မွန်းတည့်နေ၊
(အတွဲ ၂။ အမှတ် ၃၁။) ၁၈-၁၀-၂၀၁၅။
(အတွဲ ၂။ အမှတ် ၃၁။) ၁၈-၁၀-၂၀၁၅။
မဲစာရင်း ကြေညာခြင်း မရှိတဲ့နိုင်ငံ
“ဝေးမြေရပ်ခြား မြန်မာများ” ကဏ္ဍအတွက် နော်ဝေးနိုင်ငံက အတွေ့အကြုံ တခုခုကိုရေးပေးပါဆိုပြီး ကိုစည်သူ အောင်မြင့်ဆီက အီးမေးလ်ရတော့ ရုတ်တရက် ဘာရေးရမှန်းမသိပါ။ ဘာကြောင့်လဲဆို အတွေ့အကြုံတွေက အများကြီး၊ ရေးချင်တာတွေကလည်းအများကြီး။ ဒါနဲ့ အခုတလော မြန်မာနိုင်ငံမှာ လူပြောများနေတဲ့ မဲစာရင်း အမှားအယွင်းကိစ္စကိုသတိရပြီး နော်ဝေးရွေးကောက်ပွဲနဲ့ မဲစာရင်းအတွေ့ အကြုံကိုရေးဖို့ ရွေးလိုက်ပါတယ်။
ကျနော် နော်ဝေးကိုရောက်နေစဉ် ၁၀ နှစ်ကျော်ကာလအတွင်း အနည်းဆုံး မဲ ၃ ကြိမ် ပေးခဲ့ဖူးပါတယ်။ ပထမ တကြိမ်က ၂၀၁၀ ခုနှစ်လောက်ကလို့ထင်ပါတယ်။ နော်ဝေးအခေါ် Kommunestyrevalg၊ မြန်မာ အခေါ် မြို့နယ် အဆင့် မြူနီစပယ်ရွေးကောက်ပွဲနဲ့တူမယ်ထင်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင် ရွေးကောက်ပွဲမှအပ အခြားအဆင့် စည်ပင်ရွေးကောက်ပွဲမျိုး မြန်မာနိုင်ငံမှာမရှိသေးတဲ့အတွက် နဲနဲတော့ နှိုင်ယှဉ်စဉ်းစားရ ခက်နေနိုင်ပါတယ်။
ဒါပေမဲ့ ဒီနိုင်ငံမှာက ဒီလိုဒေသဆိုင်ရာရွေးကောက်ပွဲက အတော်အရေးပါ ပါတယ်။ ရန်ကုန် စည်ပင် ရွေးကောက်ပွဲ လို ၄-၅ ဦးတည်း ၀င်ပြိုင်တာမျိုးမဟုတ်ပဲ တကယ့် ပါလီမန်ရွေးကောက်ပွဲလိုပဲ ရှိသမျှနိုင်ငံရေးပါတီတွေအားလုံးက ထောင်နဲ့ချီတဲ့ ကိုယ်စားလှယ်တွေ အကြိတ်အနယ်ဝင်ပြိုင်ကြရတဲ့ ပွဲမျိုးဖြစ်ပါတယ်။
ဒုတိယအကြိမ် မဲပေးခွင့်ရတာကတော့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတုန်းက ပါလီမန်အဆင့်ရွေးကောက်ပွဲ။ ဒါက နိုင်ငံသားဖြစ်ပြီး သူမှ မဲပေးခွင့်ရတဲ့ပွဲပါ။ ပထမ အကြိမ်တုန်းကတော့ နိုင်ငံသားဖြစ်ဖို့မလို၊ ဒီနိုင်ငံမှာ တရားဝင်နေ ထိုင်ခွင့်ရှိသူတိုင်း၊ အမြဲတန်းနေထိုင်ခွင့်ရထားသူတိုင်း ပေးခွင့်ရှိပါတယ်။
အဲဒီ ၂၀၁၃ တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ၈၈ မျိုး ဆက်ကျောင်းသားတွေအပါဝင် မြန်မာနိုင်ငံက ကိုယ်စား လှယ် ၁၀ ကျော်လည်း လာရောက်လေ့လာခဲ့ပါတယ်။ ဒီအရင်ကလည်း သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ထင်ရှားတဲ့ မြန်မာနိုင်ငံရေးသမား အတော်များများ နော်ဝေနိုင်ငံဆီ လာရောက်လေ့လာခဲ့ပြီးဖြစ် တဲ့အတွက် နော်ဝေးရွေးကောက်ပွဲဟာ မြန်မာတွေအတွက် စိမ်းတယ်လို့ မဆိုသာပါ။
အခု နောက်ဆုံးတကြိမ် ပူပူနွေးနွေး မဲ ပေးခွင့်ရတာက ပြီးခဲ့တဲ့လ စက်တင်ဘာလ ၁၅ ရက်နေ့ကမှ။ ဒါဟာ ပထမ အကြိမ်မဲပေးခွင့်ရတဲ့ မြူနီစပယ် ရွေးကောက်ပွဲနဲ့ ပုံစံတူပါတယ်။ အဲ… မဲစာရင်းကိစ္စပြောရမယ်ဆိုရင် ဒီနိုင်ငံက ရပ်ကွပ် အုပ်ချုပ်ရေးမှုးရုံးတွေ၊ (မြန်မာနဲ့ယှဉ်ပြောကြည့်တာပါ။ တကယ်တော့ ရှေ့မှာတင်ပြခဲ့တဲ့ Kommune ရုံး မှအပ ရပ်ကွက်ရုံးတို့၊ ဆယ်အိမ်မှုးရုံးတို့ဆိုတာမျိုး ဒီနိုင်ငံမှာ မတွေ့မိပါ) မှာ မဲစာရင်း ကြေညာတာ၊ မဲပေးချင်သူတိုင်း ရပ်ကွက်ရုံးဆီ မပျက်မကွက်သွားပြီး ကိုယ့်စာရင်းပါ မပါ သွားကြည့်ရမယ် ဆိုတဲ့ နှိုးဆော်ချက်မျိုး တခါမှ မကြားမိပါ။
မဲပေးပွဲမတိုင်ခင် တလလောက်အလိုမှာ သက်ဆိုင်ရာမြိုနယ် Kommune ရုံး (စည်ပင်ရုံး) ကနေ ကိုယ့်ရဲ့နေ အိမ်ဆီ ဘယ်နေ့မှာ မဲပေးရမယ်၊ ဘယ်နေရာမှာ သွားပေးပါ ဆိုတဲ့ အသိပေးစာ ပို့ပေးပါတယ်။ ဒီထက်ပိုတဲ့ အသိပေးနှိုး ဆော်ချက် မရှိပါဘူး။ ပိုသိချင်ရင် TV၊ ရေဒီယို၊ သတင်းစာနဲ့ အင်တာနက်အပါဝင် မီဒီယာ တွေပေါ်မှာသာ လေ့လာ ပေတော့။ မီဒီယာက တဆင့်အသိပေးခြင်းမှအပ မြန်မာနိုင်ငံမှာလို ကားကြီး ကားငယ်အသွယ်သွယ်၊ အလံနီ၊ အလံ စိမ်းအမျိုးမျိုးနဲ့ တလမ်းဝင် တလမ်းထွက်၊ ကြွေးကြော်သံတွေအော်၊ ဟောပြောပွဲတွေလုပ်တာမျိုးလဲ မရှိပါ။
မှတ်ပုံတင် ပြစရာမလိုတဲ့ မဲ ရုံ
ပြန်ချုပ်ရရင်တော့ နော်ဝေနိုင်ငံက ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံမှာလို မဲစာရင်း ကြေညာခြင်းမရှိပါ။ မဲစာရင်းမှာ ကိုယ့်အမည်ပါ မပါ သွားကြည့်စရာလည်း မလိုပါ။ မဲပေးရမဲ့နေ့မှာ ခုနကပြောတဲ့ သက်ဆိုင်ရာ ကကြိုပို့ထားတဲ့ စာရွက်လေးကိုယူပြီး ရပ်ကွက်ထဲက မဲရုံဆီသွား၊ ကိုယ့်ရဲ့ ID သက်သေခံ ကပ်ပြား ကိုပြလိုက်၊ သက်ဆိုင်ရာမဲရုံ တာဝန်ရှိသူက စက္ကန့် ၃၀ ခန့်စစ်ပြီးတာနဲ့ မဲရုံထဲဝင်၊ ကိုယ်ကြိုက်ရာရွေးပြီး မဲပေးခဲ့ရုံပါပဲ။
ဒီအတွက် ID အပြင် ယာယီနေထိုင်ခွင့်လက်မှတ်တွေ၊ နိုင်ငံကူးလက်မှတ်တွေ အကုန်ယူသွားတာပေါ့။ ရောက်ပါပြီ၊ ဟိုမှာ မဲရုံ၊ အထက်တန်းကျောင်းတခုရဲ့ အခန်းထဲမှာပါ။ အပေါက်ဝမှာ ကိုယ့်အရင်တန်းစီစောင့်နေသူ ၁၀ ဦးခန့်ရှိပါ တယ်။ သူတို့နောက်ကနေ အလိုက်သင့် လိုက်သွားရုံပါပဲ။ အထဲရောက်တော့ ID ပြ၊ မဲကပ်ပြားထုတ်၊ မဲရုံထဲဝင်၊ ကိုယ်ကြိုက်တဲ့ပါတီကိုရွေးခြစ်၊ အဲဒီစာရွက်ကို စာအိတ်ထဲပြန်ထည့်ပြီး အများမြင်သာတဲ့ မဲပုံးထဲ ထည့်ထားခဲ့ရုံပါပဲ။
လွယ်လိုက်တဲ့ မဲပေးနည်းစနစ်၊ ဒီလောက်လွယ်တာတောင် ကိုယ်က တခါမှ မပေးဖူးတော့ ဘယ်နေရာမှာ ဘယ်လို ခြစ်ရမှန်းမသိ။ စာတွေအားလုံးက နော်ဝေဘာသာနဲ့ရေးထားတော့ ကိုယ်ကသိပ်နားမလည်။ ဒီတော့ အင်္ဂလိပ်ဘာ သာနဲ့ပဲ မရှင်းတာတွေကို ပြန်မေးခဲ့ရပါတယ်။ မသိပဲနဲ့ နေရာလွဲခြစ်မိရင် မြန်မာနိုင်ငံမှာလို ပယ်မဲဖြစ်သွားလေ မ လားဆိုပြီး စိုးရိမ်မိလို့ပါ။ ဒါပေမဲ့ ဒီနိုင်ငံကရွေးကောက်ပွဲမှာ ‘’ပယ်မဲ’’ ရှိတယ်လို့တော့ မကြားမိပါဘူး။
မြန်မာနိုင်ငံမှာဆိုရင်တော့ ဗမာစကားမတတ်ရင် မဲပေးခွင့်မရှိဘူး ဆိုပြီး မောင်းထုတ်ခံရမလားမသိပါ။ ဒီနိုင်ငံမှာ ကတော့ မသိလို့မေးရင် တာဝန်ရှိသူတွေက အသေအချာရှင်းပြပေးပါတယ်။။ ဒါဟာ မြို့နယ် စည်ပင်အဆင့်ရွေး ကောက်ပွဲမှာတင်မဟုတ်။ ၂၀၁၃ တုန်းက ပေးခဲ့ဖူးတဲ့ ပါလီမန်ရွေးကောက်ပွဲ၊ နိုင်ငံသားဖြစ်ပြီးမှ မဲပေးခွင့်ရှိတဲ့ ရွေး ကောက်ပွဲမှာလည်း အင်္ဂလိပ်ဘာသာနဲ့မေးတာကို တာဝန်ရှိသူတွေက အသေအချာရှင်းပြပေးပါတယ်။ ‘’နော်ဝေ နိုင်ငံသားစာအုပ်ကိုင်ထားပြီး ဘာလို့ နော်ဝေးစကား မတတ်တာလဲ’’ ဆိုပြီး ငေါက်ငန်းခြင်းမရှိပါ။
ID ဖက်ပြန်လှည့်ရမယ်ဆိုရင်တော့ ‘’ID ပြရုံနဲ့ရသလား၊ မှတ်ပုံတင်တွေ၊ နိုင်ငံသားစီစစ်ရေးကပ်တွေ၊ အိမ်ထောင်စု စာရင်းတွေ၊ ပုံစံ ၁၀ တွေ၊ ရပ်ကွက် ထောက်ခံစာတွေ မလိုဘူးလား’’ ဆိုပြီး စာဖတ်သူတွေထဲမှာ မေးခွန်းထုတ်ချင် သူ ရှိကောင်းရှိနေနိုင်ပါတယ်။ ဟုတ်ပါတယ်။ ဘာမှကို မလိုတာပါ။ နိုင်ငံသားစီစစ်ရေးကပ်တွေ၊ အိမ်ထောင်စု စာရင်းတွေ၊ ပုံစံ ၁၀ တွေဆိုတာ ဒီနိုင်ငံမှာ ရှိတယ်လို့ တခါမှမကြားဖူးပါ။ မှတ်ပုံတင် တောင်မရှိတဲ့နိုင်ငံပါ။
‘’မှတ်ပုံတင်တောင် မရှိဘူးဆိုတာကတော့ နည်းနည်းလွန်သွားပြီထင်တယ်’’ ဆိုပြီး မေးခွန်းထုတ်ချင်သူ ထပ်ရှိလာ နိုင်ပါတယ်။ ဟုတ်ပါတယ်။ မှတ်ပုံတင်တွေ၊ နိုင်ငံသား စီစစ်ရေးကပ်တွေ တကယ်ကို မရှိပါဘူး။ ရှေ့မှာ တင်ပြခဲ့တဲ့ ID (identiny document) ကပ် တခုတည်းနဲ့ အတော်အလုပ်ဖြစ်တဲ့နိုင်ငံပါ။ တကယ်လို့ နိုင်ငံရပ်ခြားသွားမယ်ဆို ရင်တော့ အဲဒီ ID အပြင် နိုင်ငံကူးလက်မှတ် Passport တော့ ယူသွားဖို့လိုပါတယ်။
ကိုယ်ပိုင်နံပတ်ရှိရင် ရွေး-ကော် တောင် သြဇာမရှိလောက်ဘူး
‘’ဒါဆိုရင် ရွေးကောက်ပွဲကော်မရှင်က ဘာမှလုပ်စရာမလိုတော့ဘူးလား၊ မဲစာရင်းတွေကို ဘယ်သူတွေက စီစစ်ပေး သလဲ’’ ဆိုပြီး ထပ်မေးဦးမလို့လား။ တကယ်က စီစစ်စရာမလိုအောင်ကို စာရင်းတွေက မှန်ပြီးသားပါ။ အားလုံးကို ကွန်ပြူတာစနစ်နဲ့ ပုံစံသွင်းထားတော့ ဘယ်သူကမှ လာလိမ်ပြီး မဲထည့်လို့မရပါ။ ရွေး-ကော် ဆိုတာကိုလည်း ဒီနိုင် ငံမှာ မကြားဖူးပါ။ မြန်မာနိုင်ငံမှာတော့ ရွေး-ကော် ဟာ နိုင်ငံရေးပါတီတွေ၊ အစိုးရတွေထက်တောင် ပိုသြဇာရှိနေ သလိုလိုပါပဲ။
ဒီလို သြဇာကြီးနေတာဟာ သန်းခေါင်စာရင်းတွေ၊ မဲစာရင်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ ဘာမှရှင်းရှင်း လင်းလင်း မရှိ တာကြောင့်ဖြစ်ပုံရပါတယ်။ ဒီနိုင်ငံမှာတော့ လူတဦးချင်းစီရဲ့မှတ်တမ်းကို ကွန်ပြူတာ စင်စတန်ထဲမှာ ထည့်ထား လိုက်တော့ ID (identiny document) ပြလိုက်ရုံနဲ့ အဲဒီ ID ကိုင်သူရဲ့ ကိုယ်ရေးအချက်အလက်အားလုံး ကွန်ပြူတာထဲမှာ လာပေါ်နေပါတယ်။
တကယ်တာ့ အဲဒီ ID ကပ်ဆိုတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဓာတ်ပုံပါတဲ့ ယဉ်မောင်းလိုင်စင်တို့၊ ဘဏ် ကပ်တို့၊ အလုပ်သမားကပ်တို့ပါပဲ။ မြန်မာနိုင်ငံမှာလည်း ဒီလိုကပ်တွေရှိတာပဲ မဟုတ်ဘူးလားဆိုပြီး မေးခွန်းက ထပ် တက်လာနိုင်ပါသေးတယ်။ ဟုတ်ပါတယ်။ ကပ်ချင်းအသွင်သဏ္ဍန်တူပေမဲ့ အထဲမှာပါတဲ့ စင်စတန်က မတူဘူးလို့ ပြောရမယ်ထင်ပါတယ်။
ဒီက ID ထဲမှာပါတွေပါသလဲဆိုတော့ နော်ဝေးရောက်မြန်မာတွေရဲ့အခေါ်အတိုင်းဆိုရင် ကိုယ်ပိုင်နံပတ် ၁၁ လုံးပါ ပါတယ်။ အဲဒီ ၁၁ လုံးကို ဘယ်လိုသတ်မှတ်ထားသလဲဆိုတော့ ပထမ ဂဏန်း ၆ လုံးက ကိုယ့်ရဲ့ မွေးနေ့၊ လ နဲ့ နှစ်။ (ဥပမာ ကိုယ်က ၁ ရက်နေ့၊ ဇန်နာဝါရီလ၊ ၁၉၈၈ မှာမွေးတယ်ဆိုရင် ၀၁၀၁၈၈ ပေါ့)။ ကျန် ၅ လုံးကတော့ လ၀က ရုံး၊ မှတ်ပုံ တင်ရုံးတွေဆီ ကိုယ်စာရင်းသွားသွင်းတဲ့ အချိန်ပေါ်မူတည်ပြီး သက်ဆိုင်ရာက သတ်မှတ်ပေးလိုက်တဲ့ နံပတ် ၅ လုံး ဖြစ်ပါတယ်။ အဲဒီ ၁၁ လုံးနံပတ်ဟာ ဒီနိုင်ငံမှာ အတော်အရေးအကြီးပါတယ်။ တခြား ဖွံ့ဖြိုးပြီး အနောက်နိုင်ငံအတော်များများမှာလည်း ဒီစနစ်ကို ကျင့်သုံးတယ်လို့သိရပါတယ်။
ID ကိုကြည့်ပြီး ဒီ ၁၁ လုံးနံပတ်ကို ကွန်ပြူတာထဲ ရိုက်ထည့်လိုက်တာနဲ့ ကိုယ်ရဲ့လိပ်စာ၊ အလုပ်အကိုင်၊ ၀င်ငွေ လစာကအစ အားလုံးပေါ်လာပါလိမ့်မယ်။ ဒီစင်စတန်မျိုးကိုသာ မြန်မာနိုင်ငံမှာ လုပ်နိုင်မယ်ဆိုရင် မဲစာရင်းတွေ အခုလို ထပ်ကာထပ်ကာမှားနေစရာ အကြောင်းကိုမရှိပါ။ ရွေး-ကော် ကလည်း ဘာမှဝင်ပြီး သြဇာပါဝါ ပြနေစရာ အကြောင်းမရှိတော့ပါ။
‘’နော်ဝေးလို တိုးတက်ပြီးနိုင်ငံတွေမှာတော့ ကွန်ပြူတာစနစ်နဲ့ အဲလို လုပ်နိုင်မှာပေါ့။ မြန်မာနိုင်ငံမှာက လျှပ်စစ်မီးလဲ မရှိ၊ ကွန်ပြူတာစနစ်လည်းမရှိသေးပဲနဲ့ ဘယ်လိုလုပ်မှာလဲ’’ ဆိုပြီး ထပ်မေးဦးမလို့လား။ လျှပ်စစ်မီးရဖို့အတွက်က တော့ ရှေရှည်စီမံကိန်းတွေ၊ ရေအားလျှပ်စစ် စက်ရုံတွေကို နော်ဝေးနဲ့နိုင်ငံတကာ ဖက်က အကူညီပေးနေတဲ့ အတွက် မကြာခင်နှစ်ပိုင်းအတွင်း ဖြစ်လာနိုင်ပါတယ်။
ကွန်ပြူတာစင်စတန်ကတော့ အဲဒီလောက်အထိ ရေရှည်စောင့်နေစရာ မလိုဘူးလို့ထင်ပါတယ်။ နော်ဝေး၊ အီးယူနဲ့ ကုလသမဂ္ဂကပေးထားထားတဲ့ ကွန်ပြူတာစင်စတန်အကူအညီနဲ့ မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်ထားတာ ဘာကြာသေးလို့လဲ။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကမှ ထွက်လာတဲ့ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းသာရှိတယ်ဆိုတဲ့ သန်းခေါင်စာရင်းဟာ ဦးခင်ရီ တို့ဦးစီးတဲ့ လ၀က ဌာနကို နိုင်ငံတကာက အကူညီတွေဝိုင်းပေးပြီး လုပ်ထားတဲ့ စာ ရင်းပေါ့။ ကွန်ပြူတာစနစ်နဲ့ အသေအချာလုပ်ထားတဲ့၊ နိုင်ငံတကာက အသိမှတ်ပြုထားတဲ့ စာရင်းပေါ့။
ဒါပေမဲ့ ဒီလို ကွန်ပြူတာစနစ်နဲ့ အသေအချာလုပ်ထားတဲ့စာရင်းရှိပါရဲ့နဲ့ ဘာကြောင့် မဲစာရင်းတွေက ဒီလောက်မှား နေရတာလဲ၊ ၃၀ ရာခိုင်နှုန်းပဲ အာမခံနိုင်တယ်လို့ ကော်မရှင်ကပြောနေရတာလဲ။ ဒီကိစ္စအတွက်တော့ အသေအချာ မသိပါ။ သတင်းတွေထဲ ဖတ်မိသလောက်ဆိုရင်တော့ အခု ကော်မရှင်က ကိုးကားထုတ်ပြန်ထားတဲ့ မဲစာရင်းဆိုတာ တွေဟာ ရှေ့မှာတင်ပြခဲ့တဲ့ နိုင်ငံတကာအကူအညီနဲ့ ကွန်ပြူတာစနစ်နဲ့လုပ်ပေးထားတဲ့ သန်းခေါင်စာရင်းကို အခြေ ခံတာမဟုတ်ပဲ ထွေ-အုပ် ရုံးက လက်ရေးမူစာရင်းဟောင်းတွေကို ကိုးကားထုတ်ပြန်ထားတာလို့ သိရပါတယ်။
ဘာကြောင့် အဲဒီလိုလုပ်သလဲဆိုတာကိုတော့ ကော်မရှင်က ရှင်းပြခြင်းမရှိသေးပါဘူး။ ဘယ်နိုင်ငံရေးပါတီ၊ ဘယ်မဲ ဆန္ဒရှင်၊ ဘယ်စောင်ကြည့်လေ့လာရေးအဖွဲ့ကမှလည်း ဒီကိစ္စကို မေးခွန်းထုတ်တာ မကြားမိသေးပါဘူး။ မဲစာရင်းမှာ ကိုယ့်အမည်ပါ မပါ သွားမကြည့်မိတဲ့ အများပြည်သူပဲ အပြစ်ရှိသလိုလိုမျိုး ကော်မရှင်ဖက်က အပြစ်တင်ပြောဆိုသံ ကိုသာကြားနေရပါတယ်။
ဒါဟာ နော်ဝေးရွေးကောက်ပွဲက မဲစာရင်းထုတ်ပြန်တဲ့စနစ်နဲ့ မြန်မာရွေးကောက်ပွဲက မဲစရင်း ထုတ်ပြန်တဲ့ စနစ် ပြောင်းပြန်ဖြစ်နေလို့လား။ နော်ဝေးက ကွန်ပြူတာစင်စတန်ထဲက မှန်ကန်တဲ့ စာရင်းဇယားတွေကို အဓိကအား ထားပြီး မြန်မာက ကွန်ပြူတာစင်စတန်အစား ရွေး-ကော်နဲ့ ထွေ-အုပ် ကထွက်လာတဲ့ လက်ရေးမူကို အဓိက အား ထားနေမိလို့လား။ နော်ဝေးမှာကျင့်သုံးနေတဲ့ ၁၁ လုံးနံပတ် ID စနစ်မျိုးသာ မြန်မာနိုင်ငံမှာ ကျင့်သုံးမယ်ဆိုရင် ဒီမဲစာရင်း အမှားအယွင်းပြသာနာတွေ ပြေလည်သွားလေမလားလို့ စဉ်းစားနေမိပါတယ်။ ။
0 comments:
Post a Comment