာနဲ့ ပဲ့ကိုင်ပုံကိုင်နည်းတွေကို သင်ပြပေးခဲ့တယ်။ ကျွန်တော်လိုက်လုပ်လို့ အဆင်မပြေရင်လည်း အပြစ်မပြောဘူး။ အဖေသင်ပေးလို့ ကျွန်တော် ကောင်းကောင်း လှေပဲ့ကိုင်တတ်လာတဲ့ နောက်ပိုင်း ကိုင်းထဲကနေ လှေနဲ့အိမ်ပြန်တဲ့အခါ အဖေက သူ့ကိုယ်စား လှေပဲ့ကိုင်ဘို့ ကျွန်တော့်ကို တာဝန်လွှဲပေးခဲ့တယ်။ ရေစီးသန်လှတဲ့ သံလွင်မြစ်ကြီးထဲမှာ ကျွန်တော့်လို ကလေး တယောက်က လှေပဲ့ကိုင်နေတာဟာ အခန့်မသင့်ရင် အန္တရာယ်ရှိနိင်တာမို့ အမေက ကျွန်တော့်ကိုစိတ်မချလို့ ပဲ့မပေးကိုင်ချင်ဘူး။ ဒါပေမဲ့ အဖေကတော့ (စိတ်ပူပေမဲ့) ကျွန်တော့်ကိုယ်ကျွန်တော် ယုံကြည်မှုရှိအောင် လက်တွေ့ ပဲ့ကိုင်ဘို့ တာဝန်ပေးခဲ့တယ်။ ဒီလို အဖေ့ရဲ့ယုံကြည်မှုကိုရခဲ့တာကြောင့် ရှေ့လျှောက်ဘာဘဲလုပ်လုပ် ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်မှုတွေ ရှိလာခဲ့ပါတယ်။ 

ဒီလိုနဲ့ (၁၉၇၅) ခုနှစ်မှာ ကျွန်တော် (၁၀) တန်းကို (၅) ဘာသာ ဂုဏ်ထူးနဲ့အောင်တော့ အမေ့ကျန်းမာရေးကို အနီးကပ် စောင့်ရှောက်ပေးချင်တာရယ်၊ ဆရာဝန်ရှားပါးတဲ့ ကျွန်တော်တို့ ကရင်ပြည်နယ်က ဆင်းရဲနွမ်းပါးတဲ့လူထုရဲ့ ကျန်းမာရေးကိုလည်း တတ်နိုင်သရွေ့ ကူညီစောင့်ရှောက်ပေးချင်တာရယ်ကြောင့် ဆရာဝန်လိုင်း လိုက်ချင်တယ်လို့ အဖေ့ကိုပြောပြတဲ့အခါ ကျွန်တော် (၁၀) တန်းအောင်လို့ ၀မ်းသာနေတဲ့ အဖေဟာ ရုတ်တရက် မှိုင်တွေသွားခဲ့တယ်။ အဲဒီခေတ်က သားသမီး (၅) ယောက် စလုံးကို ကျောင်းထားနေရတဲ့ ကိုင်းသမားတွေအဖို့ အင်မတန် ငွေကုန်ကြေးကျ များပြီး (၇) နှစ်လောက် နှစ်ရှည်လများ သင်ယူရတဲ့ ဆရာဝန်လိုင်းဆိုတာကို လုံးဝ မစဉ်းစားရဲစရာပါဘဲ။ ဒါပေမဲ့ အဖေဟာ သူ့မိတ်ဆွေကုန်သည်တဦးဆီသွားပြီး ကျွန်တော့်အတွက် ပိုက်ဆံသွားချေးတဲ့အခါ သူ့မိတ်ဆွေက ငွေကြေး အကူအညီပေးမယ်၊ ဒါပေမဲ့ ကျွန်တော်ဆရာဝန်ဖြစ်ရင် သူ့သမီးနဲ့ပေးစားဘို့ သဘောတူရမယ်လို့ ပြောတော့ အဖေက “ကျုပ်သားဟာ ရောင်းကုန် မဟုတ်ဘူး” လို့ ပြောပြီး ထပြန်လာခဲ့တယ်။ အဖေဟာ သူ ဒီ့ထက် ပိုအလုပ်လုပ်ပြီး၊ ကျွန်တော်ဆရာဝန်ဖြစ်အောင် ပံပိုးပေးမယ်၊ ဆရာဝန် ဖြစ်ကို ဖြစ်စေရမယ်လို့ အားပေးခဲ့တယ်။ ဒါ့အပြင် အဖေဟာ သူကြိုက်တဲ့အရက်ကို မသောက်တော့ဘူးလို့ ကတိပေးခဲ့ပြီး ကျွန်တော့်ရဲ့အောင်မြင်မှုတွေကို ဂုဏ်ပြုခဲ့တယ်။ 

ကျွန်တော် ဆေးတက္ကသိုလ် (၂) မှာ ကျောင်းတက်ဘို့ ရန်ကုန်မြို့ကိုမသွားခင် တလလောက် အလိုမှာ အဖေဟာ ကျွန်တော့်အတွက် အ၀တ်အစားထည့်တဲ့သစ်သားသေတ္တာတလုံးကို သူကိုယ်တိုင် လုပ်ပေးခဲ့တယ်။ ကျွန်တော် ဆေးကျောင်းတက်ဘို့ မုတ္တမမြို့ကတဆင့် ရန်ကုန်မြို့ကို သင်္ဘောတတန်၊ ရထားတတန်နဲ့ သွားတော့လည်း အဖေကိုယ်တိုင် သေတ္တာထမ်းပြီး လိုက်ပို့ပေးခဲ့တယ်။ ရန်ကုန် တာမွေမှာနေတဲ့ အဖေ့ဆွေမျိုးတွေဆီကိုလည်း လိုက်ပို့ပေးပြီး ကျွန်တော်အခက်အခဲရှိရင် ကူညီပေးကြဘို့ ပြောပေးခဲ့တယ်။ ဆေးကျောင်းတက်နေတုံးမှာ ကျွန်တော် တခုခုဖြစ်ခဲ့ရင်လည်း အမြန်ဆုံး အဖေ့ကို အသိပေးအကြောင်းကြားဘို့ မှာခဲ့တယ်။ 

နှစ်စဉ် ဆေးတက္ကသိုလ်ကျောင်းပိတ်ရက်တွေရောက်လို့ ကျွန်တော် ဘားအံကိုပြန်လာမဲ့ အကြောင်း၊ အိမ်ကို ဘယ်နေ့ ပြန်ရောက်မယ်ဆိုတဲ့အကြောင်း အဖေ့ကို ကြိုတင် အကြောင်းကြားတဲ့အခါတိုင်း အဖေဟာ ကျွန်တော် ပြန်မရောက်ခင် တညလုံး ကိုင်းထဲမှာ ဖားရိုက်ပြီး နောက်နေ့မှာ ကျွန်တော်ကြိုက်တတ်တဲ့ ဖားကျော်စပ်စပ်လေးတခွက် အဆင်သင့် လုပ်ထားခဲ့တယ်။ ကျွန်တော်ဟာ ကျောင်းတက်နေစဉ် တနှစ်ပတ်လုံး အနံ့အရသာ တမျိုးတည်းလိုဖြစ်နေတဲ့ အဆောင် ထမင်းဟင်းကိုဘဲ အောင့်အင်းပြီးစားခဲ့ရတာကြောင့် ဟင်းချက်ကောင်းတဲ့ အဖေ့ရဲ့လက်ရာ ဖားကျော်စပ်စပ်လေးဟာ ကျွန်တော့်အတွက် နတ်သုန္ဓာလိုပါဘဲ။ အဖေဟာ ကျွန်တော် အားရပါးရ မြိန်ရည်ရှက်ရည် စားနေတာကို ကြည့်ရင်း ကျေနပ်နေခဲ့တယ်။

ကျွန်တော် ဆေးကျောင်းတက်နေတုံး ဒုတိယနှစ် အစပိုင်းလောက်မှာ ရက်ရှည်ဖျားနာနေလို့ ဆေးတက္ကသိုလ် (၂) ရဲ့ သင်ကြားရေးဆေးရုံကြီးတခုဖြစ်တဲ့ မင်္ဂလာဒုံစစ်ဆေးရုံကြီးမှာ ဆေးရုံတင်ကုခဲ့ရတယ်။ စမ်းသပ်မှုအမျိုးမျိုးလုပ်ပြီး ဆေးအမျိုးမျိုးနဲ့ကုသပေမဲ့ တလလောက်ကြာတဲ့အထိ အဖျားမကျဘဲ တရက်ထက်တရက် ပိုပြီးပိန်ကျလာတာကြောင့် ကျွန်တော်ဟာ လူနာကုတင်ပေါ်ကနေတောင် မထနိုင်လောက်အောင် အားနည်းသွားခဲ့တယ်။ ကျွန်တော့်ကိုလည်း အထူးခန်းထဲမှာ ပြောင်းထားပြီး ဆရာဝန်ကြီးတွေက စောင့်ကြည့်ခဲ့ရ တယ်။ ဒီလိုအခြေအနေမျိုးရောက်နေတဲ့ အချိန်ထိလည်း မိဘတွေကို ကျွန်တော် အကြောင်းမကြားခဲ့ဘူး။ အဲဒီအချိန်မှာ ဘယ်လိုမှမထင်မှတ်ဘဲ ဆေးရုံကြီးကို အဖေ ရောက်လာခဲ့တယ်။ ကျွန်တော် ဆေးရုံတက်နေရတာ အဖေ ဘယ်လိုလုပ်သိလည်းလို့ အဖေ့ကိုမေးတော့ အဖေဟာ မြိတ်ထားဝယ်မှာ ဆေးရွက်ကြီး သွားရောင်းနေတုံး တညမှာ အိပ်နေရင်း ကျွန်တော် နေမကောင်းဖြစ်ပြီး အခန်းလေးတခုထဲမှာ တယောက်တည်း ငိုနေတာကို အိပ်မက်လို့ ကျွန်တော့်အတွက်စိတ်ပူပြီး မှီရာလေယာဉ်ပျံနဲ့ ရန်ကုန်ကို အမြန်ဆုံးလာခဲ့တာလို့ ပြောပြတယ်။ ကျွန်တော့်အပေါ်ထားရှိတဲ့ အဖေ့မေတ္တာ၊ စေတနာ၊ ကရုဏာတွေကို ကျွန်တော် ငယ်စဉ်ကတည်းက သိခဲ့ပေမဲ့၊ အိပ်မက်တာနဲ့တောင် စိတ်ပူပြီး ချက်ချင်းထလိုက်လာတဲ့ အဖေ့ရဲ့ စိုးရိမ် ပူပန်စိတ်ကိုတော့ အံ့သြမဆုံး ဖြစ်ခဲ့ရတယ်။ 

ဒီလိုနဲ့ ကျွန်တော်ဟာ အဖေအမေတို့ရဲ့ နေပူမရှောင်မိုးရွာမရှောင် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး ရှာဖွေလို့ရတဲ့ ချွေးနဲစာနဲ့၊ သူများဆီကချေးငွေတွေနဲ့၊ အစိုးရပညာရေးဝန်ကြီးဌာနက လစဉ်ချီးမြှင့်တဲ့ တက္ကသိုလ် ပညာရည်ချွန်ဆု (တက္ကသိုလ်စကောလားရှစ်) ဆုကြေးငွေနဲ့ ပေါင်းပြီး ရန်ကုန်ဆေးတက္ကသိုလ် (၂) မှာ (၆)နှစ်ခွဲ ပညာသင်ရင်း (၁၉၈၂) ခုနှစ်မှာ ဆရာဝန်ဘွဲ့ကိုရခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ကျွန်တော် ဆရာဝန်ဘွဲ့ယူတဲ့နေ့က အဖေနဲ့အမေဟာ ၀တ်ကောင်းစားလှတွေဝတ်လို့ စိတ်လှုပ်ရှားနေပြီး ဘွဲ့ဝတ်ရုံရှည်ကြီးဝတ်ထားတဲ့ ကျွန်တော့်ကို ဂုဏ်ယူတဲ့အကြည့်နဲ့ တစိမ့်စိမ့်ကြည့်ရင်း ကျေနပ်ပျော်ရွှင် ကြည်နူးနေတာ ခုထိ ကျွန်တော် မြင်ယောင်နေမိတယ်။ 
အဲဒီနေ့က အမှတ်တရအဖြစ် သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ် သုံးယောက်အတူတူပါတဲ့ ဓါတ်ပုံ ရိုက်ဖြစ်ခဲ့တယ်။ ကျွန်တော့် တသက်မှာ ဒီတခါဘဲ အဖေအမေနဲ့တွဲပြီး ဓါတ်ပုံရိုက်ဘူးခဲ့တာမို့ ဒီမိသားစုဓါတ်ပုံဟာ ကျွန်တော့်ဘ၀အတွက် တန်ဘိုးမဖြတ်နိုင်အောင်ပါဘဲ။ အဖေဟာ ကျွန်တော် (၁၀) တန်း အောင်တုံးက အရက်မသောက်တော့ဘူးလို့ ကတိပေးပြီး (၅) နှစ်ကျော် အရက်နဲ့ ဝေးဝေး နေခဲ့ပြီးတော့မှ ပြန်သောက်ခဲ့တယ်။ အခုလည်း ကျွန်တော်ဆရာဝန်ဘွဲ့ရတာကို ဂုဏ်ပြုတဲ့ အနေနဲ့ သူကြိုက်ပြီး ကျွန်တော်မကြိုက်တဲ့ အရက်ကို မသောက်တော့ဘူးလို့ ကတိ ထပ်ပေးခဲ့ပြန်တယ်။ 

အဖေဟာ ကျွန်တော်နဲ့ ကျွန်တော့်ချစ်သူ (အထက်တန်းကျောင်းတုံးက ကျောင်းနေဘက် သူငယ်ချင်းလည်း ဖြစ်တဲ့) နန်းကုမ္မာရီတို့ အိမ်ထောင်ပြုတဲ့ကိစ္စမှာလည်း လူမျိုးစွဲတွေ ရှိနေကြတဲ့ ကျွန်တော့်အမေနဲ့ ကျွန်တော့်ဇနီးရဲ့ အဖေတို့ သဘောတူလက်ခံလာအောင် ကြိုးစားပေးခဲ့ပါတယ်။ ကျွန်တော့်အမေဟာ ကရင်လူမျိုးကို မုန်းတီးသူ မဟုတ်ပေမဲ့ ငယ်စဉ်ကတည်းစလို့ သူ့ဘ၀တလျှောက်လုံး ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြောင့် ဒုက္ခရောက်ခဲ့ရတာတွေ၊ အကြောက်လွန်ရောဂါနဲ့ နှလုံးရောဂါ ခံစားခဲ့ရတာတွေ စတဲ့ အတိတ်ကဖြစ်ရပ်တွေကြောင့် သားသမီးတွေကို ကရင်လူမျိုးနဲ့ အိမ်ထောင်ပြုမှာကို မလိုလားတဲ့စိတ်တွေ ကိန်းအောင်းသွားခဲ့တယ်။ အလားတူဘဲ ကျွန်တော့်ဇနီးရဲ့ အဖေဟာလည်း မြန်မာလူမျိုးကို မုန်းတီးသူမဟုတ်ပေမဲ့ မြန်မာလူမျိုးတွေကြီးစိုးတဲ့ အစိုးရစစ်တပ်တွေ (တပ်မတော်) က သူတို့ ကရင်ရွာတွေကို မကြာခဏ ၀င်ရောက်မီးရှို့ ဖျက်ဆီးပြီး ရွာသားတွေကို မတရားညှင်းပန်းနှိပ်စက်၊ ဒုက္ခပေးတာတွေကို ကြုံတွေ့ခဲ့ရလို့ သားသမီးတွေကို မြန်မာလူမျိုးနဲ့ အိမ်ထောင်ပြုမှာကို မလိုလားတဲ့စိတ်တွေ ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ နှစ်ဖက်လုံး သဘောတူမှုရလာအောင် အဖေ့ရဲ့ ညှိနှိုင်းကြိုးစားပေးမှုကြောင့် နောက်ထပ် (၃) လလောက်ကြာတော့ ကျွန်တော့် ဇနီးတာဝန်ကျရာ (ရန်ကုန်) အင်းစိန် ဆေးရုံအနီးက တရားရုံးမှာ လက်မှတ်ထိုးပြီး ကျွန်တော်တို့ငှားနေတဲ့ အင်းစိန်အိမ်မှာဘဲ နှစ်ဖက်မိဘအစုံအလင်နဲ့ မင်္ဂလာဆောင်နိုင်ခဲ့တယ်။ 

ကျွန်တော်ဟာ ဆရာဝန်အဖြစ်နဲ့ (၁၉၈၄) ခုနှစ်မှာ ဇာတိမြေဖြစ်တဲ့ဘားအံမြို့ကိုပြန်လာပြီး အမေ့ရဲ့ကျန်းမာရေးကို အနီးကပ်စောင့်ရှောက်ရင်း အဖေအမေတို့အိမ်မှာဘဲ ကိုယ်ပိုင် ဆေးကုခန်းဖွင့်ပြီ်း လူနာတွေကို စေတနာထား ကုသပေးခဲ့တယ်။ စေတနာအကျိုးပေးမှုကြောင့် မိဘကို ကျေးဇူးဆပ်နိုင်ခဲ့သလို ကျွန်တော့်မိသားစုအတွက်လည်း အဆင်ပြေခဲ့တယ်။ တနှစ်အကြာမှာ ကျွန်တော်ရယ်၊ ဇနီးရယ်၊ သားလေးရယ် အတူနေဘို့ (အဖေအမေတို့အိမ်နဲ့ သိပ်မဝေးတဲ့နေရာမှာ) မြေတကွက်ဝယ်ပြီး အိမ်ဆောက်တော့ ကျွန်တော့်ဘကြီး ဆောက်လုပ်ရေးဆရာနဲ့အတူ အဖေကိုယ်တိုင် အပင်ပန်းခံပြီး ကျွန်တော့် စိတ်ကြိုက် ဆောက်ပေးခဲ့တယ်။ 

(၁၉၈၇) ခုနှစ် မတ်လ (၂) ရက်နေ့မှာ စစ်ထောက်လှမ်းရေးက ကျွန်တော့်ကို ဘားအံမှာဖမ်းပြီး မော်လမြိုင်မြို့က အထူးစစ်ကြောရေးစခန်းမှာ ထိန်းသိမ်းစစ်ဆေးညှင်းပမ်းနေချိန်မှာ အဖေဟာ ကျွန်တော့်ကို ဘယ်သူတွေက ဖမ်းသွားသလဲ၊ ကျွန်တော်ဘယ်မှာရှိနေသလဲ ဆိုတာ နေ့စဉ် ရက်ဆက် နေရာအနှံ့ လိုက်လံစုံစမ်းပေမဲ့ ဘယ်သူမှ မပြောပြနိုင်ခဲ့ကြလို့ အင်မတန် သောက ရောက်ခဲ့ရတယ်။ ပြန်လွတ်လာတော့လည်း စစ်ထောက်လှမ်းရေးတွေက ကျွန်တော့်ကို တချိန်လုံးစောင့်ကြည့်နေတာမို့ ကျွန်တော့်ကြောင့် အဖေဟာ စိတ်သောကရောက်ခဲ့ရတယ်။

(၁၉၈၈) ခုနှစ် သမိုင်းဝင် (၈) လေးလုံး ဒီမိုကရေစီအရေးတော်ပုံကာလအတွင်း ဘားအံမြို့မှာ ကျောင်းသား ခေါင်းဆောင်တွေနဲ့အတူ ကျွန်တော် ဦးဆောင်လှုပ်ရှားတော့ အဖေတို့ လူကြီးတွေက ကျွန်တော်တို့ကို အပြည့်အ၀ ထောက်ခံခဲ့ကြသလို ဘားအံမြို့တွင်းရပ်ကွက် လုံခြုံရေးကိုပါ ကူညီတာဝန်ယူပေးခဲ့ကြတယ်။ စစ်တပ်က အာဏာ ပြန်သိမ်းပြီးနောက်မှာ ဘားအံမြို့က ကျွန်တော်တို့ သပိတ်ခေါင်းဆောင်(၉) ဦးကိုလည်း (အမြန်ဆုံးလာရောက် အဖမ်းခံကြဘို့) ဖမ်းဝရမ်းထုတ်လိုက်တာကြောင့် ကျွန်တော်လည်း အဖေတို့စီစဉ်ပေးတဲ့ လျှို့ဝှက်တနေရာမှာ ရက်အနည်းငယ် ပုန်းအောင်းနေခဲ့ပြီး နောက်ဆုံးမှာတော့ လက်နက်ကိုင်တော်လှန်ရေးနည်းလမ်းနဲ့ ဆက်လက် တိုက်ပွဲဝင်ဘို့ ထိုင်းမြန်မာနယ်စပ် ဒေသဆီကို ထွက်ခွါနိုင်ခဲ့တယ်။ 

ကျွန်တော်ဟာ ထိုင်းမြန်မာနယ်စပ်မှာ စစ်သင်တန်းတွေတက်ပြီးလို့ လက်နက်ကိုင် တော်လှန်ရေးသမားတယောက် အဖြစ် တာဝန်တွေထမ်းဆောင်လို့ သိပ်မကြာခင်မှာဘဲ KNU အထူးတပ်ရင်း (၁၀၁) နဲ့ ကျွန်တော်တို့ ABSDF ကျောင်းသားတပ်ရင်း (၂၁၁) က ရဲဘော်တွေ အတူတကွအခြေစိုက်တပ်စွဲထားတဲ့ (KNU ထိန်းချုပ်နယ်မြေ ဖြစ်တဲ့) ၀မ်းခါဟောင်းစခန်းနဲ့ ၀မ်းခါသစ် (ကော့မူးရာ) စခန်းကို ကျွန်တော့်ညီ စစ်ဗိုလ်ပါဝင်တဲ့ စစ်အစိုးရတပ်တွေက အလုံးအရင်းနဲ့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်လာပါတော့တယ်။ အဲဒီ ပြင်းထန်တဲ့ တိုက်ပွဲမှာ ကျွန်တော်နဲ့ ကျွန်တော့်ညီတို့ဟာ ရန်သူတွေအဖြစ် တဖက်နဲ့တဖက် တိုက်ခိုက်နေကြတဲ့ အကြောင်းကို အဖေနဲ့အမေတို့ ကြားသိသွားပြီး သားနှစ်ယောက်စလုံး အတွက် အင်မတန် ပူပင်သောက ရောက်ခဲ့ရတယ်။ အဖေဟာ စိတ်ညစ်လို့ အရက်တွေ ပြန်သောက်လာတော့တယ်။

အမေဟာ ကျွန်တော်ပြန်လာမဲ့တနေ့ကို မျှော်လင့်ကြီးစွာစောင့်စားရင်း (၂၀၀၀) ခုနှစ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန် သွားခဲ့ရပြီးနောက်မှာ အဖေဟာ အထီးကျန်သလိုဖြစ်သွားပြီး နေ့စဉ်ဆိုသလို အရက်သောက်လာတယ်။ သားသမီး (၅) ယောက်ရှိပေမဲ့လည်း အဲဒီအချိန်တုံးက အဖေ့နားမှာ တယောက်မှ အနီးကပ် မရှိနိင်ခဲ့ကြဘူး။ အိမ်ထောင်သည့်သမီးကြီးက အဖေ့အိမ်နဲ့ အတော်ဝေးတဲ့ တခြားရပ်ကွက်တခုမှာ သူ့မိသားစုနဲ့သူနေတယ်။ အိမ်ထောင်သည် သားအလတ် နှစ်ယောက် (စစ်ဗိုလ်နဲ့ ရဲအရာရှိ) က တာဝန်ကျတဲ့ တခြားမြို့တွေမှာ သူတို့မိသားစုနဲ့ အတူနေကြတယ်။ အိမ်ထောင်သည် သားအငယ်ဆုံး ကလည်း အဖေ့အိမ်မှာ အဖေနဲ့အတူနေတယ်ဆိုပေမဲ့ သူ့အလုပ်ကိစ္စနဲ့ တချိန်လုံး ခရီးသွားနေရလို့ အိမ်မှာ မရှိတာများပါတယ်။ အဖေဟာ အရက်သောက်တာတွေ များလာတာကြောင့် တဖြည်းဖြည်းနဲ့ ကျန်းမာရေးပါထိခိုက်လာပြီး နောက်ဆုံးမှာ ကိုယ်တခြမ်းလေဖြတ်သွားခဲ့တယ်။ 

အဲဒီတုံးက အဖေဟာ ကျွန်တော့်ကို သတိရနေပြီး ကျွန်တော်ဆက်သွယ်လာမှာကို မျှော်လင့်နေခဲ့တယ်။ ဒါပေမဲ့ ကျွန်တော် တောခိုသွားခဲ့ချိန်ကစပြီး အဖေတို့နဲ့ ကျွန်တော့် အကြား တယ်လီဖုန်းအဆက်အသွယ်နဲ့ တခြား အဆက်အသွယ် ရှိမရှိကိုပါ စစ်အစိုးရရဲ့ ထောက်လှမ်းရေးတွေက အနီးကပ်စောင့်ကြည့်နေတာမို့ ကျွန်တော့်ကို ဘယ်သူမှ အဆက်အသွယ် မလုပ်ရဲကြလို့ အမေကွယ်လွန်ခဲ့တာကို ကျွန်တော် မသိခဲ့ရသလို အဖေ လေဖြတ်သွား တာကိုလည်း ကျွန်တော် မသိခဲ့ရဘူး။ အဖေဟာ သားသမီးတွေရဲ့ ဖိဖိစီးစီး ပြုစုကုသမှုကြောင့် ပြန်သက်သာလာခဲ့ ပေမဲ့ ကိုယ်တခြမ်းအားနည်းသွားလို့ လမ်းကောင်းကောင်း မလျှောက်နိင်တော့ဘူး။ နောက်ပိုင်း မျက်စိတွေပါ မှုန်လာတာကို ဆေးကုသမှုခံယူနေရင်း နောက်ဆုံးမှာ လုံးဝမျက်စိကွယ်ပြီး မျက်မမြင်ဘ၀ ရောက်သွားတော့တယ်။ 

အဖေဟာ အဲဒီနောက်ပိုင်း သူ့ရေဒီယိုကက်ဆက်လေးကိုဘဲ အဓိကအဖေါ်ပြုရင်း သတင်းနားထောင်လိုက်၊ တရားခွေ ဖွင့်ပြီးနားထောင်လိုက်၊ အိပ်ပျော်သွားလိုက်နဲ့ တနေ့တာ ကုန်လွန်ခဲ့ရတယ်။ အဖေဟာ RFA, VOA, BBC, DVB မြန်မာပိုင်းရေဒီယိုတွေကနေ မကြာခဏ ထုတ်လွှင့်သွားတဲ့ ကျွန်တော့်ရဲ့ လက်တလောမြန်မာ့နိုင်ငံရေး အခြေအနေ တွေအပေါ် တုန့်ပြန်ချက်တွေ၊ သုံးသပ်ချက်တွေ၊ ကျွန်တော် ပါဝင်တက်ရောက်ခဲ့တဲ့ နိုင်ငံတကာ ကျန်းမာရေး ညီလာခံတွေနဲ့ နိုင်ငံရေးဆိုင်ရာညီလာခံတွေရဲ့ မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်နိုင်မှုတွေအပေါ် ကျွန်တော့်ရဲ့ အမြင်သဘောထားမှတ်ချက်တွေ၊ (၁၉၉၀) ခုနှစ် ရွေးကောက်ခံ လွှတ်တော်အမတ်တွေနဲ့အတူ ကျွန်တော် နိုင်ငံတကာလှည့်ပြီး မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးကူညီ လာအောင် စည်းရုံးလှုပ်ရှားခဲ့ပုံတွေ၊ ကျွန်တော် ပါဝင်လှုပ်ရှားခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအကြောင်းတွေ၊ ပြည်တွင်းပြည်ပက တခြားပုဂ္ဂိလ်တွေနဲ့ အတူတွဲပြီးဆွေးနွေးရတဲ့ ရေဒီယိုဆွေးနွေးခန်းတွေကို နားထောင်လိုက်ရတဲ့ ရက်တွေမှာဆို ကျွန်တော့်အသံကို ကြားရလို့ ၀မ်းသာနေတတ်သလို၊ ကျွန်တော့်ဆွေးနွေးချက်တွေကိုလည်း ဂုဏ်ယူစွာနဲ့ သူများတွေကိုပြန်ပြောပြတယ်။ RFA, VOA, BBC, DVB မြန်မာပိုင်းရေဒီယိုတွေကနေ ထုတ်လွှင့်ချက်တွေထဲမှာ ကျွန်တော်နဲ့ ဆွေးနွေးခန်းတွေမပါတာ နည်းနည်းကြာသွားရင် ကျွန်တော်များ နေမကောင်းလို့ မပြောဖြစ်တာလားဆိုပြီး အဖေ စိတ်ပူနေတတ်ပြန်တယ်။ အဲဒီအခါကျရင် အဖေဟာ ထိုင်းနိုင်ငံ ချင်းမိုင်၊ ဘန်ကောက်၊ မဟာချိုင်နဲ့ ထိုင်းမြန်မာ နယ်စပ်ဘက်မှာ အလုပ်လုပ်ပြီး ဘားအံမြို့ကို ပြန်လာကြတဲ့ အဖေ့အသိထဲက ကုန်သည်တွေနဲ့ အလုပ်သမားတွေကို ကျွန်တော့်အကြောင်း ဘာကြားမိကြလဲလို့ မေးတော့တာပါဘဲ။ 

ကျွန်တော်ကလည်း (၁၉၈၈) ခုနှစ်နှောင်းကတည်းက ထိုင်းမြန်မာနယ်စပ်ကနေ စစ်အစိုးရကို ဆန့်ကျင် တော်လှန် နေတဲ့အတွက် စစ်အစိုးရရဲ့ လူဆိုးစာရင်း (Black list) ထဲမှာ စာရင်းသွင်းခံထားရလို့ မြန်မာနိုင်ငံကိုပြန်လို့မရတဲ့ အပြင်၊ အဖေနဲ့ ကျွန်တော့်အကြား တယ်လီဖုန်းအဆက်အသွယ်နဲ့ တခြားအဆက်အသွယ်တွေ ရှိမရှိကိုပါ စစ်ထောက်လှမ်းရေးက အနီးကပ်စောင့်ကြည့်နေတာမို့ အဖေနဲ့ညီလေးတို့ ဒုက္ခရောက်မှာစိုးလို့ (၂၄) နှစ်လုံးလုံး အဖေ့ကို နေကောင်းသလားလို့တောင် တခါမှ တိုက်ရိုက်တယ်လီဖုံးဆက်ပြီး မမေးနိုင်ခဲ့ဘူး။ လေဖြတ်ပြီး မျက်စိကွယ် သွားတဲ့ အချိန်တွေမှာလည်း အဖေ့ကို တိုက်ရိုက်ဖုံးဆက်ပြီး အားပေးစကား မပြောနိုင်ခဲ့ဘူး။ 

ဒီလိုနဲ့ (၂၀၁၂) ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့မှာ သမတဦးသိန်းစိန်ဦးဆောင်တဲ့အစိုးရက ကျွန်တော်အပါအ၀င် လူပေါင်း (၂၀၈၂) ဦးကို လူဆိုးစာရင်း (Black list) ကနေ ပယ်ဖျက်ပေးလိုက်တော့မှ အဖေ့ဆီကို မရဲတရဲနဲ့ စပြီး တိုက်ရိုက်ဖုန်းဆက်ဖြစ်ခဲ့တယ်။ “အဖေ သက်သာလာပြီးလား၊ အဖေ့ကို သား အမြဲဘဲ သတိရနေပါတယ်” လို့ စပြောလိုက်တဲ့ ကျွန်တော့်အသံကို ကြားလိုက်တဲ့ခဏမှာ အဖေဟာ ချက်ချင်း ဘာမှပြန်မပြောနိုင်လောက် အောင် ၀မ်းသာ ၀မ်းနည်း ခံစားခဲ့ရတယ်။ တအောင့်ကြာမှ “သားရော နေကောင်းလား၊ သားကို လူဆိုးစာရင်းထဲက ပယ်ဖျက် ပေးလိုက်ပြီးလို့ အဖေ့ကို သူများတွေလာပြောတယ်။ ဒါဆို သား ပြန်လာလို့ ရပြီးပေါ့နော်၊ သား ဘယ်တော့ ပြန်လာမလဲ၊ သားကို အားလုံး အောက်မေ့နေကြတယ်” လို့ ပြန်ပြောခဲ့တယ်။ အဖေဟာ (၂) ကြိမ်တိုင်တိုင် လေဖြတ်တဲ့ ဒဏ်ကို ခံထားခဲ့ရတာမို့ နားလေးသွားပြီး စကားပြောရာမှာလည်း အသံလေးသွားတဲ့အပြင် ပီပီသသလည်း မပြောနိုင်တော့ပါဘူး။ 

ကျွန်တော်လည်း လောလောဆယ် ပြန်လာဘို့ အခက်အခဲတွေ ရှိနေသေးတဲ့အကြောင်း၊ ပြည်တွင်းပြန်ဝင်သွားခဲ့တဲ့ သူတွေရဲ့အခြေအနေတွေကို စောင့်ကြည့်ဘို့ လိုသေးတဲ့ အကြောင်း၊ ပြဿနာမဖြစ်ဘဲ တရားဝင်ပြန်နိုင်မဲ့နည်းလမ်း တွေကိုလည်း သေသေချာချာ စုံစမ်းရဦးမဲ့ အကြောင်း၊ ဘာဘဲဖြစ်ဖြစ် အဖေ့ဆီကိုတော့ အမြန်ဆုံး ပြန်လာနိုင်ဘို့ ကြိုးစားမဲ့အကြောင်း၊ အဖေလည်း စိတ်မလျှော့ဘဲ ကျွန်တော့်ကိုစောင့်ရင်း ကျန်းမာရေးကို အထူးဂရုစိုက်ပေးဘို့ အကြောင်း၊ ကျွန်တော်ပြန်လာရင် အဖေ့နားမှာနေပြီး အဖေနဲ့ ကျွန်တော်တို့ စကားတွေ အများကြီး ပြောကြမယ်ဆိုတဲ့ အကြောင်း၊ အဖေ့ကျန်းမာရေး အတွက် Australia က အားဆေးကောင်းကောင်း ၀ယ်လာပေးမဲ့အကြောင်းတွေကို အဖေအားရှိသွားအောင် ပြောခဲ့ရတယ်။ နောက်ဆုံးမှာ အဖေက ကျွန်တော်ပြန်လာမဲ့နေ့ကို သူစောင့်မျှော်နေမဲ့ အကြောင်းပြောပြီး အသံ တိမ်ဝင်သွားတော့တယ်။ အဖေနဲ့ကျွန်တော်ဟာ (၂၄) နှစ်ကျော်ကြာ ခွဲခွာခဲ့ရပြီးမှ ခုလို တယ်လီဖုံးပေါ်မှာ စကားစပြောခဲ့ရတဲ့အတွက် အဲဒီနေ့မှာ နှစ်ဦးစလုံး စိတ်တွေလှုပ်ရှားပြီး ၀မ်းနည်း ၀မ်းသာ ခံစားချက် နှစ်မျိုစလုံးကို ခံစားခဲ့ကြရတယ်။ ကျွန်တော့်ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အဖြစ်အပျက်ပါဘဲ။ 

နောက်ပိုင်းမှာလည်း ကျွန်တော်အဖေ့ကို ဖုံးဆက်တိုင်း ကျွန်တော် ပြန်လာဘို့အခြေအနေ ကောင်းလာပြီးလားလို့ မျှောင်လင့်တကြီးမေးခဲ့တယ်။ ကျွန်တော်ကလည်း Australia နိုင်ငံကူးလက်မှတ် လျှောက်ထားတာ ရပြီးဖြစ်တဲ့ အကြောင်း၊ ဒါပေမဲ့ Australia အပါအ၀င် ပြည်ပနိုင်ငံတွေမှာဖွင့်ထားတဲ့ မြန်မာသံရုံးတွေဟာ Black list ကနေ တရားဝင် ပယ်ဖျက်ပေး လိုက်ပြီးဖြစ်တဲ့ ကျွန်တော်တို့လို စစ်အစိုးရကိုတော်လှန်ရင်း ပြည်ပနိုင်ငံတွေဆီမှာ နိုင်ငံရေး ခိုလှုံခဲ့ကြရတဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားနေကြသူတွေကို မြန်မာနိုင်ငံပြည်ဝင်ခွင့်ဗီဇာထဲက Social Visa အမျိုးအစားကို ထုတ်ပေးရပေမဲ့ နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ထားတဲ့ (နိုင်ငံရေးဂုဏ်သိက္ခာကို တမင်ချိုးနှိမ်ထားတဲ့) ခံဝန်ချက်ကို လက်မှတ်ထိုးမှ ဗီဇာထုတ်ပေးရမယ်လို့် ကန့်သတ်ထားတဲ့အကြောင်း၊ ကျွန်တော့် အနေနဲ့ ဒီခံဝန်ချက်ကို လက်မှတ်ထိုးစရာမလိုဘဲ လာလို့ရမှ ပြန်လာမဲ့အကြောင်း၊ ဒါကြောင့် လောလောဆယ်ဆယ် Australia က မြန်မာသံရုံးမှာ Social Visa ရဘို့ ခက်ခဲနေသေးတဲ့အကြောင်း၊ ဘာဘဲဖြစ်ဖြစ် တနည်းနည်းနဲ့ ပြန်လာနိုင်အောင်တော့ ကြိုးစားနေတယ်ဆိုတဲ့အကြောင်း၊ စတာတွေပြောပြီး အဖေ့ကို နှစ်သိမ့်ခဲ့ရတယ်။ 

ဒီလိုနဲ့ဘဲ ကျွန်တော့်ကို စောင့်မျှော်နေတဲ့ အဖေ့ဆီကို ပြန်နိုင်ဘို့ ဗီဇာနဲ့ပတ်သက်တဲ့ အခြေအနေတွေ ပြောင်းလဲ ဖြေလျှော့ပေးလာမှာကို စောင့်ရင်း နောက်ထပ် (၂) နှစ်လောက် ထပ်ကြာခဲ့ရတယ်။ (၂၀၁၄) ခုနှစ် ဧပြီလဆန်းမှာ ထိုင်းမြန်မာနယ်စပ်မှာအခြေစိုက်ကြတဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေ စုပေါင်းကျင်းပပြုလုပ်တဲ့ မြန်မာနိုင်ငံ အမျိုးသား ကျန်းမာရေး မူဝါဒဆိုင်ရာကျန်းမာရေးညီလာခံမှာ စာတမ်းတင်ဆွေးနွေးပေးဘို့ ကျွန်တော့်ကို ဖိတ်ကြား လာလို့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ရတယ်။ ညီလာခံအပြီးမှာတော့ ကံကောင်းထောက်မစွာနဲ့ ထိုင်းနိုင်ငံသံရုံးက ဗီဇာရခဲ့လို့ မြန်မာနိုင်ငံကိုဝင်နိုင်ခဲ့ပြီး ကျွန်တော့်ကို (၂၆) နှစ်ကြာ စောင့်မျှော်နေခဲ့တဲ့ အဖေနဲ့ တွေ့ခဲ့ရပါတော့တယ်။ အဖေဟာ ကျွန်တော့်ကို တည့်တည့် စိုက်ကြည့်နေပေမဲ့ (မျက်စိကွယ်ခဲ့ပြီးမို့) ကျွန်တော့်ကို မမြင်နိုင်တော့သလို အဖေ့ကုတင်ရဲ့ ခေါင်းရင်းဘက်မှာ အမြဲချိတ်ဆွဲထားတဲ့ အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ် သုံးယောက်အတူတူ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ ရိုက်ထားတဲ့ ဓါတ်ပုံကိုလည်း မမြင်နိုင်တော့ပါဘူး။ အဖေဟာ ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားရင်း၊ ကျွန်တော့်မျက်နှာကို စိတ်မျက်စိနဲ့ကြည့်ရင်း၊ ကျွန်တော့်ပြောစကားတွေကို နားထောင်ရင်း အမေသာရှိခဲ့ရင် မိသားစုလေး ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲလို့ တွေးကောင်းတွေးနေပါလိမ့်မယ်။ 
###

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More