Wednesday, October 28, 2015

Blank Cheque ၊ သံယံဇာတ ကျိန်စာနှင့် ရွေးကောက်ပွဲအလွန် လားရာ

October 28, 2015, The Voice Daily.


ဦးသိန်းစိန်အစိုးရကို Blank Cheque ပေးမိလေသလား

မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် နော်ဝေနိုင်ငံက ဘယ်လိုကူညီဖေးမပေးနိုင်မလဲ ‘’How can Norway push for democratic reforms in Myanmar?’’ လို့ခေါင်းစဉ်ပေးထားတဲ့ ဆွေးနွေးပွဲတခု အောက်တို ဘာလ ၂၂ ရက်နေ့က နော်ဝေပါလီမန်မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ နိုဝင်ဘာ ရက်နေ့ ရွေးကောက်ပွဲ ကျင်းပဖို့နီးလာတာနဲ့အမျှ နော်ဝေအပါဝင် အနောက်နိုင်ငံတွေမှာ ဒီလိုဆွေးနွေးပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတာကို စာဖတ်ပရိတ်သတ် သတိထားမိမှာပါ။

Liberal Party နဲ့ နော်ဝေ-မြန်မာကော်မီတီ NBC တို့ ပူးတွဲစီစဉ်တဲ့ အဲဒီပွဲမှာ ပါတီ ဒုဥက္ကဌ Ola Elvestuen က အမှာစကားပြောပြီး နိုင်ငံခြားရေးဌာနမှ Tore Hattrem ဆိုရှယ်လစ်ပါတီမှ Bård Vegar Solhjell နော်ဝေး-မြန်မာကော်မီတီမှ Audun Aagre နိုင်ငံရေးတက်ကြွသူဘ၀ကနေ ပညာရှင်ဖြစ်လာသူ (University of California, Berkeley) မှ ကိုမင်းဇင်၊ မွန် လူ့အခွင့် အရေးအဖွဲ့မှ နိုင်ကဆော့မွန်၊၊ ပွင့်လင်းမြင်သာမှုအဖွဲ Transparency International မှ တာဝန်ရှိသူတွေက ဆွေး ဆွေးကြပါတယ်။

ပထမ ပိုင်းဆွေးနွေးသူ သုံးဦးထဲမှာ နိုင်ငံခြားရေးဌာနမှ Tore Hattrem က နော်ဝေးအစိုးရကနေ မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အတွက် အားသွန်ခွန်စိုက်ကူညီပေးနေကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေတိုးတက်လာရေးကိစ္စ၊ မကြာခင်ကျင်းပတော့မဲ့ ရွေးကောက်ပွဲကစ္စ တွေကို ကူညီပေးနေတယ်လို့ ပြောပါတယ်။

မကြာသေးခင်က နေပြည်တော်မှာကျင်းပတဲ့ NCA တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲဟာ သိပ် အရေးကြီးပြီး ငြိမ်းချမ်းရေးအတွက် ရှေ့တဆင့်တက်နိုင်ဖို့ ခြေလှမ်းဖြစ်တယ်လို့ သူကဆိုပါတယ်။ ရွေးကောက်ပွဲမှာ နိုင်ငံသားအားလုံး လွတ်လပ်စွာပါဝင်ခွင့်ရဖို့တောင်းဆိုကြောင်းနဲ့ နော်ဝေးက ရွေးကောက်ပွဲလေ့လာရေးအဖွဲ့လည်း မြန်မာနိုင်ငံဆီလာဖို့ရှိတယ်လို့ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါဝင် အတိုက်ခံတွေ၊ တိုင်းရင်းသားတွေ၊ အစိုးရဖက်က ပုဂ္ဂိုလ်တွေအားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီး အကူအညီပေးမှုတွေ လုပ်နေကြောင်း ပြောသွားပါတယ်။


ဒါပေမဲ့ ကိုမင်းဇင်နဲ့ Solhjell တို့ကတော့ နော်ဝေးအစိုးရရဲ့ အကူအညီပေးမှုကို မူအရလက်ခံပေမဲ့ အစိုးရဆီ တိုက် ရိုက်ပေးတာမျိုး၊ NGO အမည်ခံထားတဲ့ MPC (မြန်မာငြိမ်းချမ်းရေးစင်တာ) လိုအဖွဲ့တွေကိုပေး တာမျိုး မလုပ်ပဲ လူထုဆီ တိုက်ရိုက်ရောက်နိုင်တဲ့ နည်းလမ်းတွေ ရှာဖွေပေးကြဖို့ အကြံပြုပါတယ်။ အကူအညီပေးမှုနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေမှာ ကိုယ်ပိုင်လုပ်ငန်းစဉ်အတိအကျရှိဖို့လိုကြောင်း၊ ပထမ နှစ်မှာ ဘယ်အတိုင်းအတာအထိ တိုးတက်လာရမယ်၊ ပထမ အဆင့်အောင်ပြီးရင် ဒုတိယ အဆင့် ဘယ်လိုအကူအညီတွေ တိုးပေးမယ် စသဖြင့် တိကျတဲ့စံ သတ်မှတ်ချက်တွေရှိဖို့လိုကြောင်း၊ အဲဒီလို မရှိရင် မြန်မာအစိုးရနဲ့ အစိုးရလက်အောက်ခံ NGO အဖွဲ့ တွေရဲ့ လှည့်ဖျားခြင်း၊ လိုရာဆွဲခေါ်ခြင်းတွေကို ခံသွားရမှာဖြစ်တယ်လို့ ကိုမင်းဇင်ကပြောပါတယ်။

ဒါပေမဲ့ အခုချိန်ထိ မြင်နေနရသလောက်ကတော့ အဲဒီလို စံမှတ်ချက်အတိအကျမရှိပဲ ‘’ယုံလို့ ကြိုပြီး ပုံအပ်ထား တယ်’’ ဆိုတဲ့ပုံစံမျိုးနဲ့ ဦးသိန်းစိန်အစိုးရကို Blank Cheque ပေးထားသလိုဖြစ်နေကြောင်း ကိုမင်းဇင်နဲ့ Solhjell တို့က ခပ်ပြင်းပြင်းဝေ ဖန်ခဲ့ပါတယ်။

NCA နဲ့ သံယံဇာတ ကျိန်စာ

လောဘသားလူတစုလက်ကနေ အများပြည်သူအတွက် ရွှေနိုင်ငံတော်ဖြစ်လာအောင် ဘယ်လိုလုပ်မလဲ How can Myanmar become "The Golden Land" for the people (and not for a greedy few)? လို့ အမည်ပေးထား တဲ့ ဒုတိယ ပိုင်းဆွေးနွေးမှုကိုဦးဆောင်သူကတော့ မွန်လူ့အခွင့်အရေးဌာမှ နိုင်ကဆော့မွန်ဖြစ်ပါတယ်။ "The Golden Land” အဖြစ် လူသိများတဲ့၊ သံယံဇာတပေါကြွယ်ဝတဲ့ နေရာတွေကို ဘယ်သူတွေက ထိမ်းချုပ်ထားသလဲ၊ ရလာတဲ့ အကျိုးအမြတ်တွေကို ဘယ်သူတွေက ဘယ်လိုခွဲဝေသုံးစွဲနေသလဲဆိုပြီး သူက မေးခွန်းထုတ်ပါတယ်။


အကျိုးအမြတ်တွေကို အများပြည်သူဆီခွဲဝေမပေးပဲ စစ်ဗိုလ်တွေနဲ့သူတို့နဲ့ နီးစပ်တဲ့စီးပွါးရေးသမားတွေက သာ အကျိုးခံ စားနေပုံ၊ စစ်တိုင်းမှုးတွေ၊ ခရိုနီတွေ နိုင်ငံရေးမှာ အရေးပါလာပုံ၊ ပြည်တွင်းစစ် နှစ် ၅၀ ကျော် ကာလ အတွင်း စစ်ဘုရင်တွေ သူဌေးဖြစ်သွားပုံ၊ ဒီလိုအခြေအနေမျိုးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုထပ်ဝင် လာမယ်ဆိုရင် အဲဒီ စစ်ဘုရင်တွေနဲ့ ခေတ်ပျက်သူဌေးတွေကိုသာ အားပေးသလိုဆက်ဖြစ်သွားပြီး အများပြည်သူအတွက် အကျိုးနည်း တဲ့အပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကိုလည်း အထောက်အကူဖြစ်စေဖို့ မလွယ်လှဘူးလို့ပြောပါတယ်။

စစ်အစိုးရသြဇာအကြီးမားဆုံးအချိန် ၁၉၉၆ ၀န်းကျင်က မွန်ပြည်နယ်နဲ့ တနသာင်္ရီတိုင်းနယ်စပ် ကံပေါက်ဒေသ ကမ်းလွန်ပင်ဘယ်ပြင်ဆီ ၀င်လာတဲ့ ရတနာသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း အကြောင်းကို ဥပမာပေးပြီး အခု ရခိုင် ကမ်းလွန်ဆီဝင်လာတဲ့ တရုတ်ရဲ့ပိုက်လိုင်းအကြောင်း၊ တခါ နော်ဝေးရဲ့ Stat-Oil ကလည်း မြန်မာနိုင်ငံဆီ ၀င်လာဖို့ ပြင်နေပြန်ကြောင်း၊ ထိုင်းကုပ္ဗဏီတွေကလည်း အပစ်ခတ်ရပ်စဲရေးလုပ်ကာစ တိုင်းရင်းသားဒေသတွေဆီ ကျောက်မီးသွေးအပါဝင် တခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနေကြောင်း သူကထောက်ပြပါတယ်။


ဒီလို နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုဝင်လာတာဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကောင်းတဲ့အလား အလာလို့ မူ အရဆိုနိင်ပေမဲ့ လက်တွေ့မှာတော့ အပစ်ရပ်အဖွဲ့နဲ့ အပစ်မရပ်အဖွဲ့တွေကြား ပြသာနာ တက်လာနိုင်ကြောင်း၊ အခု တောင် NCA မှာ လက်မှတ်ထိုးဖို့ ငြင်းဆိုခဲ့တဲ့၊ ရခိုင်-တရုတ် ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိနေတဲ့ ရှမ်း-မြောက် အဖွဲ့ SSPP ကို တပ်မတော်က အကြီးအကျယ်ထိုးစစ်ဆင် နေကြောင်း၊ မွန်ပြည်သစ်အပါဝင် NCA မှာ လက်မှတ်မထိုးတဲ့ အခြားအဖွဲ့တွေကိုပါ အဲဒီလိုထိုးစစ်ဆင်လာ ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံတကာရဲ့ (MPC) မြန်မာငြိမ်းချမ်းရေး စင်တာအပေါ် အကူညီပေးမှုတွေဟာ Backfire ဖြစ်ပြီး အများပြည်သူအပေါ် စစ်အစိုးရတင်မက နိုင်ငံတကာကပါ ဒုက္ခလာပေးသလို ဖြစ်သွားနိုင်ကြောင်း နိုင်ကဆော့မွန်က ဝေဖန်ထောက်ပြခဲ့ပါတယ်။

ရွေးကောက်ပွဲအလွန် လားရာ

နိုဝင်ဘာလ ရက်နေ့ရွေးကောက်ပွဲအပေါ် နိုင်ငံတကာအစိုးရတွေဖက်က အကောင်းမြင်နေပေမဲ့ မြန်မာတွေကြား မှာတော့ စိုးရိမ်မှုတွေများစွာရှိနေတယ်လို့ ကိုမင်းဇင်ကပြောပါတယ်။ နိုင်ငံတကာ အစိုးရတွေ၊ အကူအညီပေးရေး အဖွဲ့တွေဟာ မြန်မာနိုင်ငံတွင်းက သူတို့လုပ်ငန်းစဉ်တွေအဆင်ပြေမပြေ၊ မြန်မာအစိုးရနဲ့ သူတို့အဖွဲ့တွေကြား ဆက် ဆံရေး အဆင်ပြေမပြေကိုသာ အဓိကဦးတည်ကြည့်ရှုနေပြီး နိုင်ငံသားအများစုကြီးရဲ့ အခြေအနေ၊ စိတ်ခံစားချက် တွေကို အသေအချာလေ့လာဖို့ မေ့လျော့နေကြတယ်လို့ ထောက်ပြပါတယ်။


ဥပမာအားဖြင့် တနေ့ကမှ မြန်မာနိုင်ငံခရီးစဉ်ကနေပြန်လာတဲ့ အမေရိကန်အဆင့်မြင့်အရာရှိတဦးဆိုရင် ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ အခြားအချက်အလက်အတော်များများကိုထောက်ပြဝေဖန်ခဲ့ပေမဲ့ မြန်မာ အများစုအကြား အငြင်းပွါးနေတဲ့ မဲစာရင်း Voter Lists ကိစ္စကိုတခွန်းမှ ထည့်မပြောခဲ့တာဟာ နိုင်ငံတကာအစိုးရတွေနဲ့ မဲဆန္ဒရှင် ပြည်သူတွေကြား Focus လုပ်မှု အဓိကကွာဟာချက်ဖြစ်တယ်၊ တနည်းအားဖြင့် အမေရိကန်နဲ့ အီးယူတို့ဟာ မြန်မာအစိုးရအပေါ် သူတို့ရဲ့သြဇာပိုကြီးလာတယ်လို့ ထင်နေပေမဲ့ မြန်မာပြည်သူတွေကတော့ အမေရိကန်နဲ့ အီးယူကလည်း မြန်မာအစိုးရရဲ့ လှည့်ကွက်ထဲ ခံလိုက်ရပြန်ပြီဆိုပြီး မြင်လာနေကြတယ်လို့ သူက ထောက်ပြပါ တယ်။
အမေရိကန်၊ ဂျပန်၊ စကာင်္ပူအပါဝင် မြန်မာသံရုံးတွေမှာကြုံတွေ့နေရတဲ့ ကြိတင်မဲပေးမှု အမှားအယွင်းတွေ၊ ကော် မရှင်ဥက္ကဌကိုယ်တိုင်က မဲစာရင်း ၃၀ ရာခိုင်နှုန်းပဲ အာမခံနိုင်မယ်ဆိုတာတွေဟာ မဲပေးခွင့်ရှိသူ သန်း ၃၀ ကျော်ထဲ က ၁၀ သန်းလောက်ရတဲ့မဲနဲ့ပဲ တိုင်းပြည်အနာဂတ်ကိုဆုံးဖြတ်မယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်၊ တခါ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလက အစိုးရနဲ့ အတိုက်ခံတို့ကြား အသေအချာကြိုတင်ညှိနှိုင်းမှု ရှိခဲ့ပေမဲ့ အခု ၂၀၁၅ မှာ ဒါမျိုးညှိနှိုင်းတာ ဘာကြောင့်မလုပ်ကြတာလဲဆိုပြီး သူက မေးခွန်းထုတ်ပါတယ်။

လက်ရှိဦးသိန်းစိန်အစိုးရဟာ ၂၀၁၂ ခုနှစ်ဝန်းကျင်က အများရဲ့ယုံကြည်မှုကိုတစုံတရာရခဲ့ပေမဲ့ အခုနောက်ပိုင်း ဖြေးဖြေးကျလာနေကြောင်း၊ Facebook မှာ ဓာတ်ပုံ Share တဲ့ သာမန်ပြည်သူတွေကို ဖမ်းဆီးထောင်ချနေသလို  ကြံ့ခိုင်ရေးဥက္ကဌလို အဆင့်မြင့်နေရာတွကိုလည်း အာဏာသိမ်းဖြုတ်ချတဲ့အထိ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာနေ ကြောင်း၊ ဒီလိုအချိန်မှာ အများပြည်သူက ချစ်ခင်လို့ ရွေးချယ်တဲ့ ရွေးကောက်ပွဲကနေ သူတို့အစိုးရ တရားဝင်မှုကိုရ ဖို့သိပ် မသေချာတော့ကြောင်း သူက ထောက်ပြပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲနည်းအပြင် တခြားနည်းတွေကိုလဲအစိုးရဖက်က ရှာကြံလာကြောင်း၊ အဲဒီထဲမှာ တလောက လက်မှတ်ထိုးလိုက်တဲ့ NCA (တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်စာချုပ်) နဲ့ မဘသ (အမျိုး ဘာသာစောင့် ရှာက်ရေးအသင်း) လို အမျိုးသားရေးဝါဒီတွေဆီက အသိမှတ်ပြုမှုမျိုး၊ ဦးသိန်းစိန် အစိုးရကို Blank Cheque ပေး ထာမိတဲ့ နိုင်ငံတကာအစိုးရတွေဖက်က အသိအမှတ်ပြုမှုမျိုးဟာ ရွေးကောက်ပွဲမဟုတ်တဲ့ တခြားနည်းနဲ့ရနိုင်တဲ့ တရားဝင်မှုမျိုး ဖြစ်လာနိုင်တယ်လို့  သူက ဆိုပါတယ်။
လက်ရှိတပ်မတော်ဟာ နိုင်ငံရေးအရ ပါလီမန်ထဲမှာ ၂၅ ရာခိုင်နှုန်းယူထားတဲ့အပြင် စစ်အင်အားနဲ့ စစ်ပစ္စည်းအရ လည်း ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကထက် တောင် သြဇာ ပိုကြီးလာနေကြောင်း၊ စစ်တပ်ကိုအဓိကနေရာမှာ ထားပြီး ခရိုနီစီးပွါးရေးကတဖက်၊ မဘသ လို အမျိုးဘာသာအစွန်းရောက်တွေ ကတဖက်နဲ့ တြိဂံပုံစံ Iron Triangle အာဏာစနစ်နဲ့ နောက်ထပ် ဆယ်စုနှစ် တခုစာ ဆက်သွားနိုင်ဖို့ လက်ရှိအစိုးရနဲ့ စစ်တပ်ဖက်က ကြိုးစားနေတဲ့ အထောက်အထားတွေ သူတွေ့ရှိထားတယ်လို့ ကိုမင်းဇင်ကပြောပါတယ်။

တခါ NCA ကိစ္စမှာလည်း နိုင်ငံရေးအရပြေလည်အောင် အဖြေရှာရေးထက် ရွေးကောက်ပွဲမှာရှုံးနိုမ့်မှုကို ပြန်လည် အဖတ်ဆယ်နိုင်အောင် တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အားကိုလိုချင်တာက ပိုများနေတဲ့ သဘောမျိုးတွေ့နေရ ကြောင်း၊ အနှစ်သာရအားဖြင့်ဆိုရင် အရင် ၁၉၉၀ ၀န်းကျင်က ဗိုလ်ချုပ်ခင်ညွန်တို့ လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဗျုဟာနဲ့ ဒီနေ့ဗျုဟာ ဘာမှမကွာကြောင်း၊ အရင် မဟာဗျုဟာလေ့လာရေးဌာနက စစ်ယူနီဖောင်းဝတ်နေသူတွေနေရာမှာ အခု အရပ်ဝတ် MPC က၀င်လာပြီး အရင် ဘိန်းနဲ့ရတဲ့ ဘတ်ဂျက်နေရာမှာ အခု နိုင်ငံတကာအလှူငွေတွေနဲ့ အစား ထိုးလိုက်ခြင်းသာ ကွာတယ်လို့ ကိုမင်းဇင်ကထောင်ပြပါတယ်။


ဒါကြောင့် စေတနာမမှန်တဲ့ လက်ရှိအစိုးရနဲ့ တပ်မတော်ကို ပြုပြင်ရေးသမားအစစ်အမှန်တွေဖြစ်တယ်လို့ ထင်ပြီး Blank Cheque ထပ်ပေးမိတာမျိုးမဖြစ်အောင် နိုင်ငံတကာအစိုးရတွေဖက်က ဆင်ခြင်ဖို့ လိုကြောင်း၊ ပြည်တွင်း- ပြည်ပရှိ မြန်မာတွေကလည်း လက်ရှိအစိုးရရဲ့ ဟန်ဆောင်မှုတွေကို အသေ အချာထောက်ပြပြီး စစ်မှန်တဲ့အပြောင်း အလဲတကယ်ဖြစ်လာအောင် ၀ိုင်းကြိုးစားဖို့ လိုအပ်ကြောင်း၊ နိုဝင်ဘာ ရက်နေ့ရွေးကောက်ပွဲမှာသာ ဒီမိုကရေစီ အင်အားစုတွေဖက်က အနိုင်မရဘူးဆိုရင် စစ်တပ်ဗဟိုပြုဝါဒီနဲ့ ဘာသာရေးအစွန်းရောက် အမျိုးသားရေးဝါဒီတွေရဲ့ ဖိနှိပ်မှုကို ပြန်လည်တွန်းလှန်နိုင်ဖို့ အတော့်ကိုခက်ခဲသွားနိုင်တယ်လို့ ကိုမင်းဇင်က ထောက်ပြခဲ့ပါတယ်။          

(ပထမ ပုံမှအပ ကျန်ဓာတ်ပုံများအားလုံးကို ကိုညိုရဲ့ Ko Nyo's Facebook မှ ကူးယူဖေါ်ပြထားပါကြောင်း)။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More