Thursday, November 12, 2015

၂၀၁၅ ခွာစစ်ဖြင့် နိုင်ငံရေးယဉ်ကျေးမှုသစ်ကို စတင်ပါ

The Voice Daily, (12-11-2015.)

၂၀၁၅ ခွာစစ် သို့မဟုတ် အရှုံးကို တည်ငြိမ်စွာလက်ခံခြင်း

၂၀၁၅ ခုနှစ် နိုဝင်ဘာ ရက်နေ့ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးက ပြီးဆုံးသွားခဲ့ပါပြီ။ နိုင်တဲ့သူတွေပျော်ပြီး ရှုံးတဲ့သူတွေ ငိုခဲ့ရတာဟာ ပြိုင်ပွဲတွေရဲ့ ထုံးစံပါ။ လေးနှစ်တကြိမ်၊ ငါးနှစ်တကြိမ် ပုံမှန်ရွေးကောက်ပွဲ ကျင်းပနိုင်တဲ့ ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာ ဒါတွေဟာ ဘာမှမထူးဆန်း။ ဒီနေ့ရှုံးသွားတဲ့ အစိုးရပါတီဟာ နောက် ငါးနှစ်ကို အတိုက်အခံဘ၀နဲ့ ဖြတ်သန်း၊ နောက်တကြိမ်ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အင်အားပြန်စုပေါ့။


ဒါကို နိုင်ငံရေးသံသရာ၊ နိုင်ငံရေးစက်ဝန်းအဖြစ် အားလုံးက လက်ခံထားပါတယ်။ ဒါပေမဲ့ နှစ် ၂၀ ကျော်ကြာမှ ရွေးကောက်ပွဲတခါ (လွတ်လပ်တဲ့ ပါတီစုံရွေးကောက်ပွဲ) ကျင်းပလေ့ရှိတဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုယဉ်ကျေးမှုကို လက်ခံဖို့ နိုင်ငံရေးသမားတွေ အဆင်သင့်ဖြစ်ပုံမရသေးပါ။ ဒီထက်ပိုတိကျအောင်ပြောမယ်ဆိုရင် ၁၉၆၂ ကတည်း က စစ်တပ်ကအာဏာသိမ်းပြီး အုပ်ချုပ်လာတဲ့၊ နှစ်ပေါင်း ၅၀ ကျော် စစ်အမိန့်ပေး အုပ်ချုပ်မှုစနစ်နဲ့ ယဉ်ပါးလာခဲ့တဲ့ ဒီနိုင်ငံမှာ အရပ်သားအစိုးရကို စစ်ဖက်အစိုးရက ရုတ်တရက်လက်ခံဖို့ဆိုတာ အစဉ်အလာမဟုတ် သလိုလို ဖြစ် ကောင်းဖြစ်နေနိုင်ပါတယ်။

ဒါပေမဲ့ ဒီနေ့ရွေးကောက်ပွဲရလာဒ်က ယဉ်ကျေးမှုအသစ်တရပ်ကို မြန်မာနိုင်ငံမှာထူထောင်ဖို့ လမ်းဖွင့်ပေးလိုက်ပါ ပြီ။ မဲဆန္ဒရှင် သန်း ၃၀ ကျော်က စစ်တပိုင်းအစိုးရကိုဖြုတ်ချပြီး အရပ်သားစစ်စစ်တွေကိုဦးဆောင်ဖို့ မဲပေးရွေးချယ် လိုက်ပါပြီ။ ဒါကို ၁၉၉၀ ရွေးကောက်ပွဲတုန်းကလိုမျိုး ဟိုအကြောင်းပြ၊ ဒီအကြောင်းပြလုပ်ပြီး အာဏာလွှဲမပေးပဲ ရူးချင်ယောင်ဆောင်နေလို့မရတော့ပါ။ ၁၉၉၀ နဲ့ ဒီနေ့ ၂၀၁၅ နိုင်ငံရေးအခြေအနေချင်း မတူတော့ပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရှိနေပြီးသားဖြစ်တဲ့အတွက် အခြေခံဥပဒေမရှိသေးလို့ အာဏာလွဲလို့ မရသေးဘူးဆိုပြီး ဆင်ခြေပေးစရာမရှိတော့ပါ။ တပ်မတော်အတွက်လည်း ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး နေရာခွဲတမ်းအပြင် ပါလီမန်မှာလည်း ၂၅ ရာခိုင်နှုန်းပေးထားပြီးသားဖြစ်တဲ့ အတွက် ဘာမှအတွန့်တက်နေစရာ၊ အာဏာပြန်သိမ်းစရာအကြောင်းမရှိတော့ပါ။

တခါ နိုင်ငံတကာအစိုးရတွေ၊ နိုင်ငံတကာလေ့ လာသူတွေ၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံတကာအလှူရှင် တွေ ပြည်တွင်းမှာရှိနေပြီးသားဖြစ်တာမို့ အရင်လို လက်လွတ်စပယ်ငြင်းဆိုလို့ မရနိုင်တော့ပါ။ မီဒီယာလွတ်လပ်ခွင့် ကိုလည်း အတိုင်းအတာတခုအထိပေးထားတဲ့အတွက် အရင်ခေတ်လို သတင်းအမှောင် ချထးလို့မရနိုင်တော့ပါ။ အထူးသဖြင့် ဆိုရှယ်မီဒီယာ Facebook ပေါ်မှာ ရွေးကောက်ပွဲရလာဒ်နဲ့ နောက်ဆက်တွဲသတင်းတွေကို စက္ကန့်နဲ့ အမျှ ဖတ်နေနိုင်ပြီဖြစ်ပါတယ်။

ဒါကြောင့်လည်း ကြံခိုင်ရေးပါတီဥက္ကဌဟောင်း၊ လွတ်တော် နာယက သူရဦးရွှေမန်းက ဖြူးမဲဆန္ဒနယ်မှာ သူရှုံးနိမ့်ပြီ ဆိုတာကိုသိတာနဲ့ အနိုင်ရသူ ပြိုင်ဖက် NLD အမတ်ဆီ ချက်ချင်းဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောခဲ့ပါတယ်။ အဲဒီလို ပြောတယ်ဆိုတာကို သူရဲ့ Facebook ပေါ်မှာ Status တင်ခဲ့ပါတယ်။ ဒါဟာ နှစ် ၅၀ စစ်အုပ်ချုပ်ရေးကာလအတွင်း ပထမဆုံးမြင်ရတဲ့ နိုင်ငံရေးယဉ်ကျေးမှုသစ် ပုံစံတခုပါပဲ။

ဒါပေမဲ့ ကြံ့ခိုင်ပါတီလက်ရှိဥက္ကဌ သမ္မတဦးသိန်းစိန်နဲ့ ပူးတွဲဥက္ကဌ ဦးဌေးဦးတို့ဆီကတော့ ဘာမှ တရားဝင်ကြေညာတာ၊ အနိုင်ရသူကို နှုတ်ဆက်စကားပြောတာမျိုးမကြားရသေးပါ။ တပ်မတော်ဖက်ကလည်း အနိုင်ရသူကို အာဏာ လွဲပေးမယ်လို့ မဲပေးတဲ့နေ့မှာ ကာကွယ်ရေးဦးစီးချုပ်ကပြောထားပေမဲ့ အခုချိန်ထိတော့ ဘာမှတရားဝင် သတင်း ထုတ်ပြန်တာမကြားရသေးပါ။

ဒါတွေဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ တရားဝင်ကြေညာချက်ကိုစောင့်နေရလို့ ကြန့်ကြာနေတာလား၊ ဒါမှမဟုတ် ၁၉၉၀ လိုမျိုးပြန်ဖြစ်ဖို့ နမိတ်ပြနေတာလား။ စာရေးသူကတော့ ရွေး-ကော်ရဲ့ တရားဝင်ကြေညာချက်ကိုစောင့်နေ တာသာဖြစ်ပြီး မကြာခင်မှာ အာဏာလွဲပြောင်းရေးလုပ်ငန်းစဉ် သို့မဟုတ် စစ်ဗိုလ်ဟောင်းတွေဦးဆောင်တဲ့ အာဏာ ရပါတီဖက်က အာဏာနိုင်ငံရေးကနေ နှစ်တာနောက်ဆုတ်တဲ့ ခွာစစ်စီမံကိန်းကို တရားဝင်ကြေညာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

၁၉၉၀ မှ ၂၀၁၅ သို့ NLD

ကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်တွေမပြီးပြတ်သေးသည့်တိုင် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖက်က ထုတ်ပြန် ထားတဲ့စာရင်းတွေအရ NLD ဖက်က တောင်ပြိုကမ်းပြို (တပ်မတော်အပါဝင် ၆၆၄ ဦး၊ တပ် မတော်မပါ ၄၉၀ ဦးနေရာမှာ ၃၃၃ ကျော်တဲ့အထိ၊ တပါတီတည်း အစိုးရဖွဲ့နိုင်တဲ့အထိ) အပြတ်အသတ် နိုင်နေပြီဆိုတာ ထင်ရှားနေပါတယ်။ ဒါဟာ ၁၉၉၀ တုန်းကလိုပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီ အင်အားစုတွေကို လိုလားထောက်ခံလို့ တခုတည်း မဟုတ်ပဲ စစ်အစိုးရကိုဆန့်ကျင်တဲ့စိတ်တွေနဲ့ ရသွားတဲ့မဲတွေဆိုတာ သံသယရှိစရာမလိုပါဘူး။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ရှေ့ပိုင်းမှာ ပလ္လင်ခံခဲ့တဲ့အတိုင်း နှစ်တခါ၊ နှစ်တခါ ပုံမှန်ရွေးကောက်ပွဲ ကျင်းပခွင့်မရတော့ နှစ် ၅၀ လုံးလုံး စစ်အုပ်ချုပ်ရေးအပေါ် မကျေမနပ်ဖြစ်နေတဲ့ လူထုကြီးက စစ်အုပ်စုကိုဆန့်ကျင် တဲ့အနေနဲ့ လူထုဆန္ဒကိုထုတ်ဖေါ်ပြသလိုက်တဲ့ ပွဲဖြစ်ပါတယ်။ ၁၉၉၀ ပထမ ပွဲမှာတုန်းက ခံခဲ့ရဖူးတဲ့ လူထုဟာ ဒီတကြိမ်မှာလည်း အလားတူထပ်ခံရဦးမလားဆိုပြီး စိုးရိမ်နေတာ သဘာဝကျပါတယ်။

ဒါပေမဲ့ အခြေအနေတွေက ပြောင်းလဲသွားခဲ့ပါပြီ။ ၂၀၁၅ ဟာ ၁၉၉၀ မဟုတ်တော့သလို NLD ဟာလည်း ၁၉၉၀ တုန်းကထက် အများကြီးပိုရင့်ကျက်လာပြီလို့ ယူဆရပါတယ်။ တပ်မတော်နဲ့ စနစ်တကျဆွေးနွေးပြီး အသေအချာ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ အစိုးရအသစ်ဖွဲ့ရေးအတွက် တိုင်းရင်းသားပါတီတွေအပြင် ကြံ ခိုင်ရေးနဲ့ပါဆွေးနွေးလိမ့်မယ်၊ အာဏာလွှဲပြောင်းရေးလုပ်ငန်း စဉ်တွေ၊ လွှတ်တော်တွင်း မဟာမိဖွဲ့ရေးကိစ္စတွေကို ပါးပါးနပ်နပ်ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒါပေမဲ့ ဒါတွေဟာ မျှော်လင့်ချက်အဆင့်မှာသာရှိသေးတဲ့အတွက် လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အဆင့်အထိရောက်အောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီက အများကြီးဆောင်ရွက်ဖို့လိုနေပါသေးတယ်။ တနည်း အားဖြင့် ဒီလိုနိုင်ပွဲမျိုးကို ၁၉၉၀ တုန်းကလည်း ရဖူးပြီးသားဖြစ်တဲ့အတွက် သိပ်မထူးဆန်းပါ။ ဒီနိုင်ပွဲကနေ အာဏာ ရတဲ့အထိ၊ အစိုးရအသစ်ဖွဲ့နိုင်တဲ့အထိ ချောချောမွေ့မွေ့၊ ကျွမ်းကျွမ်းကျင်ကျင်လုပ်ဆောင်နိုင်မှသာ တကယ့်အောင် ပွဲဆီ တက်ရောက်နိုင်မှာဖြစ်ပါတယ်။ 

၂၀၁၅ အလွန် သို့မဟုတ် ၂၀၂၀ အကြိုကာလ

တကယ်တော့ အခု ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ ၀င်ပြိုင်တဲ့ပါတီပေါင်း ၉၂ ခုရှိပါတယ်။ ဒါပေမဲ့ NLD နဲ့ ကြံ့ခိုင်ရေးပါတီမှအပ ပြည်မမှာ တခြားပါတီတွေ အနိုင်ရတာ မတွေ့ရသလောက်ပါပဲ။ ပြည်နယ်တွေမှာတော့ တိုင်းရင်းသားပါတီတချို့အခြေအနေကောင်းခဲ့ပါတယ်။ ဒါကလည်း ရခိုင်နဲ့ရှမ်းဖက်မှာသာ အခြေအနေကောင်းပြီး တခြား ပြည်နယ်တွေမှာ ၁၉၉၀ နဲ့ ၂၀၁၀ လောက်တောင် တိုင်းရင်းသားပါတီတွေ အနိုင်မရခဲ့ပါ။



တခါ နာမည်ကြီးနိုင်ငံရေးသမားတွေ၊ ထင်ရှားတဲ့ တသီးပုဂ္ဂလတွေလည်း ဒီပွဲမှာ ရှုံးနိမ့်ခဲ့ကြပါတယ်။ ဥပမာအားဖြင့် ရန်ကုန်တိုင်း ပါလီမန်မှာ လူသိများတဲ့ တသီးပုဂ္ဂလအမတ် ဒေါ်ညိုညိုသင်း၊ နေပြည်တော် လွတ်တော်မင်းသားကြီး အဖြစ်လူသိများတဲ့ သင်္ကန်းကျွန်းအမတ် ဦးသိန်းညွန့်တို့ NLD အမတ်လောင်းတွေကိုရှုံးနိမ့်ခဲ့ပါတယ်။ အလားတူ ကြံ့ခိုင်ရေးပါတီထဲမှာလည်း အားလုံးဆိုးနေလို့၊ အားလုံးညံ့နေလို့ NLD ကို အပြတ်အသတ်ရှုံးသွားတယ်လို့ ကောက်ချက်ဆွဲလို့ မဖြစ်နိုင်ပါ။

ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း နှစ် ၅၀ ကျော် စစ်အုပ်ချုပ်ရေးနဲ့ စစ်တပိုင်းအုပ်ချုပ်ရေးအောက်မှာ နေလာခဲ့ရတဲ့ ဘ၀တွေ ကနေ ရုန်းထွက်ချင်တဲ့လူထုကြီးဟာ ဒီတိုက်ပွဲကိုဦးဆောင်နိုင်မယ်လို့ သူတို့ယုံကြည်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်လိုက်ခြင်းကြောင့်သာဖြစ်ပါတယ်။ ၁၉၉၀ ရော၊ အခု ၂၀၁၅ ရောဟာ ပါတီစုံရွေးကောက်ပွဲဆိုတာထက် စစ် အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုဆန္ဒထုတ်ဖေါ်ပွဲသဘောကသာ လွှမ်းမိုးသွားခဲ့တယ်လို့ထင်ပါတယ်။ ဒါဟာ ဘာဝကျတဲ့အတွက် အားလုံးက လက်ခံရမှာဖြစ်ပါတယ်။

ဒါပေမဲ့ ပါတီစုံရွေးကောက်ပွဲမှာ ပါတီတွေစုံစုံလင်လင်၊ အရည်အချင်းရှိတဲ့ ဒေါင်ဒေါင်မည်အမတ်တွေစုံစုံလင် လွှတ်တ်ာအတွင်းရောက်ခွင့်ရှိရင်တော့ ဒီထက်ပိုကောင်းတာပေါ့။ တိုင်းရင်းသားပါတီတွေလည်း ဒီထက်ပိုပြီး အနိုင်ရရင် ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုအရေးနဲ့ ပိုနီးလာမှာပေါ့။ ဒါပေမဲ့ ဒီပွဲဟာ အာဏာရှင်နဲ့ ဒီမိုကရေစီအင်အားစု အားပြိုင်တဲ့ပွဲအဆင့်မှာသာရှိသေးတဲ့အတွက် တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေး၊ ဒေသဆိုင်ရာအခွင့်အရေး၊ ဒေသဖွံဖြိုးရေးဥိးစားပေးမဲ့ ပါတီတွေ နေရာရဖို့ မဖြစ်နိုင်သေးပါ။ တနည်းအားဖြင့် ဒီလိုအခွင့်အရေးတွေရနိုင်ဖို့ အတွက် ဒီနေ့ကစပြီး ၂၀၂၀ အတွက် ဒီပါတီတွေ ကြိုတင် ပြင်ဆင်သင့်ပါတယ်။

ဒါက ၂၀၂၀ အထိ ရှေ့ကို နှစ်ကျော်ပြီး လှမ်းမျှော်ကြည့်တာပါ။ ဒါပေမဲ့ အဲဒီလို လှမ်းနိုင်ဖို့အတွက် မနက်ဖြန် လုပ် ငန်းစဉ်တွေ၊ အတိအကျပြောရမယ်ဆိုရင် ရွေးကောက်ပွဲအလွန် နိုဝင်ဘာ ရက်နေ့ကနေ အစိုးရအသစ်ဖွဲ့ပြီး အာ ဏာလွဲပေးမဲ့ လတာ ကာလအတွင်း စနစ်တကျ ကျော်ဖြတ်နိုင်ဖို့လိုပါတယ်။ တနည်းအားဖြင့် အာဏာလေဟာ နယ်ကာလကို ပိုပိုင်နယ်နယ်ကျော်ဖြတ်နိုင်ဖို့လိုပါတယ်။

ဗြောင်ပြောရရင်တော့ ၁၉၉၀ တုန်းကလို ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို ၈၀ ရာခိုင်နှုန်းကျော် အထိနိုင်ပြီးမှ အာဏာလွဲပြောင်းရေးလုပ်ငန်းစဉ်အထမမြောက်တဲ့အတွက် နောက်ထပ် ၂၅ နှစ်ထပ်ကြာသွားတာမျိုးမဖြစ်အောင် NLD က တိုင်းပြည်အခြေအနေအရပ်ရပ်ကို စနစ်တကျဦးဆောင် လမ်းညွှန်သွားဖို့ လိုအပ်နေပါတယ်။



တချိန်တည်းမှာပဲ ရှုံးနိမ့်သွားပြီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီဖက်ကလည်း ဂုဏ်သိက္ခာရှိရှိ ခွာစစ်ဆင်ရေးကို မကြာခင်မှာ တရားဝင် ကြေညာသင့်ပါတယ်။ ဒီအရှုံးဟာ ထာဝရအရှုံးမဟုတ်ပဲ နှစ်တာအရှုံး သာဖြစ်တယ်၊ နောက် နှစ်မှာကျင်းပမဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီက အသွင်သစ်နဲ့ ဒီမိုကရေစီနည်းလမ်းကျကျ ပြန်ဝင်လာမယ်ဆို ရင် NLD ကို ပြန်မနိုင် နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါ။ ဒီအတွက် အားကောင်းတဲ့ အတိုက်အခံပါတီအဖြစ် ပါလီ မန်တွင်းမှာ နှစ်တာ ရပ်တည်နိုင်ဖို့ ကြံ့ခိုင်ရေးပါတီဖက်က ပြင်ဆင်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။        

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More