Friday, November 6, 2015

အော်စလိုမြို့တွင်း ဘတ်စ်ကားစီးခြင်း

မွန်းတည့်နေ၊ (အတွဲ ၂၊ အမှတ် ၃၃)
၁-၁၁-၂၀၁၅။

ဘတ်စ်ကား ခိုးစီးရဲသလား

နော်ဝေးကိုစရောက်ရောက်ချင်း ပထမ ဆုံးသတိထားမိတာက ဘတ်စ်ကားတွေမှာ စပယ်ယာမပါခြင်းပါ။ ရန်ကုန်နဲ့ ဘန်ကောက်မှာ ၁၀ နှစ်လောက် ဘတ်စ်ကားတိုးစီးလာခဲ့ဖူးသူဆိုတော့ စပယ်ယာမပါတာ တခုခုလို နေသလိုပါပဲ။ ကားလက်မှတ် မ၀ယ်ပဲ ခိုးစီးရင် ဘယ်လိုလုပ်မလဲလို့တွေးရင်း ဘန်ကောက် ရောက်ကာစအချိန် ပိုက်ဆံပြတ်လို့ ဘတ်စ်ခိုးစီးခဲ့ဖူးတဲ့နေ့တွေကို သွားသတိရမိပါတယ်။


‘’မ၀ယ်ပဲ ခိုးစီးရဲရင် စီးကြည့်လေ၊ မိရင်တော့ အဆ ၂၀ လောက်ပေးရမယ်၊ ခါလောက်မိရင်တော့ Blacklist စာ ရင်း အသွင်းခံရလိမ်မယ်ဆိုပြီး ကျနော်အရင် အော်စလိုသားဖြစ်နေတဲ့ DVB ဒီမိုကရက်တစ်မြန်မာ့အသံ ၀န်ထမ်း တွေကပြောပါတယ်။ သူတို့ကသာ အဲဒီလိုပြောနေတာ၊ ကားပေါ်တက်တော့ ဘာမှအစစ်အဆေးမရှိပါ။ ကားသမား က ကားမောင်းတဲ့အလုပ်ကလွဲပြီး ကျန်တာ သူ့တာဝန်ဟုတ်ပုံမရ။ ကားတွေကလဲ စီးတွဲလိုမျိုး အရှည်ကြီးဆို တော့ အနောက်ဖက်ပေါက်ကသာတက်ရင် ကားသမားနဲ့ ကိုယ်ကအဝေးကြီး။

ကိုယ့်မှာ လက်မှတ်ပါမပါ ကားဆရာက ဘယ်လိုမှမသိနိုင်။ မြေအောက်ရထားတို့၊ ဓာတ်ရထားတို့ဆို ပိုတောင်ဝေး သေး၊ ရထားမောင်းသူက ရှေ့ဆုံးမှာ သူ့သီးခြားအခန်းနဲ့သူ၊ ခရီးသည် ဘယ်နှစ်ဦးရှိပြီး ဘာတွေလုပ်နေမှန်း ဘယ်လို မှ မသိနိုင်။ ရထားတွဲကလည်း တွဲလောက်ရှိတယ်ဆိုတော့ အေးဆေး ခိုးစီးလို့ရနိုင်တာပေါ့။ ဒါပေမဲ့ စပယ်ယာ သာ မရှိတာ၊ ဗီဒီယို ကင်မရာတွေကတော့ နေရာတိုင်းမှာရှိနေတဲ့အတွက် သိပ်တော့မလွယ်လှ။ ပြီးတော့ လက်မှတ် စစ်ကလဲ မထင်ထားတဲ့အချိန်မျိုးမှာမှ ရုတ်တရက်တက်လာစစ်တတ်တာမျိုး။

ဒါကြောင့်ဖြစ်မယ်၊ အော်စလိုသားတွေ နိုင်ငံကြီးသားပီသလိုက်ပုံများ လက်မှတ်မ၀ယ်ပဲခိုးစီးသူ မရှိသလောက် နည်းပါတယ်။ ဒါက အော်စလို ရောက်ကစက စက္ကူလက်မှတ်တွေကို စက်ထဲထိုးရတဲ့ခေတ်က အခြေအနေကိုပြော တာပါ။ အခုတော့ စက္ကူခေတ်မဟုတ်တော့၊ လျှပ်စစ်လက်မှတ်ခေတ် ရောက်သွားပြီ။ ကားပေါ် ဒါမှမဟုတ် ရထား ဘူတာတွေက စက်တွေမှာ အဲဒီလက်မှတ်ကို ပြရပါတယ်။ တချို့ဆို လက်မှတ်တောင်မကိုင်တော့၊ လက်ကိုင်ဖုန်း ထဲကနေတန်းဝယ်ပြီး ပြလိုက်ရုံ။

ဒီလိုလုပ်လိုက်တော့ ကားဆရာလည်း အများကြီးသက်သာသွားတာပေါ့။ နို့မို့ရင် ကားမောင်းရင်းနဲ့ လက်မှတ်လည်း ရောင်းနေရတော့ သူ့ခမျာအလုပ်ရှုပ်တာပေါ့။ အခုနောက်ပိုင်း အော်စလိုမှာ လူဦးရေတိုး လာလို့လား မသိပါ။ လက် မှတ်ကို မှတ်တိုင်မှာ (မှတ်တိုင်တွေမှာ ဘစ်ကားလက်မှတ်ရောင်းတဲ့ စက်တွေရှိပါတယ်) ၀ယ်လာရမယ်လို့ သတိ ပေးထားပါတယ်။ တကယ်လို့ မှတ်တိုင်က စက်မှာမ၀ယ်ပဲ ကားပေါ်ရောက်မှဝယ်ရင် ကားသမားအလုပ်များတဲ့ အတွက် ဒဏ်ကြေးအဖြစ် အပို ၃၀ ခရိုနာထပ်ပေး ရပါတယ်။

တနာရီစာ မူရင်းလက်မှတ်ကလည်း ၃၀ ခရိုနာဆိုတော့ ဒဏ်ရိုက်တဲ့သဘောပါ။ တနည်းအားဖြင့် ကားမောင်း တာရော၊ ကားစပယ်ယာအတွက်ပါ ဦးစာ လုပ်အားခကို ယူလိုက်တဲ့သဘော ဆိုပါတော့။ ဒါက တနာရီစာစီးတဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေအတွက်ပါ။ နေစဉ်ခရီးသွားနေတဲ့ အော်စလိုသားတွေ ကတော့ လပေးကတ်တွေ ၀ယ်ထား ကြပါတယ်။ တနာရီ ၃၀ ပေးမဲ့အစား တလစာ ၆၅၀ ဖိုးဝယ်ထားလိုက်ရင် ကိစ္စပြတ်ရော။

လက်မှတ်တခုတည်းနဲ့ ယဉ်မျိုးစုံစီးခွင့်ရှိတဲ့မြို့

အဲဒီ လပေးကတ်ပဲဖြစ်ဖြစ်၊ တနာရီစာလက်မှတ်ပဲဖြစ်ဖြစ်၊ ၂၄ နာရီစာ၊ သီတင်းတပတ်စာလက်မှတ်တွေ ပဲဖြစ်ဖြစ် တခုခုရှိနေရင် ဘတ်စ်ကားတင်မက Public Transportion အများပြည်သူ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းထဲမှာပါတဲ့ ယဉ်တိုင်းကို စီးခွင့်ရှိပါတယ်။ ဘတ်စ်ကား၊ မြေအောက်ရထားနဲ့ မြေပေါ် ဓာတ်ရထားအပြင် အော်စလိုမြစ်ဝက ကျွန်းငယ်လေးတွေဆီသွားတဲ့ သဘောင်္ငယ်လေးတွေပါ ပါဝင်ပါတယ်။

(အော်စလိုမြို့လယ်က ဓာတ်ရထားများ)

ဒါက နောက်ပိုင်းမှာ သိလာတာတွေပါ။ အစောပိုင်းတုန်းကတော့ ရန်ကုန်နဲ့ ဘန်ကောက်မှာလိုပဲ ဘတ်စ်ကား လက် မှတ်ဆိုတာ ကိုယ်စီးတဲ့ကား တစီးစာနဲ့ပဲဆိုင်ပြီး နောက်တစီးပြောင်းစီးရင် နောက်လက်မှတ်အသစ်တခု ထပ်ဝယ်ရ မယ်လို့ပဲ ထင်ထားခဲ့တာပါ။ လက်မှတ်တခုတည်းနဲ့ အားလုံးရတယ်ဆိုရင်လည်း ဘတ်စ်ကားလက်မှတ်က ဘတ်စ် ကားအတွက်ပဲရပြီး မြေအောက်ရထားနဲ့ သဘောင်္တွေပါ ပါတယ်လို့ မထင်မိပါ။ ဒီတော့ - နှစ်ကြာတဲ့အထိ အော် စလိုဝန်းကျင်က ကျွန်းတွေကို ဒီ လက်မှတ်နဲ့ အလကားသွား လည်လို့ရမှန်း တောသားလူလည်  မသိလိုက်ဘူးဆို ပါတော့။

အချိန်ဇယားနဲ့ ပြေးတဲ့ ဘတ်စကား

ဒီထက်ပိုထူးတာက ရှေ့မှာတင်ပြခဲ့တဲ့ အများပြည်သူ ခရီးသွားဝန်ဆောင်မှုယဉ်တွေအားလုံး အချိန်ဇယား အတိ အကျနဲ့ ပြေးနေခြင်းပါ။ ရန်ကုန်နဲ့ဘန်ကောက်မှာ ဘတ်စကားတွေ အချိန်ဇယားနဲ့ပြေးတယ်ဆိုတာ မကြားဖူးပါဘူး။ မြိုပတ်ရထားနဲ့ မိုးပျံရထားတွေမှာတောင် အချိန်ဇယားမရှိသေးဘူးမဟုတ်လား။ ဒါပေမဲ့ အော်စလိုမှာတော့ အားလုံး ဟာ အချိန်ဇယားနဲ့၊ ကွက်တိထွက်၊ ကွက်တိရောက်ပါပဲ။ ဒီလိုမတိကျလို့မဖြစ်။ ‘’နွေရာသီမှာ ကားထိုင်စောင့်ရတာ ပြသာနာသိပ်မရှိပေမဲ့ ဆောင်းရာသီဆိုရင်  ကားစောင့်ရင်း သွေးခဲပြီး သေသွားနိုင်ပါတယ်’’ ဆိုပြီး အောစလိုသား တွေကပြောပါတယ်။

(အော်စလို ဆင်ခြေဖုံးမှ မြေအောက်ရထားတစီး)

ပြီးတော့ လုပ်ငန်းခွင်ဝင်တဲ့အချိန်။ အချိန်ကိုသိပ်လေးစားတဲ့နိုင်ငံဆိုတော့ ဘတ်စ်ကားစောင့်နေရလို့ နည်းနည်း နောက်ကျသွားတယ်ဆိုပြီး အလုပ်မှာ သွားဖြီးလို့မရ။ ယဉ်တွေကို နောက်ကျစရာ အကြောင်းမရှိအောင် စီစဉ်ထားပြီးဖြစ်တဲ့အတွက် အားလုံးဟာ ကွက်တိဖြစ်နေရပါမယ်။ လူအများစုဟာ အော်စလိုမြို့လယ်နဲ့ ၁၀ ကီလို၊ ၁၅ ကီလို လောက်ဝေးတဲ့အရပ်ကနေ အလုပ်ဆင်းကြ၊ ကျောင်းလာကြရ သူတွေဖြစ်ပေမဲ့ အများပြည်သူ ခရီးသွားဝန် ဆောင်မှု Public Transportion အဆင်ပြေတဲ့အတွက် မြို့ပြင်နဲ့ မြို့ထဲကြားမှာ အချိန်ဖြုန်းစရာ သိပ်မလိုတော့ပါ။

ဥပမာ အခု ကျနော်နေထိုင်နေတဲ့ Grorud ဆိုတဲ့ မြို့ပြင်ရပ်ကွက်လေးဟာ အော်စလိုမြိုလယ်နဲ့ ၁၅ ကီလို ဝေးပါတယ်။ ရန်ကုန်မှာဆို ဆူးလေနဲ့ မင်္ဂလာဒုံ လေယဉ်ကွင်းလောက် ဝေးတာပေါ့။ ဒါပေမဲ့ ဘတ်စ်ကားတွေ၊ မြေအောက်ရထားတွေက မီနစ် တစီးနှုန်ါ်လောက် ရှိနေတဲ့အတွက် မီနစ် ၂၀ အတွင်း မြို့ထဲရောက်နိုင်ပါတယ်။ မင်္ဂလာဒုံလေယဉ်ကွင်းကနေ ဆူးလေကို မီနစ် ၂၀ အတွင်းရောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်သေးပါ။ ဘတ်စ်ကား လိုင်းရှိပေမဲ့ မြေအောက်ရထားလိုင်း၊ မိုးပျံရထားလိုင်းတွေ မရှိသေးပါ။

အနောက်နိုင်ငံတွေမှာက အားလုံးကို အချိန်နဲ့ကွက်တိလုပ်ကြတာဆိုတော့ ဘယ်နေရာကနေ ဘယ်အချိန် ထွက်ရင် ဘယ်နေရာကို ဘယ်အချိန်ရောက်မယ်ဆိုတာ တွက်ထားပြီးသား။ မြန်မာနိုင်ငံမှာက ထွက်ချိန်လဲမသိတော့ ရောက် ချိန်လဲမသိနိုင်။ ဒီကြားထဲ အချိန်မေးရင် နမိတ်မကောင်းဘူးဆိုတဲ့ အယူအဆမျိုးတောင် ပုံဂံနဲ့ အညာဒေသဖက်မှာ ကြုံဖူးခဲ့ပါရော့လား။

မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုတွေအတွက် အထူးနေရာ

ရှေ့မှာတင်ပြခဲ့တဲ့ Public Transportion ယဉ်တွေအားလုံးမှာ မသန်စွမ်းနဲ့ သက်ကြီးရွယ်အိုတွေအတွက် အထူးနေ ရာတွေလုပ်ပေးထားပါတယ်။ မြေအောက်ရထားရော၊ ဘတ်စ်ကားရော အားလုံးဟာ ဘူတာနဲ့ မှတ်တိုင်တွေမှာ စနစ်တကျရပ်တဲ့အတွက် ပလက်ဖောင်းနဲ့ ရထားဘောင်၊ ဘတ်စ်ကားတံခါးဘောင်တွေ ဟာ အတက် အဆင်း လုပ်ဖို့ကွက်တိပါပဲ။ 

(ရန်ကုန်မြို့လယ်က ဘတ်စ်ကားနဲ့ ခရီးသွား တိုက်မိတော့မလိုလို)

ရန်ကုန်နဲ့ဘန်ကောက်မှာလို လှေကားတွေကနေ တိုးတက်တာ၊ ပြေးတက်တာတွေ လုပ်စရာမလိုပါ။ ကလေးလှည်း (ဒီမှာက ကလေးကို လက်နဲ့ချီပိုးတာမရှိပဲ ကလေးလက်တွန်းလှည်းနဲ့ပဲ သယ်ယူလေ့ ရှိပါတယ်) နဲ့ တောင်ဝှေးကိုင် သက်ကြီးရွယ်အိုတွေ တက်မယ်ဆိုရင် တက်ရပိုလွယ်အောင် ဘတ်စ်ကားကိုတောင် နဲနဲ စောင်းပေးလိုက်ပါ သေး တယ်။ မသန်စွမ်းလှည်း (လှည်းလို့အလွယ်ခေါ်ပေမဲ့ စက်တပ်ယဉ်ငယ်လေးတွေဖြစ်ပါတယ်) တက်မယ်ဆိုရင် တော့ ဘတ်စ်ကားတံခါးဝမှာတပ်ထားတဲ့ လှည်းတွေအလွယ်တကူအတက်အဆင်းလုပ်နိုင်တဲ့ တံတားငယ်လေးကို ခရီး သည်တယောက်ယောက် ဒါမှမဟုတ် ကားဆရာကိုယ်တိုင်က ဆွဲဖွင့်ပေးရပါတယ်။

ရန်ကုန်မှာဆိုရင်တော့ ဒါမျိုးလုပ်နေတာကို ကျန်တဲ့လူတွေက စိတ်ရှည်သီးခံပြီးစောင့်ဖို့ မလွယ်ဘူးနဲ့တူ ပါတယ်။ ဒီ မှာတော့ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေကို အထူးဦးစားပေးကြပါတယ်။ ကားပေါ်ရောက် လာရင်လည်း သူတို့လှည်းတွေအတွက် သီးခြားနေရာရှိပါတယ်။ သက်ကြီးရွယ်အိုတွေ အတွက် သီးခြားထိုင်ခုံ လုပ်ပေး ထားပါတယ်။ သူတို့မရှိတဲ့အချိန်မှာ သာမန်ခရီးသွားတွေထိုင်နိုင်ပေမဲ့ သူတို့လာရင်တော့ အားလုံးက အလိုက်တသိ နေရာဖယ်ပေးကြပါတယ်။ မြန်မာနိုင်ငံမှာ သံဃာင်္တော်တွေ တက်လာရင် နေရာဖယ်ပေးတာနဲ့ တူနေမလားမပြောတတ်ပါ။


ရန်ကုန်မှာကော Public Transportion ဖြစ်လာနိုင်သလား

အော်စလိုက Public Transportion စနစ်ကိုကြည့်ပြီး ရန်ကုန်မှာလည်း ဒါမျိုးလုပ်နိုင်ရင်ကောင်းမှာပဲလို့ စဉ်းစားမိပါ တယ်။ ဒါနဲ့ ၂၅ နှစ်တာအတွင်း ပထမ ဆုံးအကြိမ် ရန်ကုန်ပြန်လည်ခွင့်ရတဲ့ ၂၀၁၃ ခုနှစ် နှောင်းပိုင်းတုန်းက မြို့ပတ် ရထားနဲ့ ဘတ်စ်ကားတွေကို သွားစီးကြည့်ပါတယ်။ အခြေအနေက ထင်ထား တာထက် ပိုဆိုးပြီး ၂၅ နှစ်တာ ကြာ သွားတယ်ဆိုပေမဲ့ ၁၉၈၈ ကထက် ဘာမှသိပ်တိုးတက်ပြောင်းလဲမှု မရှိသေး။

(ဘန်ကောက်မြို့လယ်က မိုးပျံရထားတစီး)

အော်စလိုကိုထားလိုက်၊ အိမ်နီးချင်းမြို့တော် ဘန်ကောက်နဲ့ယှဉ်ရင်တောင် ရန်ကုန်ဟာ အတော်နောက်ကျ ကျန်နေခဲ့ပါပြီ။ လူဦးရေ ၁၀ သန်းကျော်ရှိပြီး ဘတ်စ်ကားကျပ်မှု၊ လမ်းပိတ်ဆို့မှုတွေကြောင့် နာမည်ပျက်ခဲ့ ရတဲ့ ဘန်ကောက် တောင် အခု မိုးပျံရထားတွေ၊ မြေအောက်ရထားတွေနဲ့ အတော်အဆင်ပြေနေပြီ။ ရန်ကုန်မှာက ကိုလိုနီခေတ် လက် ကျန် ပို့ဆောင်ရေးစနစ်ကနေတောင် ရှေ့ကိုမတက်နိုင်သေး။

ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီး တခြားပြည်တော်ပြန်တွေကိုမေးကြည့်တော့ ဘတ်စ်ကားနဲ့ မြို့ပတ်ရထားစီးတဲ့ ပြည်တော်ပြန် တဦးမှ မတွေ့မိ။ တခါ ရန်ကုန်မှာရှိတဲ့ မီဒီယာသမားတွေ၊ နိုင်ငံရေးသမားတွေ၊ ကိုယ်နဲ့နီးစပ်ခဲ့ဖူးသူ တွေကိုမေးကြည့်တော့လည်း ထိုနည်းလည်းကောင်း။ ဘယ်သူကမှ Public Transportion ကိုစိတ်ဝင်စးမှုမပြ။ နိုင်ငံခြားကပြန်လာပြီး ဘတ်စ်ကားတိုးစီးနေတဲ့ ကိုယ့်ကိုတောင် ‘’ဘာသွားကြောင်နေတာလဲ’’ ဆိုတဲ့ အထာမျိုးနဲ့ ပြန်ကြည့်နေတော့ ဒီကိစ္စ ဆွေးနွေးဖို့မလွယ်သေး။

ဒါဖြင့် ရန်ကုန်မြို့တော် စည်-ပင်တို့၊ ရန်ကုန်တိုင်း အစိုးရအဖွဲ့တို့၊ လွှတ်တော်တို့ကကော ဒါတွေကို စိတ်ဝင်စားမလား ဆိုပြီး ကိုယ်သိတဲ့အမတ်တွေ၊ ပုဂ္ဂိုလ်တွေဆီ အီးမေးလ်၊ Facebook တွေကနေ တဆင့်ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဘာမှ အကြောင်းပြန်ကြားချက်မရ။ ကျနော်သိတဲ့ နိုင်ငံရေးသမားတွေ၊ မီဒီယာသမားတွေ၊ ပြည်တော်ပြန်တွေထဲမှာ ဘတ်စ်ကားစီးသူ၊ မြို့ပတ်ရထားစီးသူ တဦးမှမရှိသလိုဖြစ်နေ ပါတယ်။

ဒါဟာ ရန်ကုန်ရဲ့ ထူးခြားချက်ပါပဲ။ တနည်းအားဖြင့် Public Transportion ကို လူတွေက အယုံအကြည် မရှိခြင်း လက္ခဏာတခုပါ။ အော်စလိုမှာတော့ အစိုးရ၀န်ကြီးတွေကအစ အားလုံး ဘတ်စ်ကားတွေ၊ မြေအောက်ရထားတွေ၊ ဓာတ်ရထားတွေနဲ့ပဲ ရုံးတက်ကြပါတယ်။ နွေရာသီဆိုရင် တချို့က စက်ဘီးတွေနဲ့ ရုံးတက်ကြပါတယ်။ ကိုယ်ပိုင် ကားမရှိလို့မဟုတ်၊ တက္ကစီမစီးနိုင်လို့မဟုတ်၊ Public Transportion ကို ယုံကြည်အလေးထားလို့၊ ကိုယ်ပိုင်ကားတွေ၊ တက္ကစီတွေထက် အချိန်ပိုတိကျလို့ဖြစ်ပါတယ်။ 


ရန်ကုန်ကလူတွေမှာ ဒီလိုယုံကြည်မှုမျိုးရှိလာအောင် ဘယ်ကနေစတင်ဆွေးနွေးရင်းကောင်းမလဲ၊ အခု အစိုးရလက် ထက်မှာ ဒီလိုကိစ္စကိုစိတ်မ၀င်စားသေးဘူးဆိုရင် ၂၀၁၅ အလွန် အစိုးရ အသစ် တက်လာ ရင်ကော ဒါတွေကို ဦး စားပေး စဉ်းစားလာနိုင်မလား။ ဒါမှမဟုတ် အောက်ခြေလူထုနဲ့ နေ့စဉ်ထိစပ်နေရတဲ့ မြိနယ်အုပ်ချုပ်ရေးအဖွဲတွေ အထိပါ ရွေးကောက်ပွဲစနစ်နဲ့သွားတဲ့ နော်ဝေးကစနစ်လို မြန်မာနိုင်ငံက ထွေ-အုပ် နေရာတွေအထိပါ ရွေးကောက် ပွဲ စနစ်နဲ့သွားနိုင်မယ်ဆိုရင် အောက်ခြေလူထုအများစု နေစဉ်ရင်ဆိုင် နေရတဲ့ Public Transportion ကိစ္စကို ၀န် ကြီးတွေ၊ အမတ်မင်းတွေ၊ နိုင်ငံရေးသမားတွေ၊ မီဒီယာသမား တွေ ဒီထက်ပိုပြီး စိတ်ဝင်စားမှု ရှိလာလေမလားလို့ စဉ်းစားနေမိပါတယ်။           

1 comments:

အော်စလိုသားတဦးကပြောလာပါတယ်။ ကျနော်ရေးတဲ့အထဲ တခုကျန်ခဲ့ လို့တဲ့...။ အဲဒါက ဘာလဲဆိုတော့ တကယ်လို့ အက်ဆီးဒင်းကြောင့်ဖြစ်စေ၊ တခြားအရေးပေါ်အကြောင်းတခုခုကြောင့်ဖြစ်စေ ကားကျပ်ပြီး နောက်ကျရင် တက္ကစီငှားပြီးလာခွင့်ရှိကြောင်း၊ အဲဒီအတွက် အလုပ်ရှင်၊ ကုပ္ဗဏီက ငွေပြန် ထုတ်ပေးကြောင်းဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ကျနော်ကိုယ်တိုင်လဲ တခါကြုံဖူးပါတယ်။ အလုပ်ကိစ္စ မဟုတ်ပါ။ မြိုပြင်ရပ်ကွက်တခုက သူငယ်ချင်းအိမ်မှာ မွေးနေ့ပွဲလုပ်လို့သွား ပါတယ်။ အပြန်ကြတော့ ရထားကမရှိဘူး။ နှင်းများလို့လား၊ ဘာကြောင့်မှန်းမသိ။ ရထားရော၊ ဘတ်စ်ကားရောမရှိပါ။ အချိန်ကလည်း ည ၁၁ ခွဲလောက်ရှိနေပြီ။

တက္ကစီဌားရင်လည်း အနည်းဆုံး ၃၀၀ ကျော်လောက်ပေးရမှာဆိုတော့ မလွယ်ဘူး။ ဒါပေမဲ့ တက္ကစီသမားတွေကပြောတယ်။ ဘာမှပေးစရာမလိုဘူး။ လက်မှတ်သာထိုးပေးခဲ့ပါ။ အိမ်အထိ လိုက်ပို့ပေးမယ်တဲ့။

တခါမှမကြားဖူးတော့ ဒီလူတွေ လာနောက်နေတယ်ပဲ ကျနော်က ထင်နေတာ။ ဒါပေမဲ့ တခြားလူတွေအားလုံး တက္ကစီတွေပေါ်တက်ကုန် ကြတော့ ကိုယ်တယောက်တည်းမနေရဲတာနဲ့လိုက်သွားပါတယ်။

ဟုတ်တယ်ဗျာ။ တဦးချင်းစီကို အိမ်ရှေ့အထိလိုက်ပို့ပေးပါတယ်။ ပိုက်ဆံ တပြားမှမယူပါဘူး။ ဒါပေမဲ့ လက်မှတ်တော့ ထိုးပေးခဲ့ရတယ်။ အဲဒီအတွက် ပျက်ကွက်တဲ့ ရထားနဲ့ ဘတ်စ်ကားကုပ္ဗဏီတွေက တက္ကစီသမားတွေကို ပိုက်ဆံပြန်ထုတ်ပေးတယ်တဲ့...။

မြန်မာနိုင်ငံသားတဦးအဖို့တော့ ဘယ်လိုမှ ယုံနိုင်စရာမရှိတဲ့ တကယ့်ဖြစ် ရပ်ပါပဲ...။ ။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More