Thursday, April 26, 2012

အနီးမှုန်လား။ အဝေးမှုန်လား။

ထက်အောင်ကျော် (၂၆-၀၄-၂၀၁၂)
http://www.colourparliament.com/


အသက် ၄၀-ကျော်ရင် မျက်စိမှုန်တယ်ဆိုတဲ့ ဆိုရိုးနဲ့အညီ ကျနော်လဲ စာကြည့်မျက်မှန် တ လက် ဆောင်ထားရတာ ၂-နှစ်လောက်ရှိနေပါပြီ။ ကြားဖူးနားဝစကားတွေအရ ၂-နှစ်တကြိမ်မျက်မှန် ပုံမှန်စစ်သင့်တယ်ဆိုတာကြောင့် အော်စလိုမြိုတော် နိုဗယ်စင်တာအနီးရှိ ပင်လယ်ကမ်းစပ်က မျက်မှန် ဆိုင်ကို သွားပြီးစစ်ကြည့်မိပါတယ်။ "အနီးမှုန်လား။ အဝေးမှုန်လား" ဆိုပြီး မျက်မှန်စစ်ဆေးသူက မေး ပါတယ်။ "စာကြည့်မျက်မှန် တပ်ထားမှတော့ အနီးမှုန်ပေါ့ဗျ" ဆိုပြီး ပြောတော့ မျက်မှန်စစ်ဆေးသူက မယုံသလိုလိုနဲ့ အနီးရော။ အဝေးပါ စစ်ဆေးနေပါတယ်။

နာရီဝက်နီးပါး စစ်ဆေးစမ်းသပ်ပီးတော့မှ စာလုံးတွေမကြည်လင်တဲ့ အနီးမှုန်သက်သက်ဆို တာကို သူကလက်ခံသွားပုံရပါတယ်။ ပါဝါနဲနဲထပ်တိုးရမယ်။ မှန်လဲရမယ်။ မှန်ခက ဘယ်လောက်။ လက်ခက ဘယ်လောက်ကျတယ်။ ဘယ်နေ့ပြန်လာယူပါလို့ပြောပါတယ်။ ကျနော်လဲ သူပေးလိုက်တဲ့ Appointment စာရွက်ကိုယူပြီး အော်စလိုကမ်းနားက ရဲတိုက်ကုန်းပေါ်တက်။ နေစာလှုံရင်းနဲ့ "ငါဖြစ် နေတာက အနီးမှုံသက်သက်ကောဟုတ်ရဲ့လား" ဆိုပြီး တကိုယ်တော် စဉ်းစားခန်းဖွင့်နေမိပါတယ်။

သာမန်စဉ်းစားမယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ မိုင်ပေါင်း ၅၀၀၀-လောက်အကွာ အော်စလိုမြို မှာရောက်နေတဲ့ ကျနော့်ရဲ့ ဒီနေ့နိုင်ငံရေးအမြင်ဟာ ရန်ကုန်မြိုမှာနေထိုင်သူတဦးရဲ့ ရှုမြင်မှုနဲ့စာရင် မှုံ ၀ါးဝါး ဖြစ်နေနိုင်ပါတယ်။ ဒါမေပဲ့ တဖက်ကနေ ပြန်စဉ်းစားမယ်ဆိုရင်လဲ ဒီနေ့လို နည်းပညာခေတ်။ အင်တာနက်ခေတ်မှာ အနီးမှာနေမှပိုမြင်ပြီး အဝေးရောက်ရင် မှုံဝါးဝါးဘဲ့မြင်နိုင်တယ်လို့ အပြတ်ပြော လို့ရနိုင်ပါ့မလား။

အနီးမှာနေခြင်း။ အဝေးမှာနေခြင်းဆိုတာက သိပ်အဓိက မကျဘဲ နေ့စဉ်ဖြစ်ပေါ်တိုးတက်နေ တဲ့ နိုင်ငံရေးအခြေနေကို ခြုံငုံသုံးသပ်နိုင်ခြင်းက ပိုအဓိကမကျဘူးလား။ မြန်မာနိုင်ငံတွင်းကလူအတော် များများကိုယ်တိုင် မိုင် ၅၀၀၀-ကျော် ၈၀၀၀-နီးပါးအကွာဝေးနေ ထုတ်လွင့်နေတဲ့ လှိုင်းတိုရေဒီယိုတွေ။ စလောင်းတီဗွီ တွေကိုကြည့်ပြိး ဒီနေ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု နောက်ဆုံးအခြေနေတွေကို လေ့ လာနေရတုန်းဘဲ့မဟုတ်လားလို့ အဝေးရောက်နေသူတွေဖက်ကနေ ကိုယ်ဘာသာရှေ့နေလိုက်ရင်း ကျ နော်စဉ်းစားနေမိပြန်ပါတယ်။

အသက်ကြီးပေမဲ့ အနီးမှုန်ခြင်းကိုရှောင်နိုင်သူများ


"အရီးလာသည် ...
ဆီးသီး ပါသလား။
အဆီ မစား။
အသီး စားပါ..."

အနီးမှုန်လား။ အဝေးမှုန်လား တကိုယ်တော်စဉ်းစားရင်း အဖြေမထွက်ဘဲ လုံးခြာလည်နေတဲ့ ကျနော်ဟာ ဘ၀တူ အဝေးရောက်ရဲဘော်သူငယ်ချင်းတွေနဲ့ စကားစမြည်ပြောကြည့်ဦးမှဆိုပြီး တိုင်း ခန်းလှည့်ရင်းနဲ့ အော်စလိုမြိုပြင်က စာသင်ကျောင်းလေးတခုကိုရောက်နေတာပါ။ စာသင်ကျောင်းဆိုလို့ မြန်မာနိုင်ငံက အမက-တွေ အလက-တွေလို ကျောင်းအကြီးကြီးဆောက်ထားပြီး ရာနဲ့ချီတဲ့ကျောင်း သားတွေ တက်နေတဲ့ကျောင်းလို့ မထင်လိုက်ပါနဲ့။

တပါတ်မှာ တနင်္ဂနွေတရက်။ တရက်မှာမှ ၄-နာရီလောက်သာစာသင်ပေးနိုင်တဲ့ စာသင်ခန်း လေးပါ။ ကျနော်တို့မျိုးဆက်တွေဟာ နော်ဝေးရောက်တဲ့အထိ ဗုံးခိုကျင်းနဲ့မကင်းနိုင်သေးဘူးလို့ပြောရ မလားပါဘဲ့။ ဒုတိယ ကမ္ဘာစစ်တုန်းကဆောက်ထားတဲ့ ခေတ်မှီဗုံးခိုကျင်း ကျောက်ဂူထဲမှာ ဒီကျောင်း လေး ဖွင့်ထားတာကိုတွေ့ရပြိး ကျောင်းသား။ ကျောင်းသူ ၁၀-ကျော်နဲ့အတူ ကျောင်းဆရာ ၂-ဦး။ က လေးတွေကို လိုအပ်တာကူညီပေးနေတဲ့ ကလေးမိဘ အဝေးရောက်သူငယ်ချင်း ၄-၅ ဦးကို အဲဒီ မြေအောက် စာသင်ခန်းမှာ ကျနော်တွေ့ခဲ့ရပါတယ်။ 

"ဆီးသီးဆိုတာ ဘာလဲဆရာမ" ဆိုပြီး အသက် ၆-နှစ်အရွယ် ကျောင်းသူလေးတဦးက နော် ဝေးလိုနဲ့ ပြန်မေးနေတာ ကျနော်ကြားလိုက်ပါတယ်။ ဆရာမကလဲ ဘယ်လိုရှင်းပြရမှန်းမသိ။ ပုံဆွဲပြ တော့လဲ ကလေးကသဘောမပေါက်။ ဆီးသီးကိုတခါမှမမြင်ဖူးတဲ့လူကို ဆီးသီးပုံဆွဲပြနေလို့ ဘယ်သ ဘောက်ပေါက်မလဲ။ 

ဆိုလိုတာကတော့ ဆီးသီးမရှိ။ ပန်းသီးသာရှိတဲ့ အရပ်။ ထညက်ခဲမရှိ ချောက လက်သာရှိတဲ့အရပ်မှာ မွေးဖွါးလာတဲ့ နော်ဝေးနိုင်ငံက ဒီမျိုးဆက်သစ်လေးတွေကို မြန်မာနိုင်ငံက ဆီးသီးအကြောင်းရှင်းပြရတာ ဒီလောက်ခက်နေမယ်ဆိုရင် ပုံဆွဲပြလို့မရနိုင်တဲ့ မြန်မာ့နိုင်ငံရေးသမိုင်း အခြေနေ။ ကျနော်တို့မျိုးဆက်ရဲ့စွန့်လွတ်တိုက်ပွဲဝင်မှုနဲ့ ယဉ်ကျေးမှု အကြောင်းရှင်းပြမယ်ဆိုရင် ဆီးသီး ဇတ်လမ်းထက် ပိုခက်မယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

တကယ်ကတော့ တတိယ နိုင်ငံရောက်မြန်မာကလေးတွေ မြန်မာစာမတတ်ဖြစ်နေတဲ့ကိစ္စကို ကျနော်ပြောနေတာ နှစ်အတော်ကြာနေခဲ့ပါပြီ။ သတင်းထောက်တာဝန်နဲ့ရောက်ခဲ့ဖူးတဲ့ ဒိန်းမတ်။ ဖှင်လန်အပါဝင် ဥရောပနိုင်ငံတချို့က ဒီလိုအလားတူ စာသင်ကျောင်းလေးတွေကို တင်ပြခဲ့ဖူးပြီးဖြစ်ပါ တယ်။ တချိန်တည်းမှာဘဲ့ မြန်မာနိုင်ငံသား ၃၀၀၀-ကျော်ရောက်နေတဲ့ နော်ဝေးနိုင်ငံမှာကော ဘာ ကြောင့် ဒီလိုစာသင်ကျောင်းလေး မပေါ်သေး။ မလုပ်နိုင်သေးတာလဲဆိုပြီးလဲ ကျနော်မေးခွန်း ထုတ်ခဲ့ ဖူးပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက သန်း ၆၀-သောပြည်သူတွေ ထမင်းငတ်နေတဲ့ကိစ္စ။ သူတို့ရဲ့သားသမီး တွေ စာမသင်နိုင်။ ကျောင်းမထားနိုင်တဲ့ကိစ္စ။ နယ်စပ်နဲ့ ကျေးလက်ဒေသမှာ ပညာရေးနိမ့်ကျနေတဲ့ ကိစ္စတွေကို ဦးစားပေးပြောရမဲ့အစား လူ နှစ်ယောက်တပိုင်းသာရှိတဲ့ တတိယ နိုင်ငံရောက် မြန်မာ ကလေးတွေ မြန်မာစာမတတ်တဲ့ကိစ္စကို ရေးကြီဂွယ်ကျယ်လုပ်ပြီး အချိန်ယူတင်ပြနေတယ်ဆိုပြီး ကျ နော်တို့ သတင်းသမားအချင်းချင်းကြား ငြင်းခုံခဲ့ဖူးတဲ့အတွက် ဒီကိစ္စကို ကျနော်မပြောဖြစ်တာ အတော် ကြာနေခဲ့ပါပြီ။ ဒါမေပဲ့ ဒီကိစ္စဟာ ဆွေးနွေးငြင်းခုန်သင့်တဲ့ကိစ္စတခုအဖြစ် ကျနော်စိတ်ထဲမှာ အမြဲရှိနေ ပါတယ်။

"တတိယ နိုင်ငံရောက် မြန်မာကလေးတွေ မြန်မာစာမတတ်တာကို ပြသာနာတခုလို့ ခင်ဗျား ထင်သလား။ ဘာကြောင့် ဒီကျောင်းဖွင့်ဖို့လိုတာလဲ" ဆိုပြီး မြေအောက် စာသင်ခန်းထဲက ကျောင်း အုပ်ဆရာကို ကျနော်မေးမိပါတယ်။ သူကလဲ တောထဲမှာ ကျနော်တို့နဲ့အတူနေခဲ့ဖူးသူ။ ကျနော့် အ ကြောင်းလဲသိနေသူဆိုတော့ သူကျောင်းကို ကျနော်ရောက်လာကတည်းက အလကားအပြင်းပြေ လာ ခြင်းတော့မဟုတ်။ သူကို အချွန်နဲ့မတဲ့ မေးခွန်းတွေမေးဖို့လာသူဆိုတာကို ကြိုတွက်ထားပြီး သားဖြစ်ပုံ ရပါတယ်။

"အဓိက ကတော့ဗျာ။ စကားလုံးအကြီးကြီးတွေကိုအရသာခံပြောနေတာနဲ့စာရင် လက်တွေ့ ကိုယ်လုပ်နိုင်တဲ့။ လုပ်လဲလုပ်သင့်တဲ့ အလုပ်တခုကို လုပ်နိုင်တဲ့နေရာကနေ စလုပ်လိုက်တာပါဘဲ့" လို့ ကျောင်းဆရာကဖြေပါတယ်။ ဒီလူ ကျနော်ကိုပြန်နှက်နေသလားဆိုပြီး သံယသနဲ့ သူမျက်နှာ ကို အ သေချာကြည့်လိုက်တော့ အဲဒီလိုမဟုတ်။ သူယုံကြည်တာကို ရိုးရိုးသားသား ပြောနေပုံက သူမျက်နှာ မှာပေါ်နေပါတယ်။ 

"ကလေးတွေကိုစာသင်ပေးနေတာဟာ အနာဂတ်တိုင်းပြည်ကို ထူထောင်နေခြင်း တမျိုးပါဘဲ့။ အဝေးကြီးကိုလှမ်းကြည့်ဖို့လိုသလို ကိုယ်ဘေးမှာဖြစ်နေတဲ့ကိစ္စတွေ။ လိုအပ်ချက်တွေကို လဲ ၀င်ဖြည့်ပေးဖို့လိုတယ်လေ"

ကျောင်းဆရာရဲ့စကားလုံးတွေက ကျနော်ရင်ဘတ်ကို တည့်တည့်လာမှန်တဲ့အတွက် သောက် လက်စရေနွေးနဲ့ လဖက်သုတ်ကိုတောင် ဆက်မတုတ်နိုင်ဘဲ ခနဆိုင်းလိုက်ရပါတယ်။ "အဲဒီတော့ တတိ ယနိုင်ငံရောက်မြန်မာကလေးတွေ မြန်မာစာမတတ်တာကို ပြသာနာတခုအဖြစ် ခင်ဗျားကမြင်တယ်ပေါ့။ မြန်မာစာမတတ်လို့ ဘာမှမဖြစ်ဘူး။ နော်ဝေးစာတတ်ဖို့ဘဲ့လိုတယ်လို့ပြောနေတဲ့ မိဘတွေကို ခင်ဗျား ဘာပြောမလဲ" ဆိုပြီး ကျနော်က ထပ်အထွန့်တက်လိုက်ပါတယ်။ 

"ဒီလိုဗျ။ သူတို့မြန်မာစာမတတ်လို့ လောလောဆယ် ဘာမှပြသာနာကြီးကြီးမားမားမရှိ နိုင်ဘူး ဆိုတာမှန်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ကလဲ နော်ဝေးစာကောင်းကောင်းမတတ်တဲ့အခါကျတော့ ကလေးတွေနဲ့ ကျနော်တို့ကြား ရေရှည်မှာဘာသာစကားပြသာနာရှိလာနိုင်ပါတယ်" လို့ ကျောင်းဆရာ ကတွေးတွေးဆဆနဲ့ ဖြေပါတယ်။ 

ဗမာစာကို သူတို့နားမလည်ဘူးဆိုရင် ကျနော်တို့နိုင်ငံရဲ့ ရုန်းကန် တိုက်ပွဲဝင်မှုသမိုင်းတွေ။ ကျနော်တို့မျိုးဆက်တွေရဲ့ စွန့်လွတ်အနစ်နာခံမှုတွေ။ နောက်တခါ ဘာသာ တရား အဆုံးအမနဲ့ မြန်မာ့ယဉ်ကျေးမှုအကြောင်းတွေကို သူတို့နားလည်အောင်ရှင်းပြဖို့ မလွယ်တော့ ဘူးလို့ ကျောင်းဆရာကဆက်ပြောပါတယ်။

ပြီးတော့ အသက် ၁၀-နှစ်ကျော်။ ၂၀-၀န်းကျင်ရောက်တဲ့အထိ မြန်မာစာမတ်တဲ့ကလေးတွေ။ တချို့ဆို မြန်မာစကားတောင် မတတ်တဲ့ကလေးတွေ။ (မြန်မာဆိုတာ မြန်မာနိုင်ငံသားအားလုံးကို ဆို လိုတာဖြစ်ပြီး ကရင်လဲ ကရင်စာ။ မွန်လဲမွန်စာ။ ချင်းလဲချင်းစာ စသဖြင့် မိခင် ဘာသားစကားကို တတ်သင့်တယ်လို့ဆိုလိုတာဖြစ်ပါတယ်) ရှိနေတဲ့ မိသားစုတွေအကြောင်း ကျနော်တို့ ဆက်ပြောဖြစ် ပါတယ်။

နောက်တခါ မိဘက နော်ဝေးစာမတတ်လို့ ကလေးတွေကိုအားကိုးပြီး ဘာသာပြန်ခိုင်းရာက နေ မိဘတွေအပေါ်ကလေးတွေက အထင်အမြင်သေးလာပြီး "ဘာမှမသိ နားမလည်တဲ့ မိဘတွေပါ လား" လို့ နားလည်မှုလွဲသွားတဲ့ မိသားစုတွေအကြောင်းလဲ ကျနော်တို့ ဆွေးနွေးဖြစ်ကြပါတယ်။  

"ကလေးတွေကသာ မိဘကို အဲလိုအထင်သေးသွားပြီဆိုရင် ခင်ဗျားဘ၀ဆုံးပြီ။ အဲဒီလိုမျိုး အဖြစ်မခံနိုင်လို့ ကျနော် ကျောင်းဆရာဝင်လုပ် နေတာပါ" လို့ ရှင်းပြရင်းနဲ့ တောထွက်ကျောင်းဆရာက သူရဲ့အမြင်ကို နိဂုံးချုပ်ပါတယ်။


ဒါဆိုရင် အနီးမြင် အဝေးမှုန်ဖြစ်နေကြတာလား

ကျောင်းဆရာနဲ့ ကျနော့်ကြား အမေးအဖြေ နဲနဲအရှိန်ရလာတော့ ဘေးကပုဂိုလ်တွေကလဲ ပါ ၀င်ဆွေးနွေးလာပါတယ်။ ဒီလိုနဲ့ကျနော်တို့ရဲ့ တနင်္ဂနွေစကားဝိုင်းဟာ ပိုမိုသွက်လက်လာပြီး အာဂျင်ဒါ ကလဲ အနီးမှုန်ကနေ အဝေးမှုန်ဖက်ကိုရွေ့လျားလာပါတယ်။ "အိုကေ။ ဒီတိုင်းဆိုရင်တော့ ခင်ဗျားတိုက အနီးမှုန်နေသူတွေမဟုတ်တာကတော့ သေချာသွားပီ။ ဒါပေမဲ့ အဝေးမှုန်တွေများဖြစ်နေလေမလား" ဆိုပြီး ကျနော်က စကားထောက်လိုက်ပါတယ်။ ဒီတကြိမ် ၀င်ရောက်ဆွေးနွေးလာသူကတော့ ရေးဖော် ရေးဖက် ဘလော်ဂါဆရာပါ။ 

"ဒီလိုဗျ။ ကျနော်တို့နဲ့အတူ တောခိုလာတဲ့လူတချို့ဟာ အခုလိုမျိုးဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းသစ်ကိုတွက်ဆပီး နှစ် ၂၀-ကျော်လုံးလုံး ဒီအတွက်ကြိုပြင်နေခဲ့တာပါ။ ကျနော်တို့က သာ မနက်ဖြန်သဖက်ခါ တော်လှန်ရေးအောင်မယ်လိုလိုနဲ့ ဘာမှစနစ်တကျမပြင်ဖြစ်။ ဘာမှစနစ်တကျ မသင်ယူဖြစ်ဘဲနဲ့ နှစ် ၂၀-ကြာသွားတာ။ ဒီတော့ ဒီနေ့အခင်းကျင်းသစ်မှာ ၀င်ကစားဖို့ ကျနော်တို့ အ များစုကြီးက အဆင်သင့်ဖြစ်မနေဘူးပေါ့ဗျာ'' ဆိုပြီး ဘလောဂါဆရာကဆိုပါတယ်။

ဒီလိုအပြန်အလှန် ငြင်းခုန်ရင်းကနေ ဗဟုအဖွဲ့ဝင်တွေ။ ဟားဗတ်တက္ကသိုလ်ဆင်းတွေ။ ဒေါက်တာဘွဲရသူတွေ။ မာစတာ ဘွဲရသူတွေ။ ပြည်ပ သတင်းဌာနအသီးသီးက အရာရှိတွေ။ နယ်စပ်တကျောက အန်ဂျီအို-အရာရှိတွေ။ စသဖြင့်။ စသဖြင့် လက်ရှိပြောင်းလဲမှုဖြစ်စဉ်မှာ ချက်ချင်းဝင်ကစားနိုင်သူတွေအကြောင်း ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။

"ဒါပေမဲ့ ဒီလူတွေက ဆယ်ဂဏန်းဘဲ့ရှိတာဗျ။ ကျနော်တို့တောထွက်တွေ။ ထောင်ထွက်တွေက နိုင်ငံတကာမှာ သောင်းနဲ့ချီရှိနေတာဆိုတော့ တစုံလုံးပါလာနိုင်အောင် စဉ်းစားပေးသင့်တယ်လို့ ကျ နော်ထင်တယ်" ဆိုပြီး ကျောင်းသားမိဘဖြစ်နေတဲ့ နောက်ထပ်တောထွက်တဦးက ၀င်ဆွေးနွေးပါ တယ်။ 

"မင်းကိုနိုင်ပြောတဲ့ ဖုန်းမော်နေ့-စကားကို ခင်ဗျားတို့သတိထားမိလား။ နိုင်ငံခြားမှာရောက် နေတဲ့ရဲဘော်ရဲဘက်တွေ ပြည်တော်ပြန်လာပြီး တိုင်းပြည်ထူထောင်ရေးမှာ ပူးပေါင်းဆောင်ရွက်ကြဖို့ဆို တာလေ" လို့ ကျနော်ကပြောရင်း တတိယ-နိုင်ငံရောက် ကျနော်တို့မျိုးဆက်တွေ အဆင့်မြင့် ပညာ သင်ကြားရေးဖက် အာရုံစိုက်မှုအားနဲခဲတာကို ထောက်ပြမိပါတယ်။ 

"ခက်တာက ကျနော်တို့ဟာ ပညာသင်ဖို့ တတိယ နိုင်ငံကိုထွက်လာတာမဟုတ်ဘူးဗျ။ တော် လှန်ရေးလုပ်ဖို့တောခိုလာတာ။ ဟုတ်မယ်မို့လား..။ အဲဒီကမှတဆင့် အကြောင်းအမျိုးမျိုးကြောင့် ဒီကို ရောက်လာသူတွေဆိုတော့... ခင်ဗျားပြောသလို အဝေးမှုန်ဖြစ်ခဲ့သူတွေလို့ တံဆိပ်ကပ်ဖို့ကလဲ မဟုတ် သေးဘူးနဲ့တူတယ်" လို့ ဘလောဂါဆရာက ကျနော်ကိုပြန်ထောက်ပါတယ်။ 

"မင်းကိုနိုင်ပြောတဲ့ထဲမှာနောက်ထပ် အရေးကြီးတဲ့စကားတခုလဲပါသေးတယ်ဗျ။ လွတ်မြောက် ရေးတိုက်ပွဲမှာ စွန့်လွတ်အနစ်နာခံခဲ့သူတွေဟာ အခုချိန်မှာ နောက်တန်းကိုရောက်သွားပီး တိုင်းပြည်ထူ ထောင်ရေးလုပ်နိုင်သူတွေက ရှေ့တန်းကိုရောက်လာပါလိမ့်မယ်-ဆိုတာလေ'' လို့ ကျနော်က ထပ်ပြော တော့ တောထွက်ရဲဘော်သူငယ်ချင်းအားလုံး တွေဝေသွားပုံရပြီး တနင်္ဂနွေ စကားဝိုင်းက ခေတ္တငြိမ် သွားပါတယ်။


အနီးမှုန် အဝေးမမြင်

"တကယ်က ကျနော်တို့သာ လျှောက်ပြောနေတာ။ လူအများစုကြီးက သူဟာနဲ့သူ အလုပ်ရှုပ် နေလို့ ကျနော်တို့လိုအငြင်းပွါး စဉ်းစားနေဖို့ကို အချိန်မရလောက်ဘူးထင်ပါတယ်။ ကျနေုာ်တို့လို စဉ်း စားနေတယ်လူ ဘယ်လောက်ရာခိုင်းနှုံးရှိမယ်ထင်လဲ" လို့ ငြိမ်သက်မှုကိုဖြိုခွင်းတဲ့အနေနဲ့ ကျနော်ကဘဲ့ စကားခေါ်လိုက်ပါတယ်။ 

" ၅-ရာခိုင်နှုံး။ ၁၀-ရာခိုင်းနှုံးထက် မပိုလောက်ဘူးထင်တယ်" လို့ ကျောင်းဆရာက ချက်ချင်း တန်းဖြေပါတယ်။ "ဘာအထောက်ထားနဲ့ခင်ဗျားက ဒီလိုပြောတာလဲ" ဆိုပြီး ကျနော်တို့ ဆက်လက် ငြင်းခုန်ကြပြန်ပါတယ်။ ပြီးတော့ စကားဝိုင်းဟာ အိမ်ဝယ်ဖို့။ ကားဝယ်ဖို့။ ခိုင်မာတဲ့အလုပ်ရဖို့။ ၀င်ငွေ ကောင်းတဲ့ အလုပ်ရဖို့ကျိုးပန်းရင်း။ သားရေး။ သမီးရေး။ မိသားစုရေးနဲ့လုံးပန်းရင်း နေ့မအား။ ညမအား ဖြစ်နေကြတဲ့ မိသားစုဘ၀တွေဖက်ကို ရောက်သွားပြန်ပါတယ်။

"ဒါက တကယ့်လက်တွေ့ဘ၀ဘဲ့လေ။ ကိုယ်ရောက်နေတဲ့အရပ်မှာ အဆင်ပြေအောင် နေထိုင် ရှင်သန်ဖို့ကအရေးအကြီးဆုံးဘဲ့မဟုတ်လား" လို့ ကျနော်တို့ အားလုံးဆက်လက်ငြင်းခုန်ကြပြန်ပါတယ်။

"အရှိတရားလက်တွေ့ဘ၀ကိုတော့ ဘယ်သူမှမလွန်ဆန်ုနိင်ဘူးပေါ့ဗျာ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ် ၂၀-ကျော် ကျနော်တို့အိမ်ကနေစထွက်ပီး တောခိုလာတဲ့ ရည်ရွယ်ချက်ကတော့ ဒီလိုမျိုးရောက်တဲ့အ ရပ်မှာ အဆင်ပြေအောင် နေထိုင်ရှင်သန်ရေး မဟုတ်ဘူးလေ...။ ဟုတ်တယ်မို့လား..." လို့ ကျနော်က ဆက်ပြောတော့ တောထွက် ရဲဘော်သူငယ်ချင်းတွေရဲ့ လက်ဘက်သုတ်နဲ့ ရေနွေးကြမ်းဝိုင်းဟာ တခါ ပြန်ပြီး ငြိမ်သက်သွားပြန်ပါတယ်။

1 comments:

ကျောင်းအုပ်ကြီး ကိုရွေသွေးကို အမှတ်ရလို့ ၀င်ကြည့်ဖြစ်ပါတယ်။

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More