Sunday, December 24, 2017

၂၀၁၇ အလွန် ငြိမ်းချမ်းရေးကို မျှော်ကြည့်ခြင်း

The Voice Daily,
22-Dec-2017.

၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်လို့ ခေါင်းစဉ်ပေးခဲ့ပေမယ့်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ ကို ငြိမ်းချမ်းရေးနှစ်အဖြစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ကျင်းပတဲ့ (NRPC) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဌာနဖွင့်ပွဲမှာ စတင်ပြော ဆိုခဲ့ပါတယ်။ “အသံတွေ ထွက်လာရမယ်၊ ငြိမ်းချမ်းရေးလိုချင်တယ်၊ ညီညွတ်ရေး လိုချင်တယ်၊ အပြောင်း အလဲ လိုချင်တယ်ဆိုတာ အများသိအောင် ပြည်သူတွေရဲ့အသံတွေ ပေါ်လာဖို့လိုတယ်” လို့ အဲဒီအခမ်း အနားမှာ သူမက တိုက်တွန်းခဲ့ပါတယ်။
၂၀၁၆ မကုန်ခင် ဒီဇင်ဘာအစောပိုင်းကမှ မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရတပ်တွေကြား တိုက်ပွဲ ကြီးတွေဖြစ်ထားလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် စိုးရိမ်နေသူတွေဟာ အစိုးရသစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ကြောင့် မျှော်လင့်ချက် ပြန်ရှိလာပါတယ်။ သတင်းစာအယ်ဒီတာ့ အာဘော်တွေ၊ တစ်ဦးချင်းအာဘော်ဖြစ်တဲ့ Facebook တွေမှာ ငြိမ်းချမ်းရေးအသံတွေကို ပြန်ကြားလာရပါတယ်။

ဇန်နဝါရီ ဒုတိယပတ်ထဲမှာ ငြိမ်းချမ်းရေးအတွက် အလှူငွေကောက်ခံတော့ ခရိုနီ-ခရိုပြာတွေက ထည့်လိုက်တဲ့ငွေက အားရစရာကြီး။ တစ်ချိန်တည်းမှာပဲ အရပ်ဘက်အဖွဲ့အစည်းတွေ၊ NLD ပါတီဝင်တွေကလည်း ငြိမ်းချမ်းရေးကို ထောက်ခံကြောင်း ရန်ကုန်၊ ပဲခူး၊ မော်လမြိုင်၊ ပြည်၊ မကွေး၊ ရွှေဘို၊ ပုသိမ်၊ သထုံ၊ ထားဝယ်၊ မြိတ် စတဲ့မြို့တွေမှာ လူရာနဲ့ချီပါဝင်တဲ့ လူထု ချီတက်ပွဲတွေ ကျင်းပခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမိုင်းဝင် ပင်လုံစာချုပ် ချုပ်ခဲ့ဖူးတဲ့ ရှမ်းပြည်နယ်က ပင်လုံမြို့အထိသွားပြီး ငြိမ်းချမ်းရေးစကားဝိုင်း လုပ်ခဲ့ပါတယ်။ အဲဒီထက် ပိုထူးတာက မေလ ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံဆီ တိုက်ပွဲဖြစ်နေဆဲ မြောက်ပိုင်း မဟာမိတ်ကိုယ်စားလှယ်တွေ အပါအဝင် NCA (တစ်နိုင်ငံလုံးအဆင့် အပစ်ရပ် လက်မှတ်ထိုးစာချုပ်) လက်မှတ်မထိုးရသေးတဲ့ UNF (ညီညွတ်သော တိုင်းရင်းသားမဟာမိတ် အဖွဲ့) ကိုယ်စားလှယ်တွေပါ တက်လာတဲ့အတွက် ငြိမ်းချမ်းရေးဟာ တကယ်ပဲ ရှေ့တစ်လှမ်းတက်နိုင် တော့မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီပွဲဆီတက်လာတဲ့ မြောက်ပိုင်း မဟာမိတ်ကိုယ်စားလှယ်တွေက ဖွင့်ပွဲနဲ့ ညစာစားပွဲလောက်ကို သာ မိတ်ဖြစ်ဆွေဖြစ် (တရုတ်အစိုးရရဲ့တိုက်တွန်းချက်အရ) တက်ပြီး ဘာမှဆွေးနွေးတင်ပြမှုမလုပ်ဘဲ ညီလာခံမပြီးခင် ထပြန်သွားပါတယ်။ UNFC ကလည်း အလေးအနက် ဆွေးနွေးတင်ပြမှု မလုပ်ခဲ့ပါ။ ဒီကြားထဲ “နိုင်ငံတော်၏ နယ်မြေဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုတဲ့ စာသားတွေကို တပ်မတော်ဘက်က တင်လာတဲ့အခါ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေတင်မကဘဲ တိုင်းရင်းသားပါတီ တွေနဲ့ပါ သဘောထားကွဲပြီး ငြိမ်းချမ်းရေးညီလာခံဟာ ရှေ့မတိုးနိုင်ပဲ ဖြစ်သွားခဲ့ပါတယ်။


ဒုတိယနှစ်ဝက် ငြိမ်းချမ်းရေးခရီးစဉ်က ဘာတွေလဲ

ဒုတိယနှစ်ဝက်အတွင်း အလားတူ ၂၁ ပင်လုံညီလာခံ နောက်တစ်ကြိမ်ကို နိုဝင်ဘာလထဲ ကျင်းပရ မှာဖြစ်ပေမယ့် အခြေအနေအရပ်ရပ်ကြောင့် ရှေ့နှစ် (ရှေ့လ) ဇန်နဝါရီလကုန်ပိုင်းအထိ ရွှေ့ဆိုင်းထား တယ်လို့ သိရပါတယ်။ အဲဒီအခြေအနေအရပ်ရပ်ဆိုတဲ့အထဲမှာ ရှေ့မှာတင်ပြခဲ့တဲ့ တိုက်ပွဲဖြစ်နေဆဲ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ညီလာခံပြန်တက်ဖို့ မသေချာသေးတာ၊ လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့တွေက လက်မှတ်ထိုးဖို့ ဆက်ငြင်းနေတာ၊ လက်မှတ်ထိုးပြီးသား ၈ ဖွဲ့ထဲက တချို့အဖွဲ့တွေနဲ့ အစိုးရတပ်အကြား တိုက်ပွဲဖြစ်နေတာ၊ လက်မှတ်ထိုးထားတဲ့အဖွဲ့နဲ့ မထိုးရသေးတဲ့ အဖွဲ့တွေကြား နယ်မြေအငြင်းပွားပြီး အချင်းချင်းတိုက်နေတာတွေက ထိပ်ဆုံးက ပါနေနိုင်ပါတယ်။

(ကျောက်မဲမြိုံ လွှတ်တော်ရုံးက ရှင်းလင်းပွဲကို စစ်တပ်က ၀င်တားဆီးနေပုံ) 

ဒီကြားထဲ အပစ်ရပ်လက်မှတ်ထိုးပြီးသားခေါ် ရှမ်းလက်နက်ကိုင်အဖွဲ့က ဦးစီးကျင်းပမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြိုအဖြစ် အခုလ ၁၇ ရက်နေ့က ပင်လုံမှာကျင်းပတဲ့ လူထုဆွေးနွေးပွဲကို တပ်မတော်စစ်ကြောင်းတစ်ခုက အင်အားသုံး ဝင်ရောက်တားဆီးလိုက်တဲ့အခါမှာတော့ လူထုဆွေးနွေးပွဲ ကတစ်ဆင့် ပြည်သူ့အမြင်တင်ပြရေး မျှော်လင့်ချက်ဟာလည်း မှေးမှိန်သွားရပြန်ပါတယ်။

ဒါက နှစ်ကုန်ပိုင်းအခြေအနေကို ဖြတ်ပြောလိုက်တာပါ။ ဒီလို အတားအဆီး မဖြစ်ခင်အထိ အခြားပြည်နယ် -တိုင်း ၆ ခုမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်နိုင်ခဲ့ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေ က ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ပညာပေးဟောပြောပွဲတွေ၊ ငြိမ်းချမ်းရေး  စာပေဟောပြောပွဲတွေ၊ သီချင်းဆိုပြိုင်ပွဲတွေ၊ အငြိမ့်ပြိုင်ပွဲတွေ၊ ဆုတောင်းပွဲတွေ စသဖြင့် အစုံလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပွဲတွေဟာ စစ်ပွဲနဲ့ဝေးတဲ့ မြို့ပြဒေသတွေမှာပဲ ကျင်းပနေတာဖြစ်ပြီး စစ်ပွဲဖြစ်နေတဲ့အရပ်၊ ဒုက္ခသည်တွေ ရှိနေတဲ့ အရပ်ဘက်မှာတော့ ဒီလိုပွဲတွေ သွားလုပ်တာမျိုး မတွေ့ရသေးပါ။

အားမနာတမ်းပြောရမယ်ဆိုရင်တော့ ၂၀၁၇ ဒုတိယပိုင်းနှစ်ဝက် ငြိမ်းချမ်းရေးလုပ်ငန်းဆိုတာဟာ ဟိုတယ်ခန်းတွေထဲက ပညာရှင်တွေ၊ နည်းနာပိုင်းကျွမ်းကျင်သူတွေရဲ့ ရုံးလုပ်ငန်းဆန်ဆန် ငြင်းခုံပွဲသာ များလာနေပြီး တကယ်စစ်တိုက်နေသူတွေက ပါဝင်လာခြင်းမရှိတော့ပါ။ အလားတူ မြို့ပြဒေသအသီးသီးရဲ့ စင်မြင့်တွေပေါ် ဆယ်လီတွေက ငြိမ်းချမ်းရေးအကြောင်း ဟောပြောကြ၊ သီချင်းတွေဆိုပြ၊ အငြိမ့်တွေကပြ နေပေမယ့် အများပြည်သူရဲ့ မျှော်လင့်ချက်က ဒီထက်ပိုတက်မလာတော့ပါ။


၂၀၁၈ မှာကော ငြိမ်းချမ်းရေး ရလာနိုင်သလား

၂၀၁၇ ဖြစ်စဉ်တစ်ခုတည်းကို ကြည့်ပြီးပြောမယ်ဆိုရင်တော့ ၂၀၁၈ မှာ ငြိမ်းချမ်းရေးရဖို့ မလွယ်သေးပါ။ ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲပြီးကတည်းက စတင်ခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို သုံးသပ်ပြီး အားနည်းချက်တွေကို ပြင်နိုင်မယ်ဆိုရင်တော့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ၂၀၁၇ ထက်တော့ ၂၀၁၈ မှာ ပိုတိုးတက်လာမယ်လို့ မျှော်လင့်နိုင်ခြေ ရှိနေပါသေးတယ်။ 


ပထမဆုံးအချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရမှာ ငြိမ်းချမ်းရေးရစေချင်တဲ့ဆန္ဒနဲ့ စေတနာရှိတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါကြောင့် အရင်စစ်အစိုးရတွေ၊ စစ်တစ်ပိုင်းအစိုးရ တွေနဲ့စာရင် NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးနဲ့ ပိုနီးစပ်လာနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးဆိုတာ ဆုတောင်းပွဲတွေ၊ ဟောပြောပွဲတွေ လုပ်နေရုံသက်သက်နဲ့ မရနိုင်ပါ။ မဟာဗျူဟာလုပ်ငန်းစဉ်တွေ၊ အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေ လိုအပ်နေပါသေးတယ်။

ပြည်တော်ပြန်ခရီးစဉ်တွေအတွင်း တွေ့ခဲ့ဖူးတဲ့ သူပုန်ဟောင်းတချို့ကတော့ “NLD အစိုးရမှာ ဦးအောင်မင်း တို့လို တာဝန်ခံနိုင်သူမရှိဘူး။ ကိစ္စတစ်ခုခုရှိရင် ဘယ်သူနဲ့ဆက်သွယ်ရမှန်းကို မသိဘူး” လို့ ညည်းကြပါ တယ်။ ဒီလိုပြောလိုက်လို့ အရင် ဦးသိန်းစိန်အစိုးရက NLD အစိုးရထက် ငြိမ်းချမ်းရေးကို ပိုဦးစားပေးတယ် လို့ မဆိုလိုပါ။ သူပုန်တွေနဲ့ ဆက်စပ်ပြီး အခုထက် ပိုတာဝန်ယူပေးဖို့ လိုနေတယ်။ လက်ရှိငြိမ်းချမ်းရေးဖြစ် စဉ်မှာ တာဝန်ပေးထားတဲ့ NLD က ပုဂ္ဂိုလ်တွေကို တာဝန်နဲ့ သင့် မသင့် ပြန်သုံးသပ်ဖို့ လိုနေတယ်လို့သာ ဆိုလိုပါတယ်။

သူပုန်ဟောင်းတွေနဲ့ရော၊ လက်ရှိတိုက်နေဆဲ သူပုန်တွေနဲ့ပါ ရင်းနှီးမှုတည်ဆောက်ဖို့၊ ဆက်ဆံရေး လမ်းကြောင်း ထူထောင်ဖို့ NLD ဘက်က (တပ်ကတစ်ဆင့် သွားနေတာမျိုးမဟုတ်ဘဲ) ကြိုးစားသင့် ပါတယ်။ တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားပါတီတွေနဲ့ NLD ကြား မဟာမိတ်ဆက်ဆံရေးကိုလည်း ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ တိုင်းရင်းသားပါတီတွေနဲ့ ရင်းနှီးခြင်းက တိုင်းရင်းသားသူပုန်တွေနဲ့ ရင်းနှီးလာစေဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အခြေအနေပိုကောင်းလာစေဖို့ များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ 

နောက်တစ်ချက်ကတော့ NCA ကို လက်မှတ်ထိုးဖို့ အတင်းတိုက်တွန်းတာချည်းမလုပ်ဘဲ သူပုန်တွေ ဘက်က ဘာကြောင့် လက်မှတ်ထိုးဖို့ ငြင်းဆိုနေတာလဲ၊ လက်မှတ်ထိုးရင် သူတို့အတွက် ဘာအာမခံချက် ရမလဲဆိုတာကို သေချာရှင်းပြဖို့ လိုနေပါတယ်။ ဥပမာအားဖြင့် “ဝ” UWSA ဘက်က မကြာခဏပြောနေတဲ့ သူတို့ဘက်က လက်မှတ်မထိုးလည်း ငြိမ်းချမ်းရေးကို ၁၉၈၉ ကနေ အခုထိ ထိန်းထားနိုင်တယ်။ လက်မှတ်ထိုးထားတဲ့ RCSS နဲ့ အစိုးရတပ်က မကြာခဏ တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ ထောက်ပြမှုမျိုးကို အစိုးရဘက်က အသေအချာရှင်းပြနိုင်ဖို့ လိုပါတယ်။ 

ဒါက နည်းနာပိုင်းအချက်တချို့ပါ။ မူဝါဒပိုင်းမှာကော NLD ရဲ့ ပြည်ထောင်စုမူက ဘာလဲ။ “နိုင်ငံတော်၏ နယ်မြေဟူသမျှ နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ” ဆိုတဲ့ တပ်မတော်ဘက်က အဆိုကို NLD က ထောက်ခံသလား။ ပင်လုံစာချုပ်နဲ့ ၁၉၄၇ ဖွဲ့စည်းပုံမှာ ပါတဲ့အတိုင်း ခွဲထွက်ခွင့်ရှိတယ်ဆိုတာကို အရှင်ထားပြီး အပေးအယူ လုပ်ချင်တဲ့သဘောထားရှိသလား။ တစ်နည်းအားဖြင့် ၂၁ ပင်လုံဆိုတာဟာ မူလပင်လုံမှာ သဘောတူထားတဲ့ အချက်တွေထက် တိုင်းရင်းသားတွေကို ပိုပေးမှာလား၊ မူလပေးထား တာထက် လျှော့ချဖို့ NLD က စိတ်ကူးထားသလား။

အဲ... သဘောတရားတွေ၊ နည်းနာတွေကို မည်သို့ပင် အကြိတ်အနယ် ဆွေးနွေးနေစေကာမူ အဓိကအကျဆုံးနဲ့ လက်တွေ့အကျဆုံးအချက်ကတော့ အစိုးရတပ်မတော်ကို ဒေါ်အောင်ဆန်းစုကြည်က အမိန့်ပေးနိုင်ရဲ့လားဆိုတဲ့ မေးခွန်းပါပဲ။ စစ်ဗိုလ်ဟောင်းသမ္မတ ဦးသိန်းစိန်လက်ထက်ကတောင် ထိုးစစ်တွေမရပ်နိုင်ဘူးဆိုပြီး ငြင်းဆိုခဲ့ဖူးတဲ့ တပ်မတ်ာကို လက်ရှိ အရပ်သားအစိုးရက ထိုးစစ်ရပ်ရေး အမိန့်ပေးဖို့ မလွယ်သေးပါ။ 

ဒါဖြင့် ထိုးစစ်မရပ်ဘဲ ငြိမ်းချမ်းရေးတည်ဆောက်နိုင်တဲ့ နည်းများ ဒီကမ္ဘာပေါ်မှာ ရှိနိုင်ပါသေးသလား။ သေချာတာကတော့ တပ်မတော်ဘက်က သွားမတိုက်ရင် ဟိုဘက်က နေပြည်တော်ကို လာမတိုက်ပါဘူး။ နိုင်ငံရေး သဘောတရားတွေ မည်သို့ပင် ဆွေးနွေးငြင်းခုံနေစေကာမူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဘက်က လောလောဆယ်လိုနေတာက သူ့နယ်သူ အုပ်ချုပ်ခွင့်ရရေး၊ တပ်မတော်က သူတို့ထိန်းချုပ် နယ်မြေဆီ ထိုးစစ်မလုပ်ရေးပါပဲ။


၁၉၈၉ လောက်တည်းက စတင်ခဲ့တဲ့ အပစ်ခတ်ရပ်စဲရေး လုပ်ငန်းစဉ်ပေါ် အခြေခံပြီး အခုချိန်အထိ တိုက်ပွဲလုံးဝမဖြစ်တဲ့ “ဝ” နယ်၊ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ၁၇ နှစ်တာ အပစ်ရပ်ရေးပျက်ပြားပြီး တိုက်ပွဲပြန်ဖြစ်နေတဲ့ ကချင်နယ်နဲ့ တစ်ချိန်လုံးတိုက်ပွဲဖြစ်နေပြီး အခုအစိုးရသစ် တက်ခါနီးမှ ငြိမ်းချမ်းရေးလက်မှတ်ထိုးတဲ့ ကရင်ပြည်နယ်အခြေအနေ ၃ ခုကို ယှဉ်ကြည့်ပါ။ ဘယ်အခြေအနေက တိုင်းပြည်အတွက် အကောင်းဆုံးလဲ။ လူအသေအပျောက် အနည်းဆုံးနဲ့ ဒေသဖွံ့ဖြိုးမှု အများဆုံးလုပ်နိုင်ခဲ့သလဲ။ 

ဒါက တိုင်းရင်းသားတွေဘက်က၊ ဒေသတွင်းရှိ လူသားတစ်ဦးချင်းစီဘက်ကနေ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုကို တိုင်းတာကြည့်တာပါ။ ဒါပေမဲ့ ဗဟိုချုပ်ကိုင်မှုကို အားသန်တဲ့ NLD အစိုးရ၊ အချုပ်အခြာအာဏာနဲ့ အမျိုးဘာသာဆိုတာကို တစ်ချိန်လုံးကြွေကြော်နေတဲ့ တပ်မတော်နဲ့ မြို့ပြဒေသနေ လူများစုကြီးကတော့ ဒီအမြင်ကို လက်ခံဖို့ မလွယ်သေးပါ။ “ဝ” တွေကို ဒီအတိုင်းလွှတ်ပေးထားရင် “ဝ”နယ်တစ်ခုလုံး တရုတ်ပြည်ထဲရောက်သွားမှာပေါ့။ အခုတောင် ဗမာစကားလည်းမပြော၊ ဗမာငွေလည်းမသုံး၊ ဗမာတပ်တွေကိုလည်း ဝင်ခွင့်မပြုနဲ့ သီးခြားနိုင်ငံလို ဖြစ်နေတယ်မဟုတ်လား။ သူတို့ကို ဒီတိုင်းလွှတ်ပေး ထားရင် ကျန်တဲ့တိုင်းရင်းသားဒေသတွေလည်း အဲဒီလို ဖြစ်လာမှာပေါ့ဆိုပြီး စိုးရိမ်နေသူတွေက အများကြီးရယ်။


ဒီစိုးရိမ်ချက်ပေါ် အခြေခံပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို နယ်ခြားစောင့်အဖြစ် အသွင်ပြောင်းရေး၊ လက်နက်ဖြုတ်သိမ်းရေး၊ တပ်မတော်တစ်ခုတည်းသာ ရှိရေးဆိုတာကို အတင်းအကျပ်နဲ့ အလျင်အမြန် ဆောင်ရွက်သင့်ပါလား။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အချိန်ဇယားရှိရမှာဖြစ်ပေမယ့် ဘယ်အချိန်မှာ ဘယ်အဆင့်ကိုရောက်ရမယ်ဆိုပြီး အတင်းဆွဲတာမျိုးဟာ အန္တရာယ်များပါတယ်။ အရေးကြီးတာက လူ့အသက်တွေ ထပ်မသေဖို့၊ ဒုက္ခသည်တွေ ထပ်မများလာစေဖို့၊ အိုးအိမ်တွေ ထပ်မပျက်စီးစေဖို့၊ နိုင်ငံ့ဘဏ္ဍာတွေကို စစ်ပွဲအတွက် ထပ်မဖြုန်းမိစေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ်ကျင်းပမယ့် ၂၁ ပင်လုံမှာ အားလုံးပါဝင်ခွင့်ရပြီး လက်ရှိသွားနေတဲ့မူတွေ၊ လုပ်ငန်းစဉ်ကို ပြန်လည်မွမ်းမံနိုင်တဲ့၊ ဒီထက်ပိုခေတ်မီတဲ့ စိတ်ကူးစိတ်သန်းတွေ ပေါ်လာဖို့ မျှော်လင့်မိပါတယ်။     ။ 

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More