Monday, November 2, 2015

ခွာတိုက်ခြင်း၊ ပူးတိုက်ခြင်းနှင့် ဗျုဟာမဲ့ အနာဂတ်

The Voice Daily, 02-11-2015.

၂၇ နှစ်သား ကျောင်းသားတပ်မတော်

ဒီနေ့ နိုဝင်ဘာလ ရက်နေ့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊ ABSDF ရဲ့ ၂၇ နှစ် မြောက်မွေးနေ့ဖြစ်ပါတယ်။ တနည်းအားဖြင့် လေးလုံးအရေးတော်ပုံကြီး အကြမ်းဖက်ဖြိုခွဲ ခံရပြီးတဲ့နောက် ကျောင်းသားတွေကို သေနတ်နဲ့ပစ်တဲ့ စစ်အာဏာရှင်တွေကို လမ်းမပေါ်ဆန္ဒပြနေရုံနဲ့ နိုင်ငံရေးအပြောင်းအလဲက ဖြစ်လာမှာ မဟုတ်ဘူး။ လက်နက်ကိုလက်နက်ချင်းယှဉ်တိုက်နိုင်မှ ဒီစနစ် ကိုဖြုတ်ချနိုင်လိမ့်မယ်ဆိုတဲ့ စဉ်းစားချက်တွေနဲ့ တောခိုခဲ့တဲ့ ကျောင်းသားလူငယ်တွေ ထိုင်း-မြန်မာ နယ်စပ်က ကရင်စခန်းတခုမှာ ကျောင်းသားတပ် မတော်ကို စတင်ဖွဲ့စည်းခဲ့တဲ့နေ့ဖြစ်ပါတယ်။


အသက် ၂၀ ကျော်အရွယ် တက္ကသိုလ်ကျောင်းသားတွေဆိုတော့ တောတွင်းအတွေ့အကြုံ၊ လက်နက်ကိုင်တော် လှန်ရေးအတွေ့အကြုံ ဘာမှမရှိသေး။ ဒီတော့ သူတို့်ရွေးချယ်ခဲ့တဲ့ တော်လှန်ရေးလမ်းကြောင်းဟာ ရာစုနှစ်ရဲ့ ပုံ တပုံကျော်အထိ ကြာသွားလိမ့်မယ်လို့ ဘယ်သူကမှ ကြိုတင်မှန်းဆထားခဲ့ပုံမရပါ။ ဒါပေမဲ့ ဒီနေ့  ၂၇ နှစ် တင်းတင်း ပြည့်သွားခဲ့ပါပြီ။ 

ပန်းတိုင်ကမရောက်သေး၊ လေးလုံးကာလ တောခိုစဉ်က မျှော်မှန်းခဲ့တဲ့ ရည်ရွယ်ချက်ဆီမရောက်သေး၊ ABSDF ရဲ့ ဦးတည်ချက် ရပ်ဖြစ်တဲ့ အဖိနှိပ်ခံပြည်သူတွေ စစ်အာဏာရှင်အောက်က လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့ အခွင့်ရေးရရှိရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနှင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တရပ်ပေါ်ထွန်းလာရေးတွေ ကောင်အထည်ဖေါ်နိုင်သေးပါ။

အားမနာတမ်းပြောရရင် ဘာမှကိုမရသေးတာပါ။ ဒါပေမဲ့ ABSDF ဗဟိုကော်မီတီကိုယ်တိုင်ကတော့ ၂၇ နှစ်ပြည့် မွေးနေ့ မတိုင်ခင်လေးမှာတင် ဦးသိန်းစိန်ရဲ့ စစ်တပိုင်းအစိုးရနဲ့ NCA တနိုင်ငံလုံး အပစ်အခတ်တ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပါပြီ။ 

ဘာကြောင့်လဲ၊ ဦးတည်ချက် ရပ်ဆီရောက်အောင် လမ်းကြောင်းပြောင်းပြီး ဆက်ချီတက်မှာလား။ အပစ်ရပ်ခြင်း နည်းနဲ့ အပစ်မရပ်ခြင်းနည်းမှာ ဘယ်နည်းက ပန်းတိုင်ကိုရောက်ဖို့ ပိုနီးစပ်သလဲ။ ဒါတွေဟာ လက်ရှိ ABSDF တပ်ဖွဲ့ဝင်တွေတင်မက၊ တခါက တပ်ဖွဲ့ဝင်ဖြစ်ခဲ့ဖူးသူတွေ၊ လေးလုံးအရေးတော်ပုံမှာ ပါဝင်ခဲ့သူတွေအားလုံး ၀ိုင်း စဉ်းစားသင့်တဲ့ကိစ္စလို့ စာရေးသူက ယူဆပါတယ်။

NCA နဲ့ ဖက်ဒရယ်နိုင်ငံတော်သစ် အိပ်မက်

ဦးတည်ချက် လေးရပ်ထဲက ဘာမှအပြည့်အ၀မရသေးဘူးဆိုပေမဲ့ မစို့မပို့လေးတော့ နည်းနည်းစီရနေပြီလို့ အားနာ ပါးနာ ပြောနိုင်မယ်ထင်ပါတယ်။ စစ်အာဏာရှင်စနစ်အောက်ကနေ ပြည်သူတွေ ကွင်းလုံးကျွတ် မလွတ်မြောက်သေး ပေမဲ့ စစ်တပ်ကိုယ်တိုင် အာဏာသိမ်းအုပ်ချုပ်ထားတဲ့ခေတ်ကနေတော့ (စကားလုံးအရပဲဖြစ်ဖြစ်) နည်းနည်းလေး လွတ်မြောက်စပြုလာပြီလို့ပြောနိုင်ပါတယ်။


တခါ ဒီမိုကရေစီအခွင့်အရေးနဲ့ လူ့အခွင့်အရေးကလည်း အရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် အခြေအ နေနဲ့နှိုင်းယှဉ်မယ်ဆိုရင် နည်းနည်းလေးပိုရလာပါတယ်၊ တနည်းအားဖြင့် အရင်က ဆန္ဒပြသူတွေကို သေနတ်နဲ့ပစ် သတ်နေရာကနေ အခု တုတ်နဲ့သာရိုက်တော့တဲ့အတွက် ဒါကို တိုးတက်မှု၊ ဒါမှမဟုတ် အနှုတ်လက္ခဏာကနေ သုည အဆင့်ဆီပြန်ရောက်လာတယ်လို့ပြောနိုင်မယ်ထင်ပါတယ်။ 

ခေါင်းစဉ်နဲ့တိုက်ရိုက်ဆိုင်နေတဲ့ကိစ္စက ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဆိုတဲ့ တတိယ ဦးတည်ချက်။ အခု NCA ကို လက်မှတ်ထိုးလိုက်ပြီဆိုတော့ ပြည်တွင်းစစ်ရပ်စဲသွားတဲ့ သဘောလား။ လက်မှတ်ထိုးတဲ့ ဖွဲ့နဲ့ စစ်ရပ်စဲသွားပြီလို့ပြောနိုင်ပေမဲ့ လက်မှတ်မထိုးသေးတဲ့အဖွဲ့က ၁၆ ဖွဲ့ သို့မဟုတ် တကယ့်အင်အားကြီးအဖွဲ့တွေက ကျန်နေသေးတဲ့အတွက် ပြည်တွင်းစစ်ရပ်သွားပြီလို့မပြောနိုင်သေးသလို ငြိမ်းချမ်းရေးရပြီလို့လဲ မဆိုနိုင်သေးပါ။

ဒါဖြင့် နောက်ဆုံးအချက်ဖြစ်တဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုတခု ပေါ်ပေါက်လာရေးဆိုတာကကော ဒီလက် မှတ်ထိုးလိုက်တဲ့ NCA တဆင့် ဆက်သွားနိုင်တဲ့အခြေအနေရှိပါသလား။ မူ အားဖြင့်တော့ ဒီစာချုပ်ကို အားလုံးက လက်မှတ်ရေးထိုးပြီးရင် တဆင့်ပြီးတဆင့် ဆက်သွားနိုင်တဲ့အလားအလာ ရှိတယ်လို့ပြောနိုင်ပါတယ်။ ဒါက စာအုပ်ထဲက  သဘောတရားကိစ္စတွေကိုပြောကြည့်တာပါ။ 

လက်တွေ့ ကွင်းထဲမှာကတော့ NCA ကို လက်မှတ်ရေးထိုးဖို့ငြင်းဆိုခဲ့တဲ့ (တကယ်တော့ ကိုးကန့်၊ တအောင်းနဲ့ AA မှအပ ကျန်အဖွဲ့အားလုံး ပြည်ထောင်စုအဆင့်မှာ တဖွဲ့ချင်းစီ အပစ်ရပ်လက်မှတ်ထိုး ထားပြီးသားဖြစ်ပါတယ်) အဖွဲ့ တွေထဲက ရှမ်း-မြောက်အဖွဲ့ SSPP ကို အစိုးရတပ်ဖက်က အကြီးအကျယ် ထိုးစစ်ဆင်နေတာ၊ အရပ်သားတွေ ထွက်ပြေးနေရတာ အားလုံးအသိပါ။

ဒီလိုအနေအထားမှာ NCA ကို လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေအားလုံး ပန်းဆန်းမြို့မှာ နိုဝင်ဘာ ရက်နေ့ တွေ့ ဆုံဆွေးနွေးကြမယ်လို့ တရုတ်နယ်စပ်အခြေစိုက် အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့ UWSA ရဲ့  ဖိတ်ခေါ်ချက် ပေါ်ထွက်လာပါတယ်။ ဘာတွေ ဆက်ဖြစ်လာဦးမလဲ။ သေချာတာတခုကတော့ လက်ရှိအစိုးရနဲ့ နိုင်ငံတကာ အလှူ ရှင်တွေဖက်က အရမ်းအမွန်းတင်ပြောဆိုနေတဲ့ NCA ကတဆင့် ဖက်ဒရယ်ပြည်ထောင်စုဆီသွားနိုင်ဖို့ ဆိုတာ လောလောဆယ်ဘယ်လိုမှ စိတ်ကူးယဉ်လို့ မရသေးပါ။

ဒီတော့ ဒီလူတွေ ဘာဆက်လုပ်ကြမလဲ

ABSDF ဒုဥက္ကဌ ကိုမျိုးဝင်းကတော့ NCA သဘောတူညီချက်မှာပါတဲ့အတိုင်း ‘’ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ရေးဆွဲပြီး ရက်ပေါင်း ၉၀ အတွင်း အားလုံးပါဝင်တဲ့ ပြည်ထောင်စု ညီလာခံ ကျင်းပနိုင်ဖို့ ဖော်ဆောင်နေပါတယ်’’ လို့ပြောပါတယ်။ ဒီလုပ်ငန်းစဉ်ထဲမှာ လက်မှတ်မထိုးသေး တဲ့အဖွဲ့တွေပါလာအောင် ကြိုးစား မှာဖြစ်တဲ့အပြင် အရပ်သားတွေပါဝင်လာအောင် လူထုဟောပြောပွဲတွေ လုပ်နေတယ်လို့လဲဆိုပါတယ်။ 


ထူးခြားတာကတော့ ဒီလုပ်ငန်းစဉ်ထဲမှာ ABSDF ရဲဘော်ဟောင်းတွေပါ ပါဝင်ကြဖို့ အောက်တိုဘာလ ၂၇ ရက်နေ့ က ရန်ကုန်မှာကျင်းပတဲ့ တွေ့ဆုံပွဲတခုအတွင်း သူက ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ကျနော့်ရဲ့ ပြည်တော်ပြန် ခရီးစဉ်တွေအတွင်း ထားဝယ်နဲ့ ရန်ကုန်မှာတွေ့ခဲ့ရတဲ့ ရဲဘော်ဟောင်းတွေဟာ နိုင်ငံရေးဆက်လုပ်ချင်ပေမဲ့ ပြန်ဖမ်း ခံရမှာစိုးတာကြောင့် မိခင်အဖွဲ့အစည်းနဲ့ လက်တွဲဆောင်ရွက်ဖို့ တုန့်ဆိုင်းဆိုင်းဖြစ်နေတာကို မြင်ခဲ့ရပါတယ်။

အခု ABSDF နဲ့ဆက်သွယ်လို့ ပုဒ်မ ၁၇ နဲ့မငြိတော့ဘူးဆိုရင် တပ်ဖွဲ့ဝင်ဟောင်း အတော်များများ နိုင်ငံရေးလုပ်ငန်း စဉ်တွေထဲ၊ လူမှုကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေထဲ ပြန်ပါဝင်လာကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ တောခိုခဲ့ဖူးလို့ အဖမ်းခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ ပျောက်သွားမယ်လို့ထင်ပါ တယ်။

ဒါက ပြည်တွင်းက ရဲဘော်ဟောင်းတွေကိစ္စ၊ ပြည်ပက ရဲဘော်ဟောင်းတွေကော ဘယ်လိုလဲ။ ‘’ပြန်တော့ လာချင် တယ်၊ ဒါပေမဲ့ လုံခြုံရေးကို ဘယ်သူအာမခံမလဲ’’ ဆိုပြီး ရဲဘော်ဟောင်းတချို့က မေးခွန်းထုတ်ကြ တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက နော်ဝေးမှာပြသတဲ့ ‘’ဒီလိုအချစ်မျိုး’’ မှတ်တမ်းရုပ်ရှင်ကား ရှင်းလင်းပွဲအတွင်း ABSDF တပ်ဖွဲ့ ၀င်ဟောင်း၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုအောင်မျိုးမင်း ကပြောပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေက ‘’ကိုယ်တောင် ဘယ်နေ့ အဖမ်းခံရမယ်မှန်းမသိတော့ ဘယ်အာမခံနိုင်ပါ့မလဲ’’ လို့ သူက တုန့်ပြန်ခဲ့ပါတယ်။

တကယ်တော့ ဒီလိုအဖမ်းအဆီးတွေ၊ ခြိမ်းခြောက်မှုတွေဆိုတာက အခု ၂၀၁၅ ရွေးကောက်ပွဲနီးမှ၊ အထူးသဖြင့် ဘာသာရေးနဲ့ နိုင်ငံရေးရောထွေးရှက်တင်ဖြစ်လာပြီး မဘသ တွေ သြဇာကြီးချိန်မှာမှ ပိုဖြစ်လာတာပါ။ အရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲပြီးကာစ၊ သမ္မတဦးသိန်းစိန်နဲ့ အတိုက်ခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆွေးနွေးမှုပြေလည်နေစဉ်၊ ပြည်ပရောက် ကျောင်းသားဟောင်းတွေပြန်လာပါ၊ ပြည်တွင်းမှာ လွတ်လပ်စွာလှုပ်ရှား လို့ရပြီဆိုပြီး အစိုးရဖက်က ဖိတ်ခေါ်စဉ်က အခြေအနေဟာ အတော်ကောင်းခဲ့တယ်လို့ ကိုအောင်မျိုးမင်းအပါဝင် ကျနော်တွေ့ဖူးတဲ့ ပြည်တော်ပြန်အားလုံးနီးပါးကပြောပါတယ်။ 

အဲဒီ နှစ်တာကာလအတွင်း ပြည်တော်ပြန်သွားတဲ့ ABSDF တပ်ဖွဲ့ဝင်ဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်း တွေ၊ ၈၈ မျိုးဆက်တွေ ဘယ်နည်းပါ့မလဲ။ ဒါပေမဲ့ အဲဒီထဲက ထိပ်တန်းခေါင်းဆောင်ဟောင်းတချို့ဟာ တချိန်က သူ တို့အသေအလဲထောက်ခံအားပေးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်း တွေဆီရောက်မသွားပဲ သမ္မတအကြံပေးဌာနတွေ၊ MPC လို့ခေါ်တဲ့ အစိုးရလက်အောက်ခံ ငြိမ်းချမ်းရေးစင်တာတွေ ဆီရောက်သွားတာကတော့ မတော်တဆလွဲချော်မှုမဟုတ်ပဲ မဟာဗျုဟာအရ မှားယွင်းမှုကြီးဖြစ်တယ်လို့ အဲဒီအခမ်းအနားကိုတက်ခဲ့တဲ့ ကျောင်းသားဟောင်းတဦးကပြောပါတယ်။

ဒါပေမဲ့ နောက်ကျောင်းသားဟောင်းတဦးကတော့ ဒီလွဲချော်မှုတွေအတွက် အတိုက်ခံဖက်က ခေါင်းဆောင် တွေမှာ တာဝန်ရှိတယ်လို့ပြောပါတယ်။ MPC က လူတွေရဲ့ရပ်တည်ချက်ကို သူမကြိုက်ပေမဲ့ ကျောင်းသား ဟောင်းတွေ၊ ပြည်တော်ပြန်တွေကို NLD နဲ့ ၈၈ ဖက်က စနစ်တကျကြိုဆိုလက်ခံ အသုံးချသင့်တယ်လို့ သူကပြောပါတယ်။ ABSDF နဲ့ လူ့ဘောင်သစ်ပါတီပါတီတွေကို ဒေါ်အောင်ဆန်းစုကြည်ဖက်က အခုချိန်ထိ တရားဝင်တွေ့ဆုံခြင်း မရှိတာ၊ ပညာသင်ပြီး အပြင်ကနေပြန်ဝင်လာတဲ့ ကျောင်းသားဟောင်းတွေကို သူ့ပါတီမှာ နေရာပေးဖို့ မစီစဉ်ပေး နိုင်မှုတွေဟာ ပါတီအတွက်တင်မက ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွက်ပါ အားနည်းချက်ဖြစ်စေတယ်လို့ သူက ပြောပါတယ်။

ပြည်တော်ပြန်ပြီး တာဝန်ထမ်းချင်တဲ့၊ ဒါမှမဟုတ် ရောက်နေတဲ့ ပြည်ပနိုင်ငံကနေ တတ်နိုင်သလောက် ဆက်လက် တာဝန်ထမ်းချင်တဲ့ ၈၈ ကျောင်းသားဟောင်းတွေက အခုလို ဆွေးနွေးနေပေမဲ့ ပြည်တွင်း အခြေအနေက အရင် နှစ်ကလို မကောင်းတော့ပါ။

ဒီဆောင်းပါးရေးနေတဲ့ သတင်းတပတ်လောက်အတွင်းမှာတင် မျိုးဆက်သစ်ကျောင်းသားတွေထဲက ဗကသ ခေါင်း ဆောင် ကိုကျော်ကိုကို ဖမ်းဆီးခံလိုက်ရပါတယ်။ ဖမ်းဆီးခံထားရတဲ့ကျောင်းသားတွေ လွတ်ပေးဖို့ ကိုအောင်မှိုင်း ဆန်းနဲ့ကျောင်းသားတချို့ သာဝတီထောင်ထဲမှာ အစာငတ်ခံဆန္ဒပြနေပါတယ်။ Facebook မှာ ဓာတ်ပုံ Share လို့ ဖမ်းခံရသူတိုးလာနေပါတယ်။ ရှမ်း-မြောက်ဖက်မှာ တိုက်ပွဲတွေ ပိုပြင်းထန်လာနေ ပါတယ်။ ပြည်တော်ပြန်တွေအပေါ် ဗီဇာတင်းကျပ်မှုတွေက ၀က်အူရစ်သလို တဖြေးဖြေးပိုကျပ်ကျပ်လာနေ ပါတယ်။ အခုနောက်ဆုံးသတင်းတွေအရဆို ရင် NLD လွတ်တော်အမတ်လောင်းကိုတောင် ဒါးနဲ့ဝင်ခုတ်တဲ့ အထိ အခြေအနေတွေက ဆိုးဝါးလာနေပါတယ်။

ဒီလို ဆုတ်ယုတ်မှုတွေရှိနေပေမဲ့ တစုံလုံးရဲ့အခြေအနေဟာ ‘’၁၉၈၈ နဲ့စာရင် အများကြီးတိုးတက်လာပါ တယ်’’ လို့ ကိုအောင်မျိုးမင်းက ပြောပါတယ်။ အရင်ကဆိုရင် လူ့အခွင့်အရေးကိစ္စကို ခိုးခိုးဝှက်ဝှက်လုပ်နေ ရတယ်၊ အခု လူထု ကြားထဲမှာ ဗြောင်လုပ်လို့ရနေပြီ၊ အစိုးရဖက်ကလည်း လူ့အခွင့်အရေးကို တစုံတရာ အသိအမှတ်ပြုလာပုံ ရတယ်လို့ သူကဆိုပါတယ်။ 

‘’အစိုးရဖက်က ဘာတွေပြောင်းသွားသလဲဆိုတော့ အရင်လို ဗြောင်မငြင်းတော့ဘူး။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြိး အားနည်းချက်တွေရှိနေတယ်၊ ပြုပြင်ရေးအတွက် ကြိုးစားနေပါတယ်ဆိုတဲ့ အပေါက်မျိုး ပြောလာပါတယ်။ ဒီလိုအ ပြောတွေနဲ့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကိုကျဆင်းသွားအောင် လုပ်နိုင်ခဲ့တယ်။ အရင်ထက် ပိုပါးပါးနပ်နပ်ဖြစ်လာ တယ်၊ ပညာတတ် ပိုဆန်လာတယ်၊ ပိုစမတ်ကျလာတယ်၊ အဲဒိလို အစိုးရဖက်က စမတ်ကျကျ ဟန်ဆောင်တတ် လာခြင်းဟာ ကျနော်တို့ပြည်သူတွေအတွက် ပိုအန္တရယ်ကြီးလာတယ်’’ လို့ သူက ထောက်ပြပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် သေချာတာတခုကတော့ လေးလုံးအရေးတော်ပုံကနေ စတင်ခဲ့တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေးတိုက်ပွဲဟာ ၂၇ နှစ်ကြာသွားခဲ့ပြီဖြစ်ပေမဲ့ ပန်းတိုင်ဆီတော့ မရောက်သေးပါ။ မျိုးဆက် သစ်ကျောင်းသားလူငယ်တွေက ပခုံးပြောင်းစနစ်နဲ့ ခွပ်ဒေါင်းအလံကိုကိုင်ပြီး ဆက်လက်ချီ တက်နေဆဲပါ၊ စစ်မှန်တဲ့ အပြောင်းအလဲတခုအမှန်တကယ်ဖြစ်လာစေဖို့ဆိုရင် ခွာပဲတိုက် တိုက်၊ ပူးပဲတိုက်တိုက် ပန်းတိုင်ကို မျက်ခြေမပြတ် စေဖို့၊ ပန်းတိုင်မရောက်ခင် တက်မထောင်မိစေဖို့နဲ့ ဒီမိုကရေစီအင်အားစုတွေအချင်းချင်းကြား ဒီထက်မက အပြန် အလှန်နားလည်မှုတွေနဲ့ ပူးပေါင်းဆောင်ရွက် ဖို့ လိုအပ်နေပြီဖြစ်ပါတယ်။      

(အထက်ဖေါ်ပြပါ ဓာတ်ပုံများကို ABSDF ရဲဘော်များရဲ့ Facebook နဲ့ ဧရာဝတီစာမျက်နှာများမှ ကူးယူဖေါ်ပြ ထားခြင်းဖြစ်ပါသည်)။ 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More