The Voice Daily
15-Dec-2017.
ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးပွဲများ
၂၀၁၇ နှစ်ကုန်ခါနီးမှာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ပွဲတွေ နိုင်ငံတစ်ဝန်း ကျင်းပနေတဲ့အကြောင်း သတင်းတွေ အတော်များများ ဖတ်လိုက်ရပါတယ်။ မြန်မာနိုင်ငံမှာ ရပ်ကွက်ပေါင်း သုံးထောင်နီးပါး၊ ကျေးရွာပေါင်း ၆ သောင်းကျော်ရှိတဲ့အတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးပွဲဟာ အရေးကြီးပါတယ်။ တချို့ဒေသတွေမှာတော့ အခုရွေးချယ်ပွဲဟာ ပုဒ်မ ၂၈၉ နဲ့ မညီဘူး။ ၂၀၁၅ တုန်းက ရွေးထားပြီးသားဖြစ်တဲ့အတွက် အစိုးရသက်တမ်းကုန်မှ ရပ်/ကျေးဥက္ကဋ္ဌ ပြန်ရွေးသင့်တယ်လို့ ရပ်/ကျေး လက်ရှိဥက္ကဋ္ဌတွေက ကန့်ကွက်တဲ့သတင်းတွေလည်း ကြားရပါတယ်။
စာရေးသူရဲ့ ဇာတိမြေ တနင်္သာရီတိုင်းမှာတော့ ကန့်ကွက်သံမကြားရဘဲ ရွာတိုင်းလိုလို ဥက္ကဋ္ဌသစ်ရွေးပွဲတွေ ဆက်တိုက်လုပ်နေကြပါတယ်။ ကျေးလက်လူထု အတော်အသင့် စိတ်ဝင်တစားရှိတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ ၂၀၁၂ ကြားဖြတ်နဲ့ ၂၀၁၅ ခုနှစ်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အမတ်ရွေးပွဲလိုတော့ လူထုက ဘယ်စိတ်ဝင်စားမှု ဘယ်ရှိပါ့မလဲ။ စစ်ဗိုလ်နေရာအတွက်ပဲ အလုအယက်ဝင်ပြိုင်ကြပြီး အောက်ခြေတပ်သား တာဝန်ထမ်းဖို့ စိတ်မဝင်စားတာ အထူးအဆန်းတော့မဟုတ်ပါ။
မေးစရာရှိတာက ဒီမိုကရေစီကိုသွားတဲ့အခါ ထိပ်ပိုင်းက လူတစ်စု အပြောင်းအလဲလုပ်လိုက်ရုံနဲ့ တစ်စုံလုံးပြောင်းသွားလိမ့်မယ်ဆိုပြီး မျှော်လင့်ထားသင့်ပါသလား။ အောက်ခြေကနေ တစ်ဆင့်ပြီးတစ်ဆင့် ပြောင်းလဲလာအောင် လုပ်ဆောင်ရေးကိုလည်း တစ်ပြိုင်တည်း ဆောင်ရွက်သင့်တယ် မဟုတ်ပါလား။
ဒီလိုပြောလိုက်လို့ လက်ရှိကျင်းပနေတဲ့ ရပ်/ကျေး ဥက္ကဋ္ဌရွေးပွဲဟာ ဒီမိုကရေစီအခြေခံလို့ မဆိုလိုပါ။ အရင်ခေတ်ကလို အပေါ်ကနေ တစ်ခါတည်း တန်းခန့်တာနဲ့စာရင် တစ်အိမ်ထောင်တစ်ယောက် မဲပေးတဲ့စနစ်နဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူး အဆင့်ဆင့်ရွေး။ အဲဒီကတစ်ဆင့် မဲအများဆုံးရသူကို မြို့နယ်/ခရိုင် အုပ်ချုပ်ရေးမှူးတွေက ရပ်/ကျေး အုပ်ချုပ်ရေးမှူးအဖြစ် အတည်ပြုတဲ့နည်းက အရင်နည်းတွေထက်တော့ လူထုပါဝင်မှု ပိုများလာတယ်။ ဒီမိုကရေစီနဲ့ နည်းနည်းပိုနီးစပ်လာတယ်လို့ ဆိုလိုခြင်းသာဖြစ်ပါတယ်။
ဒါပေမဲ့ ဝေဖန်သူတွေကတော့ အခုချိန်ကျမှ ရပ်/ကျေးရွေးပွဲပြန်လုပ်တာဟာ အာဏာရ NLD ပါတီက သူ့လူတွေကို နေရာရအောင် လုပ်ပေးတာသာဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ အရေးကြီးအချက်တွေကို ဘာမှမပြင်နိုင်ဘဲ ရပ်/ကျေး အဆင့်လောက်ကိုပဲပြင်ပြီး ဒီလိုလုပ်တာဟာ ဒီမိုကရေစီ အခြေခံအတွက်ဖြစ်စေ၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်အတွက်ဖြစ်စေ စနစ်တကျအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု ဖြစ်လာမှာမဟုတ်ဘူးလို့ ထောက်ပြနေကြပါတယ်။
ရပ်/ကျေး ဥက္ကဋ္ဌကိုရွေးပြီး မြို့နယ်ဥက္ကဋ္ဌ ဘာလို့မရွေးလဲ
မည်သို့ပင်ဝေဖန်မှုတွေရှိနေစေကာမူ ရပ်/ကျေး ဥက္ကဋ္ဌကို အပေါ်ကနေ တိုက်ရိုက်မခန့်တော့ဘဲ လူထုဆန္ဒတစ်ဝက်၊ အပေါ်အမိန့်တစ်ဝက်နဲ့ သွားတာဟာ သိပ်မဆိုးဘူးလို့ ဆိုချင်ပါတယ်။ ဒါပေမဲ့ ကျေးလက်လူထုက ရွေးချယ်လိုက်တဲ့ ရွာအုပ်ချုပ်ရေးမှူးတွေကို ခရိုင်/မြို့နယ် ဥက္ကဋ္ဌတွေက လက်မခံတာတွေ၊ ပြန်လည်စိစစ်မှုတွေ ရှိလာတဲ့အခါမှာတော့ လူထုက ရွေးချယ်ထားသူကို ဆွဲခန့်တွေက ငြင်းပယ်ခွင့်ရှိပါသလား။ မြို့နယ်/ခရိုင် ဥက္ကဋ္ဌနေရာတွေအတွက်ကော ဘာကြောင့် ရွေးကောက်ပွဲမလုပ်တာလဲဆိုတဲ့ မေးခွန်းတွေ ထွက်လာနေပါတယ်။
ပုဒ်မ ၂၈၈ မှာ “ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်အုပ်ချုပ်ရေးကို နိုင်ငံ့ဝန်ထမ်းများအား တာဝန်ပေးဆောင်ရွက်စေရမည်” လို့ ရေးထားတဲ့အတွက် မြို့နယ်-ခရိုင်ဥက္ကဋ္ဌကို ရွေးချယ်တင်မြှောက်ပွဲနဲ့မသွားဘဲ တပ်မတော်ခွဲတမ်းရ ပြည်ထဲရေးဌာနနဲ့ နယ်/လုံဌာနတွေကပဲ ဆက်လက်ချုပ်ကိုင်ထားနိုင်ဖို့၊ တစ်နည်းအားဖြင့် အုပ်ချုပ်ရေးယန္တရားရဲ့ အဓိကမဏ္ဍိုင် ထွေ/အုပ်ဌာနကို တပ်မတော်ဘက်က ဆက်ကိုင်ထားနိုင်ဖို့ အရင်အစိုးရခေတ်မှာ ဒီပုဒ်မကို ပြဋ္ဌာန်းခဲ့တာလို့ ယူဆရပါတယ်။
ဒါဖြင့် NLD လွှတ်တော်ဟာ ပုဒ်မ ၂၈၉၊ ရပ်/ကျေးအဆင့်ရွေးချယ်ပွဲ ဥပဒေကိုပဲပြင်နိုင်သေးပြီး မြို့နယ်/ခရိုင် အဆင့်ပုဒ်မ ၂၈၈ ကို မပြင်နိုင်သေးတဲ့သဘောလား။ ပြီးခဲ့တဲ့ မေလတုန်းကတော့ “မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဥပဒေကြမ်း” တစ်ခု လွှတ်တော်ဆီတင်ပြထားတယ်လို့ သတင်းမှတ်တမ်းတစ်ခုမှာ တွေ့ရပါတယ်။ အဲဒီဥပဒေသာ အတည်ဖြစ်လာရင် မြို့နယ်/ခရိုင် အုပ်ချုပ်ရေးမှူးတွေအားလုံး ပြည်ထဲရေး သို့မဟုတ် နယ်/လုံအောက်ကနေ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်အောက်ဆီ ရောက်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ အခုချိန်အထိတော့ အဲဒီဥပဒေကြမ်းကို လွှတ်တော်မှာ ဆွေးနွေးတယ်ဆိုတဲ့ သတင်းမကြားရသေးပါ။
အစိုးရသက်တမ်း ပထမ ၅ နှစ်အတွင်း တစ်ဆင့်ပြီးတစ်ဆင့် ပြင်နိုင်ဖို့အတွက် ရပ်/ကျေးအဆင့်ကို အရင်စမ်းကြည့်ခြင်းလား။ နောက်တစ်နှစ်လောက်မှာ ပုဒ်မ ၂၈၈ ပြင်ရေး၊ မြို့နယ်/ခရိုင် အုပ်ချုပ်ရေးမှူးတွေကိုပါ လူထုဆန္ဒနဲ့ ရွေးနိုင်တဲ့အဆင့်ထိ သွားနိုင်ရေးအတွက် NLD အစိုးရက စီစဉ်ထားသလားဆိုတာဟာ စိတ်ဝင်စားစရာပါ။
တကယ်လို့ မြို့နယ်/ခရိုင် ဥက္ကဋ္ဌနေရာကိုပါ ရွေးကောက်ပွဲစနစ်နဲ့ သွားနိုင်ပြီဆိုရင် တစ်နိုင်ငံလုံးရဲ့ အုပ်ချုပ်ရေးစနစ်မှာ ဟိုးအပေါ်ဆုံး သမ္မတကနေ အောက်ဆုံး ရပ်/ကျေးအထိ (တပ်မတော်ခွဲတမ်းကျ ဝန်ကြီးဌာနသုံးခုမှအပ) အားလုံး ရွေးကောက်ခံစနစ်ဖြစ်သွားမယ် မဟုတ်ပါလား။ အခုတော့ သမ္မတ၊ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်နဲ့ ရပ်/ကျေးအထိ ရွေးကောက်ပွဲစနစ်နဲ့ သွားနေပြီး အဓိကနေရာ၊ (အပေါ်ထပ်အဆောက်အဦနဲ့ အောက်ထပ်ကို ဆက်စပ်ပေးရတဲ့နေရာ) နေ့စဉ်အုပ်ချုပ်ရေးကိစ္စကို တာဝန်ယူထားရတဲ့ ခရိုင်နဲ့မြို့နယ်ဥက္ကဋ္ဌနေရာကို ထွေ/အုပ်က ယူထားတာကတော့ သိပ်မဟုတ်သေးပါ။
NLD အစိုးရတက်ခါစ ၂၀၁၆ အလယ်ပိုင်းတုန်းကတော့ ထွေ/အုပ် ဌာန၊ ရဲဌာနအပါအဝင် ဌာနအတော်များများကို ပြည်နယ်/တိုင်း အစိုးရဝန်ကြီးချုပ်ရုံးအောက်မှာ ထားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ နောက်ပိုင်း ဘာကြောင့် ဒီအစီအစဉ်ပျက်သွားမှန်းမသိ။ တပ်မတော်ဘက်က သူတို့ခွဲတမ်းကို အရပ်ဘက်အစိုးရဆီ မလွှဲပေးချင်သေးလို့လား။ ဒါမှမဟုတ် NLD ဝန်ကြီးချုပ်တွေကိုယ်တိုင်က ထွေ/အုပ်နဲ့ ရဲဌာနတွေကို ကိုင်တွယ်ဖို့ အဆင်သင့်မဖြစ်သေးလို့ ခဏဆိုင်းထားတာမျိုးလား။
လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းအပြင် ထွေ/အုပ်ကိုလည်း ရအောင်ပြင်
ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတို့ဟာ ဒီမိုကရေစီရဲ့ အခြေခံမဏ္ဍိုင် ၃ ရပ်ဖြစ်တယ်လို့ ဆိုကြပါတယ်။ အဲဒီ ၃ ရပ်ထဲက ဥပဒေပြုရေးဖြစ်တဲ့ လွှတ်တော်ထဲမှာ ယူနီဖောင်းဝတ် တပ်မတော်သားအမတ် ၂၅ ရာခိုင်နှုန်း ရှိနေတဲ့အတွက် ဒီနေ့လွှတ်တော်ဟာ ဒီမိုကရေစီနည်းကျ ဖွဲ့ထားတာမျိုးမဟုတ်သေးဘူးလို့ အားလုံးက ဝေဖန်နေကြပါတယ်။
ဒါဖြင့် အုပ်ချုပ်ရေးမှာကော ဒီမိုကရေစီနည်းကျ ဖြစ်နေပါပြီလား။ အုပ်ချုပ်ရေးလို့ပြောတဲ့အခါ သမ္မတနဲ့ အစိုးရဝန်ကြီးဌာနတွေပါတဲ့ အပေါ်ထပ်အဆောက်အဦကိုသာ လူတွေကပြေးမြင်လေ့ရှိပြီး အဓိကကျတဲ့ ထွေ/အုပ် ဌာနကို မေ့နေတတ်ပါတယ်။ ဝန်ကြီးဌာန ၃၀ နီးပါးမှာ တပ်မတော်က ၃ ခုပဲယူပြီး ၂၀ ကျော်ကို ရွေးကောက်ခံ အရပ်သားအစိုးရဆီ ပေးထားတာပဲမဟုတ်ဘူးလားဆိုပြီး ဆင်ခြေပေးကြမလား။
အနှစ်ပြန်ချုပ်ရရင်တော့ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီ စနစ်ဆီ အသွင်ကူးပြောင်းမှုလုပ်တဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ လွှတ်တော်အတွင်းကနေ တပ်မတော်ခွဲတမ်းရ အမတ်မင်းတွေ ထွက်ခွာရေးလို အပေါ်ထပ်အဆောက်အဦကိစ္စ ပြုပြင်ရေးအပြင် အောက်ခြေမှာ ပြည်သူနဲ့ နေ့စဉ်ဆက်ဆံနေရတဲ့ ရပ်/ကျေး အုပ်ချုပ်မှု ပြုပြင်ရေး၊ အဲဒီကတစ်ဆင့် မြို့နယ်/ခရိုင် အုပ်ချုပ်မှုစနစ် ပြုပြင်ရေးတွေကိုလည်း တစ်ပြိုင်တည်း လုပ်ဖို့လိုနေပါတယ်။
မြို့နယ်/ခရိုင် အုပ်ချုပ်ရေးမှူးရွေးပွဲလုပ်ဖို့နဲ့ ထွေ/အုပ် ဌာနကို ပြည်နယ်/တိုင်း ဝန်ကြီးချုပ်အောက်မှာထားဖို့ အချိန်ယူရဦးမယ်ဆိုရင်တောင် တပ်မတော်ခွဲတမ်းရ ဝန်ကြီးဌာနအောက်ရှိ ထွေ/အုပ် ဌာနနဲ့ ဝန်ကြီးချုပ် အောက်ရှိ စည်/ပင် ဝန်ကြီးဌာနတို့ ဒီထက်မက ပူးပေါင်းဆောင်ရွက်ပြီး အောက်ခြေလူထု အဆင်ပြေစေရေးကို ဦးစားပေးဖို့လိုနေပါတယ်။ ။
0 comments:
Post a Comment