Sunday, February 24, 2013

Santa Claus ရှိရာအရပ်သို့ ခရီးသွားခြင်း (ပြန်လည်တင်ပြချက်)

ထက်အောင်ကျော် (ဖေဖေါ်ဝါရီ ၂၀၁၀)

(၂၀၁၀ ဖေဖေါ်ဝါရီက ရေးသားခဲ့သောဆောင်းပါးကို သတ်ပုံနဲ့ လက်ကွက်ပြန်ပြင်ပြီး တင်ပေးထားပါတယ်၊ သတ်ပုံ၊ လက်ကွက်အမှားတွေ့ပါက ထောက်ပြကြပါရန်)

ဆောင်းပါးရဲ့ ခေါင်းစည်းကို ဒီလို ကြီးကြီးကျယ်ကျယ်တပ်လိုက်ပေမဲ့ တကယ်ကတော့ အဲဒီ The Santa Claus Village at the Arctic Circle in Rovaniemi, Lapland ကိုရောက်တဲ့အထိ ဒီနေရာမှာ Santa Claus ရှိမှန်းကျနော်မသိပါ။ နောက်တခါ ခရစ်ယန်ဘာသာနဲ့ အလှမ်းဝေးသူမို့ Santa Claus ရဲ့ နောက်ကြောင်းကိုလဲ ကျနော်ဘာမှမသိပါ။


ဆောင်းရာသီအားလပ်ရက်မှာ နော်ဝေး ထက်ပိုအေးတဲ့နေရာ၊ ဆီးနှင်းပိုထူတဲ့နေရာ၊ နောက်တခါ ငယ် ငယ်တုန်းက ကျောင်းမှာသင်ဖူးတဲ့ အက်စကီမိုးလူမျိုးတွေရှိတဲ့နေရာဆီသွားနိုင်ရင် ကောင်းမှာပဲဆိုတဲ့ စိတ်ကူးနဲ့ သူငယ်ချင်းတွေနဲ့အတူ ဖင်လန်နိင်ငံမြောက်ပိုင်းဆီ ခရီးသွားရင်း မမျော်လင့်ဘဲ Santa Claus ရွာထဲ မျက်စိလည်လမ်းမှားပီး ရောက်သွားခြင်းမျှသာ ဖြစ်ပါတယ်။

တတိယ နိုင်ငံရောက် ဒုက္ခသည်တွေရဲ့ထုံးစံအတိုင်း အားလပ်ရက်သွားတာတောင် လွတ်လွတ်လပ် လပ်သွားတာမဟုတ်။ သွားလေရာမှာ မြန်မာတွေနဲ့တွေချင်နေသူပီပီ ကျနော်ရဲ့ခရီးစဉ်ကို မစုစုနွေး စာ သင်ကျောင်းရှိရာ Kuopio မြို့လေးကနေ စတင်ခဲ့တာပါ။

အဲဒီမြို့လေးဆီ ကျနော်ရောက်သွားတဲ့အချိန်မှာ ဆီးနှင်းတွေ တအားကျနေပီး မြို့ပြင်တောင်ကုန်းပေါ်က ရေခဲလျှောစီးတဲ့ တာဝါဆီ အယင်ဆုံး သွားလည်ခဲ့ပါတယ်။ တောင်ပေါ်တက်တဲ့လမ်းတလျောက်က ထင်းရူးပင်တွေမှာ နှင်းဖတ်တွေကပ်နေတာ၊ ထင်းရူးရွက်ပေါ် နှင်းမုန်တွေကျနေတာက တကယ့်ပန်းချီ ကားတချပ်လိုပါပဲ။

ဒီလိုတောင်ပေါ်ကို တက်လာတဲ့ကားကိုလဲကြည့်ပါဦး။ တာယာ ၄ လုံးစလုံး ဆောင်းတွင်းတာယာတွေ နဲ့။ မြန်မာနိုင်ငံမှာတော့ တာယာက တမျိုးပဲရှိတဲ့အတွက် ဆောင်းတွင်းတာယာဆိုတာ အထူးအဆန်း ဖြစ်နေနိုင်ပါတယ်။ ဆောင်းရာသီရောက်ရင် ရေခဲပြင်၊ နှင်းပြင်တွေမှာ တာယာမချောဘဲ မောင်းနှင်နိုင် အောင် သံဆူးသေးလေးတွေနဲ့ အထူးပြင်ဆင်ထားတဲ့ ကားတာယာကိုဆိုလိုတာဖြစ်ပါတယ်။

တကယ်က ကားတင်မဟုတ်ပါဘူး။ ဆိုင်ကယ်ရော၊ စက်ဘီးပါ ဆောင်းရောက်ရင် ဆောင်းတွင်း တာ ယာ အကုန်ပြောင်းသုံးကြရပါတယ်။ အဲဒီလို တာယာနဲ့ နှင်းပြင်ကိုယက်ပီးတက်လာတဲ့ကား တောင် ထိပ်ရောက်တော့ လှလိုက်တဲ့ရှုခင်း။ ဘာနဲ့နှိုင်းပြန်ရမှန်းကို မသိအောင်ပါပဲ။

ဖင်လန်နိုင်ငံရောက် ထန်းမနိုင်ရွာသူ မစုစုနွေး

နေ့လည်ပိုင်းမှာတော့ မြို့လယ်က မစုစုနွေးကျောင်းဆီ ကျနော်ရောက်သွားပါတယ်။ ဒီကျောင်းကို ၂၀၀၅ ခုနှစ် ဧပြီလမှာ စတင်ဖွင့်လှစ်ခဲ့ပြီး ဖွင့်ကာစ အမည်ကတော့ အရုဏ်ဦးကျောင်း (Dawn School) ဖြစ်တယ်လို့ ကျောင်းကော်မီတီဝင်တဦးဖြစ်သူ ကိုသားဆွေက ကျနော်ကိုရှင်းပြပါတယ်။ ဒီ အမည်ဟာ ထိုင်းနိုင်ငံ ရတ်ချပူရီခရိုင် မနီလွိုင် ကျောင်းသားဒုက္ခသည်စခန်းမှာ ဖွင့်ခဲ့ဖူးတဲ့အမည်ကို ယူလာတာဖြစ်ပြီး နိုဝင်ဘာလမှာတော့ လုပ်အားပေးကိစ္စကို ကမ္ဘာသိအောင်လုပ်ခဲ့တဲ့ မစုစုနွေးကို ဂုဏ်ပြုတဲ့အနေနဲ့ အရုဏ်ဦးကနေ စုစုနွေးကျောင်းအဖြစ် အမည်ပြောင်းလိုက်တာလို့သိရပါတယ်။

 (ဓါတ်ပုံ... http://susunwayschool.blogspot.com)

မူလတန်းကျောင်းဆိုပေမဲ့ ကျနော်တို့မြန်မာနိုင်ငံကကျောင်းတွေလို နေ့စဉ်သင်နေတဲ့ ကျောင်းမျိုးတော့ မဟုတ်။ ဒီမြို့မှာရောက်နေတဲ့ မြန်မာကလေးငယ်တွေ မြန်မာစာနဲ့ မြန်မာစကား ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်ဖြစ်လာအောင် အပါတ်စဉ် စနေ၊ တနဂ်နွေမှာ နေ့လည် ၂ နာရီကနေ ၄ နာရီအထိ တပတ် ၄ နာရီသင်ပေးနေတဲ့နေရာသာဖြစ်ပါတယ်။ ဒီစာသင်ဆောင်ဟာ Kuopio မြို့ရဲ့ လူငယ်ရိပ်သာတခုဖြစ်ပြီး စနေ တနင်္ဂနွေမှာ မြန်မာကလေးတွေစာသင်နိုင်ဖို့ နေရာပေးထားတာဖြစ်ပါတယ်။

ကျောင်းလာတက်နေတဲ့ကလေးတွေထဲမှာတော့ ၄-၅ နှစ်အရွယ်ကနေ ၁၄-၁၅ အရွယ်လောက်ထိ တွေ့ရပြီး သူငယ်တန်းကနေ ၄ တန်းအထိ ကျောင်းသားကျောင်းသူ ၃၀ ၀န်းကျင်ကို သင်ပေးနေတာ တွေ့ရပါတယ်။ စေတနာ့ဝန်ထမ်းအဖြစ် သင်ပေးနေတဲ့ဆရာတွေထဲက အများစုဟာ မနီလွိုင်စခန်းမှာ ကတည်းက ကျောင်းဆရာလုပ်လာသူတွေဖြစ်ပြီး လက်ရှိကျောင်းအုပ်ဆရာ ဦးမြတ်သစ်ဆိုရင် မနီလွိုင် Dawn School မှာလဲ ကျောင်းအုပ်လုပ်ခဲ့သူလို့သိရပါတယ်။

ဆရာတွေက တက်ကြွစွာသင်နေပေမဲ့ ကျောင်းသားတွေကတော့ အဖေ၊ အမေ ပို့လိုက်လို့သာ ဒီ ကျောင်းကိုရောက်နေတယ်လို့ ပြောရမလားပါပဲ။ ဘာကြောင့်လဲဆိုရင် ကျနော်မေးမြန်းခွင့်ရခဲ့တဲ့ ဒုတိ ယ တန်းကျောင်းသားတဦးက "ဖှင်းစာထက် မြန်မာစာကပိုခက်တယ်။ ယပင့်တွေ၊ ယရင့်တွေ၊ တ ချောင်းငင်တွေ၊ လုံးကြီးတင်တွေနဲ့ အတော်ရှုပ်တယ်" လို့ပြောပါတယ်။ ဒါဆိုရင် မင်း ဘာလို့သင်နေလဲ ဆိုပီး ကျနော်ကထပ်မေးတော့ "အဖေတက်ခိုင်းလို့တက်နေရတာပါ" ဆိုပြီး ဖြေသွားပါတယ်။

တကယ်ကတော့ ဒီကလေးငယ်ပြောတာ အမှန်ဖြစ်ဖို့များပါတယ်။ ဘာကြောင့်လဲဆိုရင် အလားတူ ကျောင်းတက်နေတဲ့ တတိယ နိုင်ငံရောက် ကလေးငယ်တချို့ကို ကျနော်မေးကြည့်တဲ့အခါတိုင်း ဒီလို ခပ်ဆင်ဆင်အဖြေတွေကိုပေးလေ့ရှိပါတယ်။ နောက်တခါ မြန်မာစာနဲ့ မြန်မာစကားဟာ သူတို့အတွက် တတိယ နေရာလောက်မှာသာရှိတော့တဲ့ ဘာသာစကားတခုဖြစ်ပီး မတတ်ရင်လဲ ဘာမှမဖြစ်။ သူတို့ နေ့စဉ်ဘ၀နဲ့ မြန်မာစာ မြန်မာစကား ဘာမှမဆက်စပ်သလိုဖြစ်လာနေပါတယ်။

သူတို့အဖို့အရေးကြီးတာက သူတို့ရောက်နေတဲ့နိုင်ငံရဲ့ ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်တတ် ရေးက ပထမ။ ပြီးရင် အင်္ဂလိပ်ဖြစ်ဖြစ်၊ ပြင်သစ်ဖြစ်ဖြစ်၊ စပိန်ဖြစ်ဖြစ်၊ ဂျာမနီဖြစ်ဖြစ် တခုခုကို ဒုတိယ ဘာသာစကားအဖြစ် သင်ရပါလိ့မ်မယ်။ အဲဒီစကား ၂ ခုက သူတို့ဘ၀ရဲ့ရှေ့ရေးကို ဆုံးဖြတ်ပေးမှာဖြစ် ပြီး မြန်မာစကားကတော့ သူတို့ရှေ့ရေးနဲ့ဘာမှမဆိုင်တော့ပဲ မြန်မာအသိုင်းဝိုင်းသေးသေးလေး ကြားမှာ သုံးဖို့သက်သက်ဖြစ်တယ်လို့ သူတို့က ထင်နေပုံရပါတယ်။

ကလေးငယ်တွေ ဒီလိုထင်နေတာကို အပြစ်မဆိုသာပေမဲ့ တတိယ နိုင်ငံရောက် မျိုးဆက်သစ်တွေ ကြား မြန်မာစာ၊ မြန်မာစကားနဲ့ မြန်မာ့ယဉ်ကျေးမှုတွေ ဆက်လက်ရှင်သန်ရေးအတွက် ကလေးမိဘ တွေက ကြိုးစားဖို့တာဝန်ရှိတယ်လို့ ကျနော်မြင်မိပါတယ်။ နောက်တခါ မိဘတွေအပြင် နိုင်ငံရေးလုပ် နေပါတယ်၊ တော်လှန်ရေးလုပ်နေပါတယ်၊ မြန်မာနိုင်ငံ ဒိမိုကရေစီရရှိရေးအတွက် လုပ်နေပါတယ်လို့ နေ့စဉ်ကြွေးကြော်နေတဲ့လူတွေမှာလဲ ဒီတာဝန်ရှိတယ်လို့ ကျနော်မြင်မိပါတယ်။ ဒါပေမဲ့ အခုချိန်ထိ တော့ ဥရောပတလွှားမှာ ဒီ စုစုနွေး ကျောင်းကလွဲပီး တခြားနိုင်ငံတွေမှာ ဒီလိုအပါစဉ် ပုံမှန်သင်ပေးနိုင် တဲ့ကျောင်းမျိုး ကျနော်မတွေ့ရသေးပါဘူး။

(အခု ဒီဆောင်းပါးကို အက်ဒစ်လုပ် အသစ်ပြန်ရေးချိန် ၂၀၁၃ မှာတော့ နော်ဝေးနိုင်ငံ အော်စလိုမြို့ အနီးမှာလဲ တပတ်မှာ ၄ နာရီလောက် မြန်မာစာသင်ပေးတဲ့ ကျောင်းလေးတခုရှိနေပါပြီ)

အီကွေတာအရပ်ကသူငယ်ချင်းများနဲ့ မြောက်ဝင်းရိုးစွန်းမှာတွေ့ဆုံခြင်း

စုစုနွေးကျောင်းကနေ အပြန်မှာတော့ ABSDF ခေါ် ကျောင်းသားတပ်မတော် အမှတ် ၂၀၁ တပ်ရင်း မင်းသမီးစခန်းမှာ ၁၀ နှစ်နီးပါး အတူနေခဲ့ဖူးတဲ့ ရေဇင်းစိုက်ပျိးရေးတက္ကသိုလ်ကျောင်းသားဟောင်း ကို အောင်မော် အိမ်မှာ ကျနော်တို့ စခန်းချပါတယ်။ သူ့အိမ်ဟာ Kuopio မြို့နဲ့ ၂ နာရီကျော်ကားမောင်းရတဲ့ Mikkeli မြို့လေးမှာရှိပီး သူ့ကား အားကိုးနဲ့ ကျနော် လျောက်သွားနေတာဖြစ်ပါတယ်။ တကယ်ကတော့ ဒီခရီးစဉ်ဖြစ်လာတာကိုက ကိုအောင်မော်ရဲ့အကြံပေးချက်အရ စတင်လာတာပါ။ တောထဲကထွက်လာ ကတည်းက မတွေ့ရတာကြာပီဖြစ်တဲ့ တတိယ နိုင်ငံရောက် ရဲဘော်ဟောင်းတွေ စုတွေ့ရေး အစီစဉ်ရဲ့ တစိပ်တဒေသလဲဖြစ်ပါတယ်။


ဒီအစီစဉ်အရ ဘယ်သူတွေလာနိုင်မလဲဆိုပီး ဆက်သွယ်လိုက်တော့ ဟိုး ကမ္ဘာကြီးရဲ့ တောင်ဖက်ခြမ်း၊ အိုဇိုးလွှာပေါက်နေတဲ့ ပူပြင်းဒေသ သြစတေလျမှ ကိုဖိုးချိုနဲ့ ဖင်လန်နဲ့သိပ်မဝေးတဲ့ နော်ဝေး ရေခဲပြင် မှာ သောင်တင်နေသူ ကျနော်တို့ ၂ ဦး ဖင်လန်ကိုရောက်လာပီး သတင်း ၂ ပတ်ကြာ ရေခဲပြင် ခရီးစဉ် ကို စတင်ခဲ့တယ်ဆိုပါတော့။

"တောထဲကအကြောင်းမပါရင် ဆောင်းပါး မရေးတတ်တော့ဘူးလား" လို့ စာဖတ်ပရိသတ်တဦးဦးက မေးမယ်ဆိုရင်လဲ ကျနော်အပြစ်မမြင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီတောထဲမှာ နေခဲ့တဲ့ ၁၀ နှစ် တာ ၀န်းကျင်ဟာ ကျနော်တို့ဘ၀ရဲ့ အတောက်ပဆုံးကာတွေကို ပေးဆပ်ခဲ့ရလို့၊ ကျနော်တို့နဲ့အတူတူ တက္ကသိုလ်စာသင်ခန်းကနေ တောတောင်တွေထဲထွက်လာတဲ့ သူငယ်ချင်းတချို့ တောတွင်းတိုက်ပွဲ တွေမှာ လူမသိသူမသိနဲ့ ကျဆုံးသွားကြလို့၊ ဒီ ၁၀ နှစ်တာဟာ ကျနော်တို့ဘ၀ရဲ့ အရေးအကြီးဆုံး ကာ လအဖြစ် ဦးနှောက်ထဲမှာရော၊ နှလုံးသားထဲမှာပါ အမြဲတန်း လွှမ်းမိုးနေတယ်လို့ ကျနော်ထင်ပါတယ်။

အခု ကျနော်ရောက်နေတဲ့ ဖင်လန်နိုင်ငံမှာ (ကျနော်အခန်းဆက်ရေးနေတဲ့ သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီးထဲမှာပါတဲ့) မင်းသမီးစခန်းက ရဲဘော်ဟောင်း ၈ ဦးရောက်နေပါတယ်။ သူပုန်ကျောင်း သားဆောင်းပါးတွေရဲ့ ပထမ ဆုံးအခန်းတွေမှာပါတဲ့အတိုင်း အခု သြစီကနေရာက်နေတဲ့ ကိုဖိုးချို၊ နောက်တခါ ဆွီဒင်နယ်စပ်အနီးက Vaasa မြို့မှာရောက်နေတဲ့ ကိုမိုးဇော်အောင်တို့ဟာ ကျနော်နဲ့အတူ ရှင်မုတ္တီး၊ ဘန်းချောင်းဖက်ကနေ တောထဲအတူတူဝင်လာသူတွေဖြစ်ပါတယ်။ အလားတူ ကိုအောင် မော်၊ ကိုသန်းဌေးတို့ဟာလဲ နတ်အိမ်တောင်ဖက်ကနေ တချိန်တည်းဝင်လာသူတွေ ဖြစ်ပါတယ်။ ကို ရဲမင်းအောင်၊ ကိုဝင်းဌေးနဲ့ ကိုမိုးနိုင်တို့ကတော့ ၁၉၉၀ ရွေးကောက်ပွဲနောက်ပိုင်း ၀င်လာသူတွေဖြစ် ပါတယ်။

ကျနော်တို့တောထဲမှာရှိစဉ်က အသက် ၁၀-နှစ်ကျော်သာရှိသေးတဲ့ ကိုဝေထွန်းဆိုရင် မင်းသမီးစခန်း မှာဖွင့်ထားတဲ့  "ပျိုးပန်းဝေ" မိဘမဲ့စာသင်ကျောင်းတက်ဖို့ရောက်လာတဲ့ ကလေးလေးပေါ့။ အခုတော့ ဒီပုဂ္ဂိုလ်တောင်မှ အသက် ၃၀-ကျော်စပြုနေပီဖြစ်ပြီး ကလေးတောင် ၃ ယောက်ရနေပီ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ဆက်ဆံရေးကတော့ တောထဲကအတိုင်း ရဲဘက်ရဲဘက်ဆက်ဆံရေးပါပဲ။ ဒီလို ဒီလို ကျနော်တို့တပ်ရင်းက ရှိသမျှလူတွေနဲ့တွေဆုံရင်း၊ ဖင်လန်မြောက်ပိုင်းဒေသရဲ့ ရေခဲပြင်အလှကို ရှုစားရင်းနဲ့ ဒီခရီးစဉ် ထွက်လာဖြစ်တယ်ဆိုပါတော့။

ကိုအောင်မော်ရဲ့အိမ်ဟာ ထင်ရူးတောတန်းရဲ့ဘေးမှာ၊ အင်းလျားကန်ရဲ့ ၅ ပုံတပုံလောက်အကျယ်ရှိတဲ့ ရေကန်ကြီးရဲ့ဘေးမှာရှိတဲ့အတွက် သဘာဝအလှတွေနဲ့ပြည်စုံတဲ့၊ ဥရောပမဲဇာကလူတွေ သိပ်ကြိုက်တဲ့ နေရာမျိုးပေါ့။ အဲဒီနေ့ အပူချိန်က ရေခဲအမှတ်အောက် အနှုတ် ၃၀ ဒီဂရီစင်တီဂရိတ်ဖြစ်နေပါတယ်။ ဒီလောက်အေးတဲ့စံချိန်မျိုး အော်စလိုမှာနေတဲ့ ၁၀ နှစ်တာအတွင်း ကျနော်မကြုံဖူးသေးပါဘူး။ ဒါပေမဲ့ ရေခဲပြင်မှာ ဟန်ရေးပြ စကီးစီးပြီး ဓါတ်ပုံရိုက်ချင်နေတဲ့ ကျနော်နဲ့ ကိုဖိုးချိုဟာ ကိုအောင်မော်ကို မရ မက အိမ်ထဲကနေဆွဲခေါ်ပြီး ရေခဲပြင်ဖြစ်နေတဲ့ ခုနက ရေကန်ကြီးပေါ် စကီးထွက်စီးကြပါတယ်။

သူများတွေ စကီးစီးနေတာကိုကြည့်ပီး ဒီအားကစားက သိပ်မခက်ဘူးလို့ထင်ရပေမဲ့ တကယ်တန်း ကိုယ်တိုင်စီးတဲ့အခါမှာတော့ မလွယ်ပါဘူးခင်ဗျား။ ကျနော်ဆိုရင် အခုထိ မစီးတတ်သေးပါဘူး။ နောက် တခါ ကိုယ်ပိုင် စကီး၊ စကီးဖိနပ်၊ စကီးဝတ်စုံတွေကိုလဲ အခုထိ မ၀ယ်နိုင်သေးပါဘူး။ ဒီမှာတော့ ကို အောင်မော်ဆီမှာ စကီးက ၂ စုံတောင်ရှိတဲ့အတွက် အဲဒါကြီးကို နှင်းတောထဲ ဟန်ရေးပြစီးပီး ကျနော် နဲ့ ကိုဖိုးချို ဓါတ်ပုံအရိုက်ခံကြပါတယ်။ အေးလွန်းပြီး နှင်းတွေတအားကျနေတဲ့အတွက် ဘေးပါတ်လည် မှာ ဘယ်သူမှမရှိ။

နောက်မှသိရတာက ဒီလိုရာသီတုဟာ နှင်းလျောစီးဖို့ ကောင်းတဲ့ရာသီမျိုးမဟုတ်။ အအေးဓတ် နဲနဲ ကျပြီး နှင်းဖွဖွလေးကျကာ နေနဲနဲသာနေတဲ့အချိန်ကျမှ ဒီကလူတွေက အုပ်စုလိုက်ထွက်ပီး ဒီရေကန် ပတ်လည်မှာ စီးကြတာလို့သိရပါတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ အဲဒီလိုအချိန်ကောင်းကိုစောင့် မနေနိုင်။ တပေကျော်လောက်အထူရှိတဲ့ အဲဒီနှင်းပြင်ထဲမှာ စကီးကို ဖြစ်သလိုစိးပြီး ဓါတ်ပုံအရိုက်ခံရေး တို့အရေးဖြစ်နေခဲ့ပါတယ်။

ရေခဲပြင်မှာနေတာချင်းအတူတူတောင် ဖင်လန်နဲ့ နော်ဝေးမတူတဲ့အချက်ကတော့ ဖင်လန်က အိမ်တိုင်း မှာ ဆောင်နာ Sauna ရှိပီး ကျနော်တို့ နော်ဝေးမှာတော့ အဲဒါကြီးတွေ အိမ်မှာမပါတဲ့အတွက် ချွေး ထုတ်ချင်ရင် ပစ်ဆံပေးပီး အားကစားရုံတွေ၊ ရေကူးကန်တွေဆီမှာရှိတဲ့ Sauna ကိုသွားကြရပါတယ်။ မြန်မာနိုင်ငံနဲ့ ဘန်ကောက်မှာနေတုန်းက ရာသီဥတုပူလွန်းလို့ ချွေးထွက်ရင် စိတ်ညစ်တဲ့ကျနော်ဟာ အခု မြောက်ဝင်းရိုးဒေသမှာတော့ ချွေးမထွက်လို့ စိတ်ညစ်နေရပါတယ်။ ဒါကြောင့် ဒီ Sauna ကိုတွေ့ တုန်း ညနေတိုင်းလိုလို ချွေးထုတ်ဖြစ်ခဲ့ပါတယ်။

ရေခဲရဲတိုက်မှာ အဘိဓာန်ရေးနေသူ

နေ့ခင်းဖက် ရေခဲပြင်မှာချော်လဲလိုက်၊ ညနေဖက်ကျရင် ဗော်လကာခွက်လေးကိုင်ပီး Sauna ထဲဝင် ချွေးထုတ်လိုက်နဲ့ ၃ ရက်လောက်ကြာပီးတဲ့အခါမှာတော့ ရေခဲရဲတိုက်ရှိရာ မြောက်ဝင်းရိုးစွန်း အရပ်ဆီ ကျနော်တို့ခရီးနှင်လာခဲ့ပါတယ်။ ဖင်လန်ဟာလဲ နော်ဝေးနဲ့ ဆွီဒင်လိုပဲ အရှေ့-အနောက် ဧရိယာက တို တောင်းပီး တောင်-မြောက်ဧရိယာက အတော်ရှည်လျားတဲ့ နိုင်ငံဖြစ်ပါတယ်။ အရှေ့ဖက်မှာ ရုရှားနိုင်ငံ၊ အနောက်ဖက်မှာ ဘောလတစ်ပင်လယ်၊ မြောက်ဖက်မှာတော့ ရေခဲပြင်တွေရှိတဲ့၊ ရှေ့မှာကျနော်ပြောခဲ့ တဲ့ အက်စကီးမိုးလူမျိုးတွေနေထိုင်တဲ့ နော်ဝေး၊ ဆွီဒင်၊ ဖင်လန်နဲ့ ရုရှား ၄ နိုင်ငံဆုံရာ ဆာမီး Sami people ဒေသပေါ့။


အဲဒီ တောင်-မြောက် ရှည်မျောမျော ဟိုက်ဝေးလမ်းပေါ်မှာ တနေကုန်နီးပါး မောင်းပြီးတဲ့အခါမှာတော့ ရှေ့မှာပြောခဲ့တဲ့ ဘန်ချောင်းဒေသဆီ ကျနော်တို့နဲ့အတူတူ တောစခိုတဲ့အထဲပါလာတဲ့ ကိုမိုးဇော်အောင် နေအိမ်ရှိရာ ဘောလတစ်ပင်လယ်ဘေးက Vaasa မြို့လေးဆီ ကျနော်တို့ ရောက်သွားပါတယ်။ သူနဲ့ အတူ ကိုဝင်းဌေးကိုပါတွေ့ရပြိး ကိုမိုးဇော်အောင်ဟာ ထူးထူးခြားခြား ကိုယ်ပိုင်စီးပွါးရေးလုပ်ကိုင်နိုင်ဖို့၊ ကုန်စုန်ဆိုင်ဖွင့်ဖို့ ကျိုးစားနေသူအဖြစ် တွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ဆွေးနွေးဖြစ်တဲ့ ဘာသာရပ် တွေထဲမှာတော့ လက်ရှိအခြေနေနဲ့ အနာဂါတ်ခရီးစဉ်ကိစ္စက သိပ်နေရာမရပါဘူး။ ကုန်လွန်ခဲ့တဲ့ တော တောင်တွေထဲက ၁၀ နှစ်တာ ဘ၀အခြေနေတွေကိုပဲ ပြန်ပြောင်းပြောရင်းနဲ့ အချိန်တွေ ကုန်သွားခဲ့ပါ တယ်။

အဲဒီမြို့ကနေအထွက် နောက်တနေ့ နေ့လည်လောက်မှာတော့ ရေခဲရဲတိုက်ရှိရာ Kemi မြို့ကို ကျနော် တို့ရောက်သွားပါတယ်။ မြို့အ၀င်မှာ ကျနော်တို့ကိုလာကြိုသူက ကိုရဲမင်းအောင်။ သူ့ပုံက တောထဲမှာ တွေ့စဉ်ကပုံနဲ့ အတော်ကွာသွားပြီး ထောင်ထောင်မောင်းမောင်း အသားဖြူဖြူ ၀၀ ဖြစ်နေပါတယ်။ သူ့ ကားဦးဆောင်ရာနောက်ကိုလိုက်ရင်းနဲ့ ရေခဲရဲတိုက်ဆီ ကျနော်တို့ရောက်တော့ နေလည် ၂ နာရီ လောက်ရှိနေပါပြီ။ ဘောလတစ်ပင်လယ်ကမ်းစပ်မှာ ဆောက်ထားတဲ့ အဲဒီ ရေခဲရဲတိုက်ကတော့ အပူ ပိုင်းဒေသကလာတဲ့ ကိုဖိုးချိုအတွက်တင်မကဘဲ ရေခဲပြင်မှာ ၁၀ နှစ်လောက်နေဖူးတဲ့ ကျနော်အတွက် ပါအထူးအဆန်းဖြစ်နေခဲ့ပါတယ်။

"ရေမှာအရုပ်ရေးလို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး" ဆိုတဲ့စကားလုံးကို ကြားဖူးပေမဲ့ အဲဒီရေကို ခဲအောင် လုပ်ပီး အဲဒီရေခဲကိုပန်းပုထုရင် ကမ္ဘာကျော်နိုင်တယ်ဆိုတာကို ကျနော်မသိခဲ့ရိုးအမှန်ပါ။ သဘာဝ အ လျောက်ကျလာတဲ့နှင်းကနေဖြစ်သွားတဲ့ရေခဲတွေ၊ ဘောလတစ်ပင်လယ် ထိပ်ပိုင်းမှာခဲနေတဲ့ရေတွေ ကိုယူပြီး ဆောက်ထားတဲ့ ဒီရေခဲရဲတိုက်ဟာ တကယ့်ကိုအံသြစရာပါပဲ။ ရဲတိုက်အ၀င်ဝကို ရေခဲမြို့ရိုး နဲ့ကာထားပြီး အထဲမှာတွေ့သမျှအဆောက်ဦတွေ၊ ပစ္စည်းတွေအားလုံးဟာလဲ ရေခဲတွေချည်းဖြစ်နေပါ တယ်။ ရေခဲတိုင်၊ ရေခဲအကာ၊ ရေခဲအမိုး၊ ရေခဲကုတင်၊ ရေခဲစားပွဲ၊ ရေခဲ ကုလားထိုင်၊ ရေခဲ ဆွဲကြိုး၊ ရေခဲလက်စွပ်၊ ရေခဲလူပုံ၊ ရေခဲသစ်ပင်ပုံ၊ စသဖြင့် စုံလို့ပါပဲ။



မီးရောင်စုံတွေနဲ့ ပြထားတဲ့ရေခဲရဲတိုက်ဟာ အတော့်ကို လှပနေပါတယ်။
အဲဒီရဲတိုက်ထဲရှိ ရေခဲကော်ဖီဆိုင်က ရေခဲကုလားထိုင်မှာထိုင်ပြီး ရေခဲစားပွဲပေါ်မှာ ကော်ဖီသောက်ရင်း နဲ့ အအေးဓါတ်ကို လျော့ချရပါတယ်။ အပူဓါတ်ဆိုလို့ ကော်ဖီခွက်ကလွဲပီး ဘာမှမရှိ။ အဲဒီရေခဲ ကော် ဖီဆိုင်မှာထိုင်ရင်း ကျနော်စကားပြောခွင့်ရခဲ့တဲ့ပုဂိုလ်တချို့ကတော့ စပိန်ကနေလာလည်တဲ့ လူငယ် တွေပါ။ တကယ်ကတော့ ဒီလိုရေခဲ ရဲတိုက်နဲ့ ဆီးနှင်းတွေဟာ အာရှနဲ့ အပူပိုင်းဒေသကလာတဲ့ သူတွေအတွက်တင် အထူးအဆန်းမဟုတ်။ စပိန်၊ ပေါ်တူဂီ၊ ဂရိတို့လို ဥရောပ အနောက်ခြမ်းက လူ တွေအတွက်ပါ အထူးအဆန်းဖြစ်နေပါတယ်။ ဥရောပချင်းတူပေမဲ့ သူတို့ဖက်မှာ ဒီလိုဆီးနှင်းမရှိ၊ ရေခဲ မရှိပါ။ ကျန်တဲ့ နယ်သာလန်၊ ဘလဂျီယံ၊ အဂ်လန်၊ ဂျာမဏီ။ ဒိန်းမတ်ဖက်မှာလဲ နဲနဲအေးပေမဲ့ ဒီလို ရေခဲရဲတိုက်နဲ့ ဆီးနှင်းတွေမရှိဘူး လို့သိရပါတယ်။

အဲဒီလို ထူးဆန်းတဲ့သဘာဝအလှတရားတွေရှေ့မှာ ဓါတ်ပုံအရိုက်ခံမှုလုပ်ငန်းစဉ်ပီးဆုံးတဲ့ အခါမှာတော့ ကိုရဲမင်းအောင်ရဲ့ အိမ်ကို ကျနော်တို့သွားလည်ခဲ့ပါတယ်။ ဒီတော့မှ တောထဲမှာ တပ်စုမှုးတဦးအဖြစ် တာဝန်ယူခဲ့တဲ့ ကျနော်တို့ရဲ့ ရဲဘော်ကြီးက ဖင်လန်-မြန်မာ၊ ဖင်လန်-ကရင် အဘိဓာန် ပြုစုနေသူမှန်း သိခွင့်ရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာနေစဉ်တုန်းကတော့ အဘိဓာန်ပြုစုတယ်ဆိုတာဟာ ဦးထွန်းငြိမ်းတို့ လို၊ ဆရာယုဒဿန်တို့လို၊ ဆရာတက်တိုးတို့လို ပုဂ္ဂိုလ်ကြီးတွေနဲ့သာဆိုင်ပီး ကိုယ်နဲ့ဘာမှမဆိုင်ဘူးလို့ ထင်ထားပေမဲ့ ဒီမှာတော့ အဲဒီလိုမဟုတ်တော့။

အစဉ်အလာအရ မြန်မာနိုင်ငံသားတွေ တခါမှမရှိခဲ့ဖူးတဲ့၊ ရှိရင်လဲ ဆယ်ဂဏန်းထက်မပိုခဲ့ဖူးတဲ့၊ မြန်မာ သံရုံးလဲ တခါမှမဖွင့်ဖူးသေးတဲ့ ဒီ စကင်ဒီနေဗီယန်းဒေသမှာ သက်ဆိုင်ရာဘာသာစကားကိုသင်ဖို့ ဘာ အဘိဓာန်မှမရှိသေးပါ။ အနောက်တိုင်းသားအားလုံး အင်္ဂလိပ်စကားပြောတယ်လို့ ထင်ထားခဲ့တဲ့ ဟိုး ရှေးရှေးကအမြင်တွေဟာလဲ ဒီရောက်တော့မှ လက်တွေ့နဲ့အထင် တလွဲစီဖြစ်နေခဲ့ပေါ့။ ဥရောပဟာလဲ ကျနော်တို့ အာရှနဲ့ အရှေ့တောင်အာရှက နိုင်ငံတွေလိုပါပဲ။ တနိုင်ငံချင်းစီအလိုက် ကိုယ်ပိုင်ဘာသာ စကားတခုစီရှိနေတဲ့အတွက် အဲဒီနိုင်ငံမှာနေရင် အဲဒီစကားကိုမပြောတတ်လို့မဖြစ်။ ဆိုလိုတာကတော့ အင်္ဂလိပ်စကားတတ်နေယုံနဲ့ ဒီနိုင်ငံတွေမှာ အလုပ်မဖြစ်ပါ။

အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ တောင်အာဖရိက၊ သြစတေလျနဲ့ နယူးဇီလန်ကလွဲရင် ကျန်တဲ့နိုင်ငံတွေ မှာ အင်္ဂလိပ်စကားက ဒုတိယ အဆင့် ဆက်သွယ်ရေးကရိယာမျှသာဖြစ်ပါတယ်။ နောက်တခါ စပိန် ဘာသာစကားကို အမေရိကန်အပါဝင် လက်တင်အမေရိကားနိုင်ငံအတော်များများမှာ အသုံးပြုကြတာ ၊ ပြင်သစ်စကားကို အာဖရိကတိုက်ကနိုင်ငံ အတော်အတော်များများမှာ အသုံးပြုကြတာ၊ အာရဗစ်၊ အူရဒူ၊ ပါရှန် စကားတွေတတ်ရင် အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှဒေသတခုလုံးအတွက် အသုံးတည့် တယ်ဆိုတာတွေကို မြန်မာနိုင်ငံအပြင်ဖက်ကိုရောက်ပီး ၁၀ နှစ်ကျော်ကြာမှ ကျနော်သိလာခဲ့ရပါတယ်။

ဆိုလိုတာကတော့ အင်္ဂလိပ်စကားတတ်နေရုံနဲ့အလုပ်မဖြစ်တဲ့အတွက် သက်ဆိုင်ရာနိုင်ငံရဲ့ စာပေနဲ့ မြန်မာစာပေအကြား ပေါင်းကူးသင်ပြနိုင်အောင် အဘိဓာန်တွေကို အခုမှရောက်လာတဲ့လူတွေ ကိုယ် တိုင်ဦးစီးပြီး ပြုစုနေရတယ်ဆိုပါတော့။ အလားတူ ပြုစုနေမှုတွေကို နယ်သာလန်ရောက်စဉ်ကလဲ ကျနော်တွေ့ခဲ့ရပြီး ကျနော်တို့ နော်ဝေးမှာလဲ မကြာသေးခင်ကဘဲ့ နော်ဝေး-မြန်မာ အဘိဓာန် ထုတ်ဝေ လိုက်ပြီဖြစ်ပါတယ်။ ဒီအဘိဓာန်တွေဟာ ရှေ့မှာပြောခဲ့တဲ့ ဦးထွန်းငြိမ်းတို့၊ ယုဒသန်တို့လို ပညာရှင်တွေ ပြုစုတဲ့အဘိဓာန်မဟုတ်ဘဲ လုပ်ငန်းခွင်ထဲကလူတွေက တကယ့်လိုအပ်ချက်အရပြုစုထားတာဖြစ်တဲ့ အတွက် ဘာသာဗေဒအရ အားနဲချက်တွေရှိနေနိုင်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ တတိယ နိုင် ငံရောက် ပုဂ္ဂိုလ်တွေအတွက် မရှိမဖြစ်လိုနေတဲ့ စာအုပ်တွေဖြစ်ပါတယ်။

"ဒီစကားက မသိရင် အင်္ဂလိပ်စာလုံးတွေလိုဘဲ့ထင်ရတယ်။ အသေချာဖတ်ကြည့်တော့ တလုံးမှ နား မလည်ဘူးဗျ" ဆိုပီး ကိုရဲမင်းအောင်ကပြောပါတယ်။ အင်္ဂလိပ်စာအခြေခံရှိသူတောင် ဒီလိုဖြစ်နေရင် အခြေခံမရှိသူဆို ပိုဆိုးမယ်။ ဖင်လန်-မြန်မာ အဘိဓာန်ရေးမှဖြစ်မယ်ဆိုပီး သူထိုင်ရေးလိုက်တာ ၂ နှစ် ကျော်ကြာတယ်လို့သိရပါတယ်။ အခုတော့ သူရေးသားပြုစုထားတဲ့ ဖင်လန်-မြန်မာ၊ ဖင်လန်-ကရင် အဘိဓာန်တွေက ဖင်လန်ရောက် ABSDF ကျောင်းသားဟောင်းတွေ၊ နိုင်ငံရေးအကျဉ်းသားဟောင်း တွေနဲ့ ကရင်နီဒုက္ခသည်စခန်းကနေရောက်လာသူတွေအတွက် အတော်အသုံးဝင်နေပီဖြစ်ပါတယ်။

ခရစ်စမတ်ဖိုးဖိုး Santa Claus နဲ့တွေ့ဆုံခြင်း

ကိုရဲမင်းအောင်နဲ့ အဘိဓာန်ကိစ္စ၊ ဘာသာစကားကိစ္စတွေ ဆွေးနွေးပြီးနောက်မှာတော့ နောက်တမြို့ဆီ ခရီးဆက်ထွက်ပြီး ဟိုက်ဝေးကားလမ်းဘေးတနေရာက ရေခဲပြင်မိုတယ်မှာ ကျနော်တို့အုပ်စု ညအိပ် စခန်းချပါတယ်။ အဝေးကကြည့်လိုက်ရင် ရေခဲပြင်ထဲက သစ်သားအိမ်သေးသေးလေးတွေ အဖြစ်သာ မြင်ရပေမဲ့ အခန်းထဲမှာတော့ ရေချိုးခန်း၊ အိမ်သာနဲ့ မီးဖိုးချောင် အားလုံးအစုံ်ပါ ပါတယ်။ အားလုံးကို သစ်သားနဲ့ ဆောက်ထားပီး လျှပ်စစ်အပူပေးကရိယာမပါပဲ ထင်းမီးဖို အပူးပေးကရိယာတခုတည်းကို သာ သဘာဝအတိုင်းဖြစ်အောင် တပ်ဆင်ပေးထားပါတယ်။


အဲဒီရေခဲပြင်တဲငယ် ၁၀ လုံးလောက်ရဲ့ ဘေးနားမှာတော့ ရေခဲနေတဲ့ကန်တခုရှိပြိး အဲဒီကန်ဘေးမှာ အကောင်းစား Sauna တခုကိုတွေ့ရပါတယ်။ ထုံးစံအတိုင်း ဗော်လကာခွက်ကိုကိုင်ပြီး Sauna ထဲမှာ ချွေးထုတ်၊ ပီးရင် ရေခဲဖြစ်နေတဲ့ ကန်ထဲပြေးဆင်းပီး နှင်းတောထဲမှာ လှဲအိပ်၊ ပီးရင် Sauna ထဲပြန်ဝင်။ ဒီလိုပုံစံနဲ့ Shock ရိုက်ပီး စိတ်ပင်ပန်းမှုလန်းဆန်းလာအောင် ဒီမှာလာတည်းတဲ့လူတွေ လုပ်လေ့ရှိ တယ်လို့ ဆိုပါတယ်။ အဲဒီနည်းအတိုင်း ကျနော်လဲ လိုက်စမ်းကြည့်ပေမဲ့ အေးလွန်းလို့ မခံနိုင်ပါဘူး။ တခါလောက်ပဲ စမ်းနိင်ပီး ဗော်လကာတခွက်နဲ့ Sauna ထဲမှာ ထိုင်ရင်း အချိန်ကုန်သွားပါတယ်။

နောက်တနေ့မနက်မှာတော့ Santa Claus ရှိတယ်ဆိုတဲ့အရပ်၊ မြောက်ပိုင်းရောင်ချည် Northern Light (ဆရာဦးဝင်းတင်ကတော့ ဥတ္တရအလင်း ဆိုပြီး ဘာသာပြန်ပါတယ်) ကိုမြင်ရတယ်ဆိုတဲ့ အရပ်၊ အာတိတ်စက်ဝိုင်းဖြတ်သွားတဲ့ ၆၆.၃၃ ဒီဂရီအရပ်။ ရှေ့မှာ ပြောခဲ့တဲ့ အက်စကီးမိုး သို့မဟုတ် Sami people တွေရှိတဲ့အရပ်နဲ့ သိပ်မဝေးတော့ဘူးဆိုတဲ့ Rovaniemi မြို့ဆီ ကျနော်တို့ခရီးဆက်ခဲ့ပါ တယ်။ ဒီမြို့နဲ့ ၈ ကီလိုမီတာအကွာကိုရောက်တဲ့အခါမှာတော့ အာတိတ်စက် ၀ိုင်းဖြတ်သွားတဲ့အရပ်ကို ရောက် ပြိး ကမ္ဘာလှည့်ခရီးသည်အများအပြားကိုတွေ့ရပါတယ်။

ဆီးနှင်းတဖွေးဖွေးကျနေတဲ့ အုပ်ဆိုင်းကောင်းကင်ရဲ့အောက်မှာ ခန့်ငြားစွာရှိနေတဲ့ဘုရားကျောင်း၊ အဲဒီ ကျောင်းရှေ့မှာ ခရစ်စမတ်တေးသွားနဲ့ ကခုန်နေတဲ့ လူတစု။ အဲဒီဘေးမှာတော့ အာတိတ်စက်ဝိုင်းဖြတ် သွားတဲ့ ၆၆. ၃၃ ဒီဂရိမျဉ်းကြောင်းရှိရာ မီးအိမ်တန်း။ ဆီးနှင်းတွေထူလွန်းလို့ မြေပေါ်ကအမှတ်သား တွေကို ကောင်းကောင်းမမြင်ရပါဘူး။

အဲဒီ မီးအိမ်တန်းကိုကျော်ပီး ဒီဖက်ထွက်လာတော့ ပြတိုက်နဲ့ အမှတ်တရပစ္စည်းဈေးဆိုင်တန်းတွေ။ ဟို ဖက်နဲနဲဆက်လျောက်လိုက်တော့ ရေခဲတဲအိမ်တွေကြားက ရေခဲပြင်သမင်တွေပြေးဆွဲနေတဲ့ စွပ်ဖား လှည်း။ ဒီလှည်းကိုစီးပြီး တကီလိုမီတာဝန်းကျင်လောက် ဒီရွာတခွင် လှည့်လည်နိုင်ပါတယ်။ အဲဒီလို ထူးဆန်းတဲ့ သဘာဝအလှတွေ၊ ပထ၀ီ ထူးခြားချက်တွေကို ငေးမောပီးတဲ့အခါမှာတော့ ရှေ့မှာပြောခဲ့တဲ့ ဘုရားကျောင်းဆီပြန်လာပီး ခရစ်စမတ်ဖိုးဖိုး Santa Claus နဲ့တွေ့ခွင့်ရဖို့ ကျနော်တို့အုပ်စု တန်းစီ စောင့်ရပါတယ်။ မစောင့်လိုမဖြစ်။ ကျနော်တို့အယင် စောင့်နေသူတွေက ရာနဲ့ချီပြီးရှိနေပါတယ်။

ဟော...တွေ့ပါပီ၊ Santa Claus နဲ့။ ဒါပေမဲ့ ဓါတ်ပုံရိုက်ခွင့်မပေးပါဘူးခင်ဗျား။ Santa Claus နဲ့ လက် ဆွဲနှုတ်ဆက်ပြီး ဘယ်ကလာလဲ။ ဘယ်နယ်ကလဲ တာဝန်ကျေမေးမြန်းပေါ့။ ဒါပေမဲ့ မြန်မာနိုင်ငံက လာ တယ်လို့ပြောလိုက်တော့ Santa Claus ဖိုးဖိုး နဲနဲတော့ အံသြပြီး မျက်ခုံးပင့်ပြပါတယ်။ အားလုံးမှ အချိန် ၅-မီနစ်ပဲရမယ်ထင်ပါတယ်။ အားလုံးနေရာယူတန်းစီပီးတာနဲ့ အမှတ်တရ ဓါတ်ပုံရိုက်ပါတယ်။ ကိုယ့် ကင်မရာနဲ့ကိုယ် ရိုက်ခွင့်မရတော့ သူတို့ကင်မရာနဲ့ ရိုက်ပေးတဲ့ပုံနဲ့ပဲ တင်းတိမ်ခဲ့ရပါတယ်။


ညဖက်မှာ မြောက်ပိုင်းရောင်ချည် Northern Light ကိုမြင်ရမလားဆိုပီး စောင့်ကြည့်ခဲ့ပေမဲ့ ဘာမှ ထူးထူးခြားခြားပေါ်မလာခဲ့ပါဘူး။ ဒီမြို့ကိုကျော်ပီး မြောက်ဖက်ကိုဆက်သွားမှ မြင်ရနိုင်တယ်လို့ ဒေ သခံတွေက အကြံပြုပေမဲ့ ဝေးလွန်းတာရယ်၊ အေးလွန်းတာရယ်တွေကြောင့် ကျနော်တို့ ဆက်မသွား နိုင်တော့ပါဘူး။ အလားတူ အက်စကီးမိုး Sami people တွေရှိရာအရပ်ဆီလဲ မသွားနိုင်တော့ပါဘူး။ အာတိတ်စက်ဝိုင်းဖြတ်သွားရာ ၆၆. ၃၃ ဒီဂရိမျဉ်းပေါ်မှာပဲ အမှတ်တရာ ဓါတ်ပုံတွေရိုက်ပြီး ကျနော်တို့ အုပ်စု မြောက်ဝင်ရိုးစွန်းအရပ်ကနေ လှည့်ပြန်လာခဲ့ပါတယ်။        ။

(မှတ်ချက်။     ။ဒီခရီးစဉ်အကြောင်းကို ရုပ်-သံ မှတ်တန်းကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။ ၈ မီနစ် စာ ရုပ်-သံကို ၈ မျက်နာအထိရေးပြိး ကျနော်ရှင်းပြထားခြင်းသာဖြစ်ပါတယ်)



0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More