Monday, November 23, 2015

ရွေးကောက်ပွဲအလွန်မှာလည်း စစ်ပွဲတွေ ဆက်ဖြစ်နေဦးမှာလား

The Voice Daily, 23-11-2015.

တောင်ပေါ်မြေက စစ်ပွဲများ
‘’တောင်ပေါ်မြေရဲ့ အခြားတဖက်မျက်နှာမှာချယ်ရီတွေလည်း ယမ်းနံ့စွဲနေ’’ ဆိုတဲ့ သီချင်းစာသားကို အသက် ၄၀ တန်း လူလတ်ပိုင်းအတော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ ၁၉၈၀ နှစ်တွေက နာမည်ကြီး လှတဲ့ စိုင်းခမ်းလိတ်နဲ့ စိုင်းထီးဆိုင်တို့ရဲ့ ရှမ်းတောင်တန်းက စစ်ပွဲနောက်ခံသီချင်းတပုဒ်ပါ။ ဆင်ဆာကြီးစိုး တဲ့ခေတ်မှာ ရေးရ၊ ဆိုရတာဆိုတော့ ပြည်တွင်းစစ်ဖြစ်နေတဲ့အကြောင်း တည့်တည့်ပြောခွင့်မရခဲ့။


ဒါပေမဲ့ အခု ပွင့်လင်းခေတ်မှာတော့ ဒီသီချင်းက စစ်ဆန့်ကျင်ရေးသီချင်းတပုဒ်အဖြစ် Facebook ပေါ်မှာ နေရာ ယူထား လိုက်ပါပြီ။ အရင်ခေတ်က တောင်ပေါ် မြေရဲ့အခြားတဖက်မျက်နှာမှာသာဖြစ်နေတဲ့ စစ်ပွဲတွေဟာ အခုတော့ ဒီဖက်မျက်နှာ မြေပြန့်အထိပါ ရောက်လာနေပါတယ်။ အတိအကျပြောရမယ်ဆိုရင် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) နဲ့ အစိုးရတပ်တွေကြား ဖြစ်ပွားနေတဲ့တိုက်ပွဲဟာ တဖြေးဖြေးနဲ့ ပြင်းထန်လာနေပြီး စစ်ပြေးဒုက္ခသည် တသောင်းကျော်အထိ ရှိလာနေပြီလို့ သိရပါတယ်။ 

အစောပိုင်းကတော့ အဲဒီဒေသမှာ လုံခြုံရေးမကောင်းလို့ ရွေးကောက်ပွဲမလုပ်နိုင်တဲ့အကြောင်း ကော်မရှင်ရဲ့ကြေညာချက်ကို သက်သေပြဖို့အတွက် စစ်တပ်ဖက်က တိုက်ပွဲဖေါ်တာလို့ သတင်းတွေ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ အခု ရွေးကောက်ပွဲပြီးလို့ သီတင်းနှစ်ပတ်ခန့်ကြာပြီးတဲ့အထိ တိုက်ပွဲတွေကဖြစ်နေ ဆဲဆိုတော့ ဒါဟာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ကျေးသီး၊ မှိုင်းရှုး၊ တန့်ယန်းနဲ့ ဟိုပန်မြို့နယ်တွေ ကိစ္စတင်မဟုတ်တော့ပါ။

ဒါဟာ ရွေးကောက်ပွဲအလွန် နိုင်ငံရေးအခင်းအကျင်းကို အားစမ်းနိုင်ဖို့ တပ်မတော်ခေါင်းဆောင်ပိုင်းက ထွင်လိုက် တဲ့ တိုက်ကွက်၊ တနည်းအားဖြင့် ဦးသိန်းစိန်အစိုးရရဲ့ အရေးအကြီးဆုံးစီမံကိန်းတခုဖြစ်တဲ့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) မှာ လက်မှတ်ရေထိုးဖို့ငြင်းဆိုခဲ့တဲ့ အဖွဲ့တွေကို ပညာပေးတဲ့အနေနဲ့ နမူနာ တိုက်ပြနေတာ လို့ ဝေဖန်သူတွေကပြောပါတယ်။ 

တကယ်တော့ ရှမ်း-မြောက် (SSPP/SSA) နဲ့ ကချင်ပြည်လွတ်လပ်ရေးတပ်တော် (KIA) အပါဝင် အခုတိုက်ပွဲဖြစ် နေတဲ့ တရုတ်နယ်စပ်က ငြိမ်း-အဖွဲ့အားလုံးနီးပါးဟာ ညောင်နှစ်ပင် အမျိုးသားညီလာခံကို တက်ခဲ့တဲ့အဖွဲ့တွေ၊ အစိုး ရရဲ့လမ်းပြမြေပုံ ချက်ကို ထောက်ခံခဲ့တဲ့အဖွဲ့တွေ၊ ၁၉၉၀ ပြည်လွန်နှစ်တွေ ကနေ ၂၀၀၀ ပြည့်နှစ်အထိ၊ အတိ အကျ ပြောရမယ်ဆိုရင် န၀တ၊ နအဖ စစ်အစိုးရခေတ်တလျောက်လုံး ငြိမ်သက်နေပြီးမှ အခု အရပ်သားတပိုင်း ဦးသိန်းစိန် အစိုးရခေတ်ရောက်မှ တိုက်ပွဲပြန် ဖြစ်လာတဲ့ အဖွဲ့တွေပါ။

MPC နဲ့ NCA ဘာတွေ အားနည်းခဲ့သလဲ

ပြည်တွင်းစစ် နောက်ခံသမိုင်းကို နည်းနည်းပြန်ကောက်ရမယ်ဆိုရင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ကတည်းက စတင်ခဲ့တဲ့စစ်ပွဲတွေဟာ စစ်တပ်ကြီးစိုးတဲ့ မဆလ၊ န၀တ ခေတ်တွေမှာ မီဒီယာအပေါ် ရေးသားဖေါ်ပြခွင့် မရခဲ့ ပါဘူး။ ဒါပေမဲ့ ၁၉၈၈ နောက်ပိုင်း ကျောင်းသားတွေ ထောင်နဲ့ချီတောခို သွားပြီးနောက်မှာတော့ နယ်စပ်က စစ်ပွဲသတင်းတွေကို နိုင်ငံတကာမီဒီယာ၊ အထူးသဖြင့် ပြည်ပအခြေစိုက် မြန်မာပိုင်းရေဒီယိုတွေကတဆင့် ပြည်သူအတော်များများ သိခွင့်ပြန်ရခဲ့ပါတယ်။

(ဓာတ်ပုံ- ဧရာဝတီ)

၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်မှာတော့ ဆင်ဆာဥပဒေကို ဖျက်သိမ်းလိုက်တဲ့အတွက် နယ်စပ် တကျောက တိုက်ပွဲတွေ၊ လက်နက်ကိုင်အဖွဲ့တွေရဲ့လှုပ်ရှားမှုအကြောင်းတွေကို ပြည်တွင်းထုတ် သတင်းစာတွေ၊ ဂျာနယ်တွေမှာပါ ဖေါ်ပြခွင့်ရလာပါတယ်။ မရှေးမနှောင်းမှာပဲ အဲဒီ လက်နက်ကိုင်အဖွဲ့တွေ အားလုံးနဲ့ သူတို့အစိုးရက ဆွေးနွေးပြီး ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်ပါ့မယ်လို့ ဦးသိန်းစိန်အစိုးရက ကတိပေးလိုက်ပါတယ်။

ဒီလို ကတိက၀တ်တွေနဲ့အတူ နိုင်ငံတကာရဲ့အကူအညီကိုလည်း အစိုးရလက်အောက်ခံ မြန်မာငြိမ်းချမ်းရေး စင်တာ (MPC) က များစွာရရှိခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေး ပွဲတွေ ဆက်တိုက်လုပ်ပြလာခဲ့ပါတယ်။ ၂၀၁၅ နှောင်းပိုင်း သို့မဟုတ် ဦးသိန်းစိန်အစိုးရ သက်တန်းကုန်ခါနီးမှာတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးတဲ့အဆင့်အထိ ရောက်လာပါတယ်။

ဒါပေမဲ့ ထိုင်းနယ်စပ်ရှိ ကရင့်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအခြေစိုက် လက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့နဲ့ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA/RCSS) အဖွဲ့အပါဝင် ဖွဲ့ကသာ လက်မှတ်ထိုးခဲ့ပါတယ်။ အခြား ထိုင်းနယ်စပ် အခြေစိုက် မွန်နဲ့ ကရင်နီ၊ တခါ တရုတ်နယ်စပ်တလျောက်ရှိ ၀၊ မိုင်းလားနဲ့ အခုချိန်ထိ တိုက်ပွဲ တွေဖြစ်နေဆဲ ကိုးကန့်၊ တအောင်း၊ ကချင်နဲ့ ရှမ်း-မြောက်တွေက လက်မှတ်ထိုးခြင်းမရှိခဲ့ပါဘူး။ 

တနည်းအားဖြင့် ဦးသိန်းစိန်အစိုးရရဲ့ ပထမ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် နှစ်တာဆောင်ရွက်ခဲ့တဲ့ NCA ဟာ ထင် သလောက် အောင်မြင်မှုမရခဲ့ပါ။ ၂၀၁၁ ၀န်းကျင်အထိ တိုက်ပွဲတွေဖြစ်နေဆဲ KNU နဲ့ RCSS အပါအ၀င် ထိုင်း နယ်စပ်ရှိ တောင်ပိုင်းအဖွဲ့ ဖွဲနဲ့ အပစ်ရပ်လက်မှတ်ထိုးနိုင်ခဲ့ပေမဲ့ အရင် ထောက်လှမ်းရေး ဟောင်း ဗိုလ်ချုပ်ခင်ညွှန့် လက်ထက်က လက်မှတ်ထိုးထားပြီးသား တရုတ်နယ်စပ်အခြေစိုက် မြောက်ပိုင်းအဖွဲ့ ၁၆ ဖွဲ့လောက်နဲ့ ငြိမ်းချမ်းရေး ပျက်သလိုဖြစ်သွားခဲ့ရပါတယ်။ 

သချာင်္သဘောအရဆိုရင်တော့ လက်မှတ်မထိုးရသေးတဲ့ ဖွဲ့ကို ရအောင်လိုက်ရင်းနဲ့ လက်မှတ်ထိုးပြီးသား ၁၆ ဖွဲ့ ကို ဆုံးရှုံးခံလိုက်ရတဲ့သဘောမျိုးဖြစ်သွားပါတယ်။ အရင် ဆင်ဆာခေတ်က ဖုံးဖုံးဖိဖိလုပ်ထားနိုင်ခဲ့တဲ့ တိုက်ပွဲအသံ တွေ၊ ဒုက္ခသည်တွေရဲ့ ငိုသံတွေဟာ ဒီနေ့မှာတော့ ဘယ်လိုမှ ဖုံးထားလို့မရတော့ပဲ ငြိမ်းချမ်းရေးတောင်းဆိုသံတွေ ပိုကျယ်လာခဲ့ပါတယ်။ ဒီအတွက် လက်ရှိအစိုးရနဲ့ တပ်မတော်က ဘာဆက်လုပ်မှာလဲ။ 

တိုက်ပွဲတွေရပ်စဲဖို့ ညွန်ကြားချက်ထုတ်လိုက်ပြီဆိုပြီး အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (ရလခ)က (SSPP/SSA) ဆီ တယ်လီဖုန်းနဲ့ အကြောင်းကြားလာတယ်လို့ သတင်းတရပ်တော့ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ စစ်တိုက် တယ်ဆိုတာဟာ နေပြည်တော်စစ်ရုံးချုပ်က ညွန်ကြားချက်မရှိပဲ ရှေ့တန်းတပ်တွေက သူ့သဘောနဲ့သူ သွားတိုက်လို့ ရတာမျီုး မဟုတ်ပါ။ ညွန်ကြားချက်ထုတ်မယ်ဆိုရင် နေပြည်တော် စစ်ရုံးချုပ်ကပဲ ထုတ်ရမှာပေါ့။

ဒီအတွက် စစ်ရုံးချုပ် တာဝန်ရှိသူတွေ ဘယ်လိုစဉ်းစားထားသလဲ၊ အစိုးရဖက်က ဘာတွေညွှန်ကြားဖို့ရှိ သလဲ။ အစိုး ရအသစ်တက်လာရင်ကော ဒီကိစ္စကို ဘယ်လိုဖြေရှင်းမှာလဲ။ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဌာန နေရာအပြင် ကာ-လုံ မှာပါ အဓိကနေရာကနေ ကြိုးကိုင်ထာသူ တပ်-ချုပ်ကို အစိုးရအသစ်က စစ်ပွဲတွေရပ် အောင် ညွှန်ကြားချက်ပေးနိုင်စွမ်းရှိပါ့မလားဆိုတာဟာ ဒီနေ့ မေးစရာဖြစ် လာနေပါတယ်။ 

အစိုးရအသစ်နဲ့ ငြိမ်းချမ်းရေး ရှေ့ခရီး

လက်ရှိသမ္မတ ဦးသိန်းစိန် ကတိပေးထားတဲ့အတိုင်း ချောမွေ့စွာ အာဏာလွဲပြောင်းရေးလုပ်ငန်းစဉ်ဖြစ်ခဲ့ ရင်တောင် ၂၀၁၆ ခုနှစ် မတ်လအစောပိုင်းအထိ အစိုးရသစ်လက်ထဲ အာဏာရောက်ဦးမည်မဟုတ်သေးပါ။ ဆိုတော့ ဒီကြား ကာလ လလောက်အတွင်း စစ်ပွဲတွေက ဒီလိုဆက်ဖြစ်နေမှာလား၊ ဒုက္ခသည်တွေလည်း ဒီလိုပဲ ဆက်ပြေးနေရဦး မှာလား။ နိုင်ငံတကာနဲ့ ပြည်တွင်းရှိ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက ဒီတိုင်းပဲ ထိုင်စောင့်နေကြတော့မှာလား။

(ဓာတ်ပုံ- Eleven Media)
သေချာတာတခုကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ ရွေးကောက်ပွဲမှာ အမတ်နေရာ ၈၀ ရာခိုင်နှုန်းအထိအနိုင်ရတဲ့အတွက် ဘယ်ပါတီနဲ့မှမဟာမိတ်လုပ်စရာမလိုပဲ၊ အထူးသဖြင့် နိုင်ငံရေးဖေ၀န်သူတချို့ ထောက်ပြနေတဲ့ တိုင်းရင်းသားပါတီတွေနဲ့တောင် မဟာမိတ်ဖွဲ့စရာမလိုပဲ တပါတီ တည်းနဲ့ အစိုးရဖွဲ့နိုင်တဲ့ အနေအထားရသွားပြီဖြစ်ပါတယ်။ 

ဒီလို အခွင့်အရေးရသွားတဲ့အတွက် အားကောင်းတဲ့အစိုးရတရပ် ပေါ်လာတော့မယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါပေမဲ့ အဲဒီအစိုးရက အခုဖြစ်နေတဲ့ တိုက်ပွဲတွေရပ်သွားအောင်၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နိုင်ပါ့မလားဆိုတာကတော့ မသေချာလှပါဘူး။ အထူးသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီ CRPP မှာ နှစ်ပေါင်းများစွာ NLD နဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ တဲ့ SNLD ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လိုပါတီမျိုးနဲ့ ပူးတွဲဆောင်ရွက်နိုင်မှသာ ငြိမ်းချမ်းရေးကိစ္စ ပိုတွင်ကျယ်လိမ့်မယ်လို့ စာရေးသူကမြင်ပါ တယ်။

ရွေးကောက်ပွဲအကြိုကာလမှာ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်မဖွဲ့နိုင်ပဲ၊ သူနိုင်ကိုယ်နိုင် အပြိုင်ကျဲခဲ့ တာကို ထားလိုက်ပါတော့။ အခု ရွေးကောက်ပွဲပြီးချိန်မှာတော့ ရှမ်းနဲ့ ရခိုင်အပါအ၀င် တချိန်က CRPP မှာ ပူးတွဲရပ်ခံခဲ့တဲ့ မဟာမိတ်ပါတီတွေ၊ အခြားအသစ်ပေါ်လာတဲ့၊ ဖက်ဒရယ်မူကို ယုံကြည်သက်ဝင်တဲ့ တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ်အဖြစ် ပူးတွဲဆောင်ရွက်သင့်ပါတယ်။ ဒီနည်းဟာ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားကောင်းလာစေနိုင်ပါတယ်။

တချိန်တည်းမှာပဲ အစိုးရနဲ့ MPC က သူ့နည်းသူ့ဟန်နဲ့ ဆက်လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်း အသေ အချာ ဝေဖန်ဆန်းစစ်ပြီး လိုအပ်တာတွေပြန်ပြင်ဖို့၊ အားလုံးပါဝင်ခွင့်ရစေဖို့ အစိုးရသစ်ဖွဲ့မဲ့ပါတီက စတင်ပြင်ဆင်သင့်ပါတယ်။ ဖက်ဒရယ်မူနဲ့ တိုင်းရင်းသားအခွင့်အရေးအပေါ် ပါတီရဲ့မူဝါဒ၊ အစိုးရသစ်ရဲ့ မူဝါဒတွေကို ထုတ်ပြန်ကြေညာပြိး အားလုံးနဲ့ လက်တွဲဆောင်ရွက်ဖို့ ဖိတ်ခေါ်သင့်ပါတယ်။ 

ဒါတွေက နောက်ထပ် လလောက်ကြာမှဖြစ်လာနိုင်တဲ့အလားအလာတွေပါ။ အခုလောလောဆယ် မှာတော့ အာဏာမရသေးတဲ့အတွက် စစ်ပွဲရပ်သွားအောင် NLD ပါတီဖက်က လုပ်ပေးနိုင်မဲ့ အလားအလာ မတွေ့ရသေးပါဘူး။ ဒါဖြင့် အရပ်ဖက်အဖွဲ့ အစည်းတွေ၊ ဒေသခံလူထုတွေကကော ဘာများလုပ်ပေးနိုင်မလဲ။ ဒုက္ခသည်တွေအတွက် တစုံတရာ အကူအညီမပေးနိုင်ကြတော့ဘူးလား။

ရှမ်းပြည်ဖက်က ထွက်လာတဲ့သတင်းတပုဒ်အရ ဒုက္ခသည်တွေကို ကူညီနိုင်ရေးအတွက် ရှမ်းလူငယ်တွေက ဦးစီးပြီး မြို့တော် တောင်ကြီးနဲ့ အခြားမြို့တွေမှာ ရံပုံငွေရှာဂီတပွဲတွေ၊ ဈေးရောင်းပွဲတွေကျင်းပနေကြောင်း သိရပါတယ်။ ကယာပြည်နယ်ဖက်က သတင်းတပုဒ်မှာတော့ ကရင်နီကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး စစ်ပြေးဒုက္ခသည်တွေ အတွက် ရံပုံငွေကောက်ခံပွဲတခု မြို့တော် လွိုင်ကော်မှာ ကျင်းပခဲ့ပါတယ်။ ရန်ကုန်က ပြည်လမ်းပေါ်မှာလည်း ရှမ်း အမျိုးသမီးတစုက စစ်ရပ်စဲရေးဆိုင်းဘုတ်ထောင်ပြီး စစ်ပြေးဒုက္ခသည်တွေ အတွက် အလှူခံနေတာကိုတွေ့ရပါတယ်။

(ဓာတ်ပုံ- Eleven Media)

တခါ အိမ်နီးချင်း ထိုင်းနိုင်ငံဖက်ကရတဲ့ သတင်းတခုထဲမှာတော့ ထိုင်းနိုင်ငံရောက် ရှမ်းတိုင်းရင်းသားတွေ ဦးဆောင် ပြီး စစ်ရပ်စဲရေး တာင်းဆိုဆန္ဒပြပွဲတရပ်ကို ဘန်ကောက်မြန်မာသံရုံးရှေ့မှာ ကျင်းပနိုင်ဖို့ပြင် ဆင်နေကြောင်း သိရပါတယ်။ 

ဒါဖြင့် နိုင်ငံတကာရောက် ရှမ်းတိုင်းရင်းသားတွေအပါဝင် မြန်မာနိုင်ငံသားတွေကကော စစ်ရပ်စဲအောင် ဘာလုပ်ပေး နိုင်ကြမလဲ၊ ပြည်တွင်းရှိ တခြား ပြည်နယ်-တိုင်းအသီးသီးက လူထုတွေကကော စစ်ရပ်စဲရေး၊ ဒုက္ခသည်တွေကို ကူညီနိုင်ရေးအတွက် ဘာတွေလုပ်ပေးနိုင်မလဲ။ 


တကယ်တော့ ဒီမိုကရေစီစနစ်ဆိုတာဟာ အစိုးရကလုပ်ပေးတာကိုပဲ အများပြည်သူက ထိုင်စောင့်နေတဲ့ အနေအထားမျိုး မဟုတ်ပါ။ အများပြည်သူ ဆန္ဒအတိုင်း အစိုးရဖက်ကလိုက်လုပ်လာအောင် နိုင်ငံသားတွေ ဖက်ကလည်း အစိုးရကို ဖိအားပေးတိုက်တွန်းဖို့ တာဝန်ရှိတယ်မဟုတ်ပါလား။          
......................


.......

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More