Friday, October 2, 2015

ပြိုင်ဘက်လား၊ မဟာမိတ်လား၊

The Voice Daily, 02-10-2015။


ပါတီကြီး၊ ပါတီငယ်နဲ့ တသီးပုဂ္ဂလများ

ရွေးကောက်ပွဲကြီး နီးလာတာနဲ့အမျှ ပါတီအချင်းချင်း အားပြိုင်မှုတွေကို ပိုမြင်လာ၊ ပိုကြားလာနေရပါတယ်။ ဒါဟာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတိုင်းမှာတွေကြုံနေကြမို့ အထူးအဆန်းတော့မဟုတ်ပါ။ ဒါပေမဲ့ အခု ကြားနေရတဲ့ အားပြိုင်သံတွေက အဓိကပြိုင်ဖက် ဒီမိုကရေစီအင်အားစုနဲ့ စစ်အစိုးရလက်ကျန်အင်အားစုတွေကြား အားပြိုင်မှု သက်သက်မဟုတ်ပဲ ဒီမိုကရေစီအင်အားစုတွေ အချင်းချင်းကြားက အသံတွေဖြစ်နေတဲ့အတွက် နည်းနည်းတော့ ထူးနေပါတယ်။

ပြည်မ အခြေစိုက် ပါတီကြီးတွေနဲ့ ပါတီငယ်တွေကြားမှာဖြစ်စေ၊ ပြည်နယ်အခြေစိုက် တိုင်ရင်းသားပါတီတွေနဲ့ ပါတီ ကြီးတွေကြားမှာဖြစ်စေ၊ တသီးပုဂ္ဂလနဲ့ ပါတီကြီးတွေကြားမှာဖြစ်စေ ဒီလို အားပြိုင်မှုတွေကို လူသိရှင်ကြား ထုတ် ပြောလာတဲ့အခါ အချင်းချင်း မဲ ကွဲပြီး စစ်အစိုးရလက်ကျန်အုပ်စုတွေက အသာရသွားမလေမလားဆိုပြီး စိုးရိမ်သူ တွေလည်း ရှိလာနေပါတယ်။

ဒီမိုကရေစီလိုလားတဲ့အုပ်စုနဲ့ တိုင်းရင်းသားအုပ်စုတွေကြား ပြိုင်ကက်အဖြစ်သဘောမထားပဲ မဟာမိတ်အဖြစ် ဘောထားပြီး ပူးပေါင်းဆောင်ရွက်သင့်ကြောင်း စာရေးသူတင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမဲ့ တချို့ဒေသခံတွေ၊ တိုင်း ရင်းသားတွေကတော့ ဒီရွေးကောက်ပွဲကို အားလုံးလွတ်လပ်စွာဝင်ပြိုင်တဲ့ ပါတီစုံရွေးကောက်ပွဲတခုအဖြစ်မမြင် သေးပဲ စစ်အုပ်စုလက်ကျန်အတွေးအခေါ်ရှိသူတွေနဲ့ ဒီမိုကရေစီအုပ်စုကြား စီးချင်းထိုးတဲ့ပွဲတခုအဖြစ်သာ မြင်နေ ကြဆဲဖြစ်ပါတယ်။

ဆိုလိုတာက ဒီပွဲဟာ ဒီမိုကရေစီသဘောတရားအရ အားလုံးလွတ်လပ်စွာယှဉ်ပြိုင်ရေးဆိုတာထက် မပြီးပြတ်သေး တဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျရေးတိုက်ပွဲရဲ့အဆက် လူထုဆန္ဒထုတ်ဖေါ်ပွဲသာဖြစ်တယ်။ ဒါကြောင့် အာဏာရှင် ပြုတ်ကျရေးကို ဦးဆောင်နိုင်တဲ့ပါတီ၊ အစိုးရဖွဲ့နိုင်တဲ့ပါတီကိုသာမဲပေးပါ။ နောက်တဆင့်ကျမှ တိုင်းရင်းသားတွေ၊ ဒေသဆိုင်ရာ ပါတီတွေ၊ တသီးပုဂ္ဂလတွေ၊ ဒေသဖွံ ဖြိုးရေးလုပ်မဲ့ ပါတီတွေကိုစဉ်းစားပါဆိုတဲ့သဘောမျိုး သူတို့ ဆီမှာရှိနေတာကို တွေ့ရပါတယ်။


ထားဝယ်နယ်က ပါတီငယ်လေးများ 

ဒီအယူအဆနဲ့ပတ်သက်ပြီး ဗမာမျိုးနွယ်စုထဲမှာပါဝင်တဲ့၊ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ ပထမ ဆုံးအကြိမ်ဝင်ပြိုင်မဲ့ ထားဝယ်တိုင်းရင်းသားများပါတီရှိရာ တနသာင်္ရီတိုင်းက မတူတဲ့အမြင် ခုကို ဒီနေရာမှာ ကောက်နှုတ်တင်ပြ ချင်ပါတယ်။

‘’ထားဝယ်သား အာဏာရဖို့ထက်၊ တပြည်လုံး စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့ NLD ကို မဲပေးစို့’’ ဆိုတဲ့ ကြွေး ကြော်သံတခု ပြီးခဲ့တဲ့သီတင်းပတ်က ကျနော်ရဲ့ Facebook စာမျက်နှာပေါ်ရောက်လာပါတယ်။ ရေးတဲ့သူက လွန်ခဲ့ တဲ့ ၂၇ နှစ်က တောခိုခဲ့ပြီး အခု တတိယ နိုင်ငံတခုဆီရောက်နေတဲ့ ၈၈ မျိုးဆက် အဝေးရောက် ထားဝယ်သားတဦး ပါ။

သူရဲ့ Status ကို အတော်များများက Like လုပ်ထားတာ၊ ထောက်ခံကြောင်း Comment ရေးထားတာတွေ့ရပါ တယ်။ ဒါပေမဲ့ ထားဝယ်တိုင်းရင်းသားများပါတီ အဖွဲ့ဝင်ဖြစ်ပုံရတဲ့ လူငယ်တဦးရဲ့ တုန့်ပြန်ချက်ကတော့ နည်းနည်း ထူခြားနေတာကိုတွေ့ ရပါတယ်။

‘’ကျွန်တော် ဆွေးနွေးပါရစေ။ မဲပြားက သုံးပြားရှိပါတယ်။ အမျိုးသား၊ ပြည်သူနဲ့ တိုင်း လွှတ်တော်ပါ။ အဲဒီ မဲသုံးပြား မှာ အပေါ်ထပ် အဆောက်အဦပြင်ဖို့ ဘယ်မဲပြားတွေက အဓိကကျလဲ၊ ဒေသအဆင့်အတွက် ဘယ်မဲပြားက အဓိက ကျလဲ။ စဉ်းစားကြပါ။ တစ်ပြည်လုံးအရေးကြီးကြောင်းပြောပြီး တိုင်းရင်းသားတွေရဲ့ ပါဝင်မှုကို ဖယ်ထုတ်နေတာ မကောင်းပါဘူး။ မဲသုံးပြားကို ဗျူဟာကျကျပေးရင်း အားလုံးပူးတွဲပါနိုင်အောင် လုပ်လို့ရပါတယ်’’ တဲ့။ 

စာဖတ်သူတွေကော ဘယ်လိုမြင်ပါသလဲ။ ဆိုလိုတာက ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပါဝင် ဗဟိုအရစိုးရ ဖြစ်ရေးကို အဓိကထားတဲ့ NLD အနေနဲ့ ပြည့်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုသာ အဓိကထားပါ။ ကျန် ပြည်နယ်-တိုင်းဒေသကြီးတွေအတွက်တော့ တိုင်းရင်းသားပါတီတွေ၊ ဒေသဆိုင်ရာပါတီတွေ၊ တသီးပုဂ္ဂလတွေကို  ဦးစားပေးလိုက်ပါ ဆိုတဲ့သဘောလို့ ကျနော်နားလည်ပါတယ်။ 

ဒါ ဗမာတပိုင်းဖြစ်နေတဲ့၊ ဗမာမျိုးနွယ်စု ဆိုပြီးခံယူထားကြတဲ့ ထားဝယ်ဒေသက ကွဲပြားတဲ့အမြင် ဥပမာတခုပါ။ ရှမ်း၊ ကချင်၊ ကရင်၊ မွန် စသဖြင့် နှစ်ပေါင်းရာနဲ့ချီပြီး သီးခြားယဉ်ကျေးမှုနဲ့ ရပ်တည်ခဲ့တဲ့ တခြား တိုင်းရင်းသားတွေရဲ့ အမြင်ဆိုရင် ဒီထက်ပိုကွဲပြား နိုင်ပါတယ်။


တတောလုံးကိုလည်းကြည့်၊ တပင်ချင်းကိုလည်း မေ့မထားသင့်

လတ်တလော NLD ပါတီရဲ့ မဲဆွယ်မှု မူ အတိုင်းဆိုရင်တော့ အစိုးရမဖွဲ့နိုင်တဲ့ပါတီတွေ၊ တသီးပုဂ္ဂလတွေကို မဲပေး လို့ အပြောင်းအလဲ ဖြစ်လာမှာမဟုတ်ဘူး။ အချင်းချင်းကြား မဲကွဲပြီး စစ်အစိုးရပါတီဖက်က စားသွားလိမ့်ဆိုတဲ့ သဘောမျိုး ကြားနေရပါတယ်။ ပါတီခေါင်းဆောင်ပိုင်းက အဲဒီလိုပြောပြီးတဲ့နောက် သူတို့ကို ထောက်ခံသူတွေက ပါတီငယ်အမတ်လောင်းတွေ၊ တသီးပုဂ္ဂလအမတ်လောင်းတွကို ဝေဖန် ထိုးနှက်တဲ့အသံတွေ ပိုကျယ်လောင်လာ နေပါတယ်။

ရှေ့မှာတင်ပြခဲ့တဲ့ ထားဝယ်လူငယ်တဦးအဆိုပြုခဲ့သလို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက် NLD ကို မဲပေးပြီး ပြည်နယ်-တိုင်းဒေသကြီးလွှတ်တော်အတွက် ဒေသဆိုင်ရာပါတီတွေ၊ တိုင်းရင်းသားပါတီတွေ၊ တသီး ပုဂ္ဂလတွေကို မဲပေးမယ်ဆိုရင်ကော ဒီကိစ္စတစုံတရာပြေလည်သွားနိုင်မလား။ အချင်းချင်း ပြိုင်ဖက်မဟုတ်တော့ပဲ ရွေးကောက်ပွဲအလွန်မှာ ဒေသဆိုင်ရာကိစ္စအတွက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ မဟာမိတ်ဖြစ်လာနိုင်လေမလား။

ဒါက ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဒေသဆိုင်ရာယဉ်ကျေးမှုကိုအလေးထားတဲ့ ပါတီတွေအတွက် ပြောကြည့်တာပါ။ ဒါပေမဲ့ ဖက်ဒရယ်မူလိုမျိုးကိစ္စကိုပြောတော့မယ်ဆိုရင်တော့ ဒေသဆိုင်ရာအစိုးရ၊ ဒေသဆိုင်ရာလွှတ်တော်လောက်နဲ့ အလုပ်မဖြစ်တော့ပါ။ ဒီအတွက် ပြည့်သူ့လွှတ်တော်၊ အမျိုးသးလွှတ်တော်တွေအထိ တိုင်းရင်းသား ကိုယ်စားလှယ် တွေ ပါဖို့လိုလာပြန်ပါတယ်။ ဒီအတွက် တိုင်းရင်းသားပါတီတွေက ပြည်ထောင်စုလွှတ်တော် အတွက်ပါ ၀င်ပြိုင်နေ ကြတာဖြစ်ပါတယ်။

ပါတီကြီးတွေက တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုပါတယ်လို့ ဘယ်လိုပဲပြောပြော၊ တိုင်းရင်းသားတွေကို သူတို့ ပါတီရဲ့ လွှတ်တော်အမတ်လောင်းအဖြစ် ဘယ်လိုပဲထည့်ထားထည့်ထား၊ တကယ်တန်း တိုင်းရင်းသားအရေး၊ ကိုယ်ပိုင်ပြဌဏ်းခွင့်အရေး၊ ဖက်ဒရယ်အရေးဆွေးနွေးငြင်းခုန်ရတော့မယ်ဆိုရင် သူတို့အမတ်တွေက သူတို့ပါတီက ချမှတ်ထားတဲ့ မူဝါဒအတိုင်းလိုက်ရမှာမို့ တိုင်းရင်းသားအရေးကို တိုင်းရင်းသားပါတီတွေက အမတ်တွေလောက် အခိုင်အမာ ဦးစားပေးပြောဖို့ဆိုတာ မဖြစ်နိုင်ပါ။

ဒါဖြင့် တသီးပုဂ္ဂလအမတ်တွေကော ပြည်ထောင်စုအဆင့်မှာ မလိုပြန်ဘူးလား။ ဒါလဲ စဉ်းစားသင့်တဲ့ကိစ္စတခုပါ။ ပြီးခဲ့တဲ့ နှစ်တာကာလအတွင်း ရန်ကုန်တိုင်းလွှတ်တော်မှာ အများပြည်သူလိုလားတဲ့ ဥပဒေတွေတင်သွင်းခဲ့သူ တသီးပုဂ္ဂလအမတ် ဒေါ်ညိုညိုသင်းလို ပုဂ္ဂိုလ်တွေ ဆက်ပါသင့်တယ်လို့ ထင်မြင်နေသူ မနည်းလှပါ။

ခေါင်းပါဖို့မလိုဘူး၊ လက်ညှိုးထောင်ဖို့ပဲလိုတယ် ဆိုတဲ့လွှတ်တော်မျိုးသာ ဖြစ်ခဲ့ရင်တော့ ကျွန်တော်တို့မျှော်လင့် ထားတာတွေ၊ ပေးဆပ်ခဲ့ရတာတွေ အရာမထင်ဘူးလို့ပဲ ပြောရမယ်။ လွှတ်တော်ထဲမှာ အသံတသံတည်း သို့မဟုတ် နှစ်ပါတီရှိလို့ နှစ်သံထွက်မဲ့အစား ပြည်သူလူထုဘက်က ရပ်တည်ပေးမဲ့ ပုဂ္ဂိုလ်တွေနဲ့ အသံတွေမြိုင်မြိုင် ဆိုင်ဆိုင် တက်တက်ကြွကြွ ပါဝင်တဲ့လွှတ်တော်ကြီး ဖြစ်ဖို့လိုပါတယ်ဆိုပြီး ၈၈ မျိုးဆက် ခေါင်းဆောင်တဦးက ဒေါ်ညိုညို သင်းရဲ့ အောင်နိုင်ရေးရုံးခန်းဖွင့်ပွဲမှာ ပြောခဲ့တယ်လို့သိရပါတယ်။


ကော်မရှင်မှာကော ပြိုင်ဖက်တွေ၊ မဟာမိတ်တွေရှိနေသလား 

တဖက်မှာ ဒီလိုမေးခွန်းထုတ်စရာတွေရှိနေသလို တခြားတဖက်မှာလည်း ဒီထက်ကြီးမားတဲ့ မေးခွန်းထုတ်စရာတွေ ရှိနေပြန်ပါတယ်။ အဲဒါကတော့ ဒီပွဲမှာ ဒိုင်လူကြီးလုပ်မဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ သမာသမတ်ကျမှုပါပဲ။ ရှေ့မှာ တင်ပြခဲ့တဲ့ မဟာမိတ်တွေ၊ ပြိုင်ဖက်တွေ၊ အစိုးရဖွဲ့နိုင်တဲ့ပါတီတွေဆိုတာက ဒီရွေးကောက်ပွဲမှာ အနိုင်ရပြီးမှ၊ အနိုင် ရသူကို လက်ရှိဦးသိန်းစိန်အစိုးရက အာဏာလွှဲပေးပြီးမှ ဖြစ်လာမဲ့အရာတွေပါ။

အဲဒီလိုအနိုင်ရဖို့အတွက် လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့လိုပါတယ်။ ဒီအတွက်
ပါတီတွေအားလုံးပေါင်းပြီး ရွေးကောက်ပွဲကော်မရှင်ရဲ့လုပ်ရပ်တွေကို အသေချာစောင့်ကြည့်ဝေဖန်သင့်ပါတယ်။ အခုချိန်ထိတော့ မှတ်ပုံတင် ထားတဲ့ ပါတီ ၉၁ ခုစလုံးဟာ ဒီလို စောင့်ကြည့်ဝေဖန်တာ သိပ်မတွေ့ရပဲ ကိုယ့်ပါတီအောင်နိုင်ရေးတခုတည်းကိုပဲ အာရုံစိုက်လုပ်နေတာမျိုးသာ မြင်နေရပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ပြိုင်ဖက်လား၊ မဟာမိတ်လား ဆိုတာဟာ နိုင်ငံရေးပါတီအချင်းချင်းမှာတင် မေးခွန်းထုတ်သင့်တာမဟုတ်ပဲ ရွေးကောက်ပွဲကော်မရှင်မှာကော မဟာမိတ်တွေ၊ ပြိုင်ဖက်တွေ ရှိနေသလားဆိုပြီး သံသယ ၀င်စရာ၊ မေးခွန်းထုတ်စရာတွေရှိလာနေပါတယ်။ စစ်ဗိုလ်ချုပ်ဟောင်း၊ ကြံ့ခိုင်ရေးပါတီထိပ်တန်းခေါင်း ဆောင်ဟောင်း ကော်မရှင်ဥက္ကဌ ဦးတင်အေးက ကြားနေပြီး သမာသမတ်ကြစွာ ဒိုင်လူကြီးလုပ်ပေးပါ့မယ်လို့ ပြောထားပေမဲ့ ဒီပြောဆိုချက်အပေါ် မေးခွန်းထုတ်သူတွေ တိုးတိုးပြီးရှိလာနေပါတယ်။

ကုလသမဂ္ဂအကူအညီနဲ့ သန်းခေါင်စာရင်းကောက်ထားတာ မကြာသေးတဲ့နိုင်ငံတခုမှာ လူဦးရေစာရင်း အမျိုးမျိုး ဖြစ်နေတာ၊ သန်းခေါင်စာရင်းကိုအခြေမခံပဲ ထွေ-အုပ် စာရင်းကိုအခြေခံတယ်ဆိုပြီး ပြောဆိုနေတာ၊ မဲစာရင်း ၃၀ ရာခိုင်မှုန်းပဲ အာမခံနိုင်တယ်ဆိုတာ၊ စာရင်းတွေ ထပ်ကာထပ်ကာမှားနေတာတွေဟာ လုပ်ငန်းမကျွမ်းကျင်လို့ မတော်တဆမှားယွင်းမှု သက်သက်ဟုတ်ရဲ့လား။ တမင်တကာများ စာရင်းမှားတွေကို ထုတ်ပြန်နေတာလားဆိုပြီး ဝေန်ဖန်မှုတွေတိုးလာနေပါတယ်။

တခါ ဘာသာရေးအစွန်းရောက်တွေရဲ့ ဘာသာရေးနဲ့နိုင်ငံရေးရောထွေးအောင် လုပ်ဆောင်လာမှုတွေ၊ တိုက်ပွဲ ကြောင့် ပြည်နယ်တချို့က မြို့နယ်တွေမှာ ရွေးကောက်ပွဲမလုပ်တော့ဘူးဆိုတာတွေ၊ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ တသီးပုဂ္ဂလအမတ်တွေဝင်ပြိုင်မဲ့နေရာဆီ စစ်စခန်းရွှေပြီး တပ်ရင်းအလိုက် မဲ ပေးဖို့ပြင်နေတာတွေ၊ စသဖြင့် စသဖြင့် ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေအများကြီးရှိလာနေတယ်လို့ ဝေဖန်သူတွေ က ထောက်ပြနေပါတယ်။

ဒါကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ အချင်းချင်းအကြိတ်အနယ်ပြိုင်နေတာအပြင် ရွေး-ကော် ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက်တွေကို နေ့စဉ်မပြတ်စောင့်ကြည့်ဝေဖန် ထောက်ပြဖို့လိုနေပါတယ်။ 


တချိန်တည်းမှာပဲ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါဝင် နိုင်ငံတကာရွေးကောက်ပွဲ လေ့လာရေးအဖွဲ့တွေ၊ ပြည်တွင်း က ရွေးကောက်ပွဲလေ့လာရေးအဖွဲ့တွေအနေနဲ့လည်း ရွေးကောက်ပွဲကျင်းပတဲ့ နိုဝင်ဘာလ ရက်နေ့ တခုတည်း ကိုသာ စောင့်ကြည့်တာမျိုးမဟုတ်ပဲ အခု ကတည်းက ကော်မရှင်ရဲ့လုပ်ရပ်နဲ့ ရွေးကောက်ပွဲအကြိုကာလ အခြေ အနေအသေးစိပ်ကို အသေချာစောင့်ကြည့် ဝေဖန်ထောက်ပြဖို့လိုနေပြီဖြစ်ပါတယ်။         

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More