စစ်အာဏာသိမ်းပြီး နောက်တစ်ရက်
(မနက်ဖြန်) စက်တင်ဘာ ၁၉ ရက်နေ့ဟာ မိဘအိမ်ကနေ ကျွန်တော် ထွက်လာခဲ့တာ ၂၇ နှစ် ပြည့်တဲ့နေ့ပေါ့။ ထွက်လာတယ်ဆိုတာ တစ်ဦးတည်း အလည်ထွက်လာတာတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီရရှိရေး၊ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့တဲ့ ကျောင်းသားတွေကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းတာကို မခံနိုင်လို့ပါ။

ဒါပေမဲ့ ဒီလို မတရား သတ်ဖြတ်ခံရခြင်းအပေါ် လုံးဝသည်းမခံနိုင်တဲ့ ကျောင်းသားလူငယ်တွေကတော့ သေနတ်နဲ့ ပစ်နေတဲ့ စစ်တပ်ကို ပါးစပ်နဲ့ အော်ပြောနေရင် ထပ်သေဖို့ပဲ ရှိတယ်။ လက်နက်ကို လက်နက်နဲ့ တုံ့ပြန်မှရမယ်ဆိုတဲ့ ခံယူချက်နဲ့ အဲဒီအာဏာသိမ်းပြီး နောက်တစ်ရက်မှာ မိဘနေအိမ်တွေဆီကနေ လက်နက်ကိုင်တော်လှန်ရေး နယ်မြေဆီ စတင် ထွက်ခွာခဲ့ပါတော့တယ်။
ထားဝယ်နယ် တစ်ခုတည်းမှာတင် အဲဒီညက မိဘအိမ်ကနေ ထွက်လာသူ ၂၀၀ လောက် ရှိမယ်ထင်ပါတယ်။ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ပုလောပါ ပေါင်းလိုက်တော့ ၅၀၀ ကျော်ရှိတဲ့ ကျောင်းသားအုပ်ကြီးဟာ အရှေ့ဘက်နယ်စပ်က KNU ကရင့်အမျိုးသားအစည်းအရုံး တပ်ရင်း ၁၀ နယ်မြေ မင်းသမီးစခန်း (အခု ထီးခီးနယ်စပ်ဂိတ်အနီး) ဆီ ရောက်လာခဲ့ပေါ့။ မြိတ်၊ တနင်္သာရီ၊ ဘုတ်ပြင်းနဲ့ ကော့သောင်ဘက်က နောက်ထပ် ၅၀၀ လောက်ရှိတဲ့ ကျောင်းသားတွေကတော့ KNU မောတောင်မြို့နယ် (အခု မောတောင်နယ်စပ်ဂိတ်) ဆီ ရောက်ခဲ့ကြပါတယ်။
တနင်္သာရီတိုင်း တစ်ခုတည်းတင် ကျောင်းသား ၁၀၀၀ လောက် တောခိုခဲ့တယ်ဆိုရင် ကျန်တဲ့ပြည်နယ်၊ တိုင်း ၁၃ ခုကနေ ဘုရားသုံးဆူ၊ သေဘောဘိုး၊ ကလက်ဒေး၊ သံလွင်၊ စောထ စသဖြင့် ထိုင်းနယ်စပ်စခန်းတွေ၊ တရုတ်နယ်စပ်နဲ့ အိန္ဒိယနယ်စပ် အသီးသီးဆီ ရောက်သွားတဲ့သူတွေကို အချိုးကျ တွက်လိုက်မယ်ဆိုရင် အဲဒီနေ့က မိဘအိမ်ကနေ ထွက်သွားခဲ့ကြတဲ့ ကျောင်းသားဦးရေ သောင်းနဲ့ချီ ရှိမယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ကျောင်းသားဆိုတာ ခြုံပြီးပြောတာပါ။ ကျောင်းဆရာ၊ ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ လယ်သမား စသဖြင့် လူစုံပါဝင်ပါတယ်။
ဒီလိုနဲ့ လူတစ်သောင်းလောက် ပါဝင်တဲ့ ကျောင်းသားတပ်မတော် ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး) ကို နောက်ထပ် တစ်လကျော်အကြာ နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ (အခု NCA လက်မှတ်ထိုးဖို့ ပြင်နေတဲ့ အဖွဲ့တွေ) နဲ့ ပေါင်းပြီး DAB (ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်) နဲ့အတူ လက်နက်ကိုင် တော်လှန်ရေးထဲ ပါဝင်ခဲ့ကြပါတယ်။
ငှက်ဖျားဒဏ်ကို မခံနိုင်လို့ သေဆုံးသွားသူ၊ တိုက်ပွဲမှာ ကျဆုံးသူ၊ မဟာမိတ်နဲ့ နားလည်မှုလွဲပြီး လူပျောက်စာရင်း ဝင်သွားသူ၊ ဆင်းရဲကျပ်တည်းမှုဒဏ်၊ နားလည်မှု လွဲမှားခြင်း ဒဏ်တွေကို မခံနိုင်လို့ အိမ်ပြန်သွားသူတွေ ရာနဲ့ချီ ရှိခဲ့ပါတယ်။ ၂၆ နှစ်မြောက် ABSDF ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရဆိုရင် ကျဆုံး-သေဆုံးချည်းတောင် ၈၀၀ ကျော် ရှိပါတယ်။
၂၇ နှစ် ကြာပြီးတဲ့အခါ
ဒါက ၂၇ နှစ်ကြာ တော်လှန်ခရီးကြမ်းကို တစ်ကြောင်းဆွဲ ပုံဖော်ကြည့်တာပါ။ ရုပ်ရှင်တွေထဲမှာ စာတန်းထိုးသလိုမျိုး “၂၇ နှစ် ကြာပြီးတဲ့အခါ” လို့ စာတန်းထိုးလိုက်ရုံနဲ့ ပြီးသွားတဲ့ကိစ္စ မဟုတ်ပါ။ အနှစ်ပြန်ချုပ်ရရင်တော့ အဲဒီလို ခက်ခဲကြမ်းတမ်းတဲ့ ဘဝကို နှစ်နဲ့ချီ ရင်ဆိုင်ပြီးတဲ့နောက်၊ မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တချို့နဲ့ အပစ်ရပ်ပြီး တောင်ပိုင်းက လက်နက်ကိုင်နယ်မြေတွေဆီ အစိုးရတပ်က အကြီးအကျယ် ထိုးစစ်ဆင်လာပြီးတဲ့နောက် ကျောင်းသားအတော်များများ ဒုက္ခသည်စခန်းတွေဆီ ရောက်သွားကြပါတယ်။
အဲဒီကတစ်ဆင့် တတိယနိုင်ငံတွေဆီ ရောက်သွားကြတယ် ဆိုပါတော့။ ဒါက အများစု အခြေအနေကို ပြောတာပါ။ တချို့ကတော့ ABSDF အဖွဲ့ထဲမှာ ဆက်လက်တာဝန်ထမ်းနေပြီး အခု ငြိမ်းချမ်းရေး ဆွေးနွေးချိန်အထိ ပါဝင်နေတဲ့ ရဲဘော်တွေ၊ အခြေအနေအရ မဟာမိတ်အဖွဲ့တွေထဲ ဝင်သွားရတဲ့ ရဲဘော်တွေ၊ မိဘအိမ်ဆီ တိတ်တဆိတ် ပြန်သွားရတဲ့ ရဲဘော်တွေ၊ ထိုင်း၊ တရုတ်နဲ့ အိန္ဒိယနယ်စပ် တစ်လျှောက်မှာ ဖြစ်သလို ရုန်းကန်နေရဆဲ ရဲဘော်တွေလည်း အများကြီး ရှိပါသေးတယ်။
ဒီလိုအခြေအနေကနေ ၂၀၁၀ ရွေးကောက်ပွဲအပြီး၊ အတိအကျ ပြောရမယ်ဆိုရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ အလွန်မှာတော့ ၁၀၀ ရာခိုင်နှုန်း စစ်အုပ်ချုပ်ရေးကနေ ၉၀ ရာခိုင်နှုန်း စစ်တစ်ပိုင်း အစိုးရအဖြစ် အသွင်ပြောင်းမယ်ဆိုတဲ့ လက္ခာဏာတွေ အစိုးရဘက်က ပြသလာပါတယ်။ မင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ရာနဲ့ချီ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ကနေ ပြန်လွှတ်ပေးပြီး ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ခွင့်ပေးခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ နယ်စပ်တစ်ကြောရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ စလုပ်ပြီး အပစ်အခတ်ရပ်စဲရေးအတွက် ကမ်းလှမ်းခဲ့ပါတယ်။ နယ်စပ်နဲ့ ပြည်ပရောက်နေတဲ့ ကျောင်းသားတွေကိုလည်း အိမ်ပြန်လာကြဖို့ သမ္မတဦးသိန်းစိန် ကိုယ်တိုင် ဥရောပနဲ့ အမေရိကား ရောက်စဉ်မှာ တရားဝင် ဖိတ်ခေါ်ခဲ့ပါတယ်။
ဒီလိုနဲ့ ABSDF ဥက္ကဋ္ဌဟောင်းတွေ ဖြစ်တဲ့ ကိုထွန်းအောင်ကျော်၊ ကိုမိုးသီးဇွန်နဲ့ ဒေါက်တာနိုင်အောင် အပါအဝင် ပြည်ပရောက် ကျောင်းသားဟောင်းတချို့ ၂၀၁၂ ခုနှစ် စက်တင်ဘာလထဲ မြန်မာနိုင်ငံဆီ လေ့လာရေးအဖြစ် ပြန်သွားကြပါတယ်။ ၂၀၁၃ နှောင်းပိုင်းမှာတော့ စာရေးသူ အပါအဝင် အတော်များများ “ပြည်တော်ပြန်” လေ့လာရေးခရီး လုပ်ခဲ့ကြပါတယ်။ ABSDF အဖွဲ့ ကိုယ်တိုင်ကတော့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက် နေ့၊ ၈ လေးလုံး ၂၅ နှစ်ပြည့် မတိုင်ခင်လေးမှာ အပစ်ရပ်လက်မှတ် ရေးထိုးလိုက်ပါတယ်။
ဒီလိုပြန်လည်ခွင့်ရတာ၊ ဒီလိုလက်မှတ်ထိုးခဲ့တာ ၂ နှစ်ကျော် သုံးနှစ်နီးပါး ရှိလာပြီ ဖြစ်ပေမယ့် သေချာတဲ့ အာမခံချက်တော့ ဘာမှမရသေးပါ။ ABSDF အဖွဲ့အစည်း ကိုယ်တိုင်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့အတူ NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးရေး လုပ်ငန်းစဉ်အတွင်း ပါဝင်နေတဲ့အတွက် အခြေအနေဟာ ရှေ့ကိုသွားနေတယ်လို့ ယူဆနိုင်ပါတယ်။
ဒါပေမဲ့ ရှေ့မှာတင်ပြခဲ့တဲ့ ပြည်ပကနေ ပြန်သွားပြီး လေ့လာရေး လုပ်ခဲ့တဲ့ ခေါင်းဆောင်ဟောင်းတွေ၊ ကျောင်းသားဟောင်းတွေကတော့ ပြည်တွင်းမှာ ပြန်လည်အခြေချ နိုင်ငံရေးလှုပ်ရှားခွင့် မရသေးပါဘူး။ ကိုမိုးသီးဇွန်နဲ့အတူ ပါသွားတဲ့ ကျောင်းသားတွေထဲက အနည်းဆုံး နှစ်ဦးဟာ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၈-က-၂ (ပြည်တွင်းမှာ အနည်းဆုံး ၁၀ နှစ်ဆက်တိုက် နေထိုင်သူ ဖြစ်ရမယ်ဆိုတဲ့ ပုဒ်မ) နဲ့ ငြိစွန်းနေတဲ့အတွက် နိုဝင်ဘာ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် စာရင်းတင်သွင်းခြင်းကို လက်မခံနိုင်ဘူးလို့ ကော်မရှင်က ငြင်းဆိုခဲ့တာ တွေ့ရပါတယ်။
ကိုမိုးသီးဇွန် ကိုယ်တိုင်ကတော့ ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းတင်သွင်းဖို့ နေနေသာသာ သူ့မိဘအိမ်ဆီ ပြန်လည်ခွင့် ဗီဇာကိုတောင် အစိုးရဘက်က ပိတ်ထားလိုက်ပြီ ဖြစ်ပါတယ်။ ဒါက တတိယနိုင်ငံကနေ ပြန်သွားတဲ့ ပြည်တော်ပြန်တွေ ကိစ္စ။ နယ်စပ်ကနေ ပြန်သွားသူတွေကျတော့ စွပ်စွဲခံရတဲ့ ပုဒ်မက နောက်တစ်မျိုး။ တရားမဝင် အသင်းအဖွဲ့တွေနဲ့ ဆက်သွယ်မှုရှိတဲ့အတွက် (NCA မှာ လက်မှတ်ထိုးဖို့ ပြင်နေတဲ့ အဖွဲ့တွေနဲ့ ဆက်သွယ်မှုရှိတဲ့ အတွက်) ပုဒ်မ ၁၇-၁ နဲ့ ငြိနေတာကြောင့် ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းတင်သွင်းခွင့် ငြင်းပယ်ခံလိုက်ရပြန်ပါတယ်။
ရွေးကောက်ပွဲနဲ့ ၈၈ ကျောင်းသားဟောင်းများ
၈၈ မျိုးဆက်လို့ ပြောလိုက်ရင် မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ အဖွဲ့ကိုချည်း လူတွေက ပြေးမြင်လေ့ ရှိပါတယ်။ တကယ်တော့ ဒီမျိုးဆက်က ကျယ်ပြန့်ပါတယ်။ အကျဉ်းထောင်နဲ့ မြေအောက်လုပ်ငန်းစဉ်တွေထဲ ရောက်သွားကြတဲ့ ကိုမင်းကိုနိုင်တို့ရဲ့ ဗကသအဖွဲ့ဝင်တွေ၊ ပါတီထောင်လိုက်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS ဝင် လူငယ်တွေ၊ လက်နက်ကိုင်တော်လှန်ရေးထဲ ရောက်သွားတဲ့ ABSDF ရဲဘော်တွေနဲ့ ၈ လေးလုံး အရေးတော်ပုံမှာ ပါဝင်ခဲ့သူတိုင်းနဲ့ အကျုံးဝင်ပါတယ်။
စစ်အစိုးရကို ခါးခါးသီးသီး ဆန့်ကျင်ခဲ့တဲ့ ဒီမျိုးဆက်ဟာ အခု ၂၀၁၅ ရွေးကောက်ပွဲမှာ စစ်တစ်ပိုင်း အစိုးရကို ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။ ၈၈ မျိုးဆက်အနေနဲ့ သီးခြားဝင်တာမျိုး မတွေ့ရသေးပေမယ့် NLD မှာ ဒီမျိုးဆက်က လူတွေ အခိုင်အမာ ရှိနေပြီ ဖြစ်ပါတယ်။ NLD တင် မကပါဘူး။ အခြားပါတီငယ်တွေ၊ တိုင်းရင်းသားပါတီတွေနဲ့ တစ်သီးပုဂ္ဂလတွေထဲမှာလည်း ၈ လေးလုံး အရေးတော်ပုံအတွင်း ပါဝင်ခဲ့ဖူးတဲ့ ကျောင်းသားဟောင်းတွေ မနည်းလှပါ။
ဒါပေမဲ့ ရှေ့မှာတင်ပြခဲ့တဲ့ နယ်စပ်နဲ့ ပြည်ပကနေ ပြန်လာတဲ့ ၈၈ မျိုးဆက်တွေကတော့ ပုဒ်မ ၁၇-၁ (လက်နက်ကိုင်အဖွဲ့များနှင့် ဆက်သွယ်မှု) နဲ့ ပြည်တွင်းမှာ ၁၀ နှစ်ဆက်တိုက် နေထိုင်ခြင်း မရှိဘူးဆိုတဲ့ ပြစ်မှုတွေကို ကျူးလွန်မိတာကြောင့် နိုဝင်ဘာ ရွေးကောက်ပွဲဆီ နီးကပ်ခွင့် မပေးနိုင်ဘူးလို့ ကော်မရှင်ရဲ့ ငြင်းပယ်ခြင်းကို ခံလိုက်ကြရပါတယ်။
တကယ်တော့ ဒီဥပဒေတွေဟာ လက်ရှိလွှတ်တော်က အတည်ပြုထားတာလား၊ အရင်စစ်အစိုးရ ခေတ်ကတည်းက ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေလား၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လုပ်တဲ့အခါ ဒီဥပဒေတွေကို ပြင်ဆင်ဖို့ မကြိုးစားကြဘူးလား၊ နိုင်ငံရေးအင်အားစု အားလုံး ပါဝင်ခွင့်ရရေး ဆိုတာနဲ့ ဒီလိုတစ်ဖက်သတ် ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေဟာ ရှေ့နောက်ညီညွတ်မှု ရှိရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။
ဒါပေမဲ့ လောလောဆယ်တော့ ဘာမှမတတ်နိုင်။ အာဏာသုံးရပ်စလုံးက သူတို့လက်ထဲမှာချည်းပဲ ရှိနေဆဲဆိုတော့ ဘယ်နေရာသွားပြီး မေးခွန်းထုတ်မှာလဲ။
ဒီတော့ ကိုယ်ဘာသာပဲ မေးခွန်းထုတ်ပါရစေတော့။ ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း ၂၀၁၃ ခုနှစ်မှာ သမ္မတဦးသိန်းစိန် နော်ဝေနိုင်ငံဆီ ရောက်လာစဉ် ပြည်ပရောက်နေသူတွေ အားလုံး တိုင်းပြည်တည်ဆောက်ရေးမှာ ပါဝင် ပူးပေါင်းဆောင်ရွက်ဖို့ အမိနိုင်ငံဆီ ပြန်လာကြစေလိုကြောင်း နှုတ်နဲ့ တရားဝင် ဖိတ်ခေါ်ခဲ့တဲ့အတွက် လွန်ခဲ့တဲ့ သုံးနှစ်တာအတွင်း သုံးခေါက် ကျွန်တော် ပြန်ခဲ့ဖူးပါတယ်။
ပထမတစ်ခေါက် ပြန်စဉ်က ၈ လေးလုံး အရေးတော်ပုံကာလအတွင်း ကျောင်းသားသမဂ္ဂမှာ ကျွန်တော်နဲ့အတူ တာဝန်ထမ်းခဲ့ဖူးတဲ့ ရဲဘော်တစ်ဦး တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ် တာဝန်ထမ်းနေတာ တွေ့ရပါတယ်။ အခု ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှာတော့ ကျွန်တော်နဲ့ တစ်ရွာတည်း အတူတာဝန်ထမ်းခဲ့ဖူးသူ ရဲဘော်တစ်ဦးက အမတ်လောင်းအဖြစ် အခု မဲဆွယ်စည်းရုံးမှုတွေ စနေပါပြီ။
ဒါပေမဲ့ တစ်ချိန်က သူတို့နဲ့အတူ လှုပ်ရှားခဲ့ဖူးတဲ့၊ သူတို့ထက်ပိုပြီး တက်ကြွလွန်သွားလို့ လက်နက်ကိုင် တော်လှန်ရေးထဲ ရောက်သွားမိတဲ့ ပြည်တော်ပြန်တွေ၊ နယ်စပ်ပြန်တွေကတော့ အခုဇာတ်ပေါင်းချိန် ရောက်တဲ့အခါမှာ ကန့်သတ်ချက်တွေ၊ တစ်ဖက်သတ် စည်းမျဉ်းတွေရဲ့ အပြင်ဘက်မှာရပ်ရင်း ဒီတိုင်းပဲ ကြည့်နေရတာ့မှာလား။ တစ်စုံတစ်ရာ ဝင်ရောက် ကူညီဆောင်ရွက်ခွင့် မရနိုင်တော့ဘူးလား။
ဒါမှမဟုတ် အခုမြင်နေရတဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေဟာ ၈ လေးလုံး အရေးတော်ပုံအတွင်း ပါဝင်ခဲ့သူတွေ၊ လက်နက်ကိုင်တော်လှန်ရေးအတွင်း ပေးဆပ်ခဲ့သူတွေ၊ ပြည်ပနိုင်ငံ အသီးသီးကနေ စစ်အစိုးရကို ဆန္ဒပြခဲ့ခြင်းတွေရဲ့ အကျိုးဆက်တစ်ခု ဖြစ်ပါတယ်လို့ စိတ်ဖြေရင်း ကျေနပ်နေသင့်သလားလို့ ကိုယ်ဘာသာ မေးခွန်းထုတ်နေမိပါတယ်။
ထက်အောင်ကျော်
1 comments:
Like
Post a Comment