Tuesday, October 13, 2015

ဗုဒ္ဓဘာသာက ဒီမိုကရေစီကို ထောက်ခံသလား

The Voice Daily, 13-10-2015.

အော်စလိုမြို့က ဆွေးနွေးပွဲ

‘ဗုဒ္ဓဘာသာက ဒီမိုကရေစီကို ထောက်ခံသလား၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ဗုဒ္ဓဘာသာရဲ့ အခန်းကဏ္ဍ’ Does Buddhism Support Democracy? The Role of Buddhism in the 2015 Myanmar Elections လို့ အမည်ပေးထားတဲ့ ဆွေးနွေးပွဲတစ်ခု အောက်တိုဘာလ ၇ ရက်နေ့ သို့မဟုတ် ရွေးကောက်ပွဲကျင်းပဖို့ တစ်လအလိုနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပခဲ့ပါတယ်။

ဥရောပတိုက် မြောက်ဖျားက နော်ဝေနိုင်ငံနဲ့ အရှေတောင်အာရှဒေသက မြန်မာနိုင်ငံဟာ မိုင်ပေါင်း ၅၀၀၀ ကျော် ကွာဝေးပေမယ့် နော်ဝေရဲ့ သင်္ကေတ နိုဘယ်လ်ဆုနဲ့ တယ်လီနော ကုမ္ပဏီ အကြောင်းကိုတော့ မြန်မာတွေကြား လူသိများပါတယ်။

ဒါ့အပြင် သမ္မတဦးသိန်းစိန်၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ ခေါင်းဆောင် မင်းကိုနိုင် အပါအဝင် နိုင်ငံရေးလောကမှ ထင်ရှားသူ အတော်များများ နော်ဝေနိုင်ငံဆီ လာရောက်လည်ပတ်ပြီး ဖြစ်တဲ့အတွက် နော်ဝေဟာ မြန်မာစာဖတ်ပရိသတ်တွေ အတွက် သိပ်မစိမ်းပါ။

အော်စလို သုတေသနအဖွဲ့ Peace Research Institute Oslo (PRIO) က ဒီပွဲကို ဦးဆောင်ကျင်းပတာ ဖြစ်ပြီး နိုင်ငံတကာ သုတေသန ပညာရှင်တွေက ဆွေးနွေးကြတာ ဖြစ်ပါတယ်။ အဖွင့်စကားပြောတဲ့ (PRIO) မှ Dr. Iselin Frydenlund က ဗုဒ္ဓဘာသာသာ ထွန်းကားတဲ့ အာရှဒေသက နိုင်ငံခုနစ်ခုမှာ မြန်မာက စစ်အာဏာရှင်စနစ် အောက်ကနေ ရုန်းထွက်ဖို့ ကြိုးစားနေရဆဲ၊ ထိုင်းက စစ်တပ်က အာဏာသိမ်းထားဆဲ၊ ကမ္ဘောဒီးယားကလည်း ဒီမိုကရေစီကို မရောက်သေး၊ သီရိလင်္ကာကလည်း ရုန်းကန်နေရဆဲလို့ ပြောပါတယ်။

ပြီးတော့ ဒီနေ့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ သီရိလင်္ကာက ဘုန်းတော်ကြီးတွေလိုမျိုး နိုင်ငံရေးထဲ ပါဝင်ဖို့ ခြေလှမ်းပြင်နေသလားဆိုပြီး မေးခွန်းထုတ်သွားပါတယ်။

လောကီနှင့် လောကုတ္တရာကြားက ပုထုဇဉ်တွေ

ဒီပါဠိစကားလုံးတွေကို ပြောသွားသူကတော့ Oxford တက္ကသိုလ်မှာ အရှေ့တောင်အာရှဒေသရဲ့ ဘာသာရေးနှင့် နိုင်ငံရေး ဆက်စပ်ပုံကို သုတေသန လုပ်နေသူ Dr. Matthew J. Walton ဖြစ်ပါတယ်။ သူဆွေးနွေးတဲ့ ခေါင်းစဉ်က Buddhist Influences on Burmese Political Thinking၊ မြန်မာ့နိုင်ငံရေး အတွေးအခေါ်အပေါ် ဗုဒ္ဓဘာသာရဲ့ သြဇာသက်ရောက်မှု’ ဖြစ်ပါတယ်။


နေ့စဉ်ဘဝ စားဝတ်နေရေး၊ နိုင်ငံရေးတွေနဲ့ လုံးထွေးနေရတဲ့ လောကီနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ နိဗ္ဗာန်ရောက်ကြောင်း နှလုံးသွင်းရမယ့် လောကုတ္တရာကျင့်စဉ် အကြောင်းကို ပြောပြီး ဒီနှစ်ခုအကြား ဘယ်လို ဆက်စပ်မှု ရှိသလဲ၊ ဒီနှစ်ခု ရောထွေးခြင်းကနေ နိုင်ငံရေးနဲ့ ဘာသာရေး ရောထွေးခြင်း ဖြစ်လာတဲ့ သဘောမျိုး သူက ထောက်ပြပါတယ်။ တစ်ခါ ဗုဒ္ဓဘာသာမှာ စေတနာတွေ၊ ပရဟိတတွေ ဆိုတာလည်း ရှိနေပြန်တော့ လူမှုရေး၊ နိုင်ငံရေးနဲ့ကင်းဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။

သံဃာတော်တွေနဲ့ နိုင်ငံရေးအကြောင်း ပြောတဲ့အခါမှာတော့ ပုံမှန်အားဖြင့်ဆိုရင် သံဃာတော်တွေရဲ့ တာဝန်ဟာ လူတွေရဲ့ နေ့စဉ်ဘဝ ဒုက္ခဆင်းရဲကနေ လွတ်မြောက်ပြီး နိဗ္ဗာန်ရောက်ရေးအတွက် တရားဘာဝနာ ပြသရမှာ ဖြစ်ပေမယ့် အခုချိန်မှာတော့ အမျိုးဘာသာ ကာကွယ်ရေး အတွက်လည်း သံဃာတော်တွေမှာ တာဝန်ရှိတယ်လို့ ပြောဆို၊ ဆောင်ရွက်လာတဲ့အထိ ဖြစ်လာနေကြောင်း ထောက်ပြပါတယ်။

အနှစ်ချုပ်အားဖြင့်ကတော့ ရာစုနှစ်နဲ့ချီပြီး ဘုန်းကြီးကျောင်းတွေရဲ့ သင်ကြားပို့ချမှု၊ ဗုဒ္ဓစာပေရဲ့ သြဇာကြီးမားမှု၊ လူတွေရဲ့ နေစဉ်ဘဝကို သံဃာတော်တွေက ဆုံးမသြဝဒါ ပေးနေမှုတွေကြောင့် မြန်မာနိုင်ငံရေး အတွေးအခေါ်အပေါ် ဗုဒ္ဓဘာသာရဲ့ သြဇာသက်ရောက်မှုက ဆက်ရှိနေဦးမှာ ဖြစ်တယ်လို့ သူက ကောက်ချက်ဆွဲထားပါတယ်။

ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများ သို့မဟုတ် တတိယအင်အားစု

မြန်မာနိုင်ငံကနေ လာရောက်ဆွေးနွေးတဲ့ ဦးအောင်ထွန်းကတော့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေ အကြောင်း The Rise of Buddhist Nationalism and the Myanmar Election 2015 ဆိုတဲ့ ခေါင်းစဉ်ကို တင်ပြပါတယ်။ ရန်ကုန်မှာ တရားဝင် ထုတ်နေတဲ့ ‘အောင်ဇေယျတု’ ဆိုတဲ့ ဂျာနယ်ထဲက သစ္စာအဓိဋ္ဌာန်တွေကို ဖတ်ပြတဲ့ အခါမှာတော့ ဗုဒ္ဓဘာသာနဲ့ နိုင်ငံရေး အတော့်ကို ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေတာကို မြင်လိုက်ရပါတယ်။


‘ငါတို့သည် ဗုဒ္ဓဘာသာဖြစ်သည်’
‘ငါတို့နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်’
‘ငါတို့ လူမျိုးသည် ဗုဒ္ဓဘာသာလူမျိုး ဖြစ်သည်’
‘ထို့ကြောင့် ငါတို့အသည်းကြားက ‘မဲ’ တစ်ပြားသည် ငါတို့ ဗုဒ္ဓသာသနာတော်ကြီးနှင့် ငါတို့နိုင်ငံ ငါတို့လူမျိုး အတွက်သာ ဖြစ်စေရမည်’ လို့ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ အတိအလင်း ရေးထားတာ တွေ့လိုက်ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း အတွင်းကမှ ရန်ကုန် သုဝဏ္ဏကွင်းမှာ ကျင်းပခဲ့တဲ့ မျိုးစောင့်ဥပဒေ အောင်ပွဲခံခြင်း အခမ်းအနားဆီ ပရိသတ် သိန်းနဲ့ချီ တက်ရောက်ခဲ့တာ၊ တစ်နိုင်ငံလုံးဆီ ရုပ်-သံက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတုန်းက စစ်အစိုးရကို ဆန့်ကျင်ခဲ့တဲ့ သံဃာတော်တွေဟာ ဒီနေ့ ၂၀၁၅ မှာတော့ NLD ဆန့်ကျင်ရေး ဖြစ်လာနေတာ၊ NLD ပါတီက ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စည်းရုံးရေး ဆင်းနေစဉ်မှာ မဘသ ဦးဆောင်တဲ့ အဖွဲ့တွေက မျိုးစောင့်ဥပဒေ အောင်ပွဲခံအခမ်းအနားတွေ အချိန်ကိုက် ကျင်းပနေတာတွေကို ထောက်ပြပါတယ်။

တစ်ခါ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်းတွေကို မေးခွန်းခြောက်ခု မေးဖို့၊ အဲဒီမေးခွန်းကို သူတို့အကြိုက် ဖြေနိုင်တဲ့ အမတ်လောင်းကိုမှ မဲပေးဖို့ မ.ဘ.သ က လုပ်နေတာတွေကိုလည်း သူက ထောက်ပြပါတယ်။ အမတ်လောင်းဟာ ဗုဒ္ဓဘာသာဝင် ဖြစ်ပါသလား၊ မျိုးစောင့်ဥပဒေကို ထောက်ခံပါသလား၊ မျိုးစောင့်ဥပဒေကို ကာကွယ်စောင့်ရှောက်နိုင်ပါသလား၊ (ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားတဲ့) ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို မပြင်ဖို့ သဘောတူသလား၊ (ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် ပိတ်ပင်ထားတဲ့) ပုဒ်မ ၅၉ (စ) ကို မပြင်ဖို့ သဘောတူသလားနဲ့ အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ပါ့မယ်လို့ ကတိပေးနိုင်သလား ဆိုတာတွေ ဖြစ်ပါတယ်။


ဒါကြောင့် အခု ၂၀၁၅ ရွေးကောက်ပွဲဟာ စစ်အုပ်စု လက်ကျန်အဖွဲ့တွေနဲ့ ဒီမိုကရေစီ အင်အားစုတွေကြား အားပြိုင်မှုသက်သက် မဟုတ်တော့ပဲ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေရဲ့ အခန်းကဏ္ဍကလည်း တတိယ အင်အားစုတစ်ခုအဖြစ် အရေးပါလာနေကြောင်း၊ အခြေအနေဟာ အရင်လို အဖြူနဲ့အမည်း နှစ်ခုတည်းရှိတာ မဟုတ်တော့ပဲ ရှုပ်ရှုပ်ထွေးထွေး ဖြစ်လာနေကြောင်း သူကထောက်ပြခဲ့ပါတယ်။

ဒီကိစ္စဟာ ရွေးကောက်ပွဲအကြိုကာလ မြို့ပြဒေသက မဲဆန္ဒရှင်တွေအတွက် သိပ်အရေးမကြီးဘူးလို့ ထင်ရပေမယ့် ကျေးလက်ဒေသ သို့မဟုတ် မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်း နေထိုင်တဲ့ ဒေသက မဲတွေကို အပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့အတွက် အလေးထား စဉ်းစားသင့်ကြောင်း၊ ဒါကို ဘယ်သူတွေက ဘယ်လိုတားဆီးနိုင်မလဲ၊ ရွေးကောက်ပွဲ အလွန်ကာလမှာကော ဒါတွေဆက်ဖြစ်နေဦးမလား ဆိုပြီး သူက မေးခွန်းထုတ်သွားပါတယ်။

ကမ္ဘာကြီးသည် ကျောင်းမှာလုံး၍ အိမ်မှာပြားဆဲ

အပေါ်က ဆွေးနွေးချက်တွေအပေါ် စာဖတ်သူတွေကော ဘယ်လိုမြင်ပါသလဲ။ မြန်မာနိုင်ငံတွင်းမှာ ဒီလိုလွတ်လပ်တဲ့ နိုင်ငံတကာပညာရှင်တွေရဲ့ ဆွေးနွေးပွဲ လုပ်ခွင့်ရနိုင်ပါသလား။ ပြည်ပကနေ ပြည်တွင်းကိုမြင်တဲ့ အမြင်နဲ့ ပြည်တွင်းကနေ ပြည်ပကို မြင်တဲ့အမြင် မတူကြဘူးလား။ ၂၁ ရာစု ကမ္ဘာ့ရွာခေတ်မှာ နိုင်ငံတကာနဲ့ ဟန်ချက်ညီ မသွားဘဲ ကိုယ့်ပြည်တွင်းမှာ ကိုယ့်အမျိုးဘာသာ ထွန်းကားရေး လုပ်နေရုံနဲ့ ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်ခုကို တည်ဆောက်နိုင်မယ် ထင်ပါသလား။

စာရေးသူ ကျောင်းသားဘဝက ဖတ်ခဲ့ဖူးတဲ့ ကာတွန်းတစ်ကွက်ကို သွားသတိရမိပါတယ်။ ကာတွန်းထဲမှာ ကလေးငယ်တစ်ဦးက “ကမ္ဘာကြီးသည် လုံးဝန်းသော သဏ္ဌာန်ရှိ၍ မိမိဝင်ရိုးပေါ် လည်နေသည်” ဆိုပြီး စာအော်ဖတ်နေပါတယ်။ အဲဒါကို သူ့အမေက လက်မခံဘဲ “ဘာတွေအော်နေတာလဲ၊ ကမ္ဘာကြီးလုံးရင် နင်ပြုတ်ကျသွားမှာပေါ့” လို့ ဆူငေါက်လိုက်ပါတယ်။ ကျောင်းစာအုပ်ကိုပြပြီး ကလေးငယ်က ရှင်းပြပေမယ့် သူ့အမေက ဘယ်လိုမှ လက်မခံပါ။ ဒီလိုနဲ့ နောက်ဆုံးတော့ “ကမ္ဘာကြီးသည် ကျောင်းမှာလုံး၍ အိမ်မှာပြားသည်” ဆိုပြီး ကလေးငယ်က ရွတ်ဆိုလိုက်ပါတော့တယ်။

ဆိုလိုတာက ကမ္ဘာ့အမြင်နဲ့ မြန်မာ့အမြင်ဟာ တစ်ခါတစ်ခါ အတော်လွဲနေတတ်ပါတယ်။ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုတာဟာ ဥရောပမှာ လွန်ခဲ့တဲ့ နှစ် ၂၀၀ ဝန်းကျင်၊ ၁၈ ရာစုလောက်က ထွန်းကားခဲ့တာပါ။ အဲဒီခေတ်က ခရစ်ယာန် ဘုရားကျောင်းတွေ သြဇာကြီးတာ အခုမြန်မာနိုင်ငံက မ.ဘ.သ ထက် ဆိုးတာပေါ့။ ဒါပေမဲ့ ဘုရားကျောင်း အုပ်ချုပ်ရေးနဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဥရောပမှာ ဆန့်ကျင်တော်လှန်ခဲ့တာ နှစ် ၂၀၀ ကျော်ခဲ့ပြီလေ။ ဘာကြောင့် မြန်မာနိုင်ငံမှာ အခုမှ ဘုရားကျောင်း အုပ်ချုပ်ရေးခေတ် သို့မဟုတ် အမျိုးဘာသာ သာသနာကို ရှေ့တန်းတင်တဲ့ခေတ် ရောက်လာရတာလဲဆိုတာ အနောက်တိုင်းသားတွေ နားလည်ဖို့ မလွယ်ပါ။

သေနတ်နဲ့ တေ့ထားတဲ့ စစ်အုပ်ချုပ်ရေးစနစ် နည်းနည်းလေး လျှော့ပေးလိုက်ချိန်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးက ရှေ့ကိုတက်မလာဘဲ လူ့အခွင့်အရေးကို ထိန်းချုပ်တဲ့ အမျိုးဘာသာ စောင့်ရှောက်ရေး ဥပဒေတွေ ရှေ့တန်းတက်လာတာ ကျွန်တော်တို့ ဘာများမှားယွင်းခဲ့လို့လဲ။ အမျိုးဘာသာကို ရှေ့တန်းတင်တဲ့ နိုင်ငံတွေ ဒီနေ့ကမ္ဘာမှာ ဘယ်အနေအထား ရောက်နေသလဲ။ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီတွေ အသေအချာ စဉ်းစားသင့်တယ် ထင်ပါတယ်။

အရှေ့အလယ်ပိုင်းက စစ်ဖြစ်နေတဲ့ နိုင်ငံတွေကို ကြည့်လိုက်ပါ။ အားလုံး မဟုတ်ရင်တောင် အများစုဟာ အမျိုးဘာသာကို ရှေ့တန်းတင်ထားတဲ့ နိုင်ငံတွေ၊ ဘာသာရေး ခေါင်းဆောင်တွေက နိုင်ငံရေးခေါင်းဆောင်ထက် ပိုသြဇာရှိတဲ့ နိုင်ငံတွေ၊ သက်ဦးဆံပိုင်တစ်ပိုင်း ဖြစ်နေတဲ့ နိုင်ငံတွေဆိုတာ တွေ့ရပါလိမ့်မယ်။ စစ်ဖြစ်နေဆဲ အဲဒီလို နိုင်ငံတွေက ဘာသာရေး ဦးစားပေး အုပ်ချုပ်ရေးစနစ်ကို အတုယူမယ့်အစား၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေတဲ့ အနောက်နိုင်ငံတွေ၊ အရှေ့နိုင်ငံတွေက အရပ်သားစစ်စစ် အုပ်ချုပ်ရေးစနစ်ကို အတုယူရင် ပိုမကောင်းပေဘူးလား။

တကယ်တမ်း ပြောမယ်ဆိုရင် ဒီလို ဘာသာရေး အစွန်းရောက် ပြောဆိုချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့တောင် မကိုက်ညီပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိပါတယ်လို့ ပြဋ္ဌာန်းထားပြီး ‘ငါတို့ နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်’။ ‘ငါတို့လူမျိုးသည် ဗုဒ္ဓဘာသာလူမျိုး ဖြစ်သည်’ ဆိုပြီး သွားလုပ်နေတာ မသင့်တော်ပါ။

ဒါကြောင့် စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းရေး လုပ်ငန်းစဉ်မှာ လွဲချော်မှု တစ်စုံတစ်ရာဖြစ်ပြီး ဘုရားကျောင်းနဲ့ အာဏာရှင်လက်ကျန်များ ပူးတွဲအုပ်ချုပ်ရေးစနစ်ဆီ နောက်ပြန်ဆုတ်သွားနိုင်တဲ့ လမ်းကြောင်းမျိုး ဖြစ်မသွားစေဖို့တော့ အားလုံးက ထိန်းထိန်းသိမ်းသိမ်း လုပ်သင့်ပါတယ်။ စစ်အာဏာရှင် စနစ်အောက်က လွတ်မြောက်ရေးတိုက်ပွဲဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ နိုင်ငံသစ်ဆီပဲ တိတိကျကျ ဦးတည်မောင်းနှင်သင့်ပါကြောင်း တိုက်တွန်းတင်ပြလိုက်ရပါတယ်။

ထက်အောင်ကျော်

- See more at: http://www.thevoicemyanmar.com/index.php/perspective/item/8562-bdb#sthash.dKFkCOk9.dpuf

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More